News @ M-Media

Tag: Afghanistan

  • တာလီဘန်က ယာယီအာဖဂန်အစိုးရအဖွဲ့ကို ထုတ်ပြန်ကြေငြာ

    တာလီဘန်က ယာယီအာဖဂန်အစိုးရအဖွဲ့ကို ထုတ်ပြန်ကြေငြာ

    စက်တင်ဘာ ၈၊ ၂၀၂၁
    M-Media

    -ဩဂုတ်လ အလယ်ပိုင်းလောက်ကတည်းက အာဖဂန်နစ္စတန်ကို သိမ်းပိုက်ထားတဲ့ တာလီဘန်ဟာ မနေ့က အစိုးရအဖွဲ့ကို ပထမဆုံး ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    အစိုးရအဖွဲ့ကို မူလာ မိုဟာမက် ဟာဆန် အခွန်က ဝန်ကြီးချုပ်အဖြစ် ဦးဆောင်မှာဖြစ်ပါတယ်။ အခွန်ဟာ တာလီဘန်အဖွဲ့ကို တည်ထောင်သူ မူလာအိုမာရ်ရဲ့ အနီးကပ်အကြံပေးဖြစ်ပါတယ်။

    အခုထုတ်ပြန်လိုက်တဲ့ အစိုးရအဖွဲ့ထဲမှာ တာလီဘန်ခေါင်းဆောင်တွေသာ ရာထူးယူထားပြီး တစ်ခြားနိုင်ငံရေးအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ လူမျိုးစုကိုယ်စားလှယ်တွေ မပါဝင်ပါဘူး။

    တာလီဘန်ရဲ့ နိုင်ငံရေးအကြီးအကဲဖြစ်ပြီး အမေရိကန်နဲ့ ညှိနှိုင်းတဲ့အဖွဲ့ကို ဦးဆောင်တဲ့ အဘ်ဒူ ဂနီ ဘရာဒါက ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှာပါ။

    တာလီဘန်ရဲ့ မဟာမိတ်အဖွဲ့ ဟက်ကာနီကွန်ယက်ကို တည်ထောင်သူရဲ့သား ဆီရာဂျူဒင် ဟက်ကာနီက ပြည်ထဲရေးဝန်ကြီးဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးနေရာကို မူလာအိုမာရ်ရဲ့သား မူလာ မိုဟာမက် ယာကွဘ်က ရယူထားပါတယ်။

    တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ်က ​အာဖဂန်နစ္စတန်ဟာ အစ္စလာမ့်မစ်အီမရိတ်နိုင်ငံဖြစ်ပြီး၊ တိုင်းပြည်ကို ရှရီအာ ဥပဒေအတိုင်း အုပ်ချုပ်သွားမယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အခုအစိုးရအဖွဲ့ဟာ ယာယီအစိုးရအဖွဲ့ဖြစ်တယ်လို့ မူဂျာဟစ်ကဆိုပြီး သက်တမ်းဘယ်လောက်ရှိမလဲ၊ ရွေးကောက်ပွဲလုပ်ပြီး အမြဲတမ်းအစိုးရအဖွဲ့ ပြန်ဖွဲ့မှာလားဆိုတာတွေကို အသေးစိတ် မပြောခဲ့ပါဘူး။

    တာလီဘန်က အခုထုတ်ပြန်လိုက်တဲ့ အာဖဂန်အစိုးရတစ်ဖွဲ့လုံးကို တာလီဘန် ဘာသာရေးခေါင်းဆောင် အဓိပတိ ဟိုက်ဘာသူလာ အခွန်ဇာဒါက ထိန်းချုပ်မှာဖြစ်ပြီး၊ သူ့ရဲ့အမိန့်ကိုသာ နာခံရမှာ ဖြစ်ပါတယ်။

    ဟာဆန် အခွန်က ဘယ်သူလဲ

    တာလီဘန်အစိုးရအဖွဲ့ကို ဦးဆောင်မယ့် မူလာ မိုဟာမက် ဟာဆန် အခွန်ဟာ တာလီဘန်ရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ Rehbari ရှူရာကောင်စီ အကြီးအကဲ ဖြစ်ပါတယ်။

    ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် တာလီဘန်တွေ အာဖဂန်နစ္စတန်ကို အုပ်စိုးစဉ်မှာ ဟာဆန် အခွန်ဟာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။

    ဟာဆန်အခွန်ဟာ တာလီဘန်ကိုတည်ထောင်သူ မူလာအိုမာရ်နဲ့ အနီးကပ်ရှိခဲ့သူဖြစ်ပြီး လက်ထောက် လူယုံတစ်ဦးလည်းဖြစ်ပါတယ်။ တာလီဘန် ပေါ်ပေါက်လာရာ ကန်ဒါဟာဒေသသားပါ။

    အဖွဲ့အတွင်းမှာ ဩဇာကြီးသလို၊ လေးစားခံရပြီး အဓိပတိ ဟိုက်ဘာသူလာရဲ့ ယုံကြည်မှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

    ဟာဆန်အခွန်ဟာ အသက် ၆၀ ကျော်အရွယ်ရှိပြီး ဘာသာရေးထက် နိုင်ငံရေးဖက် ပိုယိမ်းကာ စစ်ရေးဆိုင်ရာကိစ္စတွေကို ပိုမိုကိုင်တွယ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ခေတ်သစ် အာဖဂန်နစ္စတန်ကို တည်ထောင်သူ အဟ်မဒ်ရှား ဒူရာနီရဲ့မျိုးဆက်က ဆင်းသက်လာတာဖြစ်ပြီး အာဖဂန်ရဲ့ လူများစု ပက်ရှ်သွန်လူမျိုးဖြစ်ပါတယ်။

    Ref: Aljazeera

  • ဖိနှိပ်ညှင်းပမ်းနေသည့် တရုတ်အစိုးရလက် ပြန်အပ်ခံရမည်ကို ကြောက်ရွံ့လာရပြီဖြစ်တဲ့ အာဖဂန်မှ ဝီဂါဒုက္ခသည်များ

    ဖိနှိပ်ညှင်းပမ်းနေသည့် တရုတ်အစိုးရလက် ပြန်အပ်ခံရမည်ကို ကြောက်ရွံ့လာရပြီဖြစ်တဲ့ အာဖဂန်မှ ဝီဂါဒုက္ခသည်များ

    စက်တင်ဘာ ၆၊ ၂၀၂၁
    M-Media

    -လွန်ခဲ့တဲ့ ၄၅ နှစ်က တူဟန်နဲ့ သူ့ရဲ့မိသားစုဟာ ညှင်းပမ်းနှိပ်စက်ခံရမှုကနေ လွတ်မြောက်ဖို့အတွက် တရုတ်နိုင်ငံအနောက်ပိုင်း ရှန်ကျင်းပြည်နယ်ကနေ နယ်စပ်ဖြတ်ကျော်ပြီး အာဖဂန်နစ္စတန်ကို ဝင်ရောက်လာခဲ့ပါတယ်။

    တာလီဘန်က တစ်နိုင်ငံလုံးကို ခိုင်ခိုင်မာမာ အုပ်စိုးနိုင်တဲ့ အခုအချိန်မှာ တရုတ်ရဲ့ ပ,စားပေးမှုကို လိုလားနေတဲ့ တာလီဘန်တွေဟာ သူနဲ့ အခြားဝီဂါလူမျိုးတွေကို တရုတ်ထံ ပြန်လည်ပို့ဆောင်တော့မလားဆိုတဲ့ ကြောက်​ရွံ့မှုတွေ ရှိလာပါတယ်။ တရုတ်အစိုးရဟာ ဝီဂါလူမျိုးစုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရတာပါ။

    တာလီဘန်တွေ သိမှာကြောက်လို့ နာမည်အရင်းမသုံးတဲ့ တူဟန်တစ်ယောက် ဝီဂါတွေ ဖိနှိပ်ညှင်းပမ်းမှု ပိုမိုခံစားနေရတဲ့ အမိမြေ၊ လူမျိုးခြားလို့ ယူဆခံရတဲ့ မွေးစားနိုင်ငံကြားမှာ ဒီနှစ်ခုကြားမှာ ညပ်နေကြတာပါ။

    သူတို့အစိုးရိမ်ဆုံးက တရုတ်အစိုးရထံ ပြန်ပို့ခံရမှာကိုပါပဲ။

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်တွင်း ရှင်ကျန်းက လူမျိုးစုတွေကို တရုတ်အစိုးရက လုံခြုံရေးနဲ့ ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုတွေ တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်။ ပြည်နယ်အတွင်း ဆောက်လုပ်ထားတဲ့ အကျဉ်းစခန်းကွန်ယက်တွေမှာ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစု ၂ သန်းလောက် ပိတ်လှောင်ခံထားရတယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ထားပါတယ်။

    ဒီအကျဉ်းစခန်းတွေထဲမှာ နိုင်ငံရေးဝါဒသွတ်သွင်းမှု၊ အဓမ္မအလုပ်စေခိုင်းမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ခံခဲ့ရတယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုဆဲ့ စွဲချက်တွေကို တရုတ်က လုံး၀ ငြင်းဆိုပါတယ်။ ဒီစခန်းတွေဟာ ဘာသာရေးအစွန်းရောက်မှုနဲ့ အကြမ်းဖက်ဝါဒကို ဖယ်ရှားဖို့ ရည်ရွယ်တာဖြစ်ပြီး၊ ကိုယ့်သဘောဆန္ဒအလျောက် တက်ရတဲ့ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတွေဖြစ်တယ်လို့ ပြောပါတယ်။

    အာဖဂန်ကနေ အဓမ္မ ပြန်ခိုင်းရင် သူနဲ့ သူ့မိသားစု ဘာဖြစ်မလဲဆိုတာ စိုးရိမ်ကြောက်ရွံ့မိတယ်လို့ တူဟန်က ပြောပါတယ်။

    “ဒီနှစ်တွေမှာ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ အခုကြုံတွေ့နေရတာက အခက်ခဲဆုံးပါ။ ကျွန်မတို့ ဝီဂါတွေဖြစ်တယ်ဆိုတာ တာလီဘန်ကသိဖို့ သိပ်မကြာတော့ပါဘူး။ ကျွန်မတို့ဘ၀တွေ အန္တရာယ်ရှိနေပါတယ်”

    တရုတ်ဒုက္ခသည်များ

    အာဖဂနစ္စတန်နဲ့ကပ်နေတဲ့ တရုတ်နယ်စပ်က အိုအေစစ်​မြို့ ယာကန်ကနေ မိသားစုနဲ့အတူ ထွက်လာတုန်းက တူဟန်တစ်ယောက် အသက် ၇ နှစ်သာ ရှိပါသေးတယ်။

    အဲဒီအချိန်တုန်းက ကဘူးလ်မြို့ဟာ ‘အရှေ့တိုင်းရဲ့ပဲရစ်​မြို့’ လို့ ကျော်ကြားပြီး ဝီဂါတွေအတွက် ၁၉၆၆ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ကြာမြင့်ခဲ့တဲ့ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကနေ လွတ်မြောက် ခိုလှုံရာနေရာလည်း ဖြစ်ခဲ့ပါတယ်။ တရုတ်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးမှာ အစ္စလာမ်ဘာသာလည်း အခြားဘာသာတွေနည်းတူ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခြင်း ခံခဲ့ရပါတယ်။

    တူဟန်အပါအဝင် အာဖဂန်နစ္စတန်မှာ ဝီဂါလူမျိုး ၃ ထောင်လောက်ရှိတယ်လို့ “The War on the Uyghurs” စာအုပ်ကို ရေးသားသူ George Washington တက္ကသိုလ်က ပရော်ဖက်ဆာ ရှောင်ရောဘတ်က ပြောပါတယ်။ လူဦးရေ ၃၇ သန်းရှိတဲ့ အာဖဂန်နစ္စတန်မှာ မပြောပလောက်တဲ့ ပမာဏပါ။

    အာဖဂန်ကိုရောက်နေတဲ့ ဝီဂါလူမျိုးတော်တော်များများဟာ ၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီက ရှင်ကျန်းပြည်နယ်ကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။ တူဟန်လို တစ်ချို့တွေက ယဉ်ကျေးမှုတော်လှန်ရေး နောက်ဆုံးကာလအပိုင်းအခြား ၀ရုန်းသုန်းကားဖြစ်နေတဲ့အချိန် ၁၉၇၀ ပြည့်နှစ် အလယ်ပိုင်းကာလမှာ ရှင်ကျန်းပြည်နယ်တောင်ပိုင်းက တောင်တန်းတွေကိုကျော်ပြီး အာဖဂန်နစ္စတန်ကို ဝင််ရောက် ခိုလှုံလာတာဖြစ်တယ်လို့ ရောဘတ်က ဆိုပါတယ်။

    ဝီဂါလူမျိုး တော်တော်များများဟာ လက်ရှိမှာ အာဖဂန်နစ္စတန်နိုင်ငံသားတွေ ဖြစ်နေပေမယ့် မှတ်ပုံတင်ကတ်ပြားမှာ ‘တရုတ်ဒုက္ခသည်’ လို့ ရေးသွင်းခံထားရပါတယ်။ CNN သတင်းဌာနက ရရှိခဲ့တဲ့ မှတ်ပုံတင်တစ်ခု၊ အခြားဝီဂါလူမျိုးနှစ်ဦးရဲ့ ပြောကြားမှုတွေအရဆိုရင် ပြောင်းရွှေ့လာသူတွေရဲ့ ဒုတိယမျိုးဆက်မှာပါ ဒီလို ရေးသွင်းထားတာမျိုး ရှိနေပါတယ်။

    ၁၉၇၆ ခုနှစ်​က ရှင်ကျန်းကနေ ပြောင်းလာတဲ့ မိဘတွေကနေ မွေးဖွားသူ အဘ်ဒူလ် အဇစ် နာဆရီက သူဟာ ကာဘူးလ်မြို့မှာ မွေးဖွားသူဖြစ်ပေမယ့် မှတ်ပုံတင်မှာတော့ ‘တရုတ်ဒုက္ခသည်’ အဖြစ် ရေးသွင်းခံထားရတယ်လို့ ပြောပါတယ်။

    လက်ရှိ တူရကီမှာ နေထိုင်နေတဲ့ နာဆရီက အာဖဂန်နစ္စတန်ကနေ ထွက်ပြေးလိုသူ ဝီဂါမိသားစု ၁၀၀ ကျော်လောက်ရဲ့ အမည်တွေ ရရှိထားတယ်လို့ ဆိုပါတယ်။

    “ကန့်လန့်ကာနောက်ကွယ်မှာ တာလီဘန်က တရုတ်နဲ့ ​ဇာတ်လမ်းတွေရှိတာကြောင့် တရုတ်က ဒုက္ခသည်ပေးလာမှာကို သူတို့ ကြောက်နေကြတာပါ။ တရုတ်ပြည် ပြန်ပို့ခံရမှာကိုလည်း သူတို့ လန့်နေကြပါတယ်”

    ဆွေမျိုးပေါက်ဖော်

    အာဖဂန်နစ္စတန်ကဝီဂါတွေ ဒီလို ​စိုးရိမ်ကြောက်ရွံ့နေကြတာဟာ အကြောင်းမဲ့မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    ဇူလိုင်လအတွင်းက တာလီဘန်ရဲ့ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ကျန်းကျင်းမြို့ကို သွားရောက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ဝမ်ယီက ‘အာဖဂန်နစ္စတန်မှာ တာလီဘန်ဟာ အရေးပါတဲ့ စစ်ရေးနဲ့ နိုင်ငံရေးအင်အားတစ်ခုဖြစ်တယ်’ လို့ သမုတ်ခဲ့ပြီး ‘တိုင်းပြည်ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေးနဲ့ တည်​ဆောက်ရေးလုပ်ငန်းစဉ်မှာ တာလီဘန်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်’ လို့ ပြောကြားခဲ့ပါတယ်။

    အပြန်အလှန်အားဖြင့် တာလီဘန်ကလည်း တရုတ်ဟာ ‘မိတ်ဆွေကောင်း’ ဖြစ်ကြောင်း၊ ‘တရုတ်နိုင်ငံ အကျိုးပျက်ပြားအောင်လုပ်မယ့်အဖွဲ့တွေ အာဖဂန်နစ္စတန်ပိုင်နက်ကို အသုံးပြုတာမျိုး ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ ကတိပြုကြောင်း’ ပြောကြားခဲ့တယ်လို့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူက တရုတ်နဲ့ဆက်ဆံရေး ပိုမိုနွေးထွေးအောင် ဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာန CGTN နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တရုတ်ဟာ အရေးပါပြီး အင်အားတောင့်တင်းတဲ့ နိုင်ငံတစ်ခုပါ။ အရင်တုန်းကလည်း တရုတ်နဲ့ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကောင်း ရှိခဲ့ပါတယ်။ ဒီဆက်ဆံရေးကို ပိုမိုခိုင်မာအောင်၊ အပြန်အလှန်ယုံကြည်မှု ပိုမိုမြင့်တက်လာအောင် ဆောင်ရွက်ချင်ပါတယ်” လို့ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာ မူဂျာဟစ်က ပြောပါတယ်။

    တရုတ်ရဲ့ ပ,စားပေးမှုရရှိရေး ပိုမိုသေချာစေဖို့အတွက် တာလီဘန်တွေက တရုတ်နိုင်ငံ ပြန်ပို့မှာကို ဝီဂါတွေက ကြောက်ရွံ့နေကြတယ်လို့ ရောဘတ်ကပြောပါတယ်။

    “နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကိုရရှိရေး၊ ကမ္ဘာ့နိုင်ငံအများစုက ဘဏ္ဍာရေးအထောက်အပံ့ မပေးတော့မယ့် အနေအထားမှာ ငွေကြေးအထောက်အပံ့ ရနိုင်ရေးတို့အတွက် တာလီဘန်က တရုတ်အလိုလိုက် တရုတ်အကြိုက်ဆောင်ရမယ့် အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်”

    မွတ်စလင်နိုင်ငံတွေအပါအဝင် ပြည်ပရောက်နေတဲ့ဝီဂါတွေ ရှင်ကျန်းကိုပြန်ခေါ်ရေး ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်ဖက်က အပြင်းအထန်ကြိုးစားလာတာကလည်း တရုတ်ပြည်ကို အဓမ္မပြန်ပို့ခံရတော့မလားဆိုတဲ့ တူဟန်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပိုမိုမြင့်တက်လာစေပါတယ်။

    အီဂျစ်၊ ယူအေအီးနဲ့ ဆော်ဒီအာရေဗျတို့ဟာ တရုတ်ရဲ့တောင်းဆိုမှုကြောင့် ဝီဂါတွေကို ဖမ်းဆီးထိန်းသိမ်းပြီး ပြည်နှင်ဒဏ်ပေးတဲ့ကိစ္စ တစ်ဒါဇင်လောက်ရဲ့ အသေးစိတ်အချက်အလက်တွေကို CNN သတင်းဌာနက ရရှိထားပါတယ်။

    ၁၉၉၇ ခုနှစ်ကတည်းကစပြီး ​ပြည်ပနိုင်ငံတွေက ဝီဂါတွေကို နယ်နှင်ဒဏ်ပေးတာ၊ လွှဲပြောင်းပေးတာ တရုတ်ပြည်ကို ပြန်ပို့တဲ့ကိစ္စ အနည်းဆုံး ၃၉၅ ခုလောက်ရှိတယ်လို့ ‘ဝီဂါလူ့အခွင့်အရေး ပရောဂျက်’ (Uyghur Human Rights Project) ရဲ့ ဇွန်လကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    CNN ကိုပေးပို့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်မှာတော့ ဝီဂါလူ့အခွင့်အရေး ပရောဂျက်ဟာ ‘တရုတ်ဆန့်ကျင်တဲ့ ခွဲထွက်ရေးအဖွဲ့’ ဖြစ်တယ်လို့ သမုတ်ထားပါတယ်။

    “ဒီအဖွဲ့အစည်းကထုတ်ပြန်တဲ့ အချက်အလက်တွေ၊ အစီရင်ခံစာတွေဟာ ယုံကြည်စိတ်ချရမှု၊ မျှတမှု မရှိဘဲ ပြန်လည်ချေပပြောဆိုဖို့ကို မထိုက်တန်ပါဘူး” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    စစ်သွေးကြွခေါင်းစဉ်တပ်

    တာလီဘန်က အာဖဂန်နစ္စတန်ကို နောက်ဆုံး အုပ်စိုးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်တွေကတည်းက တရုတ်အစိုးရဟာ တာလီဘန်နဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တဲ့ သမိုင်းကြောင်းတွေ အများကြီး ရှိပါတယ်။

    အာဖဂန်နစ္စတန်က ဝီဂါစစ်သွေးကြွတွေ အထူးသဖြင့် အရှေ့တာကစ္စတန် အစ္စလာမ့်လှုပ်ရှားမှု (ETIM) ကို နှိပ်ကွပ်ဖြိုခွဲဖို့ တာလီဘန်ကို တရုတ်က အကြိမ်ကြိမ် တိုက်တွန်းဆော်ဩခဲ့ပါတယ်။ ရှင်ကျန်းနဲ့ တရုတ်နိုင်ငံ အခြားဒေသတွေမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှု အားလုံးနီးပါးလောက်ကို ETIM အဖွဲ့က လုပ်တာလို့ တရုတ်အစိုးရက ပြစ်တင်ပြောဆိုထားပါတယ်။

    ကျန်းကျင်းမြို့မှာ တာလီဘန်တာဝန်ရှိသူတွေနဲ့ ဇူလိုင်လက တွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ETIM အဖွဲဟာ တရုတ်ရဲ့ လုံခြုံရေးနဲ့ နယ်မြေပေါင်းစည်းမှုကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့အဖွဲ့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံပိုင်သတင်းဌာန CGTN ရဲ့ ၂၀၁၉ ခုနှစ်က ထုတ်လွှင့်တဲ့ ဗီဒီယိုတစ်ခုမှာ ETIM အဖွဲ့ကို အလ်ကိုင်းဒါး၊ IS တို့နဲ့ နှိုင်းယှဉ်ဖော်ပြခဲ့ပြီး ဒီအဖွဲ့ဟာ ‘လူတွေ အမြောက်အများစုဆောင်းကာ၊ အစွန်းရောက်အတွေးအခေါ်ဖြန့်ပြီး နိုင်ငံတော်တော်များများကို ဆက်လက်ဒုက္ခပေးလိမ့်မယ်’ လို့ ဆိုပါတယ်။

    ETIM အဖွဲ့ရဲ့ အင်အား၊ လုပ်ဆောင်နိုင်စွမ်း၊ ဩဇာလွှမ်းမိုးမှုတွေနဲ့ပတ်သက်ပြီး တရုတ်ရဲ့ပြောဆိုချက်တွေ မှန်ကန်တယ်ဆိုတာ ပြသနိုင်မယ့် အထောက်အထား ခိုင်ခိုင်လုံလုံမရှိဘူးလို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ ဒီအဖွဲ့အစည်းဟာ ယနေ့အချိန်မှာ ဆက်ရှိနေသလားဆိုတာကလည်း မ​ရေရာမသေချာပါဘူး။

    တာလီဘန်အုပ်စိုးစဉ် ၁၉၉၈ ခုနှစ်က အာဖဂန်နစ္စတန်ထဲကိုရောက်လာတဲ့ ဝီဂါအဖွဲ့ငယ်တစ်ခုဟာ တရုတ်ကွန်မြူနစ်ပါတီအုပ်စိုးမှုကို တွန်းလှန်ဖို့ ETIM ကို ထူထောင်ခဲ့တာဖြစ်တယ်လို့ ရောဘတ်က ပြောပါတယ်။

    အစောပိုင်းမှာ တာလီဘန်က ဒီအဖွဲ့ကို အခြေချခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက ဖယ်ကျဉ်ထားတဲ့အနေအထားမျိုးမှာ တရုတ်ရဲ့အထောက်အပံ့ကို ရရှိဖို့အတွက် တရုတ်ကိုတိုက်ခိုက်မယ့် ဘယ်အဖွဲ့အစည်းကိုမှ အာဖဂန်ပိုင်နက် အသုံးပြုခွင့်ပေးမှာမဟုတ်ဘူးလို့ တရုတ်အစိုးရကို တာလီဘန်က ကတိပြုခဲ့ပါတယ်။

    ၁၉၉၀ ပြည့်နှစ်တွေကနေ ၂၀၀၀ ပြည့်နှစ်တွေအတွင်း ရှင်ကျန်းပြည်နယ်မှာ တိုက်ခိုက်မှုအများအပြား ဖြစ်ပွားခဲ့ပြီး တရုတ်အစိုးရရဲ့ ဖိနှိပ်ညှင်းပမ်းမှုအပေါ် မခံမရပ်နိုင်ဖြစ်ရာကနေ ပေါ်ပေါက်လာတာလို့ ရောဘတ်က ပြောပါတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုတွေဟာ ETIM လို ပြည်ပအဖွဲ့အစည်းတွေက သွေးထိုးပေးတဲ့ အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒကြောင့် ဖြစ်ပေါ်တာလို့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနောက်ပိုင်းမှာ တရုတ်အစိုးရက ပုံဖျက်ပြစ်တင်ခဲ့ပါတယ်။

    ၂၀၀၂ ခုနှစ် အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ချိန်မတိုင်ခင် ETIM ကို လူတွေ သိပ်မသိပါဘူး။ အဲဒီအချိန်ဟာ ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် အမေရိကန်နဲ့ တရုတ်တို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေချိန် ဖြစ်ပါတယ်။ ဒီသတ်မှတ်မှုဟာ အီရတ်ကို ကျူးကျော်ဖို့ကိစ္စမှာ တရုတ်ရဲ့ထောက်ခံမှု ရဖို့အတွက် အပေးအယူသဘောမျိုး လုပ်ဆောင်လိုက်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေနဲ့ အစိုးရတာဝန်ရှိသူတွေက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

    တရုတ်နဲ့ အမေရိကန်တို့ ဆက်ဆံရေးဆိုးရွားလာတဲ့ ပြီးခဲ့တဲ့နှစ်မှာ ထရမ့်အစိုးရဟာ ETIM ကို အကြမ်းဖက်အဖွဲ့ စာရင်းထဲကနေ ပယ်ဖျက်ခဲ့ပြီး တရုတ်အစိုးရက ဒီအတွက် မခံမရပ်နိုင် ဖြစ်ခဲ့ပါတယ်။ ETIM အဖွဲ့ ဆက်ရှိနေတယ်ဆိုတဲ့ အထောက်အထားမျိုး ၁၀ စုနှစ်တစ်ခုကျော်လောက် မတွေ့ရတော့တဲ့အတွက် အကြမ်းဖက်အဖွဲ့ စာရင်းကနေ ပယ်ဖျက်တာလို့ အမေရိကန်အစိုးရက ထုတ်ပြန်ပါတယ်။

    အမေရိကန်က အာဖဂန်နစ္စတန်ကို ဗုံးကြဲတဲ့အချိန် ၂၀၀၃ ခုနှစ်က ETIM အဖွဲ့ကို တည်ထောင်သူ ဟာဆန် မဟ်ဆွမ်နဲ့ နောက်လိုက်နောက်ပါတွေ ပါကစ္စတန်ထဲထွက်ပြေးစဉ် ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ မဟ်ဆွမ်သေဆုံးခဲ့ပါတယ်။ မဟ်ဆွမ် သေဆုံးမှုနဲ့အတူ သူ့အဖွဲ့လည်း ပျောက်ကွယ်သွားတာမျိုး ဖြစ်ပုံရတယ်လို့ ရောဘတ်က ပြောပါတယ်။

    ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာ ETIM ကို ဆက်ခံမယ့် ‘တာကစ္စတန် အစ္စလာမ့်မစ်ပါတီ’ (TIP) ပေါ်ပေါက်လာခဲ့ပြီး ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ တိုက်ခိုက်မှုတွေလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ အလ်ကိုင်းဒါးသစ္စာခံလို့ သတင်းထွက်ပြီး ဆီးရီးယားပြည်တွင်းစစ်မှာ အရေးပါတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာပါတယ်။

    “တရုတ်အစိုးရကိုခြိမ်းခြောက်တဲ့ ဗီဒီယိုတွေလွှင့်တင်ပြီး လူသိများလာပေမယ့် တရုတ်နိုင်ငံအတွင်းမှာ တိုက်ခိုက်မှုလုပ်တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့သေးပါဘူး” လို့ ရောဘတ်က ပြောပါတယ်။

    တရုတ်အစိုးရကတော့ TIP အဖွဲ့ ပေါ်ပေါက်လာမှုကို အမြတ်ထုတ်ပြီး ETIM လို့ ရည်ညွှန်းသုံးနှုန်းကာ တရုတ်ဟာ အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ တွင်တွင်ပြောဆိုရင်း ရှင်ကျန်းက ဖိနှိပ်ညှင်းပမ်းမှုတွေ တရားကြောင်း ပုံဖော်နေတယ်လို့ ကျွမ်းကျင်သူတွေ၊ ဝီဂါအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    ထိုးကြွေးခံရနိုင်

    အသက် ၅၀ စွန်းစွန်းရှိတဲ့ တူဟန်ဟာ အာဖဂန်နစ္စတန်မြောက်ပိုင်းမှာ နေထိုင်ပြီး စက်ချုပ်ပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေပါတယ်။ သူမရဲ့ ကလေးတွေက အိမ်ဆေးသုတ်အလုပ်လို ကြုံရာကျပန်း လုပ်ကာ ပိုက်ဆံကို ရသလောက် ရှာနေကြရပါတယ်။

    ဒါပေမယ့် တရုတ်အစိုးရရဲ့ အကြမ်းဖက်အုပ်စု တိုက်ဖျက်ရေး ခေါင်းစဉ်အောက်မှာ တူဟန်တို့လို သာမန် လက်လုပ်လက်စားတွေ သိမ်းကြုံးခံရနိုင်ပါတယ်။

    TIP အဖွဲ့ အာဖဂန်မှာ အင်အားစုထားလားဆိုတာ တိတိကျကျ မသိရဘဲ၊ အဖွဲ့ဝင်အနည်းငယ်လောက်တော့ ရှိနိုင်တယ်လို့ ရောဘတ်က သုံးသပ်ပါတယ်။ တာလီဘန်က ဝီဂါတွေကို တရုတ်လက်ထဲ ပြန်အပ်မယ်ဆိုရင် သူတို့နဲ့ အရင်ကတည်းက အဆက်အသွယ်ရှိတဲ့ TIP အဖွဲ့ဝင်တွေထက် သာမန် ဝီဂါတွေကိုသာ ပြန်အပ်ဖွယ်ရှိတယ်လို့ သူက ဆိုပါတယ်။

    “တရုတ်ရဲ့တောင်းဆိုမှုတွေကို လိုက်လျောတယ်ဆိုတာမျိုး တာလီဘန်တွေဖက်က ပြချင်ရင် သူတို့ရဲ့ မိတ်ဆွေ(TIP အဖွဲ့ဝင်)တွေကို ဘယ်ပြန်လွှဲပေးပါ့မလဲ။ အာဖဂန်မှာရှိနေတဲ့ သာမန်ဝီဂါတွေကိုသာ တရုတ်အတွက် ခြိမ်းခြောက်မှုလို့ ခေါင်းစဉ်တပ်ပြီး လွှဲပေးမှာပေါ့”

    အာဖဂန်နစ္စတန်မှာ ၁၀ စုနှစ်များစွာ နေထိုင်ခဲ့ပေမယ့် ဝီဂါတွေဟာ နိုင်ငံခြားသားတွေအဖြစ် မှတ်ယူခံနေရဆဲပါ။ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက အာဖဂန်ပြည်သူ ထောင်သောင်းချီကို လေယာဉ်တွေနဲ့ ကယ်ထုတ်ပေးခဲ့ပေမယ့် ဝီဂါတွေ ဘေးလွတ်ရာရောက်ရှိရေး ဘယ်နိုင်ငံကမှ ညှိနှိုင်းဆောင်ရွက်ပေးတာ မရှိပါဘူး။

    “သူတို့ကိုယ်စား ပြောပေးမယ့်လူ၊ သူတို့ကို တိုင်းပြည်ကနေ ကယ်ထုတ်ပေးမယ့်သူ ဘယ်သူမှ မရှိပါဘူး” လို့ ရောဘတ်က ပြောပါတယ်။

    တူဟန်က သူတို့မိသားစုမှာ နိုင်ငံကူးလက်မှတ်တွေ မရှိတဲ့အတွက် တစ်ခြားနိုင်ငံကနေ ခေါ်ချင်တယ်ဆိုရင်တောင်မှ အာဖဂန်ကနေထွက်သွားဖို့ အခွင့်အလမ်းမရှိဘူးလို့ ပြောပါတယ်။

    “နိုင်ငံကူးလက်မှတ်က အလကားမရဘူးရှင့်။ အဲ့ဒီအတွက် ကျွန်မတို့ ပိုက်ဆံလည်းမတတ်နိုင်ဘူး။ အခုတော့ သူတို့လည်း နိုင်ငံကူးလက်မှတ် ထုတ်မပေးတော့ပါဘူး။ ကျွန်မတို့ ဒီကိုထွက်ပြေးလာတာ ၄၅ နှစ်ရှိပြီ။ အခုအချိန်အထိ ကောင်းကောင်းမွန်မွန်နေရတယ်ဆိုတာ တစ်ရက်မှ မရှိဘူး။ ကလေးတွေကတော့ ပိုကောင်းတဲ့ဘ၀ ရမယ်လို့ ကျွန်မ မျှော်လင့်တယ်။ ကျွန်မတို့ ဒါပဲလိုချင်တာပါ။ ဖိနှိပ်ညှင်းပမ်းမှုတွေကနေ လွတ်မြောက်ဖို့ပဲ ကျွန်မတို့ လိုလားတာပါ”

    Ref: CNN

  • တရုတ်၏ ငွေကြေးထောက်ပံ့မှုကို မှီခိုမည်ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ အတည်ပြု

    တရုတ်၏ ငွေကြေးထောက်ပံ့မှုကို မှီခိုမည်ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ အတည်ပြု

    စက်တင်ဘာ ၃၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ သူတို့အဖွဲ့ဟာ အနာဂတ်မှာ တရုတ်ရဲ့ ငွေကြေးထောက်ပံ့မှုကို အဓိက မှီခိုသွားရလိမ့်မယ်လို့ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာ မူဂျာဟစ်က အီတလီသတင်းစာ La Repubblica နဲ့ အင်တာဗျူမှာ ဖြေကြားလိုက်ပါတယ်။

    တာလီဘန်အဖွဲ့ဟာ ဩဂုတ်လအလယ်ပိုင်းမှာ အာဖဂန်တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။ တာလီဘန် အာဏာပြန်ရလာမှုနဲ့အတူ အနောက်နိုင်ငံတွေကလည်း အာဖဂန်နစ္စတန်အပေါ် အကူအညီပေးနေမှုကို ရပ်ဆိုင်းဖို့ ဆောင်ရွက်လာကြပါတယ်။

    ပြောရေးဆိုခွင့်ရှိသူ မူဂျာဟစ်က တရုတ်ရဲ့ အကူအညီနဲ့ တိုင်းပြည်စီးပွားရေးကောင်းအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

    “တရုတ်ဟာ ကျွန်တော်တို့ရဲ့ အရေးပါဆုံး မိတ်ဖက်ပါ။ တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံဖို့၊ တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်ဖို့ သူတို့ အဆင်သင့်ဖြစ်နေတဲ့အတွက် တရုတ်ဟာ ကျွန်တော်တို့ရဲ့ တစ်မူထူးခြားတဲ့ အခွင့်အလမ်းလို့လည်း ပြောလို့ရပါတယ်”

    တစ်ကမ္ဘာလုံးကို လွှမ်းမိုးချုပ်ကိုင်ဖို့ ရည်ရွယ်ထားတဲ့ တရုတ်ရဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (Belt and Road) စီမံကိန်းကို တာလီဘန်က အလွန်အလေးထားတယ်လို့လည်း မူဂျာဟစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တိုင်းပြည်မှာ ကော့ပါးသတ္ထုတွင်းတွေ အများကြီးရှိတယ် တရုတ်ကျေးဇူးကြောင့် ပြန်လည်ပတ်ပြီး အဆင့်မြှင့်တာတွေ လုပ်နိုင်ပါလိမ့်မယ်။ ကမ္ဘာ့စျေးကွက်ကို ဝင်ရောက်ဖို့ တရုတ်ဟာ ကျွန်တော်တို့အတွက် တံခါးပေါက်လည်း ဖြစ်ပါတယ်”

    Ref: Aljazeera

  • အာဖဂနစ္စတန်ကို အီရန်၏ အာဏာရှင်နိုင်ငံရေးစနစ်အတိုင်း အုပ်ချုပ်ရန် တာလီဘန်စီစဉ်နေ

    အာဖဂနစ္စတန်ကို အီရန်၏ အာဏာရှင်နိုင်ငံရေးစနစ်အတိုင်း အုပ်ချုပ်ရန် တာလီဘန်စီစဉ်နေ

    စက်တင်ဘာ ၂၊ ၂၀၂၁
    M-Media

    တာလီဘန်ခေါင်းဆောင် ဟီဘာသွလ္လာ အက်ခွန်ဇာဒါ

    -အဖွဲ့ရဲ့ခေါင်းဆောင် ဟီဘာသွလ္လာ အက်ခွန်ဇာဒါဟာ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်သူ ဖြစ်မှာဖြစ်ပြီး မကြာခင်ပေါ်ထွက်လာမယ့် အာဖဂန်အစိုးရသစ်ဟာ သူ့လက်အောက်မှာပဲ ရှိလိမ့်မယ်လို့ တာလီဘန်အဖွဲ့က အာဖဂန်သတင်းဌာနက ToloNews ကို မနေ့က အတည်ပြု ပြောဆိုပါတယ်။

    အာဖဂနစ္စတန် တစ်နိုင်ငံလုံးကို သိမ်းပိုက်ထားနိုင်တဲ့ တာလီဘန်အဖွဲ့ဟာ အစိုးရဖွဲ့စည်းဖို့ သူတို့နဲ့ ပူးပေါင်းထားတဲ့ အဖွဲ့တွေအကြားမှာ ဆွေးနွေးမှု လုပ်ဆောင်နေပြီး လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေငြာဖို့ ရှိနေပါတယ်။

    တာလီဘန် ယဉ်ကျေးမှုကော်မရှင်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အနာမူလာ ဆာမန်ဂါနီက သူတို့ရဲ့ခေါင်းဆောင် ဟီဘာသွလ္လာ အစိုးရအဖွဲ့ထဲမှာပါဝင်ပြီး အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်မယ်ဆိုတဲ့ကိစ္စဟာ သံသယဖြစ်စရာမလိုတဲ့ကိစ္စ၊ မေးခွန်းထုတ်စရာမလိုတဲ့ကိစ္စ ဖြစ်တယ်လို့ ToloNews သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

    တိုင်းပြည်ရဲ့ ဝန်ကြီးချုပ်၊ ဒါမှမဟုတ် သမ္မတတို့ဟာ ဟီဘာသွလ္လာလက်အောက်မှာပဲ ရှိမယ်လို့လည်း သူက ဆိုပါတယ်။

    တာလီဘန်ဟာ အီရန်နိုင်ငံရဲ့ နိုင်ငံရေးစနစ်လို ပုံစံမျိုးနဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ စီစဉ်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဘာသာရေးခေါင်းဆောင်ဆိုသူက တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ချုပ်ကိုင်ထားပြီး တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကိစ္စတွေကို သူ့ရဲ့ခွင့်ပြုချက်နဲ့သာ လုပ်ဆောင်ရတဲ့ အာဏာရှင် စနစ်မျိုးဖြစ်ပါတယ်။

  • လေယာဉ်၊ စစ်ကားနှင့် လက်နက်များ ဖျက်ဆီးထားခဲ့၍ အမေရိကန်ကို တာလီဘန်က ​ဒေါသထွက်

    လေယာဉ်၊ စစ်ကားနှင့် လက်နက်များ ဖျက်ဆီးထားခဲ့၍ အမေရိကန်ကို တာလီဘန်က ​ဒေါသထွက်

    စက်တင်ဘာ ၁၊ ၂၀၂၁
    M-Media

    -ကာဘူးလ်မြို့ ဟာမစ်ကာဇိုင်း​ လေဆိပ်ကနေ စစ်သားတွေ နောက်ဆုံးအသုတ် ထွက်ခွာတဲ့အချိန်မှာ စစ်လက်နက်နဲ့ ယာဉ်မျိုးစုံကို ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်က အတည်ပြု ပြောဆိုလိုက်ပါတယ်။

    ဩဂုတ်လ ၃၀ ရက်နေ့ သန်းခေါင်ယံအချိန် နောက်ဆုံး မထွက်ခွာခင် လေဆိပ်မှာရှိနေတဲ့ စစ်သုံးယာဉ် MRAP အစီး ၇၀၊ Humvee ယာဉ် ၂၃ စီး၊ လေယာဉ်မျိုးစုံ ၇၃ စီး၊ ဒုံးကျည်တွေ၊ အမြောက်တွေ၊ မော်တာကျည် စတဲ့ စစ်လက်နက်ပစ္စည်းတွေကို အမေရိကန်တပ်ဖွဲ့တွေက ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန် ဗဟိုစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ် မက်ကင်ဇီက ဒီယာဉ်တွေ၊ လက်နက်တွေကို ဘယ်သူကမှ အသုံးပြုနိုင်မှာ မဟုတ်တော့ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အရပ်ဖက် လေကြောင်းပျံသန်းမှုမှာ သုံးနိုင်တဲ့ ကိရိယာတွေကိုတော့ အမေရိကန်က ဒီအတိုင်း ထားခဲ့ပါတယ်။

    တာလီဘန်တွေဟာ အမေရိကန်ထုတ်လက်နက်တော်တော်များများကို ရရှိလိမ့်မယ်ဆိုတဲ့ ပြောကြားမှုမျိုးတွေ ရှိနေပေမယ့် အမေရိကန်တာဝန်ရှိသူတွေကတော့ ဒါတွေကို ငြင်းပါတယ်။

    ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက တာလီဘန်တွေဟာ လေယာဉ်တွေကို ကြည့်ပြီး ဓာတ်ပုံရိုက် ဝါဒဖြန့်လို့ရပေမယ့် အသုံးပြုနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ တာလီဘန်တွေ လက်နက်တစ်ချို့ ရသွားတာမျိုး ရှိနိုင်ပြီး၊ တစ်ချို့လက်နက်တွေကို အာဖဂန်တွေလက်ထဲ ထည့်ပေးခဲ့တယ်လို့လည်း ကီရ်ဘီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Black Hawk ရဟတ်ယာဉ်တွေ၊ C-130 ပို့ဆောင်ရေးလေယာဉ်တွေ အာဖဂန်မှာ ကျန်ခဲ့တာမျိုးရှိပေမယ့် တာလီဘန်တွေဟာ ဒီယာဉ်တွေကို မောင်းဖို့ လေယာဉ်မှူး ရှာလို့ရမှာ မဟုတ်သလို၊ ရှာရရင်လည်း ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်နိုင်မှာမဟုတ်ဘဲ၊ အပိုပစ္စည်းတွေလည်း ရှာလို့ရမှာမဟုတ်ဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

    ဟာမစ်ကာဇိုင်းလေဆိပ်မှာ လေယာဉ်တွေ၊ စစ်ကားတွေကို ဖျက်ဆီးခဲ့မှုအတွက် တာလီဘန်အဖွဲ့က အမေရိကန်ကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    Ref: CBS, The Week