News @ M-Media

Tag: Afghanistan

  • အာဖဂန်မြို့တော်တွင် တာလီဘန်က လူနာတင်ယာဉ်ဖြင့် ဗုံးခွဲမှုကြောင့် လူ ၆၀ ကျော် သေဆုံး

    အာဖဂန်မြို့တော်တွင် တာလီဘန်က လူနာတင်ယာဉ်ဖြင့် ဗုံးခွဲမှုကြောင့် လူ ၆၀ ကျော် သေဆုံး

    ဇန်န၀ါရီ ၂၇၊ ၂၀၁၈
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် တာလီဘန်အဖွဲ့က လူနာတင်ယာဉ်ဖြင့် အသေခံဗုံးခွဲမှု ပြုလုပ်ခဲ့သည့်အတွက်ကြောင့် အနည်းဆုံး လူ ၆၀ ကျော် သေဆုံးပြီး ၇၀ ဒဏ်ရာရရှိခဲ့သည်ဟု အာဖဂန် ကျန်းမာရေးဝန်ကြီး ၀ါဟစ် မဂ်ျရူက ပြောကြားခဲ့သည်။

    ပြည်ထဲရေးဝန်ကြီးဌာန ၀င်ပေါက်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာလီဘန်က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။ အသေခံဗုံးခွဲသမားမှာ လူနာတစ်ဦးပါလာသည်ဟု ပြောဆိုကာ စစ်ဆေးရေးဂိတ်တစ်ခုကို ကျော်လွန်ခဲ့ပြီး ဒုတိယမြောက် စစ်ဆေးရေးဂိတ်တွင် ဖောက်ခွဲခဲ့ခြင်ဖြစ်သည်။

    ပေါက်ကွဲသည့်နေရာတစ်ဝိုက်တွင် အစိုးရရုံးများ၊ စီးပွားရေးလုပ်ငန်းများ၊ စာသက်ကျောင်းတစ်ခုနှင့် ဆေးရုံတစ်ခုတို့ ရှိနေသည်။

    ပြီးခဲ့သည့်တစ်ပတ်ကလည်း တာလီဘန်အဖွဲ့မှာ ကဘူးလ်မြို့ရှိ နာမည်ကြီးဟိုတယ်ဖြစ်သော Intercontinental Hotel တွင် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး လူ ၁၈ ဦး သေဆုံးခဲ့သည်။

    ထိုတိုက်ခိုက်မှုမတိုင်ခင် ရက်အနည်းငယ်အရင်က ဂျလာလာဘတ်ရှိ Save the Children ရုံးကို IS အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃ ဦး သေဆုံးခဲ့သည်။

    Ref : Aljazeera

  • အာဖဂန်မြို့တော်ရှိ ဇိမ်ခံဟိုတယ်တစ်ခုကို သေနတ်သမားများက တိုက်ခိုက်

    အာဖဂန်မြို့တော်ရှိ ဇိမ်ခံဟိုတယ်တစ်ခုကို သေနတ်သမားများက တိုက်ခိုက်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၈
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ Intercontinental Hotel ကို သေနတ်သမားများက ၀င်ရောက်စီးနင်းခဲ့ပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ကဘူးလ်ရှိ အကြီးဆုံး ဇိမ်ခံဟော်တယ်များမှ တစ်ခုဖြစ်သော အဆိုပါ ဟိုတယ်ကို သေနတ်သမားများက ယမန်နေ့ညနေပိုင်းတွင် ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အာဖဂန် အထူးတပ်ဖွဲ့ဝင်များ၏ ရှင်းလင်းမှုမှာ ၁၆ နာရီ ကြာမြင့်ခဲ့ကာ သေနတ်သမားများကို အသေပစ်သတ်နိုင်ခဲ့သည်။

    အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဂျစ် ဒါနစ်ရှ်က နိုင်ငံခြားသား ၄၁ ဦး အပါအ၀င် ၁၅၃ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်မယူသေးပေ။

    ကဘူးလ်ရှိ အမေရိကန်သံရုံးက လက်နက်ကိုင်တပ်ဖွဲ့များမှာ မြို့တွင်းရှိ ဟိုတယ်များကို တိုက်ခိုက်ရန် စီစဉ်နေသည်ဟု သတိပေးချက် ထုတ်ပြန်ပြီး ရက်အနည်းငယ်အကြာတွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

    ကဘူးလ်မြို့အား အပေါ်စီးမှ လှမ်းမြင်နေရသည့် တောင်ကုန်းပေါ်တွင်ရှိသော Intercontinental Hotel မှာ အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံခြားသားများ နှစ်သက်ရာ ဟိုတယ်ဖြစ်သောကြောင့် များသောအားဖြင့် လုံခြုံရေး ထူထပ်စွာ ချထားလေ့ ရှိသည်။

    ၂၀၁၁ ခုနှစ်ကလည်း တာလီဘန် တိုက်ခိုက်ရေးသမာများနှင့် အသေခံဗုံးခွဲသမားများ အဆိုပါဟိုတယ်သို့ ၀င်ရောက်တိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera

  • IS အကြမ်းဖက်အဖွဲ့က ကဘူးလ်ရှိ ရှီအာယဉ်ကျေးမှုစင်တာကို ဗုံးခွဲ၊ လူ ၄၀ သေဆုံး

    IS အကြမ်းဖက်အဖွဲ့က ကဘူးလ်ရှိ ရှီအာယဉ်ကျေးမှုစင်တာကို ဗုံးခွဲ၊ လူ ၄၀ သေဆုံး

    ဒီဇင်ဘာ ၂၈၊ ၂၀၁၇
    M-Media

    – မြို့တော်ကဘူးလ်ရှိ ရှီအာမွတ်စလင်များ၏ ယဉ်ကျေးမှုးစင်တာအား IS အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၄၀ ခန့် သေဆုံးခဲ့သည်ဟု အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    Afghan Voice သတင်းအေဂျင်စီ၊ Tebyan ယဉ်ကျေးမှုစင်တာနှင့် ဓမ္မသင်တန်းကျောင်းတစ်ခုတို့ တွဲ၍ ဖွင့်လှစ်ထားသော အဆိုပါအဆောက်အဦးမှာ ယနေ့မနက်အစောပိုင်းက အသေခံ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

    တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် Tebyan စင်တာ၌ ဆိုဗီယက်က အာဖဂန်အား ကျူးကျော်သိမ်းပိုက်မှု ၃၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန်ဖြစ်ပြီး သေဆုံးသူအများစုမှာ ထိုအခမ်းအနားသို့ တက်ရောက်လာသူများဖြစ်ကာ အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်သည်။

    IS က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု Amaq ၀ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

    အာဖဂန်သမ္မတ အရှ်ရက်ဖ်ဂါနီက အဆိုပါ တိုက်ခိုက်မှုမှာ ‘လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု’ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အကြမ်းဖက်သမားတွေဟာ ကျွန်တော်တို့ရဲ့ ဗလီဝတ်ကျောင်းတွေ၊ မြင့်မြတ်တဲ့နေရာတွေကို တိုက်ခိုက်ခဲ့ပြီး အခု ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုစင်တာကို တိုက်ခိုက်လာပါတယ်” ဟု သမ္မတက ဆိုသည်။

    ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ မူရှ်တက် ရာဟင်က IS မှ ၎င်းတို့အကြောင်း မီဒီယာက လှိုင်လှိုင်ဖော်ပြစေရန် ထိုကဲ့သို့ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အာဖဂန် ဂျာနယ်လစ် ဘေးအန္တရာယ်ကင်းရှင်းရေးကော်မတီ (AJSC) က တိုက်ခိုက်မှုကို အပြင်းထန်ဆုံးအနေအထားဖြင့် ရှုတ်ချသည်ဟု ထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • ဥရောပ၏ ထိပ်တန်းစက်ရုပ်ပြိုင်ပွဲတွင် အာဖဂန်ကျောင်းသူအဖွဲ့ ချန်ပီယံဖြစ်

    ဥရောပ၏ ထိပ်တန်းစက်ရုပ်ပြိုင်ပွဲတွင် အာဖဂန်ကျောင်းသူအဖွဲ့ ချန်ပီယံဖြစ်

    ဒီဇင်ဘာ ၃၊ ၂၀၁၇
    M-Media

    – အာဖဂန်က လူငယ်အမျိုးသမီး စက်ရုပ်အဖွဲ့ဟာ ဥရောပရဲ့ အကြီးဆုံး စက်ရုပ်ပြိုင်ပွဲမှာ ထိပ်တန်းဆုတစ်ခုကို ရရှိခဲ့ပါတယ်။

    Robotex လို့ခေါ်တဲ့ အဲဒီ စက်ရုပ်ပြိုင်ပွဲကို အက်စတိုးနီးယားနိုင်ငံ တာလင်းမြို့မှာ နိုဝင်ဘာ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဒီအမျိုးသမီးငယ်တွေဟာ ထူးခြားဆန်းသစ်ပြီး လက်တွေ့မှာ အသုံးပြုနိုင်မယ့် စက်ရုပ်တွေကို ဖန်တီးတည်ဆောက်ပြရတဲ့ Entrepreneur Challenge ကဏ္ဍမှာ ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။

    ၆ ဦးပါဝင်တဲ့ သူတို့အဖွဲ့ဟာ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်အရွယ်သာရှိသေးတဲ့ အထက်တန်း ကျောင်းသူတွေဖြစ်ပြီး အသေးစားလယ်သမားတွေ အသုံးပြုနိုင်မယ့် နေစွမ်းသုံး စက်ရုပ်တစ်ခုကို တီထွင်ဖန်တီးကာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဆုတွေကိုတော့ တက်ရောက်လာသူတွေက မဲပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မှာ ပြုလုပ်ခဲ့တဲ့ First Global Challenge စက်ရုပ်ပြိုင်ပွဲဝင်ရောက်ဖို့အတွက် ဇူလိုင်လမှာ အမရိကန်ဗီဇာ ငြင်းပယ်ခံရပြီးတဲ့နောက် အဲဒီ အာဖဂန်အမျိုးသမီးငယ်အဖွဲ့ကို ကမ္ဘာက အာရုံစိုက်မှု မြင့်တက်လာခဲ့ပါတယ်။

    အမေရိကန်ဟာ နောက်ပိုင်းမှာ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ပြည်ဝင်ခွင့်ပေးခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ စက်ရုပ်တည်ဆောက်ဖို့ ၂ ပတ်သာ အချိန်ရခဲ့တဲ့ သူတို့ဟာ ကြိုးပမ်းအားထုတ်မှုဆိုင်ရာမှာ ဒုတိယဆု ရရှိခဲ့ပါတယ်။

    Re: Alarabiya

  • ကဘူးလ်ရှိ ရုပ်သံဌာနကို လက်နက်ကိုင်များ ၀င်ရောက်တိုက်ခိုက်

    ကဘူးလ်ရှိ ရုပ်သံဌာနကို လက်နက်ကိုင်များ ၀င်ရောက်တိုက်ခိုက်

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    ပိတ်မိနေသူများကို အာဖဂန် လုံခြုံရေးတပ်ဖွဲ့များက ကယ်ထုတ်နေစဉ်

    – အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ ရုပ်သံဌာနတစ်ခုကို ယနေ့တွင် လက်နက်ကိုင်များက ၀င်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ရဲဝတ်စုံဝတ်ဆင်ထားသူများမှာ ရုပ်သံဌာန ဂိတ်ပေါက်ဝတွင် ဗုံးခွဲကာ အတွင်းသို့ ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ လုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးဘဲ ယခင်က ထိုကဲ့သို့ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ဖူးသည့် တာလီဘန်အဖွဲ့က ၎င်းတို့လက်ချက်မဟုတ်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    စီးနင်းတိုက်ခိုက်မှုမှာ တစ်နာရီကြာ ဖြစ်ပွားခဲ့သည်။

    အာဖဂန်တွင် ဂျာနယ်လစ်များအပေါ် ခြိမ်းခြောက်မှုများမှာ မြင့်တက်လာခဲ့ပြီး မေလအတွင်းက နိုင်ငံအရှေ့ပိုင်း ဂျလာလာဘ်မြို့ရှိ တီဗီနှင့် ရေဒီယိုဌာနအား တိုက်ခိုက်မှုအတွင်း အနည်းဆုံး ဂျာနယ်လစ် ၆ ဦး သေဆုံးခဲ့သည်။

    ၂၀၁၆ ခုနှစ်အတွင်း အာဖဂန်တွင် အနည်းဆုံး ဂျာနယ်လစ် ၁၃ ဦး အသတ်ခံခဲ့ရသည်။

    Ref: Aljazeera