News @ M-Media

Month: October 2016

  • ဥရောပ၏ ထိပ်တန်း သိပ္ပံဆိုင်ရာဆု ဘင်္ဂါလီဆရာဝန်တစ်ဦး ရရှိ

    ဥရောပ၏ ထိပ်တန်း သိပ္ပံဆိုင်ရာဆု ဘင်္ဂါလီဆရာဝန်တစ်ဦး ရရှိ

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    bengali

    – ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်သူ ဒေါက်တာ မီရာသွလ် မိုဟာမစ် ခန်း မူကစ်မှာ ဥရောပရှိ ထိပ်တန်း သိပ္ပံပညာရှင်များအဖွဲ့ EMBO YIP က ၂၀၁၆ ခုနှစ်အတွက် ချီးမြှင့်သော သိပ္ပံဆိုင်ရာ ဂုဏ်ပြုဆုကို ရရှိခဲ့သည်ဟု သိရသည်။

    ဒေါက်တာ မူကစ်မှာ စကော့တလန်ရှိ Dundee တက္ကသိုလ်အခြေစိုက် သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ၎င်း၏ သုတေသနက ပါကင်ဆန်ရောဂါဖြစ်ပွားစေသည့် မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲမှုတွင် အရေးပါသော အထောက်အပံ့ ဖြစ်စေခဲ့သည်ဟု တက္ကသိုလ်မှ လွှင့်တင်သည့် ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    ယခုကဲ့သို့ ဆုရရှိခြင်းကြောင့် မူကစ်သည် EMBO YIP အဖွဲ့တွင် ပါဝင်ခွင့် ရခဲ့ပြီဖြစ်သည်။

    “EMBO YIP အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက်၊ ကျွန်တော်တို့ရဲ့ သုတေသနလုပ်ငန်းတွေကို အရှိန်မြင့်ရေး အိုက်ဒီယာအသစ်တွေကို ပေးနိုင်မယ့် ဥရာပတစ်ဝှမ်းက သိပ္ပံပညာရှင်တွေနဲ့ အလုပ်အတူလုပ်ရမယ့်အတွက် ကျွန်တော် တော်တော်လေး ကြည်နူးမိပါတယ်” ဟု ဒေါက်တာ မူကစ်က ပြောကြားခဲ့သည်။

    မူကစ်မှာ တက္ကသိုလ်ရှိ သက်ရှိသိပ္ပံဆိုင်ရာကျောင်း၏ အစိတ်အပိုင်းဖြစ်သော MRC Protein Phosphorylation and Ubiquitylation Unit ဌာနတွင် Welcome Trust Clinical Investigator အဖြစ် တာဝန်ယူထားပြီး ပါကင်ဆန်ရောဂါနှင့်ပတ်သက်၍ ပိုမိုနားလည်နိုင်ရန်အတွက် ကြိုးပမ်းအားထုတ်ခဲ့သည်။

    ထို့ပြင် Ninewells ဆေးရုံတွင်လည်း အာရုံကြောပါရဂူအဖြစ် တာဝန်ယူကာ မသန်စွမ်းသည့် လူနာများကို ကုသပေးနေသည်။

    မူကစ်မှာ ၁၉၇၃ ခုနှစ်တွင် စကော့တလန်နိုင်ငံ ဂလက်စကိုမြို့၌ မွေးဖွားခဲ့သူဖြစ်သည်။ ဖခင်ဖြစ် အဘ်ဒူလ်မူကစ်မှာ ရှေ့နေတစ်ဦးဖြစ်ကာ မိခင်ဖြစ်သူ မာမာတက်ဇ် ဘေဂွန်မှာ ဆရ၀န်တစ်ဦးဖြစ်သည်။ မိဘနှစ်ဦးစလုံးမှာ လက်ရှိတွင် ဒါကာ၌ နေထိုင်နေကြသည်။

    ၁၉၉၇ ခုနှစ်တွင် အေဒင်ဘတ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သည့် မူကစ်မှာ ဟားဗတ်တက္ကသိုလ်နှင့် လန်ဒန်တက္ကသိုလ်တို့မှ ဒေါက်တာဘွဲ့ ရရှိခဲ့သူဖြစ်သည်။ ၎င်းမှာ ကနေဒီ ပညာသင်ဆုကိုလည်း ရရှိခဲ့သည်။

    လက်ရှိတွင် မူကစ်သည် အိမ်ထောင်နှင့် သားသမီး ၃ ယောက်ရှိနေပြီး Dundee တက္ကသိုလ်၏ ဆေးဘက်ဆိုင်ရာ သုတေသနကောင်စီတွင် အာရုံကြောပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

    “မိဘတစ်ယောက်အနေနဲ့ ကျွန်မတို့ သူ့ရဲ့အောင်မြင်မှုအတွက် ပီတိဖြစ်ပါတယ်။ သူ့ရဲ့သုတေသန အောင်မြင်ဖို့၊ လူသားတွေ အကျိုးကျေးဇူးခံစားရဖို့အတွက် ကျွန်မတို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ဆုမွန်ကောင်း တောင်းပေးပါတယ်” ဟု မိခင်ဖြစ်သူက ပြောကြားခဲ့သည်။

    ၂၀၀၄ ခုနှစ်ကလည်း ပါကင်ဆန် ရောဂါ ဖြစ်စေနိုင်သော PINK1 မျိုးရိုဗီဇအတွင်း ပြောင်းလဲမှုများကို လေ့လာခဲ့သည့် လန်ဒန်အခြေစိုက် အဖွဲ့တစ်ခုတွင် မူကစ်မှာ အဓိကအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

    Ref: The Daily Star

  • ကာတာဘုရင်ဟောင်း ရှိခ်ခါလီဖာ ကွယ်လွန်

    ကာတာဘုရင်ဟောင်း ရှိခ်ခါလီဖာ ကွယ်လွန်

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    qatar

    – ကာတာနိုင်ငံ၏ ဘုရင်ဟောင်းဖြစ်သူ ရှိခ် ခါလီဖာ ဘင် ဟာာမဒ် အလ်-သာနီမှာ ယမန်နေ့က ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

    အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ရှိခ်ခါလီဖာ ကွယ်လွန်မှုကို နန်းတော်က ကြေငြာခဲ့ခြင်းဖြစ်ပြီး ၃ ရက်တာ နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

    ရှိခ်ခါလီဖာမှာ ၁၉၇၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ကာတာနိုင်ငံအား အုပ်ချုပ်ခဲ့သူဖြစ်ပြီး ဆွစ်ဇာလန်သို့ အလည်အပတ်ရောက်ရှိချိန် သားဖြစ်သူ ရှိခ် ဟာမဒ် ဘင် ခါလီဖာ အလ်-သာနီ၏ သွေးမြေမကျသော နန်းချခြင်းကို ခံခဲ့ရသည်။

    ရှိခ်ဟာမဒ်မှာ ကာတာနိုင်ငံကို ခေတ်မီအောင် လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံ၏ သာဘ၀ဓာတ်ငွေ ပေါကြွဝမှုကို အသုံးချ၍ ကမ္ဘာပေါ်တွင် တစ်ဦးချင်းကြွယ်ဝမှု အမြင့်ဆုံးနိုင်ငံဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။

    ထို့ပြင် ရေနံထုတ်လုပ်သည့်နိုင်ငံများအဖွဲ့ဖြစ်သော အိုပက်အဖွဲ့တွင်လည်း ကာတာမှာ အရေးပါသည့် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။

    နန်းချခံလိုက်ရပြီးနောက် ၎င်း၏ နေရာအား မည်သည့်နည်းနှင့်မဆို ပြန်ရအောင် ကြိုးစားမည်ဟု ပြောကြားခဲ့ပြီး ၂၀၀၄ ခုနှစ်အထိ နိုင်ငံရပ်ခြားတွင် နေထိုင်ခဲ့ကာ နောက်ပိုင်းမှ ကာတာသို့ ပြန်လာခဲ့သည်။ ထို့ပြင် ယခုကွယ်လွန်သည့်အချိန်အထိ သိုသိပ်စွာ နေထိုင်ခဲ့သည်။

    Ref: The Guardian

  • ၂၀၁၇ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ

    ၂၀၁၇ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ

    ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂ဝ၁၇ ခုနှစ်၊ ပြက္ခဒိန်နှစ် အတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အောက်ဖော်ပြပါ နေ့ရက်များမှာ အများပြည်သူတို့၏ အလုပ်ပိတ်ရက် များ ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၂၉/၂၀၁၆ ဖြင့် ကြေညာထားသည်။

    Source: MOI

    holiday-2017

  • ထရမ့်မှာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဟု ကလင်တန်ပြော

    ထရမ့်မှာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဟု ကလင်တန်ပြော

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    clinton

    – ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဟီလာရီကလင်တန်က ရီပတ်ဘလစ်ကန်ပြိုင်ဘက် ဒေါ်နယ်ထရမ့်သည် အမေရိကန်၏ ဒီမိုကရေစီစနစ်ကို အန္တရာယ်ပေးမည့်သူဖြစ်ကြောင်း ပြောကြားလိုက်သည်။

    စနေနေ့ည ဖီလာဒဲလ်ဖီးယားပြည်နယ် ပင်ဆဲလ်ဗေးနီးယား၌ ပြုလုပ်သည့် လူထုစည်းဝေးပွဲတစ်ခုတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ထရမ့်အနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပါက ထိုအရှုံအား လက်ခံရန်မရှိသည့် သဘောထားက မိမိတို့၏ ဒီမိုကရေစီကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ အမေရိကန်တွင် အမြဲတမ်း ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှု ရှိခဲ့ပြီး ထိုအချင်းအရာက တရားဥပဒေစိုးမိုးရေးနှင့် အာဏာရှင်အုပ်စိုးရေးတို့အကြား ခြားနားချက်ဖြစ်ကြောင်း ကလင်တန်က ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် ထရမ့်အနေဖြင့် အမေရိကန်ကို ဂုဏ်ငယ်အောင် လုပ်နေမှုအတွက် စိတ်ပျက်ရွံရှာမိသည်ဟုလည်း ဆိုသည်။

    ကြာသပတေးနေ့က ထရမ့်မှာ အကယ်၍ နိုဝင်ဘာတွင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် မေးခွန်းထုတ်ချင်စရာဖြစ်သည်ဟု ခံစားရပါက မိမိအနေဖြင့် ရလဒ်ကို စိန်ခေါ်ရန်အတွက် အခွင့်အရေးရှိကြောင်း ဆန္ဒပြမှု၊ သို့မဟုတ် တရားဥပဒေကြောင်းအရ စိန်ခေါ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထရမ့်မှာ ကလင်တန်နှင့်နောက်ဆုံးပြုလုပ်သည့် ထိုစကားစစ်ထိုးပွဲတွင် ရွေးကောက်ပွဲအရှုံးကို လက်ခံမည်လားဟု အစီအစဉ်တင်ဆက်သူက ၂ ကြိမ်တိုင်တိုင်မေးမြန်းရာ ဖြေကြားခဲ့ခြင်းမရှိချေ။

    Ref : Presstv

  • အရက်ရောင်းဝယ်ဖောက်ကားမှုကို တားမြစ်သည့်ဥပဒေ အီရတ်ပြဌာန်း

    အရက်ရောင်းဝယ်ဖောက်ကားမှုကို တားမြစ်သည့်ဥပဒေ အီရတ်ပြဌာန်း

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    iraq-ban-alcohol

    – နိုင်ငံအတွင်း အရက် ရောင်းဝယ်ခြင်း၊ တင်သွင်းခြင်းနှင့် ထုတ်လုပ်ခြင်းများကို ပိတ်ပင်သည့်ဥပဒေတစ်ခုကို အီရတ်လွှတ်တော်က ပြဌာန်းလိုက်ပြီး ဥပဒေချိုးဖောက်သူများအနေဖြင့် ဒဏ်ငွေရိုက်ခံရမည်ဟု သိရသည်။

    စနေနေ့က ဘဂ္ဂဒတ်မြို့ရှိ လွှတ်တော်အစည်းအဝေးတွင် အဆိုပါဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်ပြီး အချို့အတိုက်အခံများက ထိုဆုံးဖြတ်ချက်နှင့်ပက်သက်၍ တရားရုံးတွင် အယူခံဝင်မည်ဟု ဆိုသည်။

    ထောက်ခံသူများကမူ ထိုပိတ်ပင်မှုမှာ အစ္စလာမ်သာသနာနှင့်ဆန့်ကျင်သည့် ဥပဒေမျိုး ပြဌာန်းခြင်း မရှိရဟု အာမခံချက်ပေးထားသည့် အီရတ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီသည့်အတွက် ချီးကျူးခဲ့သည်။

    “ဒီနေ့မှာ ဥပဒေတစ်ရပ်ကို ပြဌာန်းလိုက်ပါတယ်။ အဲ့ဒီဥပဒေရဲ့ အပိုဒ်ခွဲ ၁၄ အရ အရက်နဲ့ဆက်နွယ်တဲ့ အမျိုးအစားအားလုံးကို တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနဲ့ ရောင်းချခြင်းတို့ကို ပိတ်ပင်ထားပါတယ်” ဟု ခရစ်ယာန်ဘာသာဝင် လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သူ ယိုနာဒမ်ကန်နာက ပြောသည်။

    “ဒီဥပဒေကို ချိုးဖောက်တဲ့သူကတော့ ဒီနာ ၁၀ သန်း ကနေ ၂၅ သန်းအထိ (ကန်ဒေါ်လာ ၈၀၀၀ မှ ၂၀၀၀၀ခန့်အထိ) ဒဏ်တပ်ခံရမှာပါ”

    ရှီအာ လွှတ်တော်အမတ်တစ်ဦးကမူ ထိုဥပဒေပြဌာန်းမှုကို ကာကွယ်ပြောကြားခဲ့ပြီး ဖွဲ့စည်းပုံတွင် အစ္စလာမ်၏ ပြဌာန်းချက်များနှင့် မဆန့်ကျင်သည့် ဥပဒေများကို ပြဌာန်းခွင့်ရှိသည်ဟု ဖော်ပြထားကြောင်း ထောက်ပြခဲ့သည်။

    အရက်ကို အီရတ်ရှိ ဟိုတယ်များနှင့် စားသောက်ဆိုင်အနည်းငယ်ကသာ ၀န်ဆောင်မှုပေးသော်လည်း ဘဂ္ဂဒတ်မြို့ရှိ ဆိုင်ငယ်လေးများတွင် အလွယ်တကူ ၀ယ်ယူ၍ ရနေသည်။

    Ref : Presstv