News @ M-Media

Tag: Afghanistan

  • စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    နိုဝင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသားနှင့် သမ္မတ ဒေါ်နယ်ထရမ့်

    အာဖဂန်တပ်ရင်းတစ်ခုရှိ ဗလီတစ်လုံး သောကြာနေ့ ၀တ်ပြုနေစဉ် ဗုံးခွဲခံရ
    ====================
    အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ခို့စ်ပြည်နယ်အခြေစိုက် တပ်ရင်းတစ်ခုက ဗလီထဲမှာ မနေ့က သောကြာနေ့ ၀တ်ပြုဆုတောင်းနေစဉ်အတွင်း ဗုံးခွဲမှုဖြစ်တာကြောင့် စစ်သား ၂၇ ဦးသေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဖဂန်စစ်တပ်က ပြောကြားခဲ့ပါတယ်။ အသေခံဗုံးခွဲတာလား အဝေထိန်းဗုံးခွဲတာလားဆိုတာနဲ့ ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာကို သိရှိရခြင်း မရှိသေးပါဘူး။ အာဖဂန်မှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း IS အကြမ်းဖက်အဖွဲ့နဲ့ တာလီဘန်တို့ဟာ တိုက်ခိုက်မှုတွေကို နေရာအနှံ့ ပြုလုပ်လာခဲ့ပါတယ်။ အခုသီတင်းပတ်အစောပိုင်းကလည်း မြို့တော်ကဘူလ်းမှာပြုလုပ်တဲ့ တမန်တော်နေ့အခမ်းအနားမှာ အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အစ္စလာမ်ဘာသာရေးပညာရှင်တွေအပါအ၀င် လူ ၅၅ ဦး သေဆုံးကာ ၉၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ထရမ့်နှင့် ဆော်ဒီအစိုးရတို့ ပုဂ္ဂိုလ်ရေးပတ်သက်မှု ရှိ၊ မရှိ ကန်အောက်လွှတ်တော် စုံစမ်းမည်
    ================
    ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီ အသတ်ခံရတဲ့ကိစ္စမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဝေဖန်ခံနေရတဲ့ တုန့်ပြန်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး သွားမယ်လို့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီရဲ့ အကြီးအကဲဖြစ်လာတော့မယ့် သြဇာရှိ ဒီမိုကရက်တစ်အမတ် အဒမ် ရှစ်ဖ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ကာရှိုဂျီအသတ်ခံရမှုကို ဆော်ဒီအိမ်ရှေ့မင်းသားက အမိန့်ပေးတာဖြစ်တယ်လို့ စီအိုင်ကေက ကောက်ချက်ချထားပေမယ့် ထရမ့်က ဒါကို လက်မခံဘူးလို့ ဆိုပါတယ်။ ရှစ်ဖ်က သူတို့ကော်မတီဟာ ထရမ့်နဲ့ ဆော်ဒီအစိုးရတို့အကြား ပုဂ္ဂိုလ်ရေးဆက်သွယ်မှု ရှိလားဆိုတဲ့ ကိစ္စအပြင် ယီမင်စစ်ပွဲ၊ ဆော်ဒီက ဝေဖန်သူတွေ၊ စာနယ်ဇင်းတွေကို ဖိနှိပ်တဲ့ ကိစ္စတွေကိုလည်း စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အခုလအစောပိုင်း လွှတ်တော်အမတ်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ကို ဒီမိုကရက်တွေက အုပ်စီးထားနိုင်တဲ့အတွက် ထရမ့်ရဲ့လုပ်ရပ်တွေကို အောက်လွှတ်တော်က ပိုပြီးတော့ စောင့်ကြည့်ထိန်းချုပ်လာမှာ ဖြစ်ပါတယ်။

    အစ္စရေးမှာ ဒေသအတွက် ကင်ဆာအကြိတ်ဟု အီရန်သမ္မတပြော
    ================
    အစ္စရေးဟာ အရှေ့အလယ်ပိုင်းရဲ့ ကင်ဆာအကြိတ်ဖြစ်ပြီး အနောက်နိုင်ငံတွေက သူတို့အကျိုးစီးပွားအတွက် အစ္စရေးကို ဖန်တီးပေးထားတာ ဖြစ်တယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ အီရန်နဲ့ အစ္စရေးတို့ဟာ အပြန်အလှန် ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်လေ့ရှိပြီး လက်ဘနွန်က ဟစ်ဇ်ဘိုလာနဲ့ ပါလက်စတိုင်းက ဟားမက်စ်အဖွဲ့တွေကို အီရန်က ထောက်ပံ့ပေးနေတယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။ ရူဟာနီက ဒုတိယကမ္ဘာစစ်ရဲ့ ဆိုးကျိုးတွေထဲကတစ်ခုဟာ အရှေ့အလယ်ပိုင်းမှာ အစ္စရေးနိုင်ငံ ပေါ်ထွက်လာတာဖြစ်ကြောင်း၊ အမေရိကန်ဟာ မွတ်စလင်တွေနိုင်ငံတွေကို အသုံးချပြီး အစ္စရေးကို ကာကွယ်ပေးဖို့ ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အီရတ်က တိုင်းပြည်ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည်
    ==================
    စစ်ပွဲတွေကြောင့် ချုံးချုံးကျနေတဲ့နိုင်ငံကို ပြန်လည်ထူထောင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမယ်လို့ အီရတ်သမ္မတ ဘာရ်ဟမ် ဆာလီဟ်က ပြောကြားလိုက်ပါတယ်။ ၂၀၀၃ ခုနှစ် အမေရိကန်ရဲ့ ကျူးကျော်စစ်နောက်ပိုင်း ၂၀၁၄ ခုနှစ်မှာ IS အကြမ်းဖက်အဖွဲ့က နိုင်ငံရဲ့ ၃ ပုံ ၁ ပုံကို သိမ်းပိုက်ခဲ့ပြီး အီရတ်နိုင်ငံရဲ့ စစ်မီးဟာ ပိုမိုတောက်လောင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအရောက်မှာ အီရတ်စစ်တပ်က IS သိမ်းထားတဲ့ နယ်မြေတွေကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ ဆာလီဟ်က အခုဖွဲ့စည်းမယ့် ကော်မတီဟာ နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ၊ အလှူရှင်တွေ လာရောက်ဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

    Ref: Aljazeera, Arab News

  • ကဘူးလ်မြို့ တမန်တော်နေ့အခမ်းအနားတွင် အသေခံဗုံးခွဲမှုဖြစ်၊ ၅၀ ကျော် သေဆုံး

    ကဘူးလ်မြို့ တမန်တော်နေ့အခမ်းအနားတွင် အသေခံဗုံးခွဲမှုဖြစ်၊ ၅၀ ကျော် သေဆုံး

    နိုဝင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ ဒီကနေ့ကျင်းပတဲ့ တမန်တော်နေ့အခမ်းအနားအတွင်း အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူ ၅၀ ကျော်သေဆုံးပြီး ၈၀ ကျော်လောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    နိုင်ငံရေးနဲ့ ဘာသာရေးအခမ်းအနားတွေ ပုံမှန်ပြုလုပ်လေ့ရှိတဲ့ Uranus Wedding Palace အဆောက်အဦးမှာ တမန်တော်နေ့ အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းက ထိပ်တန်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ တော်တော်များများ တက်ရောက်ခဲ့ကြတာပါ။

    အသေခံဗုံးခွဲသမားဟာ အခမ်းအနားအလယ်လောက်မှာ ဗုံးခွဲခဲ့တာဖြစ်တယ်လို့ ခန်းမရဲ့မန်နေဂျာက ပြောကြားခဲ့ပါတယ်။

    အာဖဂနစ္စတန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း IS အကြမ်းဖက်အဖွဲ့နဲ့ တာလီဘန်အဖွဲ့တို့က တိုက်ခိုက်မှုတွေကို ပိုမို တိုးမြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

    ဒါပေမယ့် ဒီကနေ့တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးပါဘူး။

    ဇွန်လက ကဘူးလ်မြို့ Polytechnic တက္ကသိုလ်နားမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ အခမ်းအနားတစ်ခု ပြုလုပ်နေစဉ်အတွင်း အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီဆီနာ

    မဲလ်ဘုန်းမြို့လယ်ကောင်တွင် ဓားဖြင့်လိုက်ထိုးမှုကြောင့် လူတစ်ဦးသေဆုံး
    ==============
    သြစတေးလျနိုင်ငံမှာ မနေ့က ဆိုမာလီနွယ်ဖွား အမျိုးသားတစ်ဦး ဓားနဲ့လိုက်ထိုးမှုအကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်သူဟာ မြို့လယ်ကောင်မှာ ဂက်စ်အိုးတွေတင်ထားတဲ့ကားကိုး မီးရှို့ခဲ့ပြီး မပေါက်ကွဲခဲ့ဘဲ အဲဒီနောက်မှာ ဒီအမျိုးသားက လမ်းသွားလမ်းလာတွေကို ဓားနဲ့လိုက်ထိုးခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကနေ ရရှိတဲ့ဒဏ်ရာကြောင့် ဓားသမားဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ သြဇီအာဏာပိုင်တွေက ဒီအဖြစ်အပျက်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်လို့ ပြောပေမယ့် ဓားသမားဟာ ဘယ်အဖွဲ့အစည်းနဲ့မှ တိုက်ရိုက် ပတ်သက်မှုမရှိဘူးလို့ ဆိုပါတယ်။

    ရုရှားအတွက် သူလျှိုလုပ်ပေးမှုဖြင့် သြစတြီးယားက ဗိုလ်မှူးဟောင်းတစ်ဦးကို စစ်ဆေး
    ==================
    ရုရှားအတွက် ၁၉၉၀ ပြည့်နှစ်တွေကတည်းက သူလျှိုလုပ်ပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဗိုလ်မှူးဟောင်းတစ်ဦးကို စစ်ဆေးနေတယ်လို့ သြစတြီးယားဝန်ကြီးချုပ် ဆီဘက်စတီယန် ကာ့ဇ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဥရောပနိုင်ငံတွေကို ရုရှားက လျှို့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ်ဆိုတဲ့သတင်းဟာ အရင်ကလည်း ထွက်ခဲ့ဖူးပြီး နယ်သာလန်က သူတို့နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ ဓာတုလက်နက် ထိန်းချုပ်ရေးရုံးချုပ်ကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ဖို့ ကြံစည်တယ်ဆိုတဲ့စွဲချက်နဲ့ ဧပြီလမှာ ရုရှားနိုင်ငံသား ၄ ဦးကို နှင်ထုတ်ခဲ့ပါတယ်။ ကာ့ဇ်က နယ်သာလန်ကိစ္စနဲ့ အခု သြစတြီးကိစ္စသာ အမှန်တွေဖြစ်မယ်ဆိုရင် ဥရောပနဲ့ ရုရှားအကြား ဆက်ဆံရေးတိုးတက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားသံအမတ်ကို ဆင့်ခေါ်ပြီး ဖြေရှင်းချက် တောင်းထားပါတယ်။

    သီရိလင်္ကာသမ္မတက လွှတ်တော်ကို ဖျက်သိမ်း၊ ဇန်န၀ါရီတွင် ရွေးကောက်ပွဲကျင်းပမည်
    ==================
    သီရိလင်္ကာ သမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး ဇန်န၀ါရီ ၅ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မယ်လို့ မနေ့မှာ ကြေငြာလိုက်ပါတယ်။ ဆရီဆီနာဟာ ပြီးခဲ့တဲ့လက အခြေခံဥပဒေနဲ့ဆန့်ကျင်ကာ ၀န်ကြီးချုပ် ရာနီးလ် ၀စ္စကရီမီဆင်ဟီကို ရာထူးကထုတ်ပယ်ခဲ့ပြီး သမ္မတဟောင်း ရာဂျာပက်ဆာကို ၀န်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သီရိလင်္ကာမှာ နိုင်ငံရေးမတည်မငြိမ်မှု စဖြစ်လာခဲ့ပြီး အခုလို လွှတ်တော်ကို ဖျက်သိမ်းမှုဟာ အခြေအနေကို ပိုဆိုးသွားစေနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။

    အာဖဂန်ငြိမ်းချမ်းရေးအတွက် ရုရှားတွင် ဆွေးနွေး
    ===============
    အမေရိကန်ရဲ့ ကျူးကျော်မှုအပြီး အာဖဂန်မှာ ၁၇ နှစ်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ရုရှားကဦးဆောင်ပြီး မနေ့က ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား တိုက်ရိုက် ငြိမ်းချမ်ရေးဆွေးနွေးဖို့ သဘောတူညီချက် မရခဲ့ပါဘူး။ ရုရှားဟာ ဒီအစည်းအဝေးအတွက် အမေရိကန်၊ အီရန်၊ တရုတ်၊ ပါကစ္စတန်နဲ့ အလယ်အာရှက နိုင်ငံ ၅ နိုင်ငံကို ဖိတ်ကြားခဲ့ပါတယ်။  ဒီဆွေးနွေးပွဲကို အိန္ဒိယကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ပြီး အာဖဂန်ကိစ္စမှာ အိန္ဒိယက ပထမဆုံးပါဝင်မှု ဖြစ်ပါတယ်။ ကာတာအခြေစိုက် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာကလည်း အမေရိကန်ကိုယ်စားလှယ်နဲ့ တွေ့ဆုံကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Aljazeera

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၃၊ ၂၀၁၈
    M-Media

    တာလီဘန်၏ ခေါင်းကိုင်ဖခင် မာင်လာနာ ဆာမီအွလ်ဟက် (လယ်)

    ကမ္ဘာက ဂရုဏာသက်ခဲ့သည့် ယီမင်ကလေးငယ် အဟာရချို့တဲ့မှုကြောင့် ကွယ်လွန်
    ==============
    ယီမင်နိုင်ငံရဲ့ အငတ်ဘေးဆိုက်ရောက်မှုကို ကမ္ဘာကြီးက သတိပြုမိလာစေတဲ့ဓာတ်ပုံမှာ ပါဝင်တဲ့ အရိုးအပြိုင်းအပြိုင်း ကလေးငယ်ဟာ ဒုက္ခသည်စခန်းမှာ ကြာသာပတေးနေ့က ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၇ နှစ်အရွယ် အေမလ်ဟူစိန်ဖြစ်ပြီး ယီမင်နိုင်ငံက အဟာရချို့တဲ့နေတဲ့ သိန်းချီတဲ့ ကလေးငယ်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ နယူးယောက်တိုင်းမ်စ် သတင်းစာက ဟူစိန်ရဲ့ဓာတ်ပုံနဲ့ ယီမင်က လူသားချင်းစာနာထောက်ထားမှု ပြဿနာကို သတင်းတင်ပြခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ဟူစိန်နဲ့ ယီမင်ကလေးငယ်တွေအပေါ် ဂရုဏာသက်ခဲ့ကြပါတယ်။ ဟူစိန်လေးဟာ အဟာရချို့တဲ့မှုကြောင့် သေဆုံးသွားရတာ ဖြစ်ပါတယ်။

    အာဖဂန်တာလီဘန်အဖွဲ့၏ ခေါင်းကိုင်ဖခင် အသတ်ခံရ
    ===================
    အာဖဂန်နစ္စတန်က စစ်သွေးကြွအဖွဲ့ တာလီဘန်ရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ခေါင်းဆောင်လို့ လူသိများတဲ့ အသက် ၈၀ အရွယ် မောင်လာနာ ဆာမီအွလ်ဟက်ဟာ သောကြာနေ့က သူ့ရဲ့ အိပ်ယာပေါ်မှာ အသတ်ခံလိုက်ရတယ်လို့ မိသားစုက ထုတ်ပြန်ခဲ့ပါတယ်။ ဟက်ကို တာလီဘန်ရဲ့ ‘ခေါင်းကိုင်ဖခင်’ လို့လူသိများပြီး အာဖဂန်ကို ကျူးကျော်တိုက်ခိုက်တဲ့ ဆိုဗီယက်တပ်တွေကို တိုက်ထုတ်ဖို့ တော်လှန်ရေးတပ်တွေ ဖွဲ့စည်းရာမှာ သူ့ရဲ့ အတွေးအခေါ်က အဓိကကျခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီတပ်ဖွဲ့တွေဟာ တာလီဘန်အဖွဲ့ ဖြစ်လာပါတယ်။ ဟက်ဟာ တာလီဘန်ခေါင်းဆောင်တော်တော်များများကို သူ့ရဲ့အတွေးအခေါ် ရိုက်သွင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။ အာဖဂန်နိုင်ငံက နိုင်ငံခြားတပ်တွေနဲ့ အာဖဂန်အစိုးရတို့ကို တိုက်ခိုက်ဖို့အတွက် တာလီဘန်ကို ဟက်က လူသိရှင်ကြား ထောက်ခံခဲ့ပါတယ်။

    အီဂျစ်တွင် IS အကြမ်းဖက်အဖွဲ့က ခရစ်ယာန်များစီးလာသည့်ကားကို တိုက်ခိုက်
    ==================
    အီဂျစ်နိုင်ငံမြောက်ပိုင်းမှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုဆီ သွားနေတဲ့ ဘတ်စ်ကားတစ်စီး မနေ့မှာ တိုက်ခိုက်ခံရတဲ့အတွက် အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့ကတော့ ဒါဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒဏ်ရာရသူ ၁၂ ဦးလောက်ရှိနေပြီး သေဆုံးသူအရေအတွက်လည်း တိုးလာဖွယ်ရှိနေပါတယ်။ အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီက ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းကို အရင်ကထက် ပိုမိုအားထည့်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မေလကလည်း ကော့ပတစ်ခရစ်ယာန်တွေကို တင်ဆောင်လာတဲ့ ဘစ်ကားတစ်စီးကို IS အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၂၈ ဦး သေဆုံးခဲ့ပါတယ်။

    ဂျာနယ်လစ်ကာရှိုဂျီအသတ်ခံရမှု ဆော်ဒီအစိုးရလက်ချက်ဟု တူရကီသမ္မတပြော
    ==================
    ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အစ္စတန်ဘူလ်က ကောင်စစ်ဝန်ရုံးထဲ အသတ်ခံရမှုဟာ ဆော်ဒီအစိုးရရဲ့လက်ချက် ဖြစ်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ၀ါရှင်တန်ပို့စ်သတင်းစာကိုပေးပို့တဲ့ ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။ ဒါဟာ ကာရှိုဂျီကိစ္စအတွက် ဆော်ဒီအစိုးရကို အာဒိုဂန်ရဲ့ ပထမဆုံး အပြစ်တင်မှုလည်း ဖြစ်ပါတယ်။ ကာရှိုဂျီအသတ်ခံရမှုကိစ္စကို ဆော်ဒီက ပထမပိုင်းမှာ ငြင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ရုံးထဲဝင်ဝင်ချင်း လည်ပင်းညှစ်သတ်ခံလိုက်ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တူရကီ စုံစမ်းစစ်ဆေးရေးမှူးတွေက ဆော်ဒီကလာတဲ့ ကြေးစားအဖွဲ့ဟာ ကာရှိုဂျီကို သတ်ဖြတ်ပြီး အပိုင်းပိုင်းလုပ်ကာ အက်စစ်နဲ့ဖျော ဖျောက်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။ အာဒိုဂန်က ဒီသတ်ဖြတ်မှုမှာ ဆော်ဒီဘုရင် ဆလ်မန် မပါဘူးလို့ ယုံကြည်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, BBC

  • ဗုဒ္ဓအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းကာ တာလီဘန်ကို အနိုင်ယူလိုက်တဲ့ ပါကစ္စတန်

    ဗုဒ္ဓအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းကာ တာလီဘန်ကို အနိုင်ယူလိုက်တဲ့ ပါကစ္စတန်

    အောက်တိုဘာ ၂၅၊ ၂၀၁၈
    M-Media

    ဆွက်ဗုဒ္ဓရုပ်ရှင်တော်မြတ်

    – ၇ ရာစုက ကျောက်တောင်စောင်းတစ်ခုမှာ ထွင်းထုခဲ့ပြီး ‘ဆွက်တောင်ကြားက ဗုဒ္ဓရုပ်ရှင်တော်မြတ်’ လို့ အမည်တွင်တဲ့ အမွေအနှစ်တစ်ခုကို ၂၀၀၇ ခုနှစ်မှာ တာလီဘန် အကြမ်းဖက်သမားတွေက ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီ ရုပ်ရှင်တော်မြတ်ကို ပြန်လည် တည်ထားပြီးစီးခဲ့ပြီး ပါကစ္စတန်နိုင်ငံက အကြမ်းဖက်ဒဏ်ခံစားခဲ့ရတဲ့ ဆွက်ချိုင့်ဝှမ်းဒေသရဲ့ ဘာသာရေးသည်ခံနိုင်မှု အထင်ကရပြယုဂ်လည်း ဖြစ်လာပါတယ်။

    ပါကစ္စတန်မြောက်ပိုင်း ကျောက်တောင်အစွန်းမှာ တရားမှတ်ရှုနေဟန် ထွင်းထုထားတဲ့ အဲဒီ ဗုဒ္ဓရုပ်ရှင်တော်မြတ်ဟာ ၂၀၀၁ ခုနှစ် အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဘာမီယန်ဒေသက ထင်ရှားတဲ့ ဗုဒ္ဓဆင်းတုတော်တွေကို တာလီဘန်တွေက လုံးဝ ဖျက်ဆီးခဲ့မှု တစ်စိတ်တစ်ဒေသကို ထင်ဟပ်နေပါတယ်။

    တစ်ချို့လူတွေက ဒါဟာ ဒေသရဲ့ ထူးခြားပြီး၊ သမိုင်းတွင်ရစ်တဲ့ အမှတ်သညာတစ်ခုကို ကြမ်းကြုတ်ယုတ်မာစွာ ဖျက်ဆီးမှု ဖြစ်တယ်လို့ မှတ်ယူကြပါတယ်။

    “ကျွန်တော့်အဖေကို သတ်လိုက်သလို ခံစားရပါတယ်။ သူတို့ဟာ ကျွန်တော့်ရဲ့ယဉ်ကျေးမှု၊ ကျွန်တော့်ရဲ့သမိုင်းကို တိုက်ခိုက်ခဲ့တာပါ” လို့ ဆွက်ချို့င့်ဝှမ်းဒေသက ဗုဒ္ဓဘာသာဆိုင်ရာ ကျွမ်းကျင်သူ အသက် ၇၉ နှစ်အရွယ် ပါရ်ဗက်ဇ် ရှာဟင်က ပြောကြားခဲ့ပါတယ်။

    ရုပ်ရှင်တော်မြတ်ဟာ ဟိမ၀န္တာတောင်တန်းရဲ့ တောင်ခြေက လှပပြီး ဗုဒ္ဓဘာသာ သမိုင်းအမွေအနှစ်များစုစည်းရာ ဂျာဟာနာဘဒ်မြို့မှာ ကိန်းဝပ်စံပယ်နေတာ ဖြစ်ပါတယ်။

    အဲဒီဒေသက ရှေးဟောင်းသမိုင်းဝင်နေရာတွေကို ထိမ်းသိမ်းရေး ဒေသခံအာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုကို အီတလီအစိုးရက အကူအညီ ပေးနေပါတယ်။ အာဏာပိုင်တွေက ဒီဒေသကို အရင်ကရှိခဲ့တဲ့အတိုင်း ဘုရားဖူးတွေ စည်းကားတဲ့ဒေသ ပြန်ဖြစ်ကာ၊ တိုင်းပြည်ဝင်ငွေရဖို့ မျှော်လင့်နေကြပါတယ်။

    ဉာဏ်တော် ပေ ၂၀ လောက်မြင့်တဲ့ ရုပ်ရှင်တော်မြတ်ရဲ့ ထိပ်ပိုင်းကို လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက တာလီဘန်တွေဟာ ဖောက်ခွဲရေးပစ္စည်းတွေတင်ပြီး ဖောက်ခွဲခဲ့ပေမယ့် မျက်နှာတော်သာ ပျက်ဆီးခဲ့ပါတယ်။ ဒါပေမယ့် ဘေးနားက ကျောက်ထွင်း ဆင်းတုတော်တွေကတော့ တစ်စစီ ပျက်ဆီးသွားခဲ့ပါတယ်။

    ဆာဟင်က ဒီရုပ်ရှင်တော်မြတ်ဟာ ‘ခန္တီတရား၊ မေတ္တာတရား၊ ညီရင်းအစ်ကို စိတ်ဓာတ်တွေရဲ့ ပြယုဂ်’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ ဘယ်သူ့ကိုမှ၊ ဘယ်ဘာသာကိုမှ မမုန်းပါဘူး။ သူများကိုမုန်းနေလို့ ဘာအကျိုးရှိမလဲဗျာ”

    သမိုင်းကြောင်းမသိဘဲ တာလီဘန်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သိသိသာသာ မခံရစားသေးတဲ့အချိန် ၂၀၀၇ ခုနှစ်က ဆွက်ဒေသခံအချို့ဟာ ဒီရုပ်ရှင်တော်မြတ် ဖျက်ဆီးခံရမှုကို ထောက်ခံခဲ့ပြီး ရုပ်ပွားဆင်းတုဆိုတာ ‘အစ္စလာမ်နဲ့ ဆန့်ကျင်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်က တာလီဘန်တွေလိုပဲ ပါကစ္စတန် တာလီဘန်တွေဟာလည်း အစွန်းရောက်ကြပြီး အစ္စလာမ်အခြေခံဝါဒဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်ခဲ့ကြပါတယ်။ ဒါ့အပြင် အစ္စလာမ်နဲ့ဆန့်ကျင်တဲ့ အတိတ်ကကိစ္စတွေကိုလည်း လက်မခံဘဲ အနုပညာ ဖန်တီးပုံဖော်မှုတွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ဟာ တာလီဘန်တွေရဲ့ ဆွက်တောင်ကြားကို အကြမ်းဖက်သိမ်းပိုက်ပြီးစ ကာလမှာ ဖြစ်ခဲ့တာဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်မှာတော့ ပါကစ္စတန်စစ်တပ်ရဲ့ အကြီးအကျယ် ထိုးစစ်ဆင်မှုကြောင့် တာလီဘန်တို့ အုပ်စိုးမှု အဆုံးသတ်ခဲ့ရပါတယ်။ အဲဒီကာလအတွင်း လူထောင်သောင်းချီ သေဆုံးခဲ့ပြီး ၁.၅ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ဗုဒ္ဓသာသနာထွန်းကားရာမြေ

    ဆွက်ချိုင့်ဝှမ်းဒေသမှာ အမျိုးသမီးတွေ ဘုရ်ခါဝတ်ရုံ ၀တ်ရမယ်လို့ သတ်မှတ်ထားတဲ့ ရှေးရိုးစွဲမွတ်စလင်တွေပဲ အမြဲတမ်း တည်ရှိခဲ့တာ မဟုတ်ပါဘူး။

    ဗုဒ္ဓဘာသာဝင်တွေ – အထူးသဖြင့် ဟိမ၀န္တာဒေသက ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုရားဖူးရာဒေသအဖြစ် နှစ်ရာနဲ့ချီ တည်တံ့ခဲ့ပါတယ်။ ဆွက်ချိုင့်ဝှမ်းဒေသက အစပြုခဲ့တဲ့ ‘တိဘက်ဗုဒ္ဓဘာသာ’ (Vajrayana) မှာ ဒီဒေသကို မြင့်မြတ်ရာနေရာလို့ သတ်မှတ်ထားပါတယ်။

    ၂၀ ရာစုအထိ ဘုရားဖူးတွေနဲ့ မပြတ်စည်ကားခဲ့ပြီး ၁၉၄၇ ခုနှစ် ပါကစ္စတန်နိုင်ငံ ပေါ်ပေါက်လာတဲ့အတွက် နိုင်ငံရဲ့ နယ်စပ်ဒေသ ဖြစ်သွားခဲ့ပါတယ်။

    လက်ရှိ ပါကစ္စတန်နိုင်ငံရဲ့ လူများစုဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး ဘာသာရေးလူနည်းစုတွေ အထူးသဖြင့် ခရစ်ယာန်နဲ့ ဟိန္ဒူတွေဟာ မကြာခနဆိုသလို ခွဲခြားဆက်ဆံမှု၊ တိုက်ခိုက်မှုတွေ ခံရလေ့ ရှိပါတယ်။

    ဆွက်ချိုင့်ဝှမ်းဒေသမှာ ဗုဒ္ဓဘာသာဟာ အေဒီ ၁၀ ရာစုဝန်းကျင်လောက်ကတည်းက ကွယ်ပျောက်ခဲ့ပါတယ်။

    ၂ ရာစုကနေ ၄ ရာစုလောက်အထိ အဲဒီဒေသမှာ ဗုဒ္ဓဘာသာ အထွပ်အထိပ်ရောက်ခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ စေတီပုထိုး တစ်ထောင်ကျော်လောက် ဒေသတွင်းမှာ ပြန့်နှံ့ တည်ရှိခဲ့ပါတယ်။

    “ကြည်ညိုသပ္ပါယ်စရာကောင်းတဲ့ ဒေသပါ။ ဘုရားဖူးတွေဟာ ဗုဒ္ဓ ရုပ်ရှင်တော်တွေ၊ ဆင်းတုတော်တွေကို ဒေသကို မရောက်ခင် တော်တော်ဝေးဝေးကတည်းက ဖူးမျှော်နိုင်ပါတယ်” လို့ ဆွက်ဗုဒ္ဓရုပ်ရှင်တော်မြတ် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းကို ကြီးကြပ်နေတဲ့ အီတလီ ရှေးဟောင်းသမိုင်းပညာရှင် လူကာ မာရီယာ အိုလီဗီရီက ပြောကြားခဲ့ပါတယ်။

    ဘာသာရေး ခရီးသွားကဏ္ဍ

    ရုပ်ရှင်တော်မြတ်ကို ပြန်လည်မွမ်းမံရေးလုပ်ငန်းတွေဟာ ထင်သလောက် မလွယ်ဘူးလို့ အိုလီဗရီက ပြောပါတယ်။ ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီလုပ်ငန်းမှာ အဆင့်တွေအများကြီးရှိပြီး ပထမဆုံး အခြားအစိတ်အပိုင်းတွေ မပျက်ဆီးအောင် ကာကွယ်မှုလုပ်ငန်း ဖြစ်ပါတယ်။

    မူလမျက်နှာတော်မျိုးရအောင် တည်ဆောက်ရာမှာ လေဆာနည်းပညာနဲ့၊ ပုံဟောင်းတွေကို အသုံးပြုကာ ကွန်ပျူတာနဲ့ သရီးဒီပုံရိပ်ကို ပထမဆုံး ပုံဖော်ရပါတယ်။

    နောက်ဆုံးအဆင့်ဖြစ်တဲ့ ကျောက်သားမှာ မျက်နှာတော် ပြန်လည်ထွင်းထုမှုဟာ ၂၀၁၆ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ အိုလီဗီရီက မွမ်းမံမှုကို မူရင်းနဲ့ လုံးဝ ချွတ်စွပ်တူအောင် မလုပ်ဘဲ ‘ဖျက်ဆီးခံရမှုကို မြင်နိုင်အောင်’ လုပ်ထားတယ်လို့ ပြောပါတယ်။

    သူဦးစီးတဲ့ အီတလီ ရှေးဟောင်းပညာရှင်များအဖွဲ့ဟာ ဆွက်ချိုင့်ဝှမ်းဒေသကို ၁၉၅၅ ခုနှစ်တည်းက ရောက်ရှိနေတာဖြစ်ပြီး တာလီဘန်တွေရဲ့ အုပ်စိုးမှုအတွင်း ဒေသကနေ ခေတ္တ ထွက်ခွာခဲ့ရပါတယ်။

    သူတို့အဖွဲ့ဟာ ချိုင့်ဝှမ်းဒေသက အခြား ရုပ်ပွားဆင်းတုတော်တွေကိုလည်း ထိန်းသိမ်းနေပြီး ၂၀၀၈ ခုနှစ်က တိုက်ခိုက်မှုကြောင့် ဒေသမြို့တော် မင်ဂိုရာမှာ ပျက်ဆီးသွားတဲ့ ရှေးဟောင်းသမိုင်းပြတိုက်ကိုလည်း ပြန်လည် ပြုပြင်မွမ်းမံခဲ့ပါတယ်။

    ဆွက်ချိုင့်ဝှမ်းဒေသရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းဖို့အတွက် အီတလီအစိုးရဟာ ငါးနှစ်တာကာလအတွင်း ကန်ဒေါ်လာ ၂.၉ သန်းကို ထောက်ပံ့ခဲ့ပြီး၊ ဒီလုပ်ငန်းမှာ ဒေသခံပြည်သူတွေလည်း ၀ိုင်းဝန်း ပါဝင်ခဲ့ကြပါတယ်။

    အခုအချိန်မှာတော့ ပါကစ္စတန်အာဏာပိုင်တွေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ဘုရားဖူးတွေကို စွဲဆောင်ဖို့အတွက် သမိုင်းဝင် ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်တွေကို
    ဂရုစိုက်လာကြပါတယ်။

    တာလီဘန်တွေကို မောင်းထုတ်နိုင်ခဲ့ပြီးတဲ့နောက် အဲဒီဒေသဟာ ပြန်လည် စည်ကားလာခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီလမှာ စစ်သား ၁၁ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီး လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားပါတယ်။

    တစ်ချို့လူတွေက ဆွက်ဗုဒ္ဓရုပ်ရှင်တော်မြတ်ဟာ ဘာသာရေးသည်းခံနိုင်မှုရဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ ယူဆနေကြပါတယ်။

    မင်ဂိုရာမှာနေထိုင်တဲ့ စာရေးဆရာ ဂျာနယ်လစ် ဖာဇဲလ် ခါလစ်က ယဉ်ကျေးမှုအမွေအနှစ်တွေအပေါ် ခြိမ်းခြောက်မှုကို အသိပညာပေးမှု ကနေတစ်ဆင့် တိုက်ဖျက်ရမှာဖြစ်ပြီး၊ ဒီအမွေအနှစ်တွေရဲ့ အကျိုးကျေးဇူးတွေကို ဆိုရှယ်ကွန်ယက်တွေကနေတစ်ဆင့် ဖြန့်ဝေရမယ်လို့ ယူဆနေပါတယ်။

    ဒါပေမယ့် အသက်ကြီးပြီး၊ ပညာတတ်လူတည်းစားမှာလည်း တစ်ချို့က ဒီအမွေအနှစ်တွေရဲ့တန်ဖိုးကို နားမလည်ကြဘူးလို့ သူက ၀န်ခံခဲ့ပါတယ်။

    မင်ဂိုရာက ရှေးဟောင်းသမိုင်းပြတိုက်ရဲ့ ပြတိုက်မှူး ဖာအစ်ဇွရ် ရဟ်မန်းက ဗုဒ္ဓဘာသာကို စိတ်ဝင်စားတဲ့ အစ္စလာမ်ဘာသာရေးဆရာတွေ ပြတိုက်ကို လာရောက်လေ့လာကြတယ်လို့ ပြောပါတယ်။

    “အစ္စလာမ်မထွန်းကားခင်အချိန်တုန်းက ဗုဒ္ဓဘာသာဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးကွယ်ရာ ဖြစ်ခဲ့ပါတယ်”

    Ref: News 18

    (News 18 တွင် ဖော်ပြထားသည့် Taliban Defeated by The Quiet Strength of Pakistan’s Buddha ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)