News @ M-Media
Month: October 2016
  • ပေါ့ဘာမှာ စိတ်ရှုပ်နေပုံရသည်ဟု နဗီးလ်ပြော
    ပေါ့ဘာမှာ စိတ်ရှုပ်နေပုံရသည်ဟု နဗီးလ်ပြော
    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media
    pogba-2
    – အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ပေါ့ဘာမှာ စိတ်ရှုပ်ထွေးနေပုံရသည်ဟု မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပြီး မော်ရင်ဟိုမှာ မန်ယူအတွက် ဂုဏ်သိက္ခာများ ပြန်လည် ဆောင်ကျဉ်းပေးနိုင်မည်ဟု ဆိုသည်။
    မော်ရင်ဟိုမှာ ယမန်နေ့က မန်ယူနည်းပြအဖြစ် ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ပထမဆုံး သွားရောက် ရင်ဆိုင်ရခြင်းဖြစ်ပြီး ရလဒ်မကောင်းခဲ့ဘဲ ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် ပေါ့ဘာမှာလည်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိပြီးကတည်းက ထိုက်တန်သည့်ခြေစွမ်းကို ပြသနိုင်ခြင်း မရှိသေးပေ။
    “ပေါ့ဘာဟာ စိတ်ရှုပ်ထွေးနေတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ပြောင်းရွှေ့ကြေး မြင့်မားစွာနဲ့ပြောင်းလာတဲ့သူ့ကို မနေ့က ကျွန်တော်ကြည့်ရတာဟာ သူ့မှာ အခက်အခဲ ရှိနေပုံပါပဲ။ အန်ဖီးလ်မှာလည်း နံပါတ် ၁၀ နေရာကနေ ကစားခဲ့တာ အဆင်မပြေပါဘူး။ ဂျိုဆေးမော်ရင်ဟိုအနေနဲ့ အခုအချိန်မှာ သူ့ကို အသင်းနဲ့ အံကျဖြစ်အောင် နည်းလမ်းရှာဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလောက် ငွေကြေးအများကြီးနဲ့ ကစားသမားတစ်ဦးကို ခေါ်ထားပြီဆိုရင် သူ အံဝင်ဖို့တော့ တစ်နည်းနည်းနဲ့ လုပ်ဆောင်ရမှာပါ” ဟု ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။
    ယခုအရှုံးမှာ မန်ယူအတွက် ပရီးမီးယားလိဂ် ၃ ပွဲမြောက်အရှုံးဖြစ်ပြီး ထိပ်ဆုံးမှ မန်စီးတီးနှင့် ၆ မှတ်အကွာ အဆင့် ၇ နေရာတွင် ရှိနေသည်။
    Ref : Goal
  • မူဆိုးလ်ထိုးစစ်တွင် တူရကီနှင့် အီရတ်တို့ တင်းမာမှု မြင့်တက်
    မူဆိုးလ်ထိုးစစ်တွင် တူရကီနှင့် အီရတ်တို့ တင်းမာမှု မြင့်တက်
    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media
    turkey-2
    – IS များ သိမ်းပိုက်ထားသည့် မူဆိုးလ်မြို့အား ပြန်လည်ရယူနိုင်ရေး အီရတ်စစ်တပ်က ပြုလုပ်နေသည့် ထိုးစစ်တွင် တူရကီနှင့် အီရတ်တို့အကြား တင်းမာမှုများ မြင့်တက်လာသည်ဟု သိရသည်။
    နိုင်ငံအတွင်းရှိ တူရကီတပ်ဖွဲ့များအား ထွက်ခွာပေးရန် အီရတ်က အလိုရှိနေသော်လည်း တူရကီက လက်မခံသောကြာင့် တင်းမာမှုရှိနေချိန်တွင် ယမန်နေ့က ထိုးစစ်တွင် ပါဝင်နေသည့် ကာ့ဒ်တပ်ဖွဲ့ Peshmerga ၏ တောင်းဆိုမှုကြောင့် မူဆိုးလ်မြို့မြောက်ပိုင်းအနီး IS ပစ်မှတ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု တူရကီဝန်ကြီးချုပ်က ယမန်နေ့တွင် ပြောကြားခဲ့ပြီးနောက် တင်းမာမှု အရှိန်မြင့်တက်လာခြင်းဖြစ်သည်။
    အီရတ်၏ ပူးတွဲစစ်ဆင်ရေးဌာနချုပ်ကမူ တူရကီ၏ ထိုပြောကြားမှုကို ယနေ့တွင် ငြင်းဆိုခဲ့သည်။
    သို့သော်လည်း ယနေ့နှောင်းပိုင်းတွင် တူရကီနိုင်ငံခြားရေးဝန်ကြီးက ထိုးစစ်စတင်ပြီးနောက်ပိုင်း မိမိတို့၏ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် IS အကြမ်းဖက်သမား ၁၇ ဦး သေဆုံးခဲ့ကာ F16 တိုက်လေယာဉ်များကလည်း ထိုစစ်ဆင်ရေးတွင် ပါဝင်ရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။
    အီရတ်နိုင်ငံတောင်ပိုင်းတွင် တူရကီတပ်ဖွဲ့ဝင်ပေါင်း ၂၀၀၀ ခန့်ရှိနေပြီး IS အကြမ်းဖက်အဖွဲ့အား တိုက်ဖျက်ရေးအတွက် နောက်ထပ်တစ်နှစ် ဆက်နေရန် တူရကီပါလီမန်က ပြီးခဲ့သည့်လတွင် ဆုံးဖြတ်ခဲ့သည်။
    အီရတ်စစ်ပွဲတွင် ပါဝင်နေသည့် ကာ့ဒ်တပ်ဖွဲ့ Peshmerga ၏ ခေါင်းဆောင် မဆူဒ် ဘာရ်ဇာနီမှာ တူရကီနှင့် နီးကပ်သည့် ဆက်ဆံရေးရှိပြီး ၎င်းတို့ဒေသဖြစ်သော့ ကာ့ဒ်ဒေသတွင် တူရကီတပ်များ ဆက်ရှိနေရန် သဘောတူခဲ့သည်။
    Ref : Aljazeera
  • M-Media သတင်းများကို Instant Articles ၀န်ဆောင်မှုဖြင့် ဖတ်ရှုနိုင်ပြီ။
    M-Media သတင်းများကို Instant Articles ၀န်ဆောင်မှုဖြင့် ဖတ်ရှုနိုင်ပြီ။
    အောက်တိုဘာ ၂၄ ၊ ၂၀၁၆
    M-Media
    instant-articles2
    M-Media ဝဘ်ဆိုဒ်မှ မှ နေ့စဉ် သတင်းများကို  Facebook ရဲ့ နည်းပညာအသစ်ဖြစ်တဲ့ Instant Articles ၀န်ဆောင်မှု ဖြင့် ဖတ်ရှုနိုင်အောင် လုပ်ဆောင်ထားပါတယ်။
    Instant Articles ဆိုတာ Smart Phone များဖြင့် Facebook App အသုံးပြုစဉ်  လင့်ခ်တစ်ခုကို ကလစ်နှိပ်လိုက်တဲ့အခါ Facebook app အတွင်းက browser (သို့) အခြားမိုဘိုင်း ဘရောက်ဆာနဲ့ ဖွင့်ပြီး၊ တခြားဝက်ဘ်ဆိုဒ်ထဲကို ဆွဲခေါ်သွားမှာမဟုတ်ဘဲ၊ Facebook ထဲမှာတင် web စာမျက်နှာတစ်ခုလုံး တန်းပေါ်လာမှာဖြစ်ပါတယ်။ Web စာမျက်နှာတစ်ခုကို load လုပ်ဖို့ ကြာချိန်တွေ မရှိတော့ဘဲ၊ သတင်းတိုက်ရိုက်တန်းဖတ်နိုင်မယ့် ၀န်ဆောင်မှုဖြစ်ပါတယ်။ စောင်ဆိုင်းရမယ့် အချိန်သက်သာသွားမှာ ဖြစ်သလို Data သုံးစွဲမှု လျော့သွားတဲ့အတွက် ပိုက်ဆံ သက်သာစေမှာလဲဖြစ်ပါတယ်။
    Instant Articles ၀န်ဆောင်မှု ဖြင့် ဖတ်ရှုနိုင်တဲ့ သတင်းလင့်ခ် တွေကတော့ လင့်ခ်တစ်ခုရဲ့ ခေါင်းစီးပုံညာဘက်ထောင့်မှာ ဒီလင့်ခ်က Instant Articles ဖြစ်ကြောင်း မိုးကြိုးသွားပုံလေး ပြပေးထားမှာဖြစ်ပါတယ်။
    ဒါအပြင် Instant Articles  ၀န်ဆောင်မှု မှာ မိမိတို့ ဖွင့်ဖတ်တဲ့သတင်းကို အလွယ်တကူ ထပ်ဆင့်မျှဝေနိုင်တဲ့ ဝန်ဆောင်မှုတွေ Facebook က ထည့်သွင်းပေးထားပါတယ်။
    M-Media ရဲ့ သတင်းတွေကို ဦးဦးဖျားဖျား ဖတ်ရှုလိုလျင် M-Media Facebook Page ကို Like လုပ်ထားပြီး See First လုပ်ထားဖို့ တိုက်တွန်းပါတယ်။
    Instant Articles  ၀န်ဆောင်မှု  ဖတ်လို့အောင် လုပ်ဆောင်ထားတဲ့ M-Media သတင်းတွေကို ဖတ်ရှုရာမှာ အခက်အခဲရှိရင် Message Box မှ တဆင့် စာပို့၍ လည်းကောင်း၊ ပိုစ်များအောက်မှာ ကော်မန့် ရေးသား၍ အကြောင်းကြားနိုင်ပါတယ်။
  • NLD အစိုးရ ဖြေပေးပါ။ (၁)
    NLD အစိုးရ ဖြေပေးပါ။ (၁)
    အောက်တိုဘာ ၂၄ ၊ ၂၀၁၆
    M-Media
    ဘသန်းထက် ရေးသည်။
    nyein-chan-tar-yar
    ဒီကနေ ဆိုရှယ်မီဒီယာ မှာ သတင်းတပုဒ် ပြန့်နှံ့လာတယ်။ အကြောင်းက သာကေတ မြို့နယ်မှာ ရှိတဲ့ မိဘမဲ့ဂေဟာ အစ္စလာမ်ဘာသာရေး ကျောင်းကို မျိုးချစ်ဆိုသူတွေ သတင်းအရ ဝင်ရောက်စစ်ဆေးတယ်ဆိုတဲ့ ဓါတ်ပုံနဲ့ ဗီဒီယို ဖိုင်တဖိုင် ပါ အကြောင်းအရာတွေပါ။
    ဒီဓါတ်ပုံနဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာမှာ တင်တဲ့လူက တော့ “တန်ဘိုး” အမည်နဲ့ Facebook အသုံးပြုသူပါ။ ဓါတ်ပုံတွေနဲ့ တကွ ရေးထားတဲ့စာကတော့ အောက်အတိုင်းပါ။
    “သာကေတမြို့နယ် လယ်ရွာသုဿန်ဟောင်းအတွင်းက
    အစ္စလာမ်ဘာသာဝင်မိဘမဲ့ကျောင်းအား သတင်းအရ
    မျိုးချစ်အဖွဲ့များမှဘသွားရောက်စစ်ဆေးနေတာပါ..”
    အလားတူ ၈ မိနစ်ခန့် ရှိတဲ့  ရုပ်သံဖိုင် တဖိုင်ကို လည်း သူက တင်ခဲ့ပါသေးတယ်။ အဆိုပါရုပ်သံမှာတော့ မိဘမဲ့ဂေဟာနဲ့ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းရဲ့ ဥက္ကဌ ဖြစ်တဲ့ ဟာဂျီ ဦးမောင်မောင်က လာရောက်တဲ့လူတွေကို အသေးစိတ် ရှင်းပြနေတဲ့ ရုပ်သံပါ။
    သာကေတ က မျိုးချစ်ဆိုသူတွေက အဆိုပါ မိဘမဲ့ဂေဟာကို အလှူငွေ ဘယ်က ရတယ်၊ ကျောင်းသား ဘယ်လောက်ရှိတယ်၊ ဘယ်က လာတယ် တရားခံကို ရဲ က စစ်သလို စစ်မေးနေတာကို တွေ့ရပါတယ်။
    မိဘမဲ့ ဂေဟာ ဥက္ကဌ ဟာဂျီဥိးမောင်မောင်က ယခု အဆောက်အအုံဟာ စစ်အစိုးရ လက်ထက် ကမာရွတ်မြို့နယ်က ကြံတော မွတ်စလင်မ် သုသာန်ဖျက်ခံရတဲ့အချိန် အဆိုပါ သုဿန်ဝင်းထဲမှာ ရှိတဲ့ ဘာသာရေး စာသင်ကျောင်း အစား ပေးခဲ့တဲ့ နေရာဖြစ်ပြိး အဆောက်အအုံက အစ အစိုးရ ဆောက်ပေးခဲ့တာ ဖြစ်ကြောင်း၊ အဆိုပါအချိန်က အာဏာပိုင်တွေဖြစ်တဲ့ ဗိုလ်ချူပ်ခင်ညွှန့်၊ ဗိုလ်ချူပ်တင်ဦးတို့ကိုယ်တိုင် တရားဝင် အစားပေးဖို့ ညွှန့်ကြားခဲ့တာ ဖြစ်ပြီး မြို့တော်ဝန်ဦးကိုလေးက လယ်ရွာသုသာန်ဟောင်း ဝင်းအတွင်းမြေနေရာ စီစဉ်ပေးခဲ့တာဖြစ်ကြောင်း၊ စာရွက်စာတမ်း အထောက်အထားများလိုချင်ပါက ချက်ခြင်းမိတ္တူဆွဲခိုင်း ယူသွားဖို့ စီစဉ်ပေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။
    မေးချင်တာက မျိုးချစ် ဆိုတဲ့ လူတစုဟာ သတင်းရတယ် ဆိုတာနဲ့ မိမိနဲ့ ဘာသာမတူသူတွေရဲ့ ပိုင်နက် အဆောက်အအုံကို အာဏာပိုင် တရပ်လို့ ဝင်ရောက် စစ်ဆေးမေးမြန်းခွင့် ရှိပါသလား? သက်ဆိုင်ရာ အုပ်ချူပ်ရေး အာဏာပိုင်တွေ မပါဘဲ ထင်သလို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ပြီး ဝင်ရောက်စစ်ဆေးတာဟာ ဥပဒေနဲ့ ညီသလား?။
    ဒီလို စစ်ဆေးမှုတွေကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေမဟုတ်ဘဲ ထင်သလို ဝင်ပြိး ဆိုရှယ်မီဒီယာမှာ စည်းမဲ့ကမ်းမဲ့ ဖြန့်ချီနေတာ လူမျိုးရေး ၊ ဘာသာရေး ပြသနာတွေ ကြီးထွားအောင် မီးမွှေးတာ မဟုတ်ဘူးလား ? အခုလို ဥပဒေမဲ့ လုပ်ဆောင်နေတာကို အစိုးရ အာဏာပိုင်တွေအနေနဲ့ တစုံတရာ အရေးယူ ဟန့်တားဆောင်ရွက်ဖို့ တာဝန်မရှိဘူးလား?
    ၂၀၁၅ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နိုင်ပြီး အစိုးရ တရပ်ဖြစ်လာတဲ့ NLD အစိုးရဟာ  ဘာသာစုံ က နိုင်ငံသားတွေရဲ့ အသဲတကြားက မဲတပြားနဲ့ အနိုင်ရလာဖြစ်လို့ နိုင်ငံသားအားလုံးရဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်နဲ့ အခြေခံ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးရမှာ တာဝန်တရပ်ဖြစ်ပါတယ်။
    မျိုးချစ် အမည်ခံ အဖွဲ့တွေ ဒီလို ဥပဒေမဲ့ ထင်သလို လုပ်ရပ်တွေကို NLD အစိုးရ အနေနဲ့ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ မသိကျိုးနွံပြုလုပ်နေတာကြောင့် လူနည်းစု ဘာသာဝင်တွေကို ထင်သလို အနိုင်ကျင့်မှုတွေ တနေတခြားပိုမိုများပြားလာတာ အထင်အရှားပဲဖြစ်တယ်။
    အခြေခံဥပဒေမှာ အတိအလင်း အာမခံပြဌာန်ထားတဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ချိုးဖောက်ပြီး စိတ်ထင်တိုင်း ဥပဒေမဲ့ လုပ်ဆောင်နေတဲ့ မျိုးချစ် အမည်ခံ အုပ်စုတွေကို NLD အစိုးရအနေနဲ့ တရားဥပဒေ အတိုင်းမည်ကဲ့သို့ ဆောင်ရွက်ပေးမည် ကို မေးခွန်းထုတ်လိုပါတယ်။ ဒီလို  ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင် အနိုင်ကျင့်မှုတွေကို NLD အစိုးရအနေနဲ့ ဘယ်လို အကာအကွယ်ပေးဆောင်ရွက်ပေးမလဲဆိုတာ သိလိုပါတယ်။
  • မြန်မာနိုင်ငံ၌ ဂျပန်နှင့် အိန္ဒိယသည် လက်တွဲဖော်များ ဖြစ်လာတော့မည်လော
    မြန်မာနိုင်ငံ၌ ဂျပန်နှင့် အိန္ဒိယသည် လက်တွဲဖော်များ ဖြစ်လာတော့မည်လော
    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media
    india
    – မြန်မာနိုင်ငံ၏ အတိုင်ပင်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏အစဉ်အလာဖြစ်သည့် ကြားနေနိုင်ငံခြားရေးမူဝါဒကို သူ့စကားအတိုင်း ပြန်လည်အားသစ်လောင်းရန် အထင်ကရ အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတို့အား ချိန်ခွင်လျှာညီမျှအောင် သတိထား၍ လျှောက်လှမ်းလျက်ရှိ၏။ ယခုရက်သတ္တပတ် ဒေါ်စုကြည်၏ အိန္ဒိယခရီးစဉ်ပြီးလျှင် ဘေဂျင်းနှင့် ၀ါရှင်တန်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
    မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်အကြား တည်ရှိနေခြင်းကြောင့် တည်နေရာ၊ ယဉ်ကျေးမှုနှင့် ပထ၀ီနိုင်ငံရေးအရ အဆိုပါ အင်အားကြီးနိုင်ငံနှစ်ခုစလုံး၏ ရေရှည်အကျိုးအတွက် အရေးပါနေပေသည်။
    ၁၉၈၀ ခုနှစ်များကစပြီး အမေရိကန်ဦးဆောင်သည့် ပိတ်ဆို့မှုများက သယံဇာတကြွယ်ဝသည့် မြန်မာနိုင်ငံအား တရုတ်ပြည်၏ အရံသင့်စောင့်စားနေသောဗျူဟာအတွင်း တွန်းပို့လိုက်သလိုဖြစ်ခဲ့သည်။ ကန့်သတ်မှုမရှိသော ပိတ်ဆို့မှုများက မည်သည့်အခါမျှ အလုပ်မဖြစ်ခဲ့ပါ။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် သူ၏ ၂၀၁၀ အိန္ဒိယခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အပြုသဘောဆောင် အိန္ဒိယ၏မူဝါဒအပေါ် ဝေဖန်ခဲ့သည်။ သို့သော် ပြည်တော်ပြန်ပြီး လအနည်းငယ်အကြာတွင် သူကိုယ်တိုင်က အလားတူခြေလှမ်းနောက်သို့ လိုက်ပါလျှောက်လှမ်းလိုက်ကြောင်း တွေ့ရလေသည်။ အမေရိကန်မူဝါဒအပြောင်းအလဲက မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အား တွန်းအားကောင်းတစ်ရပ်ဖြစ်စေပြီး ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေး ရပ်တန့်သွား၏။
    မြောက်ကိုးရီးယားအပေါ် ပိတ်ဆို့မှုနည်းလမ်းတစ်လမ်းတည်းကိုသာ တစိုက်မတ်မတ် အသုံးချခဲ့ရာမှ ဖြစ်ပေါ်လာသော သင်ခန်းစာအား အိုဘားမား၏အိမ်ဖြူတော်အစိုးရက ဥပေက္ခာပြုနေဆဲဖြစ်သည်။ မကြာသေးမီက မြောက်ကိုးရီးယားသည် ပဉ္စမမြောက်နှင့် စွမ်းအားအကြီးမားဆုံး နျူကလိယစမ်းသပ်မှု ပြုလုပ်နိုင်ခဲ့သည့်အပြင် ပြီးခဲ့သောသီတင်းပတ်ကလည်း မအောင်မြင်သည့် ဒုံးကျည်လွှတ်တင်စမ်းသပ်ချက်တစ်ရပ် ပြုလုပ်ခဲ့ပေသည်။
    လွန်ခဲ့သည့် ၇ လခန့် NLD ပါတီ အာဏာရရှိလာပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး ပြည်ပခရီးစဉ် ထွက်ခဲ့၏။ ထိုခရီးစဉ်မှာ သူမ ပညာသင်ကြားလာခဲ့သည့် နယူးဒေလီ မဟုတ်ဘဲ ဘေဂျင်းမြို့တော် ဖြစ်နေသည်။ သူမ၏ရည်ရွယ်ချက်မှာ ယိုယွင်းစပြုလာသော တရုတ်ပြည်နှင့်ဆက်ဆံရေးအပေါ် ချောမွေ့ပြေလည်လာစေရန်ဖြစ်သည်။ တရုတ်တို့၏ထောက်ပံ့မှု ဒေါ်လာ ၃.၆ ဘီလီယံကိုသုံး၍ တည်ဆောက်သည့် မြစ်ဆုံဆည်စီမံကိန်းအား မြန်မာနိုင်ငံမှ ၂၀၁၁ ခုနှစ်တွင် ဆိုင်းငံ့လိုက်ရာမှ တရုတ်-မြန်မာ ဆက်ဆံရေး အေးစက်လာခဲ့သည်။ တရုတ်အမျိုးသားနေ့၏အကြိုနေ့တွင် ဆိုင်းငံ့လိုက်ခြင်းက ဘေဂျင်းအစိုးရအား ပေယျာလကန် ပြုရာရောက်သွား၏။ ပို၍ဆိုးသွာသည်မှာ မြန်မာ့ဒီမိုကရေစီအကူးအပြောင်းစတင်ခြင်း၊ ပြင်ပကမ္ဘာနှင့် ပေါင်းစည်းခြင်း ဆောင်ရွက်ချက်များကြောင့် ဖြစ်သည်။
    မြစ်ဆုံစီမံကိန်းလုပ်ငန်းမှာ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားပြီးသည့်နောက် မြန်မာနိုင်ငံအပေါ် တရုတ်ပြည်၏ဆက်ဆံရေးမှာ သိသိသာသာ အေးစက်သွားခဲ့သည်။ အခြားသော စွမ်းအင်နှင့် ဆည်စီမံကိန်းများများလည်း ခေတ္တရပ်တန့်လိုက်သည်။ သို့ပင်သို့ငြား ဘေဂျင်းအစိုးရသည် ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိ မြန်မာအနောက်တံခါးမှ တရုတ်တောင်ပိုင်းသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကိုမူ ပြီးစီးအောင်မြင်သည်အထိ လုပ်ကိုင်ဆောင်ရွက်ခဲ့၏။
    မြန်မာနိုင်ငံသည် ဒီမိုကရေစီအုပ်ချုပ်ရေး ရောင်နီသန်းလာသည်နှင့်အမျှ အင်အားကြီးနိုင်ငံများ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို မျက်စေ့ကျလာစေသည်။ တရုတ်ပြည်သည်လည်း မိမိ၏ဗျူဟာနှင့် သယံဇာတအကျိုးအမြတ်အတွက် မြန်မာနိုင်ငံတွင်းရှိ ၎င်း၏သတ္ထုတူးဖော်ခြင်းနှင့် အခြားစီမံကိန်းများကြောင့် ဖြစ်ပေါ်နေသော သဘာ၀၀န်းကျင်နှင့် လုပ်သားစားရိတ်ဆိုင်ရာ ပြဿနာများကို အလေးမထားဘဲ ဇွတ်တိုးလုပ်ဆောင်၍ မရနိုင်တော့ပေ။
    သို့သော် တရုတ်ပြည်သည် အခြားအင်အားကြီးနိုင်ငံမှန်သမျှထက် မြန်မာနိုင်ငံအပေါ် များစွာ လွှမ်းမိုးထားနိုင်ဆဲဖြစ်သည်။ သမ္မတ ရှီကျင်းပင်က မြစ်ဆုံစီမံကိန်းကို ပြန်လည်အသက်သွင်းရန်၊ ၂၀၁၁ ခုနှစ် မျက်နှာပျက်ရခြင်းကဲ့သို့ မပြုမူရန် တွန်းအားပေးနေသည်။ ဒေါ်စုကြည်သည် တရုတ်၏ဖိအားကို ရှောင်လွှဲရန်အတွက် ဘေဂျင်းခရီးစဉ်မတိုင်မီ နိုင်ငံ့အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ပေါ်ရှိ မြစ်ဆုံနှင့် အခြားဆည်တာတမံစီမံကိန်းများအား ပြန်လည်သုံးသပ်မည့် အဖွဲ့ဝင် ၂၀ ဦးပါ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။
    တရုတ်ခရီးစဉ်ပြီးသည့်နောက် ဒေါ်စုကြည်သည် သူမ၏ ချိန်ခွင်လျှာထိန်းညှိရေးလုပ်ဆောင်ချက် တစ်စိတ်တစ်ဒေသအဖြစ် ၀ါရှင်တန်သို့ သွားရောက်သည်။ စက်တင်ဘာ ၁၄ ရက်နေ့တွင် အိမ်ဖြူတော်က သူမအား နွေးထွေးစွာ လက်ခံတွေ့ဆုံသည်။ များမကြာမီ အောက်တိုဘာ ၁၇ ရက်နေ့တွင် အိုဘားမားက မြန်မာနိုင်ငံအပေါ် အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားလိုက်လေသည်။ သို့သော် စစ်တပ်နှင့်ဆက်နွှယ်နေသော ပိတ်ဆို့မှုများကိုမူ ဆက်လက်ထားရှိဆဲဖြစ်၏။
    ဒေါ်စုကြည်သည် အရေးပါသော ၀န်ကြီးများနှင့်အတူ အိန္ဒိယသို့သွား၍ ဂိုအာတွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာထိပ်သီးတွေ့ဆုံပွဲကို တက်ရောက်ခဲ့သည်။ နယူးဒေလီ၌ ၀န်ကြီးချုပ် နာရင်ဒြာမိုဒီနှင့်လည်းကောင်း၊ ထိပ်ပိုင်းဆိုင်ရာအရာရှိများနှင့်လည်းကောင်း နှစ်ဖက်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
    သူမ၏ခရီးစဉ်မှာ “ဘင်္ဂလားပင်လယ်အော်အဖွဲ့ဝင်နိုင်ငံများ၏ နည်းပညာနှင့်စီးပွားရေးဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေး” (BIMSTEC) မှ အဖွဲ့ဝင်နိုင်ငံများသို့ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်သည်။ ဤဆွေးနွေးပွဲတွင် BRICS ဟုခေါ်ကြသည့် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက – နိုင်ငံငါးခုမှ ထိပ်သီးခေါင်းဆောင်များကိုပါ ပူးတွဲပါဝင်စေခဲ့သည်။ သို့ရှိရာ ဒေါ်စုကြည်အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်၊ တရုတ်ပြည်မှ ရှီကျင်းပင် အပါအ၀င် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များကို ဂိုအာမြို့တွင် တစ်ပေါင်းတစ်စုတည်း တွေ့ဆုံနိုင်ခဲ့သည်။
    ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းတို့နှင့် နွေးထွေးသော ဆက်ဆံရေးရှိနေခြင်းကြောင့် BIMSTEC သည် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများပူးပေါင်းဆောင်ရွက်ရေး (SAARC) ထက် ပိုမိုအားကောင်း ခိုင်မာနေ၏။ (SAARC) ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော ပါကစ္စတန်နိုင်ငံမှ ခေါင်းထောင်စပြုနေသည့် အကြမ်းဖက်မှုကြောင့် ဒေသတွင်း၌ စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများက မိမိတို့နယ်စပ်ဒေသများအတွင်း လတ်တလောဖြစ်ပေါ်နေသော အကြမ်းသမားတို့၏တိုက်ခိုက်မှုများမှာ ပါကစ္စတန်၏ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ၏လက်ချက်/အခင်းအကျင်းဖြစ်သည်ဟု စွပ်စွဲမှုအပြီး လာမည့်လ၌ အစ္စလာမဘတ်တွင် ကျင်းပတော့မည့် SAARC ထိပ်သီးဆွေးနွေးပွဲမှာ အဟောသိကံ ဖြစ်သွားရသည်။
    မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် အရှေ့တံခါးဖြစ်သည်။ မြန်မာနိုင်ငံ နေပြည်တော်၌ ၂၀၁၄ နှစ်နှောင်းပိုင်းတွင် အိန္ဒိယ-အာဆီယံ ပူးပေါင်းဆွေးနွေးတစ်ရပ် ကျင်းပခဲ့သည်။ ၎င်း၌ မိုဒီက အမေရိကန်ကျားကန်ပေးထားသော အိန္ဒိယ၏ အရှေ့တိုင်းအားပြုမူဝါဒကို ချပြခဲ့၏။
    ဒေါ်စုကြည်သည် အတိုက်အခံဘ၀၌ရှိနေစဉ် အိန္ဒိယသည် ဒေါ်စုကြည်၏ ဒီမိုကရေစီလှုပ်ရှားမှုအား ထောက်ခံအားပေးခဲ့သည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်နှင့် အတိုက်အခံများစွာတို့ကို ခိုလှုံမှုနှင့် အကာအကွယ်ပေးခဲ့သည်။ အခြားတစ်ဖက်တွင်လည်း နိုင်ငံရေးအရ ပြန်လည်သင့်မြတ်စေရန်၊ မြန်မာနိုင်ငံအတွင်း တရုတ်၏ကြီးထွားနေသော ရိုက်ခတ်ချက်များ အရှိန်တန့်စေရန် သတိကြီးကြီးထားလျက် မြန်မာစစ်အစိုးရနှင့် ပြေလည်အောင် ဆက်ဆံခဲ့သည်။
    ယခုအခါ မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးအတွက် အဓိက စိန်ခေါ်မှုတစ်ရပ်မှာ တရုတ်ပြည်နှင့်ပတ်သက်သော သပွတ်အူဆက်ဆံရေးအား ကိုင်တွယ်နိုင်ရန်ဖြစ်၏။ အိန္ဒိယ၏မြောက်ဖက်အိမ်နီးချင်းနိုင်ငံမှာ သမိုင်းကြောင်းအရ တိဘက်ဖြစ်၏၊ တရုတ်နိုင်ငံ မဟုတ်။ အလားတူ မြန်မာ့ခေတ်ဦးသမိုင်း၏အိမ်နီးချင်းနိုင်ငံမှာ သီးခြားရပ်တည်ခဲ့သော ယူနန်နယ်ဖြစ်ပြီး ၎င်းသည် ၁၉၅၀ ခုနှစ်အထိ မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်မှု ရှိခဲ့သည်။
    အိန္ဒိယကဲ့သို့ မြန်မာသည်လည်း တရုတ်ပြည်၏ လက်လျှိုမှုစီးကြောင်းဖြစ်သော ပြည်တွင်းကွက်ကြားသူပုန်အုပ်စုများနှင့်ပတ်သက်၍ အချိန်အတန်ကြာအောင် ငြီးငြူခဲ့ရဖူးပြီ။ ထိုအုပ်စုအသီးသီးကို ဘေဂျင်းက ကျားကန်ပေးထားပြီး ၎င်း၏တန်ပြန်ကုတ်မောင်းသဖွယ် အသုံးပြုထား၏။ မြန်မာနိုင်ငံရှိ ဆယ်စုနှစ်ချီဖြစ်နေသော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေးမှာ ဘေဂျင်းသည် အဓိကပဲ့ထိန်း ဖြစ်နေသေးကြောင်း ဒေါ်စုကြည်က လူမျိုးစုရင်ကြားစေ့ခြင်း ခြေလှမ်းသစ်အတွင်း တရုတ်ပြည်အား အဓိကအခန်းကဏ္ဍ၌ ထည့်သွင်းခြင်းဖြင့် ပြသလိုက်သည်။ သို့ရာတွင် တရုတ်ပြည်သည် ဖျန်ဖြေသူနေရာတွင် ရှိနေလင့်ကစား ဒေါ်စုကြည်မှ နေပြည်တော်၌ ကမကထပြုဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးစုံညီပွဲသည် စက်တင်ဘာလဆန်းအတွင်း တိုးတက်ဖြစ်ထွန်းမှု တစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးသွားခဲ့ရသည်။
    မြန်မာနိုင်ငံကို တရုတ်ပြည်က ၎င်း၏ မဟာဗျူဟာဆိုင်ရာ ပိုင်ဆိုင်မှုပစ္စည်းတစ်ခုအလား သဘောထား၏။ ရှည်လျားသည့် မြန်မာ့ကမ်းရိုးတန်းအား အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် အမြင်ရှိ၏။ ၎င်းသည် အိန္ဒိယ၏ ပထ၀ီဆိုင်ရာ သဘာဝအားသာချက်အား အပိုင်းပိုင်း ဖြိုခွဲပစ်နိုင်၏။ မြန်မာ၏ဘင်္ဂလားပင်လယ်အော်ဆိပ်ကမ်းမြို့ဖြစ်သော ကျောက်ဖြူဒေသမှ တရုတ်ပြည်တောင်ပိုင်းသို့ စွမ်းအင်ပိုက်လိုင်းသစ် သွယ်တန်းခြင်းဖြင့် အခိုင်အမာ ခြေကုပ်ယူထားပြီးဖြစ်သည်။ ယခုသော် ဘေဂျင်းသည် တရုတ်နယ်စပ်နှင့် မနီးမဝေးနေရာမှ တောင်ဖက်စူးစူး အိန္ဒိယသမုဒ္ဒရာသို့ စီးဆင်းနေသည့် မြန်မာ့ဧရာဝတီမြစ်ကြောင်းအားဖြင့် ပိုမိုတိုတောင်း၍ ကုန်ကျစားရိတ်ကျဉ်းမြောင်းသော ဥရောပကုန်သွယ်လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်ရန် ကြိုးစားလျက်ရှိပေသည်။
    ဤနောက်ကွယ်အခင်းအကျင်းအား ဟန့်တားနိုင်ရန် အိန္ဒိယသည် မြန်မာနိုင်ငံကို ဥပေက္ခာမပြုဘဲ ၎င်း၏ စီမံကိန်းများနှင့် မဖြစ်မေနေ တရွေ့ရွေ့ တိုးဝင်အကောင်အထည်ဖော်နိုင်ပေသည်။ ဂျပန်နှင့် ပူးပေါင်းလက်တွဲ၍ မြန်မာနိုင်ငံထဲတွင် ဖျတ်လတ်တက်ကြွစွာ င်ရောက်ဆောင်ရွက်မှ ရပေမည်။ ရန်ကုန်အရှေ့တောင်ပိုင်း သီလ၀ါစက်မှုဇုန်ကြီးက ဈေးကွက်သစ်ဖော်ဆောင်နိုင်ခြင်းနှင့် တရုတ်ပြည်ကို ရင်ဘောင်တန်းခြင်းဆိုင်ရာ ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုစစ်ဆင်ရေးအား ဖော်ကျူးနေပေသည်။
    မြန်မာနိုင်ငံတွင် ပိုမိုကြီးမားသော အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံခြင်း၊ ပုန်ကန်မှုနှိမ်နှင်းခြင်း၌ မြန်မာနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတွင်းရှိ အရေးပါသော စီမံကိန်းများ၌ ဂျပန်နှင့် မိတ်ဖက်ပြုလက်တွဲခြင်းက တရုတ်၏သြဇာဆန့်တန်းမှု လျော့ကျစေရေးအတွက်လည်းကောင်း၊ ၎င်းပြင် ဒေါ်စုကြည်၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကြားနေ၊ ချိန်ဆ၊ အခြေခံကျကျအဖြေရှာရေးအစီအစဉ်ကိုလည်းကောင်း အထောက်အကူဖြစ်စေနိုင်ပါလိမ့်မည်။
    (ဖြည့်စွက်စာကြွင်း – ဒေါ်အောင်ဆန်းစုကြည်သည် များမကြာမီ ဂျပန်ခရီးစဉ် ထပ်မံသွားရောက်မည်ဖြစ်ကြောင်း သိရသည်)
    (The Japan Times ၏ ဖော်ပြချက်ဖြစ်သော Brahma Chellaney ၏ အတွေးအမြင်ဆောင်းပါး Why Japan and India must be partners in Myanmar ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။ ဆောင်းပါးရှင် Brahma Chellaney သည် ဘာလင်မြို့ရှိ Robert Bosch Academy မှ Richard von Weizsacker အဖွဲ့ဝင်တစ်ဦးနှင့် နယူးဒေလီရှိ မူဝါဒရေးရာသုတေသနစင်တာမှ သေနင်္ဂဗျူဟာလေ့လာရေးပါမောက္ခ ဖြစ်သည်။)