News @ M-Media

Tag: 1001-inventions

  • စက္ကူ ထုတ်လုပ်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၉)

    စက္ကူ ထုတ်လုပ်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၉)

    အောက်တိုဘာ ၂၁၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    paper-making
    – ဒီနေ့ခေတ်မှာ စက္ကူဆိုတာဟာ သာမန်ထုတ်ကုန်တစ်ခု ဖြစ်နေပါပြီ။ ဒါပေမယ့် တကယ်တော့ စက္ကူဟာ ခေတ်မီလူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်ပါ။ မဂ္ဂဇင်းတွေ၊ တီဗီလမ်းညွှန်းတွေ၊ သတင်းစာတွေကနေ စက္ကူတာဝါ၊ လိပ်စာကဒ်တွေအထိ နေ့စဉ်အသုံးပြုနေတဲ့ စက္ကူတွေ၊ စာရွက်တွေအကြောင်းကို စဉ်းစားကြည့်ဖူးပါရဲ့လား။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀၀ ကျော် အေဒီ ၇၅၁ ခုနှစ် တာလက်စ်တိုက်ပွဲ (Battle of Tallas) မှာ တရုတ် သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့ပြီးနောက်ပိုင်း မွတ်စလင်တွေဟာ ဘဂ္ဂဒတ်မြို့မှာ စာရွက်တွေကို အကြီးအကျယ် ထုတ်လုပ်ခဲ့ကြပါတယ်။ တရုတ်လူမျိုးတွေ လျှို့ဝှက်ထားတဲ့ ဒီ စာရွက်ထုတ်လုပ်မှုကို မွတ်စလင်တွေက  အဲဒီသုံ့ပန်းတွေဆီက သင်ယူခဲ့ပြီး စနစ်တကျ ဖြစ်အောင်လုပ်ကာ ဘဂ္ဂဒတ်က စက်ရုံတွေမှာ အမြောက်များ ထုတ်လုပ်နိုင်အောင် အလျင်အမြန် ဆောင်ရွက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ စက္ကူထုတ်လုပ်မှုဟာ အနောက်ဖက်ဖြစ်တဲ့ ဒမတ်စကတ်၊ တိုက်ဘီရီယက်စ်နဲ့ ထရီပိုလီတို့အထိ ပြန့်နှံ့သွားပါတယ်။ ထုတ်လုပ်မှုတိုးတက်လာတာနဲ့အမျှ စက္ကူတွေဟာ ဈေးပေါလာပြီး၊ အရည်အသွေးလည်း ကောင်းမွန်လာခဲ့ပါတယ်။ ဒမတ်စကတ်က စက္ကူစက်ရုံတွေဟာ ဥရောပရဲ့ စက္ကူဝယ်လိုအားကို အဓိကဖြည့်ဆည်းပေးတဲ့ ရင်းမြစ်တွေပါပဲ။

    အရည်အသွေးမြင့်မားတဲ့ စက္ကူကို ထုတ်လုပ်နိုင်ရေး ခိုင်ခံ့တဲ့အမျှင်တွေကိုရစေတဲ့ ကုန်ကြမ်း လျှော်ပင်တွေကို ကိုယ်တိုင် စိုက်ပျိုးနိုင်မှုကလည်း ဆီးရီယားစက္ကူစက်ရုံတွေရဲ့ စက္ကူထုတ်လုပ်နိုင်စွမ်းကို မြင့်မားစေခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လျှော်ပင်ကထွက်တဲ့ စက္ကူတွေဟာ ပြန်လည်အသုံးပြုနိုင်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ စက္ကူတွေအဖြစ် သတ်မှတ်ခြင်းခံနေရပြီ ဖြစ်ပါတယ်။ အဲဒီစက္ကူတွေဟာ သစ်သားကိုအခြေခံပြီး ထုတ်လုပ်တဲ့ စက္ကူတွေထက်လည်း ကုန်ကျစားရိတ် ထက်ဝက်လောက် သက်သာပါတယ်။

    စက္ကူလုပ်ရာမှာ တရုတ်လူမျိုးတွေ ကုန်ကြမ်းအဖြစ် အသုံပြုခဲ့တဲ့ ပိုးစာပင်ရဲ့အခေါက်နေရာမှာ လင်နင် (linen) ချည်သားစကို အစားထိုး အသုံးပြုခဲ့တာလည်း မွတ်စလင်တွေပါပဲ။ လင်နင်စတွေကို စုတ်ဖြဲပြီး ရေနဲ့စိမ်ကာ အချဉ်ဖောက်ပါတယ်။ ပြီးတဲ့နောက် ပြုတ်ပြီး အယ်ကာလိုင်း အကြွင်းအကျန်နဲ့ အမှုန်အမွှားတွေကို ဖယ်ရှားပါတယ်။ သန့်ရှင်းသွားတဲ့ လင်နင်စတွေကို ဆုံထဲ ထည့်ထောင်းပြီး ပျော့ဖတ်ဖြစ်အောင်လုပ်ကာ စက္ကူထုတ်လုပ်တာပါ။ ဒီလို ပျော့ဖတ်လုပ်နည်းကို မွတ်စလင်တွေက စတင် တီထွင်ခဲ့တာဖြစ်ပါတယ်။

    slide_216341_800608_large
    စာရွက်ထုတ်လုပ်မှုအကြောင်း ဖော်ပြထားသည့် ၁၇ ရာစုမှ လက်ရေးမူတစ်ခု

    သူတို့မှာရှိနေတဲ့ ကုန်ကြမ်းတွေနဲ့လည်း မွတ်စလင်တွေဟာ ၀ါဂွမ်းစက္ကူလုပ်ဖို့ စမ်းသပ်ခဲ့ကြပါတယ် ဒီ လိုစမ်းသပ်မှုပြုလုပ်တာကို ရေးသားမှတ်တမ်းတင်ထားတဲ့ ၁၁ ရာစုက လက်ရေးမူတစ်ခုကိုတာ့ စပိန်နိုင်ငံ မက်ဒရစ်မြို့က အက်စ်ကိုရီယဲလ် (Escorial) စာကြည့်တိုက်မှာ တွေ့မြင်နိုင်ပါတယ်။

    သက္ကရာဇ် ၈၀၀ ရောက်တဲ့အချိန်မှာ စက္ကူထုတ်လုပ်မှုဟာ အီဂျစ်နိုင်ငံကို ရောက်ရှိသွားပါပြီ။ စာရွက်မှာ အက္ခရာတင်ထားတဲ့ ကုရ်အာန်ကျမ်းတော်မြတ်တွေထဲမှာ အစောဆုံးလို့ ယူဆနိုင်တဲ့ ကုရ်အာန်ကို ၁၀ ရာစု အီဂျစ်မှာ ရေးသားခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ စက္ကူလုပ်နည်းဟာ အီဂျစ်ကနေတစ်ဆင့် အနောက်ဖက် – မြောက်အာဖရိကတစ်ဝှမ်းနဲ့ မော်ရိုကိုအထိ ပြန့်နှံ့သွားပါတယ်။ အခြားသော ပညာရပ်တွေလိုပဲ စက္ကူလုပ်နည်းဟာ အာဖရိကနေ ရေလက်ကြားကိုဖြတ်ကာ မွတ်စလင်တွေအုပ်စိုးတဲ့ စပိန်ကို သက္ကရာဇ် ၉၅၀ လောက်မှာ ရောက်ရှိပါတယ်။ အန်ဒါလူစီယာ ပြည်သူတွေဟာ စက္ကူထုတ်လုပ်မှုကို ဆက်လက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့ကြပြီး ဗလင်စီယာအနီးမှာရှိတဲ့ ဂျာတီဗာ (Jativa) မြို့လေးကတော့ ရှာတီဘီ (Shatibi) လို့ခေါ်တဲ့ အသားထူပြီး ချောမွတ်တဲ့ စက္ကူတွေကို ထုတ်လုပ်နိုင်မှုအတွက် ကျော်ကြားပါတယ်။ နှစ်ပေါင်း ၂၀၀ အတွင်းမှာ စက္ကူထုတ်လုပ်မှုကို ဘဂ္ဂဒတ်မှာလည်း ပြုလုပ်လာနိုင်ခဲ့ပြီး အစ္စလာမ်ကမ္ဘာမှာ စက္ကူဟာ လူတိုင်းသုံးနိုင်တဲ့ပစ္စည်း ဖြစ်လာခဲ့ပါတယ်။

    စက္ကူလှိုင်လှိုင်ထုတ်လာနိုင်တာကြောင့် စာအုပ်စာပေတွေ ရေးသားထုတ်ဝေရာမှာလည်း လွယ်ကူလာခဲ့ပြီး ကျူပင်ရတဲ့ စက္ကူတွေ၊ သားရေချပ်တွေလို ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းတွေနေရာမှာ စက္ကူကို အစားထိုးနိုင်ခဲ့တာကြောင့် အကုန်အကျလည်း များစွာသက်သာခဲ့ကာ စာအုပ်၊ စာပေတွေကလည်း မြောက်များစွာ ပေါ်ထွက်လာခဲ့ပါတော့တယ်။ စက္ကူမထုတ်လုပ်နိုင်ခင်က စာအုပ်တွေ ရေးသားထုတ်ဝေဖို့ဆိုတာ အင်မတန်ခက်ခဲပြီး၊ ရှုပ်ထွေးပါတယ်။ ကူးရေးသူတွေကို လုပ်ခ တနင့်တပိုးပေးရတာ၊ လက်ရေးလှကျွမ်းကျင်ပညာရှင်တွေ လိုအပ်တာမျိုးတွေပါ။ စက္ကူ ထုတ်လုပ်လာနိုင်တာကြောင့် ကုန်ကျစားရိတ် လျော့ကျသွားပေမယ့် လက်ရေးဆန်းသစ်တဲ့ ပညာရှင်တွေ လိုအပ်ဆဲပါပဲ။ မွတ်စလင်ကမ္ဘာမှာ ရာချီ၊ ထောင်ချီသော စာအုပ်စာတမ်း အကိုးအကားတွေ ရေးသားထုတ်ဝေလာနိုင်တာကြောင့် စာအုပ်ကုန်သွယ်မှုနဲ့ ပညာသင်ကြားမှု နယ်ပယ်မှာ ဖွံ့ဖြိုးလာခဲ့ပါတယ်။ နောက်ပိုင်းတော်တော်ကြာတဲ့အခါ ဥရောပမှာ ပုံနှိပ်စက် အသုံးပြုလာနိုင်တဲ့ အချိန်မှာတော့ စာအုပ် ရေးသားထုတ်ဝေရေးမှာ သိသာတဲ့ တော်လှန်ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

    စက္ကူထုတ်လုပ်မှု ကျယ်ပြန့်လာခြင်းက ဆေးဆိုးပန်းရိုက် လုပ်သူတွေ၊ စာရေးမင် ဖော်စပ်သူတွေ၊ လက်ရေးလှပညာရှင်တွေ၊ စာပန်းချီပညာရှင်တွေလို အခြားသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရှင်တွေကိုလည်း များပြားလာစေခဲ့ပြီး သိပ္ပံနယ်ပယ်မှာပါ အကျိုးသက်ရောက်ခဲ့ပါတယ်။ ၁၁ ရာစု တူနီးရှားက စွန့်ဦးတီထွင်သူ အစ်ဗနေ့ ဘာဒစ် (Ibn Badis) က သူရဲ့ Staff of the Scribes စာအုပ်မှာ ကလောင်တန်ရဲ့ ဆန်းကြယ်မှုတွေ၊ အရောင်ပါတဲ့ မင်မျိုးစုံ စီမံပြင်ဆင်မှုတွေ၊ အရောင်ဆိုးဆေးတွေနဲ့ အရောင်အရောတွေ၊ လျှို့ဝှက်စာရေးသားနည်းတွေနဲ့ စက္ကူလုပ်နည်း အကြောင်းတွေကို ရေးသားရင်း စက္ကူထုတ်လုပ်နိုင်မှုရဲ့ အကျိုးဆက်တွေကို ဖော်ပြခဲ့ပါတယ်။

    ခရစ်ယာန်ကြီးစိုးရာဥရောပမှာ ပထမဆုံး ဆောက်လုပ်ခဲ့တဲ့ စက္ကူစက်ရုံက ၁၂၉၃ ခုနှစ် အီတလီနိုင်ငံ ဘိုလော့ဂ်နာမြို့မှာ တည်ထောင်ခဲ့တဲ့ စက်ရုံပဲဖြစ်ပါတယ်။ စက္ကူကို ပထမဆုံး အသုံးပြုခဲ့တာကတော့ ၁၃၀၉ ခုနှစ် အင်္ဂလန်မှာဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ဒီလို စက္ကူတွေ ထုတ်နိုင်တာကြောင့် စာအုပ်တွေကို ဈေးသက်သက်သာသာနဲ့ ဖြန့်ချီနိုင်ခဲ့ကာ ဥရောပမှာ အသိပညာဟာ အရှိန်အဟုန်နဲ့ ပြန့်နှံခဲ့ပါတယ်။

    ဒိန်းမတ် သမိုင်းပညာရှင် ဂျိုဟန်နက်စ် ပက်ဒါဆန် (Johannes Pedersen) က စက္ကူတွေကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ခဲ့တာဟာ “အစ္စလာမ့်စာပေကဏ္ဍတင်မကဘဲ၊ ကမ္ဘာစာပေကဏ္ဍမှာပါ အသက်တမျှအရေးပါတဲ့ မွတ်စလင်တွေရဲ့ စွမ်းဆောင်မှု” ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    ရောင်စုံစာရွက်များ

    marbling-2

    စာရေးစက္ကူတွေ၊ စာအုပ်တွေမှာ ယနေ့အချိန်အထိ အသုံးပြုနေဆဲဖြစ်တဲ့ ရောင်စုံစက္ကူ ထုတ်လုပ်နည်းကို ဖွံ့ဖြိုးစေခဲ့တာလည်း မွတ်စလင်တွေပဲ ဖြစ်ပါတယ်။ အဲဒီအထဲကတစ်ခုကတော့ စာရွက်တွေပေါ်မှာ သွေးကြောယှက်ဖျာနေတဲ့ပုံစံ ဒီဇိုင်းဖော်ခြင်း (Paper Marbling) ဖြစ်ပြီး အရေးပါတဲ့ လက်ရေးမူတွေအတွက် အဖုံးအဖြစ် အသုံးပြုခဲ့ကြပါတယ်။

    အဲဒီလို ဒီဇိုင်းထုတ်မှုကို တူရကီစကားလုံးနဲ့ ‘အီဘရူ’ (ebru) လို့ ခေါ်ပြီး တိမ်၊ တိမ်ထူသောလို့ အဓိပ္ပါယ်ရပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့ ‘အဘရူ’ (abru) လို့လည်း ခေါ်ဆိုပြီး အဓိပ္ပါယ်က ရေမျက်နှာပြင်ပါ။ အီဘရူဟာ အလယ်အာရှက ရှေးဟောင်း ဘာသာစကားတစ်ခုကနေ စတင်းသက်လာတာဖြစ်ပြီး ‘သွေးကြောပုံစံ အမျှင် ဒါမှမဟုတ် စာရွက်’ လို့ အမည်ရပါတယ်။ Paper Marbling နည်းလမ်းရဲ့ နောက်ကြောင်းပြန်ကောက်ရရင် တရုတ်နိုင်ငံမှာ ဆုံးပါတယ်။ ဒီနည်းလမ်းဟာ ပိုးလမ်းမကြီးကနေဖြစ်ပြီး ပထမဆုံး အီရန်ကိုရောက်ခဲ့ကာ အီဘရူဆိုတဲ့အမည်ရဲ့ အနာတိုလီယာ (Anatolia – အာရှမိုင်းနား) ကို ဆက်သွားပါတယ်။

    ၁၆ ရာစုအဆုံးမှာ အာရှမိုင်းနားကိုရောက်တဲ့ ကုန်သည်တွေ၊ သံတမန်တွေဟာ ဒီနည်းလမ်းကို ဥရောပဆီ ယူဆောင်သွားခဲ့ပြီး ၁၅၅၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ဒီ ဒီဇိုင်းနဲ့ စက္ကူတွေက ဥရောပ စာအုပ်ချစ်သူတွေရဲ့ အစည်းစွဲဖြစ်ခဲ့ပြီး ‘တူရကီစာရွက်’ ဒါမှမဟုတ်  ‘တူရကီ သွေးကြောဒီဇိုင်း’ လို့ ခေါ်ဆိုကြပါတယ်။ နောက်ပိုင်းမှာတော့ ဒီစာရွက်တွေကို အီတလီ၊ ဂျာမနီ၊ ပြင်သစ်နဲ့ အင်္ဂလန်တို့မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။

    အီဘရူ ဒီဇိုင်းနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ Discourse on Decorationg Paper in the Turkish Manner (တူရကီစတိုင်ဖြင့် စက္ကူများ ဒီဇိုင်းဖော်မှုဆိုင်ရာကျမ်း) ကို ၁၆၆၄ ခုနှစ်မှာ အက်သာနားစီးယက် ကီရ်ချာ (Athanasius Kircher) က ထုတ်ဝေခဲ့ပါတယ်။ သူဟာ ရောမမှာ ထင်ရှားတဲ့ ၁၇ ရာစု ဂျာမနီပညာရှင်တစ်ဦးဖြစ်ပြီး စက္ကူဒီဇိုင်းပညာရပ်တစ်ခုဖြစ်တဲ့ Marbling Art နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ဖြန့်ဝေပေးခဲ့သူ ဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • ကုန်သွယ်မှု- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၈)

    ကုန်သွယ်မှု- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၈)

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    route-1

    – ကုန်သွယ်မှုဟာ အစ္စလာမ်သာသနာနဲ့ ထဲထဲဝင်ဝင် ပတ်သက်ဆက်နွယ်နေပြီး တမန်တော်မုဟမ္မဒ်သခင် ကိုယ်တိုင်နဲ့ သူ့ရဲ့ နောက်လိုက်သာဝကကြီးတွေထဲက အများစုဟာ ကုန်သည်တွေဖြစ်ကြပါတယ်။ အစောပိုင်းမွတ်စလင်တွေရဲ့ နေ့စဉ်ဘ၀မှာ ဒီကုန်သွယ်မှုဟာ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတာကြောင့် စာချုပ်ခြင်း၊ ကုန်ပစ္စည်းဖလှယ်ခြင်း၊ ကာလရှည်ချေးငှားခြင်းနဲ့ ဈေးကွက်ဖော်ဆောင်ခြင်း စတဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ စည်းမျဉ်းဥပဒေတွေကိုလည်း မွတ်စလင်က အစောဆုံး သတ်မှတ်ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

    ကုန်သည်မျိုးစုံ၊ ကုန်ပစ္စည်းမျိုးစုံ ပြည့်နှက်နေတဲ့ အစ္စလာမ့်အင်ပါယာကြီးဟာ ကြီးမားကျယ်ပြန့်တဲ့ ကုန်သွယ်ရေးကွန်ယက်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ရွှေ၊ ရွှေဖြူနဲ့ ဆားတွေလို ကုန်စည်တွေဟာ အင်ပါယာရဲ့ မြောက်ဖက်ကနေ အရှေ့ဖက်အထိ၊ အာဖရိက ဆဟာရဒေသကနေ မော်ရိုကို၊ စပိန်နဲ့ ပြင်သစ်တို့အထိ ရောက်ရှိကြပြီး ဂရိနဲ့ တူရကီ၊ အီဂျစ်၊ ဆီးရီးယားတို့ကိုလည်း ဒီကုန်ပစ္စည်းတွေက အနည်းငယ် ရောက်ရှိကြပါတယ်။ (၁၄ ရာစုက ငွေကြေးအဖြစ် အသုံးပြုခဲ့တဲ့) ကောင်ရီအခွံ (Cowrie shell) ဟာ မော်လ်ဒိုက်ကျွန်းကနေ အနောက်အာဖရိကအထိ ပြန့်ခဲ့ပါတယ်။ အိုးခွက်၊ စက္ကူ၊ ငွေစက္ကူတွေဟာ တရုတ်ပြည်ကနေ အနောက်တိုင်းကို ရောက်ခဲ့တာဖြစ်ပေမယ့် ကိုင်ရိုမှာ လူကြိုက်များမှု မရှိခဲ့ပါဘူး။ ကုန်စည်တွေဟာ ခရီးသွားတွေ၊ ဘုရင်တွေ၊ စော်ဘွားတွေ၊ ပညာတတ်တွေ၊ ဘုရားဖူးတွေနဲ့အတူ စီဆင်းခဲ့ပါတယ်။

    ပိုးလမ်းမကြီးဖြတ်သွားတဲ့ဒေသဟာ မွတ်စလင်တွေရဲ့ စီးပွားရေးအတွက် အချက်အချာနေရာ ဖြစ်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကတော့ မြေထဲပင်လယ်ရဲ့ အာဖရိကနဲ့ ဥရောပ ကမ်းခြေတွေအထိ ရောက်ရှိပါတယ်။ စပိန်နိုင်ငံတောင်ပိုင်းက မာလာဂါဆိပ်ကမ်းဟာ ကုန်သွယ်ရေး အချက်အချာနေရာ ဖြစ်ခဲ့ပြီး အထူးသဖြင့် ဂျီနိုအာ (Genoa) လို ကုန်သည်တိုင်းပြည်လို့ တင်စားခေါ်ဝေါ်ရတဲ့ အီတလီနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းက ကုန်သည်တွေ စုဝေးရာနေရာ ဖြစ်ပါတယ်။ အီတလီသားတွေဟာ ဥရောပဘက် ကုန်သွယ်မှုကို လွှမ်းမိုးထားတာကြောင့်  အစ်ဗနေ့ ဘာတူတာ (Ibn Battuta) ဟာ အန်နာတိုလီယာ (Anatolia) ကို ဂျီနိုအာက သင်္ဘော တစ်စီးနဲ့ လိုက်ပါသွားခဲ့ပါတယ်။ သူက “ခရစ်ယာန်တွေဟာ ကျွန်တော်တို့ကို တော်တော်လေး ဂုဏ်ပေးဆက်ဆံပြီး သွားလာတာတွေအတွက် ကျွန်တော်တို့ဆီကနေ ပိုက်ဆံ မယူပါဘူး” လို့ ရေးသားခဲ့ပါတယ်။ မာလာဂါရဲ့ လူစည်ကားတဲ့ ဆိပ်ကမ်းတွေမှာ ကုန်သည်တွေဟာ ပိုးထည်၊ လက်နက်၊ ကျောက်သံပတ္တမြား၊ အထက်တန်းစား ကျွေထည်မြေထည်တွေကနေ စပိန်နိုင်ငံက အရသာရှိလှတဲ့ သစ်သီးဝလံတွေအထိ ကမ္ဘာတစ်ဝှမ်းက ကုန်ပစ္စည်းတွေကို ဖလှယ်ကြပါတယ်။

    နိုင်းမြစ်ဝှမ်းပေါ်မှာရှိပြီး မြေထဲပင်လယ်ထဲ ထိုးထွက်နေတဲ့ အလက်ဇန်ဒရီးယားကလည်း အဓိကဆိပ်ကမ်းမြို့တစ်ခု ဖြစ်ခဲ့ပါတယ်။ ဥရောပကနေ အာရှအရှေ့ပိုင်းအထိ ကျယ်ပြန့်တဲ့ စပိုက်ကုန်သွယ်ရေးလမ်းမကြီး (Spice Route) ပေါ်မှာရှိတဲ့ ဒီမြို့ဟာ အိန္ဒိယသမုဒ္ဒရာ၊ ပင်လယ်နီနဲ့ နိုင်းမြစ်ကျောတစ်လျှောက်က ရောက်လာတဲ့ ကုန်စည်ပစ္စည်းတွေ ဥရောပကိုဝင်ရောက်ရာ ဂိတ်ဝလည်းဖြစ်ပါတယ်။ ဒီမြို့မှာ ဆိပ်ကမ်းနှစ်ခုရှိပြီး အနောက်ဖက်မှာ မွတ်စလင်တို့ရဲ့ ဆိပ်ကမ်းဖြစ်ကာ၊ အရှေ့ဘက်ကတော့ ခရစ်ယာန်တွေရဲ့ ဆိပ်ကမ်းဖြစ်ပါတယ်။ အဲဒီဆိပ်ကမ်းနှစ်ခုကို ဖာရို (Pharos) လို့ခေါ်တဲ့ ကျွန်းလေးတစ်ခု ခြားထားပြီး ဒီကျွန်းလေးမှာရှိတဲ့ မီးပြတိုက်ကြီးကလည်း အဲဒီအချိန်တုန်းက ကမ္ဘာ့အံ့ချီးဖွယ်ရာ အဆောက်အဦးတစ်ခု ဖြစ်ခဲ့ပါတယ်။

    car
    တူရကီနိုင်ငံရှိ ကာရာဗန်ဆရီ ပရဟိတ ဖောင်ဒေးရှင်းတစ်ခု၏ အကျွင်းအကျန်တစ်ချို့

    အဲဒီ ကုန်သည်လမ်းကြောင်းတစ်လျှောက်က ခေတ္တရပ်နားရာနေရာတွေမှာ ကာရာဗန်ဆရီ (Caravansaries) လို့ခေါ်တဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး စီမံခန့်ခွဲပေးတဲ့အဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့ဟာ ပရဟိတအဖွဲ့တစ်ခုလည်းဖြစ်ပြီး ကုန်သွယ်တွေကို နေရာထိုင်ခင်း၊ စားစရာသောက်စရာတွေကို ၃ ရက် အခမဲ့ပေးကာ တစ်ခါတစ်ရံမှာ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေတစ်လျှောက် ကီလိုမီတာ ၃၀ အကွာတိုင်းမှာရှိတဲ့ ရပ်နားစခန်းတွေမှာလည်း သွားရောက်ပြီး ၀န်ဆောင်မှုတွေ ပေးလေ့ရှိပါတယ်။

    ကမ္ဘာတစ်ဝှမ်း ကုန်စည်သေတ္တာပေါင်းစုံကို သယ်ဆောင်လာတဲ့ ကုန်သည်တွေဟာ သူတို့နဲ့အတူ အစ္စလာမ်သာသနာကိုလည်း သယ်ဆောင်ဖြန့်ဖြူးခဲ့ပါတယ်။ ၈ ရာစုမှာ အခု ကန်တုံဒေသ (Canton) လို့ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ ဂွမ်ဇူ (Guangzhou) ကမ်းရိုးတန်းအထိ မွတ်စလင်တွေနဲ့ ဂျူးကုန်သည်တွေဟာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ မွတ်စလင်ကုန်သည်တွေဟာ အာဖရိကအထိ ၀င်ရောက်သွားလာခဲ့ပြီး အစ္စလာမ်သာသနာကို ဆဟာရတစ်ဝှမ်းမှာ မိတ်ဆက်ပေးခဲ့သူကတော့ ဘာရ်ဘာရ်ကုန်သည်တွေ (BerBer) ဖြစ်ပါတယ်။ ပင်လယ်နီ၊ အဲဒီကနေတစ်ဆင့် နိုင်းမြစ်နဲ့ ဆက်သွယ်နေတဲ့ ကုန်သွယ်လမ်းကြောင်းတည်ရှိရာ အာဖရိကအရှေ့မြောက်ဖက်က ခြေသလုံးအိမ်တိုင်လူမျိုးစုတွေ အားလုံးဟာ သူတို့ရဲ့ ကြိုးပမ်းမှုကြောင့် အစ္စလာမ်ဘာသာဝင်တွေ ဖြစ်လာခဲ့ကြပါတယ်။

    အစ္စလာမ်ကမ္ဘာက အချို့ဒေသတွေဟာ ကုန်သွယ်စီးပွားရေးဆောင်ရွက်ရာမှာ အရေးပါတဲ့နေရာတွေ ဖြစ်လာတာကြာင့် လူ့အဖွဲ့အစည်းတွေကလည်း မြင့်မားတိုးတက်ခဲ့ပါတယ်။ တူနီးရှားကာ အလ်-ကွေရာဝမ် (Al-Qayrawan) ဒေသ၊ မော်ရိုကိုက စီဂျီလ်မာဆာ (Sijilmasa) ဒေသတွေအကြောင်းကို ၁၀ ရာစု ကမ္ဘာလှည့်ခရီးသွားဖြစ်တဲ့ အစ်ဗနေ့ ဟောင်ကဲလ် (Ibn Hawqal) က သူ့ရဲ့ Book of the Routes of the Kingdoms (ဘုရင့်နိုင်ငံများဆီသို့သွားရာကျမ်း) ဆိုတဲ့ စာအုပ်ထဲမှာ အောက်ပါအတိုင်း ရေးသားဖော်ပြထားပါတယ်။

    “မဂ်ရဘ် (Maghreb- တူနီးရှား) မှာ အကြီးဆုံးမြို့ဖြစ်တဲ့ အလ်-ကွေရာဝမ်ဟာ ကုန်စည် ကူးသန်းရောင်းဝယ်မှုအပိုင်းမှာ အားလုံးထက် သာလွန်ပါတယ်။ ပြီးတော့ ချမ်းသာကြွယ်ဝတယ်။ လှပတဲ့ ဈေးတန်းတွေလည်း ရှိပါတယ်။ မဂ်ရဘ်က ပြည်နယ်တွေနဲ့ ဒေသတွေအားလုံးက ၀င်ငွေဟာ ဒီနာ သန်း ၇၀၀ နဲ့ ၈၀၀ ကြားမှာ ရှိတယ်လို့လည်း ပြည်သူ့ဘဏ္ဍာတိုက်ရဲ့ ငွေတိုက်စိုး အဘူလ်-အလ်ဟာဆာ (Abu al-Hasa) ရဲ့ ပြောကြားမှုကိုလည်း ကျွန်တာ် ကြားခဲ့ရပါတယ်”

    ကြွေရည်သုတ် ဖန်ထည်၊ မှန်ထည်ပစ္စည်းတွေ၊ ဒီဇိုင်းအလှ လယ်သာ၊ အုတ်ကြွတ်တွေ၊ မြေထည်တွေ၊ စာအုပ်၊ ကောဇော၊ ဆင်စွယ်ပန်းပုလက်ရာ၊ စာပန်းချီ၊ ဒမတ်စကတ်လုပ် ဓားအပါအ၀င် သတ္ထုထည်တွေ၊ ပန်းအိုးတွေ၊ ချည်ထည်တွေ၊ ပိုးထည်တွေ စတာတွေအပါအ၀င် အစ္စလာမ်ကမ္ဘာက ပစ္စည်းအများအပြားကို ဥရောပ၊ အာရှနဲ့ အာဖရိကတို့က တင်သွင်းခဲ့ကြပါတယ်။

    မွတ်စလင်တွေရဲ့ ချည်ထည်တွေ၊ သတ္တုပစ္စည်းတွေနဲ့ ဖန်ထည်တွေ၊ ဆပ်ပြာတွေဟာ အဲဒီအချိန်တုန်းက အရည်အသွေးကောင်းမွန်ပြီး ဈေးကောင်းရခဲ့ပါတယ်။ မမ်လုက်မင်းဆက် (Mamluk) လက်ထက်က ထွက်ရှိခဲ့တဲ့ ရွှေဆိုင်း၊ ကြွေရည်သုတ်မှန်ထည်တွေ၊ ဇိမ်ခံပစ္စည်းတွေကို ပင်လယ်နက်ရဲ့ မြောက်ဖက် ကမ်းခြေတွေနဲ့ ဥရောပက စကန်ဒီနေးဗီးယား၊ ဥရောပ မြောက်ပိုင်းနဲ့ ဟော်လန်က မက်စ်ထရစ်ခ်ျ ဒေသ (Maastricht) တွေမှာ ရှေးဟောင်းသုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

    ကန္တာရခရီးသည်

    trade

    Caravan လို့ခေါ်တဲ့ မွတ်စလင် ကန္တာရခရီးသည်တွေဟာ ကုန်စည်တွေ၊ တိရစ္ဆာန်တွေနဲ့အတူ စီတန်းကာ အလွန်ဝေးကွာတဲ့ ခရီးကို သွားကြတာဖြစ်ပြီး ကမ္ဘာ့ ဟိုဘက်အခြမ်း၊ ဒီဘက်အခြမ်းကို ရောက်ရှိခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘုရားဖူးဖို့ ဒါမှမဟုတ် ကုန်သွယ်ဖို့ဖြစ်ပြီး ကန္တာရခရီးနှင်ကြတဲ့ အဲဒီကုန်သည်တွေဟာ တရုတ်ပြည်လို ဝေးကွာတဲ့နေရာတွေကို ရောက်ခဲ့သလို၊ အိန္ဒိယ၊ ပါရှား၊ ဆီးရီးယားနဲ့ အီဂျစ်တို့အထိ ခြေဆန့်ခဲ့ကြပါတယ်။

    ကုလားအုပ်နဲ့ ခရီးသွားတဲ့ တစ်ချို့အုပ်စုတွေမှာ လူအရမ်းများပြီး တစ်ဦးတစ်ယောက်အနေနဲ့ သူ့နေရာက ထသွားလိုက်ရင် အဲဒီနေရာကို ပြန်ရှာလို့ မရတော့လောက်အာင် လူတွေ ပြည့်ကျပ်ခဲ့ပါတယ်။ အဲဒီ အုပ်စုတွေဟာ အစားသောက်တွေကို မိုးပြဲဒယ်ကြီးနဲ့ ချက်လေ့ရှိပြီး သူတို့ထက် ဆင်းရဲနိမ့်ပါးတဲ့ သူတွေကိုလည်း ရက်ရက်ရောရော ကျွေးလေ့ရှိကာ လမ်းမလျှောက်နိုင်တဲ့သူတွေအတွက် သူတို့ရဲ့ အစီးအနင်းတွေကို လှူဒါန်းကြပါသေးတယ်။

    သူတို့သွားတဲ့နေရာတိုင်းကို သိုးတွေ၊ ဆိတ်တွေ ယူဆောင်သွားလေ့ရှိပြီး ဒီတိရစ္ဆာန်တွေကနေ နို့ကို သောက်သုံးကြပါတယ်။ ကုလားအုတ်ရဲ့ နို့နဲ့ အသားတွေက သူတို့အဟာရရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သလို၊ ခြောက်သွားတဲ့ အရိုးတွေကလည်း ချမ်းအေးတဲ့ ညဘက်တွေမှာ မီးဖိုဖို့ အသုံးဝင်ပါတယ်။ ခရီးလမ်းတစ်လျှောက်မှာ သူတို့ယူဆောင်လာတဲ့ ဂျုံမှုန့် ဆား၊ ရေတို့နဲ့ ပေါင်မုန့်အကြမ်း၊ အချောတွေကို လုပ်စားကြပါတယ်။ သောက်ရေကိုတော့ ဆိတ်သားရေ၊ ကျွဲသားရေတွေနဲ့လုပ်ထားတဲ့ အိတ်တွေနဲ့ ယူဆောင်ကြပါတယ်။ ရေရှိတဲ့နေရာတွေကတော့ သူတို့ရဲ့ စခန်းချရာနေရာတွေပါ။ သဲကန္တရာအတွင်း နေ့ဘက်မှာ အလွန်ပူပြင်းတာကြောင့် ညဘက်တွေက သူတို့ ခရီးနှင်ရာ အချိန်ဖြစ်ပြီး မီးတုတ်တွေက မီးရောင်တွေကြောင့် ကန္တာရခရီးသည်တွေရဲ့ သွားရာ လမ်းတစ်လျှောက်ဟာ နေ့ခင်းဘက်လို လင်းလက်တောက်ပနေပါတော့တယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • လေစွမ်းအင်၏ အစ- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၇)

    လေစွမ်းအင်၏ အစ- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၇)

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    wind-power

    – ဘယ်လိုအရာမျိုးကိုပဲ ထုတ်လုပ်သည်ဖြစ်စေ စွမ်းအင်ကတော့ လိုအပ်စမြဲပါပဲ။ ဓာတ်ဆီ၊ ဒီဇယ်တွေနဲ့ လည်ပတ်တဲ့ စက်တွေ မပေါ်ခင်မှာ စွမ်းအင်တွေကို ပြည့်ဖြိုးမြဲ ရင်းမြစ်တွေကနေ ထုတ်ယူသုံးစွဲကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီအရင်က အစ္စလာမ်ကမ္ဘာမှာ စက်ပစ္စည်းတစ်ခု လည်ပတ်ဖို့အတွက် ရေစွမ်းအင်ကို အသုံးပြုခဲ့ကြပြီး စက်ဝိုင်းပုံ လည်ပတ်မှုကနေ အလျားလိုက်လည်ပတ်မှုကို ပြောင်းပေးတဲ့ ဂေါက်တံအသုံးပြု စနစ်ကြောင့်လည်း ဒီ စက်ပစ္စည်းတွေရဲ့ အသုံးဝင်မှုက တွင်ကျယ်ခဲ့ပါတယ်။

    အဲဒီလို စက်မျိုးတွေကို ရေသွယ်မြောင်းတွေကနေတစ်ဆင့် မြို့တွေရွာတွေရဲ့ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ ရေပေးဝေရေးစနစ်မှာ အသုံးပြုခဲ့ကြပါတယ်။ ရေစွမ်းအင်ကို အသုံးပြုထားတဲ့ ကြိတ်စက်တွေကို မွတ်စလင်တွေက တီထွင်အသုံးပြုခဲ့ကြပေမယ့် အစ္စလာမ်ကမ္ဘာရဲ့ ခြောက်သွေ့လွန်းတဲ့ ဒေသတွေမှာ ရေအလုံအလောက် မရှိတာကြောင့် ဒီစနစ်က အဆင်မပြေပါဘူး။ ဒါ့ကြောင့် မွတ်စလင်တွေဟာ နောက်ထပ် စွမ်းအင်ရရှိမယ့် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ကြပါတယ်။

    ရေစီးအားကို ရာသီအလိုက်သာရရှိတဲ့ အာရေဗျသဲကန္တာရက နောက်ထပ် ရင်းမြစ်တစ်ခုကတော့ လေအား ဖြစ်ပါတယ်။ သဲကန္တာရက လေလမ်းကြောင်းဟာ ပုံသေရှိတတ်ပြီး တစ်နေရာတည်းကနေ တိုက်ခတ်တာမျိုးပါ။ ဒါ့ကြောင့် ၇ ရာစုမှာ ပါရှန်မွတ်စလင်တွေဟာ လေအားသုံး ကြိတ်စက်တွေကို တီထွင်ခဲ့ကြပြီး ထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့ကြပေမယ့် ကမ္ဘာတစ်ဝှမ်းကို လျင်လျင်မြန်မြန် ပြန့်နှံလောက်တဲ့အထိ မတွင်ကျယ်ခဲ့ပါဘူး။ သမိုင်းပညာရှင်အများစုကတော့ မွတ်စလင်တွေရဲ့ ဒီလေအားသုံးကြိတ်စက် စနစ်ကို ၁၂ ရာစုမှာ ခရူးဆိတ် ခရစ်ယာန်သာသနာပြု စစ်တပ်တွေကနေတစ်ဆင့် ဥရောပကို မိတ်ဆက်ပေးခဲ့တယ်လို့ ယူဆထားကြပါတယ်။

    အစ္စလာမ်ကမ္ဘာကို ၆၃၄ ခုနှစ်ကနေ ၁၀ နှစ်တာ အုပ်စိုးခဲ့တဲ့ ဒုတိယမြောက်သမ္မတ အုမရ်သခင်ထံ ပါရှန်လူမျိုးတစ်ယောက် ရောက်လာခဲ့ပြီး သူ့အနေနဲ့ လေအားကိုအသုံးပြုတဲ့ ကြိတ်စက်တစ်ခုကို တည်ဆောက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် သမ္မတကြီးက ဆောက်လုပ်ဖို့ အမိန့်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ပြောင်းတွေ၊ ဂျုံတွေကို ကြိတ်ရာမှာသာမက ရေပေးဝေရေး စနစ်တွေမှာလည်း  လေအားကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပြီး သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့ကြပါတယ်။ ဒီလို လေအားစွမ်းအားသုံး စက်ပစ္စည်းတွေကို ပါရှားပြည်က စစ္စတန်ဆိုတဲ့ ပြည်နယ်မှာ စတင် အသုံးပြုခဲ့ပြီး ၁၀ ရာစု ဘူမိဗေဒပညာရှင် အလ်-မက်စ်အူဒီ (Al-Masudi) က ထိုဒေသကို ‘လေနှင့်သဲတို့၏ဌာနေ’ လို့ ကင်ပွန်းတပ်ခဲ့ကာ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

    “ဒီဒေသက ၀ိသေသလက္ခဏာတစ်ခုကတော့ ဥယျာဉ်ခြံတွေကို ရေပေးဖို့အတွက် ရေပန့်တွေကို လေစွမ်းအားနဲ့ မောင်းနှင်တာပဲ ဖြစ်ပါတယ်”

    အစောပိုင်း လေအားသုံးကြိတ်စက်တွေက နှစ်ထပ်အဆောက်အဦးတွေဖြစ်ပြီး ရဲတိုက်တွေရဲ့ ခေါင်မိုး၊ တောင်ထိပ်တွေနဲ့ ကြီးမားတဲ့အဆောက်အဦးတွေရဲ့ အပေါ်တွေမှာ တည်ဆောက်ကြတာ ဖြစ်ပါတယ်။ အပေါ်ထပ်မှာ ကြိတ်စက်ကိုထားပြီး၊ အောက်ထပ်မှာတော့ ပိတ်စနဲ့လုပ်ထားတဲ့ ရွက် ၆ ခု၊ ဒါမှမဟုတ် ၁၂ ခုနဲ့ လည်ပတ်တဲ့ ဘီးတစ်ခုရှိပါတယ်။ အဲဒီ အောက်ထပ်ရဲ့ နံရံတွေမှာ လေ၀င်ပေါက် ၄ ခုဖောက်ထားပြီး အတွင်းဘက်ကို ကျဉ်းအောင်လုပ်ထားကာ ၀င်လာတဲ့လေက ရွက်တွေကို တိုက်ရိုက်ထိတွေ့ပြီး လည်နှုန်း မြန်စေတာ ဖြစ်ပါတယ်။

    winmill-afghan
    အာဖဂန်မှ ရှေးဟောင်း လေးအားသုံး ကြိတ်စက်

    အဲဒီအချိန်တုန်းက လေအားသုံးကြိတ်စက်တွေဟာ လေရဟတ်ရဲ့အဆုံးက သစ်သားစလင်ဒါနဲ့ ကြိတ်စက်ကို ဆက်ထားတာဖြစ်ပါတယ်။ အဲဒီစလင်ဒါဟာ အကျယ် မီတာဝက် (၁.၆ ပေ)၊ အမြင့် ၃.၅ မီတာကနေ ၄ မီတာ (၁၁.၅ ပေကနေ ၁၃.၁ ပေ) ရှိပြီး လေအားရရှိဖို့အတွက် အရှေ့မြောက်ဖက်ကို အဖွင့်ထားတဲ့ တာဝါဆီကို အလျားလိုက် တက်သွားတာဖြစ်ပါတယ်။ အဲဒီစလင်ဒါမှာ လျှော်ဖတ်တွေ၊ စွန်ပလွန်ရွက်နေတဲ့ ပြုလုပ်ထားတဲ့ ရွက်တွေကို ၀င်ရိုးပါတဲ့ ရှက်ဖ် (Shaft) နဲ့ ဆက်သွယ်ထားပါတယ်။ တာဝါပေါ်မှာ လေတိုက်တဲ့အခါ ရွက်တွေကိုလေတိုးတာကြောင့် shaft ကလည်း လည်ကာ ကြိတ်စက်ကို လှုပ်ရှားစေတာဖြစ်ပါတယ်။

    အဲဒီလို လေအားသုံးကြိတ်စက်တွေကို မိတ်ဆက်ပေးနိုင်ခဲ့တာဟာ သိပ္ပံနဲ့ စက်မှုအင်ဂျင်နီယာနယ်ပယ်မှာ  ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပြီး နည်းလမ်းအသစ်တွေ ပေါ်ထွက်မှုဆီ ဦးတည်ခဲ့ပါတော့တယ်။

    ကြိတ်စက်မှသည် ရေပေးရေးဆီသို့

    new_doc_5
    ၁၄ ရာစု မွတ်စလင်ပညာရှင် အလ်-ဒီမက်ရှ်ကီ (Al-Dimashqi) ရေးစွဲခဲ့သည့် ရေစွမ်းအင်သုံး ကြိတ်စက်၏ ဒေါင်လိုက်ပုံ

    လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က ဘူမိဗေဒပညာရှင် အလ်-မက်စ်အူဒီ (Al-Masudi) ဟာ ပါရှန်ပြည် စစ္စတန် ပြည်နယ် (Sistan) (ယနေ့ခေတ် အာဖဂန်နစ္စတန်အနောက်ပိုင်း) မှာ လေအားသုံး ကြိတ်စက်တွေကို လယ်ယာစိုက်ခင်းတွေ ရေပေးဝေတဲ့နေရာမှာ အသုံးချခဲ့ကြောင်း ဖော်ထုတ်ရေးသားခဲ့ပါတယ်။ ယခင်က ရေအားသုံး ကြိတ်စက်တွေကို အသုံးပြုခဲ့ပေမယ့် ရေစီးအားနည်းသွားတဲ့ ခြောက်သွေ့ရာသီတွေမှာ ဒါက သိပ်အလုပ်မဖြစ်ပါဘူး။ ဒါ့ကြောင့် မွတ်စလင်အုပ်ချုပ်သူတွေဟာ သဲကန္တာရအတွင်း လေးလလောက် အဆက်မပြတ် တိုက်ခိုက်တဲ့ လေတိုက်အားကို အသုံးပြုပြီး လေစွမ်းအင်သုံး ကြိတ်စက်တွေကို တည်ဆောက်ဖို့ အမိန့်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ မွတ်စလင်တွေအုပ်စိုးတဲ့ ဒေသအတွင်းမှာ ဒီကြိတ်စက်တွေဟာ အလျှိုအလျှို ပေါ်ထွက်လာခဲ့ပါတယ်။

    ဥရောပမှာ အသုံးပြုတဲ့ လေစွမ်းအင်သုံး ကြိတ်စက်တွေနဲ့ မတူတာက အလယ်အာရှက လေအားသုံးကြိတ်စက်တွေဟာ လေတိုက်အားကို ဖမ်းယူဖို့အတွက် ဒေါင်လိုက် ရွက်တွေကို အသုံးပြုတာပဲ ဖြစ်ပါတယ်။ ဒီ လေစွမ်းအင်သုံး ကြိတ်စက်တွေကို ရဲတိုက်တွေရဲ့ ခေါင်မိုး၊ တောင်တွေရဲ့ထိပ်မှာ တည်ဆောက်လေ့ရှိပါတယ်။

    လယ်သမားတွေဟာ ဒီလေစွမ်းအင်သုံး ကြိတ်စက်တွေကို ကောက်ပဲသီးနှံတွေ ကြိတ်ခွဲရာမှာသာမက စိုက်ခင်းတွေကို ရေပေးဝေရာမှာပါ အသုံးပြုခဲ့တာကို အလ်-မက်စ်အူဒီက တွေ့မြင်ခဲ့ပါတယ်။ ဒီ သန့်ရှင်းတဲ့ စွမ်းအင်တွေဟာ စွမ်းအင်ထောက်ပံ့ရေး ပြဿနာအတွက် ကောင်းမွန်တဲ့အဖြေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး အဆောက်အဦးတွေမှာ လေကောင်းလေသန့် ရရှိစေဖို့အပါအ၀င် အခြားသော ကဏ္ဍတွေမှာလည်းအသုံးပြုခဲ့ကြပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • ဆည်တမံများ- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၆)

    ဆည်တမံများ- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၆)

    စက်တင်ဘာ ၉၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    khaju-bridge-14
    အီရန်နိုင်ငံ အစ္စဖာဟန်မြို့ရှိ ဇေအန်ဒါဟ်မြစ် (Zayandeh) ပေါ်တွင် တည်ရှိပြီး တံတားနှင့် ရေလှောင်တမံအဖြစ် နှစ်မျိုးစလုံး အသုံးပြု၍ရသသည့် ခါဂျူ တံတား (Khaju Bridge)

    – ဆည်တွေ၊ တာတမံတွေဆိုတာ လူသားတွေ တည်ဆောက်ခဲ့တဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ အဆောက်အဦးတွေထဲမှာ အကြီးမားဆုံး အဆောက်အဦးတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဆည်တွေ၊ တာတမံတွေ မရှိဘူးဆိုရင်တော့၊ ရေကြီးမှုတွေကြောင့် လယ်ယာမြေတွေ ပျက်ဆီးတာမျိုးတွေ ဖြစ်နိုင်ပြီး လယ်ယာယာမြေတွေအတွက် ရေပေးဝေမှုကိုလည်း ယနေ့လောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ အဲဒီ ဆည်တွေကို အသုံးပြုပြီး ရေးအားလျှပ်စစ်ထုတ်ဖို့ဆိုတာလည်း စဉ်းစားလို့ တောင် ရမှာမဟုတ်ပါဘူး။

    မွတ်စလင်တွေဟာ ဆည်တမံ အမျိုးစားပေါင်းစုံကို ဒီဇိုင်းပေါင်းစုံနဲ့ လွန်ခဲ့တဲ့ ရာစုနှစ်တွေကတည်းက တည်ဆောက်ခဲ့ကြတာပါ။ အဲဒီလို မွတ်စလင်တွေက တည်ဆောက်ခဲ့တဲ့ ဆည်တွေထဲမှာ ဒီဇိုင်းအရရော၊ လက်ရာအရရော အထူးခြားဆုံး ဆည်တွေကတော့ ၉ ရာစု တူနီးရှားမင်းဆက် အဂ်လာဘစ်ဒ် (Aghlabids) လက်ထက် မြို့တော် အလ်-ကွေရာဝမ် (Al-Qayrawan) မှာ တည်ဆောက်ခဲ့တဲ့ ဆည်တွေပဲ ဖြစ်ပါတယ်။ ၁၁ ရာစုမှာ စပိန်တာင်ပိုင်းက သမိုင်းနဲ့ ဘူမိဗေဒပညာရှင် အလ်-ဘာကရီ (Al-Bakri) က အဲဒီ ဆည်တမံတွေထဲက တစ်ခုရဲ့ တည်ဆောက်ပုံအကြောင်းကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

    “(ဆည်တမံများမှာ) စက်ဝိုင်းသဏ္ဍာန်ရှိပြီး အရွယ်အစားကြီးမားသည်။ အလယ်တွင် ဆဌဂံပုံ မျှော်စင်တစ်ခုရှိပြီး တံခါးလေးခုပါသည့် အခန်းတစ်ခုလည်း ရှိသည်။ အမိုးခုံးနှင့် အခန်းငယ်များက ရေလှောင်ကန်၏ မြောက်ဘက်မှ တောင်ဘက်အခြမ်းအထိ အစီအရီ ဆက်စပ်၍ သွားလေသည်”

    အီရန်နိုင်ငံက နာမည်ကြီး ဆည်တမံတစ်ခုကတော့ ကီဘာရ်ဆည် (Kebar) ဖြစ်ပြီး သက်တမ်း နှစ် ၇၀၀ ရှိတဲ့ သက်တမ်းအရင့်ဆုံး လေးကိုင်းသဏ္ဍာန် ဆည်ကြီးဖြစ်ပါတယ်။ အဲဒီခေတ်အခါတုန်းက တည်ဆောက်ခဲ့တဲ့ ဆည်တွေလိုပဲ ဒီဆည်ကိုလည်း အုတ်ကျိုးအုတ်ပဲ့တွေကို မဆလာနဲ့ ရောသမမွှေကာ ကွန်ကရစ်အဖြစ် ပုံဖော်ပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ အသုံးပြုခဲ့တဲ့ မဆလာကိုတော့ ထုံး၊ သဲကန္တာရမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးရဲ့ ပြာတွေနဲ့ ပေါင်းစပ်ကာ ဖန်တီးတာဖြစ်ပြီး ရေမစိမ့်နိုင်လောက်အောင်၊ မအက်ကွဲနိုင်လောက်အောင် ခိုင်မာ တောင့်တင်းခဲ့ပါတယ်။ လေးကိုင်းသဏ္ဍာန် ဆောက်လုပ်ထားတဲ့ ဆည်တွေထဲမှာ နောက်ထပ် အထူးခြားဆုံး ဆည်တစ်ခုကတော့ ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့နားမှာ တည်ဆောက်ထားတဲ့ ကူဆေဘာဟ်ဆည် (Qusaybah) ပဲ ဖြစ်ပါတယ်။ အဲဒီဆည်ကြီးဟာ မီတာ ၃၀ (၉၈.၄ ပေ) မြင့်ပြီး၊ ၂၀၅ မီတာ (၆၇၃ ပေ) ရှည်လျားပါတယ်။

    ဒီနေ့ခေတ် အာဖဂန်နစ္စတန်မှာ ၁၁ ရာစုက ဘုရင် ဆူလ်တန် မဟ်မူးဒ် (Sultan Mahmud) က ဆည်ကြီး ၃ ခုကို ဆောက်လုပ်ခဲ့ပြီး သူ့အမည် မှည့်ခေါ်ထားတဲ့ ဆည်တစ်ခုဟာ ကဘူးလ်မြို့ အနောက်တောင်ပိုင်း ကီလိုမီတာ ၁၀၀ (၆၂ မိုင်) အကွာမှာ တည်ရှိပါတယ်။ ဒီဆည်ရဲ့အမြင့်က ၃၂ မီတာ (၁၀၅ ပေ) ရှိပြီး အကျယ်ကတော့ ၂၂၀ မီတာ (၇၂၂ ပေ) ရှိပါတယ်။

    စပိန်ကို မွတ်စလင်တွေအုပ်ချုပ်စဉ်လက်ထက်မှာ ဆောက်ခဲ့တဲ့ ဆည်ပေါင်းဟာ မရေမတွက်နိုင်ပါဘူး။ သူတို့သုံးတဲ့ မဆလာတွေဟာ ဘိလပ်မြေတွေလိုဖြစ်ပြီး ကျောက်တုံးတွေထက်အောင် ပိုပြီး မာကျောပါတယ်။ တူရီယာမြစ် (Turia) ပေါ်မှာ တည်ဆောက်ထားတဲ့ ဆည်တမံ ၈ ခုဟာ မြစ်ရဲ့အောက်ဖက် ၁၅ ပေအထိ ဖောင်ဒေးရှင်းယူထားပြီး အဲဒီဖောင်ဒေးရှင်းကိုလည်း သစ်သားပိုင်တွေ ရိုက်ထည့်ကာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မြစ်ရဲ့ ရေလမ်းကြောင်း ပြောင်းလဲတတ်မှုကြောင့် ဒီလို ခိုင်ခံ့တဲ့ ဖောင်ဒေးရှင်းမျိုး လိုအပ်တာဖြစ်ပါတယ်။ ရေကြီးတဲ့ အချိန်မျိုးမှာဆိုရင် ဒီမြစ်ရဲ့ ရေစီးအားက သာမန်ထက် အဆပေါင်းရာနဲ့ချီ ပြင်းထန်ပါတယ်။ ရာစုနှစ် ၁၀ ခုလောက် ကြာပြီးတဲ့ နောက်ပိုင်းမှာတောင်မှ ဒီဆည်တွေဟာ ဗလင်စီယာဒေသက လယ်ယာမြေတွေ ရေသွင်းစိုက်ပျိုးမှုလုပ်ငန်းအတွက် အသုံးဝင်နေဆဲဖြစ်ပြီး နောက်ထပ် ဆည်အသစ် ထပ်ဆောက်စရာ မလိုအပ်ခဲ့ပါဘူး။

    ဂွာဒါလ်ကွီဗီရ်မြစ် (Guadalquivir) ပေါ်မှာ တည်ရှိတဲ့ ကော်ဒိုဘာမြို့ကတော့ စပိန်နိုင်ငံအတွင်း မွတ်စလင်တွေ တည်ဆောက်ခဲ့တဲ့ ဆည်တွေထဲမှာ အသုံးဝင်မှု သက်တမ်းအရှည်ဆုံး ဆည်တမံ တည်ရှိတဲ့ မြို့တစ်ခု ဖြစ်ပါတယ်။ ၁၂ ရာစု ပထ၀ီဝင်ပညာရှင် အလ်-အစ်ဒရီစီ (Al-Idrisi) က အဲဒီ ကော်ဒိုဘာမှာ တည်ဆောက်ထားတဲ့ဆည်ဟာ ကွစ်ဘ်တီယာ (Qibtiyy) လို့ခေါ်တဲ့ ကျောက်တုံးကြီးတွေနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး အသုံးပြုခဲ့တဲ့ တိုင်တွေကတော့ စကျင်ကျောက်တိုင်တွေ ဖြစ်ပါတယ်။ အဲဒီ ဆည်ရဲ့ အဆောက်အဦး အကြွင်းအကျန်တွေကိုတော့ ယနေ့အချိန်အထိ မြစ်ကြမ်းပြင်မှာ တွေ့မြင်နိုင်ပါတယ်။

    ဒီလို ကြီးမားခိုင်ခန့်တဲ့ အဆောက်အဦးတွေ တည်ဆောက်ဖို့အတွက် မွတ်စလင်အင်ဂျင်နီယာတွေဟာ astrolabe လို့ခေါ်တဲ့ နက္ခတာရာ တိုင်းတာရေး ကိရိယာတွေလို အဲဒီခေတ်ကာလမှာ အဆန်းပြားဆုံး မြေတိုင်းတာရေး နည်းလမ်းတွေ၊ ပစ္စည်းကိရိယာတွေ၊ ထရီဂိုနော်မေတြီ နည်းလမ်းတွေကို အသုံးပြုခဲ့ ကြပါတယ်။ ဆည်တွေကို ဆောက်လုပ်တဲ့အခါမှာလည်း ကျောက်တုံးကြီးတွေကို ဖြတ်တောက်ကာ အသုံးပြုခဲ့ကြပြီး အဲဒီကျောက်တုံးတစ်ခုနဲ့တစ်ခုကိုတော့ သံချောင်း (iron dowel) တွေနဲ့ ဆက်ကာ အဲဒီ သံချောင်းထည့်တဲ့ အပေါက်ကို ခဲအရည်နဲ့ ပိတ်တာပါ။ အဲဒီအင်ဂျင်နီယာတွေရဲ့ အရည်အသွေး မြင့်မားမှုနဲ့ ဒီဇိုင်းဆန်းပြားမှုရဲ့ ရလဒ်ကတော့ ၇ ရာစုနဲ့ ၈ ရာစုက အဲဒီ ဆည်တမံရဲ့ ၃ ပုံတစ်ပုံဟာ ဒီနေ့အချိန်အထိ အကောင်းအတိုင်း ရှိနေတာ ဖြစ်ပါတယ်။ ကျန်တဲ့ ၂ ပုံကတော့ ဂျင်ဂျစ်ခန် (Genghis Khan) နဲ့ မွန်ဂိုတွေရဲ့ စစ်သားတွေ၊ စစ်ဘုရင် တာမာလိန်း (Timur the Lame) ရဲ့ နောက်လိုက်တွေက ဖျက်ဆီးတာတွေကို ခံခဲ့ရပါတယ်။

    beande-kaisar
    ဘန်ဒ်-အီ ကိုင်ဇာ ဆည်၏ အကြွင်းအကျန်များ

    မွတ်စလင်တွေဟာ ကြိတ်စက်တွေလည်ပတ်ဖို့အတွက် ဆည်တွေမှာ သိုလှောင်ထားတဲ့ရေတွေကို အသုံးချကာ ‘အစိမ်းရောင်စွမ်းအင်’ (green power) ကို စတင်အသုံးပြုခဲ့သူတွေလည်း ဖြစ်ပါတယ်။ အီရန်နိုင်ငံက ခူဇစ္စတန် (Khuzistan) ပြည်နယ်မှာ ဆောက်လုပ်ထားတဲ့ ပူလ်-အီ-ဘီလိုင်တီ (Pul-i-Bulaiti) ဆည်ကြီးမှာဆိုရင် ရေလွှတ်မြောင်းတွေပေါ်မှာ ကြိတ်စက်တွေကို တည်ဆောက်ထားပြီး ရေအားလျှစ်စစ်ထုတ်လုပ်နိုင်တဲ့ ဆည်တွေရဲ့ ရှေးအကျဆုံး ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုဆည်မျိုးဟာ မွတ်စလင်ကမ္ဘာ ဒီတစ်ခုတည်း ရှိခဲ့တာတော့ မဟုတ်ပါဘူး။ နောက်ထပ်ထူးခြားတဲ့ ဥပမာတစ်ခုကတော့ ဒစ်ဇ်ဖူလ် (Dizful) မြို့က ဘန်ဒ်-အီ ကိုင်ဇာ (Band-e Kaisar) လို့ခေါ်တဲ့ ဆည်ကြီးဖြစ်ပြီး အဲဒီဆည်ကို တံတားအဖြစ်ပါ အသုံးပြုလို့ရပါတယ်။ အဲဒီဆည်ကြီးဟာ အချင်း အတောင် ၅၀ ရှိတဲ့ ရေဘီးပါဝင်တဲ့ နိုရီယာ (ရေတင်စက်) ကိုလည်း လည်ပတ်စေပြီး အဲဒီ နိုရီယာကြီးကတော့ ဒစ်ဇ်ဖူလ်မြို့က နေအိမ်အားလုံးကို ရေပေးဝေနိုင်တဲ့ ရေအားသုံး ရေတင်စက်ကြီးဖြစ်ပါတယ်။ အဲဒီလို ရေအားသုံး စက်ကြီးတွေကို ယနေ့အချိန်အထိ တွေ့မြင်နိုင်ပါသေးတယ်။

    မွတ်စလင်အင်ဂျင်နီယာတွေရဲ့ ဒီလို စွမ်းဆောင်နိုင်မှုတွေကို သမိုင်းဆရာတွေက ချန်လှပ်ထားမှုနဲ့ ပတ်သက်ပြီး သမိုင်း ပညာရှင် နော်မန် စမစ် (Norman Smith) က အောက်ပါအတိုင်း ထောက်ပြခဲ့ပါတယ်။

    “အင်ဂျင်နီယာနဲ့ဆိုင်တဲ့ သမိုင်းပညာရှင်တွေဟာ မွတ်စလင်တွေရဲ့ ခေတ်ကာလကို လုံးဝ မေ့ထားခဲ့ကြပါတယ်။ အထူးသဖြင့် ဆည်တမံဆိုင်ရာ သမိုင်းပညာရှင်တွေဟာ မွတ်စလင်တွေ တည်ဆောက်ခဲ့တဲ့ ဆည်တွေအကြောင်းကို မဖော်ပြကြဘဲ အဆိုးဆုံးက အူမိုင်ယာမင်းဆက်၊ အဘ္ဘာစစ်မင်းဆက်တွေ လက်ထက်မှာ ဆည်တမံဆောက်လုပ်ရေး၊ လယ်ယာမြေ ရေပေးဝေးရေးနဲ့ အခြားသော အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းတွေဟာ သိသိသာသာ ကျဆင်းခဲ့ပြီး၊ ပျောက်ကွယ်လု ဖြစ်ခဲ့တယ်လို့ မှတ်ချက်ပြုကြခြင်းပါပဲ။ ဒါဟာ မတရားတဲ့၊ မမှန်ကန်တဲ့ ကောက်ချက် ချမှုပါ”

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • ရေပေးဝေမှုစနစ် – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၅)

    ရေပေးဝေမှုစနစ် – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၅)

    စက်တင်ဘာ ၂၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    syria
    ဆီးရီးယားနိုင်ငံ ဟာမာမြို့မှ နိုရီယက်စ်တစ်ခု

    – ယနေ့ခေတ်မှာ ရေပေးဝေမှုစနစ် မရှိဘူးဆိုရင် ဖြစ်လာမယ့်အကျိုးဆက်ဟာ မလွယ်ကူပါဘူး။ သင်ဟာ မြစ် ဒါမှမဟုတ် ရေတွင်းကနေ ရေခပ်ဖို့အတွက် မိုင်းပေါင်းများစွာ သွားရမယ်။ ရေစီးတဲ့နေရာဟာ ဝေးနေတယ်ဆိုရင် အဲဒီကရေကို ဘယ်လို ပုံးထဲ ထည့်ရမလဲဆိုကာ သေချာ စဉ်းစားရပါလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ က မွတ်စလင်တွေဟာ ရေတင်စက်တွေ၊ ရေစုပ်စက်တွေလို ဆန်းသစ်ပြီး အင်မတန်အသုံးဝင်တဲ့ ကိရိယာတွေကို တီထွင်ကာ ဒီအခက်အခဲတွေကို ကျော်ဖြတ်ခဲ့ကြပါတယ်။

    အဲဒီမွတ်စလင်တွေဟာ ရေစီးကြောင်း ရှာဖို့၊ လမ်းကြောင်းလွှဲဖို့၊ ရေသိုလှောင်ဖို့၊ ရေစုပ်တင်ဖို့အတွက် နည်းလမ်းအသစ်တွေကို တီထွင်ကြံဆခဲ့ကြပြီး သူတို့ ကိုယ်ပိုင် အသိပညာတွေ၊ တစ်ခြား လူ့အဖွဲ့အစည်းတွေက သိရှိထားတဲ့ အသိပညာတွေကနေ ရရှိလာတဲ့ ကိရိယာတွေကို ထူးကဲစွာ ပေါင်းစပ်အသုံးချခဲ့ကြပါတယ်။

    ရှဒွဖ်နဲ့ နိုရီယက်စ်

    shadoof1
    ရှဒွဖ်

    ရှေးဟောင်းအီဂျစ်တွေမှာ ‘ရှဒွဖ်’ (Shadoof) လို့ခေါ်တဲ့ ရေခပ်ကိရိယာတစ်ခု ရှိခဲ့ပါတယ်။ အဲဒီကိရိယာဟာ ရှည်လျားတဲ့ တုတ်တံကို အလည်မှာ ၀င်ရိုးဖောက်ကာ တိုင်တစ်ခုနဲ့ချည်ထားပြီး ထိပ်မှာ ရေပုံးကိုချိတ်ကာ မြစ်ထဲကရေကို ခပ်ယူရတဲ့ သာမန်ကိရိယာလေးဖြစ်ပြီး သူ့ခေတ်သူ့အခါမှာတော့ အင်မတန် အသုံးဝင်ခဲ့ပါတယ်။ အဲဒီတုတ်တံရဲ့ နောက်ဆုံးမှာ အလေးတစ်ခုကို တပ်ဆင်ထားပြီး ရေခတ်ချင်တဲ့အခါ ရေပုံကြိုးကိုဆွဲကာ မြစ်ထဲကို နှစ်ခပ်ရကာ ဆွဲတင်တဲ့အခါမှာတော့ နောက်က အလေးကြောင့် လူမပင်ပန်းတော့ပါဘူး။ ဒီကိရိယာလေးကို အခုအချိန်အထိ အီဂျစ်မှာ အသုံးပြုနေဆဲပါပဲ။

    ‘နိုရီယက်စ်’ (norias) လို့ခေါ်တဲ့ ရေဘီးတွေကတော့ တသွင်သွင်းစီးနေတဲ့ ရေစီးကြောင်းက ရေကို ကုန်းမြင့်ဆီ ခပ်တင်တာဖြစ်ပြီး ဘီစီ ၁၀၀ လောက်ကတည်းက အသုံးပြုခဲ့ကြတာပါ။ ရောမ စာရေးဆရာ၊ ဗိသုကာပညာရှင်နဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဗီထရူဗီးယက်စ် (Vitruvius) က ဒီရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ ရေဘီးတွေအကြောင်းကို တစ်ခုတ်တရ ရေးသားဖော်ပြခဲ့ဖူးပါတယ်။ အဲဒီ ရေဘီးတွေမှာ ရေစီးအားနဲ့လည်ဖို့ ဒလက်တွေတပ်ထားပြီး၊ ဘေးမှာ (တစ်ချို့ရေဘီးတွေမှာ ဒလက် ၂ ခုကြားမှာ) ရေပုံး ဒါမှမဟုတ် ရေခွက်တွေကို တပ်ဆင်ထားတာဖြစ်ပါတယ်။ ဘီးနဲ့အတူလိုက်လည်တဲ့ ပုံးတွေဟာ ရေစီးကြောင်းထဲရောက်ပြီး အပေါ်ကို ပြန်တက်တဲ့အခါမှာတော့ ရေတွေ ပါသွားခဲ့ပြီး အပေါ်ရောက်တဲ့အခါမှာ ရေသွယ်မြောင်းနဲ့ဆက်ထားတဲ့ တိုင်ကီကြီးထဲကို ရေသွန်ချလိုက်ပါတော့တယ်။ ရောမနဲ့ ပါးရှားတွေ အသုံးပြုခဲ့တဲ့ ဒီရေဘီးတွေကို မွတ်စလင်တွေက ပြန်လည် ဆန်းသစ်ခဲ့တာပါ။

    ၇ ရာစုနှောင်ပိုင်းက အီရတ်နိုင်ငံ ဘာဆရာမြို့မှာ တူးဖော်ခဲ့တဲ့ တူးမြောင်းတစ်ခုမှာ တပ်ဆင်အသုံးပြုခဲ့တဲ့ ရေဘီးကတော့ မွတ်စလင်တွေ ပထမဆုံး တည်ဆောက်ခဲ့တဲ့ ‘နိုရီယက်စ်’ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆီးရီးယားက ဟာမာမြို့ အိုရွန်တက်စ် မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ နိုရီယက်စ်ကြီးကလည်း အသုံးမပြုတာ ကြာပြီဖြစ်ပေမယ့် အခုအချိန်အထိ တည်ရှိနေပါတယ်။ အဲဒီနိုရီယက်စ်ကို ရေဘီးအကြီးတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အကြီးဆုံးဘီးကြီးကတော့ အချင်း မီတာ ၂၀ (၆၅.၅ ပေ) ရှိပြီး ဒလက်နဲ့ ခွက်ပေါင်း ၁၂၀ ပါဝင်ပါတယ်။ စပိန်နိုင်ငံ မာစီယာ (Murcia) ဒေသမှာရှိတဲ့ ‘လာနိုရာ’ (Lanora) ရေဘီးကြီးကတော့ လက်ရှိအချိန်အထိ အသုံးပြုနေပေမယ့် မူလသစ်သားဘီးတွေနေရာမှာ သံဘီးတွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီတစ်ခုတည်းသာ ပြောင်းလဲထားပေမယ့် တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံတွေကတော့ မူးရစ်ရှ်မွတ်စလင်တွေလက်ထက်တည်းက တပ်ဆင်ထားတဲ့အတိုင်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဒီလို နိုရီယက်စ်တွေ မြောက်များစွာရှိပြီး တစ်ခါတစ်ရံမှာ ခေတ်ပေါ် ရေစုပ်စက်တွေနဲ့ ယှဉ်လို့ရတဲ့ အနေအထားအထိ ရှိနေပါတယ်။

    norias
    နိုရီယက်စ်

    မွတ်စလင်ပညာရှင်ကြီး ၂ ဦး

    al din
    တာကီ အလ်-ဒင်

    ရေစီးအားနဲ့ တိရစ္ဆာန်တို့ကို အသုံးပြုတာဟာ အလုပ်ပိုတွင်စေတယ်လို့ ရှေးခေတ် မွတ်စလင် နည်းပညာသမားတွေက သိရှိခဲ့ကြပါတယ်။ အဲဒီ မွတ်စလင် နည်းပညာရှင်တွေထဲက အကြီးကျယ်ဆုံး ပညာရှင်နှစ်ဦးကတော့ အလ်-ဂျာဇာရီ (Al-Jazari) နဲ့ တာကွီ အလ်-ဒင် (Taqi al-Din) တို့ဖြစ်ပါတယ်။ ဒီပညာရှင်ကြီး နှစ်ဦးစလုံးဟာ စူးစမ်းဖော်ထုတ်မှု များစွာကို ပြုလုပ်ခဲ့ပြီး၊ လက်ဖျားခါလောက်တဲ့ စက်ကိရိယာတွေကိုလည်း တီထွင်ခဲ့ပါတယ်။ အဲဒီ စက်ကိရိယာတွေဟာ ယနေ့လူ့အဖွဲ့အစည်းမှာ မရှိမဖြစ်အရေးပါတဲ့ အလိုအလျောက် စက်ပစ္စည်းတွေကို ပေါ်ပေါက်လာပို့ မျိုးစေ့ချပေးခဲ့တာလည်း ဖြစ်ပါတယ်။

    အလ်ဂျာဇာရီဟာ ၁၃ ရာစုနှောင်းပိုင်းနဲ့ ၁၃ ရာစုအစောပိုင်းမှာ တူရကီနိုင်ငံတောင်ပိုင်းမှာ နေထိုင်ခဲ့တာဖြစ်ပြီး ၁၁၈၀ ပြည့်နှစ်မှာ အာတူကစ်မင်းဆက် (Artuquid) က ဘုရင် ဒီယာဘာကီရ် (Diarbakir) ရဲ့ မြှောက်စားခြင်းကို ခံခဲ့ရပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ဖြစ်တဲ့ အလ်-ဂျာဇာရီဟာ လက်ချောင်းတစ်ချောင်း လှုပ်စရာမလိုဘဲနဲ့ ရေပမာဏအမြောက်အများ စုပ်တင်နိုင်မယ့် ကိရိယာတစ်ခု တီထွင်ဖို့ဆိုတဲ့ အကြံအစည်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ သူဟာ  ဂေါက်တံ (crank) အသုံးပြုမှုကို ပထမဆုံး တီထွင်ခဲ့သူလည်း ဖြစ်ပါတယ်။ စက်ဝိုင်းပုံသဏ္ဍာန် ရွေ့လျားမှုကနေ အထက်အောက် ရွေ့ချားတဲ့စနစ်ကို ပြောင်းပေးတာကြောင့် ဒီဂေါက်တံဟာ စက်ကိရိယာနယ်ပယ်မှာ အရေးပါတဲ့ တီထွင်မှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒီနေ့မှာတော့ အဲဒီဂေါက်တံအသုံးပြု လည်ပတ်တဲ့စနစ်ကို ကလေးငယ်တွေ ကစားတဲ့ အရုပ်တွေကနေ ကားအင်ဂျင်တွေ၊ ယန္တရားကြီးတွေအထိ နေရာပေါင်းစုံမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

    Slider-crank စနစ်သုံး ရေတင်ကိယာ

    အလ်ဂျာဇာရီဟာ ရေလွှတ်မြောင်းတစ်ခုပါဝင်ပြီး တိရစ္ဆာန်ကိုအသုံးပြုလည်ပတ်တဲ့ ရေတင်ကိရိယာ တစ်ခုကို တီထွင်အသုံးပြုခဲ့ပါတယ်။ အဲဒီကိရိယာဟာ ဂီယာတွေနဲ့ ဂေါက်တံတစ်ခု စတာတွေ ပါဝင်တဲ့ ဆန်းပြားတဲ့ စနစ်တစ်ခုနဲ့ အထက်အောက်လည်ပတ်တာဖြစ်ပြီး ဒီစနစ်ကို slider-crank လို့ခေါ်ပါတယ်။ အဲဒီစက်မျိုးဟာ ဥရောပတိုက်မှာ အင်ဂျင်နီယာပညာရပ် တော်လှန်ပြောင်းလဲတဲ့ ကာလဖြစ်တဲ့ ၁၅ ရာစုနှစ်အထိ မပေါ်ထွက်ခဲ့ပါဘူး။

    slider crank
    Slider-crank စနစ်သုံး ရေတင်ကိယာ

     ရေစုပ်ပန့်များ

    အလ်ဂျာဇာရီဟာ ရေတင်စက်ကိရိယာ ၅ ခုကို တီထွင်ခဲ့ပြီး အဲဒီထဲကနှစ်ခုက ရှေးခေတ်အီဂျစ်တွေ အသုံးပြုခဲ့တဲ့ ရှဒွဖ်ကို အဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။ ဒီရှဒွဖ်တစ်ခုကို ဂီယာတွေနဲ့ အစားထိုးခဲ့ပြီး တိရစ္ဆာန်အား၊ ရေအားနဲ့ လည်ပတ်တာ ဖြစ်ပါတယ်။ ဂေါက်တံသုံးရှက်ဖ် (crank shaft) ကို မိတ်ဆက်ပေးခဲ့ပြီးတဲ့နောက်မှာ အလ်ဂျာဇာရီရဲ့ နောက်ထပ် အခြေခံကြပြီး အရေးပါတဲ့ တီထွင်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ရေအားသုံး ရေစုပ်ပန့်ဖြစ်ပြီး စက်သွား၊ ကြေးပစ်စတင်၊ စုပ်ခွက်၊ ရေဖြန့်ပိုက်နဲ့ တစ်ဖက်သွား အဆို့ရှင်တွေနဲ့ ပေါင်းစပ်တီထွင်ထားတာဖြစ်ပြီး (Reciprocating Pump) လို့ခေါ်ပါတယ်။ လယ်ယာစိုက်ပျိုရေး ကဏ္ဍမှာ ရေပေးဝေတာနဲ့ မိလ္လာစနစ်တွေမှာ အသုံးပြုတဲ့ အဲဒီရေပန့်ဟာ ရေကိုစုပ်ကာ ၁၂ မီတာ (၃၉.၄ပေ) အမြင့်မှာရှိတဲ့ ရေပေးဝေမှုစနစ်အထိ တင်ပေးနိုင်ပါတယ်။ ဒီရေစုပ်စက်ဟာ တစ်ဖက်မှာရှိ ပစ်စတင်တစ်ခုနဲ့ ရေတင်ပြီး နောက်တစ်မှာရှိတဲ့ ပစ်စတင်တစ်ခုနဲ့ ရေဖြန့်ဝေပေးတဲ့ ဆောက်ရွက်ချက်နှစ်ခုသုံး နိယာမရဲ့ ရှေးအကျဆုံး နမူနာတစ်ခု ဖြစ်ခဲ့ပြီး အလ်ဂျာဇာရီက ပစ်စတင်နှစ်ခုကို အသေထားကာ တစ်ဖက်သွား အဆို့ရှင်တွေနဲ့ ဒီရေစုပ်ပန့်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ခဲ့ပါတယ်။

    ပစ်စတင်တွေ ရှေ့တိုးနောက်ငင် လှုပ်ရှားပြီး လည်ပတ်တဲ့ အဲဒီရေစုပ်စက်ရဲ့ အသုံးပြုပုံကတော့ ရေအားအသုံးပြု ဆန်ကြိတ်စက်လိုပါပဲ။ ဒီရေပန့်ကို ရေစီးသန်တဲ့ မြစ်ဘေးမှာ တည်ဆောက်ပြီး စက်ရဲ့ ဒလက်တစ်ဝက်လောက်ကို ရေစီးလမ်းကြောင်းမှာ နှစ်မြှုပ်ထားပါတယ်။ ဒလက်ရဲ့ တစ်ဖက်ချက်စီမှာ ရေ၀င်ပိုက် နှစ်ခုကို ထားရှိပြီး အလယ်မှာ ပစ်စတင် နှစ်ခုနဲ့ ဆက်ထားပါတယ်။ ဒလက်နဲ့ဆက်ထားတဲ့ စက်သွားက ရေစုပ်စက်ရဲ့အတွင်းပိုင်း ဂီယာလုပ်ငန်းစဉ်ကို မောင်းနှင်ပေးကာ လီဗာအတံရဲ့ လှုပ်ရှားမှုကတစ်ဆင့် ပစ်စတင် ရှေ့တိုးနောက်ငင်ဖြစ်ကာ ရေစုပ်တဲ့လုပ်ငန်းကို လုပ်ဆောင်တာဖြစ်ပါတယ်။

    rc pump 2
    အလ်-ဂျာရီ၏ Reciprocating Pump ဒီဇိုင်း လက်ရေးမူ (၀ဲ) နှင့် 3D ပုံစံငယ် (ယာ)

    ဒီစနစ်မှာ ရေ၀င်ပိုက်နဲ့ ရေထွက်ပိုက်မှ အဆို့ရှင်နှစ်ခုရှိပြီး ရေစုပ်တာ ပိုက်တွေကနေ ရေပြန်ထုတ်တာတွေကို လုပ်ဆောင်ပေးပါတယ်။ ရေ၀င်ပိုက်ဟာ ရေထဲမှာမြုပ်နေပြီး တစ်ဖက်က ပစ်စတင်ဟာ စလင်ဒါအတွင်း ရွေလျားတဲ့အခါ ရေကို စုပ်ပြီး တစ်ဖက်ရေထွက်ပိုက်အဆို့ရှင်ကတော့ အဲဒီအချိန်မှာ ပိတ်လျက်သာ ရှိနေပါတယ်။

    ပစ်စတင်က ဆန့်ကျင်ဘက်ကို ပြန်ရွေ့သွားတဲ့အခါမှာတော့  အ၀င်ပိုက် အဆို့ရှင်ဟာ ပိတ်သွားပြီး စလင်ဒါထဲကရေတွေဟာ အထွက်အဆို့ရှင်ကို ဖြတ်ပြီး အ၀င်ပိုက်ထက် သေးတဲ့ အထွက်ပိုက်ထဲကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တစ်ခြားတစ်ဖက်ကတော့ အထွက်အဆို့ရှင်ပိတ်ကာ ရေကို စုပ်ယူလိုက်ပါတယ်။

    ဒီအဖြစ်အပျက်ဟာ ရေစုပ်လိုက်တိုင်းမှာ တစ်လှည့်စီ ဖြစ်နေတာဖြစ်ပြီး တစ်ဖက်က တွန်းတဲ့အခါ တစ်ဖက်က ဆွဲတာမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ရေထဲမှာနှစ်ထားတဲ့ ဒလက်က တစ်ပတ်လည်တိုင်းမှာ ရေကိုနှစ်ကြိမ် စုပ်ယူနိုင်ပြီး ရေစီးနေသမျှ ကာလပတ်လုံး ဒီရေစုပ်ပန့်ဟာ လည်ပတ်နေမှာဖြစ်ပါတယ်။

    စလင်ဒါ ၆ ခုပါ ရေစုပ်စက်

    six cylinder pump 2
    တာကီ အလ်-ဒင်၏ ဆလင်ဒါ ၆ ခုပါ ရေစီးအားသုံး ရေစုပ်စက် ပုံတူ

    နောက်ထပ် နည်းပညာခုန်ပျံကျော်လွှားခဲ့သူကတော့ ၁၆ ရာစု အော်တိုမန် အင်ဂျင်နီယာဖြစ်တဲ့ တာကီ အလ်-ဒင် (Taqi Al-Din) ပါပဲ။ စက်မှုအင်ဂျင်နီယာ ဘာသာရပ်အကြောင်း ဖော်ပြထားတဲ့ The Sublime Methods of Spiritual Machines (စိတ်ကူးယဉ် စက်ပစ္စည်းများအတွက် အံ့သြစရာ နည်းလမ်းများ) စာအုပ်ကို ရေးသားခဲ့သူ အလ်-ဒင်ဟာ သူ့ရဲ့ အဲဒီစာအုပ်ထဲမှာ ရေစုပ်စက်တွေအကြောင်း ရေးသားထားပြီး၊ ရေနွေးငွေ့ရဲ့ အသုံဝင်မှုကို မသိရှိခင် နှစ်ပေါင်း ၁၀၀ နီးပါးလောက်ကတည်းက အဲဒီစာအုပ်မှာ ရေနွေးငွေ့အင်ဂျင်တွေရဲ့ အခြေခံကို အလ်-ဒင်က ဆွေးနွေးခဲ့တာပါ။

    သူ့ရဲ့ စလင်ဒါခြောက်ခုပါဝင်တဲ့ ရေစုပ်စက်ဟာ စက္ကုထုတ်လုပ်မှု၊ သတ္တုထုတ်လုပ်မှု သမိုင်းတွေကို လေ့လာရာမှာ ချန်ထားလို့မရတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီရေစုပ်စက်မှာ သူ အသုံးပြုခဲ့တဲ့ ပစ်စတင်ဟာ ပိုင်ရိုက်တံတွေနဲ့ အသွင်သဏ္ဍာန်တူပြီး စာရွက်ထုတ်ဖို့ ပျော့ဖတ်လုပ်တဲ့နေရာ၊ ပန်းပဲထုတဲ့နေတွေမှာ အသုံးပြုနိုင်တာကြောင့် ဖြစ်ပါတယ်။

    သူ့ရဲ့ အဲဒီစာအုပ်မှာ တာကီ အလ်-ဒင်ဟာ ရေပန့်တွေ ဘယ်လို အလုပ်လုပ်လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ စလင်ဒါ ၆ ခုပါဝင်တဲ့ ရေစုပ်စက်ဟာ ရေစီးအားသုံး စက်ပစ္စည်းတစ်ခုဖြစ်ပြီး ရေစီးနဲ့လည်တဲ့ ၀င်ရိုးတံကို အထက်အောက်လှုပ်ရှားနိုင်တဲ့ အခြား ၀င်ရိုးရှည် ၆ ခုနဲ့ ချိတ်ဆက်ထားပါတယ်။ အဲဒီဝင်ရိုးရှည်ရဲ့ ထိပ်တစ်ဖက်မှာ ပစ်စတင်တပ်ထားပြီး အလယ်မှာတော့ ၀င်ရိုး(pivot) ဖေါက်က တပ်ဆင်ထားပါတယ် ပစ်စတင်ရှိတဲ့ ဆလင်ဒါရဲ့ ထိပ်မှာတော့ ခဲအလေးတစ်ခုကို တပ်ထားပြီး အဲဒီအလေးက ပစ်စတင် အပေါ်တက်သွားတဲ့အခါ အောက်ကျအောင် ဆောင်ရွက်ပေးတာပါ။

    ပစ်စတင်ရှိတဲ့ စလင်ဒါအတွင်းပိုင်းမှာ လေဟာနယ်ဖြစ်ကာ ပစ်စတင် အပေါ်တက်တဲ့အခါတိုင်း  ရေဟာ အ၀င်ပိုက်ရဲ့ အဆို့ရှင်ကိုဖြတ်ပြီး ပါလာပါတယ် ဆလင်ဒါပေါ်မှာတပ်ထားတဲ့ ခဲအလေးကြောင့် ပစ်စတင်ဟာ အလိုလို ပြန်ကျသွားအခါ ရေ၀င်ပိုက်ထိပ်က အဆို့ရှင်လေးဟာ ပိတ်သွားခဲ့ပြီး ရေထွက်ပိုက် အဆို့ရှင်က ပွင့်သွားတာကြောင့် ရေဟာ ရေထွက်ပိုက်ထဲ ရောက်သွားခဲ့ပါတယ်။ ဒီစက်ရဲ့ အလှတရားကတော့ ချိန်ကိုက်ဖြစ်မှုနဲ့ ပစ်စတင်တွေရဲ့ အစဉ်လိုက်လှုပ်ရှားမှုကို ထိန်းချုပ်တာဖြစ်ပါတယ်။

    လူတွေဟာ စက်ပစ္စည်းတွေအပေါ်မှာ မှီခိုလို့ မရသေးတဲ့အချိန်၊ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကားတွေ၊ စက်ဘီးတွေ၊ လျှပ်စစ်ပန့်တွေ မရှိသေးတဲ့အချိန်မှာ ဒီတီထွင်ဖန်တီးမှုက လူ့အဖွဲ့အစည်းအဆင့်အတန်းကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီစက်ပစ္စည်းတွေကို အမြောက်အများ မထုတ်လုပ်နိုင်ခဲ့ပေမယ့် မြို့တော်တော်များများမှာ ရေစုပ်စက်တွေ တပ်ဆင်လာနိုင်ခဲ့ပါတယ်။ လူတွေဟာ ရေပုံးနဲ့ မြစ်တွေ၊ ချောင်းတွေမှာ ရေခပ်စရာ မလိုတော့သလို့ ရှဒွဖ်မှာလည်း သွားတန်းစီစရာ မလိုတော့ပါဘူး။ ရေအားကို အသုံးပြုတဲ့ ရေစုပ်စက်တွေ၊ ရေသွယ်မြောင်းတွေကနေ တစ်ဆင့် ခပ်ရုံပါပဲ။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)