News @ M-Media

Tag: 2014census

  • ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၂)

    ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၂)

    ဇူလိုင်၂၅ ၊ ၂၀၁၆
    M-Media
    မိုးစက် ဆက်သွယ်မေးမြန်းသည်။
    .religion_MM-page-016
    ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ ကိုးကွယ်သည့် ဘာသာဆိုင်ရာ အချက်လက်များ ထုတ်ပြန်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြိး ဦးသိန်းဆွေမှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားပါတယ်။
    .
    ဗုဒ္ဓဘာသာ-၈၇.၉ %
    ခရစ်ယာန်ဘာသာ- ၆.၂ %
    အစ္စလာမ်- ၄.၃ %
    ဟိန္ဒူ- ၀.၅ %
    နတ်ကိုးကွယ်သူ- ၀.၈%
    အခြား- ၀.၂ %
    ဘာသာမဲ့- ၀.၁ %
    (စာရင်းကောက်ယူနိုင်ခြင်းမရှိသည့် ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များ ထည့်သွင်းတွက်ချက်ထားသည့် စာရင်းဖြစ်သည်။)
    .
    အဆိုပါ စာရင်း ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး အစ္စလာမ်ဘာသာ အဖွဲ့အစည်းတချို့ မှ ခေါင်းဆောင်များကို M-Media မှ ဆက်သွယ်ပြီး ၄င်းတို့ရဲ့ အမြင်များကို မေးမြန်းခဲ့ပါတယ်။ ဇူလိုင်လ (၂၄) ရက်နေ့ က အပိုင်း(၁) အဖြစ် ဖော်ပြခဲ့ပြီး ယခု ကျန်ရှိနေတဲ့ အပိုင်းကို ထပ်မံ၍ ဖော်ပြလိုက်ပါတယ်။
    .
    အလ်ဟဂ်ျ ဦးအေးလွင် (အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး)
    (ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ကို ထူထောင်သူတွေထဲမှာ ပါဝင်သူတဦး)
    ————————————————————————-

    DSCN5664-1
    အခု ထုတ်ပြန်လိုက်တဲ့ လူဦးရေစာရင်းက တိကျမှန်ကန်မှု မရှိပါဘူး။ အစ္စလာမ် ဘာသာဝင် လူဦးရေ ဒီထက်များတယ်ဆိုတာ အသိအသာကြီးပါ။ ဒါတွေဟာ ဘာကြောင့်လည်း ဆိုရင်တော့ Technical Error လို့ ခေါ်တဲ့ နည်းပညာဆိုင်ရာ ချွတ်ချော်မှုတွေပဲလို့တော့ ထင်ပါတယ်။ တချို့ဟာတွေလည်း ရှိမှာပါ။ သူများတွေကိုတော့ မစွပ်စွဲချင်တော့ပါဘူး။
    .
    အရှိတရားတွေကို အရှိတရားအတိုင်းပဲ ထားစေချင်တယ်။ မဟုတ်ရင် တိုင်းပြည်က ချွတ်ခြုံ ကျနေဦးမှာပဲ။ နိုင်ငံတော်သစ် တည်ထောင်တော့မယ်ဆိုရင် စီမံခန့်ခွဲမှုအပိုင်းတွေလိုတယ်။ တိကျမှုမရှိတဲ့ ကိန်းဂဏန်းတွေနဲ့ ရှေ့ဆက်ပြီး သွားမယ်ဆိုရင်တော့ တိုးတက်ထူးခြားမှုတွေဆိုတာလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

    ..xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    အလ်ဟဂ်ျ  ဦးမြင့်ထွန်း (ဥက္ကဌ၊ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့)
    (သမ္မတဦးသိန်းစိန် လက်ထက်ဖွဲစည်းခဲ့သည့် ရခိုင် ပဋိပက္ခအရေး စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်)
    ——————————————————

    U Myint Tun
    ထွက်လာတဲ့ ရာခိုင်နှုန်းက အပြည့်မှန်တယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ အားနည်းချက်တွေ ရှိနေတယ်လို့ပဲ ထင်ပါတယ်။ နှစ်ဦးနှစ်ဖက် အားနည်းချက်တွေပေါ့။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဘက်ကည်း သန်းခေါင်းစာရင်း လာကောက်တဲ့အချိန်မှာ နိုင်ငံရပ်ခြားမှာသွားပြီး အလုပ်လုပ်နေတဲ့သူတွေကို ထည့်မပြောတာမျိုးတို့၊ မှတ်ပုံတင်လုပ်ရတာ မလွယ်လို့ လွယ်အောင် အဆင်ပြေတဲ့ ဘာသာနာမည်ပဲ ရေးပြီး လုပ်ထားတာမျိုးတွေ အဲ့ဒါမျိုးတွေတော့ ရှိပါတယ်။ စာရင်းကောက်တဲ့ လူတွေဘက်ကလည်း ရေးမှတ်တာတွေမှားတာ၊ နားလည်မှုတွေ လွဲတာတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် သဟဇာတဖြစ်မှုတွေက အားနည်းနေတာပါ။
    .
    ကျွန်တော်ထင်တာကတော့ လူဦးရေက ခုထုတ်ပြန်တာထက် တော်တော်ပိုမယ် ထင်ပါတယ်။ ၅ နဲ့ ၆ ကြားလောက် ရှိနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကောက်တဲ့စာရင်းကလည်း လ.ဝ.က က ကိုင်ထားတော့ တိတိကျကျ မသိရဘူး။
    .
    ခုလိုမျိုး သန်းခေါင်းစာရင်းကောက်တာတွေကိုသာ (၁၀) နှစ် တစ်ကြိမ်လောက် အစိုးရဘက်က လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲလို့ ထင်ပါတယ်။ ဒါမှပဲ စာရင်းကောက်တဲ့လူတွေလည်း အသားကျပြီးတော့ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်မယ်။
    .
    ကျွန်တော်တို့ ဘာသာရေးအဖွဲ့အစည်းတွေကလည်း မြေပြင်စာရင်းကောက်ဖို့ကို လုပ်ထားသင့်တယ်ပေါ့။ တခြားအဖွဲ့တွေနဲ့ ဝိုင်းဝန်းတိုင်ပင်ပြီး ဆောင်ရွက်ထားသင့်တယ်လို့ ထင်ပါတယ်။

    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၁) ဖတ်ရန်
    http://www.m-mediagroup.com/news/58261

  • ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ်  ခေါင်းဆောင်များ၏ သုံးသပ်ချက် (၁)

    ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၁)

    ဇူလိုင် ၂၄ ၊ ၂၀၁၆
    M-Media
    မိုးစက်/သူရိန် ဆက်သွယ်မေးမြန်းသည်။
    .religion_MM-page-016
    ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ ကိုးကွယ်သည့် ဘာသာဆိုင်ရာ အချက်လက်များ ထုတ်ပြန်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြိး ဦးသိန်းဆွေမှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားပါတယ်။
    .
    ဗုဒ္ဓဘာသာ-၈၇.၉ %
    ခရစ်ယာန်ဘာသာ- ၆.၂ %
    အစ္စလာမ်- ၄.၃ %
    ဟိန္ဒူ- ၀.၅ %
    နတ်ကိုးကွယ်သူ- ၀.၈%
    အခြား- ၀.၂ %
    ဘာသာမဲ့- ၀.၁ %
    (စာရင်းကောက်ယူနိုင်ခြင်းမရှိသည့် ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များ ထည့်သွင်းတွက်ချက်ထားသည့် စာရင်းဖြစ်သည်။)
    .
    အဆိုပါ စာရင်း ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး အစ္စလာမ်ဘာသာ အဖွဲ့အစည်းတချို့ မှ ခေါင်းဆောင်များကို M-Media မှ ဆက်သွယ်ပြီး ၄င်းတို့ရဲ့ အမြင်များကို မေးမြန်းခဲ့ပါတယ်။
    .
    ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်)  (သဘာပတိ- မြန်မာမွတ်စလင် ကွန်ရက်)
    =======================

    Dr Myint Thein

    “အခုထွက်လာတဲ့ figure တွေနဲ့ ပတ်သက် လို့ကတော့  သိပ်ဘဝင်မကျဘူးပေါ့။ အားလုံး တပြည်လုံးက (၂.၂)သန်း ဝန်းကျင်လောက် ဆိုတာကတော့ ဘဝင်ကျစရာ အကြောင်း သိပ်မရှိဘူး။ အကြမ်းဖျင်း observation လိုတယ်။ တိတိကျကျ ပြောဖို့ဆိုတာက ကိုယ့်ဘက်က ခိုင်မာတဲ့ survey မျိုး ခိုင်မာတဲ့ဟာမျိုး လိုတယ်လေ။ ဒါကတော့ နံပတ်တစ်ပေါ့။ အဲ့တော့ မွတ်စလင်မ်ထု အနေနဲ့ ဟိုဘက်က ထွက်တဲ့ figure ပေါ်တော့ ဘဝင်မကျဘူး။ ဒါကတော့ ရိုးရိုးသားသား ပြောတာ။ ဒုတိယအချက်က ကိုယ့် မွတ်စလင်မ်တွေ အားနည်းချက်က ရှိနေတယ်။ အဲ့ဒါဘာလဲဆိုတော့ ကိုယ့်စာရင်း ကိုယ့်မှာမရှိဘူး။ ဒါရှိထားရမယ့် ကိစ္စလေ။ ”
    .
    ” အနာဂတ်နိုင်ငံရေးလောကအတွက်လည်း လိုတယ်။ စာရင်းက အနည်းဆုံး ဟဂ်ျ အတွက်တောင် လိုတယ်။ မြန်မာပြည်မှာ မွတ်စလင်မ် လူဦးရေ ဘယ်လောက်ရှိလဲဆိုတာ လူတိုင်း စိတ်ဝင်စားတဲ့ question။  အဲဒါလေးတစ်ခုကု ဂဏန်းကို ဘဝင်မကျဘူးဆိုရင် ဒါကို မကျေနပ်ဘူးလို့ ပါးစပ်ကပြောနေမယ့်အစား ကိုယ်ကိုတိုင်က ကိုယ့်ဘာသာ စာရင်းကောက်ဖို့လိုတယ်။ ဒီဟာနဲ့ ပတ်သက်လို့ အနာဂတ် ကိစ္စမှာ တကယ် ခိုင်ခိုင်မာမာဖြစ်ဖို့ အခုကတည်းက လုပ်ဖို့လိုတယ်။ပြီးတာတွေ ထားလိုက်တော့။အားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ တပြည်လုံး အတိုင်းအတာနဲ့ ဒီစာရင်းတွေထွက်လာဖို့ အကုန်လုပ်ရတော့မယ်။”
    .
    အလ်ဟဂ်ျ ဦးတင်မောင်သန်း (အတွင်းရေးမှူးချူပ်- အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာနချူပ်)
    —————————————————

    Tin Mg Than
    အခု ထုတ်ပြန်လိုက်တဲ့ စားရင်းက ရာနှုန်းပြည့် ကိုက်ညီမယ်လို့ မထင်ဘူး။
    .
    ဘာကြောင့်လဲ ဆိုတော့ ကောက်ပြိးရလာတဲ့ စာရင်းတွေကို စနစ်တကျ စုစည်းပြီး ခေတ်မှီနည်းစနစ်တွေ သုံးပြိး ကျွမ်းကျင်ပညာရှင်တွေ ကြီးကြပ်ပြီး စာရင်းပြုစုတယ်ဆိုပေမယ့်
    .
    – အချို့နေရာတွေမှာ စာရင်းကောက်တွေ အခြားအချက်အလက်တွေ မေးမြန်းမှတ်သားပြီးရင် ဘာသာနေရာကို အလွယ်တကူပဲ ဗုဒ္ဓဘာသာလို့ မှတ်သွားတာတွေ ရှိတယ်။ နှစ်ပေါင်း ၃၀ ကျော် သန်းခေါင်စာရင်း မကောက်ခဲ့တော့  စာရင်းကောက်တဲ့လုပ်ငန်းကို အထိအတွေ့အလေ့အကျင့် မရှိ ကြတော့ဘူး။  အခုမှ ပြန်ပြီး ကမန်းတတမ်း လေ့ကျင့်သင်ကြား ပြီး ကောက်ခိုင်းတဲ့အတွက် စာရင်းကောက်တွေဆီမှာ အားနည်းချက်တွေ အများကြီးရှိတယ်။
    .
    * မွတ်စလင်မ် ဆိုရင် ကရင်စစ်ပဲ ဖြစ်ဖြစ်၊ ရှမ်းစစ်စစ်ပဲဖြစ်ဖြစ် လ.၀.က က အစ္စလာမ်ဘာသာဝင်ဆိုတာနဲ့ သွေးနှောလို့ တဖက်သတ် သတ်မှတ်ပြီး မြို့နယ် လ.၀.က ရုံးမှာ မှတ်ပုံတင် ထုတ်မပေးတော့ဘဲ ခရိုင်/တိုင်း လ.၀.က ကို ပို့လိုက်ကြတယ်။ ခရိုင်တို့ တိုင်းတို့ကလည်း အချက်အလက်  ဘယ်လောက်မှန်မှန် ပိုက်ဆံ မပေးနိုင်ရင် ထုတ်မပေးကြဘူး။
    .
    *  ငွေမပေးနိုင်တဲ့သူတွေ မှတ်ပုံတင်မရကြဘူး။ ဒါကြောင့်တော်တော်များများနေရာတွေမှာမွတ်စလင်အချို့က  မှတ်ပုံတင်ရဖို့ ဘာသာနေရာမှာ ဗုဒ္ဓဘာသာ လို့ဘဲ ဖြည့်လိုက်ကြတယ်။ အဲဒီ ဖြည့်ထားတဲ့ သူတွေက သန်းခေါင်စာရင်း ကောက်တဲ့ အခါမှာ မှတ်ပုံတင်နဲ့ ကွဲလွဲပြီး ပြောရင် အရေးယူခံရမလား စိုးရိမ်ပြီး မှတ်ပုံတင်ထဲက အတိုင်းပဲ ဖြေကြတော့တယ်။ အဲဒီ အရေအတွက်ကလည်း အတိုင်းအတာ တခုထိ များများစားစားရှိ နေတယ်။
    .
    * နိုင်ငံခြားကို ပုံစံအမျိုးမျိုး နဲ့ ထွက်ခွာသွားသူတွေ ထဲက ပါတ်စ်ပို့နဲ့ သွားတာ မဟုတ်တဲ့ သူတွေရဲ့ မိသားစုအချို့ကလည်း အမျိုးမျိုး စိုးရိမ်ကြပြိး စာရင်း မပေးကြတာတွေ ရှိသလို၊ မိသားစုလိုက် ထွက်သွားကြသူတွေရဲ့ စာရင်းတွေ ကျန်တာလည်း ရှိပါတယ်။ ဒါက တပြည်လုံး အတိုင်းအတာနဲ့ ခြုံပြိး သုံးသပ်တာပါ။
    .
    *  အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်မ် အများစုကို မကောက်ခဲ့ဘဲ ကောက်ဖို့ ကျန်တဲ့လူဦးရေကို တစ်သန်း ကိုးသောင်း လို့ ခန့်မှန်း တွက်ချက်တဲ့ဆီမှာလည်း ကွာဟ ချက်တွေ ရှိနိုင်တယ်။ နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူတွေလည်း ထုနဲ့ ထည်နဲ့ ရှိနေတော့ သူတို့ စာရင်းတွေ လည်း ကျန်ခဲ့လိမ့်မယ်။
    .
    အရင် မ.ဆ.လ လက်ထက်မှာ လျော့ပြတာမျိုး ရှိနိုင်ပေမယ့် အခု ကောက်တဲ့စာရင်းမှာတော့ တမင်တကာ လျော့ပြတာမျိုးရှိမယ် မထင်ဘူး။ အနီးစပ်ဆုံး မှန်မယ်လို့ယူဆပါတယ်။
    .
    * ဒီသန်းခေါင်စာရင်းရဲ့အထူးခြားဆုံးအချက်ကတော့  ရခိုင်ပြည်နယ်ကမွတ်စလင်မ်တွေ စာရင်းကို ထည့်မတွက်ရင် (ခိုးဝင်လို့သတ်မှတ်ရင်) ခေတ်အဆက်ဆက်ကောက်ထားတဲ့ မွတ်စလင်မ်ဦးရေနဲ့ ဘယ်လိုမှ လိုက်လျောညီထွေ မဖြစ်တော့ဘူး၊ သူတို့ကိုချန်လပ်ပြီးတွက်ရင်  ယခင့်ယခင်ကကောက်ထားတဲ့ ရလဒ် ရာခိုင်နှုန်းရဲ့ တဝက်လောက်လျှော့သွားမှာမို့ သူတို့တွေဟာ အစဉ်အဆက်ရှိခဲ့တယ်ဆိုတာ ထင်ရှားနေတယ်။ အရင်ကောက်ထားတဲ့ စာရင်းအားလုံးမှာ သူတို့ပါခဲ့တယ်ဆိုတာ  ငြင်းမရအောင် ထင်ရှားနေပါတယ်။
    .
    * နောက်တချက်က မဘသတွေ စွပ်စွဲဝါဒဖြန့် သလို မျိုးဖောက်သာသနာပြုတယ်ဆိုတာတို့ ရာခိုင်နှုန်း ဘယ်လောက်ရှိနေပါပြီ ဆိုတာတွေဟာ တမင်သက်သက် မုန်းတီးရေး လုပ်ကြံဝါဒဖြန့်မှုတွေဆိုတာ ပေါ်လွင်သွားပါတယ်။
    .
    ဒီသန်းခေါင်စာရင်း ကောက်တာနဲ့ ပတ်သက်ပြီး ရေရှည်  ပညာပေးလုပ်သွားဖို့ လိုတယ်။ နောက် ၁၀နှစ် တစ်ခါပေါ့နော် အနည်းဆုံး ပြန်ကောက်ဖို့လိုတယ်။ ဒါမှပဲ လူတွေက သန်းခေါင်စာရင်း လုပ်ထုံးလုပ်နည်းတွေ သဘောပေါက်မယ်။ သန်းခေါင်စာရင်းနဲ့
    .
    ပတ်သက်ပြီးတော့ အသိပညာရှိနေတဲ့ အပေါ်မှာ အခုထက် ပိုမှန်တဲ့ figure တွေရမယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့် သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းကို စိုက်စိုက်မတ်မတ် အစိုးရက လုပ်ပေးဖို့ လိုတယ်လို့ ကျွန်တော်  အကြံပြုပြောကြားလိုပါတယ်။

    ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေ စာရင်း အစီအရင်ခံစာ အပြည်အစုံ ကြည့်ရှုဖို့
    https://www.facebook.com/468226919886450/photos/?tab=album&album_id=1136317186410750

  • ကိုးကွယ်ရာ ဘာသာအလိုက် လူဦးရေစာရင်း ထုတ်ပြန်

    ကိုးကွယ်ရာ ဘာသာအလိုက် လူဦးရေစာရင်း ထုတ်ပြန်

    ဇူလိုင် ၂၁ ၊ ၂၀၁၆
    M-Media

    ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ ကိုးကွယ်သည့် ဘာသာဆိုင်ရာ အချက်လက်များ ထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့ မနက် ၁၀ နာရီခွဲတွင် နေပြည်တော်မှာကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြိး ဦးသိန်းဆွေမှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားပါတယ်။

    ဗုဒ္ဓဘာသာ-၈၇.၉ %
    ခရစ်ယာန်ဘာသာ- ၆.၂ %
    အစ္စလာမ်- ၄.၃ %
    ဟိန္ဒူ- ၀.၅ %
    နတ်ကိုးကွယ်သူ- ၀.၈%
    အခြား- ၀.၂ %
    ဘာသာမဲ့- ၀.၁ %

    (စာရင်းကောက်ယူနိုင်ခြင်းမရှိသည့် ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များ ထည့်သွင်းတွက်ချက်ထားသည့် စာရင်းဖြစ်သည်။)

    11 Sate copy

  • သန်းခေါင်စာရင်း ရလဒ် ကိုးကွယ်ရာ ဘာသာ အလိုက် လူဦးရေစာရင်း ယခုနှစ်ကုန် ထုတ်ပြန်မည်

    သန်းခေါင်စာရင်း ရလဒ် ကိုးကွယ်ရာ ဘာသာ အလိုက် လူဦးရေစာရင်း ယခုနှစ်ကုန် ထုတ်ပြန်မည်

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    cen

    – ၂၀၁၄ ခုနှစ်အတွင်း ကောက်ယူခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှ ဘာသာရေးအလိုက် လူဦးရေစာရင်းကို ယခုနှစ်ကုန်ပိုင်းတွင် ထုတ်ပြန်မည်ဟု အစိုးရအာဏာပိုင်တစ်ဦးမှ ပြောကြားလိုက်သည်။

    ၁၉၈၃ ခုနှစ် ကောက်ယူစာရင်းများအရ အစ္စလာမ်ဘာသာဝင်ဦးရေမှာ နိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းဟု တရားဝင်ဖော်ပြခဲ့သော်လည်း ၂၀၁၄ ခုနှစ် ကောက်ယူစာရင်းများအရ ယင်းအချိုးအစားထက် များစွာ များပြားနေနိုင်ကြောင်း၊ ထိုသို့ ထုတ်ပြန်ခြင်းက လူမျိုးရေးတင်းမာမှုကို ပြန်လည်မီးမွှေးသလို ဖြစ်မည်စိုး၍ ထုတ်ပြန်မှု ရွှေ့ဆိုင်းစေလိုကြောင်း သုံးသပ်သူအချို့မှ အကြံပြုထားသည်။

    “ရွေးကောက်ပွဲအပြီး ဒီနှစ်ကုန်ပိုင်း ဒီဇင်ဘာလထဲမှာ သန်းခေါင်စာရင်း အချက်အလက်တွေကို ထုတ်ပြန်ဖို့ ကျွန်တော်တို့ အကြံပြုထားပါတယ်။ ယုံကြည်မှုအခြေတည်တဲ့ လူဦးရေစာရင်းထုတ်ပြန်ရာမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလုပ်ငန်းစဉ်ထဲ ပါဝင်သူအားလုံးက တတ်နိုင်သမျှ စောစောထုတ်ပြန်ဖို့ တိုက်တွန်းခဲ့ကြတယ်” ဟု ပြည်သူ့အင်အား ဦးစီးဋ္ဌာနဒါရိုက်တာ ဦးညီညီမှ မြန်မာတိုင်းမ်သို့ ပြောကြားသည်။

    အောက်တိုဘာ ၂၂ မှ ၂၃ ရက်ထိ နေပြည်တော်၌ ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် သန်းခေါင်စာရင်းသုံးသပ်မှု အစည်းအဝေးအပြီး ဦးညီညီမှ ထုတ်ပြန်ကြေငြာလိုက်ခြင်း ဖြစ်သည်။ သန်းခေါင်စာရင်းဗဟိုကော်မရှင်သည် ဘာသာရေးအလိုက် လူဦးရေစာရင်းများမှာ ၂၀၁၆ ခုနှစ်အထိ ပြီးစီးနိုင်မည်မဟုတ်ကြောင်း စောစောပိုင်းက ဆိုခဲ့သည်။

    နိုင်ငံတကာနည်းပညာအကြံပေးဘုတ်အဖွဲ့မှ Werner Haug က လာမည့်ရွေးကောက်ပွဲကာလ၀န်းကျင်သည် နိုင်ငံရေးအရ အထိမခံသော အနေအထားဖြစ်နေသည်ကို အသိအမှတ်ပြုကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

    “လက်ရှိအချိန်က မြန်မာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ လူဦးရေစာရင်းထုတ်ပြန်ဖို့ ထိလွယ်ရှလွယ် အနေအထားမှာ ရှိနေပါတယ်။ ပြည်လုံးကျွတ်သန်းခေါင်စာရင်း အချက်အလက်တွေကို ထုတ်ပြန်တဲ့အခါ အက္ခရာစဉ်အလိုက် ပွင့်လင်းမြင်သာစွာ ဖော်ပြသင့်တယ်။ အငြင်းပွားဖွယ်ရာကို ရှောင်ကျဉ်တဲ့အနေနဲ့ တိုင်းရင်းသားအုပ်စု သတ်မှတ်ချက်အလိုက် မလုပ်ဖို့ ကျွန်တော်တို့ ဘုတ်အဖွဲ့က တိုက်တွန်းပါတယ်”

    ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၂၉ မှ ဧပြီလ ၁၀ ရက်အထိ ကောက်ခံခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းသုံးဆယ်အတွင်း ပထဆုံးအကြိမ်အဖြစ် ပြန်လည်ပြုလုပ်ခဲ့သော လူဦးရေစစ်တမ်း ဖြစ်သည်။ မြန်မာ့လူဦးရေသည် ၂၀၁၅ မေလထုတ် အစီရင်ခံစာအရ ယခင်ခန့်မှန်းစာရင်းထက် ၉ သန်းခန့် လျော့နည်းကြောင်း တွေ့ရှိခဲ့ရသည်။

    Ref : The Myanmar Times

  • ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းနှင့် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာ

    ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းနှင့် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာ

    ဇွန် ၂၀ ၊ ၂၀၁၅
    M-Media
    မာန်ထက်သျှံ ရေးသည်။
    2014 myanmar census report
    ပြီးခဲ့တဲ့ ရက်သတ္တပတ် များက သက်ဆိုင်ရာမှ ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ကိုထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာကို လေ့လာမိသောအခါ မြန်မာနိုင်ငံရဲ့ လူဦးရေနှင့် ပြည်သူလူထုရဲ့ လူမှုစီးပွားဘ၀ အခြေအနေကို ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။

    လေ့လာမိသမျှ သန်းခေါင်စာရင်း ကောက်ယူမှုအမျိုးမျိုးရှိပါတယ်။ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ လယ်ယာမြေ သန်ခေါင်းစာရင်း၊ သစ်တော သန်းခေါင်စာရင်း နဲ့ စက်မှုလက်မှု အကြောင်းအရာ သန်းခေါင်စာရင်းတွေပါပဲ။ ၂၀၁၄ခုနှစ်အတွင်း မြန်မာပြည်မှာ ကောက်ယူခဲ့တာကတော့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပါ။

    ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းကို လုပ်ငန်းကဏ္ဍ လေးဆင့်နဲ့ ဆောင်ရွက်ရာ ၂၀၁၁ခုနှစ်မှစပြီး ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ Data Processing လုပ်ခြင်းနဲ့ ယခု ပင်မ အစီရင်ခံစာ ထုတ်ပြန်ခြင်းပဲဖြစ်ပါတယ်။ ထုတ်ပြန်လုက်တဲ့ အစီရင်ခံစာပါ အချက်အလက်များသည် ၂၀၁၄ခုနှစ် မတ်လ၂၉ရက်နေ့ ညဥ့်သန်းခေါင်ယံ (ည၁၂နာရီတိတိ) အချိန် သန်းခေါင်စာရင်း ရည်ညွှန်းချိန်ပေါ် မူတည်၍ ကောက်ယူရရှိသော အချက်အလက်များကို ပြုစုထုတ်ပြန်ခြင်းပါ။

    ၂၀၁၄ခုနှစ် မတ်လ ၃၀ရက်နေ့မှ ဧပြီလ၁၀ရက်နေ့အထိ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကို မနှစ်က သြဂုတ်လလောက်က ရှေ့ပြေးအစီရင်ခံစာ ထုတ်ခဲ့ပါသေးတယ်။ ခေတ်အဆက်ဆက် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများအရ ၁၈၈၁ခုနှစ်တွင် လူဦးရေ သုံးသန်း၊ ၁၈၉၁ ခုနှစ်တွင် ကိုးသန်း၊ ၁၉၄၁ ခုနှစ်စာရင်းအရ ၁၆သန်းရှီပြီး ၁၉၇၂ခုနှစ်တွင် လူဦးရေ ၂၈သန်း ရှိနေကြောင်း သိရပါတယ်။ မဆလ အစိုးရ လက်ထက် နောက်ဆုံးကောက်ယူခဲ့သော ၁၉၈၃ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၅ဒဿမ၃ သန်းရှိနေခဲ့ပါတယ်။

    ယခင်က မြန်မာပြည်ရဲ့ လူဦးရေကို ၂၀၁၃ခုနှစ် အောက်တိုဘာ၁ရက်နေ့ အစိုးရ တွက်ချက်စာရင်းအရ ၆၁.၅၇သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်က သန်း ၆၀၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ က ၆၄ သန်း ဟုအသီးသီး ခန့်မှန်းခဲ့ကြပေမဲ့ ယခုဆို မြန်မာနိုင်ငံရဲ့ ပကတိ လူဦးရေစာရင်း တစ်ခုကို သိရှိရပြီ ဖြစ်သည်။ နှစ်၃၀ကျော်ကြာမှ ပြန်လည်ကောက်ယူခဲ့သော သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံရဲ့ လက်ရှိလူဦးရေမှာ ၅၁.၄ သန်းကျော်ရှိနေကြောင်း တွေ့ရပါတယ်။

    လူဦးရေ စာရင်းတစ်ခုသိရုံနှင့်ပင် နိုင်ငံရဲ့ နှစ်စဉ် ဘတ်ဂျက်လျာထား ဆောင်ရွက်မှုများ၊ နိုင်ငံတော်ရဲ့ သယံဇာတ ရင်းမြစ်များနှင့် စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ ရေတိုရေရှည် ချမှတ်ဆောင်ရွက် နိုင်ရေးအတွက် များစွာ အထောက်အကူပြုပါတယ်။

    အိမ်ထောင်စု ဆယ်သန်းကျော်အနက် အမျိုးသားဦးရေ ၂၄သန်းကျော်နှင့် အမျိုးသမီးဦးရေ ၂၆သန်းကျော် ရှိနေပါတယ်။ ရာခိုင်နှုန်းအားဖြင့် အမျိုးသား ၄၈.၂၂ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၁.၇၈ ရာခိုင်နှုန်း အချိုးဖြစ်ပါတယ်။ ကျေးလက်နဲ့ မြို့ပြနေထိုင်မှုမှာ ၇၀ အချိုး ၃၀ဖြစ်ပါတယ်။ ဒေသ အလိုက် လူဦးရေပြန့်နှံ့မှုတွင် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပြီး ကယားပြည်နယ်မှာတော့ လူဦးရေ သိပ်သည်းဆ အနည်းဆုံးဖြစ်ပါတယ်။

    လူတစ်ဦးချင်းစီရဲ့ ပျှမ်းမျှမျှော်မှန်း သက်တမ်းမှာလည်း အမျိုးသားနှင့် အမျိုးသမီး ခန့်မှန်းခြေ ၆နှစ်လောက် ကွာဟနေတာကို ပင်မ အစီရင်ခံစာက မီးမှောင်ထိုးပြနေပါတယ်။ မွေးကင်းစနဲ့ အသက် ၅နှစ်အောက် ကလေးငယ်များ သေဆုံးနှုန်းဟာလည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ မြင့်မား ဆဲပင်ဖြစ်ပါတယ်။ ယခင်က နှစ်စဉ်လူဦးရေတိုးနှုန်းဟာ ၀. ၉၇ ရာခိုင်နှုန်း ဟုခန့်မှန်း တွက်ချက်သော်လည်း ယခုဆို နှစ်စဉ် လူဦးရေတိုးနှုန်းဟာ ၀.၈၉ ရာခိုင်နှုန်းဟု ကိန်းဂဏန်း တစ်ခု ထွက်လာပြီလည်း ဖြစ်ပါတယ်။

    နိုင်ငံတွင်းရှိ ၆၉.၃ ရာခိုင်နှုန်းသော ပြည်သူများဟာ နိုင်ငံသားစိစစ်ရေးကတ်ကို ကိုင်ဆောင်ထားသော်လည်း ယာယီသကသေခံကတ် ၀ှိုက်ကတ်နှင့် ဘာကတ်မှ မကိုင်ဆောင်ထားသူတွေဟာလည်း ၂၈ ရာခိုင်နှုန်း နီးပါးရှိနေသေးပါတယ်။ အများအားဖြင့် ၀ှိုက်ကတ်နှင့် ဘာကတ်မှ မကိုင်ဆောင်ထားသူတွေဟာ နယ်စပ်ဒေသမှ ပြည်သူတွေဖြစ်လို့ ခိုးဝင်လာသူတွေပါလို့ ယတိပြတ်ပြောလို့ မရပါဘူး။ နိုင်ငံသား တစ်ယောက်ကို နိုင်ငံသား အဖြစ် အသိအမှတ် မပြုခြင်းဟာလည်း နိုင်ငံသား အခွင့်အရေး ဆုံးရှုံးမှု တစ်ရပ်ပါပဲ။ ထိုသူများကို နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ဖြင့် နိုင်ငံသား အခွင့်အရေး ပေးမှာလား။ ဒါမှမဟုတ် ထိုသူများကို ရှေ့ဆက် ဘယ်လိုဆောင်ရွက်မယ်ဆိုတာ အစိုးရအတွက် မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ဒါလက်ရှိ အသေးစိတ် ကိုင်တွယ် ဖြေရှင်းရမယ့် ပြဿနာ တစ်ရပ်အဖြစ် သန်းခေါင်စာရင်းက ညွှန်းဆိုနေပါတယ်။

    စွမ်းအင်ကဏ္ဍကို ခြုံငုံသုံးသပ်ကြည့်သော် အလင်းရောင်ရရှိမှုအတွက် လျှပ်စစ်မီး အသုံးပြုမှုဟာ တပြည်လုံး အတိုင်းအတာအရ သုံးပုံ တစ်ပုံခန့်သာရှိပြီး အစားအစာ ချက်ပြုတ်စားသောက်ရာမှာလည်း သစ်သား၊ ထင်း၊ မီးသွေး၊ လောင်စာတောင့်များကို အဓိက အားထားရဆဲဖြစ်ပါတယ်။ ဒါဟာ ဘာကိုပြသ သလဲဆိုရင် ပြည်သူတွေ လျှပ်စစ်မီး လုံလုံလောက်လောက် မရတာဟာ မြို့ပြနှင့် ကျေးလက်များ အကြားတွင် သိသာစွာ ကွာခြားနေပါတယ်။ သဘာဝပစ္စည်းများဖြစ်တဲ့ ရုပ်ကြွင်းလောင်စာ သစ်သား၊ ထင်း၊ မီးသွေး စတာတွေ အသုံးပြုမှု မြင့်မားနေတာဟာ သစ်တောများနှင့် သဘာဝ ပတ်ဝန်းကျင်အတွက် အလွန် အန္တရာယ် ရှိနေတယ်ဆိုတာ ညွှန်ပြနေပါတယ်။

    ပြည်သူတွေ ရေကောင်းရေသန့် မရရှိမှုမှာ လူထုရဲ့ ပျှမ်းမျှ သုံးပုံ တစ်ပုံနီးပါး ရှိတာကိုတွေ့ရပြီး သန့်ရှင်းသော သောက်ရေ၊ သုံးရေ ရရှိရေးအတွက်လည်း မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို အဖြေရှာရမှာ ဖြစ်ပါတယ်။ တဖက်က ပြည်သူ့ ကျန်းမာရေး အမြင်အရ ကြည့်လျှင် မသန့်ရှင်းသော အိမ်သာ သုံးစွဲမှုဟာ ပြည်သူတစ်ရပ်လုံးရဲ့ ၄ချိုး ၁ချိုး ရှိနေပြီး အဲ့ဒီအနက် ၁၄ရာခိုင်နှုန်းကျော်ကလည်း အိမ်သာမရှိဘဲ သုံးစွဲနေတာကို တွေ့ရပါတယ်။ နေအိမ်များရဲ့ ၇၀ ရာခိုင်နှုန်းဟာ သန့်ရှင်းသော ရေနှင့် မိလ္လာစနစ်များ ပိုင်ဆိုင်ထားသော်လည်း ပြည်နယ် အချို့တွင် ထိုစနစ်များ ချို့ယွင်းနိမ့်ကျနေဆဲပဲဖြစ်ပါတယ်။ သို့ဆိုလျှင် ပြည်သူ့တစ်ရပ်လုံးကို လွှမ်းခြုံသော ပြည်သူ့ကျန်းမာရေးစနစ်များကို ဘယ်လို ဖော်ဆောင်မှာလဲဆိုတာ အဖြေရှာကြည့်ရမှာ ဖြစ်ပါတယ်။

    နိုင်ငံတွင်း မှီခိုသူ အချိုးမှာ ထက်ဝက်ကျော်ရှိသဖြင့် အလုပ်လက်မဲ့ လူဦးရေမှာ မည်မျှရှိကြောင်းလည်း ခန့်မှန်းနိုင်ပါတယ်။ အိမ်ရာ ပိုင်ဆိုင်မှုမှာ အိမ်ငှားနေသူနှင့် အခြားသော အိမ်ရာများတွင် နေထိုင်သူများ အတိုင်းအတာ တစ်ရပ်အနေနဲ့ ရှိနေပါသေးတယ်။ လက်ကိုင်ဖုန်း သုံးစွဲမှုမှာ လူဦးရေ ၁၀၀ လျှင် ၃၃ယောက် နီးပါးကိုင်နိုင်ပြီး အဆိုပါ Data ဟာ ၂၀၁၄ခုနှစ် သန်းခေါင် စာရင်း ကောက်ယူသည့် အချိန်တွင်ရှိသော အချက်တစ်ခုဖြစ်ပြီး ယခုအခါ နိုင်ငံတကာ အော်ပရေတာ များနှင့် ပြည်တွင်း အော်ပရေတာများ သုံးစွဲသူ များပြားလျက်ရှိရာ သုံးစွဲမှု ပိုမို မြင့်မားနေပြီဖြစ်ကြောင်း ခန့်မှန်းနိုင်ပါတယ်။ မြို့ရွာ ကျေးလက်အနှံ့တွင် သယ်ယူပို့ဆောင်ရေးအတွက် မော်တော်ဆိုင်ကယ်၊ စက်ဘီးများကိုသာ အဓိက သုံးစွဲနေပြီး မော်တော်ကား သုံးစွဲမှုမှာ ၃ ရာခိုင်နှုန်းရှိရာ မြို့ပေါ်များတွင် သုံးစွဲမှု များပြားနိုင်ပါသည်။

    ယခုထုတ်ပြန်လိုက်တဲ့ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာမှာ ပညာရေး၊ အလုပ်၊ အလုပ်အကိုင်၊ လူမျိုး၊ ဘာသာ တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေတော့ မပါဝင်သေးပါဘူး။ နိုင်ငံတွင်း၊ ဒေသအလိုက် လူမျိုးရေးနှင့် ဘာသာဝင်လူဦးရေ သိပါမှ လူမျိုးစု၊ မျိုးနွယ်စုများရဲ့ တာဝန်၊ ပိုင်ခွင့်၊ အခွင့်အရေးများ နှင့် သာသနာရေးဆိုင်ရာ စီမံချက်များကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အလားတူ ပညာရေး ၊ အလုပ်အကိုင် စတဲ့ အချက်တွေ သိပါမှ တပြည်လုံး လွှမ်းခြုံနိုင်တဲ့ အမျိုးသား ပညာရေး စနစ်များနဲ့ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ထိုအချက်အလက်များကို စနစ်တကျစီမံ ခန့်ခွဲနိုင်ဖို့အတွက် ၂၀၁၆ ခုနှစ်ထဲမှာ အသေးစိတ် အစီရင်ခံစာကို ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

    အချုပ်အားဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုဟာ နိုင်ငံတစ်နိုင်ငံအတွက် အလွန် အရေးကြီးလှ ပါတယ်။ လူဦးရေ ကိန်းဂဏန်း မှန်ကန်စွာ သိပါမှ ပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး၊ ဆက်သွယ်ရေး၊ စားနပ်ရိက္ခာ၊ ပို့ဆောင်ရေး၊ မြို့ပြအိမ်ရာများနှင့် လူနေမှုစနစ်များ၊ စီမံကိန်းများ ဖော်ထုတ်နိုင်ရေး စတဲ့ ကဏ္ဍအသီးသီးကို စနစ်တကျ လျာထား စီမံခန့်ခွဲနိုင်မှာလည်း ဖြစ်ပါတယ်။ တိုင်းပြည်တွင်းရှိ လူဦးရေနှင့် လုပ်သားအင်အား၊ လူ့စွမ်းအား အရင်းအမြစ်များ၊ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်လည်း သန်းခေါင်စာရင်း အချက်အလက်များက အထောက်အကူပြုပါတယ်။ အဆိုပါ ကဏ္ဍတွေအတွက် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နေဖို့ လိုပါတယ်။

    ဒါကြောင့် ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းနဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ ပြည်သူတစ်ရပ်လုံးနဲ့သက်ဆိုင်ပြီး မိမိတို့ရဲ့ လူနေမှုဘ၀များစွာကို အကျိုးသက်ရောက်နေတယ်ဆိုတာကို နားလည်ထားရပါမယ်။

    အထက်ကဖော်ပြခဲ့သော အကြောင်းအရာများသည် သန်းခေါင်စာရင်း ပင်မအစီရင်ခံစာပါ အချက်အလက်များကို အခြေပြု၍ အကျဉ်းချုပ် သုံးသပ်တင်ပြခြင်းသာ ဖြစ်ပါတယ်။ ဆက်လက်၍လည်း ၂၀၁၆ခုနှစ်မှာ ထုတ်ပြန်မယ့် သန်းခေါင်စာရင်း အချက်အလက်များကို ခေါင်းစဉ် အလိုက် ကဏ္ဍအလိုက် အသေးစိတ် လေ့လာဆန်းစစ်ကာ ပြည်သူ့ဘ၀ တိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံး ၀ိုင်းဝန်းဆောင်ရွက်ရဦးမည်သာ။ ။

    မာန်ထက်သျှံ