ဇန်န၀ါရီ ၁၊ ၂၀၁၅
M-Media
– နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC ၏ အဖွဲ့ဝင်ဖြစ်ရေး တောင်းဆိုလွှာကို ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ယမန်နေ့တွင် လက်မှတ်ရေးထိုး လိုက်သည်ဟု သိရသည်။
ပါလက်စတိုင်းပိုင်နက်အား အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှု ရပ်တန့်ရေးနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ သတ်မှတ်ချက်များဖြင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန် ရည်ရွယ်သည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပယ်ချခဲ့ပြီးနောက် ICC အဖွဲ့ဝင်ဖြစ်ရေးအတွက် အဘတ်စ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုတောင်းဆိုလွှာအပြင် ပါလက်စတိုင်းအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ ၀င်ရောက်နိုင်ရေးအတွက် အခြားသော နိုင်ငံတကာ သဘောတူညီချက် ၂၀ ခန့်တွင် ပါဝင်နိုင်ရေး တောင်းဆိုလွှာများကိုလည်း အဘတ်စ်က လက်မှတ်ရေးထိုး ခဲ့သည်။
ICC သို့ဝင်ရောက်ရန် ပါလက်စတိုင်း၏ ဆုံးဖြတ်ချက်မှာ ဂါဇာကမ်းမြှောင်တွင် အစ္စရေးက ပြုလုပ်ခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်၍ တရားစွဲဆို တိုင်ကြားနိုင်ရန် အဆင့်တစ်ဆင့် တက်လှမ်းခြင်းဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ပါလက်စတိုင်း၏ ထိုဆုံးဖြတ်ချက်အတွက် တုံ့ပြန်သွားမည်ဟု ကြေညာခဲ့သည်။
အဘတ်စ်က လက်မှတ်ထိုးထားသော အဆိုပါတောင်းဆိုလွှာကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ထံသို့ လွှဲအပ်သွားမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC သို့ တင်သွင်းသွားမည်ဖြစ်သည်။
နိုင်ငံတကာမှ ဥပဒေရေးရာ ကျွမ်းကျင်သူများကမူ ပါလက်စတိုင်း၏ ထိုတောင်းဆိုမှုကို အသိအမှတ်ပြုဖွယ် ရှိနေသည်ဟု မှတ်ချက်ပေးခဲ့သည်။
ဒုတိကမ္ဘာစစ်အတွင်း နာဇီတို့၏ ရန်ကိုကြောက်၍ ပါလက်စတိုင်းပိုင်နက်သို့ တရားမ၀င် ၀င်ရောက်လာခဲ့သည့် အရှေ့ဥရောပမှ ဂျူးလူမျိုးများမှာ အနောက် နိုင်ငံများ၏ ထောက်ပံ့ပေးမှုဖြင့် ဌာနေပါလက်စတိုင်းများကို သတ်ဖြတ် မောင်းထုတ်ကာ ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံကို တည်ထောင်ခဲ့သည်။
ထို့နောက် ယခုအချိန်အထိ နည်းအမျိုးမျိုးသုံးကာ ပါလက်စတိုင်းပြည်သူများအား ငြှင်းပန်းနှိပ်စက်လျက်ရှိပြီး ပါလက်စတိုင်း ပိုင်နက်အားလုံးကို သိမ်းယူရန် ကြိုးစားနေသည်။
Ref : aljazeera
Leave a Reply
You must be logged in to post a comment.