News @ M-Media

Tag: Afghanistan

  • တာလီဘန်ကို ကျောထောက်နောက်ခံပေးရန် တရုတ်ပြင်ဆင်

    တာလီဘန်ကို ကျောထောက်နောက်ခံပေးရန် တရုတ်ပြင်ဆင်

    ဩဂုတ် ၁၆၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်လိုက်တဲ့ တာလီဘန်အဖွဲ့နဲ့ မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ဖို့ အဆင်သင့်ရှိတယ်လို့ တရုတ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    တရုတ်နဲ့ အာဖဂန်နစ္စတန်တို့ရဲ့ နယ်မြေထိပ်စပ်မှုဟာ ၇၆ ကီလိုမီတာ ရှည်လျားပါတယ်။ ရှင်ကျန်းပြည်နယ်မှာ ဖိနှိပ်ခံနေရတဲ့ ဝီဂါတွေအတွက် အာဖဂန်က လွတ်မြောက်နယ်မြေဖြစ်လာမှာကို တရုတ်က အရင်ကတည်းက စိုးရိမ်ခဲ့တာပါ။

    အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေ စတင်ဆုတ်ခွာတဲ့အချိန်ကစပြီး တရုတ်က တာလီဘန်အဖွဲ့နဲ့ ဆက်ဆံရေးတည်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တာလီဘန်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှုအတွင်း တရုတ်ကထွက်ပြေးလာတဲ့ ဝီဂါတွေကို လက်ခံမှာမဟုတ်ဘူးလို့ တာလီဘန်အဖွဲ့က ကတိပြုခဲ့ပြီး အပြန်အလှန်အားဖြင့် အာဖဂန်ရဲ့ စီးပွားရေးနဲ့ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေကို တရုတ်က ကူညီပေးရမှာ ဖြစ်ပါတယ်။

    ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဖဂန်နစ္စတန်နဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမယ့် အခွင့်အလမ်းမျိုးကို ကြိုဆိုတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်က ပြောကြားခဲ့ပါတယ်။

    “တရုတ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ မျှော်လင့်ကြောင်း တာလီဘန်အဖွဲ့က အကြိမ်ကြိမ် ပြောကြားဖူးပါတယ်။ အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ တရုတ်နိုင်ငံက ပါဝင်ပေးဖို့ သူတို့မှာ အာသီသ ရှိပါတယ်။ ကျွန်မတို့လည်း ဒါကို ကြိုဆိုပါတယ်။ အာဖဂန်ပြည်သူတွေ သူတို့ရဲ့ကံကြမ္မာကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ကို ကျွန်မတို့ လေးစားတယ်။ အာဖဂန်နစ္စတန်နဲ့ ရင်းနှီးပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးမျိုး ဆက်လက်ထူထောင်ဖို့လည်း ဆန္ဒရှိပါတယ်”

    ချော့မွေ့တဲ့ အာဏာလွှဲပြောင်းမှုလုပ်ဆောင်ဖို့၊ ပွင့်လင်းပြီး အားလုံးပါဝင်နိုင်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ အာဖဂန်ပြည်သူတွေနဲ့ နိုင်ငံခြားသားတွေ ဘေးအန္တရာယ်ကင်းရေး ဆောင်ရွက်ပေးဖို့လည်း ဟွာချန်ယင်က တာလီဘန်ကို တိုက်တွန်းခဲ့ပါတယ်။

    Ref: France 24

  • အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီ တိုင်းပြည်မှ ထွက်ပြေး

    အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီ တိုင်းပြည်မှ ထွက်ပြေး

    ဩဂုတ် ၁၅၊ ၂၀၂၁
    M-Media

    Afghan President Ashraf Ghani speaks at the extraordinary meeting of the Parliament in Kabul, Afghanistan, Monday, Aug. 2, 2021. (AP Photo/Rahmat Gul)

    -သမ္မတ အက်ရှ်ရက်ဖ်ဂါနီဟာ တိုင်းပြည်ကနေ ထွက်ခွာသွားပြီလို့ အာဖဂန်နစ္စတန်အစိုးရ အကြီးတန်းတာဝန်ရှိသူ၊ သံတမန်တစ်ဦးက CNN သတင်းဌာနကို အတည်ပြု ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ်ပတ်အတွင်း နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေကို တာလီဘန်အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တော်ကဘူးလ်ကို ဝိုင်းထားခဲ့ပြီးတဲ့နောက် တာလီဘန်နဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရေး ဆွေးနွေးနေတယ်လို့ အာဖဂန်အစိုးရက သတင်းထုတ်ပြန်ထားတာပါ။

    အာဖဂန်အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးကောင်စီ ဥက္ကဌ အဘ်ဒူလာ အဘ်ဒူလာကလည်း သမ္မတဂါနီ တိုင်းပြည်ကနေထွက်ခွာသွားကြောင်း ဗီဒီယိုနဲ့ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ဂါနီကို ‘သမ္မတဟောင်း’ လို့ သုံးနှုန်းသွားပါတယ်။

    စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂါနီဟာ ၂၀၁၄ ခုနှစ်ကစတင်ပြီး သမ္မတတာဝန် ရယူခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာ ပြန်လည်ရွေးကောက်ခံခဲ့ရပါတယ်။

    Ref: CNN

  • ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း အာဖဂန်အစိုးရက တာလီဘန်နှင့် ဆွေးနွေးနေ

    ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း အာဖဂန်အစိုးရက တာလီဘန်နှင့် ဆွေးနွေးနေ

    ဩဂုတ် ၁၅၊ ၂၀၂၁
    M-Media

    -တာလီဘန်အဖွဲ့က မြို့တော်ကဘူးလ်ကို ဝန်းရံထားလိုက်ပြီးတဲ့​နောက် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး ဆွေးနွေးနေတယ်လို့ အာဖဂန်နစ္စတန် အစိုးရတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုပါတယ်။

    တာလီဘန်အဖွဲ့ဟာ ​မြို့တော်ကဘူးလ်ရဲ့ ဆင်ခြေဖုံးတွေအထိ ရောက်ရှိလာပြီး အဖက်ဖက်က ဝန်ရံထားလိုက်တာဖြစ်ပါတယ်။ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူဟေးလ် ဆာဟင်က လက်ရှိမှာ သူတို့အဖွဲ့ဝင်တွေကို မြို့ထဲဝင်မတိုက်ဖို့ ညွှန်ကြားထားပြီး မြို့ကို ငြိမ်းချမ်းစွာ လွှဲပြောင်းနိုင်ရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

    အာဖဂန် ပြည်ထဲရေးဝန်ကြီး အဘ်ဒူလ် ဆက်သားရ် မီရ်ဇက်ဝဲလ်က ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှု ဖြစ်နေပြီး အသွင်ကူးပြောင်းရေးအစိုးရ ပေါ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတဂါနီဟာ အခြေအနေ ဖြစ်ပေါ်တိုးတက်မှုနဲ့ပတ်သက်လို့ အာဖဂန်ဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်၊ နေတိုးအဖွဲ့ဝင် ထိပ်တန်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

    တာလီဘန်အဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းမှာ အဓိကမြို့ကြီး တော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တော်ကဘူးလ်ကိုသိမ်းပိုက်ဖို့ တစ်လလောက်ကြာမယ်လို့ အမေရိကန်က ခန့်မှန်းထားပေမယ့် ရက်ပိုင်းအတွင်း ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

    ကဘူးလ်က နိုင်ငံခြားသံတမန်တွေနဲ့ နိုင်ငံခြားသားတွေကို ကယ်ထုတ်ဖို့ အမေရိကန်က တပ်ဖွဲ့ဝင် ၅ ထောင်လောက် စေလွှတ်ထားပြီး ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေပါတယ်။

    Ref: Aljazeera

  • တာလီဘန်အုပ်စိုးရာဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြန်မြင်လာရဟု ကုလအတွင်းရေးမှူးပြော

    တာလီဘန်အုပ်စိုးရာဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြန်မြင်လာရဟု ကုလအတွင်းရေးမှူးပြော


    ဩဂုတ် ၁၄၊ ၂၀၂၁

    M-Media 

    -အာဖဂန်နစ္စတန်က တာလီဘန်အဖွဲ့ သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြင်လာရပြီး၊ လက်နက်နဲ့ အာဏာရဖို့ကြိုးစားတာဟာ အောင်မြင်မှာမဟုတ်တဲ့ ကြိုးပမ်းမှု ဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က သတိပေး ပြောကြားလိုက်ပါတယ်။ 

    အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ တစ်ဖြည်းဖြည်းဆုတ်ခွာနေချိန်မှာ တာလီဘန်အဖွဲ့က ထိုးစစ်ဆင်ကာ နယ်မြေတွေ ပိုမိုသိမ်းယူလာပြီး ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း တတိယအကြီးဆုံးမြို့ ဟီရတ်နဲ့ ဒုတိယအကြီးဆုံးမြို့ ကန်ဒါဟာတို့အပါအဝင် အဓိကမြို့ကြီး ၁၈ မြို့လောက်ကို လွယ်လွယ်ကူကူပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

    ကုလအတွင်းရေးမှူး ဂူတာရက်စ်က နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ လက်နက်နဲ့ အာဏာရယူဖို့ ကြိုးပမ်းမှုကို ထောက်ခံမှာမဟုတ်ဘဲ၊ အာဖဂန်နစ္စတန်အနေနဲ့ နောက်ထပ် ရှည်ကြာတဲ့ ပြည်တွင်းစစ်ကို ကြုံရပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လုံး၀ဖယ်ကျဉ်ခြင်းကို ခံရလိမ့်မယ်လို့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ သတိပေးခဲ့ပါတယ်။

    တာလီဘန်သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ အမျိုးသမီးတွေနဲ့ ဂျာနယ်လစ်တွေအပေါ် ပစ်မှတ်ထား ဖိနှိပ်တာမျိုးလို လူ့အခွင့်အရေး ချိုးဖောက်မှုကို မြင်လာရပြီး အာဖဂန်က လက်နက်ကိုင်အဖွဲ့တွေအားလုံး အရပ်သားတွေကို ကာကွယ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “အာဖဂန်မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေ ခက်ခက်ခဲခဲ့ရယူထားရတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်ဆိုတာ ကြောက်မက်ဖွယ်၊ စိတ်မကောင်းဖြစ်ဖွယ် ကြားသိနေရပါတယ်”

    ကုလသမဂ္ဂဟာ အာဖဂန်နစ္စတန်က လုံခြုံရေးအခြေအနေကို နာရီတိုင်း လေ့လာသုံးသပ်နေပြီး တစ်ချိုု့ဝန်ထမ်းတွေကို ကဘူးလ်မြို့ ရွှေ့ထားပေမယ့် ကယ်ထုတ်မှာ မဟုတ်သေးဘူးလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ 

    Ref : Aljazeera

  • အာဖဂန်တွင် တာလီဘန်ကလက်ထဲကျသွားသည့် ပြည်နယ်မြို့တော် ၆ ခုအထိ ရှိလာ

    အာဖဂန်တွင် တာလီဘန်ကလက်ထဲကျသွားသည့် ပြည်နယ်မြို့တော် ၆ ခုအထိ ရှိလာ

    ဩဂုတ် ၁၀၊ ၂၀၂၁

    M-Media 

    – အာဖဂန်နစ္စတန်မြောက်ပိုင်း ဆာမန်ဂန်ပြည်နယ်မြို့တော် အိုင်ဘက်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တာလီဘန်အဖွဲ့က မနေ့မှာ ကြေငြာခဲ့ပြီး ဒါဟာ တစ်ပတ်အတွင်း ပြည်နယ်မြို့တော် ၅ ခုအထိ တာလီဘန်က သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဆာမန်ဂန် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးက အေဘက်မြို့ တာလီဘန်လက်ထဲကျသွားကြောင်း အတည်ပြုခဲ့ပါတယ်။ တာလီဘန်ပြောရေးဆိုခွင့်ရှိသူရဲ့ Twitter ပို့စ်မှာ သူတို့ အဖွဲ့ဝင်တွေဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးနေအိမ်၊ ထောက်လှမ်းရေးရုံး၊ ရဲဌာနချုပ်နဲ့ မြို့တွင်းက အခြား အစိုးရအဆောက်အဦးတွေကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

    အေဘက်မြို့ဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း တာလီဘန်လက်ထဲကို ကျရောက်ခဲ့တဲ့ ၅ ခုမြောက် ပြည်နယ်မြို့တော်ဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေ ဆုတ်ခွာနေတာကို အခွင့်ကောင်းယူပြီး တာလီဘန်က ထိုးစစ်ဆင်ရာမှာ အစပိုင်းက အစွန်းအဖျားဒေသတွေကိုသာ သိမ်းပိုက်နိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ပြည်နယ်မြို့တော် ၆ ခုအထိ တာလီဘန်က သိမ်းထားနိုင်ပါတယ်။ 

    နိုင်မြောက်ပိုင်းက အကြီးဆုံးမြို့ဖြစ်တဲ့ မာဇာရ်-အီ-ရှရစ်ဖ်ကို သိမ်းနိုင်ဖို့ ကြိုးစားနေတယ်လို့ တာလီဘန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    အာဖဂန်နစ္စတန် အစိုးရက တာလီဘန်လက်ထဲကနေ မြို့တွေကို ပြန်သိမ်းဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။ 

    Ref: Aljazeera