News @ M-Media

Tag: Afghanistan

  • အာဖဂန်နစ္စတန်ကို အမေရိကန်က နှစ်ပေါင်း ၂၀ ကျူးကျော်မှု အဆုံးသတ်ပြီ

    အာဖဂန်နစ္စတန်ကို အမေရိကန်က နှစ်ပေါင်း ၂၀ ကျူးကျော်မှု အဆုံးသတ်ပြီ

    ဩဂုတ် ၃၁၊ ၂၀၂၁
    M-Media

    -အာဖဂနစ္စတန်နိုင်ငံမှာရှိနေတဲ့ နောက်ဆုံးအသုတ်စစ်သားတွေ မြို့တော် ကာဘူးလ်ကနေ မနေ့က ဆုတ်ခွာခဲ့ပြီလို့ အမေရိကန်က ထုတ်ပြန်ပါတယ်။

    ဒါဟာ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ နောက်ပိုင်း အာဖဂန်နစ္စတန်ကို အမေရိကန်က ကျူးကျော်တိုက်ခိုက်မှု နှစ်ပေါင်း ၂၀ ကြာမြင့်ပြီးတဲ့နောက် အဆုံးသတ်သွားတာလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အမေရိကန်တပ်ဖွဲ့အားလုံး အာဖဂန်ကနေ ဆုတ်ခွာမယ်လို့ အခုနှစ်အစောပိုင်းက ကြေငြာခဲ့တာပါ။

    C-17 စစ်ဖက် ပို့ဆောင်ရေးလေယာဉ်ဟာ နောက်ဆုံးအသုတ် အမေရိကန်စစ်သားတွေကို တင်ဆောင်ကာ ဩဂုတ်လ ၃၀ ရက်နေ့ ည သန်းခေါင်ယံမတိုင်ခင် ၁ မိနစ်အလိုမှာ ကာဘူးလ်မြို့ ဟာမစ်ကာဇိုင်း လေဆိပ်ကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

    အဲဒီနောက် တာလီဘန်က တိုင်းပြည် အပြည့်အ၀လွတ်မြောက်ကြောင်း ကြေငြာခဲ့ပြီး ကာဘူးလ်မြို့မှာ သေနတ်တွေ ပစ်ဖေါက်ကာ အောင်ပွဲခံခဲ့ကြပါတယ်။

    အာဖဂန်နစ္စတန်မှာ အမေရိကန်နိုင်ငံသားတွေ၊ တိုင်းပြည်ကထွက်ခွာလိုတဲ့ အာဖဂန်ပြည်သူတွေ ကျန်နေပြီး ဒီအတွက် အမေရိကန်အစိုးရအစီအစဉ်နဲ့ ပြန်လည်ခေါ်ယူမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကာဘူးလ်လေဆိပ် အသေခံဗုံးခွဲမှု ကြိုးကိုင်သူ IS အဖွဲ့ဝင်ကို အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်

    ကာဘူးလ်လေဆိပ် အသေခံဗုံးခွဲမှု ကြိုးကိုင်သူ IS အဖွဲ့ဝင်ကို အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်

    ဩဂုတ် ၂၈၊ ၂၀၂၁
    M-Media

    -ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့က အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်မြို့မှာဖြစ်တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှု စီစဉ်သူ IS အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးကို အမေရိကန်က ဒရုန်းနဲ့ လက်စားချေ တိုက်ခိုက်ခဲ့ပါတယ်။

    အမေရိကန်နဲ့ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ဟာမစ်ကာဇိုင်းလေဆိပ် ဝင်ပေါက်မှာ လူနှစ်ဦးက သေနတ်တွေနဲ့ပစ်ခတ်ပြီး အသေခံဗုံးခွဲခဲ့တာပါ။ ဒီအဖြစ်အပျက်အတွင်း အနည်းဆုံး လူ ၁၇၀ ကျော် သေဆုံးခဲ့ပြီး အများစုက အာဖဂန်ပြည်သူတွေ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး ပါဝင်ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ရဲ့ ခိုရာဆန်ဒေသအဖွဲ့ခွဲ IS-K က တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ထုတ်ပြန်ပါတယ်။

    ဒီလုပ်ရပ်ကို လက်စားချေတဲ့အနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ်မှာ ဒရုန်းနဲ့ တိုက်ခိုက်မှုတစ်ခု လုပ်ခဲ့ပြီး ကာဘူးလ်လေဆိပ် ဗုံးခွဲမှုကို အဓိကကြိုးကိုင်သူ သေဆုံးသွားတယ်လို့ ယူဆရကြောင်း အမေရိကန်က ထုတ်ပြန်ပါတယ်။ အသေခံဗုံးခွဲဖို့ စီစဉ်သူနဲ့ အခြား IS အဖွဲ့ဝင်တစ်ဦး ကားနဲ့ သွားနေစဉ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    IS-K အဖွဲ့ဟာ အာဖဂန်မှာအခြေစိုက်တဲ့ အစွန်းရောက်အဖွဲ့တွေထဲမှာ အကြမ်းတမ်း၊ အရက်စက်ဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။

    Ref: BBC

    #mmFootballNews

  • ကာဘူးလ်လေဆိပ်က အသေခံဗုံးခွဲမှု သေဆုံးသူ ၁၀၃ ဦးအထိ ရှိလာ

    ကာဘူးလ်လေဆိပ်က အသေခံဗုံးခွဲမှု သေဆုံးသူ ၁၀၃ ဦးအထိ ရှိလာ

    ဩဂုတ် ၂၇၊ ၂၀၂၁
    M-Media

    တိုက်ခိုက်မှုဖြစ်ပွားရာနေရာ

    -အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကာဘူးလ်က နိုင်ငံတကာလေဆိပ်မှာ မနေ့က အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၀၃ ဦးသေဆုံးခဲ့ပါတယ်။

    တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ IS အကြမ်းဖက်အဖွဲရဲ့ ခိုရာစန်ဒေသအဖွဲ့ခွဲ ISIS-K က ပြောပါတယ်။ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့လိုက်ဖို့ လူအများအားပြား စုရုံးနေကြတဲ့ လေဆိပ်ဝင်ပေါက်ကို သေနတ်သမား နှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် ဗုံးခွဲခဲ့တာပါ။

    အမေရိကန်စစ်သား အနည်းဆုံး ၁၃ ဦး ဒီတိုက်ခိုက်မှုမှာ သေဆုံးခဲ့ပြီး ဒါဟာ ၂၀၁၁ ခုနှစ် ဩဂုတ်လနောက်ပိုင်း အာဖဂန်မှာ အမေရိကန်တပ်တွေ အထိခိုက်အကျအဆုံး အများဆုံး ဖြစ်ပါတယ်။

    တာလီဘန်က သူတို့အဖွဲ့ဝင် ၂၈ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုအတွက် သူတို့မှာ တာဝန်မရှိဘဲ အခင်းဖြစ်တဲ့နေရာဟာ နိုင်ငံခြားတပ်ဖွဲ့တွေ လုံခြုံရေးယူထားရာနေရာလို့လည်း ဆိုပါတယ်။

    သေဆုံးသူ ၇၂ ဦးကတော့ အာဖဂန်အရပ်သားတွေပါ။ တိုက်ခိုက်မှုကြောင့် လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်တွေအပေါ် ထိခိုက်နာကျင်အောင် လုပ်ဆောင်မှုကို မိမိတို့ မေ့မှာမဟုတ်သလို၊ ခွင့်လွတ်မှာလည်းမဟုတ်ကြောင်း၊ ကျူးလွန်တွေကို လိုက်လံရှာဖွေပြီး အစားပြန်ယူမှာဖြစ်ကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်အပါအဝင် နိုင်ငံခြားတိုင်းပြည်တွေဟာ ဟာမစ်ကာဇိုင်း နိုင်ငံတကာလေဆိပ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နေကြပါတယ်။

    Ref: Aljazeera

  • အာဖဂန် အမျိုးသမီးစက်ရုပ်အသင်း ကာတာသို့ ချောမောစွာရောက်ရှိ

    အာဖဂန် အမျိုးသမီးစက်ရုပ်အသင်း ကာတာသို့ ချောမောစွာရောက်ရှိ

    ဩဂုတ် ၂၃၊ ၂၀၂၁
    M-Media

    -တာလီဘန်လက်အောက် အနာဂတ်မသေချာတဲ့ အခြေအနေမျိုး ကြုံတွေ့နေရတဲ့ အာဖဂန် အမျိုးသမီး စက်ရုပ်အသင်းက အဖွဲ့ဝင် ၉ ဦးဟာ ကာတာနိုင်ငံကို ချောမောစွာ ပြောင်းရွှေ့လာနိုင်ပြီ ဖြစ်ပါတယ်။

    အသက် ၂၅ နှစ်အရွယ် ဆရာတစ်ဦးနဲ့ ၁၅ နှစ်ကနေ ၁၉ နှစ်အရွယ်တွေ ပါဝင်တဲ့ ဒီအဖွဲ့ဟာ တိုင်းပြည်ကနေထွက်ခွာဖို့ ရက်များစွာ ကြိုးပမ်းခဲ့ရတာပါ။ ကာတာအစိုးက ကမကထပြုပြီး သူတို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ တစ်ချို့အဖွဲ့ဝင်တွေနဲ့ ဆရာတွေဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာ ရှိနေပါသေးတယ်။

    ၂၀၁၇ ခုနှစ် အမေရိကန်မှာပြုလုပ်တဲ့ စက်ရုပ်ပြိုင်ပွဲတစ်ခုမှာ အထူးဆု ရခဲ့ပြီးတဲ့နောက် ဒီအဖွဲ့ဟာ နာမည်ကျော်လာတာဖြစ်ပြီး အာဖဂန်နစ္စတန်က အမျိုးသမီးတွေအပေါ် စွမ်းအားမြှင့်တင်ပေးနိုင်မှုမှာ ထင်ရှားတဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

    သူတို့ရဲ့ မိခင်အဖွဲ့အစည်း Digital Citizen Fund (DCF) က တာလီဘန်တွေ မြို့တော်ကာဘူးလ်ကို မသိမ်းခင် ၃ ရက်အလို ဩဂုတ်လ ၁၂ ရက်နေ့မှာ တိုင်းပြည်ကနေထွက်ခွာဖို့ ကာတာအစိုးရကို အကူအညီတောင်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

    ဒီအဖွဲ့က မိန်းကလေးငယ်တွေဟာ အာဖဂန်နစ္စတန်အနောက်ပိုင်း ဟီရတ်ဒေသက ဖြစ်ပါတယ်။

    DCF ဘုတ်အဖွဲ့ဝင် အဲလိဇဘက် ရှဖာဘရောင်းက ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီအမျိုးသမီးငယ်​လေးတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေ၊ ရဲရင့်ထက်မြက်မှုတွေက ဒီနေ့လို လွတ်မြောက်မှုရဲ့ အကြောင်းခံတွေ ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အာဖဂန်အမျိုးသမီး စက်ရုပ်အဖွဲ့ဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာနေထိုင်ပြီး ပညာဆက်လက်သင်ကြားမှာ ဖြစ်ပါတယ်။ ရှဖာဘရောင်းက အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တော်တော်များများ သူတို့ကို ပညာသင်ဆုပေးဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

    DCF အဖွဲ့ကို တည်ထောင်သူ အာဖဂန် နည်းပညာဆိုင်ရာ စွန့်ဦးပညာရှင် ရိုယာ မဟ်ဘူးဘ်က ဒီအဖွဲ့ကို ၂၀၁၇ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ဆိုးဆိုးရွားရွားပြန့်နှံ့နေတဲ့ မနှစ်က ဒီအဖွဲ့ဟာ ကားပစ္စည်းအစိတ်အပိုင်းတွေနဲ့ တန်ဖိုးနည်း အသက်ရှူစက်ကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။

    Ref: BBC

  • အာဖဂန်နစ္စတန်မှ အဖိုးတန်မြေရှားသတ္ထု ထုတ်ယူရန် တရုတ် မျက်​စပစ်လာ

    အာဖဂန်နစ္စတန်မှ အဖိုးတန်မြေရှားသတ္ထု ထုတ်ယူရန် တရုတ် မျက်​စပစ်လာ

    ဩဂုတ် ၁၉၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံက အဖိုးတန် မြေရှားသတ္ထု ထုတ်ယူဖို့ မျက်စပစ်လာပြီး ဒီကရရှိတဲ့ အကျိုးအမြတ်တွေနဲ့ အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးမယ့် အလားအလာ ရှိနိုင်တယ်လို့ အမေရိကန်လွှတ်တော်အမတ်တစ်ဦးက သတိပေးလိုက်ပါတယ်။

    တာလီဘန်ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ပြီးခဲ့တဲ့လမှာ တွေ့ဆုံခဲ့သလို၊ တာလီဘန်က တစ်နိုင်ငံလုံးကို သိမ်းပြီးချိန်မှာလည်း တာလီဘန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ တရုတ်နိုင်ငံက လူသိရှင်ကြား ထုတ်ပြောထားပါတယ်။

    အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ ပါဝင်တဲ့ ထိပ်တန်း ရီပက်ဘလစ်ကန်အမတ် မိုက်ကယ် မက်ကောလ်က တရုတ်ဟာ အာဖဂန်နစ္စတန်က သယံဇာတတွေ ရယူဖို့ ကြိုးစားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    “တရုတ်က ဒီအကွက်ကို ရွှေ့မှာပါ။ အာဖဂန်မှာ မြေရှားသတ္ထုတွေ ရှိတယ်။ ဒါကို ထုတ်ဖို့ အမေရိကန်က ဘာ့ကြောင့် အာဖဂန်တွေနဲ့ မပူးပေါင်းခဲ့သလဲဆိုတာ ကျွန်တော် မသိပါဘူး။ အခုဆိုရင် တရုတ်က ဒီမြေရှားသတ္ထုတွေကို ထုတ်တော့မှာပါ။ ဒီအခြေအနေမှာ တရုတ်က အောင်နိုင်သူဖြစ်မယ်၊ အမေရိကန်နဲ့ အာဖဂန်ပြည်သူတွေကတော့ ရှုံးနိမ့်သူ ဖြစ်သွားပါလိမ့်မယ်”

    ဒီအကွက်ကနေ တာလီဘန်ဟာ ကြီးကြီးမားမား အမြတ်ထွက်မှာဖြစ်ပြီး၊ အကြပ်ဖက်ဝါဒကို ငွေကြေးထောက်ပံ့ဖို့ လုပ်ဆောင်လာလိမ့်မယ်လို့လည်း မက်ကောလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အလယ်အာရှနဲ့ တောင်အာရှအဆုံမှာ တည်ရှိတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ သတ္ထုနဲ့ တွင်းထွက်ပစ္စည်းတွေ ပေါကြွယ်၀ပြီး ကန်ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိတဲ့ အဲဒီသယံဇာတဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲပေးနိုင်လိ့မ်မယ်လို့ ၂၀၁၀ ခုနှစ် အမေရိကန်တာဝန်ရှိသူတွေနဲ့ ဘူမိဗေဒ ပညာရှင်တွေက လေ့လာ တွက်ချက်ခဲ့ကြပါတယ်။

    အာဖဂန်မှာ သံ၊ ကော့ပါးနဲ့ ရွှေလို သတ္ထုမျိုးတွေဟာ နိုင်ငံတစ်ဝှမ်းက ပြည်နယ်တိုင်းမှာ ကြွယ်စွာရှိနေပြီး၊ မြေရှားသတ္ထုတွေလည်း ရှိနေပါတယ်။ သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှုကို တိုက်ဖျက်နိုင်မယ့် နည်းပညာအတွက် အလွန်အရေးပါပြီး ရှားပါးတန်ဖိုးရှိတဲ့ လစ်သီယံသတ္ထုဆိုရင် အာဖဂန်မှာ အမြောက်အများ ရှိနေတာ ဖြစ်ပါတယ်။

    “အာဖဂန်ဟာ သာမန် တန်ဖိုးမြင့် သတ္ထုရင်းမြစ်တွေ ပေါကြွယ်၀သလို ၂၁ ရာစု စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ သတ္ထုတွေလည်း ရှိနေပါတယ်” လို့ Ecological Futures Group ကို တည်ထောင်သူ သိပ္ပံပညာရှင်နဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ရုဒ်ရွှန်နိုဗာက ပြောပါတယ်။

    ကမ္ဘာကြီးဟာ သဘာ၀ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ နည်းပညာတွေ ဖန်တီးအသုံးပြုဖို့ အားထုတ် ကြိုးပမ်းလာတာနဲ့အမျှ လစ်သီယံနဲ့ မြေရှားသတ္ထုလို သတ္ထုမျိုးတွေရဲ့ ဝယ်လိုအားဟာ မြင့်တက်လာမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း လစ်သီယံ၊ ကို​ဗော့သတ္ထုနဲ့ မြေရှားသတ္ထုတင်ပို့မှုရဲ့ ၇၅ ရာခိုင်နှုန်းကို တရုတ်၊ ကွန်ဂိုနဲ့ ဩစတေးလျ နိုင်ငံတို့က လုပ်ဆောင်နေတာဖြစ်ပါတယ်။

    Ref: Asia Times