News @ M-Media

Tag: Afghanistan

  • အာဖဂန်တွင် တာလီဘန်နှင့် IS ပေါင်းကာ အရပ်သားများကို သတ်ဖြတ်မှု ဖြစ်လာ

    အာဖဂန်တွင် တာလီဘန်နှင့် IS ပေါင်းကာ အရပ်သားများကို သတ်ဖြတ်မှု ဖြစ်လာ

    သြဂုတ် ၂၁၊ ၂၀၁၇
    M-Media

    – သြဂုတ်လအစာပိုင်းက အာဖဂန်မြောက်ပိုင်း ဆာရီပူလ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အရပ်သားများအား တိုက်ခိုက်မှုများကို IS နှင့် တာလီဘန်တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ကုလက ပြောကြားလိုက်သည်။

    ဆယဒ်ခရိုင်ရှိ မီရ်ဇာဝါလန် ရှီအာရွာတွင် အနည်းဆုံး လူ ၃၆ ဦး သတ်ဖြတ်ခံရမှုကို အာဖဂန်ရှိ ကုလအဖွဲ့ UNAMA က စုံစမ်းရာတွင် တာလီဘန်နှင့် IS အဖွဲ့ဟု မိမိတို့ကိုယ်ကို ကြေငြာထားသည့် အဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့က ကုလမှ ထုတ်ပြန်ခဲ့သည်။

    သေဆုံးသူထက်ဝက်ကျော်မှာ အစိုးရကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်အဖွဲ့နှင့် ထိုဒေသကို သိမ်းပိုက်ရန် ကြိုးစားသည့် တာလီဘန်တို့အကြား တိုက်ခိုက်မှုနောက်ပိုင်း သြဂုတ်လ ၅ ရက်နေ့က ထွက်ပြေးရာတွင် အသတ်ခံရခြင်း ဖြစ်သည်။

    အာဖဂန်တာဝန်ရှိသူများက IS နှင့် တာလီဘန်အဖွဲ့များ ပူးပေါင်းပြုလုပ်သည့် တိုက်ခိုက်မှုအတွင်း ခေါင်းဖြတ်ခြင်းအပါအ၀င် ရွာသား ၅၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ကုလ၏ စုံစမ်းစစ်ဆေးမှုအရ အမျိုးသမီးတစ်ဦး၊ ဆယ်ကျော်သက် ယောက်ျားလေး ၄ ဦးနှင့် အသက် ၆၀ ကျော် အမျိုးသား ၁၃ ဦးအပါဝအင် အရပ်သား ၂၇ ဦးထက်မနည်း အသတ်ခံရသည်ဟု သိရသည်။ သေဆုံးသူများတွင် အစိုးရလိုလားသည့် ပြည်သူ့စစ်အဖွဲ့ဝင် အနည်းဆုံး ၇ ဦး၊ ဒေသတွင်း ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် အာဖဂန်စစ်သားတစ်ဦးတို့လည်း ပါဝင်သည်။

    ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်ဆိုသည့် သတင်းများကို UNAMA အဖွဲ့က အတည်ပြုနိုင်ခြင်းမရှိပေ။

    Ref: Aljazeera

     

  • IS ၏ တိုက်ခိုက်မှုကြောင့် အာဖဂန် စက်ရုပ်အဖွဲ့ခေါင်းဆောင်၏ ဖခင် သေဆုံး

    IS ၏ တိုက်ခိုက်မှုကြောင့် အာဖဂန် စက်ရုပ်အဖွဲ့ခေါင်းဆောင်၏ ဖခင် သေဆုံး

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    ဖာတီမဟ် ကွာဒါရ်ယန် (ယာအစွန်)

    – အမေရိကန်စက်ရုပ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် အာဖဂန် အမျိုးသမီး စက်ရုပ်အသင်းခေါင်းဆောင်၏ ဖခင်ဖြစ်သူမှာ အင်္ဂါနေ့က IS အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု သိရသည်။

    ဟီရတ်မြို့ရှိ ရှီအာဗလီတစ်လုံးအား အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ဖာတီမဟ် ကွာဒါရ်ယန်မှာ ထိုဖြစ်ရပ်အတွက် ‘စိတ်ဆိုးကာ၊ ကြေကွဲဝမ်းနည်းနေသည်’ ဟု နည်းပြဖြစ်သူ အလီ ရီဇာ မဟရ်ဘန်က ပြောကြားခဲ့သည်။

    “ဖာတီမဟ်ရဲ့အဖေဟာ ဒဏ်ရာရရှိပြီး သေဆုံးသွားပါတယ်။ သူမဟာ တော်တော် စိတ်ထိခိုက်နေပြီး အစာလည်း မစားဘူး၊ ဘယ်သူ့ကိုမှလည်း စကားမပြောပါဘူး။ သူဟာ အင်တန်မှ ခက်ခဲတဲ့အချိန်ကို ဖြတ်ကျော်နေရတာပါ” ဟု အလီ ရီဇာက ပြောကြားခဲ့သည်။

    ရှီအာဗလီအား တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၃၆ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

    ဇူလိုင်လက The First Global နှင့် အင်တာဗျူးတွင် ကွာဒါရ်ယန်က ဖခင်ဖြစ်သူမှာ သူမအား အလွန် ပံ့ပိုးကူညီပေးခဲ့သည်ဟု ဖြေကြားခဲ့သည်။

    ၎င်းတို့အဖွဲ့မှာ အမေရိကန်ဝင်ခွင့်ဗီဇာကို ၂ ကြိမ်တိုင်တိုင် ပယ်ချခံခဲ့ရပြီး နိုင်ငံတကာက ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဗီဇာရရှိခဲ့သည်။ နိုင်ငံပေါင်း ၁၅၀ ကျော်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အဆိုပါ ပြိုင်ပွဲတွင် ရဲစွမ်းသတ္တိရှိမှုအတွက် ငွေတံဆိပ်ဆု ရရှိခဲ့ပြီး၊ ဒိုင်လူကြီးများကလည်း ၎င်းတို့၏ အားထုတ်မှုများအတွက် ချီးကျူးခဲ့သည်။

    အာဖဂန်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့များ၏ တုန့်ပြန်မှု အားနည်းခြင်းအတွက် ပြည်သူများက ဆန္ဒပြခဲ့ကြသည်။

    Ref: Aljazeera

     

  • လူနည်းစုကို မကာကွယ်ပေးသည့် ရဲတပ်ဖွဲ့နှင့် အစိုးရကို အာဖဂန်ပြည်သူများ ဆန္ဒပြ

    လူနည်းစုကို မကာကွယ်ပေးသည့် ရဲတပ်ဖွဲ့နှင့် အစိုးရကို အာဖဂန်ပြည်သူများ ဆန္ဒပြ

    သြဂုတ် ၂၊ ၂၀၁၇
    M-Media

    ယနေ့ဈာပနအခမ်းအနားကို တက်ရောက်ခဲ့သည့် ရှီအာပြည်သူများ

    – မနေ့က ရှီအာဗလီဝတ်ကျောင်းတော်မှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ သေဆုံးသွားကြသူတွေကို ဒီနေ့ မြှုပ်နှံမှုအပြီး အာဖဂန်ပြည်သူတွေက ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ် ဟီရတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ ၄၈ နာရီအတွင်း အာဖန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ပြီး အနည်းဆုံး ရှီအာဝတ်ပြုသူ ၂၉ ဦး သေဆုံးခဲ့ပါတယ်။

    သေဆုံးသွားသူတွေကို ဒီနေ့မှာ မြှုပ်နှံသင်္ဂြီုဟ်ပြီးနောက်ပိုင်းမှာ လူနည်းစုတွေကို ကာကွယ်မပေးနိုင်တဲ့ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

    ဗလီဝတ်ကျောင်းတော်အတွင်း ဖောက်ခွဲမှု မပြုလုပ်ခင်မှာ သေနတ်သမား ၂ ဦးဟာ ဗလီဝတ်ကျောင်းတော် အပြင်ဘက်က လုံခြုံရေးအစောင့် ၂ ယောက်ကို ပစ်သတ်ခဲ့ပြီး နောက်ပိုင်းမှာ ဗလီအတွင်းက ၀တ်ပြုသူတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။

    ဟီရတ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျီလာနီ ဖာရ်ဟဒ်က ဒဏ်ရာရသူတွေဟာ ၆၀ ကျော်လောက် ရှိတဲ့အတွက် သေဆုံးသူအရေအတွက် တိုးလာမယ်ဆိုတဲ့ စိုးရိမ်မှုတွရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပစ်ခတ်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ မိုဟာမက် ဂျာဝဒ် အေမစ်က ရဲတပ်ဖွဲ့နဲ့ အစောင့်တွေဟာ သေနတ်သမားတွေကို တုန့်ပြန်ပစ်ခတ်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

    “လူတွေက အော်ပြီး၊ ပြေးကြတယ်။ အကြည့်တွေအားလုံးက ရဲတပ်ဖွဲ့နဲ့ အစောင့်တွေဆီရောက်သွားပါတယ်။ သူတို့ကတော့ ပြန်မပစ်ပါဘူး။ အမိန့်မရလို့မပစ်တာလို့ သူတို့က ပြောပါတယ်။ ရဲဆိုရင် အခင်းဖြစ်တဲ့နေရာက ထွက်ပြေးသွားပါတယ်” လို့ အေမစ်က ပြောကြားခဲ့ပြီး သေနတ်သမား ၄ ယောက်မှာ ၂ ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

    တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ဟီရတ်မြို့သားတွေဟာ ရဲတပ်ဖွဲ့ရဲ့ တုန့်ပြန်မှု အားနည်းတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ခဲ့ကာ၊ ရဲကင်းတွေလည်း မီးရှို့ခံခဲ့ရပါတယ်။

    ဒီနေ့ပြုလုပ်ခဲ့တဲ့ ချီတက်ဆန္ဒပြမှုမှာ ပြည်သူတွေက လူနည်းစုတွေကို ပိုမိုကာကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပြီး၊ ဆန္ဒပြပွဲကို ဦးစီးခဲ့တဲ့ ဂျာဝဒ်က ဒီချီတက်မှုမှာ ရှီအာနဲ့ စွန်နီမွတ်စလင်တွေ အတူပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ အစိုးရကတော့ လုံခြုံရေးကို ထူထပ်စွာ ချထားခဲ့ပါတယ်။

    “ဟီရတ်က စည်းလုံးပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့တဲ့အခါ စွန်နီမွတ်စလင်တွေ တော်တော်များများက လိုအပ်တဲ့သွေးကို လှူဒါန်းခဲ့ပါတယ်။ လူတိုင်းက စိတ်ဆိုးနေကြတာဗျ။ ရှီအာ၊ စွန်နီဆိုတာတွေကို အခုအချိန်မှာ ဘယ်သူမှ ဂရုမစိုက်ဘူး။ ဒီအကြမ်းဖက်သမားတွေက ကျွန်တော်တို့အားလုံးကို ပစ်မှတ်ထားနေတာ”

    ရှီအာဗလီဝတ်ကျောင်းတော်ကို တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်မယူသေးပေမယ့် တနင်္လာနေ့က မြို့တော်ကဘူးလ်မှာ ဖြစ်ပွားခဲ့ပြီး အာဖဂန် လုံခြုံရေးအစောင့် ၂ ဦး သေဆုံးခဲ့တဲ့ အီရတ်သံရုံးတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS က ပြောဆိုခဲ့ပါတယ်။

    ဒီနေ့မနက် ကန်ဒါဟာမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို တာလီဘန်က သူတို့လုပ်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မနေ့က ဟဲလမန်ပြည်နယ်နဲ့ ပက်တီယာပြည်နယ်တွေမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    Ref: Aljazeera

  • အာဖဂန်စစ်စခန်းတစ်ခုကို တာလီဘန်က တိုက်ခိုက်မှုကြောင့် လူ ၂၀ ကျော် သေဆုံး

    အာဖဂန်စစ်စခန်းတစ်ခုကို တာလီဘန်က တိုက်ခိုက်မှုကြောင့် လူ ၂၀ ကျော် သေဆုံး

    ဇူလိုင် ၂၆၊ ၂၀၁၇
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ်ရှိ စစ်စခန်းတစ်ခုကို တာလီဘန်က တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    ခက်ရက်ဇ်ခရိုင်တွင် အင်္ဂါနေ့ညနေပိုင်းက ဖြစ်ပွားခဲ့သော ထိုအဖြစ်အပျက်အတွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ စစ်သား ၂၁ ဦးပျောက်ဆုံးနေပြီး ၇ ဦးမှာလည်း ပြန်ပေးဆွဲခံထားရသည်။

    တာလီဘန်ကမူ ၎င်းတို့၏ တိုက်ခိုက်မှုအတွင်း စစ်သား အနည်းဆုံး ၇၀ သေဆုံးပြီး စစ်သုံးယာဉ်များ၊ ပစ္စည်းကိရိယာများ၊ စက်ပစ္စည်းများနှင့် လက်နက် အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ တာလီဘန်မှာ ယခုနှစ်အတွင်း အာဖဂန်စစ်တပ် အဆောက်အဦးများကို တိုးမြှင့်တိုက်ခိုက်လာခဲ့သည်။

    ဧပြီလကလည်း နိုင်ငံမြောက်ပိုင်း မာဇာရ် အီ ရှရစ်ဖ်မြို့ရှိ စစ်အခြေစိုက်စခန်းကို တာလီဘန်များက တိုက်ခိုက်မှုကြောင့် စစ်သား ၁၄၀ ကျော် သေဆုံးခဲ့ပြီး၊ အာဖဂန်စစ်တပ်အပေါ် တာလီဘန်၏ အဆိုးဝါးဆုံး တိုက်ခိုက်မှုများမှ တစ်ခုဖြစ်သည်။

    အမေရိကန် စောင့်ကြည့်အဖွဲ့တစ်ခုဖြစ်သည့် SIGAR က အာဖဂန်လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရမှုမှာ ၂၀၁၆ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၆၈၀၀ သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အာဖဂန်နှင့် ပါကစ္စတန်တို့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား

    အာဖဂန်နှင့် ပါကစ္စတန်တို့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား

    ဇူလိုင် ၂၄၊ ၂၀၁၇
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့နှင့် ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့တို့၌ ယနေ့တွင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် လူအများအပြား သေဆုံးခဲ့သည်ဟု သိရသည်။

    ကဘူးလ်မြို့တွင် အစိုးရ ရေနံနှင့် သတ္ထုတွင်းဝန်ကြီးဌာနမှ လုပ်သားများ တင်ဆောင်လာသည့် ဘတ်စ်ကားမှာ အသေခံ ကားဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့သည်။ ယနေ့မနက် ၇ နာရီခန့်တွင် ဖြစ်ပွားသော အဆိုပါ တိုက်ခိုက်မှုအတွက် တာလီဘန်က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။

    တိုက်ခိုက်မှုကြောင့် ဘတ်စ်ကားအပါအ၀င် အခြားကားများ၊ ပတ်ဝန်းကျင်ရှိဆိုင်များ ပျက်ဆီးခဲ့ကြောင်း ဒဏ်ရာရသူများတွင် ကလေးများ ပါဝင်ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့အကြီးအကဲ ဘဆီရ် မူဂျာဟစ်က ပြောကြားခဲ့သည်။ သေဆုံးဒဏ်ရာမှုစာရင်းမှာ တိုးလာဖွယ်ရှိနေသည်။

    ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့က ကဘူးလ်မြို့ရှိ ဟာဇရာရပ်ကွက်တွင် အသေခံဗုံးခွဲမှုတစ်ခုကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုအတွက် ယနေ့တွင် ဆန္ဒပြရန် စီစဉ်နေစဉ် ထိုနေရာ၌ပင် တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    လာဟိုးရ် ပေါက်ကွဲမှု

    ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့ရှိ Lahore Technology Park အနီး ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံခဲ့ပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့သည်။

    ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အဆိုပါအဖြစ်အပျက်မှာ အသေခံဗုံးခွဲမှု ဖြစ်နိုင်ပြီး သေဆုံးသူများတွင် ရဲတပ်ဖွဲ့များလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

    ဧပြီလကလည်း လာဟိုးရ်မြို့တွင် သန်းခေါင်စာရင်းကောက်ယူသည့် ၀န်ထမ်းများကို တင်ဆောင်လာသော ကားတစ်စီး အသေခံဗုံးခွဲခံရမှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့သည်။

    လာဟိုးရ်မြို့လယ်ကောင်တွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်သော ဆန္ဒပြမှုတွင် လုံခြုံရေးယူပေးထားသည့် ရဲတပ်ဖွဲ့ဂိတ်ကို ပစ်မှတ်ထားသော အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၃ ဦးသေဆုံးခဲ့သည်။

    Ref: Aljazeera