News @ M-Media

Month: October 2016

  • ကိုးမားဖြစ်ပြီးနောက် ဘာသာစကားအသစ်ပြောတတ်လာသည့် အမေရိကန် ဆယ်ကျော်သက်

    ကိုးမားဖြစ်ပြီးနောက် ဘာသာစကားအသစ်ပြောတတ်လာသည့် အမေရိကန် ဆယ်ကျော်သက်

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    syndrone

    – လူ့ဘ၀ဆိုတာ အံ့သြဖွယ်ရာတွေ မသေချာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ သက်တမ်းတစ်ခုပါ။ ဘယ်လိုအချိန်မျိုး၊ ဘယ်လိုနေရာမျိုးမှာ ဘယ်လို အံ့သြမှုမျိုးတွေကို ကြုံတွေ့ရမလဲဆိုတာ ဘယ်သူမှ အတပ် မသိကြပါဘူး။

    အဲဒီ အံ့သြဖွယ်ရာထဲကမှ အမေရိကန်ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ဦးရဲ့ အတွေ့အကြုံကတော့ တကယ့်ကို ထူခြားဆန်းကျယ်လှပါတယ်။

    အတ္တလန်တာက ရူဘန် နဆီမိုဆိုတဲ့ ဆယ်ကျော်သက်လူငယ်လေးဟာ မကြာခင်ကပဲ ဘောလုံးပွဲတစ်ခုမှာ ပြိုင်ဘက်ကစာသမားတစ်ဦးက သူ့ရဲ့ခေါင်းကို ပြင်းပြင်းထန်ထန် ကန်လိုက်မိတာကြောင့် ဦးနှောက်ကို ထိခိုက်သွားပြီး ကိုးမားဖြစ်သွားခဲ့ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့လက ကိုးမားကနေ ပြန်လည်သတိရလာပြီးနောက်ပိုင်းမှာတော့ ထူးဆန်းအံ့သြဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကတော့ အရင်အင်္ဂလိပ်စကားပြောတဲ့ နဆီမိုဟာ စပိန်စကားကို ကျွမ်းကျင်စွာ ပြောတတ်နေတာပဲ ဖြစ်ပါတယ်။

    မိဘတွေကတော့ ကိုးမားမဖြစ်ခင်အချိန်က သူတို့ရဲ့သားဟာ စပိန်စကားကို တစ်လုံးစ နှစ်လုံးစ ပြာလေ့ရှိပေမယ့် သွက်သွက်လက်လက် ပြောတတ်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

    နောက်ပိုင်းမှာ အင်္ဂလိပ်စကားကို ပြန်လည်ပြောတတ်လာမှုနဲ့အတူ နဆီမိုရဲ့ စပိန်စကား ပြောတတ်မှုဟာလည်း တစ်ဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပါတော့တယ်။

    ရှားပါးသောအဖြစ်အပျက်

    Foreign accent syndrome လို့ ခေါ်တဲ့ ဒီလိုရောဂါမျိုးဟာ အင်မတန် အဖြစ်နည်းတဲ့ အဖြစ်အပျက်မျိုးဖြစ်ပြီး ဦးနှောက်ကို ထိခိုက်မှုက လူတစ်ဦးရဲ့ စကားပြောဆိုပုံအနေအထားကို ပြောင်းလဲစေကာ တစ်ခြား ဘာသာစကားကို ပြောတတ်လာတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

    ဒီရောဂါဖြစ်ပွားမှုကို ပထမဆုံး မှတ်တမ်းတင်နိုင်ခဲတာက ၁၉၄၁ ခုနှစ်မှာ ဖြစ်ပြီး နော်ဝေမျိုးသမီးတစ်ဦးဟာ ဂျာမနီရဲ့ ဗုံးကြဲမှုအတွင်း ဗုံးဆန်မှန်မှုကြောင့် ဦးနှောက်ကို ထိခိုက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဂျာမန်လေသံ ပေါက်လာတာဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်းမှာတော့ ဒီရောဂါနဲ့ပတ်သက်တဲ့ အဖြစ်အပျက် တစ်ဒါဇင်လောက်သာ ပေါ်ထွက်ခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက တောင်ကယ်လီဖိုးနီယား မိုတယ်တစ်ခုမှာ သတိလစ်တဲ့အနေအထားနဲ့ တွေ့ရှိခဲ့တဲ့ အမေရိကန်ရေတပ်သားတစ်ဦးဟာ နိုးလာတာတဲ့အခါမှာ အတိတ်လုံးဝမေ့သွားခဲ့ပြီး ဆွီဒင်စကားကိုသာ ပြောဆိုတဲ့ အဖြစ်အပျက်မျိုးလည်း ရှိခဲ့ပါတယ်။

    သြစတေးလျမှာတော့ ဘတ်စ်ကားယာဉ်မောင်းတစ်ဦးဟာ ယာဉ်တိုက်မှုတစ်ခုအတွင်း ကျောရိုးနဲ့ မေးရိုးတွေ ပျက်ဆီးကာ သတိမေ့မြောခဲ့ပြီး ပြန်နိုးလာတဲ့အခါမှာတော့ ပြင်သစ်လေသံ ပေါက်သွားခဲ့ပါတယ်။

    အခုနှစ်အစောပိုင်းတုန်းက မေးရိုးခွဲစိတ်ခဲ့တဲ့ တက္ကဆက်က အမျိုးသမီးတစ်ဦးဟာ ဗြိတိန်လေသံ ပြောင်းသွားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

    “ဒါက ကြွက်သားထိန်းချုပ်မှု ချို့ယွင်းသွားတာမျိုးပါ။ စကားပြောဆိုခြင်းဟာ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အရာတွေထဲက အရှုပ်ထွေးဆုံး အရာတစ်ခုပါ။ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေနဲ့ ဦးနှောက်ရဲ့ အခန်းတော်တော်များများက ပါဝင်လှုပ်ရှားကြပါတယ်။ အဲဒီဦးနှောက်အခန်း တစ်ခု ဒါမှဟုတ် တစ်ခုထက်ပိုပြီး ပျက်ဆီးသွားမယ်ဆိုရင် စကားပြောဆိုမှုရဲ့ အချိန်အဆ၊ အသံအပျော့အမာ၊ မယ်လိုဒီတွေကို ထိခိုက်စေပါတယ်” လို့ Foreign accent syndrome နဲ့ပတ်သက်ပြီး အနည်းငယ်သော ကျွမ်းကျင်ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကရင် ကရုတ်က ပြောကြားခဲ့ပါတယ်။

    Ref : CNN

  • ရုရှားလက်ချက်ဖြစ်နိုင်သည့် တိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် ကျောင်းသားများ သေဆုံး

    ရုရှားလက်ချက်ဖြစ်နိုင်သည့် တိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် ကျောင်းသားများ သေဆုံး

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    syria-3

    – ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒ်လစ်ဘ် ပြည်နယ်တွင် ရုရှားက ပြုလုပ်သည်ဟု ယုံကြည်ရသည့် လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတစ်ခု ထိမှန်ခဲ့ပြီး ကျောင်းသားများအပါဝင် အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယူကေအခြစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့ကမူ တိုက်ခိုက်မှုမှာ ဟက်စ်ဆိုသည့်ရွာနှင့် ပတ်ဝန်းကျင်ကို ယမန်နေ့မနက် ၁၁ နာရီခွဲခန့်က ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “သေဆုံးသွားတဲ့ကလေးတွေဟာ ကျောင်းသားတွေပါ။ တိုက်ခိုက်တဲ့လေယာဉ်တွေကတော့ ရုရှားလေယာဉ်တွေဖြစ်မယ်လို့ ယုံကြည်ရပါတယ်” ဟု စောင့်ကြည့်အဖွဲ့၏ အကြီးအကဲ ဖြစ်သူ ရာမီ အဘ်ဒဲလ် ရဟ်မန်က ပြောကြားခဲ့သည်။

    အမည်မဖော်လိုသူ တက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း “လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းအာဏာပိုင်တွေက အတန်းရပ်နားပြီး ကျောင်းသားတွေ အိမ်ပြန်ဖို့လုပ်နေတဲ့အချိန်မှာ ဒုံးကျည်တစ်စင်းက ကျောင်းဝင်ပေါက်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်” ဟု ဆိုသည်။

    တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူအချို့မှာ အခြေအနေဆိုးရွားသည့်အတွက် သေဆုံးမှု မြင့်တက်လာနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။

    အစ်ဒလစ်ဘ်ပြည်နယ်မှာ သူပုန်ညွန့်ပေါင်းအဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသဖြစ်ပြီး ဆီးရီးယား နိုင်ငံပိုင်တီဗီကမူ ဟက်စ်ရွာရှိ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် လက်နက်ကိုင်များ သေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။

    Ref : Aljazeera

  • ရုရှကို တပ်လှန့်ဖို့ နော်ဝေးတွင် အမေရိကန်စစ်သား ၃၃၀ တပ်စွဲမည်

    ရုရှကို တပ်လှန့်ဖို့ နော်ဝေးတွင် အမေရိကန်စစ်သား ၃၃၀ တပ်စွဲမည်

    အောက်တိုဘာ ၂၆ ၊ ၂၀၁၆
    M-Media
    norway
    အိမ်နီးချင်း ရုရှားကို တပ်လှန့်ရန်အတွက် နော်ဝေးနိုင်ငံတွင်  အမေရိကန် စစ်သား ၃၀၀ ကျော် တပ်စွဲထားမည်ဖြစ်ကြောင်း နော်ဝေး အစိုးရက တနင်္လာနေ့က ကြေညာခဲ့သည်။

    ရုရှားနယ်စပ်တစ်လျှောက် ကီလိုမီတာ ၁၀၀၀ တစ်ဝိုက်တွင် လှည့်လည်သွားလာရန် နေရာချထားမည့် အမေရိကန် မရိန်းတပ်သား ၃၃၀ ကို အလွန်အေးခဲလုနီးပါးဖြစ်နေသည့် အခြေအနေတွင် သင်တန်းပေးခြင်းများ၊ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နော်ဝေးကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

    နော်ဝေးသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံကြီးနှင့် ဆက်ဆံရေးကောင်းမွန်သော်ငြားလည်း ယူကရိန်းနှင့် ဆီးရီးယားစစ်ပွဲများကြောင့် ရုရှားနှင့် အနောက်အုပ်စုကြား တင်းမာမှုများ မြင့်တက်နေချိန်၌ ယခုလိုကြေညာချက်မျိုး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

    အမေရိကန်သည် နေတိုးမဟာမိတ် နော်ဝေးနိုင်ငံတွင် စစ်ဘက်လက်နက်ကိရိယာ အမြောက်အများကို အထူးသဖြင့် တောင်များအတွင် လှိုင်းခေါင်းများတူ၍ တပ်ဆင်နေရာချထားနှင့်ပြီးဖြစ်သည်။ သို့သော် မည်သည့်စစ်သားကိုမျှ ချထားခြင်းမရှိသေးပေ။

    “အမေရိကန်ရဲ့ အစီအစဉ်ကိုတော့ ကြိုဆိုပါတယ်။ နေတိုးမဟာမိတ်နိုင်ငံအတွင်း စစ်ရေးလေ့ကျင့်ခန်း၊ သင်တန်းဆင်းလုပ်ငန်းနဲ့ အပြန်အလှန်စစ်ဆင်ရေးလုပ်ငန်းတွေ တိုးမြင့်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့လည်း ကောင်းကောင်း ကိုက်ညီပါတယ်” ဟု နော်ဝေးကာကွယ်ရေးဝန်ကြီး အိုင်နီအဲရစ်ဆင်ဆိုရစ်ဒီက ထုတ်ပြန်ချက်တစ်ခုတွင် ပြောခဲ့သည်။

    Ref;  AFP/de

  • ရှေးဟောင်း ကုရ်အာန်ကျမ်းစာ လက်ရေးမူ မိတ္တူ  ဧရာမ စာမျက်နှာကို ၀ါရှင်တန်တွင် ပြသထား

    ရှေးဟောင်း ကုရ်အာန်ကျမ်းစာ လက်ရေးမူ မိတ္တူ ဧရာမ စာမျက်နှာကို ၀ါရှင်တန်တွင် ပြသထား

    အောက်တိုဘာ ၂၆ ၊ ၂၀၁၆
    M-Media
    enormous_quran
    ကျမ်းတော်မြတ်ကုရ်အာန်၏ ဧရာမစာ မျက်နှာကြီးနှစ်ရွက်ကို “တူရကီနှင့် အစ္စလာမ်မစ်အနုပညာ လက်ရာများပြတိုက်မှ အမွေအနှစ်များဖြစ်သည့် ကုရ်အာန်ကျမ်းမြတ်လက်ရာများ” အမည်ရသည့် ပြခန်း၌ ခင်းကျင်းပြသထားပြီး အဆိုပါပြခန်းကို ၀ါရှင်တန်ရှိ အာသာအမ် ဆက္ကလာ ပန်းချီအနုပညာပြခန်း၌ စနေနေ့က ဖွင့်လှစ်ခဲ့သည်။

    အလျား ၇ ပေ၊ အနံ ၅ ပေခန့်ရှိသော ဧရာမစာရွက်ကြီးများတွင် ၈ လက်မမှ ၉ လက်မ ရှိ လက်ရေးစာတန်းများဖြင့် အတန်းလိုက် ရေးသားထားသည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ခန့်မှ လက်ရာများဖြစ်ပြီး စမစ်ဆိုနီယမ်ပြတိုက်၌ ကာလကြာမြင့်စွာ ထိန်းသိမ်းထားခဲ့သည်။

    ပြသထားသော စာပိုဒ်သည် ကဏ္ဍတစ်ခုမှ ဖြစ်ပြီး “အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ သက်သေ လက္ခဏာတော် များသည် နေရာအနှံ့အပြား၌ တည်ရှိသည်” ဟု အဓိပ္ပါယ်ရသည့် စာပိုဒ်များဖြစ်ကြောင်း အစ္စလာမ်မစ်အနုပညာဆိုင်ရာ လက်ထောက်ပြတိုက်မှူးဖြစ်သူ ဆိုင်မွန်ရက်တစ်၏ ပြောကြားချက်အရ သိရသည်။

    အဆိုပါပြခန်း၌ စမစ်ဆိုနီယမ်၏ အာရှ အနုပညာပြတိုက်မှ တစ်စုတစ်ဝေးတည်း ယူဆောင်လာသည့် ဆက္ကလာနှင့်ဖရီယာ အနုပညာပြခန်းမှ စုစည်းချက်များမှ ရှေးဟောင်လက်ရေးမူများနှင့်အတူ အစ္စတန်ဘူလ်ပြတိုက်မှ လက်ရေးမူများနှင့် ရှေးဟောင်း စာအုပ်များကိုပါ အတူတကွ ထားရှိထားသည်။

    Ref; IINA

  • သံဃာ့ အဖွဲ့အစည်းတွေ ဥပဒေ ချိုးဖောက်ရင် အရေးယူမှာလား ? NLD အစိုးရ ဖြေပေးပါ။ (၂)

    သံဃာ့ အဖွဲ့အစည်းတွေ ဥပဒေ ချိုးဖောက်ရင် အရေးယူမှာလား ? NLD အစိုးရ ဖြေပေးပါ။ (၂)

    အောက်တိုဘာ ၂၆ ၊ ၂၀၁၆
    M-Media
    ဘသန်းထက်ရေးသည်။

    14522751_936766346519392_6509907349136222347_n

    မကွေးတိုင်း ဒေသကြီး၊  ရေစကြိုမြို့နယ်၊ မအူအလယ်ကျေးရွာ အုပ်စုက သံဃာ အဖွဲ့မှ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

    ကြေညာချက်မှာ အချက် (၄) ချက်ပါရှိပါတယ်။ အဆို ကြေညာချက်တွင်

    ၁။ ရေစကြိုမြို့နယ်၊ မအူအလယ်ကျေးရွာအုပ်စုအတွင်း ဘာသာခြား လူမျိုးခြား မူဆလင်များ ဝင်/ထွက်သွား လာခြင်းကို ခွင့်မပြုရန်။

    ၂။ ဘာသာခြား လူမျိုးခြားများလက်သို့ ကျေးရွာအုပ်စုအ တွင်းရှိ မြေ၊ ယာ၊ အဆောက်အဦများ ရောင်းချ လွှဲ ပြောင်းခြင်း မပြုရန်။

    ၃။ ကျေးရွာအုပ်စုအတွင်းသို့  ” ကုလား လုံးဝ(လုံးဝ)မဝင်ရ” ဟူသောစာတန်းပါ ဆိုင်းဘုတ်ကို အများသူငါ မြင်တွေ့နိုင်သောနေရာတွင် စိုက်ထူရန်။

    ၄။ လက်ရှိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ သူ၏သက် တမ်းအတွင်း ဘာသာခြား လူမျိုးခြား မူဆလင်များ ကျေးရွာအုပ်စုအတွင်း သွားလာ နေထိုင်ခြင်းကို ခွင့် မပြု တားမြစ်ပေးပါမည့်အကြောင်းကို ဝန်ခံကတိပြု သည့်အတိုင်း ဆောင်ရွက်ရန်။

    အချက် (၄) ချက်ပါရှိပါတယ်။

    14720504_936766336519393_4544990013136505743_n
    Image Credit-မ.ဘ.သ-ဗဟို Online Media

    လက်ရှိ NLD အစိုးရကိုယ်တိုင် လက်ခံ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ အခန်း(၈)တွင် ပြဋ္ဌာန်းထားပြီး နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ရပိုင်ခွင့် ၃၆ ချက် ပြဌာန်းထားပါတယ်။

    အဲဒီထဲက အချို့ အချက်အလက်တွေကို ကောက်နှုတ်ဖော်ပြရရင် ..

    ၃၄၇။ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။

    ၃၄၈။ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ခွဲခြားမှုမရှိစေရ။

    ၃၆၁။ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟုနိုင်ငံတော်က အသိအမှတ်ပြုသည်။

    ၃၆၂။ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။

    ၃၆၃။ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။

    ၃၆၄။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။

    ၃၈၄။ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။

    ၃၅၅။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ် ဒေသ၌ မဆို  ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။

    ၃၇၀။ နိုင်ငံသားများသည် နိုင်ငံတော်အတွင်း အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။

    သို့ဖြစ်ပါ၍ အုပ်ချူပ်ရေး မဏ္ဍိုင်ကို ကျော်လွန်ဆောင်ရွက်လာတဲ့ ရေစကြိုမြို့နယ်၊ မအူအလယ်ကျေးရွာအုပ်စုမှ သံဃာ့ အဖွဲ့ရဲ့ ကြေညာချက်ဟာ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်တွေကို  ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်နေတာ အထင်အရှားပါဘဲ။

    14813473_10208654439973071_1573436865_n-png
    မြန်မာ့နည်း၊မြန်မာ့ဟန် လူမျိုးရေးခွဲခြားမှု

    မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို “ကုလား” လို့ သတ်မှတ် သုံးနှုန်းပြီး မွတ်စလင်မ် ဆန့်ကျင် မုန်းတီးရေး လုပ်ဆောင်မှုများ ယခင် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ ယခင်အစိုးရလက်ထက်မှာ အရေးယူ ဆောင်ရွက်ခဲ့ခြင်း အင်မတန်နည်းခဲ့ပါတယ်။  အဲဒီအချိန် အတိုက်အခံအဖြစ်ရပ်တည်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားခရီးစဉ်တခုမှာ နိုင်ငံသားအခွင့်အရေး ပတ်သက်ပြီး ယခုကဲ့သို့ပြောကြားခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့  သြစတေးလျ နိုင်ငံ မဲလ်ဘုန်းမြို့ တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲမှ အမေးအဖြေအစီအစဉ်တွင်
    နိုင်ငံသား အခွင့်အရေးနှင့် အမျိုး ဘာသာသနာ စောင့်ရှောက်ရေး အခွင့်အရေးနှင့် ပတ်သက်ပြီး မည်သို့ မည်ပုံသုံးသပ် ခံယူပါသနည်း မေးခွန်းအား ဒေါ်အောင်ဆန်း စုကြည် ဖြေကြားခဲ့မှု မှ ကောက်နှုတ်ချက်

    -နိုင်ငံသားအခွင့်အရေးဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ဆိုင်တယ်။ အင်မတန်အရေးကြီးတယ်။

    -နိုင်ငံသားတိုင်း နိုင်ငံသူတိုင်း ဖွဲ့စည်းပုံကပေးထားတဲ့ အခွင့်အရေးကို အပြည့်အဝရရှိရမယ်။

    -အမျိုး၊ဘာသာ၊သာသနာ စောင့်ရှောက်ရေးဟာ ဖွဲ့စည်းပုံရဲ့ ဘောင်အတွင်းကပဲဖြစ်ရမယ်။

    -ဖွဲ့စည်းပုံကို ချိုးဖောက်ပြီးလုပ်တဲ့ လုပ်ရပ်မျိုး မဖြစ်ရဘူး။

    -မြန်မာနိုင်ငံမှာ လူမျိုး၊ ဘာသာပေါင်းစုံရှိတယ်။ အားလုံးဟာ အေးအေးချမ်းချမ်းနေနိုင်ရမယ်။

    – နိုင်ငံသား အခွင့်အရေး အပြည့်အဝရဖို့ အတွက်ဆိုတာ အစိုးရများရဲ့တာဝန်ဖြစ်ပါတယ်။ အဲဒါကိုမှ အာမခံနိုင်ရင် အစိုးရ မလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်။

    ref: https://www.youtube.com/watch?v=lWAmJ7e5jfo

    သို့ဖြစ်ပါ၍

    တချိန်က အတိုက်ခံ ယနေ့အချိန် အုပ်ချူပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်တို့မှာ တာဝန်ရှိသူ ဖြစ်လာတဲ့ NLD အစိုးရ အနေနဲ့ တိုင်းပြည်ရဲ့ အမြင့်ဆုံး အခြေခံဥပဒေကို ကျူးလွန်ဖောက်ဖျက်မှုတွေကို မည်ကဲ့သို့ အရေးယူ ဖြေရှင်းဆောင်ရွက်မယ်ဆိုတာ အလုပ်နဲ့ သက်သေပြ ၍ ဖြေကြားပေးပါလို့ တောင်းဆိုလိုက်ပါတယ်။