News @ M-Media

Tag: article

  • ပြည်ထောင်စုဖတ်စာ

    ပြည်ထောင်စုဖတ်စာ

    သြဂုတ် ၃၁ ၊ ၂၀၁၄
    M-Media
    -ဆောင်းပါးရှင်- ညီသွေး

    01

    လွှတ်တော်ကြီး အနီး
    ပြည်ထောင်စုကြီး နွံထဲနစ်နေသည်။
    တိုင်းရင်းသားများ ၀ိုင်း၍ ညီညွတ်ပေးကြပါ။
    လေးပါးစုံညီတွန်းလျှင် ရွေ့နိုင်ပါ၏။

    လူဆိုတဲ့သတ္တ၀ါက ယဉ်ကျေးမှုစင်တာကြီးတွေ၊ အသိပညာမျိုးစုံ စည်ပင်စေတဲ့ တက္ကသိုလ်ကြီးတွေ တည်ထောင်နိုင်ခဲ့တယ်။ လူဆိုတဲ့သတ္တ၀ါက ကျမ်းစာတွေ တရားဓမ္မတွေ ပြုစုပြဋ္ဌာန်းနိုင်ခဲ့တယ်။ အဲ့ဒီလူစုကပဲ လူ့အခွင့်အရေးကြေညာစာတမ်းတွေ ထုတ်ပြန်လို့ ကျေးပိုင်ကျွန်ပိုင်စနစ်တွေ ရိုက်ချိုးနိုင်ခဲ့တယ်။ အဲ့ဒီလိုလူ့လောကကြီးက အမြဲ သတိရတမ်းတပြီး အမြဲကျေးဇူးတင်ထိုက်တဲ့ လူတွေ ရှိခဲ့သလို လူတစ်စု တစ်ဖွဲ့ကောင်းစားဖို့အတွက် တစ်တိုင်းပြည်လုံး ချောက်ထဲ တွန်းပို့ခဲ့တဲ့လူတွေ၊ ကိုယ့်လူမျိုး အသာစံရဖို့ဆိုပြီး အခြား အသွင်မတူ မျိုးကွဲ လူနည်းစုတွေအပေါ် မတရားဖိနှိပ်ချုပ်ချယ်တဲ့လူတွေ၊ လက်ဗလာ ခြေဗလာ ပြန်သွားရမယ် ဆိုတာ သိသိကြီးနဲ့ ဘယ်လိုစောဒကမှ တတ်နိုင်စွမ်းမရှိတဲ့ ခရီးတစ်ခုကို တစ်ကိုယ်တည်း ထွက်ခွာသွားရမယ်ဆိုတာ ကျိန်းသေနေတဲ့ကြားထဲက တစ်အုပ်စုပေါ် တစ်အုပ်စု တစ်နိုင်ငံပေါ် တစ်နိုင်ငံ ကျူးကျော်ရန်စ အနိုင်ကျင့် သိမ်းပိုက်ချင်နေတဲ့ လူ့ဗာလတွေလည်း ရှိနေပါသေးတယ်။

    ကမ္ဘာ့မြေပုံပေါ်မှာ အေးချမ်းတဲ့ နေရာဒေသ သာယာချမ်းမြေ့မှုရှိတဲ့ အရပ်ဆိုတာ မရှိသလောက် ရှားပါးနေပါပြီ။ နိုင်ငံတိုင်းမှာ ပြည်တွင်းစစ် (သို့) သူပုန်ထမှုဆိုတာရှိတယ်။ မငြိမ်းမချမ်း ဆန္ဒပြမှုတွေရှိတယ်။ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေရှိတယ်။ တစ်ချိန်က အရှေ့တောင်အာရှရဲ့ အဖွံ့ဖြိုး အချမ်းသာဆုံးတိုင်းပြည် သံယံဇာတကြွယ်ဝပေါများဆုံးတိုင်းပြည်၊ အငြိမ်းချမ်းဆုံးဘာသာတရား၊ အဆုံးအမနဲ့အညီ နေထိုင်ခဲ့ကြတဲ့ တိုင်းပြည်၊ လောကွတ်ပြုရာ ဗြဟ္မစိုရ် တရား များစွာပေါကြွယ်ဝတဲ့လူမျိုးတွေ ရှိခဲ့တဲ့ ဒီတိုင်းဒီဋ္ဌာနီမှာတောင် လူတစ်စုရဲ့ ခလောက်ဆန် မွှေနှောက်မှုကြောင့် ဘယ်လောက်တောင် ဆင်းရဲနိမ့်ကျ ချွတ်ခြုံကြခဲ့ရသလဲ။ နေ့စဉ်ရက်ဆက် လူထု ဆန္ဒပြထုတ်ဖော်ပွဲတွေ၊ ဒီအကြောင်းတရားတွေ ကြားထဲက သားသေလင်ပျောက် ဒုက္ခရောက်ခဲ့ရတဲ့ မိသားစုတွေ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းအတွင်းက တဖြေးဖြေးတိုးလာတဲ့ လူဦးရေတွေ၊ အကျဉ်းစခန်း၊ စစ်ကြောရေးစခန်းတွေထဲမှာ စတေးခံလိုက်ရတဲ့ နိုင်ငံသားတွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ မြေစာပင်တွေ၊ အပြစ်မဲ့တွေ။

    ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် လူတစ်စု၊ ဒီလူတစ်စုရဲ့ အင်အားက အလွန်ကြီးပါသည်။ မီဒီယာတွေကိုပိုင်သည် အသံလွှင့်ဌာနတွေကို ပိုင်သည်။ ဘဏ်အကြီးကြီးတွေကို ပိုင်သည်။ အကျဉ်းထောင်တွေကို ပိုင်သည်။ တရားရုံးတွေ တရားသူကြီးတွေကို ပိုင်သည်။ ပဋိပက္ခတွေကို ပိုင်သည်။ သာသနာပိုင်တွေ တောင်ပိုင်သည်။ အကြမ်းဖက်သမားတွေကို ပိုင်သည်။ အများညီညီ မညီညီ ဤကို ကျွဲဟု လုပ်နိုင်သည်။ အမြဲတမ်း ‘ငါးပျံ’အလှည့်ချည်းပဲ လုပ်နိုင်သည်။ ပလိုင်းပေါက်နှင့်လည်း ဖားကောက်နိုင်သည်။ ရေဗူးပေါက်နေလည်း ရေပါအောင် လုပ်နိုင်သည်။ အလွန်ကြီးမား မြန်ဆန်လွန်းတဲ့အရှိန်နဲ့ သွားနေတာဆိုတော့ သူတို့ကို ဘယ်သူမှ ရပ်တန့်အောင် ကြိုးစားနိုင်မှာ မဟုတ်တဲ့အပြင် သူတို့ကိုယ်တိုင်လည်း ပြန်ပြီးရပ်တန့်အောင် လုပ်နိုင်တော့မှာ မဟုတ်တော့။ အလွန်မြန်တဲ့ယာဉ်ကို ရုတ်တရက် ရပ်တန့်အောင် လုပ်မည်ဆိုလျှင် ကြောင့်ကျတော့ကြမည်မဟုတ်။

    ဤကဲ့သို့သော အစိုးရ၀န်ကြီးဋ္ဌာနများသည် မြန်မာနိုင်ငံ၌ အကယ်စင်စစ်တည်ရှိခဲ့ပါသည်။ ‘ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် မညီညွတ်သည့်ကိစ္စရပ်များကို ဋ္ဌာနပေါင်း ၃၉-ခုရှိသည့်အနက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှလွဲ၍ ကျန်ဝန်ကြီးဋ္ဌာန ၃၈-ခုမှ ချိုးဖောက်ထားပါသည်။’တဲ့ ‘ဗဟိုအဖွဲ့အစည်းဌာနများ၏ ဥပဒေ၊ နည်းဥပဒေ ဘဏ္ဍာရေးစည်းမျဉ်း၊ ၀န်ထမ်းစည်းမျဉ်းများ၊ လုပ်ထုံး လုပ်နည်းနဲ့မညီညွတ်သော စစ်ဆေးတွေ့ရှိချက်များက ၂-နှစ်အတွင်း အကြိမ် ၅၀၀-ကျော်တဲ့’ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ရဲ့ အဆိုတင်သွင်းချက်မှတဆင့် ပြည်သူတွေ သိခွင့်ရတာပါ။ ‘မခင်ပုံနှင့်လောက်’ကွက်တိဆိုသလို ဒီလိုအစိုးရဌာနမျိုးတွေ ပိုင်ဆိုင်ထားတဲ့ တစ်နည်းအားဖြင့် မြွေပွေးတွေ ခါးပိုက်ပိုက်ထားတဲ့ တိုင်းပြည်မျိုးမှ မဆင်းရဲရင် ကမ္ဘာမှာ ဘယ်တိုင်းပြည်မှ မဆင်းရဲတော့ဘူး။ အဲ့ဒီလိုတိုင်းပြည်မှာမှ လူလာဖြစ်ရ၊ စာနယ်ဇင်းသမားလာဖြစ်ရ၊ နိုင်ငံရေးသမား လာဖြစ်ရတာကတော့ ဓါးသွားပေါ်က ပျားရည်စက်ကို လျက်ရသလို၊ ကောင်းအောင် ကြိုးတန်းပေါ် လျှောက်ပြနေရတဲ့ ဆက်ကပ်သမားလို အမြဲ သတိနဲ့ အသိ အကြီးကြီး ထားနေရမှာပါ။

    လက်နက်ခဲယမ်းအပြည့်အစုံနဲ့ တမူးက၀င်လာတဲ့ နိုင်ငံ အ၀ှမ်းလုံး မွှေနှောက်မယ့် တရုတ်နိုင်ငံသား ရှစ်ဦးကို လက်နက်ပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မ၊ လ၀ကပုဒ်မတွေနဲ့ ၃-မျိုးပေါင်းပြီး ချလိုက်တဲ့ ထောင်ဒဏ်က ၁၀-နှစ် မပြည့်ပဲ စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုပါတယ်ဆိုတဲ့ ဂျာနယ်လစ်တွေကို ချလိုက်တဲ့ ထောင် ၁၀-နှစ်ဆိုတာက သက်သေပဲ။

    အမှန်တရားဘက်တော်သားတွေကို ဒီလိုအစိုးရမျိုးက ဘယ်တော့မှ မျက်နှာသာ မပေးပါဘူး။ ဒါပေမယ့် ပြည်သူလူထုရဲ့ မျက်နှာစာမှာတော့ အမြဲ ဂုဏ်သိက္ခာမြင့်မားနေမှာပါ။ အဓိက ကတော့ အမှန်တရားကို ချစ်မြတ်နိုးဖို့ပါပဲ။ အမှန်တရားဆိုတာ သဲပွင့်လေးပဲ ဖြစ်နေပါစေ။ ကမ္ဘာမြေကြီးနဲ့ ပါဝင် ပေါင်းစပ်နိုင်လိုက်ရင် ဘယ်လောက် အင်အားကြီးသွားမယ်။ အမှန်တရားဟာ ရေတစ်စက်ပဲဖြစ်နေပါစေ။ သမုဒ္ဒရာကြီးနဲ့ ပတ်သက်နိုင်လိုက်ရင် ဘယ်လောက်ကျယ်ပြန့်နက်ရှိုင်းသွားမလဲ။ အဲ့ဒီ အမှန်တရားကို ပြည်သူတွေ သိအောင်လုပ်ပြနိုင်ဖို့က စတုတ္ထမဏ္ဍိုင်ရဲ့ အဓိကတာဝန်ပါပဲ။ ထောင် ၁၀-နှစ်ဆိုတာ ဆူးတစ်ကြိုးတစ်ထပ်လား၊ ပုဒ်မ ၁၈ ဆိုတာ မုန်တိုင်းတစ်ခုလား။ စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုနေသူ အားလုံးအတွက်တော့ ရှေ့ဆက်ရမယ့်လမ်းမှာ ဒါတွေဟာ ကြိုတင်ရောက်နှင့်နေမယ့် ဧည့်ကြိုတွေအဖြစ်သာ သတ်မှတ်ထားလိုက်ပါ။

    အမှန်တရားဆိုတာ
    မာတိကာ အသစ်မှာ
    စာမျက်နှာတစ် ဖြစ်ခွင့်မရလည်း
    တောအုပ်ထဲ အရိပ်နင်းခံတဲ့ သစ်ပင်လို
    အရပ်ထက် မြင့်မှာပဲ။

    တိုင်းသူပြည်သားအားလုံးရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်လို့လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အချက် တစ်ခုဖြစ်တဲ့ လေးပါးစုံညီ တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်နိုင်တာ ဘာကြောင့်လဲဆိုတာ အရင် အဖြေရှာသင့်ပါတယ်။ ဥပမာအားဖြင့် လက်ရှိမြန်မာအစိုးရရဲ့ အဓိကခေါင်းဆောင်ပိုင်းနေရာတွေကို တာဝန်ခွဲဝေချထားပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ အသွင်ကူးပြောင်းရေးကို ဦးဆောင်လမ်းပြ မြေပုံရေးဆွဲပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေထံ အရင်သွားရောက်ပြီး အကြံဥာဏ်ကောင်းများ၊ လမ်းညွှန်မှုကောင်းများ တောင်းခံသင့်ပါတယ်။ ဖာရိုဘုရင် (ဒုတိယမြောက် ရမ်မဆီ)ထံ တမန်တော်ဂျိုးဇက်က ဒီလို တောင်းဆိုခဲ့ပါတယ်။

    ‘ငါ့လူတွေကို ပေးသွားခွင့်ပြုပါတော့’တဲ့ ထိုပုဂ္ဂိုလ်ကြီးများ အနေကလည်း ဒီတိုင်းပြည်ကြီးကို ပေးကောင်းဖို့ သင့်တဲ့အချိန် ရောက်နေပြီဆိုတာ သိနေမှာပါ။ အမမေစု အနေနဲ့ အရိုးရှင်းဆုံး နှလုံးသား သန့်သန့်နဲ့ လိမ်မာသိမ်မွေ့စွာ ကြိုးစား ချဉ်းကပ်သွားမယ်ဆိုလျှင် ဒီတွေ့ဆုံဆွေးနွေးမှုများ အထမြောက်ပြီး ပြည်ထောင်စုကြီးရဲ့ သမိုင်းဝင်နေ့ရက်များ ဖြစ်လာမှာပါ။ ထိုပုဂ္ဂိုလ်ကြီးများလည်း တစ်တိုင်းပြည်လုံးရဲ့ မေတ္တာကိုပြန်ရ၊ နောက်ဆုံး သံသရာ ခရီးမှာ လည်း ဖြောင့်တန်းချောမွေ့ငြိမ်းချမ်း၊ ပြည်ထောင်စုအကြီး အပေါ် ပေးဆပ်ဖို့ တင်ကျန်နေတဲ့ အကြွေးများလည်း ကြေအေး၊ ဘယ်လောက်တောင် ချမ်းမြေ့သာယာမယ့် အနာဂတ် လမ်းပါလဲ။ အားလုံးဝိုင်းစဉ်းစားသင့်ပါတယ်။ PR တို့ ပြည်ထောင်စု လွှတ်တော်တို့၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတို့ဆိုတာ ထိုပုဂ္ဂိုလ်ကြီးများရဲ့ ပင်လယ်မှ ရေမြှုပ် အဆင့်သာရှိပါတယ်။ ဒီပုဂ္ဂိုလ်ကြီးများရဲ့လက်နဲ့ ရေးခဲ့တာတွေဟာ ဒီပုဂ္ဂိုလ်ကြီးများရဲ့ correction pen နဲ့ပဲ ပြန်ဖျက်မှ အဆင်ပြေနိုင်မှာပါ။

    ဘာကြောင့် ဒီတွေ့ဆုံဆွေးနွေးမှုတွေ အရင်လုပ်သင့်သလဲဆိုတာ အောက်ပါ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွေကိုကြည့်ပြီး သဘောပေါက်နိုင်ပါတယ်။ ဒီအခင်းအကျင်းတွေကတော့ အများမညီပေမယ့် ဤက ကျွဲဖြစ်သွားတဲ့ လွှတ်တော်ထဲက PR က သက်သေပဲ မတော်မတရား နိုင်ငံအနှံ့ မြေယာသိမ်းမှုတွေက သက်သေပဲ။ ဆန္ဒပြ ထုတ်ဖော်တောင်းဆိုမှုတွေကို အကြမ်းဖက်နှိမ်နင်းနေတာက သက်သေပဲ။ တစ်သက်လုံး အစိုးရလာတဲ့ သမ္မတဆိုတဲ့သူထံ လွှတ်တော် နာယကကြီးက စာပို့တော့မှ အစိုးရက ၀င်ရောက်စွက်ဖက်လို့ မရဘူးလို့ အကြောင်းပြန်လိုက်တာက သက်သေပဲ။ ထောင်ဒဏ်အမိန့်ချပြီးမှ ဒီအမိန့်တွေဟာ တပ်ကလာတာပါလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ တရားသူကြီးရဲ့ နှုတ်ထွက်စကားက သက်သေပါပဲ။ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ တမူးက၀င်လာတဲ့ နိုင်ငံ အ၀ှမ်းလုံး မွှေနှောက်မယ့် တရုတ်နိုင်ငံသား ရှစ်ဦးကို လက်နက်ပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မ၊ လ၀ကပုဒ်မတွေနဲ့ ၃-မျိုးပေါင်းပြီး ချလိုက်တဲ့ ထောင်ဒဏ်က ၁၀-နှစ် မပြည့်ပဲ စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုပါတယ်ဆိုတဲ့ ဂျာနယ်လစ်တွေကို ချလိုက်တဲ့ ထောင် ၁၀-နှစ်ဆိုတာက သက်သေပဲ။ တပ်အသုံးပြုရန် လိုအပ်၍ ပြန်လည် စွန့်လွှတ်ခြင်း မပြုဘူးဆိုတဲ့ သိမ်းဆည်းခံ လယ်ယာမြေဧက ၃၅၁၀၃၃.၇၃၈ ဧက က သက်သေပဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေတဲ့ ရက်အတွင်းမှာတောင်    တိုက်ပွဲတွေ ပြန်ဖြစ်နေတာက သက်သေပဲ။

    ပြည်သူလူထုဆိုတာ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုတာတို့၊ ပြည်နယ်ဝန်ကြီးချုပ် မည်သူဆိုတာတို့ကို မှတ်တမ်းတင်တာ မဟုတ်ဘူး။ သူတို့ရဲ့ အခက်အခဲတွေ၊ ဒုက္ခတွေကို မျှဝေခံစား၊ ကူညီ ရင်ဆိုင်ဖြေရှင်းပေးတဲ့သူတွေကိုသာ နှလုံးသားက မှတ်တမ်းတင်တတ်ကြတဲ့အမျိုးပါ။ အဲ့ဒီပြည်သူဆိုတာ သူတို့ရဲ့ ဘ၀တွေကို ပန်းပွင့်တွေလို ဝေဆာစည်ပင်လာအောင် ဥယျာဉ်မှူးကောင်းတစ်ယောက်လို ယုယ၊ သူတို့လျှောက်လှမ်းမယ့် လမ်းခရီးမှာ တံတား တစ်စင်းလို ကျောခင်းပေးနိုင်မည့် သူဖြစ်မှသာ ခေါင်းဆောင်ကောင်းဘွဲ့ဆိုတာကို ဖဲကြိုးဖြတ်၊ ကဗ္ဗည်းတင်ပေးဆပ်မှာပါ။

    ကဗျာဆရာကြီး အော်ဒင်က ‘ကဗျာဆိုတာ မမေ့နိုင်တဲ့ စကားစု’တဲ့။ ဒီလိုသာဆိုလျှင် ရာဇ၀င်သက္ကရာဇ်ပြန်လှည့်ရစ်ကြည့်ပါက မရေတွက်နိုင်လောက်အောင် များပြားလှတဲ့ နေ့ရက်တွေဟာ ပြည်သူလူထုရဲ့ ကဗျာဆန်သော နေ့ရက်တွေလို့ ခေါ်ဝေါ်သတ်မှတ်နိုင်ပါလိမ့်မယ်။ ၈၈ အရေးအခင်း နေ့ရက်များ၊ လက်ပံတောင်အရေးအခင်း နေ့ရက်များ၊ သမဂ္ဂဖြိုနေ့ရက်များ၊ ရွှေဝါရောင် သံဃာအရေးအခင်း နေ့ရက်များ၊ ရခိုင်ပဋိပက္ခနေ့ရက်များ စသည် စသည် ကဗျာဝါကျရှည်ကြီးဖြစ်သွားမယ့် နေ့ရက်များကို ရင်ဝယ်ပိုက်ခဲ့ရတာ ဒီပြည်သူတွေပါပဲ။ အဓိက သက်ဆိုင်သူကြီးများထံ ဒီပြည်သူတွေရဲ့ကိုယ်စား ဒီလို တောင်းဆိုပေးလိုက်ချင်ပါတယ်။

    ‘ဒီပြည်သူတွေကို လွတ်မြောက်ခွင့် ပေးလိုက်ပါတော့။’
    ‘သွေးရောင်လွှမ်းတဲ့ နေ့ရက်တွေ ကုန်ဆုံး လွန်မြောက်ပါစေတော့။’

    လွှတ်တော်ကြီး အနီး
    ပြည်ထောင်စုကြီး နွံထဲနစ်နေသည်။
    တိုင်းရင်းသားများ ၀ိုင်း၍ ညီညွတ်ပေးကြပါ။
    လေးပါးစုံညီ တွန်းလျှင် ရွေ့နိုင်ပါ၏။

    ညီသွေး

  • အကြမ်းဖက်မှုများကို အမှန်တကယ် ဖြေရှင်းလိုလျှင်

    အကြမ်းဖက်မှုများကို အမှန်တကယ် ဖြေရှင်းလိုလျှင်

    သြဂုတ် ၃၁ ၊ ၂၀၁၄
    M-Media
    -ဆောင်းပါးရှင်- ဦးဦးမှော်ဆရာ

    ငြိမ်းချမ်းရေးပညာရပ်ဆိုင်ရာ သုတေသီ Johan Galtung က Violence (အကြမ်းဖက်မှု) တွေကို (၃) မျိုး ခွဲခြားပြတယ်။

     

    diagram

    ၁) Direct Violence ဆိုတာ မြင်သာထင်သာရှိတဲ့ တိုက်ခိုက်မှုမျိုးကို ဆိုလိုတယ်။ အဲဒါမျိုးက ကျနော်တို့ကိုယ်တိုင်လည်း ကိုယ့်အိမ်တွင်းမှာ တခါတရံ ကျူးလွန်တတ်ကြသလို၊ ရံဖန်ရံခါ လမ်းမပေါ်မှာတောင် တွေ့နိုင်တယ်။ အဓိကအားဖြင့် လူတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ အသက်ရှင်သန်ပိုင်ခွင့်၊ လုံခြုံမှု နဲ့ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်တွေကို တိုက်ရိုက်ထိပါးတဲ့ အပြုအမူတွေကို ဆိုလိုတယ်။ ဒီထဲမှာ ကိုယ်ထိလက်ရောက် ရိုက်နှက်ထိုးကြိတ်တဲ့ လုပ်ရပ်တွေ၊ လူသတ် မုဒိန်းကျင့်တဲ့ လုပ်ရပ်တွေက စလို့ လက်နက်တွေ အသုံးပြုပြီး သေနတ်ပစ်၊ ဗုံးဖေါက်၊ စစ်ပွဲတွေထိ ပါဝင်တယ်။

    ၂) Structural Violence ဆိုတာက နိုင်ငံတွင်းမှာရှိတဲ့ လူမှုစီးပွားနဲ့ နိုင်ငံရေးအဆောက်အအုံ တည်ဆောက်ပုံ မှားယွင်းမှုကြောင့် လူသားတွေရဲ့ လုံခြုံမှုကင်းမဲ့ပြီး ရှင်သန်ရပ်တည်မှုကို ထိခိုက်စေတဲ့ အနေအထားမျိုး၊ လူမှုစီးပွားဘ၀ ချွတ်ခြုံကျပြီး ဆင်းရဲနွမ်းပါးမှု မြင့်တက်နေတဲ့ အခြေအနေမျိုး၊ လူအခွင့်အရေးတွေ ပြင်းပြင်း ထန်ထန် ချိုးဖေါက်ခံရတဲ့ အခြေအနေမျိုးတွေနဲ့ သက်ဆိုင်တယ်။ တခါတရံမှာ အစိုးရကိုယ်တိုင်က Structural Violence ကို တိုင်းပြည်ရဲ့ လူမှုစီးပွားနဲ့ နိုင်ငံရေး အင်စတီကျူးရှင်းတွေမှာ ကဏ္ဍပေါင်းစုံကနေ ရည်ရွယ်ချက်ရှိရှိ မြှုပ်နှံထားတာမျိုးလည်း ဖြစ်နိုင်တယ်။ လိုအပ်တဲ့အချိန်မှာ အလွယ်တကူ ဖေါက်ခွဲပစ်လို့ရအောင်ပေါ့။ ဥပမာပြောရရင် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျား-မ စတာတွေပေါ် အခြေခံပြီး အခွင့်အရေးနဲ့ အခွင့်အလမ်းတွေ ရယူပိုင်ဆိုင်ခွင့်တွေကို ကန့်သတ် ပိတ်ပင်ထားခြင်းက Structural Violence ကို ဖန်တီးထားခြင်းပဲ ဖြစ်တယ်။ ဒီလိုမျိုး လူ့အဖွဲ့အစည်းတွင်းမှာရှိတဲ့ မညီမျှမှုတွေကနေ တင်းမာမှုတွေ ပေါ်ပေါက်လာပြီး အချိန်မရွေး violence တွေ ဖြစ်ပွားလာစေတယ်။

    ရန်ငြိုးမရှိတဲ့ ပုဂ္ဂိုလ်တွေအချင်းချင်း စင်မြင့်ပေါ်မှာ ပြေလည်နေယုံနဲ့တော့ ဘာမှမထူးဘူး။ နောက်ပြီး ကိုယ်ကိုယ်တိုင် တဘက် ဘာသာဝင်တွေ အပေါ် အယုံအကြည် မရှိဘဲ ဒီလို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး စကားဝိုင်းတွေ လုပ်နေလို့တော့ အချိန်ကုန်ယုံပဲ ရှိလိမ့်မယ်။ အစိုးရအတွက် အပြကောင်းယုံ ပွဲသက်သက်ပဲ ဖြစ်နေလိမ့်မယ်။

    ၃) Cultural Violence ဆိုတာကတော့ အပေါ်ကနှစ်ခုဖြစ်တဲ့ Direct Violence နဲ့ Structural violence နှစ်မျိုးကို အားပေးထောက်ခံတဲ့ (ဒါမှမဟုတ်) လက်ခံတဲ့ ဘာသာရေး၊ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ အတွေးအခေါ်အယူအဆတွေ ရှိနေခြင်းကို ဆိုလိုတယ်။ ဥပမာ- တဘက်က ငါနဲ့မတူ ငါ့ရန်သူလို့သဘောထားပြီး ခွဲခြားဆက်ဆံတတ်တဲ၊့ တိရိစ္ဆာန်တွေ၊ ဗိုင်းရပ်စ်ပိုးတွေနဲ့ ခိုင်းနှိုင်းပြီး အဆုံးစွန်ထိ ဖယ်ထုတ်လိုတဲ့ အလေ့အထရှိနေတာမျိုး၊ ကျန်တဘက်ကလည်း ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို သဘောထားတတ်တာမျိုး၊ ကိုယ့်ရဲ့အားနည်းချက်ကြောင့်လို့ ဒီလို မတရားဖိနှိပ်ခံနေရတာဆိုပြီး အငုံ့စိတ်နဲ့ လွယ်လွယ်ကူကူ လက်ခံနေတတ်တာမျိုးတွေက Cultural Violence ပဲ။ ဒီလို အတွေးအခေါ်တွေက ပြဿနာကို အဖြေရှာရာမှာ အဟန့်အတားဖြစ်စေတယ်။

    ဒီသုံးမျိုးထဲက Direct Violence က လူသားရဲ့ အမူအကျင့်(Behaviour)မှာ အခြေခံတယ်။ ထစ် ခနဲရှိ လူသတ်၊ မီးရှို့ချင်တာမျိုး၊ ကိုယ့်တရား ကိုယ် စီရင် တတ်တာမျိုးတွေပေါ့။ Cultural Violence ကျတော့ လူတွေရဲ့ခံယူချက်၊ အတွေးအခေါ် (attitude)ပေါ်မှာ အခြေတည်တယ်။ Structural Violence ကတော့ ချိန်ကိုက်ဗုံးတွေလို၊ လောင်စာကန်ကြီး တစ်ခုလိုပဲ။ မီးစ တစ်စ လွင့်စင်လာတာနဲ့ ဆိုးဆိုးဝါးဝါး အကျိုးဆက်တွေ ပေါ်ပေါက်လာစေတယ်။

    မြန်မာပြည်မှာဖြစ်နေတဲ့ Violence က ဒီသုံးမျိုး ဆုံပြီး ဖြစ်နေတာ။ ဒီလို violence တွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး Interfaith Dialogue တွေ လုပ်နေတာလည်း ရှိတယ်။ Interfaith Dialogue ဆိုတာ ဒီလို ဘာသာရေးအခြေခံဖြစ်တဲ့ violence တွေကို ဖြေရှင်းရာမှာ တကယ်လိုအပ်တဲ့ လုပ်ဆောင်ချက် တစ်ခုပါပဲ။ ဒါပေမဲ့ ကျနော့် အမြင်ပြောရရင် Interfaith Dialogue တွေက Cultural Violence နဲ့ပက်သက်တဲ့ attitude တွေပေါ် အနည်းနဲ့အများ အကျိုးသက်ရောက်မှု ရှိနိုင်ပေမယ့် အဲဒါတစ်ခုတည်းနဲ့တော့ ဖြစ်နေတဲ့ violence တွေ ပြေလည်သွားဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါတောင် စိတ်ရင်းစေတနာမှန်တဲ့ ဘာသာရေးခေါင်းဆောင်တွေ ကိုယ်တိုင် ဦးဆောင်ပြီး နှစ်ဘက်လူ့အဖွဲ့အစည်းရဲ့ အောက်ခြေမှာပေါ်ပေါက်နေတဲ့ အထင်အမြင်လွဲမှားမှုတွေ၊ သံသယတွေကို ပွင့်ပွင့်လင်းလင်း ခြေခြေမြစ်မြစ် ထုတ်ဖေါ်ရှင်းလင်းနိုင်မှသာ အမှန်တကယ် အကျိုးသက်ရောက်မှု ရှိနိုင်မယ်။ ဒီလိုမှမဟုတ်ဘဲ ရန်ငြိုးမရှိတဲ့ ပုဂ္ဂိုလ်တွေအချင်းချင်း စင်မြင့်ပေါ်မှာ ပြေလည်နေယုံနဲ့တော့ ဘာမှမထူးဘူး။ နောက်ပြီး ကိုယ်ကိုယ်တိုင် တဘက် ဘာသာဝင်တွေအပေါ် အယုံအကြည် မရှိဘဲ ဒီလို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး စကားဝိုင်းတွေ လုပ်နေလို့တော့ အချိန်ကုန်ယုံပဲ ရှိလိမ့်မယ်။ အစိုးရအတွက် အပြကောင်းယုံ ပွဲသက်သက်ပဲ ဖြစ်နေလိမ့်မယ်။

    Violence အကြောင်းတွေ ပြောရရင် စာတစ်ကြောင်းနှစ်ကြောင်းနဲ့ မပြီးဘူး။ နောက်ပြီး ဒီအကြောင်းတွေ ပညာရပ်ဆိုင်ရာ ရှုထောင့် ကနေ စေ့စေ့ပေါက်ပေါက် ထောက်ပြပြော ဆိုနိုင်လောက်အောင် အရည်အချင်း ကလည်း ကိုယ့်မှာ မရှိဘူး။ လိုရင်းပြောရရင် ဒီလို violence တွေကို ဖြေရှင်းနိုင်ဖို့အတွက် လူတွေရဲ့ behaviour တွေကို ပြောင်းလဲပစ်ပြီး Direct Violence ကို ရပ်တန့်နိုင်အောင် နည်းလမ်းရှာရမှာဖြစ် သလို၊ နှစ်ဘက်လူ့အဖွဲ့အစည်းရဲ့ attitude တွေ ပြောင်းလဲပြီး Cultural Violence ကို  ဖယ်ရှားနိုင်ဖို့ ကြိုးစားရင်း၊ အစိုးရ ကိုယ်တိုင်ကလည်း အနှစ်နှစ် အလလ ထောင်ထားခဲ့တဲ့ ချိန်ကိုက်ဗုံးစနက်တံတွေကို ပြန်ဖြုတ်တဲ့အနေနဲ့ ဖိနှိပ်ချုပ်ချယ်မှုနဲ့ မတရားမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကို ဖယ်ရှားပြီး Structural Violence ကို နိဂုံးတန်စေဖို့ တပြိုင်နက်တည်း လုပ်ဆောင်နိုင်မှသာ အဆင်ပြေလိမ့်မယ်။

  • နှုတ်ပိတ်ခံထားရတဲ့ အမည်နာမ

    နှုတ်ပိတ်ခံထားရတဲ့ အမည်နာမ

    သြဂုတ် ၁၉၊ ၂၀၁၄
    M-Media

    .မြင့်မိုရ်မောင်မောင် မြန်မာမှုပြုသည်။

    Rohingya refugee_ap_360_1
    ရခိုင်ပြည်နုယ်၊ စစ်တွေမြို့မြောက်ဖက် ဒါးပိုင်စခန်းရှိ ယာယီတဲအတွင်း အရေပြားရောဂါ ဝေဒနာ ခံစားနေရရှာသော သမီးငယ်လေးကို ပွေ့ချီထားသည့် ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီးတစ်ဦး (အေပီ)

    မြန်မာနိုင်ငံက ဦးချိုးခံ ရိုဟင်ဂျာမွတ်စ်လင်မ်တွေဟာ နိုင်ငံသားအဖြစ်မှ ငြင်းပယ်ခံထားရပါတယ်။ လူမျိုးရေးခွဲခြားအကြမ်းဖက်မှုမှာ ဆိုးဆိုးရွားရွား ပစ်မှတ်ထားခံနေရတယ်။ ထောက်ပံ့မှုမဲ့ ညစ်ညစ်ပတ်ပတ်စခန်းများထဲမှာ ပိတ်လှောင်ထိန်းချုပ်ခံနေ ရပါတယ်။ မြန်မာအစိုးရက ပြည်ပ အရာရှိများကို ရိုဟင်ဂျာဆိုတဲ့ အမည်နာမအသုံးမပြု မပြောဆိုအောင်၊ ပြီးတော့ ဒီနည်းဗျူဟာ သက်ဝင်လာအောင် ဖိအားပေးနေခြင်းဟာ ကိုယ့်သိက္ခာကိုယ်ချနေခြင်းပါလို့ အကျယ်တ၀င့် ဆိုရပါလိမ့်မယ်။

    နိုင်ငံတွင်း ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စ်လင်မ်များအကြား တင်းမာမှုဂယက်ကို ရှောင်ရှားသောအားဖြင့် လူထုအတွင်း အဲ့ဒီအသုံးအနှုန်းကို ရှောင်ကြဉ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ၀န်ထမ်းများက ဆိုပါတယ်။ ပြီးတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ မကြာသေးမီက မြန်မာခေါင်းဆောင်များ နဲ့ တွေ့ဆုံပြီးချိန်မှာ – အမည်နာမပြဿနာကို ပယ်ချထားသင့်တယ်လို့ အမေရိကန်မှ ထင်မြင်ကြောင်း  အထက်တန်း အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားလိုက်ပါတယ်။

    ဒီအပေါ် ယူကေက မြန်မာရိုဟင်ဂျာ အရေးလှုပ်ရှားမှုအသင်းရဲ့ ဥက္ကဌ ဦးထွန်းခင်ကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေပါတယ်။ အဲ့ဒီအသုံးအနှုန်းကို အသုံးမပြုခြင်းနဲ့တစ်ကွ ဖိနှိပ်ရေးမူဝါဒကို အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်လိုက်ခြင်းဖြစ်တယ်လို့ သူက ဒီလိုဆိုပါတယ်။

    “ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကိုပင်လျှင် အသုံးမပြုတဲ့သူတွေက ရိုဟင်ဂျာတွေရဲ့အခွင့်အရေးတွေကို ဘယ်လို ကာကွယ်ပေးမှာတဲ့လဲ ? ”

    ရိုဟ် အင်း ဂါဟ် လို့ အသံထွက်ရတဲ့ ရိုဟင်ဂျာတွေကို တရားဝင်သတ်မှတ်ထားတဲ့ တိုင်းရင်းသားလူမျိုး (၁၃၅)စုထဲ မပါဝင်လို့ မြန်မာ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ်ဖက်ကနေ တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်လာသူများအဖြစ် အမြင်ထားရှိပြီး ကာလကြာညောင်းစွာ ကတည်းက ခွဲခြားဆက်ဆံလာခဲ့ကြတယ်။ ဆယ်စုနှစ်များစွာကြာညောင်းခဲ့တဲ့ စစ်အုပ်ချုပ်ရေးကို ဖွင့်လှစ်လိုက်ပြီးနောက် လူဦးရေပမာဏ (၁.၃)သန်းဝန်းကျင်ရှိတဲ့ ဒီနယ်မြေမဲ့လူနည်းစုဝင်တွေ အပေါ် ပိုမိုဆိုးဝါးစွာ ဆက်ဆံလာတာကို တွေ့ရပါတယ်။   လူများစုဗုဒ္ဓဘာသာဝင်များအနက် အစွန်းရောက်လူအုပ်စုတွေက သူတို့ကို အိုးအိမ်မဲ့အောင်လုပ်၊ လူ (၂၈၀)ဦးအထိ သတ်ဖြတ်လိုက်တဲ့ လွန်ခဲ့တဲ့ (၂)နှစ်ကတည်းကစလို့ ရိုဟင်ဂျာပေါင်း တစ်သိန်းလေးသောင်းထက် မနည်း ပြည့်ညှပ်ကျဉ်းမြောင်းလှတဲ့ စခန်းများအတွင်း ပိတ်လှောင်ခံနေရတယ်။

    ရိုဟင်ဂျာကိုဆန့်ကျင်တဲ့ လူမျိုးခွဲခြားရေးဝါဒ ကျယ်ပြန့်လာပါတယ်။ လူမျိုးရေးအကြမ်းဖက်မှုထဲမှာ မျိုးဖြုတ်သုတ်သင်မှုလက္ခဏာများကို တွေ့မြင်နေရကြောင်း အချို့က ဆိုနေပါတယ်။

    သူတို့ကို ကာကွယ်စောင့်ရှောက်ပေးဖို့ အမေရိကန်ပြည်ထောင်စုက အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကျော် သမ္မတ ဘားရက် အိုဘားမား မြန်မာနိုင်ငံကို အလည်အပတ်ရောက်စဉ်က ရန်ကုန်တက္ကသိုလ်မှာ “ အပြစ်မဲ့လူသားတွေအပေါ် အကြမ်းဖက်ခြင်း အတွက် ဆင်ခြေဆင်လက်ပေးစရာ မလိုပါဘူး။ ရိုဟင်ဂျာတွေဟာ ကျွန်တော်တို့ ခင်ဗျားတို့အတိုင်း တူညီသောဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားကြပါတယ် ” လို့ ပြောကြားခဲ့တယ်။

    ဒါပေမယ့် ဒီလအတွင်း ရောက်ခဲ့တဲ့ မစ္စတာကယ်ရီရော၊ ဇွန်လအတွင်း ရောက်ခဲ့တဲ့ ကုလလူ့အခွင့်အရေး ထိပ်တန်း သံတမန် တွမ် မာလီနော့စကီးပါ လူမျိုးရေးအကြမ်းဖက်မှု ပိုမိုဆိုးဝါးလာတဲ့ ရခိုင်ပြည်နယ် အနေအထားသစ်တွေ အပေါ် ပြောဆိုတဲ့အခါမှာ ဒီအသုံးအနှုန်းကို အသုံးမပြုခဲ့ကြပါဘူး။ ဗုဒ္ဓဘာသာဝင်လူရမ်းကားတစ်စုက မြန်မာပြည်အနောက်ပိုင်းရှိ ရိုဟင်ဂျာနဲ့ အခြားမွတ်စ်လင်မ်တွေကို တိုက်ခိုက်ရာကနေ နိုင်ငံအနှံ့ ပြန့်နှံ့သွားပါတယ်။ ဒါဟာ နိုင်ငံတွင်းက စပ်ကူးမပ်ကူး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဘာသာရေး အကဲဆတ်မှုအားဖြင့် ဖြိုလဲပစ်တာပါဘဲ။

    အမေရိကန်တာဝန်ရှိသူ တစ်ဦးအနေနဲ့ ဒီ(ရိုဟင်ဂျာ)အသုံးအနှုန်းကို မြန်မာလူ့အဖွဲ့အစည်းက လက်ခံလာအောင် တွန်းအားပေးရမယ့် အစား ပြောဆိုခွင့် မပေးလို့ဆိုပြီး အမည်မတပ်ဘဲ ပြောဆိုနေခြင်း၊ ဘင်္ဂါလီ စကားလုံးအပါအ၀င် မြန်မာအစိုးရရဲ့ ခွဲခြားချိုးနှိမ်ရေးအသုံးအနှုန်းတွေကို လက်ခံအသုံးပြုနေခြင်းဟာ ပဋိပက္ခကို ဖိတ်ခေါ်နေခြင်းသာ ဖြစ်ပါတယ်။ သို့တစေ အမေရိကန်အစိုးရကတော့ မိမိရဲ့မူဝါဒအရ ရိုဟင်ဂျာလို့ဘဲ မပြောင်းလဲဘဲ ဆက်လက်ခေါ်ဆိုသွားမယ်လို့ ပြောပါတယ်။

    ပြည်ပကူညီရေး လုပ်သားများဟာလည်း ဒီတင်းမာမှုထဲ ညှပ်ခံခဲ့ရပါတယ်။ အကြမ်းဖက်မှုကြောင့် အိုးအိမ်မဲ့ရတဲ့ လက်တစ်ဆုပ်စာ ဗုဒ္ဓဘာသာဝင်တွေအပေါ် မကူညီဘူး၊ ဒုက္ခသည် မွတ်စ်လင်မ်များအပေါ်သာ အဓိကထားကူညီနေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ကူညီရေးလုပ်သားတို့ရဲ့ ရုံးနဲ့နေအိမ်များကို တစ်ဖက်ပိတ် ဗုဒ္ဓဘာသာဝင်များက တိုက်ခိုက်ခဲ့ကြတယ်။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ကိုလည်း အစိုးရက ဖေဖော်ဝါရီလ အတွင်းမှာ နှင်ထုတ်ခဲ့လို့ ပြန်လည် ၀င်ရောက်ခွင့်ရနိုင်အောင် စောင့်စားနေရဆဲ ဖြစ်ပါတယ်။

    လူသားချင်းစာနာထောက်ထားမှု အနေအထားကတော့ ဆိုးသထက်ဆိုးရွားလာနေပါတယ်။ မတ်လနဲ့ ဇွန်လထက်စာရင် အာဟာရချို့တဲ့မှုခံစားရတဲ့ ပမာဏဟာ နှစ်ဆကျော် တိုးပွားလာတယ်လို့ ကုလသမဂ္ဂက ပြောကြားပါတယ်။ ပြီးခဲ့တဲ့လ မြန်မာနိုင်ငံဆိုင်ရာ  လူ့အခွင့်အရေး ထိပ်တန်းကုလသံတမန် ယန်ဟီလီ ရောက်လာတော့ ဒီအခြေအနေကို ကြောက်ခမန်း လိလိအနေအထား လို့ ခေါ်ဆိုခဲ့ပါတယ်။

    လူနည်းစုဝင်တွေဟာ နိုင်ငံသား၊ လူမျိုး၊ ဘာသာ၊ စကားဆိုင်ရာ ကိုယ်ပိုင်ဝိသေသအတိုင်း ကိုယ်ပိုင်သတ်မှတ် ခွင့်ရှိတဲ့အကြောင်း နိုင်ငံတကာ ဥပဒေလမ်းကြောင်းအောက်က သတိပေးခဲ့သော်လည်း ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို အသုံးမပြုဖို့ မြန်မာအစိုးရက သူမကို ထပ်ပြန်တလဲလဲ ပြောဆိုခဲ့ကြောင်း ယန်ဟီလီက ပြောပြပါတယ်။

    မြန်မာနိုင်ငံသားတွေဟာ အဲ့ဒီအမည်နာမကို ဘယ်တုန်းကမှ လက်မခံခဲ့ဘူးလို့ မြန်မာ အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အေပီ သတင်းဌာနဆီ ပေးပို့တဲ့ အီးမေးလ်တစ်စောင်မှာ ဆိုထားပါတယ်။ (၁၉၅၀)နှစ်များအတွင်း ခွဲထွက်ရေး အုပ်စုတစ်စုက အဲ့ဒီအမည်နာမကို တီထွင်ခဲ့ကြောင်း၊ (၁၉၉၀)နှစ်များအတွင်း ပြည်ဝင်ခွင့် ပိတ်ပင်ခံရတဲ့ တက်ကြွလှုပ်ရှားသူများက ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရဟောင်းအပေါ် ဖိအားပေးဖို့  ဒီစကားလုံးကို အသုံးပြုခဲ့တာဖြစ်ကြောင်း သူက ဆိုပါတယ်။

    ရခိုင်ဒေသသမိုင်းကျွမ်းကျင်သူ Jacques Leider ရဲ့အဆိုအရ ရခိုင်ပြည်နယ်က မွတ်စ်လင်မ် လူ့အဖွဲ့အစည်းဟာ မိမိတို့ကိုယ်ကို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ခေါ်ဝေါ် အသုံးပြုခဲ့ကြောင်း ဗြိတိသျှစာရေးဆရာ တစ်ဦးက ရေးသားဖော်ပြထား ပါတယ်။ အဲ့ဒီစာအုပ်ကို (၁၇၉၉)ခုနှစ်က ထုတ်ဝေခဲ့တာပါ။ ဒါဟာ လတ်တစ်လောထွက်ပေါ်လာတဲ့ အထောက်အထားပါ။

    (၁၈၂၃)ခုနှစ် စစ်ပွဲနောက်ပိုင်းက စတင်ပြီး မြန်မာနိုင်ငံဟာ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးအောက် ရောက်ရှိခဲ့တယ်။ မိမိတို့ဟာ အဲ့ဒီကာလ မတိုင်မီကတည်းက ရခိုင်ပြည်နယ် အတွင်း အခြေချနေထိုင်ခဲ့တဲ့ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းကနေ ဆင်းသက်လာ သူတွေဖြစ်ပါတယ်လို့ ရိုဟင်ဂျာခေါင်းဆောင်များက ဆိုပါတယ်။ ဗြိတိသျှအုပ်စိုးစဉ်ကာလမှာ ဘင်္ဂလားနယ်ဖက်က မွတ်စ်လင်မ်တွေကို လွတ်လပ်စွာ ရွှေ့ပြောင်းဝင်ရောက်ခွင့် ပေးခဲ့တယ်။ (၁၈၂၃)ခုနှစ်နောက်ပိုင်း နိုင်ငံတွင်း ရောက်ရှိလာ သူများရဲ့မျိုးဆက်တွေကို ပြည့်ဝနိုင်ငံသားအဖြစ် လက်မခံကြောင်း လက်ရှိမြန်မာနိုင်ငံ ဥပဒေက ငြင်းပယ်ထားပါတယ်။

    အမည်နာမအငြင်းပွားမှုက နိုင်ငံ့အမည်ဟောင်း ဗမာ(Burma)နဲ့ စစ်အာဏာရှင်အစိုးရက (၁၉၈၉)ခုနှစ်မှာ ကင်ပွန်းတပ်ပေးခဲ့တဲ့ အမည်သစ် မြန်မာ(Myanmar) ဆိုတဲ့ ကိစ္စကို ပြန်ပြောင်း အမှတ်ရသွားစေပါတယ်။ အမေရိကန်အရာရှိများက ရင်းနှီးမှုလက္ခဏာအဖြစ် မြန်မာလို့ သုံးနှုန်းနေပေမယ့်လည်း ၀ါရှင်တန်ကတော့ Burma လို့သာ သုံးနှုန်းခေါ်ဝေါ်နေဆဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကွဲပြားမှုက ကွာဟကြီးထွားလွန်းနေလို့ပဲ ဖြစ်ပါတယ်။

    မိမိကိုယ်ကို ရိုဟင်ဂျာလို့ ဖော်ညွှန်းသတ်မှတ်တဲ့ ရိုဟင်ဂျာတွေဟာ ယခုနှစ်နွေရာသီအတွင်း ကုလပံ့ပိုးမှုဖြစ်တဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းထဲက ဖယ်ထုတ်ခံခဲ့ရတယ်။ သူတို့အနေနဲ့ ခရီးသွားလာမှု၊ အလုပ်အကိုင်၊ ပညာရေး၊ ရယူနိုင်တဲ့ ကလေးအရေအတွက်တွေအပေါ် ချည်နှောင် တင်းကြပ်ထားခြင်းကို ရင်ဆိုင်နေရပါတယ်။ (၁၉၇၀)ခုနှစ်များ ကာလကတည်းက မြန်မာပြည် တွင်းကနေ အဓမ္မမောင်းထုတ်မှုတွေကြောင့် အလွတ်ရုန်းခဲ့တဲ့သူတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ဖက်ကလည်း ကြိုဆိုမှု မရှိခဲ့ပါဘူး။

    အစိုးရရဲ့ ရိုးမယ်ဖွဲ့ ရမယ်ရှာမှုကြောင့်ဖြစ်စေ၊ ထိပ်တိုက်တွေ့ခြင်းကို ရှောင်လွှဲ လိုတာကြောင့်ဖြစ်စေ မြန်မာနိုင်ငံ ထဲရှိ နိုင်ငံခြားသံရုံးဝန်ထမ်းများ နဲ့ ကူညီ ကယ်ဆယ်ရေးအေဂျင်စီတို့ဟာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မပြောဆို သလောက်ဖြစ်လာကြတယ်။ မွတ်စ်လင်မ်တွေလို့ဘဲ ပြီးစလွယ် (ခြုံငုံ)ခေါ်ဆို လိုက်ကြတယ်။ ဇွန်လတုန်းက ကုလသမဂ္ဂရဲ့ ကလေးသူငယ်များအေဂျင်စီက တင်ပြဆွေးနွေးမှုတစ်ခုမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း အသုံးပြုဖို့ မေတ္တာရပ်ခံတဲ့အခါမှာ လူ့အခွင့်အရေး လှုပ်ရှားနေသူများဖက်က ဝေဖန်ရှုတ်ချမှုကိုပင်လျှင် ခံခဲ့ရပါတယ်။

    “ ဒီအသုံးအနှုန်းကို အသုံးမပြုတဲ့ လူသားချင်းစာနာထောက်ထားကူညီရေးအေဂျင်စီ သို့မဟုတ် အလှူရှင်တိုင်းက အခြေခံလူ့အခွင့်အရေးဥပဒေဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်းတွေကို ဖောက်ဖျက် ယုံတင်မကပါဘူး – ခေတ်သစ် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဘယ်ပရောဂျက်မှာ မဆို ခြေချဖို့တောင် မထိုက်တန်တဲ့ သူရဲဘောကြောင်မှုကို ထုတ်ဖော်ပြသလိုက်တာပါပဲ ” လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ အကြီးတန်းသုတေသီ David Mathieson က ပြောကြားလိုက်ပါတော့တယ်။

    AP သတင်းဌာနမှ တင်ဆက်ခဲ့တဲ့ Name of Muslim Group in Myanmar Goes Unspoken သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် မြန်မာမှုပြုပါသည်။

  • ခမ်းနားကြီးကျယ်မှု အစဉ်အလာနဲ့ စိုးရိမ်စိတ်ပျက်ဖွယ် အခြေအနေကြားက အီရတ်နိုင်ငံ

    ခမ်းနားကြီးကျယ်မှု အစဉ်အလာနဲ့ စိုးရိမ်စိတ်ပျက်ဖွယ် အခြေအနေကြားက အီရတ်နိုင်ငံ

    သြဂုတ် ၁၇ ၊ ၂၀၁၄
    M-Media
    .မြတ်ဇော် ဘာသာပြန်ဆိုသည်။
    IraqIsisCrossingsWEB230614
    ကမ္ဘာ့သမိုင်းမှာ အီရတ်နိုင်ငံလို အဖြစ်အပျက်အနေအထားမျိုး ခပ်ရှားရှားပဲရှိတယ်။ အီရတ်ဟာ လက်ရှိ အခြေအနေမှာ ဒေသဆိုင်ရာ ဒါမှမဟုတ် ကမ္ဘာလုံးဆိုင်ရာမှာ မအောင်မြင် စိတ်ပျက်ဖွယ် နိုင်ငံရေး အခြေအနေမှာရှိနေတယ်။ ဒါပေမယ့် အတိတ်ကာလတွေမှာ အဲ့ဒီလို မဟုတ်ခဲ့ပါ။ လူ့သမိုင်း တိုးတက်ဖြစ်ထွန်းမှုတွေဖြစ်တဲ့ အနုပညာ၊ ယဉ်ကျေးမှု၊ ကဗျာစာပေ၊ သင်ကြားမှု၊ ဗိသုကာ၊ စက်မှုလက်မှု၊ ဆည်မြောင်း၊ ဘာသာရေးရာတို့နဲ့ အခြားနယ်ပယ်တွေမှာ အီရတ်နိုင်ငံသားတွေဟာ ထိပ်ဆုံးဆိုတဲ့ အထွတ်အထိတ်နေရာတွေကနေ ဦးဆောင်ခဲ့ကြတယ်။ အီရတ်နိုင်ငံပဲ ကျွန်တော်တို့ ဖြစ်စေချင်သလိုဖြစ်လာနိုင်သလို ကျွန်တော်တို့ကြောက်ရွံ့တဲ့ ပုံစံမျိုးလည်းဖြစ်လာနိုင်တယ်။ သမိုင်းပညာရှင်တွေနဲ့ လက်ရှိဝေဖန် အကဲခတ်သူတွေက လက်ရှိနိုင်ငံရေးရာ ကစင့်ကလျားဖြစ်နေမှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ ကျယ်ပြန့်တဲ့ခြစားမှုတွေ၊ လုံခြုံရေးအကြီးအကျယ် လျော့နည်းမှုတွေနဲ့ လွဲမှားတဲ့ အတွေးအခေါ်အပေါ် အခြေခံတဲ့ ပြန့်နှံ့နေတဲ့ “အစ္စလာမ့်နိုင်ငံတော်” (Islamic State -IS) ဆိုတဲ့ အကြောင်းအရာတွေ အပေါ် တစ်နည်းအားဖြင့် အီရတ်ရဲ့ ဆုတ်ယုတ် ကျဆင်းမှုရဲ့လက်သည် တရားခံကို ရှည်ကြာစွာဆွေးနွေးကြပါလိမ့်မယ်။

    ဒီအဖြစ်အပျက်တွေကနေ သင်ခန်းစာယူပြီး နောက်ဒါမျိုးမဖြစ်ပျက်အောင် အီရတ်ရဲ့ လက်ရှိဆိုးရွားတဲ့အနေအထားကို လမ်းခင်းပေးခဲ့တဲ့ အကြောင်းအရပ်တစ်ချို့ကို စဉ်းစားကြည့်ရအောင်ပါ။ အီရတ်ရဲ့ အနေအထားဖြစ်ပျက်ပုံဟာ မထင်မှတ်တဲ့ ထူးထူးခြားခြားဖြစ်ပျက်ပုံကြီးတော့လည်း မဟုတ်လှပါဘူး။ အရှေ့အလယ်ပိုင်းက နိုင်ငံတွေမှာ အလားတူအခြေအနေအဖြစ်အပျက်မျိုးတွေကို ပုံသွင်းတဲ့ အချက်အလက်တွေရှိနေပါသေးတယ်။ ဒီထဲမှာ တစ်ဦးတည်းလိုသလို ချုပ်ကိုင် အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ကြောင့် ခြစားမှုတွေဖြစ်ခဲ့တယ်။ နောက်ဖွဲ့စည်းအုပ်ချုပ်ပုံရဲ့ အရည်အသွေးမပြည့်မီမှု၊ အီရတ်ရဲ့အရေးကိစ္စတွေမှာ ဒေသတွင်းက စနစ်တကျဝင် စွက်ဖက်မှုတွေ၊နိုင်ငံခြားနဲ့ ပြင်ပစစ်တပ်က ဝင်ရောက် သိမ်းပိုက်တိုက်ခိုက်မှုတွေ၊ လူမှုရေးနဲ့ စီးပွားရေးရာမှာ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ၊ လူမျိုးစုနွယ်တွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အခွင့်အရေးတန်း တူညီမျှမှုအတွက်ပဲ အာရုံစိုက်လွန်းမှုက ပြည်ထောင်စု ဗဟိုအစိုးရ စနစ်ကို ပျက်ယွင်းချိနဲ့စေတာတွေ၊ မျိုးနွယ်တစ်ခုတည်းက အင်အားကြီးသူ တစ်ဦးတည်း အုပ်ချုပ်ဖို့ကြိုးစားမှုတွေ၊ ခုမကြာသေးခင်ကပဲ ဘာသာရေးကို အသုံးချပြီး သူတို့ရည်ရွယ်ချက်ကို ရအောင်ဖန်တီးနေတဲ့ (ISIL) ရဲ့စစ်ရေး အကြမ်းဖက် သိမ်းပိုက်မှုတွေက အဓိက အချက်အလက်တွေဖြစ်ပါတယ်။

    ဒီလိုထိလွယ်ရှလွယ်အဖြစ်အပျက်မျိုးတွေ အာရဗ်နိုင်ငံအများစုမှာ ကြုံတွေ့နေရတုန်းပါပဲ။ ဥပမာ ဆီးရီးယား ၊လစ်ဗျား၊ ယီမင်၊ ဆူဒန် တို့မှာ ဒါ့အအပြင် တမူထူးခြားတဲ့ပုံစံနဲ့ လက်ဘနွန် နဲ့ အယ်လ်ဂျီးရီးယားမှာ နောက် အီဂျစ်မှာတောင် ဒီလိုကြုံနေရတယ်။ ဒီအန္တရာယ်ရှိတဲ့အခြေအနေကို အီရတ် ဘယ်လိုရောက်လာသလဲဆိုတဲ့ အချက်အလက်တွေ ထုတ်ပြရတယ် လွယ်ပေမယ့် ဒီအကျပ်အတည်း၊ ရှုပ်ထွေးမှုတွေကနေ ရုန်းထွက်ပြီး ပုံမှန် တိုးတက်မှုနဲ့ အေးချမ်းတည်ငြိမ်တဲ့ လမ်းပေါ်ပြန်ရောက်ဖို့ကတော့ ခက်ခဲလှပါတယ်။

    ဘယ်ကစကြမလဲပေါ့ ? အစက လုပ်ခဲ့သလို သမ္မတ အသစ် ၊ ဝန်ကြီးချုပ် အသစ်ပြန်ရွေးတာက စမလား ? IS ရဲ့ ကျယ်ပြန့်မှုတွေကို ရပ်တံ့အောင် အမေရိကန်က လေကြောင်းကူပစ်ပေးတာနဲ့ ကာဒ့် စစ်တပ်ကို လက်နက်တပ်ပေးတာတွေကကော ? IS အန္တရာယ်ကို တွန်းလှန်ဖို့အတွက် ရှိရင်းစွဲ အီရတ်စစ်တပ်ကိုပဲ အားဖြည့်ပေးမလား ? အီရတ်နိုင်ငံသားတွေကိုယ်တိုင်ပဲ နိုင်ငံရဲ့ အခြေခံအဆောက်အဦးတွေဖြစ်တဲ့ လက်နက်ကိုင်တပ်တွေ၊ ပညာရေး ၊ ကျန်းမာရေး နဲ့ ရေနံစက်ရုံတွေကို ပြန်လည် အားဖြည့်တည်ဆောက်မလား ? ကွဲပြားတဲ့ မျိုးနွယ်စု တစ်ခုတည်းအပေါ် အခြေမခံဘဲ အားလုံးပါဝင်ပြီး ညီမျှတဲ့ အုပ်ချုပ်မှု စနစ်ကိုပြန်အကောင်အထည်ဖော်မလား? ခြစားမှုတွေကို တိုက်ဖျက်မလား ?

    တကယ်တော့ဒါတွေအားလုံးဆက်တိုက်ဆိုသလို လုပ်သွားရမှာပါပဲ။ အီရတ်ထဲက လူသိများ ထင်ရှားသူတွေကတော့ ရဲရဲ့ဝံ့ဝံ့ ဒါတွေကို လုပ်နေသူတွေတော့ ရှိပါရဲ့။ ဒါပေမယ့် IS အဖွဲ့ရဲ့ ကျယ်ပြန့်မှုတွေ ရပ်သွားအောင်နဲ့ နောက်ပြန် ဆုတ်သွားအောင်လုပ်ဖို့က ပိုအရေးကြီးနေတယ်။ အကြောင်းက IS အဖွဲ့ ကျယ်ပြန့်လာတာနဲ့အမျှ အီရတ်အစိုးရရဲ့ အားနည်မှုနဲ့ ယိုင်နဲ့မှုတို့ဟာ တိုက်ရိုက်အချိုးကျတဲ့ အကျိုးဆက်တွေဖြစ်နေလို့ပါပဲ။ သူတို့နိုင်ငံကို ပြန်ထူထောင်မယ့် အီရတ်နိုင်ငံသားတွေ အတွက်တော့ ထိထိရောက်ရောက်နဲ့ အမျိုးသားရေး စိတ်ဓာတ်နိုးကြားလာစေဖို့၊ အီရတ်နိုင်ငံသား အားလုံးအတွက် ကာကွယ်ရမယ်ဆိုတဲ့ နိုင်ငံသား တစ်ယောက်ချင်းရဲ့ အဓိပ္ပာယ်ပြည့်ဝစွာ နားလည်မှုတို့အတွက် နိုင်ငံသားအားလုံး ညီညွတ်စွာ IS ကိုတိုက်ထုတ်နိုင်ရမယ်။

    ဒီလိုတိုက်ထုတ်နိုင်ဖို့အတွက်တော့ ရေတို စီမံချက်အရ အီရတ်ကို ပြန်လည် အင်အားစုနိုင်အောင် နိုင်ငံခြား စစ်တပ်အကူအညီတော့ မလွဲမသွေလိုအပ်တယ်။ ခုချိန်မှာ တကယ့်ကိုပဲ အီရတ်နိုင်ငံသားတွေ၊ အီရန်၊ ဆော်ဒီ၊ တူရီကီ ၊ ဂျော်ဒန် အမေရိကန် စတဲ့ နိုင်ငံတွေနဲ့ အခြား IS ကို ဆန့်ကျင်တဲ့နိုင်ငံတွေက အမှန်တကယ် လိုလိုလားလားနဲ့ ပူးပေါင်းဖို့လိုတယ်။ တကယ်တော့ အဲ့ဒီအကူအညီပေးသင့်တဲ့ နိုင်ငံတွေ ကိုယ်တိုင်လည်း IS နဲ့ အလားတူ အဖွဲ့တွေရဲ့ခြိမ်းခြောက်မှုကို ခံနေရတာပဲဖြစ်တယ်။ သူတို့အားလုံးရဲ့ ပူးပေါင်းမှုနဲ့ အီရတ်မှာ မငြိမ်မသက်မှုတွေ၊ အကြမ်းဖက်မှုတွေဖြစ်ပျက်နေတဲ့ အဓိကတရားခံကို အလွယ်တကူပဲ ဖယ်ရှားပေးနိုင်တယ်။ ဒီအကြမ်းဖက်အဖွဲ့ကို ချုပ်ငြိမ်းသွားအောင်လုပ်နိုင်တယ်။ တကယ်လို့ IS ကို ဒီအတိုင်းလွှတ်ထားပေးလို့ လူထုထောက်ခံမှုနဲ့ တရားဝင်နယ်မြေ သိမ်းပိုက်ထားမှုတွေ ဖြစ်လာရင် ပိုပြီးဖယ်ရှားရခက်လာလိမ့်မယ်။

    IS အဖွဲ့ကကြွေးကြော်တဲ့ Islamic State ဟာ အာရဗ်တွေနှစ်ပေါင်းများစွာ ခံစားခံရတဲ့ ဗဟိုအာဏာရှင်တစ်ဦးတည်း ချူပ်ကိုင်အုပ်ချုပ်ခဲ့တဲ့ စနစ်ထက်ပိုကောင်းဖို့ မရှိသလို မြင်တွေ့နေရတဲ့ အတိုင်း ဆိုးရွားဖို့ပဲရှိတယ်။ အီရတ် ကိုယ်တိုင်ကတော့ ဒီအနေအထားတွေရဲ့ စမ်းသပ်မှုထဲရောက်နေခဲ့ပါပြီ ….။

  • အဓမ္မ လက်မည်းအောက်က အမိမြေမှ သတို့သမီးများ

    အဓမ္မ လက်မည်းအောက်က အမိမြေမှ သတို့သမီးများ

    သြဂုတ် ၁၂ ၊ ၂၀၁၄

    M-Media

    မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။
    အလုပ်အကိုင် အတွက် တရုတ်ပြည်သို့ စွန့်စားသွားလာကြသူ ကချင်အမျိုးသမီးများမှာ အဓမ္မထိမ်းမြား လိုသူများ၏ ထောင်ချောက်အတွက် အလွယ်ကူဆုံး သားကောင်များ ဖြစ်ကြသည်။

    20148711541987621_20

    လမွန်ဘောက်ဒင် Lamung Bawk Din(၂၆)နှစ်ဟာ သူမခင်ပွန်းရဲ့ နှစ်ထပ်တိုက်ပြူတင်း တံခါးက ခုန်ထွက်လာချိန်မှာ သူမခေါင်းထဲ အတွေးတစ်ခုသာ ရှိနေခဲ့တယ်။

    “ ဒီမှာ ကြာကြာဆက်နေလို့ကတော့ ငါ ရူးသွပ်သွားလိမ့်မယ်”။

    ဒါက ဘောက်ဒင်အဖို့ အသက် (၁၉)နှစ်အရွယ် (၂၀၀၈)ခုနှစ်က ဖြစ်ပျက်ခဲ့တာပါ။ မြန်မာနိုင်ငံ ပဋိပက္ခဇုံများ အနက်တစ်ခုဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းက ဒေသခံ ကချင်တိုင်းရင်းသူ တစ်ဦးအနေနဲ့ စစ်ပွဲ၊ ပဋိပက္ခ၊ လူမျိုးရေး ချိုးနှိမ်နှိပ်ကွပ်မှုတွေကို ဖြတ်သန်း ရှင်သန်လာခဲ့သူဖြစ်တယ်။ မူလတန်းအဆင့် ပညာအခြေခံ၊ နာမကျန်းတဲ့မိခင်၊ ကြည့်ရှုစောင့်ရှောက်ရမဲ့ မောင်ငယ်နှမငယ်တွေကြောင့် သူမဟာလည်း အခြားသော ရှမ်းနဲ့ ကချင်အမျိုးသမီးတွေအတိုင်း အလုပ်အကိုင်ရှာဖွေရေး အတွက် တရုတ်ပြည်ထဲ တရားမ၀င်ဖြတ်ကျော် ၀င်ရောက်လာခဲ့တယ်။ ဒါဟာ သူမရဲ့ဘ၀ ဒုက္ခနွံဆိုးထဲ နစ်သွားစေမယ့် အလှည့်အပြောင်း စတင်တော့တာပါပဲ။

    တရုတ်မြန်မာ နယ်စပ်ပေါ်တည်ရှိတဲ့ ကျင်းဟုံ သကြားစက်ရုံမှာ နေ့စားခ (၈)ဒေါ်လာနဲ့ သုံးလတာမျှ လုပ်ကိုင်ခဲ့ပြီးနောက် ဘောက်ဒင်ဟာ လုပ်ငန်းကောင်းတစ်ခု အတွက် တရုတ်ပြည်မထဲ သွားရောက်ဖို့ မြူဆွယ် သိမ်းသွင်းခံရတယ်။ ချိတ်ပေါ်က ငါးစာကို ဟပ်မိသွားတယ်။ သူမဟာ “အဓမ္မလက်မည်းအောက်က သတို့သမီး”၊ တစ်ကြိမ်တစ်ခါမျှ မသိကျွမ်းဖူးတဲ့ အမျိုးသားတစ်ဦးရဲ့ အကျဉ်းသားဖြစ်လာမယ်လို့ သူမ မသိခဲ့ပေဘူး။

    ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးများအဖွဲ့ Kachin Women’s Association of Thailand (KWAT) ရဲ့အဆိုအရ မြန်မာတရုတ်နယ်စပ်မှာ အကျယ်ပြန့် အကြီးမားဆုံး လူကုန်ကူးမှုတွေမှာ တရုတ်ပြည်ထဲ တရားမ၀င်ဖြတ်ကျော်လာတဲ့ ရွှေ့ပြောင်း လုပ်သားတွေပါဝင်နေပါတယ်။ ဆိုးရွားသော ချို့တဲ့မှုတွေ၊ ပဋိပက္ခများဆီက ဝေးရာထွက်လာမှုတွေကြောင့်လို့ ဆိုပါတယ်။

    ကချင်နဲ့ ရှမ်းအမျိုးသမီးတွေက လူကုန်ကူးသူများရဲ့ အလွယ်ကူဆုံးပစ်မှတ်တွေ ဖြစ်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ တရုတ်စကား မပြောတတ်ကြဘူး၊ နယ်စပ်ဖြတ်ကျော် အထောက်အထား/ နိုင်ငံကူး လက်မှတ်တွေ မရှိကြဘူး၊ သူတစ်ပါးကို အယုံလွယ်ကြလို့ပဲ ဖြစ်ပါတယ် လို့ KWAT က လူကုန်ကူးမှုဆန့်ကျင်ရေး အစီအစဉ်မှူး Awn Nang က ဆိုပါတယ်။

    ဘောက်ဒင်နဲ့ အခြား အမျိုးသမီးငါးဦးဟာ ဒီကြမ္မာဆိုးထဲ ကျရောက်ခဲ့ကြတယ်။ ဘေကျင်း(ပီကင်း)ကို သုံးရက်ကြာမှာ ရထားခရီးစဉ်နဲ့ ရောက် သွားတယ်။ ရောက်ရောက်ချင်းပဲ သူတို့ကို လူချင်း ခွဲလိုက်ကြတယ်။ သူတို့ အချင်းချင်း ဘယ်တော့မှ ထပ် မဆုံတွေ့ကြတော့ဘူး။ သူမရဲ့အဖော်က သူ့ကို မိသားစု တစ်စုဆီ ခေါ်ဆောင်သွားတယ်။ အဲ့ဒီကိုရောက်မှ ဘောက်ဒင်ဟာ ခေါ်ဆောင်လာသူရဲ့ ညီငယ်ဖြစ်သူနဲ့ လက်ထပ်ရမယ်ဆိုတာ သိခဲ့ရတယ်။

    “ကျွန်မ အိမ်ပြန်လိုကြောင်း အဲ့ဒီမိသားစုကို ပြောပါတယ်။ ဒါပေမယ့် – ပြန်လို့မရဘူး။ ငါတို့က မင်းကို ငွေပေးဝယ်ထားလိုက်ပြီးပြီလို့ သူတို့က ပြောကြတယ်” ဆိုပြီး ဘောက်ဒင်က အလ်ဂျဇီးရားသတင်းဌာနကို ပြောပြတယ်။ အဲ့ဒီမိသားစုဟာ ကျင်းဟုံမြို့က လူကုန်ကူးပွဲစားကို ဒေါ်လာ (၆၅၀၀)၀န်းကျင် ပေးချေခဲ့ပြီးဖြစ်သလို သူတို့ရဲ့အစီအမံထဲ သူမအနေနဲ့ ကလေးတွေ မွေးဖွားပေးရမယ်ဆိုတာလည်း ပါဝင်နေပါတယ်။

    20148711571588734_20
    ၂၀၀၈ ခုနှစ်က Forbidden City ရှေ့တွင် မိသားစု၊ ခင်ပွန်း(၀ဲအစွန်)တို့နှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့သည့် လမွန်ဘောက်ဒင်(၀ဲဖက်မှ ဒုတိယ) (ဓာတ်ပုံ – Taylor Weidman)

    တရုတ်ပြည်က ကျားမဦးရေ မမျှတမှုပြဿနာ
    ———————————————–
    ကလေးတစ်ဦးသာယူရေး မူဝါဒနဲ့ ယောက်ျားလေး ဦးစားပေးယဉ်ကျေးမှုကြောင့် ကျားမဦးရေ မမျှတမှုဖြစ်ပေါ်ရတဲ့ တရုတ်နိုင်ငံမှာ အလားတူ အဓမ္မ ထိမ်းမြားလိုမှု ဈေးကွက်ကြီးထွား လာနေတယ်။ ကျားမမွေးဖွားနှုန်း အချိုးက (၁၁၈း၁၀၀) ဖြစ်နေပါတယ်လို့ အမေရိကန်လူကုန်ကူးမှု ဆိုင်ရာ အစီရင်ခံစာ(၂၀၁၃)မှာ ဖော်ပြထား ပါတယ်။ (၂၀၂၀)ခုနှစ်ရောက်ရင် ထိမ်းမြားနိုင်တဲ့ အရွယ်ရောက် အမျိုးသားဦးရေဟာ အမျိုးသမီး ဦးရေထက် သာလွန်များပြားပြီး (၂၄)သန်းထိ ရှိလိမ့်မယ်လို့ တရုတ် လူမှုသိပ္ပံ အကယ်ဒမီက ခန့်မှန်းဖော်ပြထားပါတယ်။

    ဒါကြောင့် တရုတ်ပြည်တွင်းမှာ အထိမ်းမြားခံ အမျိုးသမီးလိုအပ်ချက်က အရှိန်အဟုန်နဲ့ ပေါက်ကွဲလာခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂ၊ လူကုန်ကူးမှုဆန့်ကျင်ရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့မှ ပေါလ် ဘာကလေ Paul Buckley က ဆိုပါတယ်။

    ဘာကလေက “လိင်ကွဲဦးရေ အချိုးအစား မညီမျှချက် တစ်ခုတည်းကြောင့် မဟုတ်ဘူး၊ တရုတ်ပြည်ထဲရွှေ့ပြောင်း ၀င်ရောက်လာနှုန်း မြင့်မားလာတာနဲ့လည်း ဆက်နွှယ်နေပါတယ်။ မြောက် များစွာသော အမျိုးသမီးတို့ဟာ ကျေးရွာတွေကို စွန့်ခွာပြီး စက်မှု ထွန်းကားရာဒေသတွေဆီ သွားရောက် လုပ်ကိုင်နေကြတယ်လေ” ဆိုပြီး အလ်ဂျဇီးရားကို ပြောပြတယ်။ ကလေးရယူမှုဆိုင်ရာ ရိုးရာ အစွဲအလန်းကြီးမားလွန်းတဲ့ တိုင်းပြည်တစ်ခုက မဖွံ့ဖြိုးတဲ့ဒေသထဲ ကျန်ရစ်တဲ့ အမျိုးသားတွေအဖို့ မိမိတို့နဲ့ လိုက်ဖက်တဲ့ကြင်ဖက်တွေ နည်းပါးသထက် နည်းပါးလာတာကို ကြုံနေရတယ်။ ဒီအခါမှာ သက်ဆိုင်ရာမိသားစုတွေက ထိမ်းမြားရေးအတွက် နောက်ထပ် နည်းလမ်းသစ်တွေ ရှာဖွေကြတော့တာပါပဲ။

    KWAT ရဲ့ (၂၀၀၈)ခုနှစ်အစီရင်စာမှာ လူကုန်ကူးမှုပေါင်း (၁၆၃)မှုကို မှတ်တမ်းပြုဖော်ပြခဲ့တယ်။ အများစုက လယ်သမားတွေရဲ့ဇနီးမယားလုပ်ဖို့ အဓမ္မ တွန်းပို့ခံရကြောင်း တွေ့ရပါတယ်။ အချို့အမျိုးသမီးများကို ယောက်ျားအများအပြားထံမှာ ပြောင်ပြောင်တင်းတင်း ခေါ်ဆောင်ပြသခြင်းခံရတယ်။ ကြိုက်ရင် ရွေးချယ်ခေါ်ယူသွားကြတယ်။ တစ်ခါတစ်လေ ဈေးတွေထဲမှာတောင် ပြုလုပ်ကြတယ်။ ဒါပေမယ့် မဖွံ့ဖြိုးတဲ့နေရာဒေသကွက်ကွက်လောက်သာ ဒီလိုဖြစ်တယ်လို့ မထင်ပါနဲ့။ ဘောက်ဒင်လို အမျိုးသမီး အချို့ကတော့ ပေကျင်းလို မြို့ကြီးပြကြီးတွေအထိ ခေါ်ဆောင်သွားခံရပါတယ်။

    ပေကျင်းကအိမ်ကို ရောက်ပြီး ငါးရက်အကြာမှာ ဘောက်ဒင်ကို ထိမ်းမြားလက်ထပ်ပွဲတစ်ခုနဲ့ အဓမ္မ သတို့သမီး ဖြစ်စေခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး သူမဟာ နေအိမ် အကျယ်ချုပ် အကျဉ်းစံဘ၀ ရောက်သွားပါတော့တယ်။

    “သူတို့က ကျွန်မကို ခြံဝင်းထဲ ပိတ်လှောင်ထားခဲ့တယ်။ ကျွန်မက မြန်မာနိုင်ငံကဆိုတာ သူတို့သိတယ်လေ။ ကျွန်မထွက်ပြေးမှာကို သူတို့ စိုးရိမ်ကြတယ်။ ပြင်ပ ထွက်ဖို့ တစ်ကြိမ် တစ်ခါမှ အခွင့်အရေး မရခဲ့ပါဘူး။ သူတို့ကျွေးတာကိုပဲ စားသောက်နေခဲ့ရတယ်” လို့ သူမက ပြောပြပါတယ်။

    ဒီလိုနဲ့ နောက်ဆုံးမှာတော့ သူမရဲ့မိခင်ကို ဖုန်းဆက် စကားပြောဆိုဖို့ ခွင့်ပြုလိုက်ကြတယ်။ တရုတ်ပြည်ထဲမှာ အကြပ်ကိုင်ခံရပြီး အမျိုးသားတစ်ဦးနဲ့ လက်ထပ် ထားတာကို သိရှိလိုက်ရတဲ့ သူမ မိခင်ဟာ တုန်လှုပ်သွားရှာပါတယ်။

    “ကျွန်မမေမေဟာ ကျွန်မကို ရှာဖွေတော့တာပါပဲ။ ဒါပေမယ့် တရုတ်ပြည်က ကြီးမားကျယ်ပြန့်လွန်းတယ်လေ။ ကျွန်မကို ရှာဖွေဖို့ သွားလာစားရိတ်ကို အမေ မတတ်စွမ်းနိုင်ခဲ့ပါဘူး”။

    နိုင့်ထက်စီးနင်းယဉ်ကျေးမှု
    —————————
    ပဋိပက္ခများအတွင်း အိုးအိမ်၊ စည်းစိမ်၊ မြေယာ၊ သက်မွေးလုပ်ငန်းတွေ အဖျက်ဆီးခံရတဲ့ ကချင်နဲ့ ရှမ်းလူမျိုးမိသားစုများ မဆိုစလောက်မျှသာ မိမိတို့ရဲ့ ပျောက်ဆုံး ကွဲကွာ မိသားစုဝင်တွေကို ပြန်လည် စုစည်းနိုင်ကြပါတယ်။ လူကုန်ကူးခံတွေဟာ အိမ်ကို အရောက်ပြန်နိုင်ခဲ့သည့်တိုင် နိုင့်ထက် စီးနင်းယဉ်ကျေးမှုရဲ့ သားကောင်ဘ၀ ရောက်ရတော့တာပါပဲ။ ဒါကို ဆန့်ကျင်ကယ်ဆယ်နိုင်တဲ့ လမ်းကြောင်းတွေကလည်း အလွန်နည်းပါးနေပါတယ်။

    “ပြန်လည်လွတ်မြောက်လာသူများဟာ သူတို့ အသိုင်းအ၀ိုင်းဆီ ပြန်ရောက်ပြီးနောက် မကြာခဏဆိုသလို ခွဲခြားချိုးနှိမ်ဆက်ဆံမှုကို ကြုံတွေ့ရင်ဆိုင်ကြရတယ်။ လူကုန်ကူးခံရသူများကို လက်ထပ် ထိမ်းမြားဖို့ အချို့မိဘတွေက ခွင့်မပြုတတ်ကြဘူး။ လွတ်မြောက်လာသူအများစုအနေနဲ့ သက်မွေးမှုဆိုင်ရာ တန်းတူ အခွင့်အလမ်းတွေ မရကြပါဘူး” လို့ Awn Nang က ဆိုပါတယ်။

    သုံ့ပန်းဘ၀မှာ တစ်နှစ် နီးပါးနေထိုင်ခဲ့ရပြီးတဲ့နောက် ဘောက်ဒင်ဟာ (၁၆၂)ဒေါ်လာကို လျှို့လျှို့ဝှက်ဝှက် စုဆောင်းနိုင်ခဲ့တယ်။ မြန်မာပြည်ကို အရောက်ပြန်ဖို့ လုံလောက်တဲ့ ပမာဏပါပဲ။ တစ်နေ့နံနက်မှာ သူမရဲ့ဒုတိယထပ်ပြူတင်းအကာတွေကို ဖယ်ရှားပြီး ခြံစည်းရိုးကို ခုန်ကျော်ထွက်ခဲ့တယ်။ ဘူတာရုံဆီ ထွက်ပြေးခဲ့တယ်။ ဒါပေမယ့် ဘာအထောက်အထားမှ မရှိတဲ့အတွက် ရဲဌာနက သူမကို ထိန်းသိမ်းလိုက်တယ်။ တကယ်လို့ သူမဟာ အိမ်ထောင်ရှိသူပါလို့ ပြောမိရင် သူမကို အဲ့ဒီ Chang Saan ဆီ ပြန်ပို့မှာကြောက်တဲ့အတွက် တရုတ်ပြည်ထဲ အလုပ်လုပ်ဖို့ ရောက်လာခဲ့တာပါဆိုပြီး ပြောဆိုခဲ့တယ်။ ရဲဝန်ထမ်းများက သူမ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် ထောက်ခံစာတစ်စောင် ရေးပေးခဲ့တယ်။

    ကချင်တွေ အလေးထားကြတဲ့ ခရစ္စမတ်နေ့အလွန် နောက်တစ်ရက်မှာ ဘောက်ဒင် အိမ်ပြန်ရောက်ခဲ့ပါတယ်။ ကချင်လူမျိုးအများစုက ခရစ်ယာန်ဘာသာဝင်တွေပါ။ အိမ်နီးချင်းတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကတော့ အားလပ်ရက်ပြန်လာလည်ခြင်းလို့ ထင်မှတ်နေကြတယ်။ အဓမ္မထိမ်းမြားခံရမှုကနေ အလွတ်ရုန်းထွက်လာသူမှန်း မသိကြဘူး။ ချိုးနှိမ်ဖယ်ကြဉ်တာ ခံရမှာစိုးတဲ့အတွက် သူမကလည်း သူတို့ကို အမှန်အတိုင်း မပြောခဲ့ပါဘူး။

    တဖြည်းဖြည်းနဲ့ ဘောက်ဒင်ဟာ လူကုန်ကူးခံရတယ်ဆိုတဲ့ စကားသံတွေ ပျံ့နှံ့ကုန်တယ်။ ဒီအခါ ဘောက်ဒင်က သူမရဲ့အဖြစ်သနစ်ကို ဖွင့်ချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမ ကံကောင်းခဲ့ပါတယ်။ သူမရဲ့ အတိတ်ဒဏ်ရာကို ဗွေမယူဘဲ မေတ္တာသက်ဝင်ကြည်ဖြူတဲ့ ကချင်အမျိုးသားတစ်ဦးကို လက်ဆက်နိုင်ခဲ့တယ်။ ဒါပေမယ့် ယောက္ခမကတော့ သူမရဲ့အတိတ်ကို ပြည်ဖုံးကား မချနိုင်ခဲ့ပါဘူး။

    “ ကျွန်မတို့နှစ်ဦး ယောက္ခမဆီ သွားလည်တိုင်း သူမက ကျွန်မကို စကားမပြောဘူး။ ကျွန်မတို့ နှစ်ယောက် ဘယ်လို ကွာရှင်းလမ်းခွဲကြမလဲ ဆိုတဲ့စကားကိုသာ သူမက ပြောဆိုနေလေ့ရှိပါတယ် ” လို့ ဘောက်ဒင်က ပြောပြပါတယ်။

    ချိုးနှိမ်ဖယ်ကြဉ်မှုကို ကာကွယ်နိုင်ဖို့ မြောက်များစွာသော လူကုန်ကူးခံရသူများအတွက် တစ်ခုတည်းသောနည်းလမ်းဟာ အတိတ်ကို ဖုံးကွယ်ထားခြင်း ဖြစ်နေပါတယ်။ နောက်ဆုံးမှာတော့ လူကုန်ကူးခံရမှုအနည်းအကျဉ်းမျှသာ လူသိရှင်ကြားဖြစ်သွားရပါတယ်။

    ကချင်ပြည်နယ်ရဲ့အစိုးရ အဖြစ် ကြွေးကြော်ထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ Kachin Independence Organisation (KIO) က လူကုန်ကူးမှုဆန့်ကျင်ရေး မူဝါဒကို အကောင်အထည်ဖော်နိုင်အောင် ရုန်းကန်အားထုတ်လျက်ရှိပါတယ်။

    “လူကုန်ကူးခံရသူတိုင်းကို သိနိုင်ရေး အတွက် ကျွန်တော်တို့ လက်လှမ်းမမီပါဘူး။ သူတို့ဖက်က အကူအညီပေး အဖွဲ့အစည်းတွေကို ဆက်သွယ်မှ ကျွန်တော်တို့ ဒီကိစ္စတွေကို သိရှိရတာပါ” လို့ ကေအိုင်အို၊ ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့ဥက္ကဌ Labang Doi Pisa က ပြောကြားပါတယ်။

    ပြန်လည်ဖွင့်လှစ်နေသော ပဋိပက္ခဓာတ်ပြားဟောင်း
    ——————————————————-
    လတ်တလော ဖြစ်စဉ်တချို့ကလည်း အခြေအနေကို ပိုဆိုးသွားအောင် လှုပ်ရမ်းနေပါတယ်။ (၂၀၁၁)ခုနှစ်ကစလို့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား ပြန်လည် ဖွင့်လှစ်လိုက်တဲ့ ပဋိပက္ခ ဓာတ်ပြားဟောင်းကြီးဟာ ကချင်ပြည်နယ်က ဒေသခံလူပေါင်း တစ်သိန်းကျော်ကို အိုးရွှေ့အိမ်ရွှေ့အိုးအိမ်မဲ့ ဒုက္ခသည်များ ဖြစ်သွားစေပါတယ်။ အိုးအိမ်နဲ့ လုပ်ငန်းတွေ ဖျက်ဆီးခံရလို့ လူအမြောက်အများက အလုပ်အကိုင်အတွက်၊ ဒုက္ခသည်အဖြစ်ခိုလှုံရေး အတွက် တရုတ်ပြည်ထဲ ဖြတ်ကျော် ၀င်ရောက်ဝင်ရောက်ကြပြီး အချို့ကျတော့ လုံးဝပြန်မလာကြတော့ဘူးလို့ Labang က ဆိုပါတယ်။

    ဘောက်ဒင်ရဲ့ဘ၀ကတော့ စိန်ခေါ်မှုတွေ အပြည့်ဖုံးလွှမ်းနေဆဲပါ။ တစ်ကျော့ပြန်ပဋိပက္ခရဲ့ မြေစာပင်တွေထဲ သူမလည်း ပါဝင်ခဲ့ပြန်ပါတယ်။ ယခုအခါ ရှမ်းပြည်နယ်ထဲက ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်နေပါတယ်။ အတတ်ပညာနဲ့အရင်းအနှီး မရှိတာကြောင့် တောထွက်သီးနှံဟင်းရွက်တွေကို ခူးဆွတ်ပြီး ဈေးထဲမှာ ရောင်းချ စားသောက်နေရတယ်။ သို့ပေမယ့်လည်း သူမဟာ မိမိနှစ်သက်တဲ့ ခင်ပွန်းသည်နဲ့အတူ ပျော်ရွှင်ချမ်းမြေ့နေပါပြီ။

    “ကျွန်မတို့ မေတ္တာမျှခဲ့ကြတယ်။ ဒီကနေ့ ကျွန်မတို့ အဆင်ပြေနေပါပြီ။ ကျွန်မတို့ဟာ ဆင်းရဲနွမ်းပါးပေမယ့် ကျွန်မတို့ တစ်နေ့ချင်းတစ်ရက်ချင်းအတွက် ရှင်သန်သွားပါမယ်။ နေ့ရက်တိုင်း အတွက်ပါ၊ နေ့ရက်တိုင်း အတွက်ပါ …………..”။

    xxxxxxxxxxxxxxxxxxx

    Nina Wegner ရေးသားသော A forced bride: ‘We survive for each day’ ကို  မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။

    Source: Al Jazeera