News @ M-Media

Month: October 2016

  • သံဝန်ထမ်းများကို တူရကီမှထွက်ခွာရန် အမေရိကန် အမိန့်ပေးထား

    သံဝန်ထမ်းများကို တူရကီမှထွက်ခွာရန် အမေရိကန် အမိန့်ပေးထား

    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media

    turkey

    – အမေရိကန်နိုင်ငံသားများအပေါ် ခြိမ်းခြောက်မှုများ ရှိနေသောကြောင့် အစ္စတန်ဘူလ်ရှိ သံရုံဝန်ထမ်းများကို နိုင်ငံအတွင်းမှာ ထွက်ခွာရန် အမိန့်ပေးထားသည်ဟု အမေရိကန်အစိုးရက ပြောကြားလိုက်သည်။

    “အစ္စတန်ဘူလ်မှာအခြေစိုက်တဲ့ ဒါမှမဟုတ် မကြာခဏနေထိုင်တဲ့ အမေရိကန်နိုင်ငံသားတွေအပေါ် အစွန်းရောက်အုပ်စုတွေက ရန်လိုတဲ့လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်မယ်ဆိုတဲ့ လုံခြုံရေးသတင်းအချက်အလက်တွေကို အခြေခံပြီးတော့မှ အစိုးရက ဆုံးဖြတ်ချက်ချခဲ့တာပါ” ဟု ယနေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် အမေရိကန်အစိုးရက ပြောကြားခဲ့သည်။

    အမေရိကန် သံရုံးကိုမူ အစ္စတန်ဘူလ်၌ ဆက်လက်ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး ယခုအမိန့်မှာ တူရကီတွင် အခြားသော သံတမန်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူများ မပါဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    တူရကီနိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်မှုများ မြင့်တက်လာသည်ဟု အမေရိကန်က ယခင်ကလည်း သတိပေးမှုများ ရှိခဲ့သည်။

    ထို့ပြင် တူရကီနိုင်ငံအတွင်း ရှိနေသည့် အမေရိကန်နိုင်ငံသားများအနေဖြင့် နိုင်ငံအရှေ့တောင်ပိုင်းသို့ ခရီးသွားလာမှုကို ရှောင်ကျဉ်ရန်နှင့် မည်သည့်နေရာတွင်မဆို သတိဝိရိယရှိကြရန်လည်း အမေရိကန်အစိုးရက တိုက်တွန်းထားသည်။

    လူ ၄၇ ဦးသေဆုံးခဲ့သည့် အစ္စတန်ဘူလ်လေဆိပ် တိုက်ခိုက်မှုအပြီး ၂ ပတ်အကြာတွင် ပြင်သစ်ကလည်း အန်ကာရာရှိ ၎င်းတို့၏ သံရုံးနှင့် သံရုံးလုပ်ငန်းများကို ယာယီပတ်ပစ်ခဲ့သည်။

    Ref: Aljazeera

  • မြိတ်ကို ခရီးသွားတဲ့ ရန်ကုန်မှ မွတ်စလင်မ် အမျိုးသမီး (၃) ဦး ဖမ်းဆီးခံရ၊ လ.၀.က ပုဒ်မဖြင့် တရားစွဲ

    မြိတ်ကို ခရီးသွားတဲ့ ရန်ကုန်မှ မွတ်စလင်မ် အမျိုးသမီး (၃) ဦး ဖမ်းဆီးခံရ၊ လ.၀.က ပုဒ်မဖြင့် တရားစွဲ

    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    မိုးစက်

    ရန်ကုန်။    ။ အောက်တိုဘာလ ၂၇ရက်နေ့က မြိတ်မြို့ တိမ်လွှာထွန်းတည်းခိုခန်းမှာ ရန်ကုန်တိုင်းတိုင်း အတွင်း နေထိုင်သူများဖြစ်ကြသည့် အစ္စလာမ်ဘာသာဝင် အမျိုးသမီး (၃) ဦးကို မြန်မာနိုင်ငံ အတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေပုဒ်မ- ၂၉(၁) ကို ဖောက်ဖျက်ကျူးလွန်သည်ဟုဆိုပြီး အဆိုပါသုံးဦးကို ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ-၆(၂)၊ ၆(၃) အရ မြိတ်မြို့နယ် လဝကမှူးက တရားစွဲဆိုထားပါတယ်။

    အဖမ်းခံရသူ အမျိုးသမီး (၃) ဦးမှာ  ဒေါ်သီတာ(၄၇)နှစ်၊  ဒေါ်သန်းသန်းအေး(၄၉) နှစ်၊ မရွှေစင်(၂၀)နှစ် ဖြစ်ကြပြီး ဒဂုံမြို့သစ်တောင်ပိုင်း ၊ ၁၀၄ ရပ်ကွက်မှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ မြိတ်ခရိုင် ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေး စာမျက်နှာဖြစ်တဲ့ “မြိတ်ခရိုင် သတင်းနှင့်မှုခင်း မီဒီယာ ” FB စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
    14877754_1239817022757658_2044188041_n-png
    ပုဒ်မ ၆(၂) သည် ပြစ်မှုကို ရည်ညွှန်းပြီး၊ ၆(၃)သည် ပြစ်ဒဏ်ကို ရည်ညွှန်းကြောင်းသိရပါတယ်။ ပုဒ်မ ၂၉(၁) သည် နည်းဥပဒေ ၁၆ အရ သက်သေခံကတ်ပြား (သို့) ယာယီသက်သေခံလက်မှတ် တစ်ခုမှမရှိဘူးဆိုရင် အဆိုပါပုဂ္ဂိုလ်ကို ပုဒ်မ ၆(၂)၊ ၆(၃) အရ ပြစ်မှုထင်ရှား ပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ်ဖြစ်စေ၊ ထောင်ဒဏ်နှစ်နှစ်ဖြစ်စေ၊ ငါးရာထက် မပိုသော ဒဏ်ကြေးဖြင့်ဖြစ်စေ၊ ငွေဒဏ်ရော ထောင်ဒဏ်နှစ်ရပ်လုံး ကျခံစေနိုင်ပါတယ်။

    “အရင်တုန်းက ပုဒ်မ ၁၃ (၁) အရ ယာယီ သက်သေခံကတ်ပြားဆိုတာ ထုတ်ပေးလို့ရတယ်၊ အဲ့ဒါကို white card လို့လည်း ခေါ်ကြတယ်။ အဲ့ဒီ white card က သက်တမ်းရှိတယ်။ သူ့သက်တမ်းကုန်ရင် လဲပေးရတယ်။ ဟိုတစ်လောက white card တွေကို သိမ်းလိုက်တော့ ၁၃ (၄) အရ NVC တွေ ပြန်ထုတ်ပေးတယ်။ ဒီလူတွေက ခုဖမ်းခံရတယ်ဆိုတာက သူတို့လက်ထဲမှာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ထုတ်ပေးတဲ့ ကတ်သုံးခု တစ်ခုခုရှိရမယ်။ နိုင်ငံသားစီစစ်ရေးကတ် (ပန်းရောင်)၊ ဧည့်နိုင်ငံသားကတ်၊ နိုင်ငံသားပြုကတ်ဆိုပြီး တစ်ခုခုရှိရမယ်။ အဲ့ဒါတွေ မရသေးရင် မပေးလို့ပဲဖြစ်ဖြစ် မလုပ်လို့ပဲဖြစ်ဖြစ် မရှိဘူးဆိုရင် ပထမတုန်းက ထုတ်ပေးထားတဲ့ အမျိုးသားမှတ်ပုံတင်ကတ် ဒါမှမဟုတ် ယာယီသက်သေခံကတ် (White card) ‘ဒါမှမဟုတ် NVC ကတ် တစ်ခုခုတော့ ရှိရမယ်။ အချို့ဒေသတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ထုတ်မပေးဘဲနှစ်ပေါင်းများစွာ နေနေကြတဲ့သူတွေရှိတယ်။ အဲ့လူတွေက ပြည်ထောင်စုနယ်နမိတ်အတွင်းမှာ နေနေကြတာ မွေးကတည်းက။ ဘယ်နေရာကမှလည်း ခိုးဝင်လာတယ်ဆိုတာ အထောက်အထားမရှိဘူး။ အခုဖြစ်နေတာတွေက နိုင်ငံရေးအရတွေပဲဖြစ်တယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က ဆိုပါတယ်။

    ယခုလက်ရှိ ဖမ်းဆီးခံရသူများသည် သက်သေခံကတ်ပြားများ သက်တမ်းကုန်နေသူများလည်း ဖြစ်နိုင်ကြောင်း၊ နဂိုကတည်းက မရှိဘဲ(မရနိုင်သောကြောင့်(သို့) ထုတ်မပေးသောကြောင့်) နေထိုင်သူများ ဖြစ်နိုင်ကြောင်း၊ ဥပဒေတစ်ခုခုဖြင့် အရေးယူတော့မည်ဆိုလျှင် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များမှ ထိုသူနှင့် သက်ဆိုင်သည့် အချက်အလက်များကို ရှာဖွေရမည်ဖြစ်ကြောင်း ရှေ့နေဦးအုန်းမောင်က ဆက်လက်ပြောဆိုခဲ့ပါတယ်။

    “သူတို့မှာ ဘာအထောက်အထားမှ မရှိဘူးပဲ ထားပါဦး၊ အဲ့လိုဆိုရင် လဝက ကတာဝန်ရှိသူများက ဒီလူတွေနဲ့ သက်ဆိုင်တဲ့ အဖေ၊အမေ သူတို့မျိုးရိုးကို လဝက ရုံးတွေမှာ အချက်အလက်ရှာရမယ်။ အရင်တုန်းက ရှိလား၊ မရှိဘူးလားဆိုတာ၊ တစ်စုံတစ်ခု အထောက်အထားပြလို့ရရင် သူတို့ဟာလည်း နိုင်ငံသားဆိုတဲ့ သက်သေတွေ ရှိလာမယ်။ အဲ့လိုမျိုးတွေ တစ်ခုမှ ရှာလို့မရမှသာ သူတို့အခုဆွဲတဲ့ ပုဒ်မတွေနဲ့ ဆွဲလို့ရမယ်” လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

    အဆိုပါ တရားစွဲဆိုထားသော သုံးဦးကို မြိတ်ခရိုင်သတင်းနှင့် မှူခင်းမီဒီယာမှ ဖော်ပြရာတွင် ဘင်္ဂါလီသုံးဦးကို ဖမ်းဆီးရရှိဆိုပြီးဖော်ပြ ခဲ့ပါတယ်။ “ဘင်္ဂါလီ” နာမည်တပ်ပြီး ရေးသားထားခြင်းမှလည်း မည်သူမည်ဝါမှန်း မသေချာသေးပဲ ဘဂီါလီလို့ တံဆိပ်ကပ်နေခြင်းဟာ လူမျိုးရေး အမုန်းစိတ်တွေများ လာအောင်သာ လုပ်နေခြင်းဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က ဆိုပါတယ်။

    မိမိနေထိုင်သည့်မြို့မှ အခြားမြို့သို့ ခရီးသွားတော့မည်ဆိုလျှင်လည်း မိမိရပ်ကွက်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများကို အကြောင်းကြားခဲ့ပြီး တခြားနေရာ ခရီးသွားမည့်အရပ်တွင် နေထိုင်မည့် ရပ်ကွက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း အကြောင်းကြားသင့်ကြောင်း၊ မိမိကိုယ်တိုင်တွင် နိုင်ငံသားဖြစ်ကြောင်း တစ်စုံတစ်ရာ သက်သေခံကတ်ပြား မရှိပါက မိမိဆွေမျိုးနှစ်ဆက်လောက်ဖြစ်သည့် အဖေ၊ အမေ၊ အဘိုး အဘွားတို့၏ သက်သေခံကတ်ပြား နံပါတ်များနှင့်ကိုယ်ရေးအကျဉ်းများကို ပြုစုထားသင့်ကြောင်း ရှေ့နေ ဦးအုန်းမောင်က အကြံပြုပြောဆိုထားပါတယ်။

  • ပျားအက (Honey Bee Dance)

    ပျားအက (Honey Bee Dance)

    အောက်တိုဘာ ၃၀ ၊၊ ၂၀၁၆
    အေးထွန်း ရှာဖွေတင်ဆက်သည်။

    နိုဘယ်လ်ဆုရှင်ဩစတေးလျှနိုင်ငံသား သတ္တဗေဒပညာရှင် Karlvon Frisch ဟာ ပျားတွေနဲ့ပတ်သတ်ပြီး အထူးမွေးမြူလေ့လာ ခဲ့သူဖြစ်ပါတယ်။

    ၁၉၂၃ခုနှစ်မှာ သူဟာ ပျားတွေရဲ့ အကနဲ့ပတ်သတ်ပြီး စာတမ်းတစ်စောင် ထုတ်ဝေခဲ့ပါတယ်။

    ပျားတစ်ကောင်ဟာ ဝတ်ရည်ရှိရာနေရာကို တွေ့ပြီဆိုရင်သူ့အသိုက်ကိုပြန်လာပြီး အခြားပျားတွေကို ဝတ်ရည်ရှိရာ အရပ်ရဲ့ အကွာအဝေး (Distance) နဲ့ လားရာ (Direction) ကို ပြသဖို့အတွက် ကပြပါတယ်။

    အကွာအဝေး (Distance) ကို ဖော်ပြရာမှာတော့ အကွာအဝေးပေါ်မူတည်ပြီး သူ့ရဲ့အကပုံစံ ကို ပြောင်းလဲကာ ၊ လားရာ (Direction) ကိုဖော်ပြချက်ကတော့ ပျားဟာ နေကို သံလိုက်အိမ်မြောင်သဖွယ်အသုံးချပြီး နေနဲ့ ဝတ်ရည်ရှိရာအရပ် ၂ခုကြား ထောင့် (Angle) ကိုညွှန်ပြပြီး ကပါတယ်။

    honey-bee-dance

    ၁) အကယ်၍ ဝတ်ရည်ရှိရာအကွာအဝေးသည် ၂၅မီတာဝန်းကျင်ထိဆိုလျှင် ပျားဟာ Circular Dance လို့ခေါ်တဲ့ အကကို သူ့သူငယ်ချင်းတွေဆီမှာ ကပြပါတယ်။

    ၂) အကယ်၍ ဝတ်ရည်ရှိရာနေရာ အကွာအဝေးသည် ၂၅ မီတာအထက်မှ မီတာ ၁၀၀ ဝန်းကျင်ထိဆိုလျှင် ပျားဟာ Waggle Dance လို့ခေါ်တဲ့ အကကို ပြောင်းကပါတယ်။ မြန်မြန်ပါ။

    ၃) အကယ်၍ ဝတ်ရည်ရှိရာ နေရာအကွာအဝေးသည်မီတာ၁၀၀ အထက်မှ မီတာ ၂၀၀ဝန်းကျင်ထိဆိုလျှင် Waggle Dance ကိုပဲ ကပါတယ်။ ဒါပေမဲ့ နှေးနှေးပါ။

    အကွာအဝေးကိုတော့ဟုတ်ပါပြီ၊

    ဦးတည်ရာက ဘယ်ဘက်လဲဆိုတာကို ပြသနိုင်ဖို့အတွက် အဲဒီပျားဟာ နေကို သံလိုက်အိမ်မြှောင်သဖွယ် အသုံးပြုပါတယ်။

    နေရှိရာနေရာနဲ့ ဝတ်ရည်ရှိရာ နေရာ ကြား ထောင့် (Angle) ကို တွက်ချက်ပြီး အခြားပျားတွေသိရှိအောင် ကပြခြင်း ဖြစ်ပါတယ်။

    နောက်ဆုံးမှာတော့ ကျန်တဲ့ပျားတွေဟာ ဝတ်ရည်ရှိရာအကွာအဝေးနဲ့ လားရာကို သိသွားပြီဖြစ်တဲ့အတွက် အားလုံးတူတူ ဝတ်ရည်ရှိရာသို့ ထွက်လာကြခြင်းဖြစ်ပါတယ်။

    (Microsoft Encarta Premium 2009 , Honey Bee Dances Interactivity )

  • ဆီးရီးယားအရေး ဥရောပက တူရကီနှင့်ပူးပေါင်းရမည်ဟု ဂျာမနီပြော

    ဆီးရီးယားအရေး ဥရောပက တူရကီနှင့်ပူးပေါင်းရမည်ဟု ဂျာမနီပြော

    အောက်တိုဘာ ၂၉၊ ၂၀၁၆
    M-Media

    germany

    – ဆီးရီးယားတွင် အပစ်ခတ်ရပ်စဲရန်နှင့် ဒေသတွင်းပဋိပက္ခများကို ဖြေရှင်းရန်အတွက် ဥရောပမှာ တူရကီ၏ အထောက်အပံ့ လိုအပ်သည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဖရန့် ဝေါလ်တာ စတိုင်မီယာက ပြောကြားလိုက်သည်။

    ကြာသာပတေးနေ့က ဘာလင်တွင် ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီ ဟမ်ဒွလ္လာဟ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ စတိုင်မီယာက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင် လက်ရှိဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ကိုင်တွယ်ရာတွင် တူရကီနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် အရေးပါသည်ဟုလည်း ဆိုသည်။

    “အမှန်ပြောရရင် ကျွန်တော်တို့ရဲ့ အစိုးရတွေအကြား ဆွေးနွေးမှုတွေမှာ အခက်အခဲလေးတွေတစ်ချို့ ရှိပါတယ်။ တူရကီရဲ့ အခန်းကဏ္ဍက အရေးပါနေတာကြောင့် ဒီခက်ခဲတဲ့ ဆွေးနွေးမှုတွေကို ကျွန်တော်တို့ လိုအပ်ပါတယ်။ တူရကီဟာ ဦးရောပနဲ့ ဆက်ဆံနေရသလို၊ အရှေ့အလယ်ပိုင်းနဲ့လည်း ပတ်သက်နေရပါတယ်” ဟု ၀န်ကြီးက ထပ်လောင်း ပြောကြားခဲ့သည်။

    စစ်တပ်၏ မအောင်မြင်သော အာဏာသိမ်းမှုတွင် ဥရောပနိုင်ငံများနှင့် ဂျာမနီတို့က ၎င်းတို့နှင့် တစ်သားတည်းရှိကြောင်း မပြသသည့်အတွက် တူရီမှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ ဥရောပအစိုးရကများကမူ အဆိုပါ အာဏာသိမ်းမှုပြီးနောက် တူရကီအစိုးရ၏ စုံစမ်းစစ်ဆေးမှုများ၊ အရေးပေါ်အခြေအနေ ကြေငြာမှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

    Ref: IINA

  • မိုယက်စ်၏ ဆန်းဒါးလန်း လိဂ်သမိုင်းတွင် အဆိုးရွားဆုံးမှတ်တမ်းတစ်ခု ရရှိ

    မိုယက်စ်၏ ဆန်းဒါးလန်း လိဂ်သမိုင်းတွင် အဆိုးရွားဆုံးမှတ်တမ်းတစ်ခု ရရှိ

    အောက်တိုဘာ ၂၉၊ ၂၀၁၆
    M-Media

    sunder

    – ယနေ့တွင် အာဆင်နယ်အသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဆန်းဒါးလန်းအသင်းမှာ ပရီးမီးယားလိဂ်သမိုင်းတွင် အဆိုးရွားဆုံး ရာသီအစမှတ်တမ်းကို ရရှိခဲ့သည်ဟု သိရသည်။

    အိမ်ကွင်းတွင်ကစားခဲ့သည့် ဆိုပါပွဲတွင် ဆန်းချက်ဇ်၏ဂိုးကို ဒီဖိုးက ပင်နယ်တီဖြင့် ပြန်လည်ချေပနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဂျရူးက ၂ ဂိုး၊ ဆန်းချက်ဇ်က ၁ ဂိုး အသီးသီး သွင်းယူခဲ့သည်။

    မန်ယူနည်းပြဟောင်းမိုယက်စ် ကိုင်တွယ်သည့် ဆန်းဒါးလန်းမှာ လက်ရှိတွင် ၁၀ ပွဲကစားပြီး ၂ မှတ်သာရရှိထားကာ ပရီးမီးယားလိဂ်ဇယားအောက်ဆုံးသို့ ရောက်ရှိနေသည်။ ထိုမှတ်တမ်းမှာ ၁၉၉၅/၉၆ ဘောလုံးရာသီတွင် မန်စီးတီးအသင်းက ရရှိခဲ့သည့် ရာသီအစ အဆိုးဝါးဆုံးရလဒ်နှင့် သွားတူနေသည်။

    သို့သော်လည်း ဂိုးကွာခြားချက်ယှဉ်ပါက ဆန်းဒါးလန်းမှာ မန်စီးတီးထက် ပို၍ ဆိုးနေသည်။

    မိုယက်စ်မှာ အသင်း၏ ရလဒ်ဆိုးများကြောင့် ဖိအားများရှိနေပြီး ယခု အာဆင်နယ်အား ရှုံးနိမ့်ခဲ့မှုက ၎င်း၏အခြေအနေကို ပိုမိုဆိုးရွားစေပြီး အသင်းမှာလည်း တန်းဆင်းရရန် ပိုမို ရေပန်းစားလာခဲ့သည်။

    Ref: Goal