News @ M-Media
Month: October 2016
  • IS က ဘောလုံးကွင်းဗုံးခွဲရန် ကြံစည်မှုကို ဆော်ဒီဖော်ထုတ်နိုင်ခဲ့
    IS က ဘောလုံးကွင်းဗုံးခွဲရန် ကြံစည်မှုကို ဆော်ဒီဖော်ထုတ်နိုင်ခဲ့
    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media
    football
    – ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် ဘောလုံးကွင်းတွင် ဗုံးခွဲရန်နှင့် ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်ရန် IS အကြမ်းဖက်အဖွဲ့၏ ကြံစည်မှုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆော်ဒီပြည်ထဲရေးဝန်ကြီးက ယမန်နေ့တွင် ကြေငြာခဲ့သည်။
    ဂျစ်ဒါမြို့ရှိ ဘုရင်အဘ်ဒူလာဘောလုံးကွင်းတွင် အောက်တိုဘာ ၁၁ ရက်နေ့က ကစားခဲ့သည့် ယူအေအီးနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ဗုံးခွဲရန် ကြံစည်ခဲ့ခြင်းဖြစ်ပြီး မကစားခင် ၁ ရက်အလို၌ လူ ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါပွဲသို့ ပရိသတ်ပေါင်း ၆၀၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြသည်။
    “IS အဖွဲ့ဟာ ထိခိုက်သူ အမြင့်ဆုံးဖြစ်စေမယ့် ဗုံးခွဲမှုမျိုးကို လုပ်ချင်တာပါ” ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး မန်ဆူရ် အလ်-တူရ်ကီက ပြောကြားခဲ့သည်။
    ပေါက်ကွဲစေတတ်သောပစ္စည်း ၄၀၀ ကီလိုဂရမ် တင်ဆောင်ထားသည့် ကားတစ်စီးကိုလည်း ရဲတပ်ဖွဲ့က ဘောလုံးကွင်းအနီးတွင် တွေ့ရှိခဲ့ရပြီး လုံခြုံရေးတာဝန်ရှိသူ ဗိုလ်ချုပ် ဘက်ဆမ် အတ္တီယာဟ်ကမူ ဘောလုံးကွင်း၏ ကားပါကင် သို့မဟုတ် ဘောလုံးပွဲကြည့်ရှုသူများကို ပစ်မှတ်ထားရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။
    ၎င်းတို့ ကြံစည်ထားမှု အောင်မြင်ပါက ပေါက်ကွဲမှုဧရိယာမှာ မီတာ ၁၁၀၀ ၀န်းကျင်အထိ ရှိနိုင်ပြီး၊ စကွဲယားမီတာ ၈ သိန်း ကျယ်ပြန့်သော နေရာကို ထိခိုက်ပျက်ဆီးနိုင်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    တိုက်ခိုက်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုမပြုလုပ်ခင် ၂ ရက်အလို၌ ရရှိခဲ့ခြင်းဖြစ်သည်။
    ထို့ပြင် မြို့တော်ရီယာ့ဒ်၌ ရဲတပ်ဖွဲ့ဝင်များကို တိုခိုက်ရန် ကြံစည်မှုအတွက် IS အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သည့် လူ ၄ ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Press TV
  • မောင်တောမှ ကျေးရွာများ မီးလောင် ပျက်ဆီးမှု ဓါတ်ပုံများ  ဂြိုလ်တုမှ တွေ့နေရကြောင်း Human Rights Watch အဖွဲ့ပြော
    မောင်တောမှ ကျေးရွာများ မီးလောင် ပျက်ဆီးမှု ဓါတ်ပုံများ ဂြိုလ်တုမှ တွေ့နေရကြောင်း Human Rights Watch အဖွဲ့ပြော
    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media
    – ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် အနည်းဆုံး ကျေးရွာ ၃ ရွာခန့် မီးရှို့ ဖျက်ဆီးခံရသည့် အခြေအနေများကို ဂြိုဟ်တု ဓာတ်ပုံများမှ တွေ့ရှိခဲ့ရပြီး ထိုဒေသတွင် လုံခြုံရေးတပ်ဖွဲ့များ ဥပေဒချိုးဖောက်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ယနေ့တွင် ၎င်းတို့၏ ၀ဘ်ဆိုက်၌ လွှင့်တင်ပြောကြားလိုက်သည်။
    ” ဂြိုဟ်တု ဓာတ်ပုံတွေအရ ရခိုင်ပြည်နယ်မှာ ဖျက်ဆီးမှု ရှိနေတယ်ဆိုတာကို တွေ့ရပြီး၊ မြန်မာအစိုးရက လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို မတွေ့ရသေးတဲ့ ဆောင်ရွက်မှုဖြစ်တဲ့ ဘက်မလိုက်ဘဲ လွတ်လပ်စွာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ဒီဓာတ်ပုံတွေက တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ကျူးလွန်မှုကို ဘူးခံငြင်းနေတာ၊ အကူအညီပေးရေး အဖွဲ့တွေကို ပိတ်ဆို့ထားတာတွေကို မြန်မာအစိုးရက အဆုံးသတ်သင့်ပြီး အဲဒီဒေသကို နိုင်ငံတကာက ဆက်လက်စောင့်ကြည့်နေတာနဲ့ပတ်သက်ပြီး ဆင်ခြေဆင်လတ်တွေပေးနတာကိုလည်း ရပ်တန်းက ရပ်သင့်ပါပြီ” ဟု HRW ၏ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဖီလ် ရောဘတ်ဆန်က ပြောကြားခဲ့သည်။
    hrw
    HRW က အောက်တိုဘာ ၂၂ ရက်နေ့မနက်ပိုင်းတွင် အရည်အသွေးမြင့် ဂြိုဟ်တုဓာတ်ပုံများကို ကြည့်ရှုသုံးသပ်မှုများအရ မောင်တော ခရိုင်ရှိ ကြက်ရိုးပြင်ကျေးရွာ၊ ပြောင်းပစ်ကျေးရွာနှင့် ၀ါးပိတ်ကျေးရွာများတွင် အဆောက်အဦးများ ဖျက်ဆီးခံရသည်ဟု ဆိုနိုင်သော ဧရိယာအများအပြားကို တွေ့ခဲ့ရကာ ထိုဓာတ်ပုံတွင် မြင်ရသည့် ပျက်ဆီးမှု လက္ခဏာမှာကျယ်ကျယ်ပြန့်ပြန့် မီးလောင်မှုကြောင့် ဖြစ်ပေါ်သည့် အနေအထားများနှင့် ကိုက်ညီနေသည်ဟုလည်း ဆိုသည်။
    ထို့ပြင် အောက်တိုဘာ ၉ ရက်နှင့် ၁၄ ရက်နေ့များတွင် ၀ါးပိတ်နှင့် ကြက်ရိုးပြင် ရွာများ၌ မီးအကြီးအကျယ်လောင်ကျွမ်းမှုကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂြိုဟ်တုအာရုံခံစနစ်မှ ဖမ်းယူထားသည့် အပူ မူမမှန်မှု အချက်အလက်များကိုလည်း HRW က သုံးသပ်ခဲ့သည်။
    အဆိုပါရွာများရှိ မီးလောင်နေမှု၊ မီးလောင်ထားသည့် အနေအထားများမှာ အောက်တိုဘာ ၉ ရက်နေ့က မောင်တောခရိုင်တွင် မီးရှို့မှုဖြစ်ပွားခဲ့သည်ဟု ထိုဒေသရှိ မွတ်စလင်အုပ်စုများ၊ လူ့အခွင့်အရးအဖွဲ့များက ပြောကြားမှု၊ မျက်မြင်သက်သေများကို ကိုးကား၍ မီဒီယာများ၏ ဖော်ပြမှုများနှင့် ကိုက်ညီနေသည်ဟုလည်း HRW က ဖော်ပြထားသည်။
    ဂြိုဟ်တုဓာတ်ပုံမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခြင်း၊ သစ်ပစ်များ ထူထပ်စွာ ဖုံးအုပ်ထားခြင်းတို့ကြောင့် မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို အတိအကျမသိရကြောင်း၊ မောင်တောတွင် ပျက်ဆီးဆုံးရှုံးမှုမှာ သတင်းထွက်ပေါ်လာသည်ထက် ပိုများကြောင်း၊ မိမိတို့အနေဖြင့် အသေးစိတ်သည့် ဂြိုဟ်တုဓာတ်ပုံများကို ရရှိပါက သုံးသပ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း HRW က ထပ်လောင်း ဖော်ပြခဲ့သည်။
    အောက်တိုဘာ ၉ ရက်နေ့က မောင်တောမြို့ရှိ နယ်ခြားစောင့်စခန်းများကို လူအုပ်စုက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့သည်။ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ချက်ခြင်းဆိုသလိုပင် မြန်မာအစိုးရမှာ မောင်တောမြို့နယ်ကို စစ်ဆင်ရေးဇုန် အဖြစ် ကြေငြာခဲ့ပြီး ပျောက်ဆုံးသွားသော လက်နက်များနှင့် တိုက်ခိုက်ရေးသမားများကို ရှာဖွေခဲ့သည်။
    အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် အစိုးရတပ်များက တရားလက်လွတ် သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ တရားလက်လွတ်ဖမ်းဆီးခြင်းနှင့် နေအိမ်များ မီးရှို့ခြင်းအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှု မြောက်များစွာ ပြုလုပ်ခဲ့သည်ဟု မီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့ကြသည်။
    မြန်မာစစ်တပ်မှာ တရားလက်လွတ်ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်းတို့အပါအ၀င် ကျူးလွန်မှုများကို လုပ်ဆောင်သည့် ရှည်လျားသော သမိုင်းကြောင်းလည်း ရှိခဲ့သည်။ စစ်ဆင်ရေးအတွင်း အရပ်သားများအပေါ် ဆိုးရွားသည့် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သော တပ်မှူးများ၊ စစ်သားများမှာလည်း အရေးယူခံရမှုမှ လွတ်မြောက်နေသည်။
    HRW ကမူ အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်မှုများ၊ တိုက်ခိုက်မှုအပြီး ထိုဒေသရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် အစိုးရလုံခြုံရေးတပ်ဖွဲ့များက ကျူလွန်မှုများအတွက် ကုလသမဂ္ဂက ထောက်ပံ့ကူညီသည့် စုံစမ်းစစ်ဆေးမှုလိုအပ်ကြောင်း ပြောကြားခဲ့ပြီး အကူအညီများပေးရေး အဖွဲ့များကိုလည်း ၀င်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။
    “ရွာတွေ ဖျက်ဆီးခံရတယ်ဆိုတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေက သတင်းထွက်ခဲ့တဲ့ ဆိုးရွားတဲ့ ကျူးလွန်မှုတွေရဲ့ အစအနလောက် သာ ဖြစ်နိုင်ပါတယ်။ မြန်အစိုးရအနေနဲ့ အောက်တိုဘာ ၉ ရက်နေ့က နိုင်ငံတော်တာဝန်ရှိသူတွေအပေါ် တိုက်ခိုက်မှုကို ကျူးလွန်သူတွေ၊ အဲဒီတိုက်ခိုက်ရေးသမားတွေကို ရှာဖွေရာမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ပြုလုပ်ခဲ့တဲ့၊ ပြုလုပ်နေဆဲဖြစ်တဲ့ ဆိုးရွားတဲ့ ကျူးလွန်မှု နောက်ကွယ်က လက်သည်ကို ဖော်ထုတ်အရေးယူဖို့ တာဝန်ရှိပါတယ်” ဟု ရောဘတ်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။
    ကုလ၏ အကူအညီပေးရေးအေဂျင်စီများ၊ နိုင်ငံခြား သံတမန်များမှာ အဆိုပါဒေသသို့ အောက်တိုဘာ ၃၁ ရက်နေ့တွင် အစိုးရ၏ အစောင့်အရှောင့်ဖြင့် သွားရောက်ရန်ရှိနေပြီး အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်း နိုင်ငံတကာ အကူအညီပေးရေး အေဂျင်ဆီများကို ပထမဆုံးအကြိမ်အဖြစ် ထိုဒေသသို့ ၀င်ရောက်ခွင့်ပေးခြင်းဖြစ်သည်။ သို့သော်လည်း ထိခိုက်ခံစားခဲ့ရသည့်ရွာများကို အပြည့်အ၀ ၀င်ရောက်ခွင့်ရမလားဆိုသည်ကို ရှင်းလင်းလင်း မသိရသေးဟုလည်း HRW က ထည့်သွင်းဖော်ပြခဲ့သည်။
    Ref: HRW.org
  • လဝက ဝန်ထမ်းများ၏ လာဘ်ယူမှုနှင့် လုပ်ထုံးလုပ်နည်း အမှားများ ဝန်ကြီးထံ တိုက်ရိုက် တိုင်ကြားနိုင်
    ဦးမင်း
    မကွေး၊ အောက်တိုဘာ၂၄
    u-min-copy
    လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာန ဝန်ထမ်းများ လာဘ်ယူမှုများ၊ လုပ်ထုံးလုပ်နည်းအမှားများ ရှိပါက ပြည်သူများအနေဖြင့် ဝန်ကြီးထံတိုက်ရိုက်တိုင်ကြား နိုင်ကြောင်း ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။
    အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင် ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် မကွေးတိုင်းဒေသ ကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီးနှင့် တိုင်းညွှန်ြ ကားရေးမှူး၊ ခရိုင်ညွှန်ကြား ရေးမှူး၊ မြို့နယ် လဝကဦးစီးမှူးများနှင့် တွေ့ဆုံရာတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
    ”ပြည်သူတွေရဲ့ တိုင်ကြားချက်တွေဟာ အကြောင်း အကျိုးတွေ ညီတယ်၊ အချက်အလက်တွေ ပြည့်စုံတယ် ဆိုလို့ရှိရင် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူ ပါမယ်” ဟု ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
    ဝန်ကြီးဦးနေမျိုးကျော် အနေဖြင့်တွေ့ဆုံပွဲတွင် ၄င်း၏လက်ထက်၌ အသက် ၁ဝ နှစ်နှင့် အသက် ၁၈ နှစ်ပြည့် ပြီးသူများအားမှတ်ပုံ တင်များ ပြုလုပ်ပေးရေးကို စီမံချက် တစ်ရပ်အနေဖြင့် ပြု လုပ်ပေးသွားမည်ဖြစ်ပြီးဝန်ထမ်းများသည် အလုပ်ကိစ္စအောင်မြင်နိုင်ရေး အတွက် ဝန်ခံတတ် သော အမူအကျင့်များ အသင့်ရှိနေရန် မှာကြားခဲ့ကြောင်း သိရသည်။
    ပေါ်ပြူလာ သတင်းဌာနမှ ကူးယူဖော်ပြပါသည်။
    မူရင်းလင့်ခ်
  • လူသားများကြောင့် နှစ် ၄၀ အတွင်း သတ္တ၀ါမျိုးစိတ် ၆၀ ရာခိုင်နှုန်းခန့် ပျောက်ကွယ်
    လူသားများကြောင့် နှစ် ၄၀ အတွင်း သတ္တ၀ါမျိုးစိတ် ၆၀ ရာခိုင်နှုန်းခန့် ပျောက်ကွယ်
    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    ex
    – ပြီးခဲ့သည့် ၁၀ စုနှစ် ၄ ခုအတွင်း ကမ္ဘာ့ ငါးမျိုးစိတ်၊ ငှက်မျိုးစိတ်၊ ရေနေကုန်းနေမျိုးစိတ်နှင့် တွားသွားသတ္တ၀ါမျိုးစိတ်များ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ ပျောက်ကွယ်သွားခဲ့ပြီး အများစုမှာ လူသားများ၏ ဆောင်ရွက်မှုများကြောင့် ဖြစ်သည်ဟု လေ့လာသူများက ပြောကြားလိုက်သည်။
    နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအဖွဲ့များနှင့် ပူးပေါင်း၍ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရံပုံငွေအဖွဲ့ (WWF) မှ ကြာသပတေးနေ့က ထုန်ပြန်ခဲ့သည့် The Living Planet Report 2016 အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး သစ်တောပြုန်းတီးခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းစေခြင်း၊ ငါးအလွန်အကျွံဖမ်းခြင်း၊ တရားမ၀င် တောရိုင်းတိရစ္ဆာန်ကုန်ကူးခြင်းတို့က သားရိုင်းတိရစ္ဆာန်များ၏ ကျက်စားရာဒေသကို ကျဉ်းမြောင်းသွားစေည်ဟု ဆိုသည်။
    သတ္တ၀ါမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ရသည့် အဓိကအကြောင်းအရင်း ၅ ခုမှာ နေထိုင်ကျက်စားရာနေရာများ ပျောက်ဆုံးလာခြင်း၊ အလွန်အကျွံ ဖမ်းဆီးစားသုံးခြင်း၊ ရေထုလေထုညစ်ညမ်းခြင်း၊ ရောဂါပျံ့ပွားခြင်းတို့ ဖြစ်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
    “လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ သန်းက ဒိုင်နိုဆောတွေ မျိုးသုဉ်းပျောက်ကွယ်တဲ့အချိန်ကစလို့ အခု ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့တွေဟာ ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန်မျိုးသုဉ်းမှုနဲ့ ရင်ဆိုင်နေရပါတယ်” ဟု WWF မှ UK အဖွဲ့ခွဲ၏ သိပ္ပံနှင့်မူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး မိုက် ဘာရက်က ပြောသည်။
    ယခုအစီရင်ခံစာမှာ ထင်ရှားပျံ့နှံ့လျက်ရှိသော ကျောရိုးရှိသတ္တ၀ါ ၁၄၀၀၀ ကျော်မှ မျိုးစိတ်ပေါင်း ၃၇၀၀ ခန့်ကို ရေရှည်လေ့လာစောင့်ကြည့်ခဲ့သည့် ရလဒ်အပေါ် အခြေခံထားခြင်း ဖြစ်သည်။
    မျိုးသုဉ်းပျောက်ကွယ်သွားသည့် တိရစ္ဆာန်များတွင် မျောက်ဝံများ၊ လူဝံကြီးများ၊ ကြံ့များ၊ ဆင်များ၊ ကျားများ၊ နှင်းေ၏တာတွင် ကျက်စားသည့် ကျားသစ်များ၊ ရေနေဘ၀သာမက ကမ်းရိုးတန်းတွင် နေထိုင်သည့် လူ့အဖွဲ့အစည်းများအတွက်ပါ အရေးပါသည့် သန္တာကောင်များလည်း ပါဝင်သည်။
    Ref; Aljazeera
  • ၀မ်းရောဂါတိုက်ဖျက်ရေး ယီမင်သို့ ယူအေအီးက အကူအညီများ ပေးပို့
    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    yemen
    – ပြည်တွင်းစစ်ဖြစ်ပွားနေသော ယီမင်နိုင်ငံတွင် ပြန့်နှံ့နေသည့် ၀မ်းကိုက်ရောဂါကို တားဆီးဟန့်တားရန်အတွက် အာရဗ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) လခြမ်းနီအဖွဲ့ (ERC) က အေဒင်မြို့ရှိ ဆေးရုံးအများအပြားသို့ အရေးအပေါ် ဆေးဝါးများ ပေးပို့ခဲ့သည်ဟု သိရသည်။
    အလ်ဂျူမ်ဟိုရီယာဆေးရုံရှိ ဓာတ်ခွဲခန်းဗဟိုဌာနက ၀မ်းကိုက်ရောဂါဟု သံသယရှိသည့် လူနာများကို စစ်ဆေးရန် ရေဓာတ်ဖြည့်တင်းသည့်ပျော်ရည် (ORS) များ လက်ခံရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ယူအေအီးလခြမ်းနီ အဖွဲ့သည် ၀မ်းကိုက်ရောဂါကူးစက်မှုကို တိုက်ဖျက်ရန်အတွက် ကလိုရင်းစည် ၂၀ ကိုလည်း အေဒင်ရှိ သက်ဆိုင်ရာအာဏာပိုင်များသို့ ပို့ပေးခဲ့သည်။
    ORS ဆေးဝါးများကိုမူ ယီမင်ဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ၏ နယ်မြေခံ ဒေါက်တာ မိုဟာမက်ကလီစီထံ ERC က ပေးအပ်ခဲ့ပြီး ဒေါက် ကလီစီကလည်း ERC အဖွဲ့၏ လျင်မြန်စွာ ကူညီပေးမှုအပေါ် ကျေဇူးတင်ကြောင်း ပြောကြားခဲ့ကာ ထိုကဲ့သို့ လှူဒါန်းမှုများက လူနာ ၅၀၀ အတွက် လုံလောက်စေခဲ့သည်ဟု ဆိုသည်။
    Ref : IINA