News @ M-Media

Tag: Afghanistan

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၉၊ ၂၀၁၈
    M-Media

    မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း ဟာမီဒီ

    တရုတ်စီမံကိန်းတစ်ခုကို သီရိလင်္ကာ ပယ်ဖျက်
    ==============
    ဒေါ်လာ သန်း ၃၀၀ တန် အိမ်ယာဆောက်လုပ်ရေး စီမံကိန်း တရုတ်ကုမ္ပဏီကို တင်ဒါပေးထားမှုကို သီရိလင်္ကာနိုင်ငံက ပယ်ဖျက်လိုက်ပြီး အိန္ဒိယနိုင်ငံကို လုပ်ခွင့်ပေးဖို့ စီစဉ်နေပါတယ်။ သီရိလင်္ကာနိုင်ငံ တောင်ပိုင်းက တရုတ်ရဲ့ ဆိပ်ကမ်းစီမံကိန်းတွေနဲ့ အခြား အခြေခံအဆောက်အဦး ဆောက်လုပ်မှုတွေဟာ အကြွေးထောင်ချောက်ထဲ ရောက်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတဲ့အချိန် ဒီလို ပယ်ဖျက်လိုက်တာပါ။ အိန္ဒိယဟာ သီရိင်္ကာမြောက်ပိုင်းမှာ အိမ်ယာတွေ၊ လေဆိပ်တစ်ခုနဲ့ ဆိပ်ကမ်းတစ်ခုတို့ကို ဆောက်လုပ်ပေးခဲ့ပါတယ်။ သီရိလင်္ကာဟာ တရုတ်ကို အကြွေးမဆပ်နိုင်တာကြောင့် နိုင်ငံတောင်ပိုင်းက အရေးပါတဲ့ ဆိပ်ကိမ်းတစ်ခုကို နှစ် ၁၀၀ နီးပါး တရုတ်လက်ထဲ ထိုးအပ်ထားရပါတယ်။

    ဆော်ဒီသတင်းထောက် အသတ်ခံရသည်ဟု ယုံကြည်ကြောင်း ထရမ့်ပြော
    ======================
    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ ပျောက်သွားတဲ့ ၀ါရှင်တန်ပို့စ်သတင်းထောက် ဂျမားလ် ကာရှိုဂီ သေဆုံးသွားပြီလို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပြီး၊ ဆော်ဒီအစိုးရရဲ့ လက်ချက်သာဖြစ်မယ်ဆိုရင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ကြုံရမယ်လို့ သတိပေးလိုက်ပါတယ်။ တူရကီက ကာရှိုဂျီကို ဆော်ဒီအစိုးရကခန့်ထားတဲ့ ကြေးစား ၁၅ ဦးက သတ်ဖြတ်ခဲ့တာဖြစ်ပြီး အသံအထောက်အထားတွေ၊ ဗီဒီယိုအထောက်အထားတွေ ရှိတယ်လို့ ဆိုပါတယ်။ ဆော်ဒီဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ပြီး ကာရှိုဂီကိစ္စအတွက် ထရမ့်က ဖာဖာထေးထေး ပြောဆိုမှု  ရှိနေတယ်လို့ ဝေဖန်ခံနေရပါတယ်။

    အာဖဂန်ထိပ်တန်းဗိုလ်ချုပ် တာလီဘန်တို့၏ လုပ်ကြံသတ်ဖြတ်မှု ခံရ
    ======================
    အာဖဂန်နစ္စတန် ကန်ဒါဟာပြည်နယ်က ထိပ်တန်းဗိုလ်ချုပ် အဘ်ဒူလ်ရာဇစ်ဟာ မနေ့က တာလီဘန်တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်မှာ အမေရိကန် စစ်ဖက်တာဝန်ရှိသူတွေနဲ့ အစည်းအဝေးပြီး သက်တော်စောင့်တစ်ယောက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ရာဇစ်အပြင် ပြည်နယ် ထောက်လှမ်းရေးအကြီးအကဲ အဘ်ဒူလ် မိုဟ်မင်လည်း သေဆုံးခဲ့သလို၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဇာလ်မိုင် ၀ီဆာ ဒဏ်ရာရခဲ့ပါတယ်။ တာလီဘန်ကလူတွေ အာဖဂန်အစိုးရအတွင်းစည်းအထိ စိမ့်ဝင်တိုက်ခိုက်မှုတွေဟာ အခုနှစ်ပိုင်းအတွင်း မြင့်တက်လာခဲ့ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ အမေရိကန်စစ်ဖက်က လေးစားတဲ့ ရာဇစ်ဟာ အရင်ကလည်း လုပ်ကြံမှုတွေကို ခံခဲ့ရပြီး အသက်အန္တရာယ်ကနေ သီသီကလေး လွတ်မြောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

    မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း ခြစားမှုဖြင့် ဖမ်းခံရ
    =====================
    ဒုတိယ၀န်ကြီးချုပ်ဟောင်း အဟ်မဒ် ဇာဟစ် ဟာမီဒီကို မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က မနေ့မှာ ဖမ်းဆီးလိုက်ပြီး သူဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ Yayasan Akal Budi ဖောင်ဒေးရှင်းမှာ ရန်ပုံငွေတွေကို မလျော်ကန်စွာ သုံးစွဲမှုနဲ့ပတ်သက်လို့ စွဲချက် ၄၀ ကျော်နဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဟာမီဒီဟာ အခုနှစ်အတွင်း ကော်မရှင်ရဲ့ ခေါ်ယူမေးမြန်းမှုကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်။ မလေးရှားမီဒီယာတွေက ဟာမီဒီဟာ သူနဲ့ သူ့ဇနီးရဲ့ အကြွေးဝယ်ကဒ်ဘီလ်တွေကို ပေးဆောင်ဖို့အတွက် ဖော်ဒေးရှင်းကနေ ရင်းဂစ် ၈ သိန်း (၁၉၇၆၀၀ ဒေါ်လာ) အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဟာမီဒီကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သူ့ရဲ့လက်ထောက်က မှားပေးခဲ့တာဖြစ်ကြောင်း၊ အဲဒီငွေကို ပြန်ပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera, CNA

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၄၊ ၂၀၁၈
    M-Media

    တောင်ကိုရီးယား တောင်တက်သမား ကင်ချန်ဟို

    အာဖဂန်မှ ဆုတ်ခွာရေး ဆွေးနွေးရန် အမေရိကန်က တာလီဘန်နှင့် သဘောတူ
    ===========
    ၁၇ နှစ်တာ တိုက်ခိုက်နေတဲ့ စစ်ပွဲကို အဆုံးသတ်ပြီး တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်သွားရေး ဆွေးနွေးဖို့အတွက် အမေရိကန်က သဘောတူခဲ့တယ်လို့ ကာတာမှာရှိနေတဲ့ တာလီဘန်ကိုစားလှယ်က ပြောကြားလိုက်ပါတယ်။ မနေ့က ဒိုဟာမှာ တာလီဘန်နဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တို့ဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် ကနဦးသတ်မှတ်ချက်တွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အမေရိကန်စစ်သားတွေ ထွက်ခွာရေးအပြင်၊ သူတို့ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့မှုဖယ်ရှားပေးဖို့၊ သူတို့တိုက်ခိုက်ရေးသမားတွေ လွှတ်ပေးဖို့နဲ့ နိုင်ငံရေးရုံးတစ်ခု တည်ဆောက်ပေးဖို့ တာလီဘန်က တောင်းဆိုခဲ့ပါတယ်။ အာဖဂန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၄၀၀၀ အထိ ရှိနေပြီး တာလီဘန်ကတော့ အမေရိကန်တပ်တွေ ရှိနေတာဟာ ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်တယ်လို့ ဆိုပါတယ်။

    ဂျာနယ်လစ်ကို သတ်ဖြတ်သည့်သတင်းမှန်လျှင် ဆော်ဒီကို အရေးယူမည်ဟု ထရမ့်ပြော
    ==================
    အစ္စတန်ဘူလ်မြို့က ကောင်စစ်ဝန်ရုံးထဲမှာ ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းသာ တကယ်အမှန် ဖြစ်မယ်ဆိုရင် ဆော်ဒီအာဏာပိုင်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။ ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းနဲ့ အစိုးရတို့ကို ဝေဖန်လေ့ရှိတဲ့ ကာရှိုဂီဟာ အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲကို ၀င်သွားပြီးနောက်ပိုင်း လုံးဝ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ တူရကီက ကာရှိုဂီကို ဆော်ဒီအစိုးရခန့်ထားတဲ့ အဖွဲ့ဝင် ၁၅ ဦးပါ ကြေးစားလူသတ်အဖွဲ့က သတ်ဖြတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အတုံးတုံးလုပ် လက်စဖျောက်ခဲ့ကြောင်း၊ ဒီအတွက် သူတို့မှာ ဗီဒီယိုအထောက်အထား၊ အသံအထောက်အထားတွေရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဆော်ဒီကတော့ စွပ်စွဲမှုတွေကို ငြင်းဆိုပါတယ်။

    အင်ဒိုနီးရှားတွင် မြေပြိုမှု ၃၀ နီးပါး သေဆုံး
    ============
    အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ သောကြာနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း အစ္စလာမ့်ဓမ္မသင်တန်းက ကျောင်းသား ကလေးငယ်တွေအပါအ၀င် အနည်းဆုံး ၂၇ ဦး သေဆုံးခဲ့ပါတယ်။ ဒေသ ၈ ခုမှာ မြေပြိုမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ခြေနဲ့ အဆောက်အဦး ၂၉ လုံး ပျက်ဆီးခဲ့ကာ ရာနဲ့ချီ မြေပြိုမှုရဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။ ဆူမားတြားကျွန်းရဲ့ အနောက်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ရှာဖွေကယ်ဆယ်ရေးကာလကို တစ်ပတ်တာအဖြစ် သတ်မှတ်ထားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် မြေပြိုမှုတွေ ဆက်ဖြစ်မှာ စိုးရိမ်တာကြောင့် ရွာသွားတစ်ချို့ဟာ အိုးအိမ်စွန့်ခွာ နေရပါတယ်။

    ဟိမ၀န္တာတွင် နှင်းမုန်တိုင်းကြောင့် တောင်ကိုရီးယား တောက်တက်သမားများ သေဆုံး
    =============
    နီပေါနိုင်ငံ ဟိမ၀န္တာ တောင်တန်းမှာ သောကြာနေ့က ပြင်းထန်တဲ့ နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး တောင်ကိုရီးယား တောင်တက်သမားနဲ့
    နီပေါလမ်းပြ အနည်းဆုံး ၇ ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကမ္ဘာ့ ၁၄ ခုမြောက်အမြင့်ဆုံး တောင်ကို အောက်ဆီဂျင်အပိုမပါဘဲ အမြန်ဆုံး တက်နိုင်ခဲ့တဲ့ တောင်ကိုရီးယား တောင်တက်သမား ကင်ချန်ဟိုလည်း ပါဝင်ပါတယ်။ ကင်ချန်ဟိုပါဝင်တဲ့ တောင်ကိုရီးယားတောင်တက်အဖွဲ့ဟာ ၁၉၉၆ ခုနှစ်ကတည်းက တောင်ထိပ်ကို လူမရောက်တော့တဲ့ ဂူရ်ဂျာတောင်ကို တက်ဖို့အတွက် အောက်တိုဘာ ၇ ရက်နေ့က ထွက်သွားခဲ့တာဖြစ်ပြီး တောင်ခြေစခန်းမှာ ရာသီဥတုကောင်းတာကို စောင့်နေစဉ် နှင်းမုန်တိုင်းနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

    Ref: Aljazeera, BBC

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    အီရန်စစ်ရေးပြအခမ်းအနားတွင် တိုက်ခိုက်မှုပြီးနောက် မြင်ကွင်း

    အီရန်စစ်ရေးပြအခမ်းအနားတွင် ပစ်ခတ်မှုဖြစ်၍ ၂၉ ဦး သေဆုံး
    ===========
    အီရန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မနေ့ကကျင်းပတဲ့ စစ်ရေးပြအခမ်းအနားအတွင်း စစ်ဝတ်စုံဝတ် သေနတ်သမား ၄ ဦး ၀င်ရောက်ပစ်ခတ်မှုကြောင့် စစ်သားတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေ စုစုပေါင်း ၂၉ ဦးသေဆုံးကာ ၇၀ ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။ အီရန်တပ်ဖွဲ့တွေရဲ့ ပြန်လည်ပစ်ခတ်မှုအတွင်း သေနတ်သမား ၃ ဦး နေရာမှာသေဆုံးခဲ့ပြီး အခြားတစ်ဦးကတော့ ရရှိတဲ့ဒဏ်ရာကြောင့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ ဒေသတွင်းက သူ့ရဲ့မဟာမိတ်တွေလက်ချက်ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    ဂိုဏ်းအုပ်ဘုန်းကြီးခန့်အပ်ရေး တရုတ်နှင့် ဗာတီကန်တို့ သဘောတူ
    ============
    တရုတ်နိုင်ငံအတွင်းက ခရစ်ယာန်ကက်သလစ်သာသနာအတွက် တရုတ်အစိုးရက ခန့်အပ်ထားတဲ့ ဂိုဏ်အုပ်ဘုန်းတော်ကြီး ၇ ပါးကို ဗာတီကန်က မနေ့မှာ အသိအမှတ်ပြုလိုက်ပြီး ၁၉၅၁ ခုနှစ်က စတင်ခဲ့တဲ့ တရုတ်နဲ့ ဗာတီကန်အကြား ဆက်ဆံရေးတင်းမာမှုဟာ အဆုံးသတ်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကက်သလစ်ဘာသာဝင် ၁၀ သန်းကနေ ၁၂ သန်းလောက်အထိရှိပြီး တရုတ်အစိုးရက အသိအမှတ်ပြုတဲ့ အသင်းတော်ကို လိုက်နာသူနဲ့ ဗာတီကန်ဖက်ယိမ်းတဲ့ မြေအောက်အသင်းတော်တွေကို လိုက်နာသူဆိုပြီး ကွဲနေကြတာ ဖြစ်ပါတယ်။ အခုလို သဘောတူညီချက်ကြောင့် အနာဂတ်မှာ ဗာတီကန်နဲ့ တရုတ်တို့အကြား တရားဝင် သံတမန်ဆက်ဆံမှု ဖြစ်လာဖွယ် ရှိနေပါတယ်။

    မကြာခင်ပြန်လာမည်ဟု မလေးရှား ကြက်တောင်သမား လီချုံဝေပြော
    ================
    နှာခေါင်းကင်ဆာရောဂါကို ခံစားနေရတဲ့ လ မလေးရှား ကမ္ဘာ့ကြက်တောင်ချန်ပီယံဟောင်း လီချုံဝေက သူ့အနေနဲ့ ကွင်းထဲကို မကြာခင်ပြန်လာမယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။ လီဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပါဘူး။ မလေးရှားကြက်တောင်အဖွဲ့ချုပ်က လီဟာ နှာခေါင်းကင်ဆာရောဂါ ခံစားနေရတယ်လို့ အတည်ပြုခဲ့ပါတယ်။ လီရဲ့ ကင်ဆာရောဂါဟာ ကနဦးအဆင့်သာဖြစ်ပြီး လက်ရှိ ဟောင်ကောင်မှာ ကုသမှု ခံယူနေရပါတယ်။

    အာဖဂန်တွင် မော်တာကျည်ပေါက်ကွဲမှုကြောင့် ကလေး ၈ ဦး သေဆုံး
    ==============
    အာဖဂန်နစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ သောကြာနေ့က မော်တာကျည်အဟောင်းတစ်ခုကို ကလေးငယ်တွေ ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် ၈ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါယ်။ သေဆုံးသူတွေထဲကမှာ ၄ ဦးက ညီအစ်ကိုမောင်နှမတွေဖြစ်ကြပြီး အားလုံးဟာ အသက် ၅ နှစ်ကန ၁၂ နှစ်အရွယ်တွေဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ပြီးခဲ့တဲ့တစ်ပတ်မှာ တာလီဘန်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အာဏာပိုင်တွေက ဒီပေါက်ကွဲမှုအတွက် တာလီဘန်ကို အပြစ်တင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း အာဖဂန်မှာ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၃၁၇၉ ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူအရေအတွက်ရဲ့ ၃ ပုံတစ်ပုံ ဖြစ်ပါတယ်။

    Ref: Aljazeera, CNA

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ

    သြဂုတ် ၂၃၊ ၂၀၁၈
    M-Media

    ဗီယမ်နက်က အစိုးရဆန့်ကျင်ရေးသမားများကို ရုံးထုတ်မှုမြင်ကွင်း

    ပါလက်စတိုင်းတွင် တရားမ၀င်အိမ်ယာ တစ်ထောင်ကို အစ္စရေးက ထပ်ဆောက်မည်
    =================
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ တရားမ၀င်အိမ်ယာ ၁၀၀၀ ကျော် ဆောက်လုပ်ဖို့အတွက် အစ္စရေးက မနေ့မှာ အတည်ပြုလိုက်ပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးရဲ့ ဒီလို ကျူးကျော်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ဘဲ ကမ္ဘာ့နိုင်ငံတော်တော်များများကလည်း ကန့်ကွက်ထားပါတယ်။ ပါလက်စတိုင်းက အစ္စရေးရဲ့တရားမ၀င်အိမ်ယာတွေမှာ နေထိုင်သူ အရေအတွက်ဟာ ၆ သိန်းအထိ ရှိလာပြီး ပါလက်စတိုင်းတွေက သူတို့ရဲ့ပိုင်နက်တွေကို ကျူးကျော်မှုအတွက် ဒီတရားမ၀င်အိမ်ယာတွေကို ဆန့်ကျင်တိုက်ခိုက်မှုတွေလည်း မကြာခဏ ပြုလုပ်ခဲ့ကြပါတယ်။

    ဗီယက်နမ်က ကွန်မြူနစ်ဆန့်ကျင်ရေးသမား ၁၂ ဦးကို ထောင်ချ
    =================
    ပြီးခဲ့တဲ့နှစ်မှာ အစိုးရဆန့်ကျင်ရေးစာရွက်စာတမ်းတွေ ဝေငှကာ ဆူပူအောင်လုပ်ပြီး အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗီယက်နမ်က အမေရိကန်နိုင်ငံသား ၂ ဦးအပါအ၀င် လူ ၁၂ ယောက်ကို မနေ့မှာ ထောင်ဒဏ် ၅ နှစ်ကနေ ၁၄ နှစ်အထိ ချမှတ်လိုက်ပါတယ်။ အဲဒီလူတွေဟာ အမေရိကန်အခြေစိုက် ကွန်မြူနစ်ဆန့်ကျင်ရေး Provisional National Government of Vietnam (PNGV) အဖွဲ့ကဖြစ်ပြီး ဗီယက်နမ်ဟာ ဒီအဖွဲ့အပါအ၀င် ကွန်မြူနစ်အစိုးရကို ဆန့်ကျင်တဲ့အဖွဲ့အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။ ဗီယက်နမ်မှာ ကွန်မြူနစ်အစိုးရကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေ လူ့အခွင့်အရေး ရှေ့နေတွေကို တရားစွဲဆိုကာ ထောင်ချလေ့ရှိပါတယ်။

    မြောက်ကိုရီးယား နျူဖျက်သိမ်းရေးကတိက၀တ်ကို မလိုက်နာဟု The 38 North အဖွဲ့ပြော
    ================
    မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ်တဲ့နေရာ Sohae Satellite Launching Station ဖြိုဖျက်မှုကို သြဂုတ်လအစောပိုင်းမှာ ရပ်တန့်လိုက်ပြီး နျူဖျက်သိမ်းရေး ကတိက၀တ်ကို ဆက်လက် အကောင်အထည်မဖော်တော့ဘူးလို့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး အမေရိကန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ The 38 North က ပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့ စင်ကာပူဆွေးနွေးပွဲမှာ ကင်ဂျုံအွန်က နျူဖျက်သိမ်းရေး ကတိပြုခဲ့ပြီးတဲ့နောက် ဇူလိုင်လကစလို့ ဒီနေရာကို ဖြိုချခဲ့တာ ဖြစ်ပါတယ်။

    ရုရှားဦးဆောင်သည့် ငြိမ်းချမ်းရေးညီလာခံသို့ မတက်ဟု အာဖဂန်ပြော
    ===========
    ရုရှားက ဦးဆောင်ပြီး နောက်လအစောပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ရုရှားဟာ ငြိမ်ချမ်းရေးညီလာခံအတွက် အမေရိကန်အပါအ၀င် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ဖိတ်ကြားထားပြီး အမေရိကန်က တက်ရောက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီဆွေးနွေးပွဲကို တာလီဘန်အဖွဲ့လည်း တက်ရောက်ဖို့ရှိနေပြီး အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့အနေနဲ့ အာဖဂန်နဲ့ တိုက်ရိုက်ဆွေးနွေးသွားမှာဖြစ်ကာ နိုင်ငံခြားတိုင်းပြည်က ၀င်စွက်မှုကို မလိုလားဘူးလို့ ဆိုပါတယ်။

    Ref: CNA, Aljazeera

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၁၃၊ ၂၀၁၈
    M-Media

    မလေးရှားအစိုးရက သိမ်းဆည်းခဲ့သည့် ဇိမ်ခံရွက်သင်္ဘော

    ကိုရီးယား ၂ နိုင်ငံ အဆင့်မြင့်အစည်းအဝေး ကျင်းပ
    ===============
    အခုလနှောင်းပိုင်းမှာ ခေါင်းဆောင်နှစ်ဦး ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ဖို့အတွက် ကိုရီးယားနှစ်နိုင်ငံက ပြန်လည်ပေါင်းစည်းရေးဝန်ကြီးတွေ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာ အဆင့်မြင့်အစည်းအဝေးတစ်ခု စတင်ပြုလုပ်နေကြပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ဟာ နှစ်နိုင်ငံနယ်စပ်က အပစ်ရပ်ရွာ ပန်မွန်ဂျွန်းမှာ ၂ ကြိမ် တွေ့ဆုံခဲ့ပြီး အခုလနှောင်းပိုင်း ပြုံးယမ်မှာ တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒီကနေ့ဆွေးနွေးပွဲမှာ အဲဒီကိစ္စကို အသေးစိတ် စီစဉ်ဖို့ ရှိနေပါတယ်။

    တိုင်းပြည်ဘဏ္ဍာကို အာဏာပိုင်များ အမြတ်ထုတ်သည့်အတွက် မလေးဘဏ္ဍာရေးဝန်ကြီး ၀မ်းနည်း
    =================
    ပြည်သူ့ငွေတွေကို ပြည်သူအတွက် အသုံးမပြုဘဲ အာဏာပိုင်တွေက ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့တဲ့အတွက် ၀မ်းနည်းမိတယ်လို့ မလေးရှားဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အန်က ပြောကြားလိုက်ပါတယ်။ နိုင်ငံပိုင် 1MDB က ငွေတွေကို ၀န်ကြီးချုပ်ဟောင်းနာဂျစ်နဲ့ စီးပွားရေးလုပ်ငန်းရှင် လိုတက်ဂျိုတို့က လှည့်ဖျားရယူကာ ၀ယ်ယူထားတယ်လို့ဆိုတဲ့ ရင်းဂစ် ၁ ဘီလီယံတန် ဇိမ်ခံရွက်လှေကို မလေးရှားက သိမ်းဆည်းပြီးတဲ့နောက် ၀န်ကြီးချုပ် မဟာသီဦးဆောင်တဲ့ အစိုးအဖွဲ့ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ သွားရောက်ကြည့်ရှုခဲ့တာပါ။ လင်က ရွက်လှေပေါ်မှာရှိတဲ့ ပစ္စည်းတွေအားလုံးဟာ သာမန်လူတွေ အိပ်မက်တောင် မမက်နိုင်တဲ့ အရာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

    စစ်သွေးကြွများက ခရစ်ယာန်ဘုရားကျောင်း ဗုံးခွဲရန်ကြိုးစားမှုကို အီဂျစ် တားဆီး
    =================
    မြို့တော်ကိုင်ရိုအပြင်ဘက်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို မအောင်မြင်တဲ့ ဗုံးခွဲမှုနဲ့ ဆက်နွယ်နေသူ စစ်သွေးကြွ ၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဂျော်ဒန် ပြည်ထဲရေးဝန်ကြီးဌာနက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အသေခံဗုံးခွဲသမားတစ်ဦးဟာ ကိုင်ရိုင်မြို့မြောက်ဖက်က ခရစ်ယာန်ဘုရားကျောင်းကို ဖောက်ခွဲဖို့ ကြိုးစားမှုအတွင်း ဘုရားကျောင်းကို လုံခြုံရေးပေးထားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ဟန့်တားဖမ်းဆီးမှုကြောင့် ဘုရားကျောင်းအပြင်ဘက်မှာသာ ပေါက်ကွဲခဲ့ပြီး သူကလွဲလို့ တစ်ခြားသူတွေ သေဆုံး၊ ဒဏ်ရာရခြင်း မရှိပါဘူး။ အီဂျစ်မှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ခရစ်ယာန်ဘုရားကျောင်းတွေကို အစွန်းရောက်တွေက ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

    အာဖဂန်တွင် မိုးခေါင်မှုကြောင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်လာ
    ============
    စစ်မီးမငြိမ်းနိုင်တဲ့ အာဖဂန်နစ္စတန်မှာ မိုးခေါင်မှုပါ ဖြစ်လာတာကြောင့် နောက်နှစ်မှာ နိုင်ငံတစ်ဝှမ်း စားနပ်ရိက္ခာ ဖူလှုံရေးအတွက် စိုးရိမ်စရာကောင်းနေတယ်လို့ အကူအညီပေးရေးအဖွဲ့ USAID က ပြောပါတယ်။ အခုနှစ်အတွင်း ဂျုံနဲ့ အခြားသီနှံတွေ ထုတ်လုပ်မှု ကျဆင်းသွားခဲ့ပြီး လူ ၂ သန်းလောက်ဟာ နောက်ထပ် ၆ လလောက်အတွင်းမှာ အကူအညီတွေ အလျင်အမြန် လိုအပ်လာဖွယ် ရှိနေပါတယ်။ USAID က တော့ အာဖဂန်အစိုးရ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေအနေနဲ့ အာဖဂန်ပြည်သူတွေကို အကူအညီ တိုးမြှင့်ပေးအပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera, CNA, Arab News