Month: October 2016
-

အစ္စလာမ့်နည်းကျဘဏ္ဍာရေးညီလာခံ အာဖရိကတွင် ပြုလုပ်
အောက်တိုဘာ ၂၃၊ ၂၀၁၆
M-Media– ဒုတိယအကြိမ်မြောက် အာဖရိက အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးဆိုင်ရာညီလာခံကို အိုက်ဗရီကို့စ်နိုင်ငံတွင် ကျင်းပခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာမှ စီးပွားရေးသမားများ အာဖရိကတွင် ဖွံ့ဖြိုးလာသော အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းများ ရှာဖွေနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။
ယခုတစ်ပတ်အတွင်း ကျင်းပခဲ့ပြီး ၂ ရက်တာ ကြာမြင့်ခဲ့သည့် ညီလာခံတွင် ဈေးကွက်တည်ဆောက်ရေး၊ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ခြွင်းချက်မဲ့ အလားအလာများ ရှာဖွေရေးကိစ္စများ၊ အာဖရိက၏ အဓိက စီးပွားရေးဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေရေး တို့ကို အလေးထား ဆွေးနွေးခဲ့သည်။
အခမ်းအနားကို အိုက်ဗရီကို့စ် ၀န်ကြီးချုပ် ဒန်နီယဲလ် ကဘ်လန် ဒွန်ကန်က ဖွင့်လှစ်ပေးခဲ့ပြီး ပထမနေ့တွင် ၂၀၁၇ ခုနှစ် အစ္စလာမ့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု မူဘောင်၊ ရည်မှန်းချက်များ၊ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း ပုံစံများ၊ ဒေသတွင်း နိုင်ငံများရှိ ဥပဒေများနှင့် သဟဇာတဖြစ်ရေး၊ လုပ်ငန်းဖွံ့ဖြိုးလာရေးအတွက် လိုအပ်နေသော ပြောင်းလဲမှုများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ဒုတိယနေ့တွင်မူ အိုက်ဗရီကို့စ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအကြာင်း ဆွေးနွေးခဲ့ပြီး ညီလာခံနောက်ဆုံးတွင်မူ ဈေးကွက်အတွင်းရှိနေသည့် စိန်ခေါ်မှုများအကြောင်းကို ဆွးနွေးခဲ့ကြသည်။
Ref; IINA
-

သြစတေးလျနိုင်ငံတစ်ဝှမ်းတွင် ဒုက္ခသည်ထောက်ခံပွဲ ပြုလုပ်
အောက်တိုဘာ ၂၃၊ ၂၀၁၆
M-Media– ဒုက္ခသည်များ ၀င်ရောက်မှုကို ပိတ်ပင်ရမည်ဟု လွှတ်တော်အမတ်တစ်ဦး၏ ပြောစကားကို ဆန့်ကျင်ကာ ဒုက္ခသည်များအား ထောက်ခံသည့်အနေဖြင့် သြစတေးလျနိုင်ငံတစ်ဝှမ်းတွင် ပြည်သူများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး လူ ထောင်ပေါင်းများစွာ ပါဝင်ခဲ့သည်ဟု သိရသည်။
မြို့ပေါင်း ၂၅ မြို့ကျော်၌ ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတူညီသော ယဉ်ကျေးမှုများကို စုပေါင်းခံစားနိုင်ရေး၊ ဂရုဏာ ပွားများရေး၊ နိုင်ငံအတွင်း ညီညွတ်ရေးတို့အတွက် ရည်ရွယ်၍ Welcome to Australia အဖွဲ့က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“အခုလိုလမ်းလျှောက်ဆန္ဒပြပွဲရဲ့ရည်ရွယ်ချက်ထဲမှာ သြစတေးလျနိုင်ငံဟာ ကိုယ်ချင်းစာတရား၊ ရက်ရောမှုနဲ့ နွေးထွေးကြိုဆိုလိုစိတ်ရှိတဲ့ နိုင်ငံတစ်ခု ဖြစ်တယ်ဆိုတာ ထောင်ပေါင်းများစွာသော သြစတေးလျပြည်သူတွေက ယုံကြည်တယ်လို့ ပြသလိုက်တာပဲ ဖြစ်ပါတယ်” ဟု အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒုက္ခသည်ဟောင်း မိုဟာမက် အလ်-ခါဖါဂျီက ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါလှုပ်ရှားမှုကို ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်သွားမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ဟိုဘာ့တ်မြို့တွင် ကျင်းပခဲ့သည့် ဆန္ဒပြပွဲတွင် တက်စ်မာနီယာ အုပ်ချုပ်ရေးမှူး အမျိုးသမီး ကိတ်ဝါနာလည်း ပါဝင်ခဲ့ပြီး သြစတေးလျပြည်သူများအနေဖြင့် လွှတ်တော်အမတ် ပေါလင်း ဟန်ဆန်၏ အစ္စလာမ်ကြောက်အမြင်များကို ရင်ဆိုင်တုံ့ပြန်ရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် ဒုက္ခသည်များဖက်မှ ခိုင်ခိုင်မာမာ ရပ်တည်ကြရန်လည်း သူမက ဆန္ဒပြသူများကို တိုက်တွန်းခဲ့သည်။
နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြမှုအတွင်း နိုင်ငံအတွင်း ထင်ရှားသည့် ပုဂ္ဂိုလ်များဖြစ်သော မစ်စီ ဟစ်ဂင်၊ ဂျူဒစ်လူစီနှင့် တွမ် ဘာလ်လာ့ဒ်တို့လည်း ပါဝင်သည်။
Ref : Presstv
-

အမေရိကန်၏ ရေပိုင်နက်ကျော်မှုအတွက် တရုတ်က ပြင်းထန်စွာ ရှုတ်ချ
အောက်တိုဘာ ၂၃၊ ၂၀၁၆
M-Media– တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပိုင်နက်အနီး အမေရိကန်စစ်သင်္ဘောတစ်စင်း သွားလာမှုကို တရုတ်က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ဥပဒေဘောင်ကို ကျော်လွန်သည့်လုပ်ရပ်၊ ရန်စသည့်အပြုအမူ ဖြစ်သည်ဟု ပြောကြားလိုက်သည်။
ပါရာဆဲလ်ကျွန်းစုရှိ တရုတ်ရေပိုင်နက်ထဲသို့ အမေရိကန်သင်္ဘောတစ်စီး သောကြာနေ့က ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ ရေတပ်သင်္ဘော ၂ စင်းက သတိပေးခဲ့ရကြောင်း သောကြာနေ့ညပိုင်းက တရုတ် ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည် ကြေငြာချက်တွင် ဖော်ပြထားသည်။
တရုတ်မှာ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့ ပိုင်ဆိုင်သည်ဟု ပြောကြားသည့် ကျွန်းများကိုလည်း ထိန်းချုပ်ထားသည်။ ကာကွယ်ရေးဝန်ကြီးဌာနကမူ တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ ၀င်ရောက်မှုမှာ တရားဥပဒေကို ဆိုးရွာစွာ ချိုးဖောက်မှုဖြစ်ပြီး တင်မတကာ ရန်စခြင်းဖြစ်ကြောင်း ကြေငြာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည် ကြေငြာချက်တွင် အမေရိကန်၏ အဆိုပါလုပ်ရပ်က တရုတ်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို လုံးဝ ချိုးဖောက်ရုံသာမက တရုတ်နိုင်ငံဥပဒေနှင့် နိုင်ငံတကာဥပဒေတို့လည်း ချိုးဖောက်ရာရောက်သည်ဟု ဖော်ပြခဲ့သည်။
ပင်တဂွန်ကမူ မိမိတို့မှာ သောကြာနေ့က ဖျက်သင်္ဘော USS Decatur ကို ပါရာဆဲလ်ကျွန်းအနီးသို့ စေလွှတ်ခဲ့ကြာင်း သို့သော်လည်း နိုင်ငံတကာ ဥပဒေတွင် သတ်မှတ်ထားသည့် ရေပိုင်နက်ဖြစ်သော ရေမိုင် ၁၂ မိုင်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါသင်္ဘောမှာ အစောင့်အရှောက်မပါဘဲ တရားနည်းလမ်းတကျ ထိုဒေသသို့ ၀င်ရောက်ခဲ့ကာ၊ မည်သည့်အဖြစ်အပျက်မှ မဖြစ်ပျက်ခဲ့ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref : channenlnewsasia
-

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ကို ကိုရီးယားနှင့် မြန်မာ ဆရာဝန်များ ပူးပေါင်း၍ အခမဲ့ခွဲပေးမည်။
အောက်တိုဘာ ၂၂ ၊ ၂၀၁၆
M-Media

ကျန်းမာရေး ဝန်ကြီးဋ္ဌာနနှင့် ကိုရီးယားနိုင်ငံ POSCO DAEWOO Corporation တို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကိုရီးယားနိုင်ငံ ဆိုလ်းမြို့မှ ပလပ်စတစ် ခွဲစိတ်ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ ဆရာဝန်များ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို (၀၆.၁၁.၂၀၁၆ မှ ၁၁.၁၁.၂၀၁၆)နေ့ထိ အခမဲ့ ခွဲစိတ်ကုသပေးမည် ဖြစ်ပါ၍ ခွဲစိတ်ကုသမှု ခံယူလိုသည့် လူနာများ (၀၃.၁၁.၂၀၁၆) ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီး မျက်နှာ မေးရိုးခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုဋ္ဌာနတွင် လာရောက် စာရင်းပေးသွင်းနိုင်ပါပြီ။ဆက်သွယ်ရန် – ၀၉၇၈၀၅၂၆၂၇၁၊ ၀၁-၂၅၆၁၁၂ ~ ၁၂၈ (လိုင်းခွဲနံပါတ် ၉၄၅)
Info and image via-Myint Zaw FB











