News @ M-Media

Tag: Afghanistan

  • အာဖဂန်အနောက်ပိုင်းရှိ ဗလီတစ်လုံးကို IS အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်

    အာဖဂန်အနောက်ပိုင်းရှိ ဗလီတစ်လုံးကို IS အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်

    မတ် ၂၅၊ ၂၀၁၈
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်မြို့ရှိ ရှီအာဗလီဝတ်ကျောင်းတော်တစ်ခု၏ အပြင်ဘက်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားမှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ‘နဘီ အက္ကရမ်’ ဗလီတ်ကျောင်းတော်ဖြစ်ပြီး ယနေ့မနက်ပိုင်းတွင် အသေခံဗုံခွဲသမား ၂ ဦး ဗလီထဲသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ကာ လုံခြုံရေးများက ပြန်လည်တွန်းလှန်ခဲ့သည်။

    “ပစ်ခတ်မှုတွေအတွင်း တစ်ယောက်သေသွားပြီး၊ နောက်တစ်ယောက်က ဖောက်ခွဲတာကြောင့် ဒဏ်ရာတွေရသွားတာ ဖြစ်ပါတယ်” ဟု အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါတိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်သည်ဟု IS အကြမ်းဖက်အဖွဲ့က ကြေငြာခဲ့သည်။

    အာဖဂန်နစ္စတန်ရှိ ရှီအာမွတ်စလင် လူနည်းစုများမှာ ညှင်းပမ်းနှိပ်စက်ခံရသူများဖြစ်ပြီး နိုင်ငံရှေ့ပိုင်းတွင် ကြီးစိုးနေသည့် IS အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုကိုလည်း ခံနေရသည်။

    မြို့တော်ကဘူးလ်၌ ပါရှန်နှစ်သစ်ကူးပွဲကျင်းပစဉ် IS ၏ ဗုံးခွဲမှုကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့သည့် တိုက်ခိုက်မှုအပြီး ရက်အနည်းငယ်အကြာတွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • IS နှင့် တာလီဘန်အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အာဖဂန်တွင် လူ ၃၀ နီးပါး သေဆုံး

    IS နှင့် တာလီဘန်အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အာဖဂန်တွင် လူ ၃၀ နီးပါး သေဆုံး

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈
    M-Media

    – မြို့တော် ကဘူးလ်ရှိ သံတမန်ရပ်ကွက်အပါအ၀င် အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်းတွင် ယနေ့မနက်ပိုင်းက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး အာဖဂန်စစ်သား ၂ ဒါဇင်နီးပါးနှင့် အခြား လူ ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    နိုင်ငံအနောက်ပိုင်း ဖာရာပြည်နယ် ဘာလာ ဘိုလွက်ခရိုင်တွင် စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခုကို တာလီဘန်တိုက်ခိုက်ရေးသမားများ စီးနင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး အာဖဂန်စစ်သား ၁၈ ဦး သေဆုံးခဲ့ပြီး၊ နိုင်ငံတောင်ပိုင်း ဟဲလ်မန်းပြည်နယ်တွင် အသေခံကားဗုံးခွဲမှုကြောင့် အနည်းဆုံး စစ်သား ၂ ဦး သေဆုံးခဲ့သည်။

    ကဘူးလ်မြိ့ရှိ သံတမန်ရပ်ကွက်တွင် ယနေ့မနက်ပိုင်းက အသေခံကားဗုံးခွဲမှုတစ်ခု ဖြစ်ပွားကာ လူ ၃ ဦး သေဆုံးခဲ့သည်။ IS က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဟု ကြေငြာခဲ့သည်။

    အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နာဂျစ် ဒါနစ်ရှ်က အဆိုပါ အသေခံတိုက်ခိုက်ခိုက်မှုမှာ မြို့တော်ကဘူးလ်ရှိ အစိမ်းရောင်ဇုန်နားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေတိုးဌာနချုပ်၊ အမေရိကန်သံရုံးတို့နှင့် သိပ်မဝေးဟု ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်အတွင်း ဒဏ်ရာရရှိသူမှာ ၆ ဦးရှိပြီး ၂ ဦးမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

    ယခုနှစ်အတွင်း တာလီဘန်နှင့် IS အကြမ်းဖက်အဖွဲ့တို့က တိုက်ခိုက်မှုများကို တိုးမြှင့်ပြုလုပ်လာခဲ့သည်။

    ဇန်န၀ါရီ ၂၁ ရက်နေ့က ကဘူးလ်ရှိ Intercontinental Hotel အား တာလီဘန်က ၀င်ရောက်စီးနင်း တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး၊ ဇန်န၀ါရီ ၂၇ ရက်နေ့က တာလီဘန်တိုက်ခိုက်ရေးသမားတစ်ဦး ကဘူးလ်မြို့လယ်ကောင်၌ အသေခံ ကားဗုံးခွဲမှုကြောင့် အနည်းဆုံး ၁၀၃ ဦး သေဆုံးကာ ၂၃၅ ဦး ဒဏ်ရာရရှိခဲ့သည်။

    နောက်တစ်ရက်အကြာ ဇန်န၀ါရီ ၂၈ ရက်နေ့တွင် ကဘူးလ်ရှိ စစ်တက္ကသိုလ်ကို သေနတ်သမားများက စီးနင်းတိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်၏ အာဖဂန်ဗျူဟာသစ်အတွက် မဟာမိတ်ဟောင်း တာလီဘန်က ဝေဖန်

    အမေရိကန်၏ အာဖဂန်ဗျူဟာသစ်အတွက် မဟာမိတ်ဟောင်း တာလီဘန်က ဝေဖန်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈
    M-Media

    – အမေရိကန်၏ အာဖဂန်ဗျူဟာသစ်ကို တာလီဘန်အဖွဲ့က ဝေဖန်လိုက်ပြီး စစ်ပွဲ နှစ် ၁၀၀ ကြာသွားလည်း ရလဒ်ထွက်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    တာလီဘန်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည့် ၁၀ မျက်နှာပါသော ကြေငြာချက်တွင် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဇဘီအူလာ မူဂျာဟစ်က အမေရိကန်အစိုးရအနေဖြင့် တာလီဘန်နှင့် ဆွေးနွေးရေး အမေရိကန်ပြည်သူများ၊ ငြိမ်းချမ်းရေးမြတ်နိုးသော လွှတ်တော်အမတ်များက တိုက်တွန်းပေးရန် ဆော်သြထားသည်။

    ထရမ့်ကမူ တာလီဘန်အဖွဲ့နှင့် ဆွေးနွေမည်မဟုတ်ဟု ယခင်က ပြောကြားထားသည်။

    အာဖဂန်တွင် အမေရိကန်နှင့် နိုင်ငံခြားသားစစ်သာ ၃၅၄၆ ဦး သေဆုံးမှု၊ ၂၀၁၇ ခုနှစ်တွင် ဘိန်းဖြူထုတ်လုပ်မှု ၈၇ ရာခိုင်နှုန်းအထိ တိုးလာမှုတို့ကို ထောက်ပြကာ လွန်ခဲ့သည့် ၆ လက စတင်ခဲ့သည့် ဗျူဟာမျိုး နောက်ထပ် နှစ် ၁၀၀ ကျင့်သုံးလျှင်လည်း လက်ရှိအနေအထားအတိုင်းသာ ကြုံတွေ့ရမည်ဟုလည်း တာလီဘန်က သတိပေးခဲ့သည်။

    အာဖဂန်တွင် နောက်ထပ် စစ်သား ၃၀၀၀ ကျော် ထပ်ချထားရန်နှင့် ဗျူဟာသစ်ကျင့်သုံးရန် ထရမ့်က ပြီးခဲ့သည့်နှစ်တွင် အမိန့်ပေးခဲ့ပြီး မိမိတို့သာ အဆုံးသတ်နိုင်သည့် ကိစ္စကို မိမိတို့ပင် အဆုံးသတ်သွားမည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ၆ လ ဗျူဟာသစ် စတင်ပြီးကတည်းက လေကြောင်းမှ တိုက်ခိုက်မှု ၇၅၁ ခု ပြုလုပ်ခဲ့သော်လည်း တာလီဘန်လက်ထဲမှ မြေတစ်လက်မကိုပင် သိမ်းယူနိုင်လား၊ သို့မဟုတ် တာလီဘန်က ပိုမို အင်အားကြီးလားသလားဟုလည်း ကြေငြာချက်တွင် မေးခွန်းထုတ်ထားသည်။

    အာဖဂန်တွင် အမေရိကန်က သုံးစွဲခဲ့သည့် ဘီလီယံနှင့်ချီသော ဒေါ်လာများမှာ ပြညသူများ၏ အခွန်ငွေများ ဖြစ်သည်ဟု အမေရိကန်ပြည်သူများကို ရည်ညွှန်း၍ တာလီဘန်က ပြောကြားခဲ့သည်။

    “ယေဘူယျအားဖြင့် ကမ္ဘာကြီးနဲ့၊ အထူးသဖြင့် အာဖဂန်ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမျိုး ခင်ဗျားတို့ လိုချင်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ သမ္မတနဲ့ စစ်ဆာနေတဲ့ လွှတ်တော်အမတ်၊ ပင်တဂွန်တာဝန်ရှိသူတွေ လက်တွေ့ကျတဲ့အခြေအနေကို နားလည်အောင်၊ အာဖဂန်နစ္စတန်နဲ့ပတ်သက်ပြီး ယုတ္တိရှိတဲ့ ပေါ်လစီမျိုး ချမှတ်အောင် လုပ်ခိုင်းပါ” ဟု ကြေငြာချက်က ဆိုသည်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အာဖဂန်အစိုးရနှင့် ဆွေးနွေးရန် တာလီဘန်ကို လက်ကမ်းထားကြောင်း၊ မကြာသေးခင်က ကဘူးလ်မြို့တွင် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၀ သေဆုံးခဲ့သည့် တာလီဘန်များ၏ တိုက်ခိုက်မှုက ယခုစာနှင့် မအပ်စပ်ကြောင်း ပြောကြားခဲ့သည်။

    ၁၉၈၀ ပြည့်နှစ်များတွင် ဆိုဗီယက်က အာဖဂန်နစ္စတန်အား ကျူးကျော်စဉ် အမေရိကန်နှင့် တာလီဘန်မှာ မဟာမိတ်ဖြစ်ပြီး အမေရိကန်က တာလီဘန်အား လက်နက်များ၊ ငွေကြေးများ ထောက်ပံ့ပေးခဲ့သည်။ ဆိုဗီယက်တပ်များ ထွက်ခွာသွားပြီးနောက် အာဖဂန်တွင် တာလီဘန် အာဏာရရှိအောင်လည်း အမေရိကန်ကေ
    ဆာင်ရွက်ပေးခဲ့သည်။

    Ref: RT

  • အာဖဂန်စစ်တက္ကသိုလ်ကို IS က တိုက်ခိုက်မှု စစ်သား ၁၁ ဦး သေဆုံး

    အာဖဂန်စစ်တက္ကသိုလ်ကို IS က တိုက်ခိုက်မှု စစ်သား ၁၁ ဦး သေဆုံး

    ဇန်န၀ါရီ ၂၉၊ ၂၀၁၈
    M-Media

    တိုက်ခိုက်မှုဖြစ်ပွားသည့် စစ်တက္ကသိုလ် အပြင်ဘက်မြင်ကွင်း

    – အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ရှိ စစ်တက္ကသိုလ်တစ်ခုကို IS အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး စစ်သား ၁၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    Marshal Fahim အမျိုးသား ကာကွယ်ရေးတက္ကသိုလ်တွင် ယနေ့မနက် အာရုဏ်တက်အချိန်၌ အာရ်ပီဂျီနှင့် ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသည့် သေနတ်သမားများက ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူမှာ ၁၀၀ ကျော် ရှိနေသည်။

    သေနတ်သမား ၂ ဦးမှာ အသေခံ ဗုံးခွဲခဲ့ပြီး၊ ၂ ဦးကို အာဖဂန်လုံခြုံရေးတပ်ဖွဲ့များက အသေပစ်သတ်နိုင်ခဲ့ကာ အခြားတစ်ဦးကိုမူ လက်ရဖမ်းဆီးမိခဲ့သည်ဟု အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါင်လတ် ၀ါဇီရီက ပြောကြားခဲ့သည်။

    IS က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။

    စနေနေ့က ကဘူးလ်မြို့လယ်ခေါင်တွင် တာလီဘန်အဖွဲ့က လူနာတင်ယာဉ်ဖြင့် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၀၃ ဦး သေဆုံးခဲ့ပြီး ၁၉၁ ဦး ဒဏ်ရာရရှိခဲ့သည်။

    ပြီးခဲ့သည့်လ နှောင်းပိုင်းကတည်းက အာဖဂန်တွင် တာလီဘန်နှင့် IS အဖွဲ့တို့က ပြုလုပ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့သည်။

    Ref: Aljazeera

  • အကြမ်းဖက်တွေကြောင့် သေတမ်းစာနဲ့ အပြင်ထွက်ရတဲ့ဘ၀ ရောက်နေတဲ့ အာဖဂန်ပြည်သူများ

    အကြမ်းဖက်တွေကြောင့် သေတမ်းစာနဲ့ အပြင်ထွက်ရတဲ့ဘ၀ ရောက်နေတဲ့ အာဖဂန်ပြည်သူများ

    ဇန်န၀ါရီ ၂၉၊ ၂၀၁၈
    M-Media

    – မာဂျီဘူလာ ဒက်စ်ယာရဲ့ ပိုက်ဆံအိတ်က အိတ်ကပ်ငယ်လေးထဲမှာ အရေးပေါ်ရင် ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ၊ သူ့ရဲ့ သွေးအမျိုးအစား၊ အလုပ်လိပ်စာတွေကို လက်ရေးနဲ့ရေးထားတဲ့ စာရွက်ပိုင်းတစ်ခု ရှိနေပါတယ်။

    “တိုက်ခိုက်ခံရလို့ ဒဏ်ရာရတာမျိုး၊ သေဆုံးသွားတာမျိုးဖြစ်ခဲ့ရင် အနည်းဆုံး ဆရာဝန်တွေဟာ ကျွန်တော်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိရှိမှာပါ” လို့ သူက အလ်ဂျာဇီးရားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၂၃၅ ဦးလောက် ဒဏ်ရာရခဲ့တဲ့ တာလီဘန်အကြမ်းဖက်အဖွဲ့ရဲ့ စနေနေ့တိုက်ခိုက်မှုအပြီး ကဘူးလ်မှာနေထိုင်သူအများစုလိုပဲ အသက် ၂၈ နှစ်အရွယ် မာဂျီဘူလာတစ်ယောက် မျှော်လင့်ချက်မဲ့နေပါတယ်။

    “စနေနေ့တိုက်ခိုက်မှုအပြီးမှာ ပျောက်ဆုံးနေတဲ့သူတွေ တော်တော်များများရှိနေပြီး သူတို့ရဲ့ ဆွေမျိုးတွေက ရှာဖွေနေကြရတုန်းပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်လည်း ပျောက်သွားခဲ့ပြီး ဆေးရုံမှာ ရှိနေလား၊ အသက်ရှင်သလား ဒါမှမဟုတ် သေပဲသွားပြီလားဆိုတာသိရဖို့ ဆိုရှယ်မီဒီယာမှာ သူ့အကြောင်းကို တင်ထားပါတယ်” လို့ မာဂျီဘူလာက ပြောပါတယ်။

    မြို့တွင်းမှာ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်နေတဲ့အချိန်မှာ အစိုးရ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့ မာဂျီဘူလာဟာ သူ့ရဲ့အခြေအနေနဲ့ပတ်သက်လို့ မိဘတွေကို မကြာခဏ ဖုန်းခေါ်အသိပေးနေပါတယ်။ သူ့မိဘတွေဟာ နိုင်ငံရပ်ခြားမှာပါ။

    “ကျွန်တော့်အတွက် အဖေတို့အမေတို့က တော်တော်စိုးရိမ်နေတာဗျ။ ဒါပေမယ့် ကျွန်တော် မွေးလာကတည်းက စစ်ပွဲကို ကြုံခဲ့ရတာပါ။ ဒါ့ကြောင့် အားလုံးကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ကိုယ့်ကိုယ်ကို ခံစားရပါတယ်။ ဒီလိုပုံစံမျိုးတွေကို အခုအချိန်မှာ ကျွန်တော် အသားကျနေပါပြီ” လို့ မဂျီဘူလာကဆိုပြီး စနေနေ့ဟာ အဆိုးရွားဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုဖြစ်ပွားကတည်းကစလို့ ကဘူးလ်တစ်မြို့လုံးမှာ လူနာတင်ဥသြသံတွေ ဆူညံသွားခဲ့ပါတယ်။

    ကဘူးလ်မှာ တက္ကသိုလ်တက်နေတဲ့ အသက် ၂၀ အရွယ် နိုင်ငံရေးသိပ္ပံကျောင်းသူ ဖာဇီလာ ရှာဟီဒီက လူနာတင်ယာဉ်အသံကြားတိုင်း ဆိုးရွားတဲ့ ဒီပေါက်ကွဲမှုကြီးကို သတိရပြီး ကြောက်ရွံ့နေတုန်းပဲလို့ ဆိုပါတယ်။

    ရှာဟီဒီကလည်း သူ့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရေးသားထားတဲ့ စာရွက်ပိုင်းတစ်ခုကို ဆောင်ထားရပါတယ်။

    မာဂျီဘူလာ၏ အိတ်ကပ်ထဲမှ စာရွက်

    “စာရွက်တစ်ခုကို ပိုက်ဆံအိတ်ထဲမှာ ထည့်ထားပြီး နောက်တစ်ရွက်ကိုတော့ ဂျာကင်အိတ်ထဲမှာ ထည့်ထားပါတယ်။ အတန်းထဲကထွက်တဲ့အခါတိုင်း ဒီနေရာကို ပြန်လာနိုင်ပါ့မလားဆိုတဲ့ မေးခွန်းကို အမြဲတမ်း မေးမိတယ်။ ကျွန်မ အရမ်းငယ်သေးတယ်။ မသေချင်သေးပါဘူး။ မနက်ဖြန်မှာ အသေခံဗုံးခွဲမှုကြောင့် ကျွန်မသေသွားမလားဆို ဘယ်သူမှ မပြောနိုင်ဘူးလေ။ အနည်းဆုံးတော့ ဒီစာရွက်လေးက ကျွန်မမိသားစု၊ သူငယ်ချင်းတွေကို ဆက်သွယ်ဖို့ အကူအညီဖြစ်စေမှာပါ” လို့ သူမက ပြောပါတယ်။

    တိုက်ခိုက်မှုအတွင်း စာတစ်စောင် ပျက်ဆီးသွားရင် နောက်တစ်စောင်ကို ဖတ်နိုင်ဖို့အတွက် နှစ်စောင် ဆောင်ထားရတာဖြစ်တယ်လို့လည်း ရှာဟီဒီက ဆိုပါတယ်။

    နာမည်မဖော်လိုတဲ့ အသက် ၂၅ နှစ်အရွယ် ကဘူးလ်မြို့သားတစ်ယောက်ကလည်း ဒီလိုစာရွက်မျိုး ဆောင်ထားပါတယ်။

    “စိတ်ဓာတ်ကျလာပြီဆိုရင် အဲဒီအကြောင်းနဲ့ပတ်သက်ပြီး နေ့စဉ်မှတ်တမ်းမှာ ကျွန်တော် ချရေးပါတယ်။ ကဘူးလ်က လက်ရှိအနေအထားကို ကြည့်ရင် ကျွန်တော် သက်တမ်းစေ့နေရပါ့မလားဆိုတာ မသိပါဘူး။ မနေ့ကဆို တစ်ညလုံးအိပ်မပျော်ဘူး။ ကျွန်တော် သေသွားရင် ကျွန်တော့်နေ့စဉ်မှတ်တမ်းကို ဖတ်မကြည်ဖို့ မေတ္တာရပ်ခံချက်တစ်ခုကို နေ့စဉ်မှတ်တမ်းရဲ့ ပထမဆုံးစာမျက်နှာမှာ ရေးမယ်လို့ ကျွန်တော် စိတ်ကူးရခဲ့ပါတယ်”

    တကယ်လို့ တိုက်ခိုက်မှုစ်ခုမှာ သူသေဆုံးသွားရင် သူ့ရဲ့ ရုပ်အလောင်းကို ဘယ်လို အကျိုးရှိအောင် သုံးရမလဲဆိုတာကိုလည်း သူက စဉ်စားထားပါတယ်။

    “ကျောင်းသားတွေ လက်တွေ့သင်ကြားမှုမှာ အသုံးပြုနိုင်ဖို့အတွက် ကျွန်တော့်ရုပ်အလောင်းကို ကဘူးလ်ဆေးတက္ကသိုလ်ကို လှူဖို့ မိဘတွေကို ပြောထားပါတယ်”

    ၂၀၁၇ မေလကို ပြန်ပြောင်းကြည့်ခြင်း

    လူပေါင်း ၅ သန်းလောက်နေထိုင်တဲ့ ကဘူးလ်မြို့မှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ အသေခံဗုံးခွဲသမားက ဗုံးတွေဆင်ထားတဲ့ လူနာတင်ယာဉ်ကို ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အဦး၊ ကျောင်း၊ ဆေးရုံ၊ အစိုးရရုံးတွေနဲ့နီးတဲ့နေရာမှာ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။

    ဒီပေါက်ကွဲမှုကြီးဟာ ပြီးခဲ့တဲ့နှစ် မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကို အမှတ်ရစေပါတယ်။ စနေနေ့ကဖြစ်ခဲ့တဲ့ နေရာနဲ့ ၁ ကီလိုမီတာကျော်ကျော်မှာ အဲဒီတုန်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကြီးမားတဲ့ ထရပ်ကားဗုံးဟာ ကဘူးလ်ရဲ့ သံတမန်ရပ်ကွက်မှာ ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၁၅၀ လောက် သေဆုံးခဲ့ပါတယ်။ ဒါဟာ မြို့တော်ကဘူးလ်မှာ အဆိုးဝါဆုံးပေါက်ကွဲမှုပါ။ အခုအချိန်အထိ ဘယ်အဖွဲ့ကမှ ဒီပေါက်ကွဲမှုအတွက် ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။

    “ပြဿနာတွေက ကျွန်တော်တို့ရဲ့ လုံခြုံရေးနစ်မှာကို ရှိနေတာဗျ။ အကြမ်းဖက်သမားတွေ ဒီလိုတိုက်ခိုက်မှုတွေလုပ်ဖို့ ကူညီပေးတဲ့ အတွင်းလူ အမြဲရှိနေတာ။ တိုက်ခိုက်မှုတွေ ပြုလုပ်တဲ့အခါတိုင်း သူတို့ဟာ မတူညီတဲ့နည်းလမ်းတွေကို အသုံးပြုတယ်။ ဒီတစ်ကြိမ်မှာ ဘယ်သူမှ သိပ်မထင်ထားတဲ့ လူနာတင်ယာဉ်ကို အသုံးပြုတယ်” လို့ အာဖဂန် ထောက်လှမ်းရေးနဲ့ စစ်တပ်အရာရှိဟောင်း ဂျာဝစ် ခိုစတာနီကပြောပါတယ်။

    နိုင်ငံတစ်ဝှမ်းက တိုက်ခိုက်မှုတိုင်းမှာ ရဲတပ်ဖွဲ့တွေအပါအ၀င် လုံခြုံရေးဆိုင်ရာ အစိတ်အပိုင်းတွေဟာ မကြာခဏ ပစ်မှတ်ထားခံရပါတယ်။

    ခိုစတာနီကတော့ လက်ရှိခြိမ်းခြောက်မှုဟာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်နိုင်မှုထက် ပိုနေတယ်လို့ ဆိုပါတယ်။

    “ရဲတွေဟာ နေ့တိုင်းလိုလို အသတ်ခံရတယ်။ လခမဖြစ်စလောက်နဲ့ သူတို့ရဲ့မိသားစုတွအတွက် ဘယ်လိုလုံခြုံရေးမျိုးမှ မပေးထားပါဘူး။ လက်ရှိ မြင့်တက်လာတဲ့ တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်ဝါဒတွေကို တန်ပြန်တွန်းလှန်နိုင်တဲ့ ဘယ်လိုလက်နက်မျိုးမှ သူတို့ကို တပ်ဆင်မပေးထားပါဘူး”

    သမ္မတ အက်ရှ်ရက်ဖ်ဂါနီရဲ့ အစိုးရဟာ လုံခြုံရေးတိုးမြှင့်ဖို့ ကြိုးစားနေပေမယ့် တာလီဘန်နဲ့ IS အဖွဲ့တွေ အပါအ၀င် အကြမ်းဖက်အဖွဲ့တွေရဲ့ မြင့်တက်လာတဲ့ တိုက်ခိုက်မှုကို မလှန်နိုင်ပါဘူး။

    ပြီးခဲ့တဲ ၇ ရက်အတွင်း အာဖဂန်တစ်ဝှမ်းမှာ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူပေါင်း ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။

    ဇန်န၀ါရီ ၂၁ ရက်နေ့မှာ လူပေါင်း ၂၀ ကျော် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတစ်ခု ကဘူးလ်မြို့က InterContinental ဟိုတယ်မှာ ဖြစ်ပွားခဲ့ပြီး တာလီဘန်က သူတို့လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

    ဇန်န၀ါရီ ၂၄ ရက်နေ့မှာ IS ဟာ နိုင်ငံအရှေ့ပိုင်း ဂျလာလာဘတ်မြို့က Save The Children ရုံးကို တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပါတယ်။

    ၂၀၁၈ ဇန်န၀ါရီတစ်လတည်းမှာတင် အာဖဂန်ပြည်သူ အနည်းဆုံး ၁၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

    “InterContinental လိုနေရာတွေ၊ သံတမန်ရပ်ကွက်တွေ၊ ကျွန်တော်တို့ အိမ်တွေတောင်မှ တိုက်ခိုက်ခံရနိုင်တယ်ဆိုတာ ကျွန်တော်တို့ဟာ အရမ်းကို အကာကွယ်မဲ့နေတာမျိုး ဖြစ်နေတာပါ။ လုံလောက်တဲ့ လုံခြံရေး မရှိတာဟာ တာလီဘန်နဲ့ IS တို့က တိုက်ခိုက်မှုတွေလုပ်ဖို့ အရမ်းကို လွယ်ကူသွားစေပါတယ်” လို့ မာဂျီဘူလာက ပြောပါတယ်။

    အာဖဂန် ထောက်လှမ်းရေးတာဝန်ရှိသူတွေကတော့ တိုက်ခိုက်မှုတွေအတွက် တာလီဘန်မဟာမိတ် ဟက်ကာနီအဖွဲ့ကို အမြဲတမ်းလိုလို လက်ညှိုးထိုးပါတယ်။ ဟက်ကာနီဟာ ပါကစ္စတန်ထောက်လှမ်းရေး ISI ရဲ့ ထောက်ပံ့မှုနဲ့ ဖွဲ့ထားတယ်လို့လည်း ယုံကြည်နေပါတယ်။

    ဇန်န၀ါရီလအစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မဟာမိတ် ပါကစ္စတန်အနေနဲ့ အာဂဖန်က အကြမ်းဖက်သမားတွေကို ရှင်းလင်းရင်းမှာ အမေရိကန်ကို အကူအညီ သိပ်မပေးဘူးလို့ စွပ်စွဲကာ အကူအညီဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

    ပါကစ္စတန်အာဏာပိုင်တွေကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    “အကြမ်းဖက်သမားတွေကို ပါကစ္စတန်က ထောက်ပံ့မှု မရပ်တန့်ဘူးဆိုရင် အာဖဂန်မှာ ဒီလိုတိုက်ခိုက်မှုတွေ ဘယ်တော့မှ ရပ်တန့်မှာမဟုတ်ပါဘူး။ သင်လျော်တဲ့မဟာဗျူဟာတစ်ခု ရှိလာဖို့အတွက် ပါကစ္စတန်နဲ့ ဆက်ဆံရေးကောင်းတစ်ခုရအောင်လုပ်ဖို့ ကျွန်တော်တို့ လိုအပ်ပြီး အကြမ်းဖက်ဝါဒ လုံးဝ အမြစ်ပြတ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးရမှာပါ”

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် In case I die: Why Afghans keep notes in their pockets ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)