News @ M-Media
Tag: Afghanistan
  • အာဖဂန်၌ မေလက အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုတွင် အရပ်သား ၃၀ သေဆုံး
    အာဖဂန်၌ မေလက အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုတွင် အရပ်သား ၃၀ သေဆုံး
    အောက်တိုဘာ ၁၀၊ ၂၀၁၉
    M-Media
    -အာဖဂန်နစ္စတန်မှာ တာလီဘန်ရဲ့ မူးယစ်ဓာတ်ခွဲခန်းဆိုပြီး မေလက အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း အရပ်သား ၃၀ သေဆုံးခဲ့တယ်လို့ ကုလက ထုတ်ပြန်ခဲ့ပြီး အမေရိကန်စစ်တပ်ကတော့ ဒီကိစ္စကို ငြင်းဆိုခဲ့ပါတယ်။
    နိုင်ငံအနောက်ပိုင်း ဖာရာနဲ့ နင်မရို့ဇ်ပြည်နယ်တွေက မူးယစ်ဆေးထုတ်လုပ်တဲ့ နေရာ ၆၀ ကျော်လောက်ကို အမေရိကန်-အာဖဂန် ပူးပေါင်းအဖွဲ့တွေက မေလ ၅ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။
    အာဖဂန်က ကုလ စောင့်ကြည့်ရေးအဖွဲ့ UNAMA က ဒီတိုက်ခိုက်မှုအတွက် ၄ လကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး မနေ့က ကုလ လူ့အခွင့်အရေးရုံးနဲ့ ပူးပေါင်းကာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
    တိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၃၀ သေဆုံးခဲ့ပြီး၊ သေဆုံး ဒဏ်ရာရသူ စုစုပေါင်း ၃၉ ဦးရှိရာမှာ ကလေးငယ် ၁၄ ဦး၊ အမျိုးသမီး ၅ ဦး ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သေဆုံး ဒဏ်ရာရသူတွေဟာ လက်နက်ကိုင်တွေ မဟုတ်တဲ့အတွက် ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့လည်းကုလက ဆိုပါတယ်။
    အာဖဂန်က အမေရိကန်တပ်ဖွဲ့ USFOR-A က ကုလရဲ့ ပြောကြားမှုကို လက်မခံကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ၊ တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးခြင်းမရှိကြောင်း၊ အရပ်သားလို့ပြောကြားမှုတွေဟာ ဝါဒဖြန့်မှုသက်သက်သာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
    ၁၈ နှစ် ကြာမြင့်နေပြီဖြစ်တဲ့ အာဖဂန်စစ်ပွဲမှာ ၂၀၁၇ ခုနှစ် နှောင်းပိုင်းကစလို့ အမေရိကန်ဟာ မူးယစ်ဆေး ထုတ်လုပ်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့ပါတယ်။
    ၂၀၁၉ ခုနှစ် ပထမ ၆ လအတွင်း အာဖဂန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေ၊ ဗုံးခွဲမှုတွေမှာ အနည်းဆုံး အရပ်သား ၃၈၁၂ ဦး သေဆုံးခဲ့ပြီး နေတိုးအဖွဲ့ ဦးဆောင်တဲ့ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက်ဟာ သိသိသာသာ မြင့်တက်လာတယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။
    Ref: Aljazeera
  • အာဖဂန်တွင် လယ်သမား ၃၀ သေဆုံးသည့် တိုက်ခိုက်မှု မိမိတို့လက်ချက်ဟု အမေရိကန်ဝန်ခံ
    အာဖဂန်တွင် လယ်သမား ၃၀ သေဆုံးသည့် တိုက်ခိုက်မှု မိမိတို့လက်ချက်ဟု အမေရိကန်ဝန်ခံ
    စက်တင်ဘာ ၂၀၊ ၂၀၁၉
    M-Media
    -အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ်မှာ အနည်းဆုံး လယ်သမား ၃၀ လောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ မိမိတို့လုပ်ဆောင်တာဖြစ်တယ်လို့ အမေရိကန်က ၀န်ခံပြောကြားလိုက်ပါတယ်။
    တစ်ချိန်က အာဖဂန်အစိုးရ ထိန်းချုပ်ထားတဲ့ ခိုယာနီခရိုင် ဝါဇီရ်တန်ဂီဒေသမှာ မနေ့က ဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်နီ လက်ဂျက်က IS အကြမ်းဖက်အဖွဲ့ ပုန်းအောင်းရာနေရာကို ဖျက်ဆီးဖို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    တိုက်ခိုက်မှုဟာ ထင်းရှူးစေ့ရှာတဲ့ လယ်သမားတွေကို သွားရောက်ထိမှန်ခဲ့တာကြောင့် အနည်းဆုံး ၃၀ သေဆုံးကာ ၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
    အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြုခဲ့ပေမယ့် သေဆုံး ဒဏ်ရာရမှုစာရင်းကို မထုတ်ပြန်ခဲ့ပါဘူး။
    အခုလအစောပိုင်းကလည်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ CIA က လေ့ကျင့်ပေးထားတဲအာဖဂန်ထောက်လှမ်းရေးအဖွဲ့က တိုက်ခိုက်မှုကြောင့် ညီအစ်ကိုလေးဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
    သြဂုတ်လနှောင်းပိုင်းမှာ အမေရိကန်နဲ့ ဆွေးနွေးမှု ပျက်ပြယ်သွားပြီးတဲ့နောက် တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်လာခဲ့ပြီး လူရာချီ သေဆုံးခဲ့ပါတယ်။
    Ref: Aljazeera
  • ၁၈ နှစ်အတွင်း အောင်မြင်မှုရလာတဲ့ အာဖဂန်မှ ယဉ်ကျေးမှုလက်ရာ ပြန်လည်ထိန်းသိမ်းမှု
    ၁၈ နှစ်အတွင်း အောင်မြင်မှုရလာတဲ့ အာဖဂန်မှ ယဉ်ကျေးမှုလက်ရာ ပြန်လည်ထိန်းသိမ်းမှု
    သြဂုတ် ၂၆၊ ၂၀၁၉
    M-Media
    -တာလီဘန် တိုက်ခိုက်ရေးသမားတွေဟာ အမုန်းတရားတွေ၊ ၁၀ ပေါင်တူတွေနဲ့ ရောက်လာခဲ့ကြတာပါ။ သူတို့ လုပ်ခဲ့ထားခဲ့တာတွေကို နောက်ထပ် ၁၈ နှစ်အကြာာ အာဖဂန်အမျိုးသားပြတိုက်က စားပွဲပေါ်မှာ တွေ့မြင်နေရပါတယ်။ အစ္စလာမ်နဲ့ ဆန့်ကျင်တယ်လို့ သတ်မှတ်ကာ ဖျက်ဆီးထုချေခဲ့ကြတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
    ကဘူးလ်မြို့က ပြတိုက်ဝန်ထမ်းတွေဟာ တစ်စစီဖြစ်နေတာတွေကို ပြန်ဆက်ဖို့ ကြိုးစားနေကြပါတယ်။ မတည်ငြိမ်တဲ့ အာဖဂန်ကတော့ တာလီဘန်နဲ့ အမေရိကန်တို့အကြား သဘောတူညီချက်တစ်ခုရပြီး အမေရိကန်ရဲ့ သက်တမ်းအရှည်ဆုံး စစ်ပွဲကို အဆုံးသတ်ဖို့ စောင့်ဆိုင်းနေရတုန်းပါ။ ဒီသဘောတူညီချက်ကြောင့် အာဖဂန်ပြည်တွင်း တွေ့ဆုံပွဲတွေဖြစ်လာပြီး နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အစွန်းရောက်အဖွဲ့က တစ်စိတ်တစ်ပိုင်း ပါဝင်လာမယ့် အနေအထားကို ဦးတည်နေပါတယ်။
    တာလီဘန် ဖျက်ဆီးခဲ့သည်များကို ထိန်းသိမ်းနေမှု
    သပ်သပ်ရပ်ရပ်စီထားပြီး ‘နားရွက်’ ခေါင်း နဖူး မျက်လုံး စသဖြင့် စာတမ်းတွေ ကပ်ထားတဲ့ အပိုင်းအစတွေကို ၀န်ထမ်းတွေက လက်အိတ်ဝတ်ထားတဲ့ လက်တွေနဲ့ ကောက်ယူ ပုံဖော်နေပါတယ်။ အာဖဂန်ရဲ့ အနာဂတ်ကတော့ မသေချာ မရေရာပါ။
    ပြီးခဲ့တဲ့တစ်နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ အမေရိကန်-တာလီ တွေ့ဆုံဆွေးနွေးမှုက အသေးစိတ် အချက်အလက်အနည်းသာ ထွက်ပေါ်ထားပြီး မြို့တော် ကဘူးလ်ကို တာလီဘန်တွေက ဘယ်လို ပြန်ပြောင်းမလဲဆိုတာနဲ့ပတ်သက်လို့ ဘယ်သူမှ မသိကြပါဘူး။ အာဖဂန်မှာ တိုက်ခိုက်မှုတွေဟာ နေ့တိုင်းလိုလို ဖြစ်ပွားနေပြီး တိုင်းပြည်ရဲ့ တစ်ဝက်လောက်ကို အုပ်စိုးထားတဲ့ တာလီဘန်တွေသာမကဘဲ၊ IS ကို သစ္စာခံတဲ့ ရက်စက်ကြမ်းကြုတ်တဲ့အဖွဲ့တွေကပါ ဒီတိုက်ခိုက်မှုတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။
    တာလီဘန်တို့ရဲ့ ၅ နှစ်တာအုပ်စိုးမှုအတွင်း ပြင်းထန်တဲ့ အစ္စလာမ့်ဥပဒေဆိုတာကို ပြဌာန်းခဲ့ပြီး အမျိုးသမီးတွေ ပညာသင်ခွင့်ကိုပိတ်တာ၊ ဂီတကို ပိတ်ပင်တာ၊ အမျိုးသမီးတွေကို အိမ်တွင်းအောင်းခိုင်းတာ စတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန် ဦးဆောင်ပြီး အာဖဂန်ကိုဝင်ရောက်တိုက်ခိုက်မှုကြောင့် တာလီဘန်တွေရဲ့အုပ်ချုပ်မှုဟာ အဆုံးသတ်သွားပါတယ်။ တာလီဘန်တွေဟာ အလ်ကိုင်းဒါးခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို ခိုလှုံခွင့်ပေးထားတာ ဖြစ်ပါတယ်။
    ၂၀၀၁ ခုနှစ်က အမျိုးသားပြတိုက်ကို တာလီဘန်တွေ ရောက်လာမှုကို ရှီရာဇွတ်ဒင်း ဆိုင်ဖီတစ်ယောက် မှတ်မိနေပါသေးတယ်။ ၂၀၀၁ ခုနှစ်ဟာ တာလီဘန်တွေ အာဖဂန် ယဉ်ကျေးမှုကို ဖျက်ဆီးတဲ့ ခုနှစ်ဖြစ်ပြီး ဘာမယန်ပြည်နယ်က ကမ္ဘ္ဘာ့အကြီးဆုံး ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့လို့ ကမ္ဘ္ဘာကြီးကပါ တုန်လှုပ်ခဲ့ရပါတယ်။
    ဂရိ၊ ပါရှား တရုတ်နဲ့ အခြားယဉ်ကျေးမှုတွေရဲ့ စုံချက်ဖြစ်ပြီး နှစ်ရာချီ သမိုင်းကြောင်းရှိနေတဲ့ အနုပညာလက်ရာပေါင်း များစွာကို တာလီဘန်တွေက ရက်များစွာ ဖျက်ဆီးခဲ့ကြတာပါ။ အစ္စလာမ်မတိုင်ခင် ခေတ်က လက်ရာတွေအပါအ၀င် လူသားပုံရှိတာတွေကို မနှစ်မြို့စရာလို့ မှတ်ယူကာ တူတွေနဲ့ ထူချေတာ၊ ကြမ်းပြင်ပေါ်မှာ ပေါက်ခွဲဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
    “ကျွန်တော်တို့ သူတို့ကို မတားဆီးနိုင်ပါဘူး။ သော့တွေကိုဖျက်ပြီး တစ်ခန်းဝင်တစ်ခန်းထွက်နဲ့
    ပစ္စည်းတွေအားလုံးကို အစိတ်စိတ်အပိုင်းပိုင်း ထုချေဖျက်ဆီးခဲ့ကြတာပါ။ ၀မ်းနည်းတုန်လှုပ်စရာပါပဲ သူတို့သမိုင်းကို သူတို့ကိုယ်တိုင် ဖျက်ဆီးခဲ့ကြတာပါ” လို့ ပြန်လည်ထိန်းသိမ်းရေးအဖွဲ့မှာ
    ပါဝင်နေတဲ့ ဆိုင်ဖီက ပြောကြားခဲ့ပါတယ်။
    တာလီဘန် ဖျက်ဆီးခဲ့သည်များကို ထိန်းသိမ်းနေမှု
    ရုပ်တုပေါင်း ၂၅၀၀ ကျော်လောက် ဖျက်ဆီးခံခဲ့ရပြီး တစ်ချို့အစိတ်အပိုင်းတွေက အမှုန့်ဖြစ်သွားပါတယ်။ ပြန်လည်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းဟာ ၁၀ စုနှစ်ချီ ကြာနိုင်တယ်လို့ ဆိုင်ဖီက ပြောပါတယ်။ ဒါပေမယ့် “ဒါတွေကို ပြန်ဆက်ပြီး သူတို့ရဲ့ အဓိပ္ပါယ်ကို ပြန်လည်ရှင်သန်စေမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ တကယ့်ကို ပျော်ရွှင်မိပါတယ်” လို့လည်း ဆိုင်ဖီက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ဖျက်ဆီးခံရတဲ့အထဲမှာ Hadda လို့ခေါ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေ ပါဝင်ပါတယ်။ အာဖဂန်အရှေ့ပိုင်း လက်ရှိ ဂျလာလာဘတ်လို့ခေါ်တဲ့ မြို့အနားမှာ လွန်ခဲ့တဲ့ ၁၀ စုနှစ်ချီ အရင်က တွေ့ရှိခဲ့တာဖြစ်ပြီး နာမည်ကျော်တဲ့ ဆင်းတုတော်တွေပါ။ အကောင်းအတိုင်းရှိနေတာတွေ၊ တစ်စစီဖြစ်နေတဲ့ ဓာတ်ပုံတွေအရ ဆံတော်အကွေးတွေ၊ နှုတ်ခမ်းတော်တွေဟာ အင်မတန် လက်ရာမြောက်တာကို တွေ့ရပါတယ်။
    တာလီဘန်တွေဟာ ဒီရုပ်ပွားတော်တွေကို တစ်စီဖြစ်အောင် ဖြစ်အောင် ထုချေခဲ့တာကြောင့်
    တော်တော်များများဟာ လက်သီးဆုပ်အရွယ်၊ ဒင်္ဂါးအရွယ် အစိတ်အပိုင်းတွေအထိ ဖြစ်သွားခဲ့ပါတယ်။ အခုအချိန်မှာတော့ တစ်စစီဖြစ်နေတဲ့ ဦးခေါင်းတွေကို ဆက်ကာ ရာဘာကြိုးတွေနဲ့ စည်းနှောင်ထားပါတယ်။ အရုပ်ဆက်တာမျိုး ဖြစ်နေပြီး တစ်စချင်းစီကို ရက်များစွာ အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ ဆက်ရတော့မှာပါ။
    အမျိုးသားပြတိုက်မှာရှိတဲ့ ထောင်ပေါင်းများစွာသော အနုပညာလက်ရာတွေဟာ လုယက်ခံခဲ့ရသလို အဆောက်အဦးကြီးလည်း ဗုံးကြဲခံခဲ့ရပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာ တစ်ချို့ကို ကဘူးလ်က သမ္မတအိမ်တော်နဲ့ အခြားနေရာတွေမှာ ဖွက်ထားခဲ့ရပါတယ်။ အခု Hadda ဗုဒ္ဓရုပ်ပွားတော်တွေကို ပြန်ဆက်နေတဲ့အခန်းလည်း ဖျက်ဆီးခံခဲ့ရပါတယ်။
    ပြတိုက် ပြန်လည်တည်ဆောက်မှုကို ၂၀၀၄ ခုနှစ် အစောပိုင်းက စတင်ခဲ့ပါတယ်။ စစ်ပွဲရှုံးနိမ့်သွားတဲ့ တာလီဘန်တွေ တိတ်တဆိတ် လူပြန်စုနေတဲ့ကာလပါ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အနုပညာလက်ရာ ရာချီကို ပြန်ရခဲ့ပါတယ်။ လက်ရှိမှာတော့ အမျိုးသားပြတိုက်နဲ့ ချီကာဂိုတက္ကသိုလ် အရှေ့တိုင်းဌာနတို့ ပူးပေါင်းကာ ပျောက်ဆုံးနေတဲ့ အနုပညာလက်ရာတွေကို ခြေရာခံ ဖော်ထုတ်နိုင်ဖို့အတွက် ရှိနေတာတွေကို တတ်နိုင်သမျှ ပြည့်စုံအောင် စုစည်းနေကြပြီး နောက်ထပ် ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာခဲ့ရင် မှတ်တမ်းကျန်စေဖို့အတွက် ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ မှတ်တမ်းတင်မှုတွေလည်း လုပ်ဆောင်နေပါတယ်။
    ကျန်ရှိနေတဲ့ အနုပညာလက်ရာက ၁၃၅၀၀၀ လောက်ရှိပြီး အဲဒီအတွက် ဒေတာဘေ့စ်က ၉၉ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ အရှေ့တိုင်းဌာနက ပြောပါတယ်။ ပျောက်ဆုံးနေတာတွေ အတွက်တော့ ‘အလိုရှိ’ ကြော်ငြာ ဖန်တီးကာ အွန်လိုင်းမှာ လွှင့်တင်ဖို့ ရှိနေပါတယ်။ ဒါမှသာ ဘာတွေပျောက်ဆုံးနေတလဲဆိုတာ သိရှိပြီး ပြန်ရနိုင်လိမ့်မယ်လို့ ဌာနက ဆိုပါတယ်။
    အာဖဂန်ရဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ကျွမ်းကျင်သူတွေကတော့ အမေရိကန်-တာလီဘန် ဆွေးနွေးညှိနှိုင်းမှုမှာ ယဉ်ကျေးမှုလက်ရာတွေ ထိန်းသိမ်းရေးကိစ္စ မပါဝင်တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောကြားနေကြပါတယ်။ အမေရိကန်တပ်တွေ အာဖဂန်က ထွက်သွားရေးနဲ့ အာဖဂန်ကို ကမ္ဘ္ဘာ့အကြမ်းဖက်တွေ ခြေကုပ်ယူရာနေရာ မဖြစ်ရေးကိုသာ အဓိကထား ဆွေးနွေးနေကြတာပါ။
    “ဆွေးနွေးခဲ့ကြတယ်ဆိုရင်လည်း ဒီကိစ္စကို ကျွန်တော်တို့ မသိပါဘူး။ ဒါဟာ ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်ရမယ့် ကိစ္စပါ” လို့ ဗာဂျီးနီးယား အခြေစိုက် ယဉ်ကျေးမှု အမွေအနှစ် ပြန်လည်ထိန်းသိမ်းရေးအဖွဲ့ Alliance for the Restoration of Cultural Heritage က ယဉ်ကျေးမှုပညာရှင် အဒမ် တစ်ဖန်က ပြောပါတယ်။ တာလီဘန်နဲ့ တွေ့ဆုံဆွေးနွေးမှုမှာ အမေရိကန်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေတဲ့ ဇလ်မေ ခါလီဇဒ်ဟာ ဒီအဖွဲ့ရဲ့ ဒါရိုက်တာအဖြစ် တာဝန်ယူထားသူပါ။
    “သမိုင်းကနေ သင်ယူမှုမရှိရင် ကျွန်တော်တို့ အရူးတွေပဲဖြစ်လိမ့်မယ်” လို့ အမျိုးသားပြတိုက်ရဲ့ ဒါရိုက်တာ မိုဟာမက် ဖာဟင် ရာဟီမီက ပြောကြားခဲ့ပါတယ်။
    တာလီဘန်တွေ ပြန်လည်တန်ခိုးထွားလာမှာကို ရာဟီမီက အလွန်အမင်း စိုးရိမ်နေပြီး ပြတိုက်မှာရှိနေတဲ့ လက်ရာတွေကို ကာကွယ်နိုင်ရေး အစီအစဉ်တွေကိုလည်း သူက ဆွဲနေပါတယ်။
    “ဒါတွေဟာ အစ္စလာမ်နဲ့ မဆန့်ကျင်ဘူးဆိုတာကို သူတို့ နားလည်သဘောပေါက်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘယ်သူကမှ ဒီရုပ်ထုတွေကို ကိုးကွယ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းကို ပြသနေတဲ့ အရာတွေအဖြစ်သာ မှတ်ယူကြတာပါ”
    တာလီဘန်ရုံးရှိတဲ့ ကာတာနိုင်ငံ ဒိုဟာမြို့က ပြတိုက်ကို သွားရောက်ပြီး အနုပညာ လက်ရာတွေကို ဘယ်လိုထိန်းသိမ်းထားလဲဆိုတာ လေ့လာဖို့လည်း တာလီဘန်တွေကို သူက တိုက်တွန်းခဲ့ပါတယ်။
    “ဒီ ၁၈ နှစ်အတွင်းမှာ ကျွန်တော်တို့ အောင်မြင်မှု တော်တော် ရရှိခဲ့ပါတယ်။ သူတို့ အာဏာပြန်ရလာပြီး စိတ်ဓာတ်ကလည်း မပြောင်းဘူးဆိုရင်တော့ နောက်ကြောင်းပြန်ရောက်ပြီး ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေလည်း သွားလိုက်ပါလိမ့်မယ်”
    Hadda ရုပ်တုတွေအားလုံး ပျက်ဆီးသွားတာတော့ မဟုတ်ပါဘူး။ တာလီဘန်တွေရဲ့ ဖျက်ဆီးမှုကို ပြန်လည်ဖော်ထုတ်သိမ်းနေတဲ့ နေရာကနေ တစ်ဘလောက်လောက် ဆင်းသွားလိုက်ရင် ၃ ရာစု၊ ၄ ရာစုလောက်က ထုတားတဲ့ ထိုင်တော်မူ ရုပ်ပွားတော်ကြီးကို ဖူးမြင်ရမှာ ဖြစ်ပါတယ်။
    “ဆိတ်ငြိမ်စွာ တရားအားထုတ်နေပုံ” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ပါ …
    Ref: Alarabiya
    (Alarabiy သတင်းဌာနပါ Afghans restore art shattered by Taliban as peace deal nears ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
  • တာလီဘန်ခေါင်းဆောင် မူလာ အိုမာရ် အမေရိကန် စစ်စခန်းရှေ့တွင်ပင် နေထိုင်သေဆုံးခဲ့
    တာလီဘန်ခေါင်းဆောင် မူလာ အိုမာရ် အမေရိကန် စစ်စခန်းရှေ့တွင်ပင် နေထိုင်သေဆုံးခဲ့
    မတ် ၁၁၊ ၂၀၁၉
    M-Media
    တာလီဘန်ခေါင်းဆောင် မူလာ အိုမာရ်
    – တာလီဘန်အဖွဲ့ကို ပူးတွဲတည်ထောင်သူဖြစ်ပြီး ခေါင်းဆောင်လည်းဖြစ်တဲ့ မူလာ အိုမာရ်ဟာ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေကို အာဖဂန်နစ္စတန်က အမေရိကန် စစ်စခန်းနားမှာပဲ ကုန်ဆုံးခဲ့တယ်လို့ ဒက်ခ်ျဂျာနယ်လစ်တစ်ဦးက ဖွင့်ချလိုက်ပါတယ်။
    ၁၉၈၀ ပြည့်နှစ်တွေက ဆိုဗီယက်ရဲ့ ကျူးကျော်မှုကို တွန်းလှန်တိုက်ခိုက်ခဲ့တဲ့ အာဖဂန် မူဂျာဟစ်ဒင်တွေနဲ့ သွားပေါင်းပြီးတဲ့နောက် အိုမာရ်ဟာ သြဇာအာဏာ ရှိလာခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ တာလီဘန်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ၂ နှစ်အတွင်း မြို့တော် ကဘူးလ်အပါအ၀င် နယ်မြေတော်တော်များများကို သိမ်းပိုက်ခဲ့ပါတယ်။
    ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုပြီးတဲ့နောက် ဘင်လာဒင်ကို လက်ခံပေးထားတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်က အာဖဂန်ကို ၀င်တိုက်ခဲ့ပြီး မူလာ အိုမာရ်ရဲ့ ဦးခေါင်းကို ဆုငွေ ကန်ဒေါ်လာ ၁၀ သန်း ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အိုမာရ်ဟာ ၂၀၁၃ ခုနှစ် ကွယ်လွန်ချိန်အထိ အမေရိကန်ရဲ့ ဖမ်းဆီးခြင်းကို မခံခဲ့ရပါဘူး။
    အမေရိကန်တာဝန်ရှိသူတွေနဲ့ CIA က အိုမာရ်ဟာ ပါကစ္စတန်မှာ ပုန်းအောင်းနေတယ်လို့ ထင်ကြပေမယ့် အမှန်တော့ အမေရိကန်စစ်စခန်းအရှေ့မှာတင် နေထိုင်သွားတာဖြစ်တယ်လို့ ဒက်ခ်ျ ဂျာနယ်လစ် ဘက်တီ ဒမ်က အိုမာရ်ရဲ့ သက်တော်စောင့်တစ်ယောက်ရဲ့ ပြောကြားမှုကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။
    ဒီအကြောင်းကို ဘက်တီရဲ့ မကြာခင်ထွက်မယ့် စာအုပ်မှာ ထည့်သွင်း ရေးသားထားပါတယ်။
    အိုမာရ်ဟာ အမေရိကန်ဝင်လာပြီးတဲ့နောက် ပထမ ၄ နှစ်မှာ ဇဘူလ်ပြည်နယ်က သာမန်အိမ်တစ်လုံးမှာ နေထိုင်ခဲ့ပြီး အဲဒီအိမ်ဟာ အမေရိကန် ရှေ့တန်းစစ်စခန်းနဲ့ တစ်နာရီလောက် လမ်းလျှောက်ရတဲ့ အကွာအဝေးမှာ ရှိပါတယ်။ တစ်ခါက အဲဒီအိမ်ကို အမေရိကန်စစ်သားတွေ ၀င်ရောက်စီးနင်းတဲ့အခါ အိုမာရ်ဟာ တံခါးဝှက်မှာပုန်းပြီး လွတ်မြောက်သွားခဲ့တယ်လို့ သက်တော်စောင့်က ပြောပါတယ်။ နောက်ထပ်ရှေ့တန်းစစ်စခန်းတစ်ခုကို အိမ်နဲ့ သိပ်မဝေးတဲ့နေရာမှာ ထပ်ဆောက်တဲ့အခါ အိုမာရ်ဟာ နောက်ထပ်တစ်နေရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။
    အိုမာရ်ရဲ့ သက်တောင်စောင့်က အဲဒီ ပြောင်းရွှေ့ခဲ့တဲ့နေရာဟာ ဝေးလံတဲ့ ဆူဝါရီခရိုင်မှာ ဖြစ်ပေမယ့် အမေရိကန် ရှေ့တန်းစစ်စခန်း Wolverine ရဲ့ အရှေ့လေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
    ဆူဝါရီမှာ အိုမာရ်တစ်ယောက် ၈ နှစ်တာနေထိုင်ကာ တာလီဘန်ရဲ့ အယူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေ ပေးခဲ့ပေမယ့် စစ်ရေးလှုပ်ရှားမှုတွေ သိပ်မလုပ်ခဲ့ကြောင်း၊ အိမ်တွင်းမှာသာ နေထိုင်နေပြီး အမေရိကန် ကျူးကျော်တာကို မကျေပ်နပ်တဲ့သူတွေ လှူဒါန်းတာတွေနဲ့ စားသောက်နေထိုင်ခဲ့ကြောင်း သက်တောင်စောင့်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    အမေရိကန်လေယာဉ်တွေ၊ ဒရုန်းတွေရဲ့ ထောက်လှမ်းကို ခံရမှာစိုးတဲ့အတွက် အပြင်မထွက်တဲ့ မူလာအိုမာရ်ဟာ ၂၀၁၃ ခုနှစ်မှာ နေမကောင်းဖြစ်ခဲ့ပြီး ဆေးကုသမှုခံယူဖို့ ငြင်းဆန်ခဲ့တာကြောင့် အဲဒီနှစ် ဧပြီလ ၂၃ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ တာလီဘန်က အိုမာရ်သေဆုံးမှုကို ၂ နှစ်ကြာပြီးမှ လက်ခံခဲ့ပါတယ်။
    အာဖဂန်မှာ ၁၀ နှစ်ကျော်ကြာ နေထိုင်သတင်းယူခဲ့တဲ့ ဒက်ခ်ျဂျာနလစ် ဘက်တီ ဒမ်က ဒက်ခ်ျဘာသာစကားနဲ့ ရေးသားပြီး အင်္ဂလိပ်ဘာသာပြန်နဲ့ မကြာခင်ထွက်လာတော့မယ့် ဒီစာအုပ်ပါ အကြောင်းအရာတွေဟာ မူလာ အိုမာရ်ရဲ့ တည်နေရာနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က ထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲနေပါတယ်။ ဘက်တီဒမ်က အမေရိကန်တွေဟာ စစ်ယူနီဖောင်းကြောင့် သတင်းမှန် အနည်းငယ်ကိုသာ ရရှိကြောင်း သူကတော့ သာမန်အရပ်သားလို သွားရောက်တဲ့အတွက် ရတဲ့သတင်းတွေက ကွဲပြားသွားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: RT
  • ၂၀၁၈ ခုနှစ်အတွင်း အာဖဂန်တွင် အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်
    ၂၀၁၈ ခုနှစ်အတွင်း အာဖဂန်တွင် အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်
    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
    M-Media
    ဒဏ်ရာရခဲ့သည့် အာဖဂန်တစ်ဦး ဆေးကုသမှု ခံယူနေစဉ်
    – အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း အရပ်သားသေဆုံးမှု အရေအတွက်ဟာ အမေရိကန်က ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တစ်နှစ်အတွင်း စံချိန်တင်ပမာဏာ ဖြစ်လာခဲ့တယ်လို့ ဒီကနေ့ ကုလက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ၂၀၁၇ ခုနှစ်က အာဖဂန်မှာ အရပ်သားသေဆုံးမှုထက် ၁၁ ရာခိုင်နှုန်း တိုးကာ ၃၈၀၄ ဦး ရှိခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ် ၉၂၇ ဦး ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဒဏ်ရာရသူကတော့ ၇၁၈၉ ဦး ရှိခဲ့ပါတယ်။ တိုင်းပြည်အတွင်း ပဋိပက္ခ ရပ်တန့်ရေးအတွက် အမေရိကန်နဲ့ တာလီဘန်တို့ တနင်္လာနေ့မှာ နောက်တစ်ဆင့်ဆွေးနွေးမှု ပြုလုပ်ဖို့ ရှိနေတဲ့အချိန် ကုလက အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အာဖဂန်မှာ အရပ်သား အနည်းဆုံး ၃၂၀၀၀ လောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူက ၆ သောင်းရှိတယ်လို့လည်း ကုလက ပြောပါတယ်။ တာလီဘန်အဖွဲ့ရဲ့ မဟာမိတ်တွေ၊ IS အကြမ်းဖက်အဖွဲ့တွေက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုဟာလည်း ၂၀၁၈ ခုနှစ်မှာ မြင့်တက်လာခဲ့ပါတယ်။
    ၂၀၁၈ ခုနှစ်အတွင်း အရပ်သားသေဆုံးမှုရဲ့ ၆၃ ရာခိုင်နှုန်းက အာဖဂန်အစိုးရကိုဆန့်ကျင်တဲ့ အဖွဲ့တွေရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး၊ အမေရိကန်နဲ့ အာဖဂန်တပ်ဖွဲ့တွေရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်ကလည်း ပြီးခဲ့တဲ့နှစ်မှာ မြင့်တက်ခဲ့ပါတယ်။
    “လူသားတွေခံစားနေရတဲ့ ဒီဖြစ်ရပ်ဆိုးတွေ၊ ကံမကောင်း အကြောင်းမလှမှုတွေကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။ အရပ်သားတွေ သေဆုံးမှု၊ ထိခိုက်ကျိုးပဲ့မှုတွေကို ရပ်တန့်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက တိုက်ခိုက်မှု ရပ်တန့်ခြင်းပဲ ဖြစ်ပါတယ်” လို့ အာဖဂန်နစ္စတန်ဆိုင်ရာ ကုလကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ တာဒါမီချီ ယာမာမိုတိုက ပြောကြားခဲ့ပါတယ်။
    အရပ်သားတွေ ထိခိုက်ခံစားရတာ လက်ခံနိုင်စရာကိစ္စမျိုး လုံးဝ မဟုတ်ဘဲ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ တင်းမာမှုတွေ ထပ်မံမြင့်တက်မလာရေး ထိထိရောက်ရောက် ဆောင်ရွက်ဖို့လည်း ယာမာမိုတိုက တိုက်တွန်းဆော်သြခဲ့ပါတယ်။
    Ref: Aljazeera