News @ M-Media

Tag: 1001-inventions

  • သွေးလှည့်ပတ်မှုဖော်ထုတ်ခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၈)

    သွေးလှည့်ပတ်မှုဖော်ထုတ်ခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၈)

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    ရှေးခေတ် ဂရိလူမျိုးတွေက ကျောက်ကပ်ဟာ သွေးရဲ့ မူလအစလို့ ယူဆခဲ့ကြပြီး၊ စားလိုက်တဲ့ အစားအသောက်တွေဟာ အူမကြီထဲကနေ သွေးကြော၊ သွေးကြောတွေကနေ အသည်းဆီကို ရောက်သွားတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အသည်းထဲမှာ သွေးဟာ ‘သဘာဝအသက်’ (natural spirit) နဲ့ ပြည့်လာပြီး အဲဒီကနေတစ်ဆင့် နှလုံးဆီကို သွားတယ်လို့ ဆိုပါတယ်။

    ခရစ်နှစ် ၂ ရာစုလောက်က ဂရိပညာသမားတော်နဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ ဂါလင် (Galen) က စူးစမ်းဖော်ထုတ်မှုတွေကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ သူက နှလုံးအတွင်းပိုင်းကို ကန့်ထားတဲ့နံရံ (cardiac septum) က မမြင်ရတဲ့ စိမ့်ပေါက်လေးတွေကနေတစ်ဆင့် သွေးဟာ နှလုံးရဲ့ ညာဖက်အခန်းကနေ ဘယ်ဖက်အခန်းကို စီးဆင်းပြီး အဲဒီမှာ အောက်ဆီဂျင်နဲ့ရောကာ အသက်ဇီဝိန်ကို ဖြစ်စေပြီးတဲ့နောက် ခန္ဓာကိုယ်တစ်ဝှမ်း ပြန့်နှံ့တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    ၁၇ ရာစု ဥရောပမှာ ၀ီလီယမ် ဟာဗေး (William Harvey) က သွေးလှည့်ပတ်မှုအကြောင်းနဲ့ နှလုံးရဲ့ အလုပ်လုပ်ပုံအကြောင်းကို သုတေသနပြု ဖော်ထုတ်နိုင်တဲ့အချိန်အထိ ဂါလင်ရဲ့ ဒီအယူအဆကို အမှန်အဖြစ် လက်ခံခဲ့ကြပါတယ်။ ဟာဗေးက နှလုံးဟာ သွေးလှည့်ပတ်မှုစနစ်ရဲ့ ဗဟိုချက်ဖြစ်တယ်လို့ ချပြခဲ့ပြီး လူ့ခန္ဓာကိုယ်မှာ သွေးဘယ်လိုလှည်ပတ်တယ်ဆိုတဲ့အကြောင်း ပထမဆုံး ရှာဖွေဖော်ထုတ်နိုင်သူအဖြစ် မှတ်ယူခံခဲ့ရပါတယ်။

    ဒါပေမယ့် ၁၉၂၄ ခုနှစ်မှာ အင်မတန်အရေးပါတဲ့ လက်ရေးမူတစ်ခုကို တွေ့ရှိခဲ့ပြီး အီဂျစ် သမားတော် ဒေါက်တာ မုဟ်ယီ အလ်-ဒင် အလ်-တတ္တာဝီ (Dr.Muhyi al-Deen al-Tattawi) က ကမ္ဘာသိအောင် ချပြခဲ့ပါတယ်။ ဒီလက်ရေးမူက အဆုတ်ရဲ့သွေးလှည့်ပတ်မှုအကြောင်း ပထမဆုံး ဖော်ထုတ်မှုဖြစ်ပြီး ဟာဗေးမတိုင်ခင် တော်တော်လေး စောစောကတည်းက သိရှိခဲ့တယ်ဆိုတဲ့ အထောက်အထားပါပဲ။

    Commentary on the Anatomy of the Canon of Avicenna (အဗီဆီနာ၏  ခန္ဓာဗေဒ စည်မျဉ်းအား ဖွင့်ဆိုချက်) လို့အမည်ပေးထားတဲ့ ဒီလက်ရေးမူကို ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ မွေးဖွားခဲ့တဲ့ အစ်ဗနေ့ အလ်-နာဖစ် (Ibn al-Nafis) က သက္ကရာဇ် ၁၂၁၀ လောက်မှာ ရေးသားခဲ့တာဖြစ်ပြီး သူဟာ ဆေးရုံတွေရဲ့အစလို့ ပြောလို့ရတဲ့ အလ်-နူရီ ဆေးရုံကြီးမှာ ပညာသင်ကြားခဲ့သူလည်း ဖြစ်ပါတယ်။ ဘွဲ့ရပြီးတဲ့အခါမှာ အလ်-နာဖစ်ဟာ ဘုရင် ဆာလာဒင် (Saladin) တည်ထောင်ခဲ့တဲ့ နာဆီရီဆေးရုံ (Nasiri) ရဲ့ ဆေးရုံအုပ်ကြီးအဖြစ် ထမ်းဆောင်ဖို့ အီဂျစ်ဆူလ်တန်ရဲ့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရပါတယ်။

    သမားတော်တစ်ယောက်၊ အာဏာပိုင်းတစ်ယောက်အဖြစ် နေ့မအား၊ ညမနား ကျင်လည်ခဲ့ရတဲ့ အလ်-နာဖစ်ဟာ Commentary on the Anatomy of the Canon of Avicenna စာအုပ်အပါအ၀င် ဆေးဘက်ဆိုင်ရာ ကျမ်းစာအုပ်ပေါင်း မြောက်များစွာကို ရေးသားခဲ့ပါတယ်။

    အဗီဆီနာ (အစ်ဗနေ့ဆီနာဟုလည်း ခေါ်ဝေါ်သည်) ဟာ စွယ်စုံရ မွတ်စလင်ပညာရှင်ကြီးတစ်ဦးဖြစ်ပြီး ဒဿနဗေဒ၊ ဥပဒေ၊ ဆေးပညာ စတဲ့ နယ်ပယ်တွေမှာ ကျွမ်းကျင်နှံ့စပ်သူတစ်ဦးပါ။ အဗီဆီနာရဲ့ ခန္ဓာဗေဒ စည်းမျဉ်းတွေကို ဖွင့်ဆိုတဲ့ အလ်-နာဖစ်ရဲ့ ဒီကျမ်းဟာ သူ့ရဲ့ ကိုယ်ပိုင်အားထုတ်မှုလည်း ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ အလ်-နာဖစ်ဟာ အဆုတ်အတွင်း သွေးလည်ပတ်မှုအကြောင်းကို ဖော်ပြခဲ့ပြီး၊ နှလုံးနဲ့ အဆုတ်တွေရဲ့ အခန်းကဏ္ဍ၊ ရှူသွင်းလိုက်တဲ့လေနဲ့အတူ ထိတွေ့ပြီး အဆုတ်ထဲမှာ သွေးက သန့်စင်သွားမှု စတဲ့အကြောင်းတွေကိုလည်း ရှင်းပြခဲ့ပါတယ်။

    အဆုတ်ထဲမှာ သွေးက ဘယ်လိုလည်ပတ်သလဲဆိုတာနဲ့ ပတ်သက်လို့ ရှင်းပြရာမှာ နာဖစ်ဟာ သွေးက နှလုံးရဲ့ အခန်းတစ်ခုထဲကနေ အဆုတ်ကို စီးဆင်းသွားပုံ၊ အဲဒီကနေတစ်ဆင့် နှလုံးရဲ့ နောက်ထပ်အခန်းတစ်ခုကို ပြန်လာပုံကို အခြေခံခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အဆိုအရ သွေးဟာ ‘နျူမာ’ (pneuma) လို့ခေါ်တဲ့ အဆုတ်ထဲကလေနဲ့ပေါင်းကာ သန့်စင်သွားပြီး သွေးလွှတ်ကြောတွေကနေတစ်ဆင့် ခန္ဓာကိုယ်တစ်ဝှမ်းလုံးကို ပြန့်နှံသွားပါသတဲ့။ ဒီဖော်ထုတ်မှုအရ နှလုံးရဲ့ ညာဖက်အခန်းက ပြန်လာတဲ့ သွေးတွေဟာ (အဆုတ်ထဲမှာ အောက်ဆီဂျင်နဲ့ပေါင်းက သန့်စင်ပြီး) အဆုတ်ကို ဖြတ်ကာ နှလုံးရဲ့ ဘယ်ဖက်အခန်းထဲကို ၀င်သွားပြီး သွေးလွှတ်ကြောတွေကနေတစ်ဆင့် စီးဆင်းတယ်လို့ ဆိုရပါလိမ့်မယ်။

    ၁၃ ရာစု မွတ်စလင်စွယ်စုံရပညာရှင်ကြီး အစ်ဗနေ့ အလ်-နာဖစ်

    “နှလုံးရဲ့ ညာဖက်အခန်းက သွေးဟာ ဘယ်ဖက်အခန်းကို လုံးဝ ရောက်ရမယ်။ ဒါပေမယ့် ဒီအခန်းနှစ်ခု ကြားထဲမှာ တိုက်ရိုက်လမ်းကြောင်း မရှိပါဘူး။  သူတို့ကြားထဲက ကန့်ထားတဲ့နံရံထူ (septum) မှာ အပေါက် ဒါမှမဟုတ် ဂါလင်နဲ့ တစ်ချို့လူတွေ တွေးထင်ခဲ့သလို မမြင်ရတဲ့ စိမ့်ပေါက်မျိုး၊ မြင်ရတဲ့ စိမ့်ပေါက်မျိုး မရှိပါဘူး။ ညာဖက်အခန်းက သွေးဟာ အဆုတ်နဲ့ဆိုင်တဲ့ သွေးလွှတ်ကြောကနေ အဆုတ်ကို စီးဆင်းရမယ်။ ဒြပ်တွေပြန့်နှံ့ကာ လေနဲ့ရောသွားပြီး အဆုတ်နဲ့ဆိုင်တဲ့ သွေးပြန်ကြောကနေ နှလုံးရဲ့ ဘယ်ဖက် အခန်းကို ရောက်ရှိပါတယ်” လို့ အလ်-နာဖစ်က ရေးသားခဲ့ပါတယ်။

    ခေတ်သစ်မှာတော့ ဒီဖြစ်စဉ်ကို ‘သွေးလှည့်ပတ်မှု’ လို့ခေါ်ပါတယ်။ သန့်စင်မှုမရှိတဲ့သွေးတွေဟာ ‘ဗီနာ ကေဗာ’ (vena cava) လို့ခေါ်တဲ့ သွေးပြန်ကြောကြီးကနေတစ်ဆင့် နှလုံးရဲ့ ညာဖက်က သွေးဝင်ခန်း(atrium) ကို ရောက်ရှိလာပါတယ်။ ဒီ သန့်စင်မှုမရှိတဲ့ သွေးတွေနဲ့ ပြည်သွားတဲ့အခါ သွေးဝင်ခန်းဟာ ကြုံ့သွားပြီး သူ့ဆီက သွေးတွေကို တစ်ဖက်ပိတ်အဆို့ရှင်ကနေတစ်ဆင့် ညာဖက်သွေးလွှတ်ခန်း (ventricle) ကို ညှစ်ထုတ် ပို့ဆောင်ပေးပါတယ်။ ညာဖက် သွေးလွှတ်ခန်းမှာ သွေးတွေပြည့်သွားတဲ့အခါ သူလည်း ကြုံ့သွားပြီး သွေကို အဆုတ်သွေးလွှတ်ကြောဆီ ပို့ဆောင်ပေးကာ၊ အဆုတ်က သွေးကြောလေးတွေဟာ သွေးထဲက ကာဘွန်ဒိုင်အောက်ဆိုက်ကို အောက်ဆီဂျင်အဖြစ် ပြောင်းလဲပေးပါတယ်။ အောက်ဆီဂျင်ကြွယ်ဝတဲ့သွေး ဖြစ်လာတဲ့အခါမှာတော့ အဆုတ်သွေးပြန်ကြောထဲကို ၀င်ရောက်သွားပြီး ဘယ်ဖက် သွေးဝင်ခန်းကနေတစ်ဆင့် နှလုံးဆီကို ပြန်ရောက်ပါတယ်။ အဲဒီသွေးဝင်ခန်းမှာ သွေးပြည့်သွားတဲ့အခါ နှလုံးရဲ့ ဘယ်ဖက်သွေးလွှတ်ခန်းကို ပို့ဆောင်ပေးပြီး၊ သွေးကြောမကြီးနေတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို သွေးက ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။

    နောက်ထပ် နှစ်ပေါင်း ၃၀၀ နောက်ပိုင်း အစ်ဗနေ့ အလ်-နာဖစ်ရဲ့ လက်ရာအချို့ကို ‘ဘဲလ်လူနိုက အလ်ပါဂို’ (Alpago of Belluno) က ၁၅၄၇ ခုနှစ်မှာ လက်တင်ဘာသာကို ဘာသာပြန်ဆိုမှသာ ဒီလိုအရေးပါတဲ့ ဖော်ထုတ်တွေ့ရှိချက်ကို ဥရောပက သိရှိတာ ဖြစ်ပါတယ်။ ဒီဘာသာပြန် ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ မီခေးလ် ဆာဗီတက်စ် (Michael Servetus) ဆိုသူက ၁၅၅၃ ခုနှစ်မှာ သူ့ရဲ့ Christianismi Restitutio ဆိုတဲ့စာအုပ်၊ ရီယဲလ်ဒက် ကိုလမ်ဘို (Realdus Colombo) က ၁၅၅၉ ခုနှစ်မှာ De re Anatomica ဆိုတဲ့ စာအုပ်တွေမှာ ရေးသားမှုအပါအ၀င် ဒီဖြစ်စဉ်ကို ရှင်းပြဖို့ ကြိုးစားမှုတွေ ရှိခဲ့ပါတယ်။ နောက်ဆုံး ၁၆၂၈ ခုနှစ်မှာ ဆာ ၀ီလီယံ ဟာဗေး (Sir Willian Harvey) က အောင်မြင်ခဲ့ပြီး သွေးလှည့်ပတ်မှုကို ရှာဖွေဖော်ထုတ်သူအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် နှလုံးကနေ အဆုတ်ကို သွေးလှည့်ပတ်မှုအကြောင်း ရှေ့ပြေးဖော်ထုတ်ခဲ့သူ အစ်ဗနေ့ အလ်-နာဖစ်က အမေ့ခံ ဖြစ်ခဲ့ကာ၊ သူကွယ်လွန်ပြီး နှစ်ပေါင်း ၇၀၀ ကြာတဲ့အချိန် ၁၉၅၇ ခုနှစ် အရောက်မှာမှ ဒီတွေ့ရှိချက်အတွက် အလ်-နာဖစ်ဟာ အသိအမှတ်ပြု ခံခဲ့ရပါတယ်။

    သွေးလှည့်ပတ်မှုစနစ်

    နှလုံးကနေ အဆုတ်ကို သွေးလှည့်ပတ်မှု စနစ် – ညစ်ညမ်းတဲ့သွေးကို အောက်ဆီဂျင်နဲ့ရောပြီး သန့်စင်အောင်လုပ်တဲ့စနစ် – ကို ၁၃ ရာစုမှာ အစ်ဗနေ့ အလ်-နာဖစ်က ရှင်းပြနိုင်ခဲ့ပါတယ်။ နှလုံးရဲ့ ညာဖက်သွေးလွှတ်ခန်းက အောက်ဆီဂျင်မပါတဲ့ သွေးတွေကို အဆုတ်သွေးလွှတ်ကြောတွေကနေတစ်ဆင့် အဆုတ်ကို ပို့ပေးပြီး အဆုတ်က သွေးကို အောက်ဆီဂျင်ပြည့်ဝအောင်လုပ်ပေးကာ အဆုတ်သွေးပြန်ကြော တွေကနေတစ်ဆင့် နှလုံးရဲ့ ဘယ်ဖက် သွေးဝင်ခန်း စီးဝင်စေတာပါ။  ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု ဖြစ်စဉ် တစ်ခုလုံးဖြစ်တဲ့ ဘယ်ဖက်သွေးလွှတ်ခန်းကနေ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးစီးဆင်းမှုစနစ်ကိုတော့ ၁၇ ရာစုနှစ်မှာ ၀ီလီယံဟာဗေးက တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • ခွဲစိပ်ခြင်းကုသခြင်း- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၇)

    ခွဲစိပ်ခြင်းကုသခြင်း- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၇)

    ဇန်န၀ါရီ ၂၇၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    ၉ ရာစု မွတ်စလင်ခွဲစိပ်ဆရာဝန်ကြီး အလ်-ဇဟ်ရာဝီ၏ ဆေးကုသမှုတစ်ခုကို ပုံဖော်ထားပုံ

    – လူ့အသက်တွေကို ကယ်တင်ဖို့ ရာစုနှစ်များစွာ နှစ်မြှုပ်လုပ်ကိုင်လာကြတဲ့ သူတွေကြောင့် ဒီနေ့ခေတ် ခွဲစိပ်ကုသမှုကဏ္ဍဟာ အဆန်းပြားဆုံးနဲ့ အထွပ်အထိပ်ကို ရောက်နေပါပြီ။ လူသားတွေကို ကယ်တင်ရမယ်ဆိုတဲ့ ဒီကျင့်ဝတ်ဟာ လွန်ခဲ့တဲ့နှစ်တစ်ထောင်အရင်က မွတ်စလင်အုပ်စိုးတဲ့ စပိန်နိုင်ငံ တောင်ပိုင်းမှာ ရှင်သန်ခဲ့ပြီး မွတ်စလင်တွေဟာ သွေးကြောခွဲစိပ်မှု၊ အထွေထွေခွဲစိပ်မှုနဲ့ အရိုးခွဲစိပ်ကုသမှု ဆိုတဲ့ ခွဲစိပ်ကုသမှု နည်းလမ်း ၃ ခုကို တိုးတက်စေခဲ့ပါတယ်။

    အစ္စလာမ့်အင်ပါယာ အထွပ်အထိပ်ရောက်နေတဲ့ အဲဒီအချိန် ကော်ဒိုဘာမှာရှိခဲ့တဲ့ မွတ်စလင် ခွဲစိပ်ဆရာဝန်တွေထဲက အကျော်ကြားဆုံး ခွဲစိပ်ဆရာဝန်တစ်ဦးကတော့ အဘူလ်ကာစစ် (Abulcasis) လို့ အမည်တွင်တဲ့ အလ်-ဇဟ်ရာဝီ (Al-Zahrawi) ဖြစ်ပါတယ်။ အလ်-ဇဟ်ရာဝီဟာ ကျွမ်းကျင်မှု၊ ထိုးထွင်းဉာဏ်တို့နဲ့အတူ လူနာတစ်ယောက်ချင်းစီတိုင်းနဲ့ ပတ်သက်ပြီး စဉ်းစားတွေးခေါ်၊ ရှာဖွစူးစမ်းကာ ကုသမှုပေးခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူ့ခေတ်သူ့အခါမှာ အောင်မြင်ကျော်ကြားတဲ့ ခွဲစိပ်ဆရာဝန်တစ်ဦး ဖြစ်ခဲ့ပြီး အလ်-အန်ဒါလုစ် ပြည့်ရှင် အလ်-မန်ဆူရ်ရဲ့ နန်းတွင်းသမားတော်ကြီးအဖြစ်လည်း ခန့်အပ်ခံခဲ့ရပါတယ်။

    ခွဲစိပ်ကုသမှု နည်းလမ်းအသစ်တွေဖော်ထုတ်မှု၊ ခွဲစိပ်ကိရိယာပေါင်း ၂၀၀ ကျော်တီထွင်မှု၊ သွားဘက်ဆိုင်ရာ၊ ဆေးဝါးဆိုင်ရာနဲ့ ခွဲစိပ်ကုသမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်မှုနဲ့အတူ အလ်-ဇဟ်ရာဝီဟာ ခွဲစိပ်ကုသမှုနည်းလမ်းကို တော်လှန်ပြောင်းလဲပစ်ခဲ့ပါတယ်။ သူရေးသားခဲ့တဲ့ အလ်-တက်စ်ရစ်ဖ် (Al-Tasrif) ဆေးပညာ စွယ်စုံကျမ်းကြီးဟာ တွေ့ကြုံရတဲ့ အခြေအနေတိုင်းမှာ လုပ်သင့်တာ၊ မလုပ်သင့်တာတွေကို ထောက်ပြဆွေးနွေးခြင်းအားဖြင့် ဆေးဘက်ဆိုင်ရာ လက်တွေ့အသုံးချ စည်းမျဉ်းတွေကို တင်ပြထားတဲ့ ကျမ်းကြီးတစ်စောင်လည်း ဖြစ်ပါတယ်။

    အလ်-ဇဟ်ရာဝီ ဖော်ထုတ်ခဲ့တဲ့ ခွဲစိပ်ကုသမှု နည်းလမ်းအသစ်တွေထဲက တစ်ခုဟာ ခန္ဓာကိုယ်အတွင်းပိုင်း ချုပ်ရိုးအတွက် တိရစ္ဆာန်အူကနေထုတ်လုပ်တဲ့ကြိုး (Catgut) ကို အသုံးပြုခဲ့တာပါ။ ဒီနေ့အချိန်အထိ ဒီနည်းလမ်းကို ရိုးရိုးခွဲစိတ်မှုကနေ ရှုပ်ထွေးလွန်းတဲ့ ခွဲစိပ်မှုတွေအထိ တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲ ဖြစ်ပါတယ်။ အဲဒီ Catgut ကြိုးတွေဟာ ခန္ဓာကိုယ်ထဲကို ပျော်ဝင်ပျောက်ကွယ်သွားစေနိုင်တဲ့ တစ်ခုတည်းသော သဘာဝပစ္စည်းလည်း ဖြစ်ပါတယ်။

    ခွဲစိပ်ကုသမှုနည်းလမ်းမှာ Catgut ကြိုးကို အလ်-ဇဟ်ရာဝီက ပထမဆုံး အသုံးပြုခဲ့တာဖြစ်ပေမယ့် ဒဏ်ရာချုပ်ရာမှာ တိရစ္ဆာန် (သိုး) ရဲ့အူကို ပထမဆုံး အသုံးပြုခဲ့တာကတော့ မွတ်စလင်စွယ်စုံရ ပညာရှင်ကြီး အလ်-ရာဇီ (Al-Razi) ဖြစ်ပါတယ်။ အလ်-ဇဟ်ရာဝီဟာ တူရီယာပစ္စည်းတွေက ကျစ်ကြိုးကိုလည်း ခွဲစိပ်ကုသမှုမှာလည်း အသုံးချခဲ့ပါတယ်။

    ရောဂါတစ်ခုချင်းစီတိုင်းကို ထိုးထွင်းစဉ်းစားလေ့ရှိတဲ့ အလ်-ဇဟ်ရာဝီဟာ ကျိုးသွားတဲ့သွားကို ပြန်စိုက်ပေးတာ၊ နဲ့နေတဲ့သွားတွေကို ရွှေ၊ ဒါမှမဟုတ် ငွေကြိုးကို အသုံးပြုပြီး ခိုင်တဲ့သွားနဲ့ တွဲပေးတာ၊ ရင်သားတွဲကျ (sagging breast) ခြင်းအတွက် ခွဲစိတ်ကုသပေးတာ၊ သွေးတိတ်ဖို့ ဂွမ်းအသုံးပြုတာ၊ လည်ချောင်းနားက လေပြွန်မှာ ပိုက်ထည့်ပြီး နှားခေါင်း၊ ဒါမှမဟုတ် ပါးစပ်နဲ့ အသက်ရှူစရာမလိုအောင် လုပ်ပေးတာ (tracheotomy)၊ ကျောက်ပတ်တီးစည်းတာ၊ ဆီးလမ်းကြောင်း ကျောက်တည်ခြင်းအတွက် ဆီးလမ်းကြောင်းထဲကနေ လွန်ထည့်ပြီး ကျောက်ချေမှုတွေလုပ်တာလို နည်းလမ်းအမျိုးမျိုးကို ဖော်ထုတ်ပြီး ဆေးကုသမှုနည်းလမ်းတွေကို တော်လှန်ပြောင်းလဲပေးခဲ့ပါတယ်။

    အလ်-ဇဟ်ရာဝီ ဟာ သူဖန်တီးထားတဲ့ ကိရိယာကိုသုံးပြီး ဆီးအိမ်ထဲက ကျောက်ကို ချေကာ ဘယ်လို ထုတ်ပစ်ရမလဲဆိုတာကိုလည်း အသေးစိတ် ရေးသားခဲ့ပါတယ်။ နှာခေါင်းထဲမှာ ပေါက်တတ်တဲ့ အဖု၊ အကြိတ်တွေကို ဖယ်ရှားနည်း၊ သားအိမ်ထဲကနေ သန္ဓေသားအသေကို သူတီထွင်ထားတဲ့ ညှပ်နဲ့ ခွဲထုတ်နည်း၊ ဒဏ်ရာသက်သာစေဖို့ သံပူကပ်ကုသခြင်း၊ ပုခုံးအဆစ်လွဲတာကို ကုသခြင်း စတဲ့ နည်းလမ်းတွေကိုလည်း တင်ပြခဲ့ပါတယ်။

    သူ့ရဲ့ ဒီ လေ့လာဖော်ထုတ်မှုတွေအားလုံးမှာ လူနာဖက်ကနေလည်း စဉ်းစားပေခဲ့ပါတယ်။ ပြည်တည်နာတွေကို ခွဲထုတ်ရာမှာ လူနာတွေ မကြောက်လန့်စေဖို့အတွက် အလ်-ဇဟ်ရာဝီဟာ အပြင်ကနေ မမြင်နိုင်တဲ့ ခွဲစိပ်ဓားကို တီထွင်ခဲ့သလို အာသီးရောင်ရောဂါကို ကုသရာမှာ လျှာကို depressor နဲ့ ထိန်းထားပြီး လည်ချောင်းဝမှာရှိတဲ့ အဖုအကြိတ်ကို ချိတ်တစ်ခုနဲ့ထိန်းကာ ကတ်ကြေးလို အရာမျိုးနဲ့ ဖြတ်ထုတ်နည်းကိုလည်း အသုံးပြုခဲ့ပါတယ်။ အဖုအကြိတ်ကို ဖြတ်တောက်ပြီးတဲ့အခါမှာ လည်ချောင်းနဲ့ထိကာ ချောင်းမဆိုးဖို့အတွက် ဒီကုသမှုမှာ ကန့်လန့်ဖြတ် ဓားသွားတွေ (transverse blade) ကို အသုံးပြုရပါတယ်။

    အလ်-ဇဟ်ရာဝီဟာ အန္တရာယ်အရှိဆုံးနဲ့ အနာကျင်ဆုံး ခွဲစိပ်ကုသမှုတွေကို ပြုလုပ်ရာမှာ လူနာတွေ အလွန်အမင်း ခံစားရမှာကို သိနေတဲ့အတွက် သင့်တင့်လျောက်ပတ်ပြီး၊ နာကျင်မှုအနည်းဆုံးဖြစ်မယ့် နည်းလမ်းတွေကို ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ ခွဲစိပ်ဆရာဝန်တစ်ယောက်နဲ့ လူနာကြားထဲက ဆက်ဆံရေးမှာ အရေးပါတဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။

    On Surgery လို့ခေါ်တဲ့ အလ်-ဇဟ်ရာဝီရဲ့ ခွဲစိတ်ကုသမှုဆိုင်ရာ ကျမ်းကြီးက အခန်း ၆၁ မှာ အမျိုးသမီးတွေရဲ့ ဆီးအိမ် ကျောက်တည်တည်တာကို ဖယ်ထုတ်တဲ့ နည်းလမ်းကို ဖော်ပြထားပြီး ဒါဟာ ဆေးပညာသမိုင်းမှာ ပထမဆုံး ဖော်ပြခြင်းလည်းဖြစ်ပါတယ်။ On Surgery ဟာ အလ်-ဇဟ်ရာဝီ ရေးသားခဲ့ပြီး အတွဲ ၃၀ ပါဝင်တဲ့ အလ်-တက်စ်ရစ် (Al-Tasrif) ဆေးဖက်ဆိုင်ရာ စွမ်စုံကျမ်းတွဲကြီးထဲက တစ်ခုဖြစ်ပြီး ဒီကျမ်းတွဲကြီးကို ကြည့်ခြင်းအားဖြင့် အလ်-ဇဟ်ရာဝီရဲ့ အားထုတ်မှုကို တွေ့မြင်နိုင်မှာပါ။

    အမျိုးသားတွေမှာ ဆီးအိမ်ထဲကကျောက်တွေကို ဖယ်ထုတ်ရာမှာ သူ့ရဲ့ ကိုယ်ပိုင်နည်းလမ်းကိုလည်း အလ်-ဇဟ်ရာဝီက အသေးစိတ်ဖော်ပြခဲ့သလို၊ ဟိန္ဒူဆေးကျမ်းဖြစ်တဲ့ ‘ရှူရုတာ ဆမ်ဟစ်တာ’ (Sushruta Samhita) မှာ ဖော်ပြထားတဲ့ နည်းလမ်းကိုလည်း ပြန်လည် သုံးသပ်တင်ပြထားပါတယ်။

    မွတ်စလင်ခွဲစိတ်ပညာရှင်ကြီးတွေဖြစ်တဲ့ အလ်-ရာဇီနဲ့ အလ်-ဇဟ်ရာဝီတို့ဟာ ဆီးတွေ ထွက်ကျလာတာကို တားဆီးဖို့အတွက် ခွဲစိပ်ခြင်းဟာ အပြင်ပိုင်းထက် အတွင်းပိုင်းကသာ ဖြစ်သင့်တယ်၊ ဆီးကျောက်တွေကို ဒီအတိုင်းဆွဲမထုတ်ရဘဲ၊ ညှပ်နဲ့ထုတ်ရတယ်၊ ကျောက်ကြီးနေမယ်ဆိုရင် ချေပြီး နည်းနည်းချင်းစီ ထုတ်ရတယ်ဆိုတာတွေကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွင်းက တစ်ရှူး ပျက်ဆီးထားမျိုး၊ သွေးအရမ်းထွက်တာမျိုး၊ ဆီးအိမ်ထဲမှာ အဖုအကြိတ်ဖြစ်တာမျိုးကို ရှောင်ချင်တာပါ။ အလ်-ဇဟ်ရာဝီက ဆီးအိမ်ထဲမှာရှိတဲ့ ကျောက်အားလုံးကို ဖယ်ထုတ်ရမှာဖြစ်မှာဖြစ်ပြီး တစ်ခုတစ်လေ ကျန်ခဲ့မယ်ဆိုရင်တောင် ဒါက နောက်ပိုင်းမှာ တစ်ဖြည်းဖြည်း ကြီးထွားလာလိမ့်မယ်လို့ ဆိုပါတယ်။ ဒီအကြံပြုချက်ကို ခွဲစိတ်လောကမှာ ယနေ့အချိန်အထိ အလေးထားနေရဆဲဖြစ်ပါတယ်။

    ဆေးပညာအပါအ၀င် ၁၀ ရာစု စွယ်စုံရ မွတ်စလင်ပညာရှင်ကြီး အလ်-ရာဇီ

    သားဖွားနဲ့ မီးယပ်နယ်ပယ်မှာလည်း အလ်-ဇဟ်ရာဝီနဲ့ အခြား မွတ်စလင် ခွဲစိတ်ဆရာဝန်ကြီးတွေရဲ့ ကြိုးစား အားထုတ်မှုတွေဟာ ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ပါတယ်။ အလ်-ဇဟ်ရာဝီဟာ ပုံမှန်မဟုတ်တဲ့ မွေးဖွားမှုကို ဘယ်လိုလုပ်မလဲ၊ မွေးဖွားပြီးနောက်ပိုင်း ဘယ်လိုသန့်ရှင်ရေးလုပ်မလဲ စတာတွေနဲ့ ပတ်သက်ပြီး လက်သည်တွေကို သင်ကြားပြသပေးခဲ့ပါတယ်။ ပြီးတော့ vaginal specula ကိရိယာကိုလည်း တီထွင် မိတ်ဆက်ပေးခဲ့ပါတယ်။

    ယနေ့ခေတ် ဥဇဘက်ကစ္စတန်နိုင်ငံမှာ ၁၁ ရာစုက ကျော်ကြားခဲ့တဲ့ အစ်ဗနေ့ ဆီနာ (Ibn Sina) အပါအ၀င် ဆေးပညာလောကမှာ လမ်းသစ်ဖောက်ခဲ့ကြတဲ့ ဆရာဝန်တွေဟာ မွတ်စလင်ကမ္ဘာမှာ တော်တော်များများ ရှိခဲ့ပါတယ်။ အစ်ဗနေ့ ဆီနာဟာ Canon လို့ခေါ်တဲ့ ကျမ်းတစ်အုပ်ကို ပြုစုခဲ့ပြီး ဆေးဝါးနဲ့ပတ်သက်လို့ အဲဒီကျမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်။

    အစ်ဗနေ့ ဆီနာက အာရဘီလို အလ်-ဆာရာတန် (al-saratan) လို့ခေါ်တဲ့ ကင်ဆာရောဂါဟာ အစပထမပိုင်းမှာ နာကျင်ကိုက်ခဲမှု၊ ယောင်ရမ်းမှုမရှိတဲ့ အဖုတ်အကြိတ်လုံးဖြစ်တယ်လို့ ဆိုပါတယ်။ အချို့သော ကင်ဆာအကျိတ်တွေက နောက်ဆုံးအဆင့်ကို ရောက်သွားရင် နာကျင်ပြီး၊ တစ်ခါတစ်ရံမှာ ကုသလို့ မရပါဘူး။ အစ်ဗနေ့ ဆီနာက ကင်ဆာအကျိတ်ဟာ ဂဏန်းခြေထောက်လိုမျိုး အလယ်အသားကနေ ပွားလာတတ်တယ်လို့ ဆိုပြီး အဲ့ဒါကြောင့်ပဲ ကင်ဆာ (cancer – ဂဏန်း) လို့ အမည်တွင်တာ ဖြစ်ပါတယ်။ အတွင်းကျိတ်ကင်ဆာကို လူနာတွေဟာ သိပ်သတိမမူမိဘဲ၊ နာကျင်ပေမယ့်လည်း နှစ်ပေါင်း တော်တော်ကြာ အသက်ရှင်နေထိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်တွေ ကုသပေးရတဲ့ ကင်ဆာအမျိုးအစားကတော့ limited cancer လို့ခေါ်တဲ့ ကန့်သတ်ကင်ဆာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက အကျိတ်တွေကို ဖယ်ရှားဖို့အတွက် ခွဲစိပ်ဖြတ်ထုတ်မှုဟာ အပြစ်အနာအဆာကင်းဖို့ လိုပါတယ်။ ခွဲစိပ်မှုဟာ မတိကျဘူးဆိုရင်တော့ ကင်ဆာအကျိတ်ဟာ ပြန်ပွားလာမှာပါ။ ကင်ဆာကျိတ်တွေ လျင်လျင်မြန်မြန် ပြန့်ပွားလာနိုင်တဲ့အတွက် ရင်သားကင်ဆာဖြစ်ရင် အမျိုးသမီးတွေရဲ့ ရင်သားကို ဖြတ်ထုတ်တာကို အစ်ဗနေ့ဆီနာက ဆန့်ကျင်ပါတယ်။ ပြီးတော့ ကော့ပါးအောက်ဆိုက်၊ ဒါမှမဟုတ် ခဲအောက်ဆိုက်တို့ကို အသုံးပြုဖို့ အကြံပြုခဲ့ပြီး ဒီပစ္စည်းတွေဟာ ကင်ဆာကို မပျောက်စေနိုင်ပေမယ့် အကျိတ်ပြန့်နှံ့မှုကို ရပ်တန့်ရာမှာတော့ ထိရောက်မှုရှိပါတယ်။

    အလ်-ဇဟ်ရာဝီလိုပဲ အစ်ဗနေ့ ဆီနာကလည်း ဆေးဘက်ဆိုင်ရာ အကြောင်းအရာ တော်တော်များများကို ရေးသားခဲ့ပါတယ်။ ဆီးအိမ်မှာ ကျောက်တည်တာကြောင့် ဆီးအိမ်ထဲ ဆီးတွေ ပြည့်နှက်နေမှုနဲ့  ပတ်သက်ပြီး သူက ဒီလို ရှင်းပြခဲ့ပါတယ်။

    တူရကီမှ သမားတော် ဆီရီဖက်ဒင်း ဆာဘွန်ကျဂလူ (Serefeddin Sabuncuoglu) ၁၅ ရာစုက ရေးသားခဲ့သော Cerrahiyyet’ul Haniyye ဆေးကျမ်းတွင် ဖော်ပြထားသည့် ခွဲစိပ်ကုသနည်း အမျိုးမျိုး

    “လူနာဟာ ပက်လက်အိပ်လိုက်မယ်၊ ပြီးရင် တင်ပဆုံကို မြှောက်ထားပြီး လှုပ်ခါလိုက်မယ်ဆိုရင် ဆီးအိမ်ဝမှာ ပိတ်နေတဲ့ ကျောက်ဟာ ရွေ့သွားပြီး ဆီးတွေလည်း ထွက်လာမှာပါ။ ဒါမှမဟုတ်ရင် စအိုထဲကနေ လက်ချောင်းတစ်ချောင်းထည့်ပြီး ဆီးအိမ်ထဲက ကျောက်ကို သာသာလေး တွန်းဖယ်နိုင်ပါတယ်။ အဲဒါ အလုပ်မဖြစ်ဘူးဆိုရင်တော့ ဆီးလမ်းကြောင်းထဲ ပြွန်သေးတစ်ချောင်းထည့်ပြီး ကျောက်ကို အနောက်ကို တွန်းထုတ်ပါ။ ထည့်ဖို့ခက်မယ်ဆိုရင်တော့ အရမ်းတွန်းမထည့်ပါနဲ့”

    အစ်ဗနေ့ဆီနာရဲ့ ဒီဖော်ပြချက်ဟာ ဒီနေ့ခေတ် ဆီးလမ်းကြောင်းမှာ ကျောက်တည်တာကို ကု သတဲ့နေရာမှာ ဆရာဝန်တွေ အသုံးပြုတဲ့ နည်းလမ်းနဲ့ တစ်ထေရာတည်း တူညီနေပါတယ်။ ဆေးပညာ တိုးတက်နေတဲ့ ဒီနေ့ခေတ်မှာတော့ ကျောက်ကို​ ပြွန်သေး ဒါမှမဟုတ် မှန်ပြောင်းကိုအသုံးပြုပြီး တွန်းဖယ်တာ ဖြစ်ပါတယ်။

    ၁၃ ရာစု ဆီးရီးယားသမားတော် အစ်ဗနေ့ အလ်-ကွတ်ဖ် (Ibn al-Quff) က ဆီးလမ်းကြောင်းက ကျောက်ဟာ ကြီးရင် ခွဲစိပ်ကုသရာမှာ အသေးတွေထက် ပိုပြီး လွယ်ကူတယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အရွယ်အစားကြီးတဲ့ ကျောက်တွေဟာ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်ထဲမှာ ပိတ်နေတဲ့အခါ ပိုပြီး စမ်းသပ်ရ လွယ်တာကြောင့်ဖြစ်ပါတယ်။

     

    ဒီအထောက်အထားတွေကို ကြည့်ရှုခြင်းအားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီအရင်ကတည်းက လူနာတွေကို ဆေးရုံတွေမှာ ကောင်းကောင်းမွန်မွန်ကုသနိုင်တယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ဒီနေ့နဲ့ မတူတာကတော့ အဲဒီအချိန်တုန်းက အောင်မြင်မှုရာခိုင်နှုန်းအပါအ၀င် ကိန်းဂဏန်းတွေကို မှတ်တမ်း တင်ထားနိုင်ခြင်းမရှိတာပါပဲ။ ဒါပေမယ့် အကြီအကျယ်ဆုံး ခွဲစိတ်ကုဆရာဝန်ကြီးတွေရဲ့ ပညာအမွေဖြစ်တဲ့ စာအုပ်စာတမ်းတွေတော့ ကျန်ရစ်ခဲ့ပါတယ်။ လက်တွေ့ဆောင်ရွက်မှု၊ သုတေသနပြုမှုတွေကို ရေးသား မှတ်တမ်းတင်ထားတဲ့ ဒီစာအုပ်စာတမ်းတွေဟာ ခွဲစိပ်ကုသမှုကဏ္ဍကို ပြောင်းလဲတိုးတက်စေခဲ့သလို၊ ၂၁ ရာစုကလူတွေအပါအ၀င် ကမ္ဘာသူကမ္ဘာသားအားလုံးအတွက် ကောင်းကျိုးကို ဆောင်ကျဉ်းပေးခဲ့ပါတော့တယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • ခွဲစိပ်ကိရိယာများ – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၆)

    ခွဲစိပ်ကိရိယာများ – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၆)

    ဇန်န၀ါရီ ၆၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    al-zahrawi
    ၁၀ ရာစု မွတ်စလင် ခွဲစိတ်ပညာရှင်ကြီး အလ်-ဇဟ်ရာဝီ၏ ခွဲစိတ်ကုသမှုကို ဖော်ကျူးထားပုံ

    – လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က သုံးစွဲခဲ့တဲ့ ခွဲစိပ်ကိရိယာတွေကို ယူလာပြရင် ဒီနေ့ခတ် အသုံးပြုနေတဲ့ ကိရိယာတွေနဲ့ သိပ်မကွဲပြားဘူးဆိုတာ တွေ့ရမှာပါ။

    ၁၀ ရာစု စပိန်နိုင်ငံတောင်ပိုင်းကို ပြန်သွားကြည့်မယ်ဆိုရင်တော့ အဘူလ် ကာစင်မ် ခါလက်ဖ် အစ်ဗနေ့ အလ်-အဘတ်စ် အလ်-ဇဟ်ရာဝီ (Abul Qasim Khalaf ibn al-Abbas al-Zahrawi) လို့ခေါ်တဲ့ ခွဲစိတ်ကု ဆရာဝန်ကြီးရဲ့ ကျော်ကြားမှုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အနောက်တိုင်းမှာတော့ သူ့ကို အဘူလ်ကာစစ် (Abulcasis) လို့ သိကြပါတယ်။

    အလ်-ဇဟ်ရာဝီဟာ အလ်-တက်စ်ရစ်ဖ် (Al-Tasrif) လို့ ခေါ်တဲ့ ဆေးပညာ စွယ်စုံကျမ်းတွဲကို ရေးသားပြုစုခဲ့သူဖြစ်ပြီး အဲဒီအထဲမှာ On Surgery အမည်နဲ့ ခွဲစိပ်ကုသမှုနဲ့ပတ်သက်တဲ့ ကျမ်းတစ်စောင်လည်း ပါဝင်ကာ ခွဲစိတ်ကိရိယာပေါင်း ၂၀၀ ကျော်လောက်ကို ပုံနဲ့တကွ ဖော်ပြထားပါတယ်။ ရှေးဟောင်း အီဂျစ်ဂူတွေက ရခဲ့တဲ့ ကိရိယာပုံကြမ်းတွေကို ဖယ်လိုက်ရင် အလ်-ဇဟ်ရာဝီရဲ့ On Surgery ကျမ်းဟာ ဆေးပညာသမိုင်းမှာ ခွဲစိပ်ကိရိယာတွေကို ဖော်ပြထားတဲ့ ပထမဆုံးကျမ်း ဖြစ်ပါတယ်။ ဒီကိရိယာတွေဟာ တော်တော်လေးကို အသုံးဝင်ပြီး ထောင်စုနှစ်တစ်ခု ကြာညောင်းခဲ့တဲ့တိုင်အောင် အပြောင်းအလဲသိပ်မရှိခဲ့ပါဘူး။ ဥရောပ ဆေးလောကရဲ့ ခွဲစိပ်ကုသမှုကဏ္ဍကို အလ်-ဇဟ်ရာဝီရဲ့ ဒီကျမ်းနဲ့ပဲ အုတ်မြစ်ချခဲ့တာဖြစ်ပါတယ်။

    ခွဲစိပ်ကိရိယာ တစ်ခုစီတိုင်းကို အလ်-ဇဟ်ရာဝီက လက်ရေးနဲ့ ထင်ထင်ရှားရှား ရေးဆွဲကာ ဘယ်အချိန်မှာ ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ အသေးစိတ်ကိုပါ ရေးသားခဲ့ပါတယ်။ ဥပမာအားဖြင့် ဒဏ်ရာမရင်းအောင် သံပူကပ် ကုသနည်နဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

    “စောစောပိုင်း (သမားတော်တွေရဲ့) အဆိုအရ သံပူကပ်ကုသမှုမှာ သံကိုသုံးတာထက် ရွှေကိုသုံးတာက ပိုပြီး ကောင်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သံကိုအသုံးပြုတာက အနာကို မြန်မြန်ကျက်ပြီး ပိုမှန်တယ်လို့ ကျွန်တော်တို့ တွေ့ပါတယ်”

    မဂ်ျရဒ် (majrad) လို့ခေါ်တဲ့ တံစည်းအသေးနဲ့ အဲဒီကိရိယာကို နှာခေါင်းထဲက အသားပိုကို ကုသတဲ့အခါမှာ အသုံးပြုပုံနဲ့ ပတ်သက်ပြီး “ဆရာဝန်တွေက အသားပို (fistula) လို့ခေါ်ပြီး အရပ်သားတွေကတော့ ငန်းတောင် (quill) လို့ ခေါ်ပါတယ်။ ဒီရောဂါကို အရင်ကရှိခဲ့တဲ့နည်းအတိုင်း အပူပေးတဲ့ နည်းတွေနဲ့ ကုသမယ်ဆိုရင် ဒီအနာက ကျက်မှာမဟုတ်ပါဘူး။ အဖုရင့်မှည့်သွားတဲ့အခါ ဖြတ်ထုတ်ပြီး၊ အရိုးမြင်ရတဲ့အထိတိုင်အောင် အထဲက မန်းရည်၊ ပြည်ရေတွေအားလုံးကို ထုတ်တဲ့နည်းကလွဲလို့ အခြားကုသနည်း မရှိပါဘူး။ အရိုးအထိရောက်ရင်တော့ ဆဲလ်တွေသေမှု (အရောင်မည်းမည်းတွေ) ကို မြင်ရမှာဖြစ်ပါတယ်။ အဲဒါကို အခု ဒီပုံမှာပြထားတဲ့ ကိရိယာနဲ့ ခြစ်ထုတ်ပါ။ ဒါကိရိယာကို တံစည်း လို့ခေါ်ပြီး အိန္ဒိယကသံနဲ့ ပြုလုပ်ထားတာပါ။ ခေါင်းက ကြယ်သီးလိုပဲ လုံးဝန်းတယ်။ ဒါပေမယ့် ကျားလျှာလိုမျိုး အမြှောင်းလေးတွေထွင်းထားပါတယ်။ ဒါကို လှိုက်စားနေတဲ့ အရိုးပေါ်မှာတင်ပြီး မည်းနေတဲ့အရာတွေ ကုန်စင်တဲ့အထိ လက်နဲ့လှည့်ကာ တိုက်စားပေးပါ။ တိုက်စားမှုကို အကြိမ်များစွာပြုလုပ်ပါ။ ပြီးရင် အဲဒီနေရာကို သွေးတိတ်အောင်လုပ်ပါ။ ဒဏ်ရာကျက်သွားပြီး အသားတက်လာမယ်၊ မန်းရေတွေထွက်နေတာလည်း ရပ်သွားမယ်၊ ရက် ၄၀ ကြာပြီးနောက်ပိုင်းမှာ ပြန်မဖြစ်တော့ဘူး၊ အနာပေါက်ကျယ်တာမရှိဘူး၊ ဘာမှ ထပ်ထွက်မလာတော့ဘူးဆိုရင်  ဒီအနာ လုံးဝကျက်သွားပြီလို့ မှတ်ယူနိုင်ပါတယ်”

    tolls
    အလ်-ဇဟ်ရာဝီ၏ On Surgery ကျမ်းထဲတွင် ဖော်ပြထားသည့် ခွဲစိပ်ကိရိယာများ

    ဆီးလမ်းကြောင်း ကျောက်တည်တဲ့ ရောဂါနဲ့ပတ်သက်ပြီး အလ်-ဇဟ်ရာဝီရဲ့ ဒီ On Surgery ကျမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်။ ဒီရောဂါအတွက် အလ်-မစ္စဟဘ် (al-mishab) လို့ခေါ်တဲ့ ကျောက်ချေ ကိရိယာကို အလ်-ဇဟ်ရာဝီက တီထွင်ခဲ့ပါတယ်။

    “ထိပ်ချွန်တဲ့ သံချောင်းအသေးတစ်ချောင်းကိုယူပါ။ အဲဒီ သံချောင်းကို ပြန်ထုတ်ဖို့အတွက် ဆီးလမ်းကြောင်းက ကျောက်အထိရောက်တဲ့ သံကြိုးနဲ့ဆက်ပါ။ ပြီးရင် ဒီကိရိယာကို ကျောက်ကို ထိတဲ့အတွက် သွင်းပြီး ဟိုဘက်ဒီဘက်လှည့်ကာ ကျောက်ကို အပေါက်ဖောက်ပါ။ အဲဒီအချိန်မှာ ဆီးတွေ ထွက်ကျလာမှာဖြစ်ပြီး ကိရိယာကို အထဲကကျောက်ပေါ်မှာဖိထားပြီး ထိုးချေပါ။ ကျောက်က ကျေသွားပြီး ဆီးနဲ့အတူ ထွက်လာမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာ အဆင်မပြေဘူးဆိုရင်တော့ ခွဲပြီးထုတ်ပါ”

    ဒါဟာ သူတီထွင်ခဲ့တဲ့ ကျောက်ချေကိရိယာနဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြထားတာ ဖြစ်ပါတယ်။ အလ်-ဇဟ်ရာဝီရဲ့ စာအုပ်တွေကို သိပ်မကြာခင်ကမှ ဘာသာပြန်ဆိုခဲ့ကြတဲ့ ဂျီယိုဖရေး လူးဝစ် (Geoffrey Lewis) နဲ့ မာတင် စပင့် (Martin Spink) တို့ဟာ ဒီတီထွင်မှုကို ချီးကျူးခဲ့ပြီး ခေတ်သစ် ဆီးကျောက်ချေ ကိရိယာအတွက် ရှေ့ပြေးဖော်ထုတ်မှုလည်းဖြစ်တယ်လို့ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

    “အဘူလ်ကာစစ်ရဲ့ ဒီကိရိယာဟာ ရာစုနှစ်ပေါင်းမျာစွာအရင်က လီသိုထရစ်ပတာ (lithotripter) ပါပဲ။ ဒါကို အလယ်ခေတ် ခွဲစိတ်ဆရာဝန်ကြီးတွေဖြစ်တဲ့ ဖရန်ကို (Franco)၊ ပါရေး (Pareဲ) နဲ့ ဆီးလမ်းကြောင်း ရောဂါဆိုင်ရာ ဂုရုကြီး ဖရေရီ ကိုမေသီ (Freဲre Comethe) တို့က လုံးဝလစ်လျူရှုထားပြီး ဖော်တောင် မဖော်ပြခဲ့ပါဘူး”

    (lithotripter မှာ ယနေ့ခေတ် ဆီးကျောက်ခြေရာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် ကိရိယာဖြစ်သည်)

    ၁၂ ရာစု ဆီးဗီးလ် (Seville) က သမားတော် အစ်ဗနေ့ ဇူဟာရ် (Ibn Zuhr) က ဇဟ်ရာဝီရဲ့ ဒီ ဆီးကျောက်ခြေကိရိယာရဲ့ ထိပ်ဆုံးမှာ စိန်ပွင့်ကိုထည့်ပြီး မွမ်းမံခဲ့ပါတယ်။ အလ်-ဇဟ်ရာဝီဟာ ခွဲစိတ်မှုသုံး လွန်တွေအပြင်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်တွေမှာ တည်တတ်တဲ့ ကျောက်တွေကို ခွဲထုတ်ရမှာ အသုံးပြုတဲ့ ဓားတွေကိုလည်း တီထွင်ခဲ့ပါသေးတယ်။

    On Surgery ကျမ်းက အလ်-ဇဟ်ရာဝီ နောက်ထပ်ဖော်ပြထားတဲ့ ခွဲစိပ်ကိရိယာတွေထဲမှာ တစ်ရှူးတွေကို မီးရှို့ဖြတ်ထုတ်တဲ့ပစ္စည်း (cauterization tool) အမျိုးမျိုး၊ ခွဲစိပ်ခန်းသုံးဓားငယ် အမျိုးမျိုး၊ သွေးကြောထဲကနေ သွေးခဲတွေကို ဆွဲထုတ်ရာမှာ အသုံးပြုတဲ့ အသွားတုံး ချိတ်အမျိုးမျိုး၊ အသွားချွန် ချိတ်တွေ၊ ဇာဂနာအမျိုးမျိုး၊ ညှပ်အမျိုးမျိုး၊ မိခင်ရဲ့ သားအိမ်ထဲကနေ သန္ဓေသားကို ဆွဲထုတ်ဖို့အတွက် ယနေ့အထိ အသုံးပြုနေတဲ့ ညှပ်အရှင်တွေလည်း ပါဝင်ပါတယ်။

    ဒီနေ့သုံးနေတဲ့ ခွဲစိပ်ခန်းသုံးကိရိယာတွေကို ကြည့်မယ်ဆိုရင် အလယ်ခေတ် မွတ်စလင်သမားတော်ကြီးတွေ တီထွင်ဖန်တီးခဲ့တဲ့ ကိရိယာတွေကို သိပ်မကွာတာကို တွေ့မြင်ရမှာဖြစ်ပြီး ကမ္ဘာ့လူ့အဖွဲ့အစည်းအပေါ် မွတ်စလင်တွေရဲ့ အကျိုးပြုမှုကို ဖော်ပြနေတဲ့ အကောင်းဆုံး သက်သေတွေပဲ ဖြစ်ပါတယ်။

    “အလ်-ဇဟ်ရာဝီဟာ ခန္ဓာဗေဒအသိပညာကို အခြေခံပြီး ခွဲစိပ်ကုသမှုနယ်ပယ်ကို သီးခြားပညာရပ်တစ်ခုအဖြစ် ခွဲထုတ်ပေးလိုက်တဲ့ ထိပ်တန်း ပုဂ္ဂိုလ်ကျော်ကြီးတစ်ဦး ဖြစ်ပါတယ်။ အလ်-ဇဟ်ရာဝီရဲ့ ခွဲစိပ်ကိရိယာ ပုံတွေ၊ ဖော်ပြချက်တွေဟာ ဒီနယ်ပယ်မှာ သူ့ရဲ့ကြိုးပမ်းအားထုတ်မှုကို ရှင်သန်နေစေတဲ့၊ သူ့နောက်ပိုင်း ပေါ်ထွက်လာခဲ့တဲ့ ပညာရှင်တွေအပေါ် သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို မီးမောင်းထိုးပြနေတဲ့ စွန့်ဦးတီထွင်မှုလည်း ဖြစ်ပါတယ်”

    အလ် လီကလာ့က် (L. Leclerc – ၁၉ ရာစု ဆေးပညာဆိုင်ရာ သမိုင်းပညာရှင်)

    အလ်-ဇဟ်ရာဝီ

    al
    အလ်-ဇဟ်ရာဝီ၏ ပုံတူ

    ဓားငယ်တွေ၊ လွှငယ်လေးတွေ၊ လွန်တွေ၊ ဇာဂနာတွေကြောင့် ခွဲစိပ်ကုသူမှုကဏ္ဍဟာ လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်ကတည်းက လုံးဝ ပြောင်းလဲခဲ့ပါတယ်။ စပိန်နိုင်ငံမှာ မွတ်စလင်တွေရဲ့ အုပ်စိုးမှု နေလိုလလို ထွန်းတောက်ခဲ့တဲ့အချိန် ကျောကြားခဲ့တဲ့ ခွဲစိပ်သမားတော်ကြီး အလ်-ဇဟ်ရာဝီရဲ့ မှတ်တမ်းတွေကို ကြည့်ခြင်းအားဖြင့် သူဟာ ဆေးဘက်ဆိုင်ရာ ကိရိယာပေါင်း ၂၀၀ ကျော်လောက်ကို တီထွင်ဖန်တီး အသုံးပြုခဲ့တယ်ဆိုတာ သိရှိရပါတယ်။ အဲဒီ ကိရိယာတွေထဲက အများစုကို ဒီနေ့ခေတ်အထိ ပစ်ပယ်လို့ မရသးပါဘူး။

    သက္ကရာဇ် ၉၃၆ ခုနှစ်မှာ ကော်ဒိုဘာမှာမွေးခဲ့တဲ့ အလ်-ဇဟ်ရာဝီကို အနောက်တိုင်းကတော့ အဘူလ်ကာစစ်လို့ သိကြပါတယ်။ သမားတော်တစ်ယောက်ဖြစ်တဲ့သူဟာ ဘ၀သက်တမ်းတစ်လျှောက်လုံးမှာ ခွဲစိပ်ကုသမှုပေါင်း ရာနဲ့ချီ ပြုလုပ်ခဲ့သူပါ။ ခွဲစိတ်နည်းတွေနဲ့ ကုသမှုနည်းလမ်းတွေကိုလည်း အလ်-ဇဟ်ရာဝီက ဖွံ့ဖြိုးအောင် လုပ်ဆောင်ခဲ့တာကြောင့် သူ့ရဲ့ လူနာတွေဟာ အကျိုးကျေးဇူးမြောက်များစွာ ခံစားခဲ့ရပါတယ်။

    သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဆောင်ရွက်ခဲ့ကြတဲ့ ဆေးဘက်ဆိုင်ရာ လုပ်ငန်းတွေကို အလ်-တက်စ်ရစ်ဖ် (Al-Tasrif) ဆိုတဲ့ ကျမ်းကြီးမှာ မှတ်တမ်းတင်ခဲ့ပြီး အဲဒီကျမ်းကြီးကတော့ အတွဲပေါင်း ၃၀ ရှိပါတယ်။ ဒီကျမ်းကြီးထဲမှာ တွင်းထွက်ပစ္စည်းတွေ၊ ဆေးဖက်ဝင်အပင်တွေ၊ တိရစ္ဆာန်ထွက် ပစ္စည်းတွေကနေ ဆေးဝါးဖော်စပ်မှုတွေအကြောင်းလည်း ပါဝင်ပါတယ်။

    ပြီးတော့ ခွဲစိပ်ကိရိယာတွေကိုလည်း ပုံတွေ၊ ရှင်းလင်းချက်တွေနဲ့ အသေးစိတ်ဖော်ပြထားပြီး ဆေးဘက်ဆိုင်ရာသမိုင်းမှာ ခွဲစိပ်ပညာရပ်နဲ့ပတ်သက်ပြီး ပထမဆုံးဖော်ပြမှုလည်း ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ခွဲစိပ်ကုသမှုဟာ အလွန်အန္တရာယ်ရှိပြီး၊ နာကျင်မှုဝေဒနာကို ဆိုးဆိုးဝါးဝါး ခံစားရလေ့ရှိပေမယ့် အလ်-ဇဟ်ရာဝီရဲ့ ဒီကိရိယာတွေကြောင့် အရိုးရောဂါ၊ အဖုအကျိတ်၊ ဆီးအိမ်မှာ ကျောက်တည်တာ၊ ဒဏ်ရာအနတရဖြစ်တာတွေကို ကုသတဲ့နေရာမှာ တော်တော်လေးကို အထောက်အကူ ဖြစ်စေခဲ့ကာ ကလေးမွေးဖွားမှုကိုလည်း လွယ်ကူစေခဲ့ပါတယ်။

    အလ်-ဇဟ်ရာဝီရဲ့ ဒီကျမ်းကြီးထဲမှာ ခွဲစိပ်ခန်းသုံး ဓားငယ်တွေ၊ ချိတ်တွေ၊ ညှပ်တွေ၊ လွှငယ်လေးတွေကို ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ အများစုကိုတော့ ဒီနေ့အချိန်အထိ သုံးစွဲနေကြရတုန်းဖြစ်ပြီး၊ အလ်-ဇဟ်ရာဝီရဲ့ ဒီကိရိယာတွကို အခြေခံကာ ပိုမိုအသုံးဝင်အောင် ပြုပြင်ဖန်တီးမှုတွေလည်း ရှိခဲ့ပါတယ်။ ၁၂ ရာစုမှာ ဆီးဗီးလ်မြို့က သမားတော်တစ်ဦးဖြစ်တဲ့ ဇူဟာရ်ဟာ အလ်-ဇဟ်ရာဝီရဲ့ ကိရိယာတစ်ခုကို စိန်ပွင့်တပ်ပြီး ပြုပြင် မွမ်းမံခဲ့ပါတယ်။

    အလ်-တက်စ်ရစ်ဖ် ကျမ်းကြီးထဲမှာ အလ်-ဇဟ်ရာဝီဟာ ပုခုံးအဆစ်လွဲမှု ကုသနည်း၊ ကျောက်ပတ်တီးစီးကာ အရိုးပြန်ဆက်နည်း၊ သွားတုစိုက်နည်းတွေနဲ့ ကင်ဆာကုသဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကိုပါ ဖော်ပြထားပါတယ်။ သူ့ရဲ့အသိပညာကြွယ်ဝမှုကလည်း လူနာပေါင်းစုံရဲ့ ယုံကြည်ကိုးစားမှုကို ရရှိစေခဲ့ပါတယ်။

    လူနာတွေ ကြောက်ရွံ့မှု မရှိအောင်လို့ ဓာသွားမမြင်ရတဲ့ ဓားကိုလည်း အလ်-ဇဟ်ရာဝီက တီထွင်ခဲ့ပြီး ဒီလို ထောင့်စေ့အောင် တွေးခေါ်မြော်မြင်တတ်မှုကို နည်းသစ်လမ်းသစ်ဖော်ထုတ်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အလ်-ဇဟ်ရာဝီဟာ စပိန်ကိုအုပ်စိုးတဲ့ ဘုရင့်နန်းတွင်းက လက်စွဲ သမားတော်ကြီး ဖြစ်လာခဲ့ပါတယ်။

    အလ်-ဇဟ်ရာဝီရဲ့ လက်ဗျားခါလောက်တဲ့ တီထွင်မှုတွေထဲက တစ်ခုကတော့ ခွဲစိပ်ကုသမှုအပြီး အတွင်းသားကို ချုပ်တဲ့အခါမှာ တိရစ္ဆာန်အူကနေလုပ်တဲ့ကြိုး (catgut) ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းစနစ်ကို ဒီနေ့အချိန်အထိ အသုံးပြုနေကြဆဲပါ။

    တကယ်တော့ ဒီနေ့ခေတ် ကျန်းမာရေးကဏ္ဍနဲ့ ကုသမှုတွေဟာ အတိတ်ကာလနဲ့ တစ်နည်းမဟုတ်တစ်နည်း စက်ဆက်နေပါတယ်။ အစောပိုင်း မွတ်စလင်လူ့အဖွဲ့အစည်းမှာ ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ခွဲစိပ်ကုသမှု၊ ဆေးရုံက ကျန်းမာရေး ၀န်ဆောင်မှု ကဏ္ဍတွေကို အရှေ့ရောက်စေခဲ့ပြီး၊ နည်းလမ်းဟောင်းတွေ၊ နည်းလမ်းအသစ်တွေကနေ ဆေးသစ်ဝါးသစ် ထုတ်လုပ်မှုလည်း မြင့်တက်ခဲ့ပါတယ်။

    အလ်-တက်စ်ရစ်ဖ်ကျမ်းကြီးကို ခရီမိုနာမြို့က ဂျရတ် (Gerard of Cremona) ဆိုသူက လက်တင်ဘာသာကို ပြန်ဆိုပြီး နောက်ပိုင်းမှာတော့ အလ်-ဇဟ်ရာဝီရဲ့ တီထွင်ဆန်းသစ်မှုတွေ၊ လေ့လာဖော်ထုတ်မှုတွေဟာ ဥရောပတစ်ဝှမ်း ပြန့်နှံ့သွားခဲ့သလို ဉာဏ်သစ်လောင်းကာလ (Renaissnace) အထိ ဥရောပရဲ့ဆေးပညာကဏ္ဍမှာ လွှမ်းမိုးခဲ့ပါတယ်။ အစောပိုင်း မွတ်စလင်ကမ္ဘာက ဆေးကျမ်းတွေနဲ့အတူ အလ်-တက်စ်ရစ်ဖ်ကျမ်းဟာ ဆေးကျောင်းတွေမှာ ရာစုနှစ်ပေါင်းများစွာကြာထဲ့အထိ ပြဌာန်းစာအုပ် ဖြစ်ခဲ့ပါတော့တယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • ဆေးရုံများ – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၅)

    ဆေးရုံများ – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၅)

    ဒီဇင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    al-mansuri
    ၁၃ ရာစု အီဂျစ်မှ အလ်မန်ဆူရီဆေးရုံ

    – လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က မွတ်စလင်ဆေးရုံတွေဟာ ဆေးကုသမှုတင်မကဘဲ  ပြန်လည်ထူထောင်ရေး၊ ခိုလှုံခွင့်ပေးရေးနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုတဲ့  ရည်ရွယ်ချက်ကောင်းတွေနဲ့ ဖြစ်တည်လာတာ ဖြစ်ပါတယ်။ နေထိုင်မကောင်းသူတွေကို ပြုစုကုသပေးတာဟာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်လို့ မွတ်စလင်တွေက ယူဆတာကြောင့် အဲဒီဆေးရုံတွေဟာ ဆင်းရဲချမ်းသာမရွေး၊ အယုတ် အလတ် အမြတ်မရွေးရဲ့ မှီခိုအားထားရာ နေရာတွေ ဖြစ်ခဲ့ပါတယ်။

    စောစောပိုင်းမှာ မွတ်စလင်တွေဟာ ဒီ ဆေးရုံတွေကို ‘၀ကားဖ်’ (waqaf) လို့ခေါ်တဲ့ အကျိုးကုသိုလ်မျှော်ကိုးတဲ့ ဘာသာရေးဆိုင်ရာ လှူဒါန်းမှုတွေကနေတစ်ဆင့် တည်ထောင်ကြပြီး ထိန်းသိမ်းစောင့်ရှောက်မှုကိုတော့ ပြည်သူ့ဘဏ္ဍာတိုက်ထဲက ကျခံသုံးစွဲတာ ဖြစ်ပါတယ်။ အစိုးရရဲ့ ဒီလို ထောက်ပံ့မှုကြောင့် အဲဒီဆေးရုံတွေဟာ ရာစုနှစ် ၂ ခုအတွင်း ဆေးသိပ္ပံဆိုင်ရာ အဓိကနေရာတွေ ဖြစ်လာခဲ့ပြီး လူထုအတွက် မရှိမဖြစ် ဖြစ်လာခဲ့ပါတော့တယ်။

    မွတ်စလင်တွေမတိုင်ခင်က ဂရိတွေမှာ Healing temples လို့ခေါ်တဲ့ ဆေးကုသရာ နေရာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ သိပ္ပံနည်းကျလေ့လာမှု၊ လက်တွေ့ကုသမှုတွေထက် ဂမ္ဘီရဆန်ဆန်သာ ဖြစ်ပါတယ်။ ဂရိက ဘိုင်ဇန်တိုင်း ပရဟိတအဖွဲ့ဖြစ်ပြီး ‘ခရီးသွားသူများ၏ နားခိုရာ’ လို့ အဓိပ္ပါယ်ရတဲ့ ‘ဇီနိုဒိုချီယွန်’ (Xenodocheion) ကတော့ နူနာစွဲတဲ့သူတွေ၊ နာတာရှည်ရောဂါသည်တွေနဲ့ ဆင်းရဲချို့တဲ့သူတွေကို ပြုစုကုသမှုတွေ ပြုလုပ်ခဲ့ပြီး ဆေးရုံတစ်ခုရဲ့ အင်္ဂါရပ်နဲ့ နီးစပ်သလောက် ရှိခဲ့ပါတယ်။

    မွတ်စလင်တွေရဲ့ ဆေးရုံတွေဟာ ၈ ရာစု ဘဂ္ဂဒတ်မှာ စတင် ပေါ်ပေါက်ခဲ့တာပါ။ အဲဒီဆေးရုံတွေဟာ ဘိုင်ဇန်တိုင်းတွေရဲ့ ဇီနိုဒိုချီယွန်နဲ့ဆင်ပြီး ဆင်းရဲချို့တဲ့သူတွေ၊ နာတာရှည်ရောဂါသည်တွေနဲ့ နူနာစွဲသူတွေကို ကုသပေးခဲ့ပါတယ်။ ဒါပေမယ့် ပထမဆုံး စနစ်ကျတဲ့ ဆေးရုံတွေက သက္ကရာဇ် ၈၇၂ နဲ့ ၈၇၄ ကြား ကိုင်ရိုမှာ ပေါ်ထွက်လာခဲ့ပါတယ်။ အဟ်မဒ် အစ်ဗနေ့ တူလန် ဆေးရုံ (Ahmad ibn Tulun Hospital) ကတော့ လူနာအားလုံးကို ဆေးကုသမှုနဲ့ ဆေးဝါးထောက်ပံ့မှုကို အခမဲ့ ပြုလုပ်ပေးပါတယ်။ ဒါတင်မကသေးဘဲ အမျိုးသမီးနဲ့ အမျိုးသားတွေအတွက် သီးသန့်ရေချိုးခန်း၊ စာအုပ်စုံတဲ့ စာကြည့်တိုက်တစ်ခုလည်း ပါဝင်ပြီး အဲဒီအချိန်တုန်းက ခေတ်ရှေ့ပြေးလို့ ပြောလို့ရတဲ့ စိတ်ရောဂါဆိုင်ရာ ဌာနတစ်ခုကိုလည်း ထည့်သွင်းထားပါတယ်။ ဆေးရုံတက်ပြီဆိုတာနဲ့ လူနာတွေဟာ သူတို့ရဲ့ မူလအ၀တ်အစားတွေ၊ တန်ဖိုးရှိပစ္စည်းတွေကို ဆေးရုံတာဝန်ရှိသူတွေထံ အပ်နှံရပြီး၊ ဆေးရုံကထုတ်ပေးတဲ့ တူညီဝတ်စုံကို ၀တ်ဆင်ရသလို၊ ကုတင်ကိုလည်း ဆေးရုံက သတ်မှတ်ပေးပါတယ်။

    “ဆေးရုံရဲ့တာဝန်က နေထိုင်မကောင်းသူတွေ၊ ချို့တဲ့သူတွေ၊ အမျိုးသား၊ အမျိုးသမီးမခြား ပြုစုစောင့်ရှောက်မှု ပေးဖို့ပါပဲ။ အာဏာရှိသူ၊ အာဏာမဲ့သူမရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ အရှင်သခင် လက်အောက်ငယ်သားမရွေး၊ နိုင်ငံသား နိုင်ငံခြားသားမရွေး အခကြေးငွေမယူဘဲ ကုသပေးမယ့် ဘုရားသခင်ရဲ့ ကျေနပ်မှုကို မျှော်ကိုးတဲ့ ဆေးရုံဖြစ်ပါတယ်” (ကိုင်ရိုရှိ အလ်-မန်ဆူရီဆေးရုံ၏ ခံယူချက်)

    စောစောပိုင်း မွတ်စလင်ကမ္ဘာက အရေးပါတဲ့ ဆေးရုံတွေထဲမှာ သက္ကရာဇ် ၉၈၂ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ဘဂ္ဂဒါဒီဆေးရုံ (Baghdadi Hospital) လည်း ပါဝင်ပြီး သမားတော် ၂၄ ဦးနဲ့ လည်ပတ်တာ ဖြစ်ပါတယ်။ ၁၂ ရာစု ဒမတ်စကတ်မှာ နူရီဆေးရုံ (Nuri Hospital) လို့ခေါ်တဲ့ ပိုပြီး ကြီးမားတဲ့ ဆေးရုံတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီဆေးရုံမှာ ဆေးဝါးဆိုင်ရာ ညွှန်ကြားမှုတွေပေးသလို ဆေးဝါးပညာရှင်တွေ၊ ဆံသသမားတွေ၊ အရိုးအကြောပညာရှင်တွေ၊ မျက်စိအထူးကုနဲ့ သမားတော်တွေလည်း ရှိခဲ့တယ်လို့ ၁၃ ရာစုက ရေးသားခဲ့တဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

    ကိုင်ရိုမှာ အင်မတန်ကောင်းမွန်တဲ့ ဆေးရုံကြီး ၃ ခု ရှိခဲ့ပြီး အဲဒီအထဲက အကျော်ကြားဆုံးကတော့ အလ်-မန်ဆူရီဆေးရုံ (Al-Mansuri) ဖြစ်ပါတယ်။ ၁၃ ရာစု အီဂျစ်ရဲ့ မမ်လွက်ဘုရင် (Mamluk) လက်ထက်မှာ အလ်-မန်ဆူရ် ကွာလာဝမ် (Al-Mansur Qalawun) ဟာ အိမ်ရှေ့မင်းသားအရာမှာပဲ ရှိပါသေးတယ်။ ဆီးရီးယားကို စစ်ချီတဲ့အခါမှာ ကျောက်ကပ်ရောဂါကို ခံစားခဲ့ရတဲ့ အလ်-မန်ဆူရ်ဟာ ဒမတ်စကတ်က နူရီဆေးရုံမှာ ကုသမှုခံယူခဲ့ပြီး   ဒီဆေးရုံကို အားကျခဲ့ပါတယ်။ ထီးနန်းအရိုက်အရာကို ဆက်ခံပြီးပြီးချင်း ဒီလို ဆေးရုံမျိုး တည်ဆောက်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပြီး အဲဒီ သန္ဓိဌာန် အတိုင် အလ်-မန်ဆူရ်ဟာ ကိုင်ရိုမှာ အလ်-မန်ဆူရီ ဆေးရုံကို တည်ဆောက်ခဲ့ကာ အောက်ပါအတိုင်း ရည်စူးခဲ့ပါတယ်။

    “အဆင့်တန်းတူသူ သာလွန်သူမရွေး၊ စစ်သား၊ မင်းဆွေမင်းမျိုးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ လွတ်လပ်သူ၊ ကျွန်ဖြစ်သူမရွေး၊ အမျိုးသား၊ အမျိုးသမီးမရွေး လူတိုင်းရဲ့ အကျိုးအတွက် ၀ကားဖ်လှူဒါန်းခြင်းဖြစ်ကြောင်း နီယသ်အဓိဌာန်ပြုပါသည်”

    သက္ကရာဇ် ၁၂၈၄ ခုနှစ်မှ အလ်-မန်ဆူရီဆေးရုံကြီးကို ၀င်ပေါက် ၄ ခုနဲ့ တည်ဆောက်ခဲ့ပြီး ၀င်ပေါက် တစ်ခုချင်းဆီရဲ့အလယ်မှာ ရေပန်းတစ်ခုစီ ထားရှိပါတယ်။ ဆေးရုံမှာ သမားတော်တွေအစုံနဲ့ လူနာတွေအတွက် ဆေးပစ္စည်းအစုံရှိအောင်လည်း ဘုရင် အလ်-မန်ဆူရ်က စီစဉ်ပေးထားပါတယ်။ အမျိုးသားလူနာတွေကို ကုသပေးဖို့အတွက် အမျိုးသားဝန်ထမ်း၊ အမျိုးသမီးလူနာအတွက် အမျိုးသမီး ၀န်ထမ်းတွေကိုလည်း သီးသန့်ထားပေးထားပြီး အမျိုးသားဆောင်၊ အမျိုသမီးဆောင်ဆိုပြီး ခွဲခြားပေးထားပါတယ်။ အိပ်ယာတွေမှာလည်း မွေ့ယာတွေ ထားပေးထားပြီး သီးသန့်ဧရိယာတွေကိုလည်း လုပ်ထားပေးပါတယ်။ ဆေးရုံရဲ့နေရာတိုင်းမှာ ရေကို လိုသလိုဖွင့်သုံးလို့ရအောင် ဖန်တီးပေးထားကာ ဆေးရုံအုပ်ကြီးစာပြဖို့ သီးသန့်အခန်းတစ်ခုကိုလည်း ထားရှိပါတယ်။  ဆေးရုံတက်ဖို့အတွက် ဘယ်လိုကန့်သတ်ချက်မျိုးမှ မရှိဘဲ၊ ဆေးရုံထဲမှာရှိတဲ့ ဆေးဌာနကတော့ အိမ်မှာ ဆေးသောက်ရမယ့် လူနာတွေအတွက် ဆေးတွေကို တာဝန်ယူ ဖြန့်ဝေပေးပါတယ်။

    အဲဒီလို အစောပိုင်းဆေးရုံကြီးတွေကို အတုယူပြီးတဲ့နောက် မွတ်စလင်ကမ္ဘာမှာ စနစ်ကျတဲ့ ဆေးရုံတွေ အလျှိုအလျှို ပေါ်ထွက်လာခဲ့ပြီး စပိန်က အန်ဒါလူစီယာ၊ စစ္စလီနဲ့ မြောက်အာဖရိကတို့အထိ ရောက်ရှိခဲ့ပါတော့တယ်။ မွတ်စလင်ကမ္ဘာက ဒီဆေးရုံတွေကို ဥရောပသားတွေက အားကျခဲ့ပြီး ‘သူရဲကောင်းများ၏ ဆေးရုံ’ လို့ အဓိပ္ပါယ်ရတဲ့ ဟော်စပီတာလီယာ (Hospitaliers) လို ပုံတူဆေးရုံတွေကို တည်ဆောက်ခဲ့ကြပါတယ်။ အဲဒီ ဟော်စပီတာလီယာဟာ ပြင်သစ်ကဆေးရုံပါ။ အီတလီတောင်ပိုင်းက နာမည်ကျော် ဆာလာနိုဆေးရုံ (Salerno) တို့လို   ဥရောပတောင်ပိုင်းက ဆေးရုံတော်တော်များများကို တည်ထောင်ရာမှာ မွတ်စလင်သမားတော်တွေ ပါဝင်ခဲ့ပါတယ်။

    မွတ်စလင်ကမ္ဘာက ဆေးရုံတွေဟာ တော်တော်လေး ကောင်းကောင်းမွန်မွန်နဲ့ လည်ပတ်ခဲ့တာပါ။ ဥပမာပြောရရင် ၁၂ ရာစုက ခရီးသွားတစ်ယောက်ဖြစ်တဲ့ အစ်ဗနေ့ ဂျူဘိုင်းရ် (Ibn Jubayr) က (အဲဒီအချိန်တုန်းက ဆေးရုံးနဲ့တူတဲ့ ပထမဆုံး ဆေးရုံဖြစ်နိုင်တဲ့) အလ်-နူရီဆေးရုံက လူနာတွေအပေါ် ကုသမှုနဲ့ ပြုစုစောင့်ရှောက်မှုကို အခုလို ချီးကျူးခဲ့ပါတယ်။

    “ဆေးရုံသစ် (အလ်-နူရီ) ဟာ (ဒမတ်စကတ်က ဆေးရုံ) နှစ်ခုထဲမှာ လူနာအများဆုံးနဲ့ အကြီးဆုံးပါ။ ဒီဆေးရုံရဲ့ တစ်နေ့တာ ကုန်ကျငွေဟာ ဒီနာရ်ရွှေဒင်္ဂါး ၁၅ ပြားဖြစ်ပါတယ်။ ဆေးရုံကို ကြီးကြပ်သူတစ်ဦး ရှိနေပြီး သူက လူနာရဲ့အမည်၊ ဆေးဝါး၊ အစားအသောက်နဲ့ အခြားပစ္စည်းပစ္စယာတွေအတွက် ကုန်ကျမှုတွေကို ရေးမှတ်ထားတဲ့ စာရင်းတွေကို ကိုင်ရပါတယ်။ သမားတော်တွေက မနက်တိုင်းလာပြီး လူနာတွေကို စစ်ဆေးတယ်၊ လိုအပ်တဲ့ဆေးတွေ၊ လူနာတစ်ဦးချင်းစီနဲ့ သင့်တော်မယ့် အဟာရတွေကို စီစဉ်ပေးပါတယ်”

    အရှေ့အလယ်ပိုင်းတစ်ခွင်ကို ခရီးသွားခဲ့စဉ် သူဖြတ်သွားတဲ့ ဒေသအများစုက မြို့ကြီးတိုင်းမှာ ဆေးရုံတစ်ခုမက တွေ့ရတယ်လို့ အစ်ဗနေ့ ဂျူဘိုင်းရ်ဟာ မှတ်တမ်းတင်ခဲ့ပြီး၊ ဒီဆေးရုံတွေဟာ ‘အစ္စလာမ့် ဂုဏ်သိက္ခာရဲ့ အကြီးကျယ်ဆုံး သက်သေများထဲမှတစ်ခု’ လို့တောင် ကင်ပွန်းတပ်ခဲ့ပါတယ်။

    မွတ်စလင်ကမ္ဘာက ဒီဆေးရုံတွေရဲ့ အတွေးအခေါ်တွေကလည်း အရှေ့ရောက်ပြီး ကိုယ်ခန္ဓာမှာ ခံစားရတဲ့ ဝေဒနာတွကိုသာ ကုသတာတင် မဟုတ်ပါဘူး။ ၉ ရာစု ဘဂ္ဂဒတ်ကဆေးရုံမှာ အလ်-ရာဇီဆိုတဲ့ မွတ်စလင် စွယ်စုံရပညာရှင်ကြီးဟာ စိတ်ကျန်းမာရေး ချို့တဲ့သူတွေကို ကုပေးဖို့အတွက် သီးသန့် အဆောင်တစ်ခုကို ထားရှိခဲ့ပါတယ်။

    “စာအုပ်တွေမရှိဘဲနဲ့ ဆေးပညာလေ့လာသူတစ်ဦးဟာ အပြောကျယ်တဲ့ သမုဒ္ဒရာထဲမှာ လမ်းပျောက်နေသူတစ်ဦးနဲ့တူပြီး၊ လူနာမရှိဘဲ ဆေးပညာလေ့လာသူကတော့ သမုဒ္ဒရာပျောက်နေတဲ့သူနဲ့ တူပါတယ်” (ကနေဒါ သမားတော် ဆာ ၀ီလီယံ အော့စလာ (၁၈၄၉-၁၉၁၉))

    ဆေးတက္ကသိုလ်

    တက္ကသိုလ်ပါတွဲထားတဲ့ အဲဒီဆေးရုံတွေဟာ ဒီနေ့ခေတ်လိုမျိုးပဲ ဆေးကျောင်းသားအသစ်တွေ အခြေခံ ခိုင်မာစေဖို့ လေ့ကျင့်ပေးရာနေရာလည်း ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ လောက်က ဒီဆေးရုံတွေဟာ ဆေးကျောင်းသားတွေအတွက် စာတွေ့၊ လက်တွေ့ သင်ခန်းစာတွေကို ပထမဆုံး သင်ကြားပေးရာနေရာလည်း ဖြစ်ခဲ့ပါတယ်။

    တစ်တစ်ယောက်ချင်းစီ သင်ကြားတဲ့စနစ်၊ အသင်းအဖွဲ့လိုက် သင်ကြားတဲ့စနစ်တွေ ရှိခဲ့ပါတယ်။ သင်ကြားပို့ချမှုကို ဆေးရုံက ဟောခန်းကြီးတစ်ခုမှာ ပြုလုပ်တာဖြစ်ပြီး၊ ပို့ချမယ့်အကြောင်းအရာကို သမားတော်ကြီးတစ်ဦးက ဆေးဘက်ဆိုင်ရာ စာအုပ်ထဲကနေ ဖတ်ပြကာ၊ ဆေးရုံအုပ်၊ ဒါမှမဟုတ် သမားတော်ချုပ်က ကျောင်းသားတွေနဲ့ အပြန်အလှန် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

    ဆေးကျောင်းသားအများစုဟာ ဆေးဘက်ဆိုင်ရာ အကြောင်းအရာတွေကို နာမည်ကျော် သမားတော်တွေနဲ့ ဆွေးနွေးလေ့ရှိနေပြီး အဲဒီအချိန် မွတ်စလင်ကမ္ဘာမှာ စက္ကူကို လိုသလောက် ထုတ်လုပ်နိုင်ပြီဖြစ်တာကြောင့် ဆေးကျောင်းသားတွေဟာ သူတို့တစ်ယောက်ချင်းစီ မှတ်သားထားတဲ့ မှတ်စုတွေကိုလည်း ကိုယ်တိုင် ထိန်းသိမ်းထားနိုင်ပါတယ်။ ဥရောပမှာတော့ ဒီလိုမှတ်စုတွေကို ကျောင်းသားတွေက ပိုင်ဆိုင်တယ်ဆိုတာ ရှားပါးပါတယ်။

    သမားတော်ချုပ် ဒါမှမဟုတ် ဆေးရုံအုပ်ဆီက သင်ကြားမှုပြီးတဲ့အခါ တစ်ဆက်တည်းပြုလုပ်တဲ့ အုပ်စုလိုက် သင်ကြားမှုက ပိုပြီးအရေးပါပါတယ်။ ကျောင်းသားတွေဟာ သမားတော်တွေနဲ့ ပြင်ပလူနာဌာနကို လိုက်သွားရကာ ဆေးမှတ်တမ်းကြည့်ရှုပြီး လူနာတွေကို စမ်းသပ်စစ်ဆေးတာ၊ ညွှန်ကြားချက်ပေးတာတွေကို လေ့လာမှတ်သားရပါတယ်။

    al-nuri
    ခေတ်သစ်ဆေးရုံများ၏ ရှေ့ပြေးဖြစ်သော ၁၂ ရာစု ဒမတ်စကတ်မှ အလ်-နူရီဆေးရုံး

    အဲဒီလို ဆေးရုံနဲ့တွဲထားတဲ့ ဆေးကျောင်းတွေထဲကတစ်ခုတော့ ဒမတ်စကတ်က အလ်-နူရီဆေးရုံ ဖြစ်ပါတယ်။ သမားတော် အဘူ အလ်-မဂျစ် အလ်-ဘာဟီလီ (Abu al-Majid al-Bahili) နဲ့ ၁၂ ရာစုက အုပ်ချုပ်သူ နူရ် အလ်-ဒင် အစ်ဗနေ့ ဇန်ဂီ (Nur al-Din ibn Zangi)  တို့ရဲ့ တိုက်ရိုက်ကြီးကြပ်မှုနဲ့အတူ ပေါ်ပေါက်လာတဲ့ ဒီဆေးရုံကို အုပ်ချုပ်သူရဲ့နာမည်တင်စားပြီး မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အစ်ဗနေ့ ဇန်ဂီဟာ ဆေးရုံးအတွက် လိုအပ်တဲ့ ဆေးဝါးကိရိယာတွေ၊ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးသလို ဆေးဘက်ဆိုင်ရာ စာအုပ်စာတမ်း တော်တော်များများကိုလည်း လှူဒါန်းခဲ့ပါတယ်။ အဲဒီစာအုပ်တွေကိုတော့ ဆေးရုံမှာ အထူးအဆောင်တစ်ခုလုပ်ကာ ထိန်းသိမ်းထားရှိပါတယ်။

    al-nafis-2
    နှလုံးနဲ့ အဆုတ်အကြား သွေးလှည့်ပတ်မှုစနစ် (leser circulation) ကို ရှာဖွေတွေ့ရှိခဲ့သူ အစ်ဗနေ့ အလ်-နာဖစ်

    အလ်-နူရီဆေးရုံဟာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို တစ်ခေတ်ဆန်းစေခဲ့ပါတယ်။ ၁၃ ရာစု အစောပိုင်းတုန်းက အလ်-ဒါခွါ (Al-Dakhwar) ဆိုတဲ့ သမားတော်တစ်ယောက်ဟာ အလ်-နူရီဆေးရုံမှာ လခနည်းနည်းနဲ့ အလုပ်ဝင်လုပ်ခဲ့ပေမယ့် ဆေးကုသရာမှာ နာမည်ကျော်ကြားလှတာကြောင့် အပြင်ပန်းဝင်ငွေ တော်တော်များများရရှိကာ ကြွယ်ဝခဲ့ပါတယ်။ အဲဒီငွေတွေနဲ့ အလ်-ဒါခွါဟာ ဒမတ်စကတ်မြို့ထဲမှာ ဆေးကျောင်းတစ်ခု ထူထောင်ခဲ့ပြီး ဒီနေ့ခေတ် ပုဂ္ဂလိကဆေးရုံနဲ့ ဆေးကျောင်းတို့ရဲ့ ရှေ့ပြေးလည်း ဖြစ်ပါတယ်။

    အလ်နူရီဆေးရုံက ဆေးကျောင်းမှာ နာမည်ကြီးသမားတော်တွေ တော်တော်များများ သင်ကြားပို့ချကြပါတယ်။ တစ်ခါတစ်ရံမှာ သမားတော်တွေ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဟာ ဘုရင် နူရ် အလ်-ဒင်ရဲ့ရှေ့မှောက် စုရုံးကာ ဆေးပညာရပ်အကြောင်း ဆွေးနွေးတာမျိုးတွေလည်း ရှိပါတယ်။ အလ်-နူရီဆေးရုံရဲ့ ဒါရိုက်တာ အဘူ အလ်-မဂျစ်ဟာ ဆေးကျောင်းသားတွေကို တစ်ခါသင်ကြားရင် ၃ နာရီလောက် ကြာမြင့်တတ်ပြီး ဆေးရုံက သမားတော်တွေလည်း လာရောက်နားထောင်လေ့ ရှိပါတယ်။ ၁၃ ရာစုက ဆေးဘက်ဆိုင်ရာ သမိုင်းပညာရှင် အစ်ဗနေ့ အဘီ အူဆေဘီယာ (Ibn Abi Usaybiah)၊   နှလုံးနဲ့ အဆုတ်အကြား သွေးလှည့်ပတ်မှုစနစ် (leser circulation) ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အစ်ဗနေ့ အလ်-နာဖစ် (Ibn al-Hafis) တို့ဟာ အလ်-နူရီဆေးကျောင်းက ဘွဲ့ရရှိခဲ့တဲ့ နာမည်ကြီး မွတ်စလင်သမားတော်တွေထဲမှာ ပါဝင်ပါတယ်။ အလ်-နာဖစ်ရဲ့ ဒီ သွေးလှည့်ပတ်မှုစနစ်ကို တွေ့ရှိခြင်းဟာ လူသားရဲ့ ဇီဝကမ္မဗေဒကို ပိုမိုနားလည်ဖို့ ခြေလှမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

    အလ်-ကွေရာဝမ်ဆေးရုံ

    al-qayrawan
    ၉ ရာစု တူနီးရှားမှ အလ်-ကွေရာဝမ်ဆေးရုံ

    တူနီးရှားမှာ ၉ ရာစုက ပေါ်ထွန်းခဲ့တဲ့ ဒီဆေးရုံကြီးဟာ အဲဒီခေတ်အခါမှာတော့ အဆင့်အမြင့်ဆုံး ဆေးရုံကြီး ဖြစ်ပါတယ်။ ဧည့်သည်တွေအတွက် နားနေခန်း၊ ဆူဒန်က အမျိုးသမီးသူနာပြု၊ လူနာတွေ ၀တ်ပြုဖို့နဲ့ စာပေလေ့လာဖို့ ဗလီ၊ ပုံမှန်ဂျူတီဝင်တဲ့ သမားတော်တွေအပါအ၀င် အားလုံးကို စနစ်တကျ သတ်မှတ်ပေးထားသလို အရိုးအကျောပြင်ခြင်း၊ သွေးပုပ်ထုတ်ခြင်းနဲ့ ဖြတ်ထုတ်ကုသခြင်းတွေလို ကုသမှုတွေပေးတဲ့ ဖူကာဟာ အလ်-ဘာဒန် (Fuqaha al-Badan)  အဖွဲ့ကိုလည်း ထားရှိပါတယ်။ နောက်ပြီး နူနာစွဲတဲ့သူတွေကို ကုသပေးတဲ့ အထူးဆောင်တစ်ခုကို အလ်-ကွေရာဝမ်ဆေးရုံဘေးမှာ တည်ဆောက်ထားပြီး အဲဒီအဆောင်ကို ဒါရ် အလ်-ဂျုဒ်ဟာမာ (Dar al-judhama) လို့ ခေါ်ပါတယ်။ အဲဒီအချိန်တုန်းက နူနာစွဲသူတွေကို ကုသမပေးဘဲ မကောင်းဆိုးဝါးတွေလို ပစ်ပယ်ထားတဲ့ ကာလမျိုးပါ။ ဒီ အလ်-ကွေရာဝမ်ဆေးရုံကို နိုင်ငံတော်ဘဏ္ဍာကနေ ထောက်ပံ့ပေးတာဖြစ်ပြီး၊ စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေကိုလည်း လက်ခံတာကြောင့် ဘဏ္ဍာရေးတောင့်တင်းကာ အကောင်းဆုံး ကျန်မာရေးစောင့်ရှောက်မှုကို ပေးနိုင်ခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • ငွေကြေးသုံးစွဲမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၄)

    ငွေကြေးသုံးစွဲမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၄)

    ဒီဇင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    coin-2

    – အတိတ်ကာလတုန်းက ငွေကြေးဆိုတာ သက်ရှိသတ္တ၀ါတွေဖြစ်ပါတယ်။ ဆိုလိုတာက ကုန်ပစ္စည်းတွေအတွက် ငွေပေးချေဖို့ ကုလားအုတ်တွေ၊ ကျွဲနွားတွေနဲ့ သိုးတွေကို သုံးစွဲခဲ့ကြတာပါ။ ၁၄ ရာစု မွတ်စလင်ခရီးသွား အစ်ဗနေ့ ဘက်တူတာ (Ibn Battuta) လက်ထက် မော်လ်ဒိုက်နိုင်ငံမှာ  ခရုကမာအခွံတွေကို ငွေကြေးအဖြစ် သုံးစွဲခဲ့ပါတယ်။ အဲဒီအခွံတွေဟာ တန်ဖိုးရှိတယ်လို့ သတ်မှတ်ခံရပြီး၊ ဒီငွေကြေးဟာ အနောက်အာဖရိက က မာလီနိုင်ငံအထိ ရောက်ရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ အကြွေးဝယ်ကဒ်တွေ၊ ငွေစက္ကူတွေ၊ ဒင်္ဂါးတွေကို အသုံးပြုနေကြပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးဈေးကွက်တွေက အီလက်ထရောနစ်အသုံးပြု ငွေကြေးလွှဲပြောင်းမှုတွေနဲ့အတူ မမြင်ရဘဲ စီးဆင်းနေတဲ့ ငွေကြေးတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ငွေစက္ကူတွေဟာ ပမွှားလောက်သာ ရှိပါတယ်။  ဘက်တူတာလက်ထက်က ခရုကမာခွံတွေ ယနေ့မှာ ကွယ်ပျောက်သွားသလို အနာဂတ်မှာလည်း ကျွန်တော်တို့အခု အသုံးပြုနေတဲ့ ငွေစက္ကူတွေ၊ ဒင်္ဂါးတွေကလည်း ကွယ်ပျောက်သွားနိုင်ပါတယ်။

    ဒါရွလ်အစ္စလာမ် (Dar al-Islam) လို့ခေါ်တဲ့ မွတ်စလင်ကမ္ဘာဟာ အုပ်ချုပ်သူတွေ အပြောင်းအလဲ များခဲ့ပေမယ့် နယ်ပယ်ကိုတော့ ချဲ့ထွင်နိုင်ခဲ့ပြီး ရွှေနဲ့ ငွေတွေကို နိုင်ငံတကာငွေကြေးအဖြစ် အသုံးပြုခဲ့ပါတယ်။ ဒီနေ့ခေတ် ကျွန်တော်တို့ တစ်နိုင်ငံပြီးတစ်နိုင်ငံကို ခရီးသွားမယ်ဆိုရင် မတူညီတဲ့ ငွေကြေးတွေအပြည့်နဲ့ ပိုက်ဆံအိတ်ကို သယ်ဆောင်သွားမယ့်အစား ခရီးသွားချက်လက်မှတ် (traveler’s check) ကို ယူဆောင်သွားကြပါတယ်။ ဒါပေမယ့် ၁၄ ရာစုတုန်းက မွတ်စလင်ကမ္ဘာက ခရီးသွားတွေဟာ ဈေးကြိုဈေးကြား၊ ချောင်ကြိုချောင်ကြားမကျန် သွားလာခဲ့ကြပြီး မြို့ကြီးတွေကနေ ဇနပုဒ်တွေအထိ ဒီနာရ် (ဒီရ်ဟမ်) ငွေကြေးကို အသုံးပြုခဲ့ကြပါတယ်။

    မွတ်စလင်ကမ္ဘာရဲ့ အပြင်ကို ထွက်ကြည့်မယ်ဆိုရင်တော့ အပေးအယူတွေက တစ်ကျောင်း တစ်ဂါထာ ဖြစ်နေပါတယ်။  လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ အရင်က တရုတ်နိုင်ငံမှာ အံ့သြစရာကောင်းတဲ့ ဘဏ္ဍာရေး အခြအနေကို အစ်ဗနေ့ ဘက်တူတာရဲ့ အောက်ပါရေးသားမှုကနေ တစ်ဆင့် သိနိုင်ပါတယ်။

    “တရုတ်ပြည်သူတွေဟာ လက်ဝါးအရွယ်အစားလောက်ရှိတဲ့ စက္ကူတွေနဲ့ ရောင်းကြ၊ ၀ယ်ကြပြီး၊ အဲဒီစက္ကူတွေမှာလည်း ဘုရင်မင်းမြတ်ရဲ့ တံဆိပ်ကို ထုထားပါတယ်။ တစ်ယောက်ယောက်က ဈေးထဲကို ဒီရ်ဟမ် ဒါမှမဟုတ် ဒီနာရ်နဲ့ သွားဝယ်မယ်ဆိုရင် လက်မခံဘဲ သူ့ကိုလည်း အရေးမလုပ်တော့ပါဘူး”

    ၇ ရာစုနဲ့ ၈ ရာစုအတွင်းမှာ ငွေကြေးကို ရွှေ ဒါမှမဟုတ် ငွေနဲ့ လုပ်ကြပါတယ်။ မွတ်စလင်တွေကတော့ သူတို့ရဲ့ ဒင်္ဂါးတွေကို ကုရ်အာန်ရဲ့ သွန်သင်ဆုံးမမှုနဲ့ ကိုက်ညီအောင် ပြုလုပ်ခဲ့ကြပါတယ်။

    “အသင်တို့သည် မိမိတို့ ရောင်းချသော ၀တ္ထုပစ္စည်းတစ်စုံတစ်ရာကို တောင်း၊ တင်း၊ ခွက် စသည့် ပမာဏဖြင့် ခြင်တွယ်၍ ရောင်းချသောအခါဝယ် အပြည့် ခြင်တွယ်၍ပေးကြလေကုန်။ ထိုမှတပါး အသင်တို့သည် အလေးချိန်ခွင်ဖြင့် ချိန်တွယ်၍ ရောင်းချသောအခါတွင်လည်း မှန်ကန်သော အလေးချိန်ခွင်ဖြင့် ချိန်တွယ်၍ ပေးကြလေကုန်” (ကုရ်အာန် ၁၇၊ ၃၅)

    ဒါ့ကြောင့် ဒင်္ဂါးတွေကို ရွှေစစ်စစ်၊ ငွေစစ်စစ်ဖြစ်အောင်၊ အလေးချိန်မှန်ကန်အောင် ဆောင်ရွက်ဖို့ဟာ အုပ်စိုးသူတွေရဲ့ တာဝန် ဖြစ်ခဲ့ပါတယ်။ ငွေကြေးစံနှုန်းကိုတော့ ရှရီအာဥပဒေအရ သတ်မှတ်ပြီး ရွှေအတွက် ၇ မစ်ကဲလ် (mithqal) နဲ့ ငွေအတွက် ၁၀ ဒီရ်ဟမ်တို့ ဖြစ်ပါတယ်။ အဲဒီအတိုင်းအတာ မရှိတဲ့ ဒင်္ဂါးတွေ၊ နိုင်ငံခြားငွေကြေးတွေ၊ ဒင်္ဂါးအဟောင်းတွေကိုတော့ ရွှေတုံး၊ ငွေတုံးတွေနဲ့အတူ ဒင်္ဂါးသွန်းလုပ်ရာ နေရာကို ယူဆောင်သွားပြီး အရည်ပြန်ကျိုကာ ဒင်္ဂါးအသစ်တွေကို သွန်းလုပ်ပါတယ်။ ဒင်္ဂါးသွန်းလုပ်ရာ နေရာမှာတော့ အဲဒီ ရွှေတုံး၊ ငွေတုံးတွေရဲ့ စစ်မှန်မှုကို အရည်မကျိုခင် စစ်ဆေးပြီး သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြုလုပ်တာ ဖြစ်ပါတယ်။

    ဒီနာရ်နဲ့ ဒီရ်ဟမ် နှစ်ခုစလုံးကို မွတ်စလင်ဘုရင်တွေအဆက်ဆက် အသုံးပြုခဲ့ကြပြီး ကိုယ်ပိုင်ဒင်္ဂါးတွေ သွန်းလုပ်တဲ့ ပထမဆုံး ခလီဖာကတော့ အူမိုင်ယာမင်းဆက်မှာ သက္ကရာဇ် ၆၈၅ ကနေ ၇၀၅ ခုနှစ်အထိ စိုးစံခဲ့တဲ့ အဘ်ဒဲလ် မာလစ် အစ်ဗနေ့ မရ်ဝမ် (Abd al-Malik Ibn Marwan) ဖြစ်ပါတယ်။ အဲဒီ ဒီနာရ်တွေဟာ ငွေဒင်္ဂါးတွေဖြစ်ပြီး အာရဘီလို ရေးသားထားတာလည်း ပါဝင်ပါတယ်။ အဲဒီမတိုင်ခင် ငွေကြေးကတော့ ဆက်ဆနစ်အင်ပါယာက သွန်းလုပ်တဲ့ ငွေဒင်္ဂါးတွေနဲ့ ဘိုင်ဇန်တိုင်းအင်ပါယာက သွန်းလုပ်တဲ့ ရွှေနဲ့ ကြေးဒင်္ဂါးတွေ ရှိခဲ့ပါတယ်။ ၆၉၁ ဒါမှမဟုတ် ၆၉၂ မှာ ကိုယ်ပိုင်ဒင်္ဂါးတွေ သွန်းလုပ်ခဲ့ပြီးတဲ့နောက် အဘ်ဒဲလ် မာလစ် အစ်ဗနေ့ မရ်ဝမ်ဟာ သူ့ရဲ့ အုပ်ချုပ်မှုကို ဘိုင်ဇန်တိုင်း အင်ပါယာကနေ ကင်းလွတ်စေခဲ့ပြီး မွတ်စလင်ကမ္ဘာကို ငွေကြေးတစ်ခုတည်းနဲ့ ပေါင်းစည်းစခဲ့ပါတယ်။

    အစ်ဗနေ့ မရ်ဝမ်ရဲ့ ဒင်္ဂါးအသစ်တွေဟာ ဆိုလီဒက်ဇ် (Solidus) လို့ခေါ်တဲ့ ဘိုင်ဇန်တိုင်းငွေကြေးကို အတုယူထားတာဖြစ်ပါတယ်။ အရွယ်အစားနဲ့ အလေးချိန် ၂ ခုစလုံး တူညီကာ မျက်နှာပြင်ပေါ်မှာတော့ ဘိုင်ဇန်တိုင်းဒင်္ဂါးမှာ သူတို့ဘုရင်တွေဖြစ်တဲ့ ဟီရက်ကလက်စ် (Heracles)၊ ဟီရက်ကလီးယက်စ် ကွန်စတန်တိုင် (Heraclius Constantine) နဲ့ ဟီရက်ကလိုနက်စ် (Heraclonas) တို့ ရိုက်နှိပ်ထားသလိုမျိုး ရုပ်ပုံ ၃ ခု ပါဝင်ပါတယ်။ ခြားနားချက်တစ်ခုတော့ “အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား ခ၀ပ်ကိုးကွယ်ရာမရှိ။ မုဟမ္မဒ်သခင်သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်” ဆိုတဲ့ အစ္စလာမ့် ယုံကြည်ချက်ကို အာရဘီ ဘာသာစကားနဲ့ ရေးထိုးထားတာပါ။

    ဘိုင်ဇန်တိုင်းပြည့်ရှင်က သူ့ရဲ့ ငွေကြေးကိုယှဉ်မယ့် မွတ်စလင်ကမ္ဘာက ဒီလိုတိုးတက်မှုအတွက် ဒေါသူပုန်ထခဲ့ပြီး အဲဒီဒင်္ဂါးကို ငြင်းပယ်ခဲ့ကာ ဒင်္ဂါးအသစ်တစ်ခုထုတ်ပြီး တုန့်ပြန်ခဲ့ပါတယ်။ အဲဒီအခါ ခလီဖာ အဘ်ဒဲလ် မာလစ်ကလည်း တစ်ဖက်မှာ ဘုရင်က အာရပ်ခေါင်းပေါင်းပေါင်းကာ ဓားကိုင်ထားတဲ့ပုံနဲ့ နောက်တစ်ဖက်မှာ အစ္စလာမ့်ယုံကြည်ချက်တို့ ရိုက်နှိပ်ထားတဲ့ ဒင်္ဂါးအသစ်တစ်ခုကို ထုတ်ဝေခဲ့ပြီး၊ ထုတ်ဝေတဲ့ ခုနှစ်ကိုလည်း ဒင်္ဂါးမှာ ဖော်ပြထားပါတယ်။ အဲဒီ အာရပ်-ဘိုင်ဇန်တိုင်းခေတ်က သက္ကရာဇ် ရိုက်နှိပ်ထားတဲ့ ဒင်္ဂါးပြားတွေဟာ ဒီနေ့ခေတ်မှာတော့ ၈ ပြားသာ ကျန်ရှိပါတော့တယ်။

    အင်ပါယာနှစ်ခုရဲ့ ဒီလို အပြိုင်အဆိုင် ဒင်္ဂါးသွန်းလုပ်မှုဟာ ရပ်တန့်မသွားဘဲ ဘိုင်ဇန်တိုင်းက နောက်ထပ် ဒင်္ဂါးသစ်တစ်ခုထုတ်ကာ တုန့်ပြန်ခဲ့သလို၊ သက္ကရာဇ် ၆၉၇ ခုနှစ်မှာတော့ ခလီဖာ မာလစ်ဟာ နောက်ဆုံးအနေနဲ့ ရုပ်ပုံလုံးဝမပါတဲ့ ဒင်္ဂါးပြားကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီဒင်္ဂါးပြားအသစ်ရဲ့ မျက်နှာ နှစ်ဖက်စလုံးမှာ ကုရ်အာန်ကျမ်းတော်မြတ်က ကျမ်းချက်တွေကို ရိုက်နှိပ်ထားပါတယ်။ အဲဒီနောက်မှာ အူမိုင်ယာမင်း သြဇာသက်ရောက်တဲ့ ဒေသတွေအားလုံးမှာ ဒီဒင်္ဂါးတစ်ခုတည်းကိုသာ သုံးစွဲဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဘိုင်ဇန်တိုင်းနဲ့ အာရပ်-ဘိုင်ဇန်တိုင်း ငွေကြေးတွေကိုတော့ ဘဏ္ဍာရေးဌာနကို လွှဲအပ်ရပြီး အရည်ကျိုကာ ဒင်္ဂါးအသစ်တွေ ပြန်လည်သွန်းလုပ်ခဲ့ပါတယ်။ ဒီအမိန့်ကို မလိုက်နာတဲ့ သူတွေအတွက် သေဒဏ်ကျခံစေလို့ အမိန့်တော် မှတ်ခဲ့ပါတော့တယ်။

    အသစ်ထုတ်လုပ်လိုက်တဲ့ ရွှေသား ဒီနာရ်ဟာ ဘိုင်ဇန်တိုင်းတွေရဲ့ ဆိုလီဒက်စ် ဒင်္ဂါးထက် အလေးချိန် နည်းနည်းလျော့ပြီး ဒင်္ဂါးရဲ့အလေးချိန်တိကျမှုနဲ့ ရွှေသားစစ်မှန်မှုတို့အတွက် ဘုရင့်အစိုးရက တာဝန်ယူ ထိန်းချုပ်ပါတယ်။ အူမိုင်ယာမင်းဆက်မှာ အသုံးပြုတဲ့ ရွှေဒင်္ဂါးတွေကို ဒမတ်စကတ်မှာ သွန်းလုပ်တာဖြစ်ပြီး ငွေဒင်္ဂါးနဲ့ ကြေးဒင်္ဂါးတွေကိုတော့ တစ်ခြားနေရာတွေမှာ သွန်းလုပ်တာပါ။

    နောက်ပိုင်းမှာ အူမိုင်ယာမင်းဆက်တွေဟာ တန်ဖိုးအမျိုးမျိုးရှိတဲ့ ဒင်္ဂါးတွေကို ထပ်မံသွန်းလုပ်ခဲ့ပြီး မြောက်အာဖရိကနဲ့ စပိန်တို့ကို အောင်နိုင်ပြီးနောက်ပိုင်းမှာတော့ ဒင်္ဂါးသွန်းလုပ်တဲ့စက် အသစ်တွေကို တည်ဆောက်ခဲ့ကာ ထုတ်လုပ်တဲ့ မြို့အမည်၊ ထုတ်လုပ်တဲ့ရက်စွဲတွေ ပါဝင်တဲ့ ဒင်္ဂါးတွေကို ထုတ်ဝေခဲ့ပါတယ်။

    အဲဒီ ဒင်္ဂါးတွေဟာ သက္ကရာဇ် ၇၆၂ ခုနှစ်အထိ အူမိုင်ယာမင်းဆက်အတွင်းမှာ အဓိက ငွေကြေးအဖြစ် သုံးစွဲခဲ့ပြီး ခလီဖာ အလ်-မန်ဆူရ် (Al-Mansour) ရဲ့ လက်ထက် ဘဂ္ဂဒတ်မြို့တည်တဲ့အခါမှာ ဒင်္ဂါးသွန်းလုပ်တဲ့စက်ရုံကို ဘဂ္ဂဒတ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် ဒီရ်ဟမ် (Dirham) လို့ ခေါ်တဲ့ ငွေဒင်္ဂါးတွေကို ထုတ်ဝေခဲ့ပြီး ဒင်္ဂါးပေါ်မှာ ထုတ်ဝေသူရဲ့ အမည်ကို ရိုက်နှိပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဒီရ်ဟမ်တွေဟာ သက်ဆိုးမရှည်ခဲ့ပါဘူး။ သက္ကရာဇ် ၇၈၆ မှာ တက်လာတဲ့ ခလီဖာ ဟာရွန် အလ်-ရရှစ်ဒ် (Harun al-Rashid) က ဒီဒင်္ဂါးတွေကို ဖျက်သိမ်းခဲ့ပြီး အီဂျစ်အုပ်ချုပ်ရေးမှူးတွေရဲ့ အမည်တွေနဲ့ ရွှေဒင်္ဂါးတွေကို သွန်းလုပ်ခဲ့ပါတယ်။ ဟာရွန် အလ်-ရရှစ်ဒ်လက်ထက် ဒင်္ဂါးတွေကို ဒင်္ဂါးသွန်းစက်ရုံနှစ်ခုကနေ သွန်းလုပ်တယ်လို့ သိရပြီး တစ်ခုက ဘဂ္ဂဒတ်ကဖြစ်ကာ နောက်တစ်ခုကတော့ အီဂျစ်အုပ်ချုပ်ရေးမှူး ရုံးထိုင်ရာ ဖူစတတ်မြို့ (Fustat) မှာ ဖြစ်ပါတယ်။

    သက္ကရာဇ် ၉၀၉ ခုကနေ ၁၁၇၁ ခုနှစ်အထိ စိုးစံခဲ့တဲ့ ဖာတီမိုက်မင်းဆက်တွေရဲ့လက်ထက်မှာ ကူဖစ်စာပန်းချီလက်ရာ (Kufic) နဲ့အတူ ဒီနာရ် ရွှေဒင်္ဂါးပြားတွေကို ထုတ်လုပ်ပြီး အရည်အသွေးမြင့်မားကာ၊ များများစားစား ထုတ်လုပ်နိုင်တာကြောင့် မြေထဲပင်လယ်ဒေသ ကုန်သွယ်ရေးမှာ ဒီဒင်္ဂါးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ ခရူးဆိတ် ခရစ်ယာန်သာသနာပြု စစ်သားတွေ ပါလက်စတိုင်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အချိန်မှာ သူတို့တွေဟာ ဒင်္ဂါးအသစ်ကို မသွန်းလုပ်ဘဲ ဒီဒင်္ဂါးပြားတွေကို ပုံတူကူးခဲ့ပြီး၊ အရည်အသွေးပိုင်းမှာတာ့ မွတ်စလင်ဒင်္ဂါးတွေလို တစ်သမတ်တည်း ကောင်းမနေခဲ့ပါဘူး။

    ရွှေဒင်္ဂါးတွေ ဥရောပတစ်ခွင် ပြဲပြဲစင်သွားတဲ့အချိန်ကတော့ သက္ကရာဇ် ၇၁၁ ခုနှစ်မှာဖြစ်ပြီး မွတ်စလင်အုပ်စိုးတဲ့ အန်ဒါလူစီယာကနေတစ်ဆင့် ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ၁၂၃၈ ခုကနေ ၁၄၉၂ ခုနှစ်အထိ ဂရာနာဒါကို နက်စ်ရစ်ဒ်မင်းဆက် (Nasrid)  အုပ်စိုးတဲ့အချိန်မှာ ရွှေဒင်္ဂါး (ဒီနာရ်) တွေဟာ ဒီရ်ဟမ်တွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီဒီရ်ဟမ်တွေဟာ တော်တော် အလေးချိန်စီးပြီး သေသေသပ်သပ် ရိုက်နှိပ်ထားတာပါ။ ပြီးတော့ ကုရ်အာန်ကျမ်းတော်မြတ်က ကျမ်းချက်တွေနဲ့ အုပ်စိုးသူရဲ့ မျိုးရိုးစဉ်ဆက်ဇယားတွေလည်း ဒင်္ဂါးမှာ ပါဝင်ပါတယ်။ နက်စ်ရစ်ဒ်မင်းဆက်က ဒင်္ဂါးတွေမှာ နေ့စွဲတွေ ထည့်သွင်းမထားပေမယ့် ‘ဘယ်အောင်မြင်မှုမှ ဘုရားသခင်ကို မလွှမ်းမိုးနိုင်’ ဆိုတဲ့ ဆောင်ပုဒ်ကြောင့် ခွဲခြားလို့ ရခဲ့ပါတယ်။ မြောက်ပိုင်းက ခရစ်ယာန်ဘုရင့်နိုင်ငံတွေ အာရပ်နဲ့ ပြင်သစ်တို့က အဲဒီငွေကြေးကို နှစ်ပေါင်း ၄၀၀ လောက် အသုံးပြုခဲ့ပါတယ်။

    coin
    (အပေါ်ဝဲဘက်မှ နာရီလက်တံလှည့်သည့်အတိုင်း)  အူမိုင်ယာမင်းဆက်လက်ထက်မှ ဒင်္ဂါးများ –  ဂရာနာဒါမှာ နက်စ်ရစ်ဒ်မင်းဆက် ဘုရင် မိုဟာမက် ၁ လက်ထက် ငွေဒင်္ဂါး – ဖာတီမိုက်မင်းဆက်အစောပိုင်းကာလ အလ်-မဟ်ဒီယာ (၉၄၉)လက်ထက် (၉၄၉ ခုနှစ်) မှ ဒင်္ဂါးများ – ဂရာနာဒါမှ ဘုရင် မိုဟာမက် ၁၂ လက်ထက် နက်စ်ရစ်ဒ် ဒီရ်ဟမ်ဒင်္ဂါး – အူမိုင်ယာမင်းဆက် အဘ်ဒဲလ် အလ်မာလစ် (၆၉၆-၆၉၇) လက်ထက်မှ ရွှေဒင်္ဂါး

    ၁၃ ရာစု ကုန်လွန်သွားပြီးတဲ့ နောက်ပိုင်းမှာတော့ မွတ်စလင် အုပ်ချုပ်သူတွေဟာ ခလီဖာတစ်ဦးတည်း အုပ်ချုပ်မှုစနစ်ကနေ ဘုရင့်နိုင်ငံငယ်လေးတွေအဖြစ် ကွဲပြားသွားခဲ့ပြီး အဲဒီနိုင်ငံ တစ်ခုချင်းစီကလည်း သူတို့ရဲ့ ကိုယ်ပိုင် ဒင်္ဂါးတွေကို သွန်းလုပ်ခဲ့ကြပါတယ်။ ဒီနေ့ခေတ် ငွေကြေးတွေလိုပဲ အဲဒီ ဒင်္ဂါးတွေမှာလည်း  အဲဒီ ဘုရင့်နိုင်ငံငယ်လေးတွေကို အုပ်ချုပ်တဲ့ အုပ်ချုပ်သူအသီးသီးရဲ့ အမည်နာမတွေကို ရိုက်နှိပ်ခဲ့ကြပါတယ်။ အဲဒီဒင်္ဂါးတွေကို လွတ်လပ်စွာ သွန်းလုပ်ခဲ့ကြပေမယ့်လည်း ခလီဖာတစ်ဦးတည်းရဲ့ ခေါင်းဆောင်မှုကိုတော့ မပစ်ပယ်ကြသေးပါဘူး။

    အဲဒီခေတ်တွေတုန်းကလည်း ဒင်္ဂါးတွေဟာ ငွေပေးချေမှုမှာ တစ်ခုတည်းသောနည်းလမ်း မဟုတ်ပါဘူး။ ချက်လက်မှတ်တွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။ ‘ချက်’ (Check) ဆိုတဲ့အသုံးအနှုန်းဟာ အာရဘီ ဘာသာစကား ‘ဆက္က’ (sakk) ကနေ လာတာဖြစ်ပြီး သတ်မှတ်တဲ့နေရာကို ကုန်ပစ္စည်း ရောက်ရှိတဲ့အချိန်မှာ ငွေပေးချေမယ်လို့ ကတိပြုလွှာ ဖြစ်ပါတယ်။ ဟာရွန် အလ်-ရရှစ်ဒ်ရဲ့ လက်ထက် ၉ ရာစုမှာ ဘဏ်လုပ်ငန်းဟာ တော်တော်လေး ဖွံ့ဖြိုးလာခဲ့ပြီး မွတ်စလင်စီးပွားရေး လုပ်ငန်းရှင်တွေဟာ ဘဂ္ဂဒတ်က ယူလာခဲ့တဲ့ သူတို့ရဲ့ ချက်လက်မှတ်တွေကို တရုတ်နိုင်ငံ ကန်တုန်ဒေသမှာ ငွေသား ထုတ်ယူလာနိုင်တဲ့အထိ ဖြစ်လာပါတယ်။ ငွေသားတွေကို တစ်နိုင်ငံကနေ နောက်တစ်နိုင်ငံ သယ်ဆောင်ဖို့ အန္တရာယ်ရှိတာ ခက်ခဲတာတွေက ဒီလို ချက်လက်မှတ်တွေ အသုံးပြုမှု ပေါ်ပေါက်လာစေခဲ့တာပါ။ ဘဏ်လုပ်ငန်းရှင်တွေဟာ ငွေလွှဲလက်မှတ်တွေ၊ အကြွေးစာချုပ်တွေနဲ့ ၀န်ခံကတိပြုလွှာတွေကို အသုံးပြုခဲ့ကြပြီး ချက်လက်မှတ် အသုံးပြုမှုကတော့ တွင်ကျယ်ခဲ့ပါတယ်။ အဲဒီလို ငွေလွှဲလက်မှတ်တွေ၊ ချက်လက်မှတ်တွေလို ငွေကြေးလွှဲပြောင်းမှု နည်းလမ်းတွေကို မြှင့်တင်ပေးခြင်းအားဖြင့် မွတ်စလင်တွေဟာ ကူးသန်းရောင်းဝယ်ရေးနဲ့ နိုင်ငံတကာ ကုန်သွယ်ရးလုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးကဏ္ဍကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

    ဒဏ္ဍာရီဆန်ဆန် ဒင်္ဂါးများ

    မွတ်စလင်ကမ္ဘာမှာ ဒဏ္ဍာရီဆန်တဲ့ ဒင်္ဂါးပြားနှစ်ခု ပေါ်ခဲ့တဲ့လို့ အဆိုရှိပြီး တစ်ခုက ‘တစ်ထောင်တန် မူဟာရ်’ နဲ့ နောက်တစ်ခုက ‘တစ်ရာတန် မူဟာရ်’ တို့ ဖြစ်ပါတယ်။ တစ်ထောင်တန်က ရွှေသားအစစ် ၁၂ ကီလိုဂရမ် (၂၆.၅ပေါင်) ရှိပြီး၊ တစ်ရာတန်ကတော့ ဒါနဲ့ တော်တော်လေးကွာကာ ရွှေသားအစစ် ၁၀၉၄ ဂရမ်ရှိပါတယ်။ အဲဒီဒင်္ဂါးတွေဟာ ဒီနေ့ပေါက်ဈေးနဲ့ဆိုရင်တော့ ဒေါ်လာ ၁၀ သန်းနဲ့ ဒေါ်လာ ၄ သန်း အသီးသီး တန်ဖိုး ရှိပါတယ်။

    အဲဒီ ဒင်္ဂါးတွေကို အက္ကဘာရ် သည် ဂရိတ် (Akbar The Grate) ရဲ့သား မွန်ဂိုအင်ပါယာရှင် ဂျာဟန်ဂီရ် (Jahangir) နဲ့ ၁၆၃၉ ခုနှစ်မှာ တာ့ဂ်ျမဟာလ်ကို ဆောက်လုပ်မှုကြောင့် ကျော်ကြားတဲ့ သူ့ရဲ့သား ရှား ဂျဟန် (Shah Jahan) တို့က ၁၆၁၃ ခုနှစ်မှာ ပထမဆုံး သွန်းလုပ်ခဲ့တာပါ။ အဲဒီဒင်္ဂါးတွေကို ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကသာ ပိုင်ဆိုင်ကြပါတယ်။

    တစ်ထောင်တန် မူဟာရ်က အချင်း ၂၀ စင်တီမီတာ (၈ လက်မ) လောက်ရှိပြီး ပါရှားရဲ့ အင်အားကြီးမားတဲ့ အုပ်ချုပ်သူတွေက စေလွှတ်တဲ့ သံတမန်တွေကိုပေးဖို့ ၄၊ ၅ ရာစုလောက် သိမ်းဆည်းထားခဲ့တယ်လို့ ပြောစမတ် ရှိပါတယ်။ အဲဒီမူဟာရ်ဒင်္ဂါး ပလာစတာပုံတူကို ဗြိတိသျှပြတိုက်မှာ ပြသထားပြီး ၂၀၀ တန် မူဟာရ်တစ်ခုကိုတော့ ၁၈၂၀ မှာ အိန္ဒိယမှာ တွေ့ရှိခဲ့တယ်လို့  မှတ်တမ်းရှိပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ အစပျောက်သွားပါတယ်။ အခုအချိန်မှာတော့ ဒီ ဒဏ္ဍာရီဆန်တဲ့ဒင်္ဂါးတွေ တစ်ခုမှ ကျန်ရစ်ခြင်း မရှိတော့ပါဘူး။ သူတို့ရဲ့ ရွှေသားကြောင့် အရည်ကျိုခံလိုက်ရပြီးလို့ ယူဆစရာ ရှိပါတယ်။ ဒါပမယ့် ရှား ဂျဟန်ရဲ့ ငွေတိုက်ထဲမှာ ဧရာမရွှေဒင်္ဂါးကြီးတွေကို တွေ့ရတယ်လို့ အဲဒီခေတ်က ခရီးသွားတွေရဲ့ မှတ်ချက်တွေရှိနေတာကြောင့် ဒီဒင်္ဂါးတွေဟာ တကယ်ရှိခဲ့တယ်လို့ မှတ်ယူနိုင်ပါတယ်။

    ဘုရင်အော့ဖ်ဖာ (King Offa) ၏ ဒင်္ဂါးသမိုင်း

    king
    အင်္ဂလန်ပြည့်ရှင် ဘုရင်အော့ဖ်ဖာ မာစီယာ လက်ထက်က အဘ္ဘာစစ်ဘုရင်၏  ဒင်္ဂါးကို ပုံတူကူးကာ သွန်းလုပ်ခဲ့သော ရွှေဒင်္ဂါး

    လွန်ခဲ့တဲ့ နှစ် ၁၂၀၀ ကျော်အရင်က မွတ်စလင်ကမ္ဘာကို ခလီဖာတွေ အုပ်စိုးနေတဲ့အချိန်  အင်္ဂလန်မှာ အော့ဖ်ဖာဆိုတဲ့ ဘုရင်တစ်ပါး စိုးစံပါတယ်။ သူက နိုင်ငံအတွင်းမှာ ငွေဒင်္ဂါးကို စတင်အသုံးပြုခဲ့ပါတယ်။ ငွေဒင်္ဂါး ၃၀ တန်ပြီး မန်ကက်စ် (Mancus) လို့ခေါ်တဲ့ ရွှေဒင်္ဂါးတစ်ခုကိုလည်း အော့ဖ်ဖာက သွန်းလုပ်ခဲ့ပါတယ်။ အဲဒီ မန်ကက်စ်ရွှေဒင်္ဂါးရဲ့ ထူးခြားချက်တစ်ခုကတော့ သက္ကရာဇ် ၇၇၄ ခုနှစ် အဘ္ဘာစစ်ဘုရင် အလ်-မန်ဆူရ်လက်ထက်က သွန်းလုပ်ခဲ့တဲ့ ဒီနာရ်ရွှေဒင်္ဂါးကို ပုံတူကူးထားတာပါပဲ။ ဒင်္ဂါးရဲ့တစ်ဖက်မှာ ‘ဘုရားသခင်မှအပ အခြားကိုးကွယ်ရာမရှိ။ မုဟမ္မဒ်သခင်သည် ဘုရားသခင်၏ တမန်တော်ဖြစ်သည်’ ဆိုတဲ့ အာရဘီစာသားကို ရေးသားထားပါတယ်။

    မူလ မွတ်စလင်ရွှေဒင်္ဂါးနဲ့ သိသာတဲ့ ခြားနားချက်တစ်ခုကတော့ OFFA REX ဆိုပြီး ဘုရင်အော့ဖ်ဖာက သူ့အမည်ကို ဒင်္ဂါးမှာ ရိုက်နှိပ်ခဲ့တာပါ။ အင်္ဂလိပ်ဘုရင်တစ်ပါးဟာ ဘာ့ကြောင့် အာရပ်ဒင်္ဂါးတွေနဲ့ ပုံစံတူ လုပ်ခဲ့သလဲဆိုတဲ့ ပဟေဠိကိုတော့ ပညာရှင်တွေက အဖြေမညှိနိုင်ခဲ့ကြပါဘူး။ တစ်ချို့က ဘုရင်ဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းလိုက်တယ်လို့ ဆိုကြပြီး၊ တစ်ချို့ကတော့ ကုန်သွယ်မှုအတွက်၊ ဒါမှမဟုတ် ဘုရားဖူးအတွက် အာရပ်နယ်မြေတွေကို သွားရောက်တဲ့အခါမှာ အသုံးပြုနိုင်ဖို့ ပိုဖြစ်နိုင်တယ်လို့ ကောက်ချက် ချခဲ့ကြပါတယ်။ ဒင်္ဂါးမှာ ‘OFFA REX’ ဆိုတဲ့ စကားလုံးဟာ ကူဖစ်လက်ရာနဲ့ ယှဉ်ကြည့်ရင် ပြောင်းပြန်ဖြစ်နေတာ၊ ‘နှစ်’ (year) ဆိုတဲ့စကားလုံးကို အာရဘီလို မှားပေါင်းထားတာတွေက ဒင်္ဂါးသွန်းသူဟာ အာရဘီ ဘာသာစကားကို နားမလည်ဘူးဆိုတာကို ပြသနေပါတယ်။ ဒီဒင်္ဂါးတွေကို အန်ဂလို-ဆက်ဇွန် (Anglo-Saxon) လက်မှုပညာရှင်တွေက ပြုလုပ်တာ ဖြစ်နိုင်ပါတယ်။

    ဒီလိုဒင်္ဂါးမျိုးတွေ ရှာတွေ့တာကြောင့် နိုင်ငံတကာ ကုန်စည်ကူးသန်းမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ လောက်ကတည်းက စတင်ခဲ့တယ်လို့ ကောက်ချက်ချနိုင်ခဲ့ပါတယ်။ ဘုရင်အော့ဖ်ဖာရဲ့ ဒင်္ဂါးတွေက ၈ ရာစုမှာ မွတ်စလင်ကမ္ဘာငွေကြေးဟာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်လဲဆိုတာကို ပြသနေတဲ့ အထောက်အထားလည်း ဖြစ်ပါတယ်။ ရှေးဟောင်းပညာရှင်တွေဟာ ဒီနေ့ခေတ် ဂျာမနီ၊ ဖင်လန်နဲ့ စကင်ဒီနေဗီးယားဒေသတွေမှာ မွတ်စလင်တွေရဲ့ ဒင်္ဂါးတွေကို ထောင်နဲ့ချီ တွေ့ရှိခဲ့ပြီး ဒီအချင်းအရာကို ထောက်ရှုခြင်းအားဖြင့် ဒီငွေကြေးတွေဟာ မွတ်စလင်နိုင်ငံတွေကနေ ဥရောပတစ်ဝှမ်းကို ပို့ဆောင်ရေး၊ ကုန်သွယ်ရေးကနေ ရောက်ရှိလာတယ်ဆိုတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

    အာရဘီဒင်္ဂါးတွေကို ပုံတူသွန်းလုပ်ခဲ့တဲ့ မွတ်စလင်မဟုတ်သူ အုပ်ချုပ်သူတွေက ဘုရင်အော့ဖ်ဖာ တစ်ယောက်တည်း မဟုတ်ပါဘူး။ ၁၁ ရာစုမှာ စပိန်က ကက်သလစ်အိမ်ရှေ့မင်းသား အလ်ဖွန်ဆို ၈ (Alfonso VIII) ကလည်း ဒင်္ဂါးလှလှလေးတွေ သွန်းလုပ်ဖို့ အမိန့်ပေးခဲ့ပြီး ‘ကက်သလစ်များ၏ အုပ်ချုပ်သူ’ (Ameer of the Catholics) လို့ သူ့ကိုသူညွှန်းဆိုပြီး၊ ရောမက ပုပ်ရဟန်းမင်းကြီးကို ‘ခရစ်ယာန်တို့၏ ခေါင်းဆောင်’ (Imam of the Church of Christ) လို့ ရည်ညွှန်းနဲ့ အာရဘီစာတမ်းတွေကိုလည်း အဲဒီ ဒင်္ဂါးတွေမှာ ရေးထိုးခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။