News @ M-Media

Tag: 1001-inventions

  • ကျောက်မြတ်ရတနာ – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၃)

    ကျောက်မြတ်ရတနာ – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၃)

    နိုဝင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    jwe

    –  ဖန်ထည်လုပ်ငန်း၊ အထည်လိပ်၊ အိုးလုပ်ငန်း၊ စက္ကူလုပ်ငန်းတွေဟာ အလယ်ခေတ် မွတ်စလင်အင်ပါယာရဲ့ အသက်သွေးကြောဖြစ်ခဲ့ပြီး ကုန်စည်ကူးသန်းမှုတွေကနေတစ်ဆင့် တရုတ်ပြည်အထိ ရောက်ရှိခဲ့ပါတယ်။ မွတ်စလင်အင်ပါယာက နောက်ထပ် ထင်ရှားတဲ့လုပ်ငန်းတွေထဲမှာ ကျောက်မြတ်ရတနာနဲ့ ပုလဲတို့လို တွင်းထွက်၊ ရေထွက် အဖိုးတန်ပစ္စည်းတွေလည်း ပါဝင်ပါသေးတယ်။ ‘မြ’ ကို အီဂျစ်နိုင်ငံ အပေါ်ပိုင်းကနေ တူးဖော်ရရှိပြီး ကျောက်စိမ်းကို ဖာ့ဂ်ဟာနာ (Farghana)၊ ပတ္တမြားကို ဘာဒက္ကရှန် (Badakhshan) တို့ကနေ တူးဖော်ရရှိပါတယ်။ နီလာနဲ့ မဟူရာကျောက်တွေကိုတော့ ယီမင်နဲ့ စပိန်တို့ကနေ ရရှိတာ ဖြစ်ပါတယ်။

    စပိန်က အလ်မာဒင်းက ဥဿဖယားမိုင်းတွင်းတွေမှာဆိုရင် လုပ်သားအရေအတွက်ဟာ တစ်ထောင်လောက်ရှိခဲ့ပြီး၊ တချို့က ကျောက်တွေကို ထွင်းထုတ်တာ၊ တစ်ချို့တွေက သတ္တုတွေ အရည်ကျိုဖို့အတွက် ထင်းတွေ သယ်ယူပို့ဆောင်ပေးတာမျိုး လုပ်ကြပါတယ်။ တစ်ချို့တွေကတော့ အလွန်ကြီးမားတဲ့ သံရည်ကျို မီးဖိုကြီးတွေနဲ့ မာကျူရီကို အရည်ကျိုသန့်စင်ပြီး အိုးတွေ၊ ခွက်တွေ လုပ်ကြပါတယ်။

    အံ့သြဖို့ကောင်းတာက အဲဒီခေတ်ကာလတုန်းက တွင်းထွက် တန်ဖိုးကြီးပစ္စည်းတွေဟာ ရွှေဖြူလို့ တင်စားခေါ်ဝေါ်တဲ့ ဆားဖြစ်ပြီး ဟာဒါရာမက် (ယီမင်)၊ အစ္စဖာဟန်၊ အာမေးနီးယားနဲ့ နောက်အာဖရိကမှာ လှိုင်လှိုင်ထွက်တဲ့ အဲဒီဆားတွေကို ကုလားအုပ် ကုန်စည်တန်းကြီးတွေနဲ့ တင်ပို့ ရောင်းချကြပါတယ်။ ၁၆ ရာစုမှာ အာဖရိကနဲ့ မြေထဲပင်လယ်တို့ကို နှံ့နှံ့စပ်စပ် သွားလာခဲ့ဖူးတဲ့ သမိုင်းနဲ့ ပထ၀ီပညာရှင်ဖြစ်တဲ့ လီယို သည် အာဖရိကန် (Leo the African)  က “အာဖရိကတစ်ဝှမ်းလုံးမှာ ဆားဟာ အဓိက တွင်းထက်ပစ္စည်း ဖြစ်ပြီး သလင်းကျောက်တွေလို မြေအောက်ထဲက ထုတ်ယူရတာ ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

    15225306_228114290951084_1965116255_o
    ပတ္တများနှင့် နီလာတို့ကဲ့သို့ ရတာနာအတုများ ပြုလုပ်သည့် မီးဖိုကြီးကို ၁၆ ရာစုက အာရဘီလက်ရေးမူတစ်ခုတွင် တွေ့ရမှု။ အထက်နှင့် အောက်တွင် မီးဖို၏ အလုပ်လုပ်မှုကို ရေးသားထားခြင်း ဖြစ်သည်

    တန်ဖိုးရှိတဲ့ ကျောက်မြတ်ရတနာတွေကို ကျောက်နဲ့ သွေးပြီး ပုံဖော်တာကို နူဘီယာ (Nubia – ယနေ့ အီဂျစ်နှင့် ဆူဒန်ကြားဒေသ)နဲ့ ဆေလွန် (Ceylon) တို့မှာ တွေ့ရပါတယ်။ အီဂျစ်နဲ့ ဆူဒန်တို့မှာတော့ ကျောက်ချဉ်ကို တွေ့ရပြီး အီဂျစ်အနောက်ပိုင်း အထူးသဖြင့် ထင်ရှားတဲ့ နာထရွန်တောင်ကြား (Natron Valley) လို့ခေါ်တဲ့ နေရာမှာတော့ နာထရွန်လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုး ထွက်ရှိပြီး အဲဒီပစ္စည်းကို ကော့ပါး၊ အပ်ချပ်နဲ့ လီနင်စတွေကို အရောင်တင်ရာမှာ၊ လယ်သာတွေကို သိမ်းဆည်းရာမှာ အသုံးပြုပါတယ်။ အဲဒီ နာထရွန်တွေကို ဆေးဆိုးသူတွေ၊ မှန်လုပ်သူတွေ၊ ရွှေပန်းတိမ်ဆရာတွေကလည်း သူတို့ရဲ့ လုပ်ငန်းမှာ အသုံးပြုကြပြီး မုန့်ဖုတ်သူတွေကတော့ သူတို့ရဲ့ ဂျုံမှုန့်နဲ့ရောကာ သုံးကြပါတယ်။ စာဖိုးမှုတွေကလည်း သူတို့ရဲ့ အသားတွေကို ဒီ နာထရွန်နဲ့ နူးအောင်၊ နပ်အောင် လုပ်ကြပါတယ်။

    ပင်လယ်ပြင်ကထွက်ပြီး ချော့မွေ့ပြောင်လက်တဲ့ ပုလဲတွေဟာ ကမ္ဘာ့လူသားတွေရဲ့ လည်တိုင်တွေမှာ ဆင်မြန်းရာ အဆင်တန်ဆာတွေဖြစ်ခဲ့ပါတယ်။ ပုလဲငုပ်လုပ်ငန်းကိုတော့ ပါရှန် ပင်လယ်ကွေ့ရဲ့ ဟိုဘက်ဒီဘက်နဲ့ အာရေဗျပင်လယ်က ရှီရက်ဖ် (Shriraf) အနီး၊ ကစ်ရှ် (Kish) ကျွန်းကြားနဲ့ ဘာရိန်းကမ်းရိုတန်းတစ်လျှောက်၊ ဒါဟ်လက် (Dahlak) နဲ့ စေလွန် (Ceylon) ကျွန်းတွေအထိ ဆောင်ရွက်ကြပါတယ်။

    ၁၄ ရာစုက ပညာရှင်တစ်ဦးဖြစ်တဲ့ အစ်ဗနေ့ ဘက်တူတာ (Battuta) ဟာ သူ့ခေတ်သူ့အခါက ပုလဲငုပ်လုပ်ငန်းကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

    “ပုလဲငုပ်တဲ့သူဟာ သူ့ရဲ့လက်ကောက်ဝတ်မှာ ကြိုးကိုချည်ပြီး ရေထဲငုပ်ပါတယ်။ အောက်ရောက်အခါမှာ ကျောက်တုံးငယ်လေးတွေကြားက သဲထဲမြုပ်နေတဲ့ ငုပ်ကောင်ကို ရှာပါတယ်။ အဲဒီနောက် မုတ်ကောင်ကို လက်နဲ့ ဒါမှမဟုတ် သူယူသွားတဲ့ ဓားနဲ့  ကျောက်တုံးကြားထဲက ထုတ်ပြီး သူ့လည်ပင်းမှာ ဆွဲထားတဲ့ လယ်သာအိတ်ထဲကို ထည့်ပါတယ်။ အသက်မအောင့်နိုင်တော့တဲ့အခါ သူ့လက်မှာချည်ထားတဲ့ ကြိုးကို ဆောင့်ဆွဲပြီး သူ့ကိုဆွဲတင်ဖို့ လှေပေါ်ကလူကို အချက်ပြပါတယ်။ လှေပေါ်ရောက်တဲ့အခါမှာတော့ လယ်သာအိတ်ထပါလာတဲ့ မုတ်ကောင်းတွေကို ခွာပြီး အထဲက ပုလဲတွေကို ထုတ်ယူတော့တာပါပဲ”

    မြောက်အာဖရိက၊ စစ္စလီ၊ ဆာဒီနီယာ၊ အလ်-အစ်ဒရီစီက ရေပြင်တွေအောက်မှာ သန္တာကျောက်တန်းတွေ  ရှိနေပြီး ၁၂ ရာစု ပထ၀ီပညာရှင်တစ်ဦးက သန္တာကောင်တွေ စုဆောင်းပုံကိုလည်း အခုလို ဖွင့်ဟရေးသားခဲ့ပါတယ်။

    “သန္တာကျောက်တန်းဆိုတာ သစ်ပင်လိုမျိုး ပေါက်တဲ့ အပင်မျိုးပါ။ ပင်လယ်ရေနက်အောက်က မြင့်မားတဲ့ တောင်နှစ်ခုရဲ့ကြား ကျောက်တုံးလို မာသွားတဲ့ အရာ ဖြစ်ပါတယ်။ အဲဒါကို လျှော်ကြိုးနဲ့ မျှားယူရတာပါ။ သင်္ဘောပေါ်ကနေ လျှော်ကြိုးကို စက်သီးနဲ့ အောက်ချတဲ့အခါ လျှော်ကြိုးက အမျှင်တွေက သန္တာကောင်တွေနဲ့ထိပြီး ချိတ်မိသွားပါတယ်။ အဲဒီအချိန်မှာ ငါးဖမ်းသမားဟာ စက်သီးကိုဆွဲကာ တစ်ပုံတစ်ပင် ပါလာတဲ့ သန္တာကောင်တွေကို ဖြုတ်ယူပါတော့တယ်”

    သန္တာကောင်တွေနဲ့ ပုလဲတွေကို အဲဒီအချိန်တုန်းက လက်နက်တွေမှာ ချယ်သဖို့ အသုံးပြုကြပြီး ပုတီးတွေ၊ လက်ဝတ်ရတနာတွေလည်း ပြုလုပ်ကြပါတယ်။ ဒီနေ့မှာတော့ အခြားသော ကျောက်မြတ်ရတနာတွေလိုပဲ သန္တာကောင်တွေကိုလည်း ပုံစံမျိုးစုံနဲ့ အသုံးပြုကြပြီး ရှည်လျားတဲ့ ပုတီးကြီးတွေကနေ ဘယက်ကြီးတွေ၊ ဘဲဥပုံ လည်ဆွဲတွေအထိ ဆင်ယင်ကြပါတယ်။  ဒါပေမယ့် ရေထဲကထွက်တဲ့ ဒီကျောက်မြတ်တနာတွေရဲ့တန်ဖိုးက ၂ လက်မလောက်ကိုပဲ အမေရိကန်ဒေါ်လာ ၅ သောင်းလောက် ပေးရပါတယ်။ သန္တာကျောက်တန်းတွေ ပျက်ဆီးလာလေလေ သန္တာကောင်နဲ့လုပ်တဲ့ အဆင်တန်ဆာတွေကလည်း ဈေးကြီးလာလေလေပါပဲ။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • အိုးလုပ်ငန်း-ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၂)

    အိုးလုပ်ငန်း-ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၂)

    နိုဝင်ဘာ ၁၈၊ ၂၀၁၆
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    pottery

    – လွန်ခဲ့တဲ့ နှစ်ထောင်ကျော်အရင်ကတည်းက မွတ်စလင်ဒေသတွေဟာ ကမ္ဘာ့အကောင်းဆုံး ကြွေထည်၊ မြေထည်တွေကို ထုတ်လုပ်ခဲ့ကြပါတယ်။ ဒီကြွေထည်မြေထည်တွေကို ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်ကြသလို၊ အိမ်တွင်း အလှဆင်ပစ္စည်းတွေလည်း ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ချက်ပြုတ်ဖို့၊ မီးထွန်းဖို့နဲ့ လျှော်ဖွတ်ဖို့ စတဲ့ အိမ်တွင်းလုပ်ငန်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ ထောင်စုနှစ်တစ်ခု ကြာညောင်းခဲ့တဲ့ အခါမှာတော့ ဒီရှေးဟောင်းလက်ရာတွေကို ဥရောပရဲ့ ရှေးဟောင်း သမိုင်းဆိုင်ရာ နေရာတွေမှာ တူးဖော် တွေ့ရှိခဲ့ပါတယ်။

    အိုးလုပ်ငန်းဟာ ယခင်က ငွေဝင်လမ်းဖြောင့်တဲ့ စီးပွားရေး၊ ကုန်သွယ်ရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၄ ရာစု သမိုင်းပညာရှင် အလ်-မက်ရီဇီ (Al-Maqrizi) က “နေ့စဉ်နဲ့အမျှ မသုံးတော့တဲ့ ကြွေထည်၊ မြေထည်တွေကို လွှင့်ပစ်ကြတာ ဒီနာ ထောင်ပေါင်းများစွာ တန်ဖိုးရှိပါတယ်။ အဲဒီစွန့်ပစ်တဲ့ အထဲမှာ နို့သည်က နို့ထည့်တဲ့ အိုးတွေ၊ ချီစ်ရောင်းတဲ့သူက ချီစ်ထည့်တဲ့အိုးတွေ၊ ထမင်းဆိုင်မှာ ဆင်းရဲသားတွေ ထမင်းထည့်စားတဲ့ ပန်းကန်တွေ ပါဝင်ပါတယ်” လို့ ကိုင်ရိုမှာ ပြောကြားခဲ့ပါတယ်။

    မွတ်စလင်အင်ပါယာရဲ့ အရှေ့ဘက်မှာတော့ အိုးလုပ်ငန်းအချက်အခြာနေရာဟာ အီရတ်နိုင်ငံက ဘဂ္ဂဒတ်နဲ့ ဆာမာရာမြို့ ဖြစ်ပါတယ်။ ဆာမာရာမှာ တူးဖော်တွေ့ရှိမှုတွေအရ သက္ကရာဇ် ၈၃၈ ကနေ ၈၈၃ ခုနှစ်အထိ ကြာညောင်းခဲ့တဲ့ ခလီဖာအုပ်စိုးမှုအောက်မှာ နေထိုင်သူတွေဟာ စဥ့်ကိုင်ထားတဲ့အိုးတွေ၊ စဥ့်မကိုတ်ထားတဲ့ မြေအိုးတွေ အသုံးပြုခဲ့တာကို တွေ့ရပြီး အဲဒီမြေအိုးတွေမှာ ဒီဇိုင်းထွေတွင်းထားတာ၊ ရိုက်နှိပ်ထားတွေလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီခေတ်က အဓိက အသုံးပြုခဲ့တဲ့ အိုးအမျိုးအစား ၃ မျိုးကို တွေ့ရပြီး တစ်မျိုးက အဖြူရောင်အိုးမှာ အစက်အပျောက်တွေ ဒါမှမဟုတ် ‘စာပန်းချီဆန်ဆန်ဒီဇိုင်း’ တွေကို အပြာရင့်ရောင်နဲ့ ချယ်သထားတဲ့အိုး ဖြစ်ပါတယ်။ ဒုတိယ တစ်မျိုးက ရုပ်ပုံတွေ၊ အရောင်နှစ်မျိုးပါ အစင်းနှစ်ခုနဲ့ ချယ်သထားတဲ့ အိုးတွေဖြစ်ပြီး ဒါဟာ ၇ ရာစုနဲ့ ၈ ရာစု တန်မင်းဆက် (Tang) လက်ထက်က တရုတ် ကျောက်ဆစ်လက်ရာတွေကို အတုယူထားတာ ဖြစ်ပါတယ်။ တတိယတစ်မျိုးကတော့ သတ္တုအရောင်လို ပြောင်လက်အောင်ဖန်တီးထားတဲ့ ကြွေရည်သုတ်အိုးတွေ ဖြစ်ပါတယ်။

    အဲဒီအိုးတွေကို ဒီနေ့ခေတ်အသုံးပြုနေတဲ့ အိုးထိန်းစက်တွေနဲ့ ဆင်တူတဲ့ နည်းလမ်းမျိုးနဲ့ တော်တော်လေး သေသေသပ်သပ် ဖန်တီးထားတာဖြစ်ပြီး အခြောက်ခံကာ မီးဖိုကြိးတစ်ခုထဲမှာ ထည့်ဖုတ်တာ ဖြစ်ပါတယ်။ အဲဒီအိုးတွေဟာ အမှတ်တရပစ္စည်းစုဆောင်းသူတွေရဲ့ သည်းခြေကြိုက်ဖြစ်ခဲ့ပြီး၊ အလှအပနဲ့ အနုပညာတို့ရဲ့ အမှတ်သညာလည်း ဖြစ်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မွတ်စလင်တွေ လုပ်ခဲ့တဲ့ အဲဒီအိုးတွေဟာ သူ့အရင်ကထွက်ခဲ့တဲ့ အိုးတွေထက် ပိုကောင်းခဲ့ပြီး စဥ့်ကိုင်တဲ့နေရာ၊ အရောင်ဆိုးတဲ့နေရာနဲ့ ဒီဇိုင်းဖန်တီးတဲ့နေရာတွေမှာ တစ်မူထူးခြားတာကြောင့် ဖြစ်ပါတယ်။

    ရောမတွေကတော့ အစိမ်းရောင်တောက်တောက် ဒါမှမဟုတ် နီညိုရောင် စဥ့်ကိုင်ထားတဲ့ မြေနီထည်တွေကို အီဂျစ်အပါအ၀င် မြေထဲပင်လယ်နိုင်ငံတွေမှာ ပြန့်နှံ့စေခဲ့ပါတယ်။ အစောပိုင်း မွတ်စလင်တွေက ဒီအိုးလုပ်နည်းမှာ ခဲအနည်းငယ်ထည့်ကာ ပိုချောမွတ်ပြီး၊ သေသပ်တဲ့ အိုးတွေကို ထုတ်လုပ်နိုင်ခဲ့ကာ ဒီအိုတွေက ရေမစိမ့်နိုင်တာကြောင့် အရည်တွေထည့်နိုင်ခဲ့ပြီး အသုံးပြုမှုနယ်ပယ်ကို ကျယ်ပြန့်စေခဲ့ပါတယ်။

    အဘ္ဘာစစ်မင်းဆက်လက်ထက်က အိုးလုပ်သူတွေဟာ ခဲရောင်စဥ့်ထဲကို သံဖြူအောက်ဆိုက် (tin oxide) တွေ ပေါင်းထည့်ကြပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ တရုတ်လက်ရာတွေလို အဖြူရောင်သန့်သန့် ပေါ်စီလင် လုပ်နည်းကို ရှာဖွေချင်တာကြောင့်ပါ။ တရုတ်နဲ့ အီရတ်ဟာ ကြွေထည်မြေထည်တွေလုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေက တော်တော်လေးကို ကွဲပြားပါတယ်။ ဒါ့ကြောင့် ရင်းမြစ် ကြွယ်ကြွ၀၀ ရှိနေတဲ့ မွတ်စလင်တွေဟာ သံဖြူအောက်ဆိုက် အနည်းငယ်ကို စမ်းသပ်အသုံးပြုခဲ့ပါတယ်။ ဒီပစ္စည်းဟာ ထင်ရှားမှု ပိုကောင်းစေပြီး သူတို့ရှာဖွေနေတာကို အတိအကျ ရသွားခံပါတယ်။

    ဒါပေမယ့် စိတ်ကျေနပ်မှုမရှိသေးတဲ့ မွတ်စလင် အိုးထိန်းသည်တွေဟာ ဒီဇိုင်းပိုင်းမှာလည်း နည်းသစ် လမ်းသစ်တွေကို ဖော်ထုတ်ခဲ့ပါတယ်။ ‘အဖြူအောက်ခံခေါ် အပြာဖောက်ခြင်’ နည်းလမ်းကလည်း ကြွေထည်မြေထည်လုပ်ငန်းမှာ မွတ်စလင်တွေ ပထမဆုံး ဖော်ထုတ်ခဲ့တဲ့ နည်းလမ်းဖြစ်ပြီး နောက်ပိုင်း တရုတ်ပြည် ရောက်တဲ့အခါမှာတော့ လူကြိုက်အလွန်များခဲ့ကာ ပေါ်စီလင်အသုံးပြုပြီး အဲဒီ ဒီဇိုင်းတွေကို သူတို့ကိုယ်တိုင် ဖန်တီးခဲ့ကြပါတယ်။ အောက်ခံအဖြူပေါ် အပြာဖောက်တဲ့ ကြွေထည်မြေထည်တွေဟာ အဘ္ဘာစစ်မင်းဆက်လက်ထက် အိုးထိန်းသည်တွေရဲ့ ဂုဏ်ယူစရာ လက်စွဲနည်းလမ်းဖြစ်ပြီး သူတို့ရဲ့ လက်ရာတွေမှာလည်း သူတို့ကို ကိုယ်စားပြုတဲ့ အမှတ်အသားတွေ ရေးထိုးခဲ့ကြပါတယ်။ အဲဒီအမှတ်အသားတွေထဲမှာ အဘာဝေး (Abawayh) ဆိုတဲ့ အိုးထိန်းသည်က ‘စာနီ အမီရ် အလ်-မုအ်မီနီးန်’ (sani amir al-muminin) လို့ ရေးထိုးပြီး သူဟာ ခလီဖာတစ်ယောက်ထံက လက်မှုပညာရှင်ဖြစ်တယ်လို့ အဓိပ္ပါယ်ရောက်စေကာ လက်မှုပညာနဲ့ အိုးလုပ်ငန်းမှာ အဲဒီ ခလီဖာရဲ့ အားပေးကူညီမှု၊ မြှောက်စားမှုကို ရရှိခဲ့တယ်ဆိုတာကို ရည်ညွှန်းလိုတာပါ။

    ၈ ရာစုမှာတာ့ အီရတ်နိုင်ငံက အိုးလုပ်သူတွေဟာ ကြွေရည်သုတ်ခြင်း(luster) လို့ခေါ်တဲ့ နက်နဲတဲ့ နည်းလမ်းတစ်ခုကို ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီနည်းလမ်းကို ‘တစ်မူထူးခြားသော သတ္ထုမျက်နှာပြင်’ လို့ ခေါ်ဆိုခဲ့ပြီး မြေထည်တွေကို ရွှေထည်လိုမျိုးပြောင်းပေးမယ့် ရွှေချမှု နည်းလမ်းတစ်ခုဖြစ်ကာ တစ်ကယ့်ရွှေနဲ့တောင် အရောင်အဆင်းချင်း နှိုင်းယှဉ်နိုင်တဲ့အဆင့် ရှိခဲ့ပါတယ်။

    အစ္စလာမ်က ရွှေအိုး၊ ငွေအိုးတွေကို အသုံးပြုခွင့် ပိတ်ပင်ထားတာကြောင့် ဈေးပေါပြီး၊ ဘာသာတရားကို ဆန့်ကျင်မှု မဖြစ်စေတဲ့ ပစ္စည်းမျိုး ထုတ်လုပ်နိုင်ဖို့ ဒီကြွေရည်သုတ်နည်းလမ်းက အသုံးဝင်ခဲ့ပါတယ်။

    ဒီနည်းလမ်းမှာ ငွေ၊ ဒါမှမဟုတ် ကော့ပါးအောက်ဆိုက်ကို  မြေနီမှုန့်လိုဟာမျိုးတစ်ခုနဲ့ ရောရပြီး ရှာလကာရည် ဒါမှမဟုတ် စပျစ်ရည်ကို ကြားခံအဖြစ် ထည့်ရတာမျိုးပါ။ ၈ ရာစုမှာတော့ အီရတ်က အိုးလုပ်သူတွေဟာ စဉ့်ကိုင်ထားတဲ့ မြေထည်ပေါ်မှာ ဒီနည်းလမ်းနဲ့ ဒီဇိုင်းတွေ ဆွဲမယ်၊ ပြီးရင် မခြောက်သေးတဲ့အိုးကို ကြပ်တိုက်ဖို့အတွက် အိုးဖုတ် မီးဖိုကြီးထဲကိုထည့်ပြီး ဒုတိယအကြိမ်မှာတော့ မီးကို လျှော့ချလိုက်မယ်ဆိုရင် အိုးပေါ်မှာ ရွှေရောင်အလွှာ ပါးပါးလေးသာ ကျန်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ပြာတွေ၊ အမှုန်တွေကို ဖယ်ရှားလိုက်တဲ့အခါမှာတော့ လှပတဲ့ အရောင်လက်လက် ဒီဇိုင်းလေးတွေ ပေါ်လာပါတော့တယ်။

    အဲဒီဖြစ်စဉ်မှာ မီးဖုတ်စဉ်အတွင်း ကော့ပါးနဲ့ ဆေးလ်ဗားအောက်ဆိုက်တို့ သီးခြားစီ ဖြစ်သွားတာဖြစ်ပြီး သံဖြူစဥ့်လိုမျိုး အလွှာပါးလေးအဖြစ် မျက်နှာပြင်ပေါ်မှာ ကျန်စေတာ ဖြစ်ပါတယ်။ ငွေဟာ ၀ါရွှေရောင်နဲ့ ငွေရောင် အလက်အလက်တွေ ဖြစ်ခဲ့ပြီး ကော့ပါးကတော့ အနီရင့်ရောင်၊ မြစိမ်းရောင် ဖြစ်သွားတာမျိုးပါ။ ဒီအရောင်လက်လက်လေးတွေဟာ အလင်းကျရောက်မှုပေါ်မှာ မူတည်ကြီး ဒီဇိုင်းလေးတွေ ပြောင်းသွားတတ်ပါတယ်။ ရွှေရောင်၊ အညိုရောင်၊ အ၀ါရောင်နဲ့ အနီရောင်တွေ၊ အရောင်ဖျော့ဖျော့လေးတွေမှာ မိုနိုခရုမ်း (nonochrome) နဲ့ ပိုလီခရုမ်း (plychrome) လို့ခေါ်တဲ့ လှပန်ဆန်းကျယ်တဲ့ အရောင်ပြေးလေးတွေကို ဖြစ်ပေါ်စေတာမျိုးပါ။

    အုပ်ကြွတွေကိုလည်း ဒီလို ဒီဇိုင်ဖော်ထားတာပါ။ အရောင်အသွင်းစုံလင်လှတဲ့ ဒီ လေးထောင့် အုပ်ကြွပ်အချပ်လေးတွေနဲ့ သူတို့ကို ဟန်ချက်ညီ ပေါင်းစပ်မှုတွေဟာ ဗလီတွေ၊ နန်းတော်တွေကို မင်းဟန်စိုးဟန်ပေါက်ကာ ခမ်းနား ထည်ဝါစေခဲ့ပါတယ်။

    ဘဂ္ဂဒတ်က ကြွေရည်သုတ်နည်းလမ်းဟာ မွတ်စလင်ကမ္ဘာကို ပြန့်နှံ့သွားခဲ့ပြီး ၉ ရာစုမှာ တူနီးရှားက ကွေရာဝမ်မြို့ (Qayrawan) မြို့ဟာ ကြွေရည်သုတ်အုတ်ကြွပ်တွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ နောက်ထပ် ရာစုနှစ်တစ်ခု နောက်ပိုင်းမှာတော့ ဒီနည်းလမ်းဟာ စပိန်ကို ရောက်ရှိခဲ့ပါတယ်။ ကော်ဒိုဘာမြို့နားက ခလီဖာအုပ်စိုးရာ မဒီနတ် အလ်-ဇဟ်ရာမြို့ (Madinat al-Zahra) မြို့ရဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတွေကို တူးဖော်မှုတွေအရ သက်တမ်းရင့် မြေထည်တွေကို တော်တော်များများ တွေ့ရှိခဲ့ရပြီး အောက်ခံအရောင်အတွက် စိမ်းနုရောင် (copper green) ကို အသုံးပြုကာ အဲဒီအပေါ်မှာ ညိုပုပ်ရောင် (manganese brown) နဲ့ ဒီဇိုင်းဖော်ထားတာ ဖြစ်ပါတယ်။ နောက်ထပ်ရာစုနှစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ အလ်-အန်ဒါလုစ် (စပိန်) က မာလာဂါလိုဒေသမျိုးမှာ ကြွေထည်မြေထည်လုပ်ငန်းတွေ ပေါ်ထွက်လာပြီး ရွှေရည်စိမ် (Gold luster) ပန်းကန်ပြားတွေနဲ့ ‘အလ်ဟမ်ဘရာ ပန်းအိုး’ (Alhambra Jar) လို့ခေါ်တဲ့ ဧရာမ ပန်းအိုးကြီးတွေ ထုတ်လုပ်ခဲ့ပါတယ်။

    ဘီဘီစီရဲ့ What the Ancients Did for Us အစီအစဉ်မှာ တင်ဆက်သူ အေမာနီ ဇာအင် (Amani Zain) က “ဒီ ပန်းအိုးကြီးတွေ (Alhambra Jar) ကို အစတုံးက ဆီတွေ၊ ကောက်ပဲသီနှံးအစေ့တွေ သိုလှောင်သိမ်းဆည်းဖို့ အသုံးပြုကြပါတယ်။ ဒါပေမယ့် ခလီဖာတွေရဲ့ နန်းတော်တွေမှာတော့ ဒီပန်းအိုးကြီးတွေဟာ တစ်မူထူးခြားတဲ့ အလှအပပုံစံနဲ့ ရှိနေကြပါတယ်။ အဲဒီပန်းအိုးကြီးကို မြင်လိုက်သူတိုင်းက ဒါတွေဟာ ရွှေနဲ့လုပ်ထားတာတွေပဲ ဖြစ်ရမယ်လို့ အထင်ရောက်လောက်အောင် လှပပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    သာမန်ပြည်သူတွေကတော့ လက်တွေ့ဘ၀မှာ အသုံးချဖို့ အိုးတွေ လိုအပ်ပြီး စပိန်မှာ ပြည်သူတွေကြား လူကြိုက်အများဆုံး အိုးကတော့ ကွာဒက်စ် (qadus) ဖြစ်ကာ နိုရီယာလို့ခေါ်တဲ့ ရေတင်စက်တွေက ရေတွေကို သယ်ယူရာမှာ အသုံးပြုကြပါတယ်။ အဲဒီ သာမန်မြေအိုးတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုကြပြီး ကျေးလက်ဒေသတွေမှာ မကြာသေးခင် ကာလအထိ ဒီအိုးတွေ အသုံးပြုမှုကို တွေ့ခဲ့ရပါသေးတယ်။

    ရေသယ်ဖို့အတွက် အိုးတွေအပြင် စပိန်မွတ်စလင်တွေဟာ ၁၂ ရာစု အစပိုင်းမှာ ဘိုင်ဇန်တိုင်းတွေရဲ့ မှတ်စီရွှေချ လက်ရာတွေကို အုတ်ကြွပ်တွေ အဇူလေဟို (azulejos) လို့ခေါ်တဲ့ ကြွေပြားတွေနဲ့ အစားထိုးခဲ့ကြပါတယ်။ အဖြူနဲ့အပြာကိုသုံးပြီး အင်မတန်လှတဲ့ အဲဒီကြွေပြားတွေမှာ ဂျီသြမေတြီ ဒီဇိုင်းတွေ၊ ပန်းဒီဇိုင်းတွေ၊ စာပန်းချီတွေနဲ့ ချယ်သအအလှဆင်ထားကြပါတယ်။ မာလာဂါက ထုတ်လုပ်တဲ့ ဒီ ပြောင်လက်ပြီး ကြွေရည်သုတ်အုတ်ကြွပ်တွေဟာ အခုအချိန်အထိ ကျော်ကြားနေုတုန်းပါပဲ။ အဇူလေဟို အုတ်ကြွပ်တွေမှာ ချယ်သထားတဲ့ အပြာရင့်ရောင် ကိုဗော့အောက်ဆိုက် (cobalt oxide) ဟာ မာလာဂါအရှေ့ပိုင်းကလာပြီး မူရ်စီယာ (Murcia)၊ အဲဒီကမှတစ်ဆင့် ခရစ်ယာန်အုပ်စိုးတဲ့ စပိန်အခြားဒေသနဲ့ ဗလင်စီယာတွေကို ၁၄ ရာစုအစပိုင်းမှာ ရောက်သွားခဲ့ကာ နောက်ပိုင်းမှာတော့ ဘာစီလိုနာအထိ ခြေဆန့်ခဲ့ပါတယ်။

    မွန်ဂိုတွေရဲ့ရန်ကနေ ထွက်ပြေးလာတဲ့ လက်မှုပညာသည်တွေ ကွန်ယာ (Konya) ဒေသမှာ စုရုံးကြတာကြောင့် တူရကီကလည်း အိုးထုတ်လုပ်မှုမှာ အချက်အခြာကျတဲ့နေရာ ဖြစ်ခဲ့ပါတယ်။ ၁၄ ရာစု အစပိုင်း ကွန်ယာဆူလ်တန်အုပ်ချုပ်မှု ပျက်သုဉ်းသွားတဲ့အခါမှာ အနာတိုလီယာရဲ့ ကြွေထည်ထုတ်လုပ်မှုဟာ တန့်သွားခဲ့ပါတယ်။ ဒါပေမယ့် ၁၃၂၆ အော်တိုမန်တာ့က်တွေက ဘူရ်ဆာ (Bursa) ကို သူတို့ရဲ့ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီးတဲ့ အချိန်မှာတော့ ကြွေထည်မြေထည် လုပ်ငန်းဟာ ပြန်လည်ရှင်သန်လာခဲ့ပြီး ကြွေပြားတွေနဲ အလှဆင်ထားတဲ့ အဆောက်ဦးတွေလည်း အလျှိုအလျှို ပေါ်ထွက်လာခဲ့ပါတော့တယ်။

    ကြွေထည်မြေထည်ထုတ်လုပ်မှုမှာ ဘူရ်ဆာထက် ပိုပြီး သွက်တာက အစ်ဇ်နစ်က် (Iznik) မြို့ဖြစ်ပြီး ဒီလုပ်ငန်းရဲ့ အချက်အခြာနေရာကြီး ဖြစ်ခဲ့ကာ ၁၄ ရာစုအကုန်အထိ ရာစုနှစ် ၂ ခုလောက် တည်တံ့ခဲ့ပါတယ်။ အစ်ဇ်နစ်က ဒီဇိုင်းတွေဟာ အပြာရင့်ရောင်၊ စိမ်းပြာရောင်၊ အစိမ်းရောင်တွေ ချယ်သပြီး အနားသတ်မျဉ်းကတော့ အနက်ရောင်ဖြစ်ကာ အောက်ပိုင်း ဖောင်းကြွလေးတွေက အနီရဲရဲလေးတွေ ဖြစ်ပါတယ်။ စတုဂံကြွေပြားတွေနဲ့ ပုံဖော်တဲ့ အဲဒီပုံစံတွေဟာ ပန်းနွယ်ယှက်ဖြာတဲ့ ဒီဇိုင်းတွေ ဖြစ်ကာ ဘယ်တော့မှမရိုးတဲ့ ပန်း ၄ မျိုးကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ နှင်းဆီ စံပယ်၊ ဇော်မွှားပန်းနဲ့ ကျူလစ်ပန်းတို့ ဖြစ်ပါတယ်။

    မွတ်စလင်အိုးလုပ်သူတွေဟဟာ စဥ့်နဲ့  ကြွေရည်သုတ် ဒီဇိုင်းဖော်နည်းလမ်းတွေ ဖန်တီးရာမှာ ရာစုနှစ် ၁၀ ခုလောက် အုပ်စီးထားနိုင်ခဲ့ပြီး ဒီနေ့ခတ်ရဲ့ အိုးလုပ်ငန်းတွေအပေါ်မှာလည်း သူတို့ရဲ့ကျေးဇူးတွေ အများကြီး ရှိနေပါတယ်။ စပိန်နဲ့ စစ္စလီက အိုးလုပ်သူတွေကနေတစ်ဆင့် မြေအိုးထုတ်လုပ်မှု ပုံစံအသစ်တွေ၊ နည်းလမ်းအသစ်တွေ၊ ကုန်ကြမ်း၊ အရောင်ခြသမှု စတာတွေဟာ ဥရောပကို ၀င်ရောက်လာတာ ဖြစ်ပါတယ်။ မွတ်စလင်တွေက ၉ ရာစုမှာ စပိန်ကို  စဥ့်ကိုင်တဲ့ နည်းပညာ မဆောင်ကျဉ်းလာခင်အချိန်အထိ ဥရောပမှာ ဒီနည်းပညာကို မသိခဲ့ပါဘူး။

    မွတ်စလင်တွေလုပ်တဲ့ အိုးတွေက စပိန်အပြင်ဘက်ကို ရောက်ရှိတယ်ဆိုတဲ့ အထောက်အထားတွေလည်း အများကြီး ရှိနေပါတယ်။ မာလာဂါက အိုးတွေကို အင်္ဂလန်မှာ တွေ့ရပြီး မော်ရိုကိုက ၁၃ နဲ့ ၁၄ ရာစုတွေက ထုတ်လုပ်ခဲ့တဲ့ ကြွေရည်သုတ်လက်ရာ အစိတ်အပိုင်း ၄၄ ခု၊ ၁၅ ရာစုမှာ ထုတ်လုပ်ခဲ့တဲ့ လက်ရာ ၂၂ ခုကိုလည်း တွေ့ရှိခဲ့ရပါသေးတယ်။ ၁၉၉၀ ပြည့်နှစ်က ကန်တာဘူရီ (Cantabury) အလယ်ပိုင်းက လောင်းမားကတ် (Longmarket) မှာ တူးဖော်မှုအရ အစ္စလာမ်မစ်လက်ရာ ကြွေရည်သုတ်နဲ့ စိမ်းပြာရောင် အိုးတွေ တော်တော်များများကို တွေ့ခဲ့ရပါတယ်။

    ကန်တာဘူရီမှာ အလုပ်လုပ်တဲ့ ဂျွန် ကော့တာ (John Cotter) က မွတ်စလင်တွေထုတ်လုပ်တဲ့ အိုးတွေ အင်္ဂလန်ရောက်လာတာနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

    “မြင့်မြတ်သောနယ်မြေ (ဂျေရုစလင်) က ပြန်လာတဲ့ ခရူးဆိတ် ခရစ်ယာန်သာသနာပြုစစ်သည်တွေရဲ့ ၀န်စည်စလယ်တွေနဲ့အတူ အချို့အိုးတွေက အင်္ဂလန်ကို ရောက်လာတယ်။ နောက်ထပ် ရောက်လာနိုင်ခြေရှိတဲ့ လမ်းကြောင်းတစ်ခုက မြင့်မြတ်သောနယ်မြေကို အလယ်ခေတ်မှာ ဘုရားဖူး သွားသူတွေ ဒါမှမဟုတ် စပိန်က သူတော်စဉ် ဂျိမ်းစ် (St James) ရဲ့ အုတ်ဂူဆီ သွားရောက်ကြသူတွေက မွတ်စလင်တွေထုတ်လုပ်တဲ့ အိုးတွေကို လက်ဆောင်အဖြစ် ယူလာကြတာမျိုး ဖြစ်ပါတယ်”

    မွတ်စလင်ဒေသကနေ ဥရောပကို အိုးတွေ တိုက်ရိုက်ရောက်လာမှုမျိုးဟာ သိပ်မရှိပါဘူး။ ဥပမာအားဖြင့် ၁၂၈၉ မှာ အင်္ဂလန်က ဘုရင် အဒ်ဝပ် ၁ (Edward I) ရဲ့ စပိန်မိဖုရား အလီယာနူရ် အော့ဖ် ကက်စ်တီးလ် (Eleanor of Castile) ဟာ နန်းတွင်းမှာ အသုံးပြုဖို့အတွက် မာလစ် (Malik) ကနေ အိုးပေါင်း ၄၀၀၀ မှာဖို့ အမိန့်ပေးခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်တစ်ခု ရှိပါတယ်။ ဒီနေရာမှာ မာလစ်ဆိုတာ အန်ဒါလူစီယာက ကြွေရည်သုတ်မြေထည်တွေကို အဓိကထုတ်လုပ်တဲ့ မာလာဂါ (Malaga) ကို ရည်ညွှန်းတယ်ဆိုတာ သေချာပါတယ်။ (မာလီကာ (Malika) ဆိုတာ မာလာဂါကို အာရဘီလိုခေါ်တဲ့ အမည်ပါပဲ)

    ၁၄ ရာစုက ကြွေရည်သုတ်ပန်းကန်ကို လန်ဒန်က Blossom’s Inn လို့ခေါ်တဲ့နေရာမှာ တူးဖော်တွေ့ရှိခဲ့ပြီး အာရဘီ စာပန်းချီရေးနည်းတစ်ခုဖြစ်တဲ့ ကူဖစ် (Kufic) လက်ရာနဲ့ ဘ၀ဖြတ်သန်းမှု အဆင့်ဆင့်ကို အဲဒီပန်းကန်မှာ ပုံဖော်ထားပါတယ်။ အဲဒီထမင်းစား ပန်ကန်ပြားတွေဟာ ၁၄ ရာစုလောက်တုန်းက အန်ဒါလူစီယာနဲ့ မြောက်အာဖရိကတို့မှာ တော်တော်လေး ခေတ်စားခဲ့တဲ့ အသုံးအဆောင်တစ်ခုဖြစ်ပြီး နောက်ပိုင်း ဥရောပက ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီပန်းကန်တွေ အင်္ဂလန်ထဲ ၀င်ရောက်မှုဟာ ၁၃၀၃ မှာ စခဲ့တယ်လို့ သိရပြီး ကန့်မြို့ (Kent)၊ ဆန်းဒွစ်ခ်ျဆိပ်ကမ်း (Sandwich) က ပို့ကုန်သွင်းကုန် အကောက်ခွန်မှတ်တမ်းမှာ ဖော်ပြထားတာကို အံ့သြဖွယ်ရာ တွေ့ခဲ့ရပါတယ်။ အဲဒီ ပန်ကန်ပြားကို လက်ရှိမှာတော့ လန်ဒန်ပြတိုက်ရဲ့ Guild Hall မှာ ပြသထားပါတယ်။

    မွတ်စလင် ကြွေထည်မြေထည်ပညာရှင်တွေ ချန်ထားခဲ့တဲ့ နောက်ထပ် အမွေအနှစ်တစ်ခုကတော့ မိုင်အိုလီကာ (Maiolica) လို့ခေါ်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ အဲဒီ ပစ္စည်းရဲ့ ဇာတ်လမ်းက မာယော့ကာ (Majorca)နဲ့ အခြား ဘယ်လာရစ်ကျွန်းစု (Balearic) မှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီဒေသကို ၁၂၃၀ အထိ မွတ်စလင်တွေ အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ ဂျီနိုစီ (Genoese) နဲ့ ဗီနီတီယန် (Venetian) တို့က အများဆုံးပါဝင်တဲ့ အီတလီသင်္ဘောတွေဟာ အဲဒီဒေသတွေကို မကြာခဏ သွားရောက်ပြီး  စဥ့်ထည်တွေ၊ မူးရစ်ရှ် အိုးလုပ်သူတွေကို ခေါ်ဆောင်လေ့ရှိပါတယ်။ အဲဒီ မူးရစ်ရှ် အိုးလုပ်သူတွေကဟာ မာယော့ကာစတိုင် အိုးတွေကို စစ္စလီကို မိတ်ဆက်ပေးခဲ့သူတွေပါ။ ဒီစတိုင်တွေဟာ နောက်ပိုင်း အီတလီမှာ ထင်ရှားတဲ့ဒီဇိုင်းတွေ ဖြစ်လာခဲ့ပြီး မာယော့လီကာ (Majolica) ဒါမှမဟုတ် မိုင်အိုလီကာ (Maiolica) လို့ အမည်တွင်ခဲ့ပါတယ်။

    ၁၅ ရာစုလောက်ကတည်းက မိုင်အိုလီကာအိုးတွေဟာ အိုးတစ်လုံးမှာရှိရမယ့် အရည်အသွေးတွေနဲ့ ပြည့်စုံတဲ့ အိုးအမျိုးအစား ဖြစ်ခဲ့ပြီး အန်ဒါလူစီယာနဲ့ အီဂျစ်တို့က နည်းလမ်းတွေကို အသုံးပြုတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အီတလီ အနုပညာရှင်တွေဟာ နောက်ထပ် အိုးသစ်အများအပြားကို တီထွင်ထုတ်လုပ်ခဲ့ကြပြီး ၀ါစိမ်းရောင်၊ စတော့ဘယ်ရီသန်းတဲ့ ပန်းရောင်၊ ပတ္တမြားသွေးရောင် စသဖြင့် ပါဝင်တဲ့ ဂူဘီအို (Gubbo) ကြွေရည်သုတ်ပစ္စည်းတွေလည်း အဲဒီအထဲမှာ ပါဝင်ပါတယ်။ ဒီ မိုင်အိုလီကာ ဒီဇိုင်းတွေဟာ လက်ရှိအချိန်အထိ အီတလီရဲ့ ကြွေထည်မြေထည်လုပ်ငန်းမှာ လွှမ်းမိုးနေတုန်းပါပဲ။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • အထည်လိပ်လုပ်ငန်း- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၁)

    အထည်လိပ်လုပ်ငန်း- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၁)

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    textile

    အထည်လိပ်တွေဟာ အလယ်ခေတ်ကုန်သွယ်မှုကို တော်တော်လေး အားကောင်းစေခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ကုန်သွယ်မှုမှာ မရှိမဖြစ်ကုန်စည်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က အထည်လိပ် ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုဆိုတာ ကာယ၊ ဉာဏလုပ်သားတွေ အဓိကထားလုပ်ကြတဲ့ လုပ်ငန်းလည်း ဖြစ်ခဲ့ပါတယ်။

    ၉ ရာစုအလယ်ပိုင်းလောက်မှာ မွတ်စလင်တွေအုပ်စိုးတဲ့ စပိန်ကထွက်တဲ့ အထည်လိပ်တွေဟာ နိုင်ငံတကာရဲ့ လေးစားမှုကို ရခဲ့ပါတယ်။ ရာစုနှစ် ၃ ခု ကြာပြီးနောက်ပိုင်းမှာတောင်မှ စပိန်နိုင်ငံကထွက်ပြီး ရွှေချည်ကွပ်ကာ အလှအပတွေ ဆင်မြန်းထားတဲ့ ပိုးထည်တွေကို ပေါ်တူဂီဘုရင်မ ဘီယာထရစ် (Beatrice) ရဲ့ လက်ထပ်မင်္ဂလာမှာ အသုံးပြုခဲ့ပါတယ်။

    စပိန်မွတ်စလင်တွေ ရက်လုပ်တဲ့ ချည်ထည်တွေဟာ အဲဒီခေတ်အခါက ကျော်ကြားတဲ့ တရုတ်လက်မှု ပညာရှင်တွေရဲ့ လက်ရာလောက်ကို သေသပ်ပြီး၊ ကောင်းမွန်ပါတယ်။ ကော်ဒိုဘာမြို့တစ်ခုတည်းမှာပဲ ကောဇောတွေ၊ ကူရှင်တွေ၊ ပိုးလိုက်ကာတွေ၊ ရှော်စောင်တွေနဲ့ မှီအုံးတွေလုပ်တဲ့ ရက်ကန်းစက်ရုံပေါင်း ၃၀၀၀ လောက်ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်း လူကြိုက်များခဲ့တဲ့ ဥရောပထုတ် ဖိနပ်တွေအတွက်လည်း ကော်ဒိုဘာက လယ်သာတွေ ထောက်ပံ့ပေးတာပါ။ စပိန်က ကူအန်ကာ (Cuenca) မြို့ဟာ ထိပ်တန်း သိုးမွှေးအထည်ပေါင်းစုံ အထူးသဖြင့် ဖျာတွေ၊ နှစ်ဖက်လှအထည်တွေ ထွက်ရှိရာဒေသ ဖြစ်ပါတယ်။ ဒီသိုးမွှေးထည်တွေကို ဘုရားဝတ်ပြုအခင်းတွေအဖြစ်၊ အိမ်တွေက ကြမ်းပြင်တွေ၊ စားပွဲခုံတွေမှာ လှပတဲ့ အခင်းတွေအဖြစ် အသုံးပြုကြပါတယ်။

    အလ်-အန်ဒါလုစ်မှာတော့ အရှေ့တိုင်းစတိုင် အ၀တ်အထည်တွေကို မာလာဂါနဲ့ အလ်မာရီယာမြို့တွေမှာ အဓိကထား ထုတ်လုပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီမြို့တွေဟာ ဆိပ်ကမ်းမြို့တွေဖြစ်ပြီး စတိုင်အသစ်တွ၊ နည်းစနစ်အသစ်တွေကို ပထမဆုံး လက်ခံရရှိရာနေရာတွေ ဖြစ်လို့ပါပဲ။ မွတ်စလင်တွေအုပ်စိုးတဲ့ စပိန်ကနေ ဖွံ့ဖြိုးလာတဲ့ ချည်ထည်ရက်လုပ်မှုလုပ်ငန်းဟာ နောက်ပိုင်းမှာ ဥရောပတစ်ခွင့် ပြန့်နှံ့သွားခဲ့ပါတယ်။

    စပိန်ရဲ့ အရှေ့ဘက်ဒေသနဲ့ မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ အထည်လိပ်တွေကနေ အ၀တ်အထည်၊ အိမ်သုံးပရိဘောဂပေါင်းစုံကို ထုတ်လုပ်ခဲ့ကြပါတယ်။ နော်မဒ်အမျိုးသမီးတွေ (Normad) ဟာ အတဲအမိုးတွေ၊ မြင်းကုန်းနှီးတွေ၊ ပုခက်တွေနဲ့ သူတို့ရဲ့နေ့စဉ်ဘ၀မှာ လိုအပ်တဲ့အရာတွေကို ရက်လုပ်ခဲ့ကြပါတယ်။ မြို့ပြတွေ၊ နန်းတော်တွေရဲ့ ပရိဘောဂတွေဟာ အဲဒီအချိန်တုန်းက ကောဇောတွေ၊ လိုက်ကာတွေ၊ အခင်းတွေ ဖြစ်ပါတယ်။ ကုလားထိုင်တွေအစား လူတွေဟာ ကူရှင်တွေမှာ ထိုင်ကြပြီး အ၀တ်တွေနဲ့ ချုပ်လုပ်ထားတဲ့ မှီအုံးတွေကို မှီကြပါတယ်။ အဲဒီ မှီအုံးရဲ့ အရည်အသွေးကောင်းမွန်မှုက ပိုင်ရှင်ရဲ့ ကြွယ်ဝချမ်းသာမှုကို ထင်ဟပ်စေပါတယ်။

    ၁၉ ရာစုက ရေးသားခဲ့သည့် Album of Kashmiri Trades (ကက်ရှ်မီရ်းဒေသမှ ကုန်သွယ်လုပ်ငန်း မှတ်တမ်း) စာအုပ်မှ ဆေးဆိုးလုပ်သားတစ်ဦးက အ၀တ်အထည်များကို ဆေးဆိုးနေမှုအား သရုပ်ဖော်ထားပုံ)

    အထည်လိပ်တွေဟာ နိုင်ငံရေးမှာ အရေးပါတဲ့ပစ္စည်းတွေလည်း ဖြစ်ပါတယ်။ သံတမန်ရေးရာအရ တာသွားတဲ့ လက်ဆောင်တွေအဖြစ် အသုံးပြုကြသလို၊ ပုံမှန် ပွဲလမ်းသဘင်တွေ၊ အထူး အခမ်းအနားတွေမှာ အဆင့်မြင့်အရာရှိတွေနဲ့ အခြား အောင်မြင်ကျော်ကြားသူတွေကို ချီးမြှင့်တဲ့ ဆုလာဘ်အဖြစ်လည်း အသုံးတော်ခံခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ချီးမြှင့်တဲ့ ခြုံထည်တွေ၊ ခေါင်းပေါင်းတွေနဲ့ အခြားသော ချည်ထည်တွေကိုတော့ အုပ်ချုပ်သူတွေရဲ့ နန်းတော်တွေမှာပဲ ရက်လုပ်တာ ဖြစ်ပါတယ်။  ၁၂၅၀ နောက်ပိုင်း မမ်လွက်ဆူတန်တွေရဲ့ ခေတ်မှာ မက္ကာမြို့က ကာဘာဟ်ကျောင်းတော်မှာ ဖုံးအုပ်တဲ့ ကစ္စ၀ါ (kiswa) သစ်ကို ကို နှစ်စဉ်ပေးပို့ခြင်းဟာလည်း မွတ်စလင်အင်ပါယာကို ကြီးစိုးတဲ့ ဘုရင်တွေရဲ့ သီးခြားအခွင့်အရေး ဖြစ်လာပါတယ်။ ကစ္စ၀ါကို အထူးခြားဆုံးရက်လုပ်ပြီး အလှပဆုံး ဆင်ယင်ချယ်သကြပါတယ်။

    အဲဒီတုန်းက အစ္စလာမ်ကမ္ဘာမှာ အရည်အသွေး၊ အရောင်အသွေးမျိုးစုံတဲ့ အထည်လိပ်တွေကို ရရှိနိုင်ပါတယ်။ သိုးမွှေးနဲ့ လီနင် (linen) အထည်တွေကို အီရန်ကနေ စပိန်အထိ အစ္စလာမ့်အင်ပါယာတစ်ဝှမ်း အမြောက်အများထုတ်လုပ်ခဲ့ကြပြီး၊ လီနင်အထည်က အရမ်းလူကြိုက်များတာကြောင့် ကုန်ကြမ်းတွေကို ပြည်ပကနေတောင် မှာယူတင်သွင်းရပါတယ်။ အိန္ဒိယထွက်ကုန်ဖြစ်တဲ့ ၀ါဂွမ်းကို မွတ်စလင်တွေ မြေထဲပင်လယ်ဒေသကို ရောက်ရှိလာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အကြီးအကျယ် ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ဆီးရီးယားနဲ့ ပါလက်စတိုင်းမှာ ဒီ ၀ါဂွမ်းစိုက်ပျိုးမှုဟာ ဖွံ့ဖြိုးခဲ့ပြီး ဥရောပကိုတော့ စပိန်တောင်ပိုင်း မွတ်စလင်အုပ်စိုးရာ ဒေသကနေတစ်ဆင့် ၀င်ရောက်လာတာ ဖြစ်ပါတယ်။ လယ်သာအထည်ထုတ်လုပ်မှုကလည်း အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၂ ရာစု အလ်မိုဟဒ်မင်းဆက် (Amohad) ရဲ့ ဘုရင် အလ်-မန်ဆူရ်  (Al-Mansur)လက်ထက်မှာ ဖက်ဇ်မြို့ (Fez) (ယခုမော်ရိုကိုတွင် ရှိသည်) အတွင်း သာရေနယ်စက်ရုံ ၈၆ ခုနဲ့ ဆေးဆိုးပန်းရိုက်လုပ်ငန်း ၁၁၆ ခု ရှိနေပါပြီ။

    မွတ်စလင်ကမ္ဘာမှာ တစ်ချို့သောမြို့တွေကထွက်တဲ့ ပစ္စည်းတွေကလည်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။ ရှီရက်ဇ် (Shiraz) မြို့က သိုးမွှေးအထည်၊ ဘဂ္ဂဒတ်က bldachin နဲ့ ပိုးဖဲ၊ ခူဇစ်စတန် (Khuzistan) က ထွက်ပြီး ကုလားအုတ် အမွှေး၊ ဆိတ်အမွှေးတွေနဲ့ ရက်လုပ်တဲ့ ပစ္စည်း၊ ခူရာဆန် (Khurasan) က ဆိုဖာ၊ တိုင်ရီ (Tyre) က ကောဇော၊ ဘူခါရာ (Bukhara) က ၀တ်ပြုအခင်း၊ ဟေရတ် (Herat) က ရွှေချည်ငွေချည်အထည်တွေဟာ ထင်ရှားကျော်ကြားပါတယ်။ အခြားသော ခေတ်ကာလက ချည်ထည်အပိုင်းအစတွေကို အနောက်တိုင်း ပြတိုက်တွေနဲ့ အရှေ့တိုင်းဆိုင်ရာ အနုပညာလက်ရာ စုစည်းမှုတွေမှာ တွေ့မြင်နိုင်ပေမယ့် ၁၂ ရာစုက ဒီနာမည်ကြီးပစ္စည်းတွေရဲ့  အပိုင်းအစ တစ်ခုတောင်မှ ကျန်ရစ်ခဲ့ခြင်း မရှိပါဘူး။ ကျန်ရစ်ခဲ့တဲ့ ချည်ထည်အမွေအနှစ်တွေထဲမှာ အဖိုးတန်ဆုံး အပိုင်းအစတစ်ခုကတော့ အီဂျစ် မမ်လွက်ဆူလ်တန်ရဲ့ ပိုးဝတ်ရုံ အပိုင်းအစတစ်ခုဖြစ်ပြီး ၁၄ ရာစု လောက်က ထုတ်လုပ်ခဲ့တဲ့ အဲဒီအပိုင်းအစမှာ ‘အသိပညာနှင့်ပြည့်စုံသော ဆူလ်တန်မင်းမြတ်’ ဆိုပြီး ကဗျည်းရေးထိုးထားပါတယ်။ အဲဒီအပိုင်းအစကို ဒန်ဇစ်မြို့ (Danzig) က စိန့်မေရီ ဘုရားကျောင်းမှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

    ဥရောပမှာ မွတ်စလင်တွေရဲ့ ချည်ထည်တွေ လူကြိုက်များလာမှုရဲ့အစကို သိချင်ရင် အလယ်ခေတ်ကို ပြန်သွားရမှာဖြစ်ပြီး အဲဒီအချိန်မှာ ခရူးဆိတ် ခရစ်ယာန်သာသနာပြုစစ်သည်တွေ၊ ကုန်သည်တွေကနေ တစ်ဆင့် ဒီချည်ထည်တွေက ဥရောပကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဲဒီချည်ထည်တွေဟာ ဥရောပမှာ တော်တော်လေး အဖိုးတန်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဆီလ်ဗက်စတား ၂ (Pope Sylvester II) ကွယ်လွန်စဉ်က တန်ဖိုးကြီးပါရှန်ပိုးထည်နဲ့လွှမ်းပြီး မြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။ ကက်စ်တီလာ (စပိန်ရှိဒေသတစ်ခု) ပြည့်ရှင် ဘုရင် အဒ်ဝပ် ၁ (Edward I) ရဲ့ ကြင်ယာတော် ဘုရင်မ အဲလီယာနူရ် (Eleanor) ဟာ ၁၂၅၅ ခုနှစ် အင်္ဂလန်ကိုသွားတဲ့အခါ အန်ဒါလူစီယာက ကောဇောတွေကို အဖိုးတန်လက်ဆောင်အဖြစ် ယူဆောင်သွားခဲ့ပါတယ်။

    mq
    အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ရှိ အမျိုးသမီးတစ်ဦး ယက်ကန်း ရက်လုပ်နေမှုကို Maqamat al-Hariri စာအုပ်တွင် သရုပ်ဖော်ထားပုံ

    ၁၇ ရာစုမှာတော့ အင်္ဂလန်နိုင်ငံရဲ့ ကုန်သွယ်မှုအခြေခံတဲ့ ဆက်ဆံရေးဟာ အကြီးအကျယ် ဖွံ့ဖြိုးလာခဲ့ပြီး အဲဒီအချိန်ဟာ ပါရှန်တွေရဲ့ ချည်ထည်လုပ်ငန်းဟာ အထွပ်အထိပ်ကို ရောက်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ၁၆၁၆ ခုနှစ်မှာ ပါရှန်က ရှားဘုရင်ဟာ ကုန်သွယ်ရေးတိုးမြှင့်ဖို့အတွက် ကုန်ထုတ်ပေါင်း ၃၀၀၀ ကို အင်္ဂလန်ကို အကြွေးချပေးခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ပါရှန်တွေရဲ့ ပိုးထည်တွေဟာ အင်္ဂလန်ရဲ့ သွင်းကုန်တွေထဲ ထိပ်တန်းမှာ ပါဝင်ခဲ့ပါတယ်။ နောက်ထပ် ၃ နှစ်အကြာမှာတော့ Royal Anne သင်္ဘောဟာ ပါရှန်ပိုးထည်ထုတ် ၁၁ ထုပ်ကို တင်ဆောင်ကာ ဆူရသ် (Surat) (အိန္ဒိယ) ကနေတစ်ဆင့် အင်္ဂလန်ကို ရောက်လာခဲ့ပါတယ်။ အဒီအချိန်က အင်္ဂလန်ပြည့်ရှင် ဂျိမ်းစ် ၁ (James I) ဟာ ပါရှန်ပိုးထည်တွေကို အလွန်နှစ်ခြိုက်ခဲ့ပြီး အင်္ဂလန်မှာ ပိုးထည်လုပ်ငန်းတစ်ခု တည်ထောင်ဖို့ စဉ်းစားခဲ့ပါတယ်။ ဘုရင်ကြီးဟာ ပိုးမျှင်ထွက်တဲ့ ပိုးကောင်တွေကို စုဆောင်းခဲ့ပြီး နန်းတော်နဲ့ ၀ိုက်တ်ဟောလ် ဥယျာဉ် (Whitehall gardens) တွေမှာ မွေးမြူနိုင်ရေး အထူးအစီအစဉ်တွေကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပြီး တော်ဝင်ပိုးထည်လုပ်ငန်းကို ကြီးကြပ်တဲ့ ပြင်သစ်လူမျိုး ဂျွန် ဘိုနိုအီလ် (Bonoeil) ကို ပိုးထည်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ကျမ်းတစ်စောင်ပြုဖို့ အမိန့်ပေးခဲ့ကာ ၁၆၂၂ ခုနှစ်မှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။

    အဲဒီအချိန်လောက်မှာပဲ အရှေ့အိန္ဒိယကုမ္ပဏီက အင်္ဂလန်ကို ချင့်ဇ် (chintz) လို့ခေါ်ပြီး အရောင်သွေး ဒီဇိုင်းစုံတဲ့ ချည်ထည်တွေကို အဓိကထားတင်သွင်းမှုကြောင့် အင်္ဂလန်ရဲ့ အိန္ဒိယနဲ့ကုန်သွယ်မှုဟာ တိုးတက်လာခဲ့ပါတယ်။ မွတ်စလင်တွေရဲ့ ဆေးဆိုးပန်းရိုက်နည်းလမ်းနဲ့ အလှဆင်ထားတဲ့ အဲဒီချည်ထည်တွေဟာ ဥရောပရဲ့ ချည်ထည်လုပ်ငန်းနဲ့ နံရံအလှဆင် ချည်ထည်ထုတ်လုပ်မှုရဲ့ စံတစ်ခု ဖြစ်ခဲ့ပါတယ်။

    ၁၇ ရာစုလောက်မှာတော့ မွတ်စလင်ကမ္ဘာက အထည်လိပ်တင်ပို့မှုဟာ ဥရောပလူ့အဖွဲ့အစည်းက ဘူဇွာတွေပေါ်ထွက်လာမှုနဲ့အတူ တော်တော်လေး ထိခိုက်ခဲ့ပြီး ပြည်တွင်းအထည်လိပ်လုပ်ငန်းကလည်း ခြိမ်းခြောက်ခံခဲ့ရပါတယ်။ နိုင်ငံရပ်ခြားက အထည်လိပ်တွေရဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကို အလိုမရှိတာကြောင့် အရှေ့အိန္ဒိယကုမ္ပဏီရဲ့ တင်သွင်းမှုကို ပိတ်ပင်ဖို့ ပိုးထည်နဲ့ သိုးမွှေးကုန်သည်တွေက ဆောင်ရွက်ခဲ့တာကြောင့် ပြည်တွင်း ပိုးထည်ရက်လုပ်သူတွေဟာ စောဒကတက်ခဲ့ကြပါတယ်။

    ဗြိတိန်အစိုးရက ၁၇၀၀ ခုနှစ်မှာ မွတ်စလင်ကမ္ဘာက ပိုးထည်တင်သွင်းမှုတွေ ကန့်သတ်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းလိုက်ပြီး အိန္ဒိယ အထည်လိပ်တွေ၊ ပါရှန်နဲ့ တရုတ်ချည်ထည်တွေ တင်သွင်းမှုကိုလည်း တားမြစ်လိုက်ပါတယ်။

    အရည်အသွေးကောင်းမွန်တဲ့ ပိုးထည်တွေဟာ ပါရှန်တစ်ခုထဲကနေ ၀င်ရောက်တာမဟုတ်ပါဘူး။ တူရကီ အထည်လိပ်လုပ်ငန်းကလည်း တိုးတက်ခဲ့ပါတယ်။ ဘူရ်ဆာ (Bursa) က ထွက်တဲ့ အထည်လိပ်တွေဟာ အရည်အသွေး အလွန်ကိုကောင်းမွန်ပြီး အဲဒီက အထည်ရက်သူတွေဟာ အစ်ဇ်နစ် (Iznik) ပန်းလက်ရာ အပြောက်အမွှမ်းတွေနဲ့ အလှဆင်ထားတဲ့ ထိပ်တန်းအထည်လိပ်တွေကို  ထုတ်လုပ်ခဲ့ကြပါတယ်။ ဘူရ်ဆာမြို့ကထွက်တဲ့ ပိုးထည်တွေ၊ ကတ္တီပါထည်တွေကို ဆူလ်တန်ဘုရင်တွေရဲ့ နန်းတော်တွေမှာတောင် အသုံးပြုကြပြီး အော်တိုမန်အင်ပါယာက အိမ်တိုင်းမှာ မရှိမဖြစ် အိမ်တွင်းအလှဆင်ပစ္စည်းတွေဖြစ်တဲ့ ဆိုဖာ၊ သလွန်၊ လိုက်ကာတွေကလည်း ဒီမြို့နေပဲ ထွက်ရှိတာဖြစ်ပါတယ်။ အင်္ဂလိပ် မင်းမျိုးမင်းနွယ်ဖြစ်ပြီး ကဗျာပညာရှင်တစ်ဦးလည်းဖြစ်တဲ့ လေဒီ မွန်တာဂူ (Lady Montagu) က တူရကီအထည်လိပ်တွေရဲ့ ကျော်ကြားမှုကို တစ်ခုတ်တရ မှတ်တမ်းတင်ခဲ့ပြီး သူမအနေနဲ့ တူရကီစတိုင် ၀တ်စုံတွေ ၀တ်ဆင်ရတာကို နှစ်သက်သဘောကျတယ်လို့လည်း ဆိုပါတယ်။

    ၁၈ ရာစုမှာ တူရကီအရဲ့ အထည်လိပ်လုပ်ငန်းနဲ့ အ၀တ်အထည်တွေကို ကြိုက်နှစ်သက်သူတစ်ဦးကတော့ နာမည်ကြီး ဆွစ်ဇာလန် အနုပညာရှင် ဂျန် အီတိုင်နီ လီယိုတာ့ဒ် (Jean Etienne Liotard) ဖြစ်ပါတယ်။ အစ္စတန်ဘူလ်မှာ ၅ နှစ်လောက်နေခဲ့ဖူးပြီး တူရကီတစ်ယောက်လို ၀တ်စားဆင်ယင်တတ်သူလည်း ဖြစ်ပါတယ်။ ‘en Sultane’ လို့ခေါ်ဆိုတဲ့ သူ့ရဲ့လက်ရာ အမျိုးသမီးပုံတူပန်းချီဟာ ဥရောပတစ်ဝှမ်း တူရကီ အ၀တ်အစားဖက်ရှင်တွေ ပြန့်နှံ့ဖို့အတွက် တော်တော်လေး အကူအညီ ဖြစ်စေခဲ့ပါတယ်။

    d3866768r
    တူရကီအမျိုးသမီးတစ်ဦးကို ပုံဖော်ထားသည့် ဂျန် အီတိုင်နီ လီယိုတာ့ဒ်၏ en Sultane ပန်းချီကား

    အခုအချိန်အထိ မွတ်စလင်အမည်နဲ့ ခေါ်နေတဲ့အ၀တ်အထည်တွေ ရှိနေပါတယ်။ ဥပမာအားဖြင့် မူဆိုးလ်မြို့က ပထမဆုံး ဖန်တီးထုတ်လုပ်မှုကို အစွဲပြုခေါ်ဝေါ်တဲ့ မူစ်လင် (muslin)၊ ဒမတ်စကတ်ကို အစွဲပြုတဲ့ ဒမက်စ်က် (damask)၊ ဘဂ္ဂဒတ်ကို အစွဲပြုတဲ့ ဘာလ်ဒါချင် (baldachin)၊ ဂါဇာကိုအစွဲပြုတဲ့ ဂေါ်ဇီ (gauze) တို့ဖြစ်ပါတယ်။ ချည်ခင်ကုန်ကြမ်းလို့ အမည်ရပြီး ၀ါဂွမ်းကိုခေါ်တဲ့ အာရဘီစကားလုံး ကူတ်န် (qutn) ကို မွေးစားကာ အင်္ဂလိပ်မှာ cotton ဖြစ်လာသလို၊ ဖဲသားအထည်တွေကို တင်သွင်းတဲ့ တရုတ် ဆိပ်ကမ်း teseutung ကို အစွဲပြုပြီး ဇေတူနီ (zaytuni) အမည်ကနေ satin (ဖဲသား) ဖြစ်လာခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • ကမ္ဘာ့ လူ့အဖွဲ့အစည်းတွင် ယနေ့တိုင် ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (အပိုင်းအားလုံး)

    ကမ္ဘာ့ လူ့အဖွဲ့အစည်းတွင် ယနေ့တိုင် ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (အပိုင်းအားလုံး)

    ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ  အကြောင်း ဆောင်းပါးများ M-Media မှ အပတ်စဉ် သောကြာနေတိုင်း တင်ဆက်ပေးခဲ့ပါသည်။ အဆိုပါ ဆောင်းပါးများ အလွယ်တကူ ဖတ်ရှုနိုင်ဖို့ စုစည်းပေးထားခြင်းဖြစ်ပါသည်။

    maxresdefault

    ၁။ ကော်ဖီ=>Link

    ၂။ အစားအသောက်ဓလေ့နှင့် ဖန်ထည်များ=>Link

    ၃။ နာရီတို့၏ အစ =>Link

    ၄။ ခေတ်ပေါ် စစ်တုရင် ကစားနည်း=>Link

    ၅။  ဂီတ၏ အရင်းမူလ-=>Link

    ၆။ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ =>Link

    ၇။ ဉာဏ်လှည့်စား ကိရိယာများ =>Link

    ၈။ အလင်းပညာရပ်နှင့် ကင်မရာ =>Link

    ၉ ။ ဖက်ရှင်နှင့် စတိုင် – =>Link

    ၁၀။ ကော်ဇောထုတ်လုပ်မှု =>Link

    ၁၂။ တက္ကသိုလ်တို့၏ နိဒါန်း =>Link

    ၁၃။ အသိပညာ အကယ်ဒမီ- =>Link

    ၁၄။ စာကြည့်တိုက်နှင့် စာအုပ်ဆိုင်များ =>Link

    ၁၅။ ဘာသာပြန်ဆိုမှုလုပ်ငန်း=> Link 

    ၁၆။ သင်္ချာပညာရပ် => Link

    ၁၇။ တြီဂိုနော်မေတြီ– =>Link

    ၁၈။ ဓာတုဗေဒပညာရပ်  =>Link

    ၁၉။ လုပ်ငန်းခွင်သုံး ဓာတုဗေဒ =>Link

    ၂၀။ ဂျီသြမေတြီ => Link

    ၂၁။ ဂျီသြမေတြီ အနုပညာ => Link

    ၂၂။ လက်ရေးလှအတတ် => Link

    ၂၃။ ရေအရင်းအမြစ် စီမံခန့်ခွဲမှု =>Link

    ၂၄။ လယ်ယာကဏ္ဍ တော်လှန်ပြောင်းလဲမှု  =>Link

    ၂၅။ ရေပေးဝေမှုစနစ် =>Link

    ၂၆။ ဆည်တမံများ =>Link

    ၂၇။ လေစွမ်းအင်၏ အစ => Link

    ၂၈။ ကုန်သွယ်မှု => Link

    ၂၉။ စက္ကူထုတ်လုပ်မှု => Link

    ၃၀။ ဖန်ထည်ထုတ်လုပ်မှု => Link

    ၃၁။ အထည်လိပ်လုပ်ငန်း => Link

    ၃၂။ အိုးလုပ်ငန်း-=> Link 

    ၃၃။ ကျောက်မြတ်ရတနာ- => Link

    ၃၄။ ငွေကြေးသုံးစွဲမှု => Link

    ၃၅။ ဆေးရုံများ => Link 

    ၃၆။ ခွဲစိပ်ကိရိယာများ => Link 

    ၃၇။ ခွဲစိပ်ခြင်းကုသခြင်း- => Link 

    ၃၈။ သွေးလှည့်ပတ်မှုဖော်ထုတ်ခြင်း=> Link 

    ၃၉။ ဆေးပညာတွင် အစ်ဗနေ့ဆီနာ၏ အကျိုးပြုမှု=> Link 

    ၄၀။ မျက်စိရောဂါကုသနည်း => Link

    ၄၁။ ကာကွယ်ဆေးထိုးခြင်း => Link

    ၄၂။ တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးမှု => Link

    ၄၃။ ဆေးဝါးဗေဒ => Link

    ၄၄။ ဆေးဘက် အသိပညာများ => Link

    ၄၅။ မြို့တည်ခြင်း => Link

    ၄၆။ ဗိသုကာလက်ရာ=> Link

    ၄၇။ ကမ္ဘာလုံးဝန်းကြောင်း ဖော်ထုတ်မှု => Link

    ၄၈။ဘူမိသိပ္ပံ => Link

    ၄၉။ သဘာဝအဖြစ်အပျက်များကို စူးစမ်းခြင်း=> Link

     

     

  • ဖန်ထည် ထုတ်လုပ်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၀)

    ဖန်ထည် ထုတ်လုပ်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၀)

    နိုဝင်ဘာ ၄၊ ၂၀၁၆

    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    ware

    – အတိတ်မှာ ဖန်ထည်၊ မှန်ထည်တွေကို ဘယ်လိုထုတ်လုပ်လဲဆိုတာနဲ့ပတ်သက်ပြီး ယနေ့ ကျွန်တော်တို့ သိရှိမှုဟာ သမိုင်းဆိုင်ရာနေရာတွေ တူးဖော်မှု၊ တစ်ခေတ်တစ်ခါက ခရီးသွားတွေ မှတ်တမ်းတင်ထားမှုတွေကနေတစ်ဆင့် ဖြစ်ပါတယ်။ ဒီရင်းမြစ်တွေကို ကြည့်ရင် ၁၃ ရာစုနဲ့ ၁၄ ရာစုတွေမှာ ဆီးရီးယားဟာ ကမ္ဘာ့ ဖန်ထည်၊ မှန်ထည်ထုတ်လုပ်မှုရဲ့ အချက်အခြာနေရာဖြစ်တယ်ဆိုတာကို တွေ့ရပြီး အထူးသဖြင့် အဲလစ်ပို (Aleppo) နဲ့ ဒမတ်စကတ် (Damascus) မြို့တွေဖြစ်ပါတယ်။ သမိုင်းပညာရှင်ဖြစ်ပြီး ခရီးသွားတစ်ဦးလည်းဖြစ်တဲ့ အစ်ဗနေ့ဘက်တူတာ (Ibn Battuta) ကတော့ ၁၃၀၀ ပြည့်နှစ်တွေမှာ သူဖြတ်သွားတဲ့အချိန် ဒမတ်စကတ်ဟာ မှန်ထည်ထုတ်လုပ်မှုမှာ အချက်အခြာနေရာဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆီးရီးယားတင်မကဘဲ အီဂျစ်၊ အီရတ်နဲ့ စပိန်က အန်ဒါလူစီယာဒေသတွေဟာ ၈ ရာစုကနေစလို့ မှန်သွေးတဲ့နည်းစနစ် ဒါမှမဟုတ် ပုံစံခွက် (မို) ကိုအသုံးပြုတဲ့ နည်းစနစ် စတာတွေနဲ့ ဖန်ထည်မှန်ထည်တွေကို အမြောက်အများ ထုတ်လုပ်ခဲ့ကြပါတယ်။

    မွတ်စလင်တွေဟာ ရောမတွေရဲ့ ဖန်ချက်လုပ်ငန်းကို အမွေဆက်ခံခဲ့ပြီး ဆီးရီးယားနဲ့ အီဂျစ်တို့မှာ အခြေစိုက်ကာ ‘နှစ်ထပ်တံဆိပ်ရိုက်နည်း’ (ဖန်ထည်များ ပူနေသည့်အချိန် လှပသော ဒီဇိုင်းများ ရိုက်ခြင်း) ‘ဖန်မျှင်ဖြင့် အလှဆင်နည်း’ (ရောမနှင့် ဘိုင်ဇန်တိုင်းတို့၏နည်းလမ်းကို ဆက်လက်အသုံးပြုခြင်း) နဲ့ ‘ပုံကြမ်းဖော်နည်း’ (အသင့်ပြင်ဆင်ထားသည့် ပုံကြမ်း (မို) ထဲသို့ ဖန်ရည်လောင်းထည်ခြင်း) စတဲ့ နည်းလမ်းတွေကိုလည်း ဖော်ထုတ်အသုံးပြုခဲ့ပါတယ်။ ပြီးတော့ ဖန်ထည်တွေပေါ်မှာ စာလုံးထွင်းတာ၊ မှန်သွေးတာတွေကို လက်နဲ့၊ ဒါမှမဟုတ် ဘီးလုံးအသုံးပြုပြီး ဆောင်ရွက်တဲ့ နည်းလမ်းကိုလည်း မွတ်စလင်တွေကပဲ ဖွံ့ဖြိုးစေခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ဖန်ထည်ပစ္စည်းအလှဆင်မှုကို ပြီးပြည့်စုံအောင် ဆောင်ရွက်ခဲ့ပြီး၊ ပုလင်း၊ ဓာတ်ဘူး၊ ပန်းအိုးနဲ့ သောက်ရေခွက်တွေ အပါအ၀င် ထုတ်ကုန်မြောက်များစွာကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။

    ၁၃ ရာစုအရောက်မှာတော့ အရည်အသွေးကောင်းမွန်တဲ့ ဆီးရီးယားက ဖန်ထည်တွေဟာ ကမ္ဘာတစ်ဝှမ်းက ကုန်သည်တွေ၊ ပြည်သူတွေရဲ့ ကြိုက်နှစ်သက်မှုကို ခံခဲ့ရပြီး၊ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ တူးဖော်မှုတွေအရ ဆွီဒင်၊ ရုရှားတောင်ပိုင်းနဲ့ တရုတ်ပြည်အထိမှာပါ သက်တမ်း ၇၀၀ လောက်ရှိတဲ့ ကြွေရည်သုတ်ဖန်ထည်တွေကို တွေ့ရှိခဲ့ရပါတယ်။

    အီရတ်နိုင်ငံ ဆာမာရာ (Samara) မြို့ကလည်း ဖန်ထည်ထုတ်လုပ်မှုမှာ ကျော်ကြားပါတယ်။ ဖန်ထည်မှန်ထည်နဲ့ပတ်သက်ပြီး တူးဖော်တွေ့ရှိရမူမှာ ရင်သပ်ရှုမောစရာ အကောင်းဆုံးကတော့ ‘မီလီဖီအိုရီ’ (millefiori) လို့ခေါ်တဲ့ တောက်ပတဲ့ အပြောက်အမွှမ်းဒီဇိုင်း ဖန်ထည်တွေဖြစ်ပြီး ဒီ ဒီဇိုင်းဟာ စောစောပိုင်းတုန်းက ရှိခဲ့တဲ့ ထူးခြားတဲ့အရောင်အသွေးတွေ၊ ဒီဇိုင်းတွေထက် သာလွန်တဲ့ ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတဲ့ တွေ့ရှိမှုတစ်ခုကတော့ ဆာမာရာမြို့က ၉ ရာစုမှာ ထုတ်လုပ်ခဲ့တဲ့ တစ်ဖြောင့်တည်းဖြစ်နေတဲ့ ပန်းကန်လုံးဖြစ်ပါတယ်။

    ဆာမာရာက ဖန်ချက်သူတွေဟာ ရေမွှေးတို့လို အရာတွေထည့်ဖို့အတွက် ဖန်ပုလင်း သေးသေးလေးတွေ ထုတ်လုပ်နိုင်မှုကြောင့်လည်း နာမည်ကျော်ပါတယ်။ တစ်ချို့ပုလင်းလေးတွေဟာ အနားလေးဖက်ရှိပြီး ထိပ်ပိုင်း အပေါက်မှာ စလင်ဒါပုံဖြစ်နေတဲ့ အပြာရောင်၊ အစိမ်းရောင် စတဲ့ သစ်တော်သီး ပုံစံလေးတွေ ဖြစ်ပါတယ်။ အဲဒီပုလင်းငယ်လေးတွေဟာ အချိန်စီးပြီး မှန်သွေးတဲ့နည်းလမ်းကို အသုံးပြုကာ လှပအောင် ပြုလုပ်လေ့ရှိပါတယ်။ ဆာမာရာဒေသမှာ မှန်သွေးတဲ့နည်းလမ်းနဲ့ စတိုင်ကျကျ ချယ်သပုံဖော်ထားပြီး တော်တော်လေး လှပတဲ့ ၉ ရာစု ဖန်ထည်အပိုင်းအစတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

    အေဒီ ၆၄၀ ပြည့်နှစ်တွေက တည်ထောင်ခဲ့တဲ့ ‘ကိုင်ရိုမြို့ဟောင်း’ အလ်-ဖွတ်စ်တက် (Al-Fustat) မှာ တူးဖော်မှုတွေကနေ တွေ့ရှိရတဲ့ ဖန်ထည်အပိုင်းအစတွေက ဒီဒေသဟာ ၈ ရာစုကနေ အလယ်ခေတ်လျှောက်လုံးမှာ ဖန်ထည်မှန်ထည်ထုတ်လုပ်မှု အချက်အချာဖြစ်ရမယ်ဆိုတာကို ပြသနေပါတယ်။ အဲဒီမှာ တွေ့ရတဲ့ ရှေးအကျဆုံးပစ္စည်းကတော့ သက္ကရာဇ် ၇၀၈ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ ငွေအကြွေစေ့လို့ ဖန်ထည်မျိုးဖြစ်ပြီး ဘုရင် ဒါမှမဟုတ် အစိုးရအကြီးအကဲတွေရဲ့ နာမည်တွေကို ရိုက်နှိပ် ထားပါတယ်။ အဲဒီဖန်ထည်တွေဟာ အရောင်အသွေးလည်း စုံလင်လှပြီး အစိမ်းရင့်ရောင်၊ အစိမ်းနုရောင်နဲ့ စိမ်းပြာရေင်တွေကနေ အဖြူရောင်၊ ခရမ်းရောင်တွေအထိ ပါဝင်ပါတယ်။  ကိုင်ရိုမြို့ဟောင်းက ဖန်ထည် လက်ရာတွေထဲမှာ အဆန်းပြားဆုံးကတော့ ဖန်ထည်ရဲ့ မျက်နှာပြင်မှာ ကော့ပါး ဒါမှမဟုတ် ဆေးလ်ဗားအောက်ဆိုက် (silver oxide) တွေနဲ့ ဖန်တီးလေ့ရှိတဲ့ ဖိတ်ဖိတ်တောက် အပြောက်အမွှမ်းတွေ ချယ်သထားတာပဲ ဖြစ်ပါတယ်။ ဒီလို ဖန်ထည်မျိုးရဖို့အတွက် အပူချိန် ၆၀၀ ဒီဂရီဆဲလ်စီးယက်စ်လောက် ပေးရတာပါ။

    မွတ်စလင်ကမ္ဘာဟာ ဖန်ထည်၊ မှန်ထည်လုပ်ငန်းဟာ အရှေ့ပိုင်းမှာပဲ တန့်နေတာ မဟုတ်ပါဘူး။ အလ်-အန်ဒါလုစ်က ဖန်ထည်မှန်ထည်တွေကလည်း ဒီဒေသကထွက်တဲ့ မြေထည်တွေလို ၀ယ်လိုအား ကောင်းမွန်ပါတယ်။ လက်ကိုင် ၂ ခု၊ ၄ ခုကနေ ၈ ခုအထိပါဝင်တဲ့ ခရားတွေ၊ လက်ကိုင်နဲ့ အမြှေင်းတွပါတဲ့ ပန်းကန်လုံးတွေကိုလည်း တွေ့ရပါတယ်။ အလ်-အန်ဒါလုစ်က ဖန်ထည်၊ မှန်ထည်တွေ အဓိက ဖန်တီးရာ နေရာတွေကတော့ အလ်မာရီယာ (Almeria)၊ မူရ်စီယာ (Murcia) နဲ့ မာလာဂါ (Malaga) တို့ဖြစ်ကြပြီး အလ်မာရီယာကထွက်တဲ့ ဖန်ထည်၊ မှန်ထည်တွေကတော့ ကမ္ဘာကျော်ပါတယ်။ ဒီမြို့ ၃ မြို့ကထွက်ပြီး အရှေ့တိုင်းလက်ရာတွေကို တုပ ဖန်တီးထားတဲ့ လက်ကိုင်မပါတဲ့ ဖောင်းကြွ မတ်ခွက်တွေဟာ ၉ ရာစု လီယွန် (Leon) ဘုရင့်နိုင်ငံက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေရဲ့ စားပွဲဝိုင်းတွေမှာ မပါမဖြစ် ပစ္စည်းတွေပါပဲ။

    ခရစ္စတယ်သွေးတဲ့ နည်းစနစ်ကို ၉ ရာစုမှာ အလ်-အန်ဒါလုစ် ကော်ဒိုဘာမြို့က အဘတ်စ် အစ်ဗနေ့ ဖီရ်နက်စ် (Abbas ibn Firnas) က စတင်ဖော်ထုတ်ခဲ့တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ သူဟာ အလ်-အန်ဒါလုစ်ပြည့်ရှင် အဘ်ဒဲလ်-ရဟ်မန် ၂ (Abd al-Rahman II) နဲ့ မိုဟာမက် ၁ (Muhammad) တို့ရဲ့ လက်ထက်မှာ နန်းတော်မှာ ခစားရတဲ့ ပညာရှင်နဲ့ တီထွင်ကြံဆသူတစ်ဦး ဖြစ်ပါတယ်။ ဖီရန်နက်စ်ဟာ ၀ှက်စာတွေဖော်ရာမှာ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပြီး လူရဲ့လက်နှစ်ဖက်မှာ တောင်ပံတွေတက်ကာ အဆောက်အဦးပေါ်ကနေ ခုန်ချပြီး ပျံသန်းမှုကို ပထမဆုံး စမ်းသပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဖန်ထည်မှန်ထည်နဲ့ ပတ်သက်လာရင်တော့ ဖီရ်နက်စ်ဟာ အဲဒီပစ္စည်းတွေရဲ့ သိပ္ပံနည်းကျ ဂုဏ်သတ္တိတွေကို ထဲထဲဝင်ဝင်သိရှိခဲ့ပြီး မှန်ဘီလူးတီထွင်ဖို့ ကနဦးစမ်းသပ်မှုတွေ လုပ်ခဲ့ကာ စာတွေကို ချဲ့ကြည့်နိုင်မယ့် အယူအဆကို ဖော်ထုတ်ခဲ့တာကလည်း သူပဲ ဖြစ်ပါတယ်။ နောက်ပြီး တွင်းထွက်ကျောက်တွေကို အခြေခံကာ အန်ဒါလူစီယာမှာ ခရစ္စတယ်လုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။

    ဒါဟာ ဖန်ထန်မှန်ထည်လုပ်ငန်းရဲ့ လှပတဲ့ သမိုင်းကြောင်းဖြစ်ပြီး ဆီးရီးယား၊ အီဂျစ်၊ အီရတ်၊ အန်ဒါလူစီယာက ဖန်ချက်စက်ရုံကြီးတွေကနေ ကမ္ဘာတစ်ဝှမ်းကို ပြန့်နှံသွားခဲ့တဲ့ ဒီလုပ်ငန်းကြောင့် လူသားတွေရဲ့ စားပွဲတွေ၊ အိမ်တွေမှာ အသုံးဝင်တဲ့၊ အလှအပဖြစ်စေမယ့် ပစ္စည်းတွေနဲ့ ဆင်ယင်ချယ်သနိုင်ခဲ့ကြပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)