News @ M-Media

Month: October 2016

  • ရွှေပြည်သာတွင် ကုရ်ဘာနီ ပြုလုပ်မည့် နွားသိမ်းပြီး အမှုဖွင့် အရေးယူတာ ထူးခြားတဲ့ အမှုလို့  ရှေ့နေပြော

    ရွှေပြည်သာတွင် ကုရ်ဘာနီ ပြုလုပ်မည့် နွားသိမ်းပြီး အမှုဖွင့် အရေးယူတာ ထူးခြားတဲ့ အမှုလို့ ရှေ့နေပြော

    အောက်တိုဘာ ၂၅၊ ၂၀၁၆
    M-Media
    မိုးစက်

    ရန်ကုန်။    ။ ရွှေပြည်သာမြို့နယ်တွင် ကုရ်ဘာနီပြုလုပ်မည့် နွား ၉၂ ကောင်ကို မင်းမဲ့စရိုက်ဆန်စွာ အုပ်စုဖွဲ့လုယူခဲ့ကြပြီး အမှုဖွင့်အရေးယူထားမှုသည် ရန်ကုန်တိုင်းအတွင်း ထူးခြားသည့် အမှုဖြစ်နေတယ်လို့ အဆိုပါအမှုကို ရှေ့နေအဖြစ် အခမဲ့ လိုက်လံလုပ်ဆောင်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုက ဆိုပါတယ်။

    “သူတို့စွဲတဲ့ ဥပဒေက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု ဥပဒေနဲ့ဆွဲတယ်။ ဥပဒေမှာ အလျှော့အတင်းရှိတယ်။ ပုဒ်မ ၆၅ မှာ ဘာသာရေး အတွက်ဆို ကင်းလွတ်ခွင့်ရှိတာတွေ ရှိတယ်။ နိုင်ငံတော်က တရားဝင်ခွင့်ပြုထားတဲ့ ကုရ်ဘာနီလုပ်မယ့် သားကောင်းတွေကို မကင်းလွတ်ဘူးဆိုပြီး တရားဆွဲတာ အရမ်းမှားယွင်းနေတယ်။” လို့ အဆိုပါ ရှေ့နေက ပြောပါတယ်။

    14519857_10202216828379125_6082142052116152072_n
    တရားစွဲထားသူများကို ရုံးထုတ်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

     

    အဆိုပါ အမှုအား ရွှေပြည်သာမြို့နယ် အစ္စလာမ်ဘာသာရေးအကျိုးဆောင်အဖွဲ့မှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို စည်ပင်သာယာမှ တာဝန်ရှိသူတစ်ဦးက တရားဆွဲဆိုထားကြောင်း သိရပါတယ်။

    ယခု ဖြစ်စဉ် ဖြစ်ပွားခဲ့ပုံမှာ ရွှေပြည်သာမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းနိုင်မှ အဆိုပါအဖွဲ့ ဒုဥက္ကဌဖြစ်သူ ဦးမျိုးမြင့် (အစ္စလာမ်ဘာသာဝင်) ကိုခေါ်ယူပြီး အမှတ် ၆ ခလရ တပ်ရင်း မွေးနေ့အတွက် အလှူခံကောက်ခံရာ ဦးမျိုးမြင့်မှ အစ္စလာမ်ဘာသာဝင်များ ကိုယ်စား တစ်သိန်းကျပ်ထည့်မည်ဟု ဆန္ဒပြုခဲ့တယ်လို့ သိရပါတယ်။ ၄င်းတပ်မှ တာဝန်ရှိသူ တစ်ဦးက တပ်မွေးနေ့ တပ်မိသားစုများ ရန်ပုံငွေအဖြစ် ရရှိရန် တပ်အတွင်း ကုရ်ဘာနီပြုလုပ်ရန် အစစ အရာရာ တာဝန်ယူကြောင်း ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့တွင်  တပ်အတွင်းသို့ နွားများကို ကားများဖြင့် သယ်ဆောင်နေစဉ်မှာပဲ မြို့နယ်အာဏပိုင်များ၊ သံဃာတော်များ၊ မျိုးချစ်အဖွဲ့ဆိုသူများက ဤနေရာတွင် ကုရ်ဘာနီပြုလုပ်၍ မရကြောင်းပြောသဖြင့် လှိုင်သာယာကုရ်ဘာနီဝင်းသို့ နွားများကို ပြောင်းရွေ့ဖို့ လုပ်နေစဉ်မှာပဲ မျိုးချစ်အဖွဲ့ဆိုသူများက ကားပေါ်သို့ အတင်းတက်လာကြပြီး နွားများကို ဘောလုံးကွင်းသို့ ယူဆောင်သွားခဲ့ကြပါတယ်။ ထို့နောက် နွားများကို ပြန်မလွှတ်တော့ဘဲ အဆိုပါတာဝန်ရှိသူ သုံးဦးကို တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါတယ်။

    အဆိုပါ နွား ၉၂ ကောင်တွင် ဝယ်ယူသည့် မြို့နယ်မှ မြို့နယ်ထွေအုပ်၏ ထောက်ခံချက်၊ ရပ်ကျေးမှထောက်ခံချက်၊ တိမွေးကုမှ ထောက်ခံချက်စသည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ထောက်ခံချက်များကို ရရှိပြီးသားလည်း ဖြစ်ကြောင်း သိရပါတယ်။

    ထိန်းသိမ်းထားသော နွားများ ၉၂ ကောင်အနက် ၅ ကောင်မှာ သေဆုံးသွားသည်ဟု သိရှိရပြီး ကျန် ၈၇ ကောင်ကို တရားရုံးမှ လေလံတင်ရောင်းချနေပါတယ်။ အဆိုပါ လေလံ တင်ပွဲတွင်လည်း မျိုးချစ်အဖွဲ့ဆိုသူများမှ ဦးဆောင်ပြီး လုပ်ကိုင်နေသည်ကိုလည်း တွေ့ရပါတယ်။

    အဆိုပါ အမှုမှာ စွဲချက်တင်ထားသော ဥပဒေပုဒ်မသည် ဖြစ်ပျက်သည့်အမှုနှင့် သက်ဆိုင်ခြင်းမရှိသည့်အတွက် ဥပဒေဘောင်အတွင်းမှ လုပ်ထုံးလုပ်နည်းများအတိုင်း အမှုပုံစံကျအောင် လုပ်ဆောင်သွားမည်ကြောင်း ဦးခင်မောင်ချိုက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

    လက်ရှိတွင် အမှုအခြေအနေမှာ တရားလိုဘက်မှ သက်သေများကို စစ်ဆေးနေပြီဖြစ်ပြီး အမှုပုံစံအတိုင်း အဆင့်ဆင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

  • ဒေါ်အောင်ဆန်းစုကြည် နှင့် နော်ဝေ ၀န်ကြီးချုပ်ဟောင်း တွေ့ဆုံစဉ်  ရခိုင်မှကိစ္စရပ်များ ဆွေးနွေးခဲ့

    ဒေါ်အောင်ဆန်းစုကြည် နှင့် နော်ဝေ ၀န်ကြီးချုပ်ဟောင်း တွေ့ဆုံစဉ် ရခိုင်မှကိစ္စရပ်များ ဆွေးနွေးခဲ့

    အောက်တိုဘာ ၂၆ ၊ ၂၀၁၆
    M-Media
    သီဟ
    kjell-magne-bondevik
    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace and Human Rights ဥက္ကဋ္ဌ Mr.Kjell Magne Bondevik ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် (၁၀) နာရီတွင်  နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။

    နော်ေ၀၀န်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace and Human Rights ၏ ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေမှု ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့် နော်ဝေနိုင်ငံတို့ အကြား ပူးပေါင်းဆောင်ရွက်နိုင်သော ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးကြကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ သတင်းထုတ်ပြန်ပါသည်။

  • အီရန်နှင့် အီးယူတို့ ဆက်ဆံရေး တိုးမြှင့်မည်

    အီရန်နှင့် အီးယူတို့ ဆက်ဆံရေး တိုးမြှင့်မည်

    အောက်တိုဘာ ၂၅၊ ၂၀၁၆
    M-Media

    iran-discus

    – ဒုတိယ၀န်ကြီးများပါဝင်သော အီရန်ကိုယ်စားလှယ်အဖွဲ့မှာ လာမည့် ဒီဇင်ဘာလအတွင်း ဘရပ်ဆဲလ်၌ ဥရောပသမဂ္ဂ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ရှိနေသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေးကိစ္စပါအ၀င် ကဏ္ဍများစွာအတွက် ဆွေးနွေးသွားမည်ဟု ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာဟ်ရမ် ကွာဆီမီက ဆိုသည်။

    “ဥရောပနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အခြေခံကျပြီး၊ ကြာညောင်းတဲ့ ဆက်ဆံရေးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကြားမှာ ဘုံတူညီမှု အမြောက်အများလည်း ရှိပါတယ်၊ တန်ဖိုးသတ်မှတ်ချက်တွေနဲ့ ဒေသတွင်းအရေးကိစ္စအချို့မှာတော့ ကွဲလွဲမှုတွေ ရှိနိုင်တာပေါ့လေ”

    အီရန်နှင့် သရောပသမဂ္ဂတို့မှာ ယခင်ကတည်းက တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ပြီး ပိတ်ဆို့မှုများရှိခဲ့သော နှစ်များမှလွဲ၍ မိမိတို့နိုင်ငံအနေဖြင့် ဥရောပနိုင်ငံအများစုနှင့် ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားကြောင်း ကွာဆီမီက ထပ်လောင်း ပြောကြားခဲ့သည်။

    “ဒီနေ့မှာ ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်မှုနဲ့အတူ မတူညီတဲ့ ကဏ္ဍတွေမှာ နှစ်ဖက်စလုံးက ဆွေးနွေးမှုတွေ ပြလုပ်သွားမှာ ဖြစ်ပါတယ်”

    Ref : presstv

  • အစ္စရေးရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဖျက်ဆီးခံရ

    အစ္စရေးရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဖျက်ဆီးခံရ

    အောက်တိုဘာ ၂၅၊ ၂၀၁၆
    M-Media

    – အစ္စရေးမြောက်ပိုင်းရှိ နာမည်ကျော် ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ယမန်နေ့က ဖျက်ဆီးခြင်းခံခဲ့ရပြီး ဘုရားကျောင်းအတွင်းရှိ စပျစ်ရည်ထည့်သော ရွှေဖလားများလည်း အခိုးခံလိုက်ရသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။

    တဘောရ်တောင်တွင်ရှိသည့် Church of the Transfiguration ဘုရားကျောင်းဖြစ်ပြီး ဓမ္မသစ်ကျမ်းစာ၏ ဖော်ပြချက်အရ ထိုနေရာမှာ ခရစ်တော် ရှင်ပြန်ထမြောက်ပြီးနောက် တမန်တော်မောရှေ၊ ဧလိယတို့နှင့် စကားပြောဆိုသည့် နေရာဖြစ်သည်ဟု ဆိုသည်။

    ရဲတပ်ဖွဲ့ကမူ ထိုတိုက်ခိုက်မှုအတွက် စုံစမ်းစစ်ဆေးနေပြီး မည်သည့် သံသယရှိသူကိုမှ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။ ဖျက်ဆီးမှုတွင် ဘုရားကျောင်းအတွင်းရှိ အမှတ်သညာများ ပျက်ဆီးသွားခဲ့ပြီး၊ ပမာဏ မည်မျှရှိသည်ကို မသိရသည့် အလှူခံသေတ္တာတစ်လုံးနှင့် စပျစ်ရည်ထည့်သည့် ရွှေဖလားများ အခိုးခံခဲ့ရသည်။

    ဒေသတွင်းမီဒီယာများကမူ ထိုတိုက်ခိုက်မှုမှာ ဓားမြတိုက်မှုသက်သက်သာ ရည်ရွည်ခြင်းဖြစ်နိုင်ပြီး ယခင် ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရမှုကဲ့သို့ ဂျူးများ၏ အမုန်းတရားကြောင့် တိုက်ခိုက်ခြင်း မဖြစ်နိုင်ဟု ဘုရားကျောင်း တာဝန်ရှိသူများကို ကိုးကား၍ ဖော်ပြခဲ့သည်။

    ခရစ်ယာန်နှင့် မွတ်စလင်တို့၏ အထွဋ်အမြတ်ထားရာ နေရာများကို တိုက်ခိုက်သည့်အခါ ဂျူးအစွန်းရောက်များ ပုံမှန်ပြုလုပ်နေကြဖြစ်သည့် စော်ကားသော ဂရက်ဖစ်တီများကိုလည်း ယခုတိုက်ခိုက်မှုတွင် ရေးဆွဲခဲ့ခြင်းမရှိဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် နှစ်များအတွင်း ဗလီများ၊ ဘုရားကျောင်းများ၊ သုဿန်များအပါအ၀င် မွတ်စလင်နှင့် ခရစ်ယာန်ုတို့၏ အထွဋ်အမြတ်ထားရာ နေရာများမှာ ဂျူးအစွန်းရောက်များ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

    Ref: Xinhua

  • မက်ဒရစ်မြို့ခံနှစ်သင်း စည်းကမ်းဖောက်မှုအတွက် စပိန်ဘောလုံးအဖွဲ့ချုပ် ဒဏ်ရိုက်ခံရ

    မက်ဒရစ်မြို့ခံနှစ်သင်း စည်းကမ်းဖောက်မှုအတွက် စပိန်ဘောလုံးအဖွဲ့ချုပ် ဒဏ်ရိုက်ခံရ

    အောက်တိုဘာ ၂၅၊ ၂၀၁၆
    M-Media

    madrid

    – အသက် ၁၈ နှစ်အောက် နိုင်ငံတကာကစားသမားများကို ခေါ်ယူမှုနှင့်ပတ်သက်၍ ရီးယဲလ်နှင့် အက်သလက်တီကိုတို့၏ ဥပဒေချိုးဖောက်မှုများကို ခွင့်ပြုခဲ့သည့် စပိန် တော်ဝင်ဘောလုံးအဖွဲ့ချုပ် RFEF ကို ဖီဖာက ဆွစ်ဇ်ဖရန့် ၂၂၀၀၀၀ ဒဏ်ရိုက်ခဲ့သည်ဟု သိရသည်။

    မက်ဒရစ်အခြေစိုက် အဆိုပါ ကလပ်အသင်းနှစ်ခုလုံးကို စည်းကမ်းချိုးဖောက်မှုများကြောင့် ၂၀၁၇ ခုနှစ် အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားဝယ်ယူခွင့် ဖီဖာက ပိတ်ပင်ခဲ့သည်။ ထိုပြစ်ဒဏ်အတွက် နှစ်သင်းစလုံးမှာ အားကစားဆိုင်ရာ ခုံသမာဓိရုံးအထိ တင်ပြထားသည်။

    သို့သော်လည်း ဖီဖာကမူ ယခုအချိန်တွင် စပိန်ဘောလုံးအဖွဲ့ချုပ်ကိုပါ ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်ပြီး ဥပဒေရေးရာ မူဘောင်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖြစ်စေရေး ၆ လ အချိန်ပေးခဲ့သည်။

    “RFEF ဟာ နိုင်ငံတကာအပြောင်းအရွှေ့၊ လူငယ်ကစားသမားတွေကို ပထမဆုံး စာချုပ်ချုပ်မှုဆိုင်ရာ ပြဌာန်းချက်တွေကို ချိုးဖောက်ခဲ့တယ်ဆိုတာ တွေ့ရှိရပါတယ်” ဟု ဖီဖာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Ref: Goal