News @ M-Media

Tag: article

  • မနေ့ကသည် သင် “ကျွန်” လော “သခင်” လော

    မနေ့ကသည် သင် “ကျွန်” လော “သခင်” လော

    အောက်တိုဘာ ၃၀၊ ၂၀၁၄
    M-Media
    သက်ဝေနှင်း ရေးသည်။
    foregin-exchange-greed
    လူတွင် ပြည့်ဝလုံလောက်သည့် အသိဥာဏ်- အသိပညာ ဆင်ခြင်တုံတရား အသိပညာမရှိလေ လေ တပ်မောမှု၏ ကျေးကျွန်ဖြစ်ရလေ လေဖြစ်သည်။

    လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ကျော် (၁၆၃၂ မှ ၁၆၇၇) ထိ ယင်းကာလအတွင်းတွင် ထင်ပေါ်ကြော်ကြားခဲ့သော တွေးခေါ်ပညာရှင် (စပင်နိုဇာ) ၏ အယူအဆ အတွေးအခေါ်တစ်ချို့ကို ပြန်လည်သုံးသပ်ကြည့်ချင်ပါသည်။ လူသည် သဘာဝလောကနှင့် သဘာဝလောကတွင် မိမိပါဝင်နေရသည့် ကဏ္ဍကို မသိနားမလည်သောကြောင့် တပ်မက်မောမှု၏ ကျေးကျွန်ဖြစ်ရသည် ဟူ၍ဆိုထားပါသည်။

    တပ်မက်မောဟု ဆိုရာတွင် ကဏ္ဍ လူမျိုးစုံတွေ့ရှိရပေသည်။ ငွေကြေး တပ်မက်မောမှု၊ ရာထူးအာဏာ တပ်မက်မောမှု၊ နေရာဒေသ တပ်မက်မောမှု၊ တဏှာ တပ်မက်မောမှု စသည်ဖြင့် အသေးဆုံး အစိတ်အပိုင်းမှသည် အကြီးမားဆုံးသော အစိတ်အပိုင်း ကဏ္ဍများထိတိုင် တပ်မက်မောမှုမျိုးစုံကို တွေ့ရှိရပေမည်။ တပ်မက်မောမှုသည် လူမျိုးရေး၊ ဘာသာရေး၊ သာသနာရေးတို့ဖြင့် လုံးဝ မသက်ဆိုင်ပေ။

    မည်သည့် လူမျိုးမဆို မည်သည့်ဘာသာ၊ သာသနာတွင်မဆို၊ တပ်မက်မောခြင်းသည် ရှိနေပေသည်။ တပ်မက်မောမှုသည် လူနှင့်သာတိုက်ရိုက်သက်ဆိုင်သည့် ပုဂ္ဂလိက လောဘပင်ဖြစ်၏။

    တပ်မက်မောမှုဟူသည် လူမှန်လျှင် မွေးစထဲက ပါရှိလာပေ၏။ မွေးကင်းစမှသည် ကလေးအရွယ် လူမမယ်၊ အရွယ်အလတ်၊ အရွယ်အကြီး၊ သေခါနီးသည်ထိ တပ်မက်မောမှုသည် ကင်းလွတ်ခြင်းမရှိပါပေ။ သို့သော် တော်ရုံ တပ်မက်မောခြင်း၊ လောဘသည်သာ လူတို့တွင် ရှိသင့်ရှိအပ်ပေ၏။ မတော်မတရား တပ်မက်မောခြင်း ၀ိသမ လောဘရှိလာပြီဆိုသည်နှင့် လူသည်အစွန်းရောက် အတွေးအခေါ်များ၊ အစွန်းရောက်ဝါဒီများ ဖုံးလွှမ်းလာပြီး ဆင်ခြင် ဥာဏ်ကင်းမဲ့လေတော့သည်။

    ဒီနေ့ ကမ္ဘာတစ်ဝှမ်းအားကြည့်မည်ဆိုလျှင် လူသားများသည် အသိပညာများ ပိုမိုတက်လာပြီး တီထွင်မှု နည်းပညာများ ပိုမိုကောင်းမွန်လာပြီဟု မြင်ရပေလိမ့်မည်။ သို့သော် အသိပညာ မည်မျှပင် တိုးတက်လာစေ၊ တီထွင်မှု စွမ်းရည်များမည်မျှပင် ထွန်းကားလာစေ။ ယနေ့လူတို့၏ ဦးနှောက်ထဲတွင် ပြည့်ဝလုံလောက်သည့်အသိ၊ ဥာဏ်၊ ဆင်ခြင်တုံတရားကား မရှိသေးဟု ပင်ဆိုရမည်။ အဘယ်ကြောင့်နည်းဟုဆိုရလျှင် လူသားတစ်ဦး တစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုသည် မိမိ တပ်မက်သောအရာ မိမိပိုင်ဆိုင်သော မည်သည့်အရာကိုမဆို တစ်ချိန်ချိန်တွင် ထားရစ်ခဲ့ပြီး မည်သည့် အရာဝတ္တုတစ်ခုကိုမျှ ဆုပ်ကိုင်ဆွဲယူထားခြင်း မရှိဘဲ လူ့လောကမှစွန့်ခွာ သေဆုံးကြရသည် မဟုတ်ပါလား။ လူ့လောက လူဌာနေသို့ ရောက်ရှိခိုက် လူအဖြစ်ရရှိခိုက်တွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဘာသာနှင့် တစ်ဘာသာ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တိုင်းနိုင်ငံတစ်ခုနှင့်တစ်ခု၊ တပ်မက်မောမှု ကင်းဝေးစွာနားလည် ဆက်ဆံကြမည်ဆိုလျှင် ယနေ့ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော နေသည့် ကြားသိနေရသည့် ပဋိပက္ခ အနိဋာရုံ သတင်းဆိုးများနှင့် ကင်းဝေးပေလိမ့်မည်။ ယနေ့ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော လူသားအချင်းချင်း ညှာတာမှုကင်းသည့် စစ်ပွဲများကြောင့် လူသားအရင်းအမြစ် ဆုံးရူံးမှုများသည် အတောမသက်သေးပေ။

    ကျွန်ုပ်တို့လူသားများ သိရှိထားရမည်မှာ တပ်မက်မောမှုမှန်သမျှသည် ပထမ ဦးစွာ စိတ်၌တည်မှီဖြစ်ပေါ်လာသော စိတ်၏ချဉ်ခြင်း၊ စိတ်၏ဆန္ဒများသာဖြစ်သည်။ ဤသို့စိတ်မှ စတင်လာသော တပ်မက်မောမှုများအား လူတို့မှဆင်ခြင် သုံးသပ်၍ ပယ်ဖျက်ခြင်း၊ ညှိယူခြင်း မပြုကြပဲ လိုက်လံ၍ စိတ်အတိုင်း လိုက်လျောကာ ပြုလုပ်ကြမည်ဆိုလျှင် ဘယ်သောအခါမျှ လူ့ကမ္ဘာ လူ့လောကကြီးသည် ပျော်ရွှင်ငြိမ်းချမ်းမှုများရရှိကြတော့မည်မဟုတ်ချေ။

    တပ်မက်မောမှု မှန်သမျှကို အမှားအမှန် ကန့်သတ်၍ ဦးနှောက် အသိပြည့်ဝစွာ စဉ်းစားဆင်ခြင် ခြင်းမရှိပါပဲ လိုက်လံပြုမူဆောင်ရွက်သော သူတို့သည် အစဉ်သဖြင့် “စိတ်၏ ကျေးကျွန်” ဘ၀မှ လွတ်မြောက်နိုင်ကြလိမ့်မည်မဟုတ်ပေ။

    လူသည် စိတ်၏ကျေးကျွန်မဖြစ်သင့် စိတ်အား ကြိုးကိုင်နိုင်သူသာ ဖြစ်သင့်ပေသည်။ သို့မှသာ လူသားဆိုသည်မှာ အခိုင်းစေခံ သတ္တ၀ါ ကျွန်ဘ၀မှ ကင်းလွတ်၍ ခိုင်းစေသူသခင်ဘ၀ အမှန်အား ရရှိမည်မှာ မလွဲဧကန်ပေတည်း။ ပညာတတ်တိုင်း ပညာရှိမဟုတ် အမှားအမှန် ဆင်ခြင်သုံးသပ်မှုမှန်သည့် ဥာဏ်အလင်းရှိခြင်းသည်သာ ပြည့်ဝမှန်ကန်သည့် ပညာရှိဖြစ်ပေမည်။

  • ဖြူစင်ဖို့ထက် သန့်စင်ဖို့လိုပါသည်

    ဖြူစင်ဖို့ထက် သန့်စင်ဖို့လိုပါသည်

    အောက်တိုဘာ ၂၄ ၊ ၂၀၁၄
    M-Media
    သက်ဝေနှင်း ရေးသည်။
    mellor-belle-clean_mind
    စကြ၀ဠာ၊ ကမ္ဘာ၊ လူနှင့် လူတို့နေထိုင်ရာ ပတ်ဝန်းကျင် သက်ရှိသက်မဲ့တို့ ကျင်လည်ရာလောက၊ သဘာဝတရားများနှင့် တီထွင်ဖန်တီးမှု နယ်ပယ်စသည် စသည်တို့သည် ဆက်စပ်တည်ရှိနေသော ဂေဟနယ်ပယ်များပင် ဖြစ်၏။

    ကမ္ဘာမြေပေါ်တွင် သက်ရှိများနေထိုင်ကြသည်။ သက်ရှိများဆိုရာတွင် လူ၊ တိရစ္ဆာန်နှင့် သစ်ပင်များသာဖြစ်ကြပြီး ကျန်သည့်အရာများအားလုံးသည် သက်ရှိ လူသားများမှ ဖန်တီးထားခဲ့ကြသော ရုပ်ဝတ္တုပစ္စည်းများပင် မဟုတ်ပါလား။

    ယနေ့ သတ္တကမ္ဘာမြေပြင်တွင် လူသားများသည် အသိဉာဏ်ပညာ အကြီးမားဆုံးဖြစ်သည်မို့ တစ်နေ့ထက်တစ်နေ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုများပြားလာခဲ့ပေပြီ။ ထို့အပြင် လူသားသည် ဖန်တီး တီထွင်နိုင်မှုစွမ်းအားမြင့်မားခြင်း၊ အမှားအမှန် အဆိုးအကောင်းတို့ကို ပိုင်းဖြတ်ခွဲခြားနိုင်ခြင်းစသည့် အသိများ သတိများရှိကြပေသည်။ လူသားများသည် အသက်ရှင်နေထိုင် ရပ်တည်ရာ ဤကမ္ဘာမြပြင်ကြီးကို လေ့လာကြည့်မည်ဆိုပါက လူသားတို့၏ မျက်စိဖြင့် တွေ့မြင်နေရသော အရာများဖြစ်သည်။ (လူတို့ဖန်တီးထားသော) သဘာဝအလျောက်တည်ရှိမှုများ သဘာဝအလျောက် ဖြစ်ရှိနေမှုများတွင် မည်သည့်အရာမှ ညီမျှနေခြင်း တစ်ညီထဲ တစ်တန်းတစ်စားတည်း ဖြစ်နေခြင်းများ မရှိသည်ကို တွေ့မြင်နိုင်ပါသည်။ ဥပမာအားဖြင့်ဆိုရလျှင် တောင်ကုန်းတောင်တန်းများသည် အနိမ့်အမြင့်များစွာဖြင့် ဖွဲ့စည်းတည်ရှိနေသကဲ့သို့ တောအုပ်တောတန်း၊ သစ်ပင်၊ ခြုံပုတ်၊ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်၊ သမုဒ္ဒရာများသည်လည်း အထူ၊ အပါး၊ အကျဉ်းအကျယ်၊ အတိမ်အနက်တို့ မတူညီမှုများဖြင့် ဖွဲ့စည်းတည်ရှိနေကြပေသည်။ ဤသည်ကိုပင် သဘာဝတရားဟုခေါ်တွင်ခဲ့ကြသည် မဟုတ်ပါလား။ အရာရာသည် မတူညီမှုများ၊ ကွဲပြားခြားနားမှုများ၊ ဆန့်ကျင်ဘက်အနေအထားများဖြင့်သာ ထာဝရတည်ရှိနေပေသည်။

    အသားအရောင်ကွဲပြားခြင်း၊ ဘာသာတရားကွဲပြားခြင်း၊ ဆင်းရဲချမ်းသာ မတူညီခြင်း၊ အနိမ့်အမြင့်ကွာခြားခြင်း စသည့် စသည့် ကွာခြားမှုများသည် ယခင့် ယခင်ကလည်း ရှိခဲ့သည်ဖြစ်သလို ယခု၊ နောင်တွင်လည်း ရှိနေဦးမှာပင်ဖြစ်၏။ ဤသို့ကွဲပြားခြားနားမှုများကြား၊ အဓိကကျစွာတည်ရှိနေရမည့် သဘောတရား တစ်ခုသည် နားလည်မှုပင်ဖြစ်၏။ ပိုင်းကန့်ခြားနားမှုများကို ပယ်ချလိုက်လျှင် “လူ” သည် “လူ” ပင်ဖြစ်၏ဟူသော သဘောသည် အလိုအလျောက်ပင်ရောက်ရှိလာပေလိမ့်မည်။

    သို့ဆိုပါလျှင် လူသားများ၌လည်း မတူညီမှုများ ကွဲပြားခြားနားမှုများ ဆန့်ကျင်ဘက်များနှင့်ပင် ပေါင်းစည်း၍ ရပ်တည်ရှင်သန်နေကြသည်ကို လူသားတိုင်းသည် သိရှိနားလည်နေကြရပေမည်။ လူ့အသိဉာဏ်နှင့် အသိတရားတို့သည် မြင့်မားကြ၏။ ထိုနည်းတူခွဲခြားမှုများ ပြုလုပ်ကြသည်မှာလဲ လူသားများပင်ဖြစ်ကြ၏။ မြေ အနိမ့်အမြင့်၊ ခြုံ အထူအပါးစသည့် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် မတူညီမျှမှုများကို လူသားတို့၏ အသိဉာဏ်ဖြင့် ညှိပြင်ပြောင်းလဲယူ၍ ရသလောက် ညှိပြင်ပြောင်းလာနေထိုင် အသက်ဆက်ကြသကဲ့သို့ ညှိ၊ ပြင်၊ ပြောင်းလဲ၍မရသောအရာများကိုကား သူ့သဘာဝအလျောက် ထားကြရသည် မဟုတ်ပါလား။ သို့ဆိုလျှင် မညီမမျှဖြစ်နေသော အရာများ မတူ ကွဲပြားခြားနားနေသော အရာများအား မိမိတို့၏အသိ၊ မိမိတို့၏သတိ၊ မိမိတို့၏ပညာ ညဏ်၊ မိမိတို့၏စိတ်ဓာတ်များဖြင့် ညှို၊ ပြင်၊ ပြောင်းလဲ၍ ရနိုင်သလောက် ညှိ၊ ပြင်၊ ပြောင်းလဲပြီး မရနိုင်သည့် အရာများအတွက် နားလည်မှုများထားကာ နေထိုင်ကြမည်ဆိုလျှင် “ပဋိပက္ခ”ဟူသည် ရှိလာနိုင်မည် မဟုတ်ပေ။ အသားအရောင်ကွဲပြားခြင်း၊ ဘာသာတရားကွဲပြားခြင်း၊ ဆင်းရဲချမ်းသာ မတူညီခြင်း၊ အနိမ့်အမြင့်ကွာခြားခြင်း စသည့် စသည့် ကွာခြားမှုများသည် ယခင့် ယခင်ကလည်း ရှိခဲ့သည်ဖြစ်သလို ယခု၊ နောင်တွင်လည်း ရှိနေဦးမှာပင်ဖြစ်၏။ ဤသို့ကွဲပြားခြားနားမှုများကြား၊ အဓိကကျစွာတည်ရှိနေရမည့် သဘောတရား တစ်ခုသည် နားလည်မှုပင်ဖြစ်၏။ ပိုင်းကန့်ခြားနားမှုများကို ပယ်ချလိုက်လျှင် “လူ” သည် “လူ” ပင်ဖြစ်၏ဟူသော သဘောသည် အလိုအလျောက်ပင်ရောက်ရှိလာပေလိမ့်မည်။

    လူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ ဘာသာတရား တစ်ခုနှင့်တစ်ခု၊ လူသားတစ်ဦးနှင့် တစ်ဦးကြား ပတ်သက်ဆက်နွယ်မှုများ အပေါ်တွင် ကန့်သတ်မှု၊ ခွဲခြားမှု၊ မလိုမုန်းထားမှု၊ အမြင် ကျဉ်းမြောင်းမှုများ ထားရှိနေကြမည် ဆိုပါလျှင် လူသားများသည် ငြိမ်းချမ်းပျော်ရွှင်ဖွယ်ကောင်းသော ကမ္ဘာလောကကြီးနှင့် အစဉ်အမြဲလွဲချော် နေကြလိမ့် ဦးမည်သာဖြစ်ပေသည်။ လူသားသည် အဘယ်ကလာသနည်း။ လူသားသည် အဘယ်သို့သွားမည်နည်း။ ကောင်းမြတ်သည့်နေရာမှ လာ၍ ကောင်းမြတ်သည့်နေရာသို့သွားရန် ကောင်းမြတ်သည့် စိတ်ထားများသည်သာ ၀င်ပေါက်၊ ထွက်ပေါက် တံခါးချပ်ပင်ဖြစ်ပေ၏။

    သို့ဆိုလျှင် ကျွန်ုပ်တို့လူသားများ အားလုံးကောင်းမြတ်ခြင်း အ၀င်၊ အထွက် လမ်းများဖြောင့်ဖြူးသာယာမှု ရရှိစေဖို့ ယနေ့မှစ၍ စိတ်များကို သန့်စင်အောင် ဆေးကြော လိုက်ကြပါစို့။

  • ပြည်တော်ပြန်ဖို့ အရေး မတွေးလိုပါ

    ပြည်တော်ပြန်ဖို့ အရေး မတွေးလိုပါ

    အောက်တိုဘာ ၁၃ ၊ ၂၀၁၄
    M-Media
    cropped_138101522
    ထိုင်းနိုင်ငံ နယ်စပ်၌ သိန်းနှင့်ချီသော ဒုက္ခသည်များ နေထိုင်နေကြရသည်မှာ ဆယ်စုနှစ်ချီနေပေပြီ။ ယခုသော် သူတို့သည် မိမိတို့ စွန့်ပြေးလာ ခဲ့ကြသောနိုင်ငံသို့ ပြန်ကြရန် တွန်းထုတ်ခံ ရဖွယ်ရှိနေ၏။

    ထိုင်းနိုင်ငံအဝေးပြေးလမ်းမ ၁၀၅ အောက်ဖက်သို့ လှိမ့်ဆင်းလာနေကြသော ထရပ်ကားများအနီးရှိ သံဆူးကြိုးအကာအရံများအကြားမှ ကလေးငယ်တစ်သိုက် မမှိတ်မသုန် ချောင်းမြောင်းကြည့်ရှုနေကြ၏။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း တခ်ခရိုင်ရှိ တောင်တန်းများအောက်ဝယ် ပြန့်ကျဲနေသည့် ၀ါးတဲများ ထောင်နှင့်ချီရှိနေသည်။ ၎င်းတဲတစ်လုံးအတွင်း ကလေးငယ်များမှာ အချင်းချင်း ပူးကပ်၍ မယ်လ ဒုက္ခသည်စခန်း ၀င်ပေါက်တွင် ကူညီရေးယာဉ် တစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရပ်တန့် စစ်ဆေးနေသည်ကို စောင့်ကြည့်နေကြလေသည်။ ထိုင်းမြန်မာနယ်စပ်မှ ၈ ကီလိုမီတာမျှသာ ကွာဝေးသော ယင်းစခန်း၌ ဒုက္ခသည်ပေါင်း ၄၄၀၀၀ အထိ ရှိနေပြီး အများစုမှာ ကရင် တိုင်းရင်းသားများ ဖြစ်ကြ၏။ ၎င်းတို့သည် မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင် ဆယ်စုနှစ်များစွာ ဖြစ်ပွားသော ပြည်တွင်းစစ်မှ ထွက်ပြေးလာကြသူများပင်။

    ပဋိပက္ခမှ ထွက်ပြေးလာသူ ထောင်နှင့်ချီသော ရွာသားများ အနက် တစ်ဦးဖြစ်သည့် စောကဒူး (၆၂ နှစ်)သည် ကရင်ပြည်နယ်တွင်း အစိုးရတပ်သားတို့၏ စစ်ဆင်ရေး တစ်ခုအကြားမှ နယ်စပ်ကိုဖြတ်၍ ထိုင်းနိုင်ငံသို့ ၁၉၈၄ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ပထမပိုင်းတွင် စခန်းတစ်ခုတွင် ခေတ္တနေထိုင်ခဲ့ပြီး သူနှင့်သူ့မိသားစုကို ၁၉၉၇ ခုနှစ်တွင် မယ်လဒုက္ခသည်စခန်းသို့ ရွှေ့ပြောင်းလိုက်ရာ ယနေ့တိုင်အောင် ထိုစခန်း၌ ရှိနေရပေသည်။ စောကဒူးနှင့် စခန်းတွင်းဆရာမဖြစ်သူ သူ့ဇနီးတို့သည် သစ်ရွက်ကာတဲငယ်လေးကိုပင် မိမိတို့၏ရိပ်မြုံအဖြစ် သဘောထားနေထိုင်ခဲ့ကြသည်။ သို့သော် ၁၇ နှစ်ကြာညောင်းလာသောအခါ စောကဒူးအဖို့ ဘ၀ရှင်သန်ရေး အတွက် ပိုမို ခက်ခဲလာတော့၏။

    “ကျွန်တော်တို့ ဒုက္ခသည်တွေအတွက် အပြင်ထွက်ဖို့၊ အလုပ်အကိုင်ရှာဖွေဖို့အသာထား၊ အစာရေစာရှာဖို့ပင်လျှင် ခုချိန်မှာ အကြပ်တွေ့နေရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ယခင်တုန်းက အတိုင်း မဟုတ်တော့ပဲ ကျွန်တော်တို့ကို စခန်းပြင်ပကို လုံးဝ ထွက်ခွင့်မပေးတော့လို့ဖြစ်ပါတယ်။ ဒုက္ခသည်တွေက ဒီကန့်သတ်ချက် အသစ်တွေနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုနေကြပါတယ်။ လအနည်းငယ်အတွင်း ထိုင်းအစိုးရက ကျွန်တော်တို့ကို ပြန်ပို့တော့မလားဆိုပြီး ကျွန်တော်တို့ စိုးရိမ်နေပါတယ်” ဟု စောကဒူးက သူ၏ ၄ မီတာပတ်လည် တဲအတွင်း ထိုင်လျက် ပြောပြခဲ့သည်။

    စခန်းများထဲ ထောက်ပံ့ကူညီရေးကို စီမံခန့်ခွဲနေသော နယ်စပ်ကြီးကြပ်ရေး အဖွဲ့၏အဆိုအရ နယ်စပ် တစ်လျှောက်ရှိ စခန်းပေါင်း ၉ ခုတွင် မြန်မာဒုက္ခသည်ပေါင်း တစ်သိန်းနှစ်သောင်းဝန်ကျင် အထိ ရှိနေသည်။ ဆယ်စုနှစ်များစွာ နယ်မြေ စွန့်လာရသည့် ထိုသူအားလုံးက မရေမရာ အနေအထားဖြင့် နေထိုင်ရှင်သန်ခဲ့ကြရသည်။ ထိုင်းနိုင်ငံသည် ကုလသမဂ္ဂ၏ ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ ပဋိညာဉ်ကို လက်မှတ်မထိုးခဲ့၊ ထိုင်းဥပဒေအောက်မှ တရားဝင် ကာကွယ်ထိန်းသိမ်းပေးထားသူ အချို့မှအပ ဒုက္ခသည်များကို နှင်ထုတ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် နိုင်ငံတကာ အသိအမှတ်ပြု ဒုက္ခသည်များအဖြစ် သတ်မှတ်ရေးအတွက် စခန်းတွင်းနေထိုင်နေသူများကို မှတ်ပုံတင်ရေး UNHCR လုပ်ငန်းစဉ်ကို ကာလ အကန့်အသတ်မပေးပဲ ရပ်ဆိုင်းခဲ့ရာ လူပေါင်း ငါးသောင်း ရှစ်ထောင်မှာ တရားဝင် ဒုက္ခသည်စာရင်းထဲ မပါဝင်နိုင်ခဲ့ချေ။

    လက်ရှိလများအတွင်း ဒုက္ခသည်များ အပေါ် တင်းကြပ်သော ဥပဒေများ မဆိုင်းမတွ ပြဋ္ဌာန်းလိုက်နာစေခြင်း၊ ထိုင်းနှင့်မြန်မာအာဏာပိုင်တို့အကြား ဒုက္ခသည်များ ပြန်လည်ခေါ်ယူ ပို့ဆောင်ရေး သတ်မှတ်ချက်များအပေါ် စေ့စပ်ညှိနှိုင်းမှုများ ယခင်ကထက် ပို၍ ပြန်လည်ပြုလုပ်လာခြင်းတို့က ဒုက္ခသည်များကို ၎င်းတို့၏အနာဂတ်နှင့် စပ်လျဉ်း၍ တုန်လှုပ်သွားစေသည်။

    ထိုင်းနိုင်ငံ၏ပထမဆုံး ဒုက္ခသည် စခန်းကို ၁၉၈၄ ခုနှစ်တွင် တည်ဆောက်သည်။ ၁၉၄၉ ခုနှစ်ကတည်းက ဗမာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ အကြား တိုက်ပွဲများ စတင်ခဲ့သည်။ မိမိတို့နယ်မြေလွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်သည့် KNU တို့အား အစိုးရတပ်ဖွဲ့များမှ စဉ်ဆက်မပြတ် ၁၉၈၀ နှင့် ၁၉၉၀ နှစ်များအတွင်း ထိုးစစ်ဆင်မှုများက ထိုင်းနိုင်ငံထဲသို့ ဒုက္ခသည်များ သိန်းဂဏန်းအထိ ရောက်ရှိစေခဲ့သည်။

    လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်က ထိုင်းနိုင်ငံ၏ ဒုက္ခသည်စခန်းများသည် နယ်မြေအတည်တကျ မရှိသူတို့အတွက် အသိုင်းအ၀န်း ဖြစ်လာခဲ့သည်။ သို့ဖြင့် နိုင်ငံတကာ အလှူရှင်များက ဒုက္ခသည်များအတွက် ခိုင်မာအားကောင်းသည့် ထောက်ပံ့ကူညီရေးအစီအစဉ်များ တည်ဆောက်ခဲ့ကြသည်။ အဆုတ်ရောဂါ အပါအ၀င် ရောဂါမျိုးစုံကုသရန် အခြေခံ ကျန်းမာရေးဝန်ဆောင်မှုများ၊ ကလေးငယ်တို့ အတွက် စာသင်ကျောင်းများ စသည်တို့ဖြစ်သည်။ သာမန်အချိုးကျထောက်ပံ့ပေးမှုများ တိုးပွားလာစေရန် အခြေခံ လူသုံးကုန်ဈေးဆိုင်လေးများ၊ ဘုရားဝတ်ပြုနေရာများကို ဒုက္ခသည်တို့မှ မိမိတို့ဖာသာ တည်ဆောက်ခဲ့ကြ၏။ (အထိုက်အလျောက် သာယာစည်ပင်မှု ရှိခဲ့ကြ၏)။

    သို့တစေ စစ်အုပ်ချုပ်ရေးမှ အရပ်သား အုပ်ချုပ်ရေးသို့  မြန်မာနိုင်ငံ၏ နိုင်ငံရေး အရွေ့နှင့်အတူ ထိုအနေအထားမှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ရုပ်ပျက်ဆင်းပျက် ပြောင်းလဲသွားခဲ့သည်။ မြန်မာနိုင်ငံသည် ဖယ်ကြဉ်ခံ တိုင်းပြည်မဟုတ်တော့သဖြင့် အလှူရှင်တို့၏လှူဒါန်းငွေများက နယ်စပ်ဆိုင်ရာ အဖွဲ့အစည်းများမှ မြန်မာပြည်တွင်းရေး လှုပ်ရှားသူများထံသို့ ရွေ့မျောစီးဝင်သွားလေသည်။ ဒေသတွင်း၌ လူမျိုးရေး ပဋိပက္ခများ ရှေ့ဆက်နေသည့်တိုင် သမ္မတဦးသိန်းစိန်သည် KNU နှင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ်အစိုးရ တစ်ရပ် ပေါ်ထွက်လာခြင်းနှင့် ကရင်ပြည်နယ်တွင် တိုက်ပွဲများ အဆုံးသတ်ခြင်းကြောင့် ဆယ်စုနှစ် များစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် ဒုက္ခသည်များ ဌာနီပြန်ရေး မျှော်လင့်ချက်ရောင်ခြည်သန်းလာလေသည်။

    တစ်ချိန်တည်းမှာပင် ဒုက္ခသည် စခန်းများသည် မြင်သာထင်ရှားသောအပြောင်းအလဲများ တွေ့ကြုံရသည်။ စားရေရိက္ခာ စီစဉ်ပေးနေသော နယ်စပ်ကြီးကြပ်မှုအဖွဲ့ကဲ့သို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အတွက် ဦးတည်ထောက်ပံ့နေမှုများမှာ မယ်မယ်ရရ အကြောင်းပြချက်မရှိပဲ ၂ နှစ်ဆက်တိုက် ပြတ်တောက်သွားလေသည်။ ဥပမာ – မယ်လ အပါအ၀င် ဒုက္ခသည်စခန်း(ကိုးခုအနက်) ၈ ခု၌ လစဉ် ဆန်ခွဲတမ်းများသည် လူတစ်ဦးလျှင် ၁၆ ကီလိုဂရမ် ပေးနေရာမှ ၈ ကီလိုဂရမ်ထိ ဖြတ်တောက်ခံရ၏။ ထို့နောက် ယခုနှစ် ဇူလိုင်လတွင် ဒုက္ခသည်များသည် စခန်းပြင်ပသို့ တရားဝင် ခွင့်ပြုချက်မရှိပဲ မထွက်ရ ဟု ထိုင်းအာဏာပိုင်များမှ စတင်တင်းကြပ်လိုက်သည်။ ပိုမိုတင်းကြပ်သည့်စည်းမျဉ်းများ မထုတ်ပြန်မီ ဖူလုံရေးအလို့ငှာ ဒုက္ခသည်များသည် စခန်းပြင်ပရှိ လယ်ယာများ သို့မဟုတ် ဒေသတွင်းစက်ရုံများသို့ ပုံမှန် ထွက်ခွာသွားလာပြီး အလုပ်လုပ်ခဲ့ကြသည်။ ယခုသော် ကြားပေါက် ၀င်ငွေ မရနိုင်တော့သည့် အတွက် ခါတိုင်းနှင့်မတူအောင် ရုန်းကန်ရှင်သန်နေကြရသည်ဟု ဒုက္ခသည်များက ဆိုသည်။

    “ဒုက္ခသည်တစ်ဦးအနေနဲ့ အယင်ကလို ဟိုဟိုဒီဒီ အပြင်ထွက် လမ်းလျှောက်တာတောင် ခွင့်ပြုမခံရတော့ဘူး၊ အနေအထားက လုံးလုံး ပြောင်းလဲသွားပါပြီ” ဟု မယ်လစခန်းရှိ ကရင် လူမျိုးရေးဆောင်ရွက်နေသည့် အမည်မဖော်လိုသူ လုပ်သားတစ်ဦးက ပြောကြားသည်။

    လက်ရှိတင်းကြပ် ကန့်သတ်ထားမှုမှာ ဒုက္ခသည်များ၏ အနာဂတ်အရေး ထိုင်းနှင့်မြန်မာ အာဏာပိုင်တို့အကြား ပြန်လည်ဆွေးနွေးမှုများနှင့် တိုက်ဆိုင်နေသည်။ ဇူလိုင်လ ၁၇ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်စာ၌ မြန်မာနယ်စပ်ရေးရာ ၀န်ကြီးဌာနကို ထိန်းချုပ်ထားသော မြန်မာ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် ပရာယုတို့ တွေ့ဆုံဆွေးနွေးခြင်း သတင်းအား အတည်ပြုခဲ့သည်။ ပြန်လည်ခေါ်ဆောင်ပို့ဆောင်ရေးအတွက် တိကျရေရာသည့် အချက်အလက်များ လူသိရှင်ကြား ထွက်မလာခဲ့သော်လည်း ယင်းထုတ်ပြန်ချက်အရ ထိုင်းအစိုးရအနေနှင့် ယင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် ယင်းထုတ်ပြန်စာ၌ “ဒီနယ်မြေစွန့် ထွက်ခွာလာတဲ့သူတွေကို ဘေးကင်းစွာ၊ သိက္ခာရှိစွာ ရေရှည်ပြန်ပို့နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုက သေရေးရှင်ရေးတမျှ  အရေးကြီးပါတယ်” ဟု တွေ့နေရလေသည်။

    ကုလသမဂ္ဂလမ်းညွှန်မှုအောက်မှ ရေရှည် ဒုက္ခသည်များကို နေရပ်ဌာနီပြန်စေခြင်းမှာ ၎င်းတို့ဆန္ဒအလျောက် ဖြစ်ရမည်၊ ဘေးကင်းလုံခြုံအောင် စီမံပေးရမည်၊ နေရပ်ပြန်ရောက်သော် ဂုဏ်သိက္ခာရှိစွာ ရှင်သန်နိုင်ဖို့ အာမခံချက်ပေးရပေမည်။ ဒုက္ခသည်များကို အတင်းအဓမ္မပြန် မလွှတ်၊ နိုင်ငံတကာ စည်းမျဉ်းများအတိုင်း ဆောင်ရွက်မည်ဟု ထိုင်းနိုင်ငံမှ ဆိုထားသည်။ သို့သော် နယ်စပ်ရှိ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းခေါင်းဆောင်နှင့် ကူညီရေးလုပ်သားများက လက်ရှိသွားလာရေးကန့်သတ်မှုများသည် ဒုက္ခသည်စခန်းများတွင် ရေရှည် မရပ်တည်နိုင်အောင်ပြု၍ ဌာနီပြန်ရေးကို ရွေးချယ်အောင် နှင်ထုတ်မှု တစ်မျိုးဖြစ်သည်ဟု စောဒကတက်နေကြ၏။

    ဒုက္ခသည်စခန်းများအတွင်း ကရင်လူမျိုးအရေးဆောင်ရွက်နေသည့် ကရင်အမျိုးသမီးများအဖွဲ့အတွင်းရေးမှူး Naw K’nyaw Paw က “ဒီအချက်တွေအားလုံး စုပေါင်းလိုက်ယင် လူတွေကို ဌာနီပြန်အောင် တွန်းထုတ်တဲ့နည်းလမ်းတစ်ခုဆိုတာ ကျွန်မတို့ သဘောပေါက်ပါတယ်။ အစာရေစာ မလုံလောက်တော့ယင် ဖျားနာသူကို ကောင်းကောင်း မကုသနိုင်တော့ဘူး၊ ကလေးငယ်တွေ ကျောင်းမတက်နိုင်တော့ဘူး၊ ဆိုတော့ စခန်းကနေခွာပြီး ဆက်လက်ရှင်သန်ရပ်တည်နိုင်အောင် ကြိုးစားရတော့မယ်လေ” ဟု ပြောကြားသည်။

    မယ်လစခန်းရှိ ကရင်လူမျိုးအရေးဆောင်ရွက်သူ တစ်ဦးက ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ယုံမှအပ ရွေးချယ်အခွင့်အလမ်းနည်းပါးအောင် လုပ်ထားသည့်အကြောင်း ဤသို့ ဖြည့်စွက်ပြောပြသည်။

    “ လျှော့ချကန့်သတ်ထားတဲ့ ကျွန်တော်တို့ရဲ့ (ရိက္ခာ)ခွဲတမ်းတွေကို ထပ်တိုးရရှိရေးအတွက်  ကျွန်တော်တို့ မလုပ်နိုင်တော့ဘူး။ ဒါဟာ ဒုက္ခသည်တွေအပေါ် အဓိကတွန်းထုတ်နေတဲ့ အချက်ပါပဲ”။

    လူများစွာတို့မှ ရိပ်စားမိနေပြီဖြစ်သည်။ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့တွင် ဒုက္ခသည်များဆိုင်ရာ ကုလအေဂျင်စီ၏ အထက်တန်းကွင်းဆင်းဆောင်ရွက်သူ အစီအစဉ်မှူး Iain Hall က နယ်စပ်စခန်းရှိ ဒုက္ခသည်အချို့မှာ မြန်မာနိုင်ငံသို့ ပြန်သွားနေပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

    “ဒုက္ခသည်ထောင်ပေါင်း များစွာ ဌာနီပြန်ခရီး စတင်နေတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်ဘူး၊ စံနစ်တကျ မစီစဉ်ပေးကြဘူး။ ကျုပ်တို့အတွက် ဌာနီပြန်တာက အမှန်ကန်ဆုံးအခြေအနေဖြစ်နေပါတယ်လို့ သူတို့ ပြောကြတယ်။ ဒါပေမယ့် ကျန်ရှိသူအများစုကတော့ အချိန်တန်ပြီလို့ မယူဆသေးပါဘူး”။

    မြန်မာနိုင်ငံ၌ လတ်တစ်လော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်နေလင့်ကစား နယ်စပ်ဒေသများတွင် မတည်ငြိမ်သေး။ KNU အပါအ၀င် လက်နက်ကိုင် အုပ်စုအများအပြားနှင့် မြန်မာအစိုးရမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းဆွေးနွေးနေသည့်ကြားမှ လူနည်းစုတိုင်းရင်းဒေသများမှာ အသည်းအမည်း စစ်ဆင်ခံနေကြရသည်။

    ကချင်နှင့် ရှမ်းပြည်နယ်တို့ကို အတိုင်းအတာတစ်ရပ် အထိ ရန်ငြိုးကို လျှော့ထားသယောင် ရှိသော်လည်း ကရင်ပြည်နယ်မှာမူ မကြာသေးမီကပင် ထပ်မံအကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရသည်။ စက်တင်ဘာ ၉ ရက်က KNU နယ်နမိတ်ကိုဖြတ်ကျော် ၀င်ရောက်လာသော မြန်မာစစ်တပ် ကင်းထောက်တစ်ဦးကို ကေအင်န်ယူတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည်။ များမကြာမီ စက်တင်ဘာ ၂၇ ရက်တွင် မြ၀တီမြို့ဆင်ခြေဖုံး၌ မြန်မာစစ်တပ်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားပါတော့သည်။

    နယ်စပ်၌ ယခုနောက်ဆုံးဖြစ်ပျက်မှုက ဌာနီပြန်ရန်စောင့်ဆိုင်းနေသည့် ဒုက္ခသည်များအတွက် ဘ၀ရပ်တည်မှုအရေး ရင်မအေးစေတော့ပါ။ ၁၉၈၀ နှင့် ၁၉၉၀ နှစ်များအတွင်း စစ်ရှိန်မြင့်ချိန်က ပျက်စီးမီးလောင်ခဲ့ရသော ရွာပေါင်းမှာ ၃၇၀၀ အထက် ရှိခဲ့သည်။ မြန်မာနိုင်ငံအရှေ့ဖက်ခြမ်းတွင် မြေမြုပ်မိုင်းဒဏ် သင့်နေဆဲ၊ ဒေသခံများအတွက် အစာရေစာနှင့်ဝင်ငွေဆိုင်ရာ အဓိကအရင်းအမြစ်ဖြစ်သည့် မြေယာတို့မှာလည်း အန္တရာယ်မကင်းဖြစ်နေဆဲ။ အဓမ္မကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပျက်ရာပျက်ကြောင်းကြံစည်ခြင်းများအပါအ၀င် လူနည်းစုတိုင်းရင်းဒေသများတွင် အစိုးရစစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထားများ မှတ်တမ်းတင်နေရဆဲ။

    UNHCR မှ Vivian Tan ကလည်း မြန်မာနိုင်ငံသည် သောင်းနှင့်ချီသော ဒုက္ခသည်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော အနေအထားတွင် မရှိဟု ထုတ်ဖော်ပြောကြားသည်။
    “လွန်ခဲ့တဲ့ ၂ နှစ်က မြန်မာနိုင်ငံတွင်း အပြုသဘောဆောင်လာတဲ့တိုးတက်မှုကို မြင်လာရတဲ့အပေါ် UNHCR နဲ့ အကူအညီပေးရေးအေဂျင်စီတွေက ကြိုတင်ပြင်ဆင်ထားမှုအဆင့် တိုးမြှင့်ဖို့ သတိပေးခဲ့တယ်။ ဒုက္ခသည်တွေ ၀င်ရောက်လာမယ့် မြန်မာနိုင်ငံ အရှေ့တောင်ဖက်က အနေအထားများစွာဟာ တစုတစည်းတည်း ပြန်လည်ဝင်လာဖို့အတွက် အဆင်သင့်အနေအထားမှာ မရှိသေးကြောင်း ကျွန်မတို့ မပြတ်ပြောဆိုခဲ့ပါတယ်။ အကြွင်းမဲ့အပစ်အခတ်ရပ်စဲမှု မရှိခြင်း၊ သတ္ထုတူးဖော်ရေးလုပ်ငန်းခွင်တွေ ရှိနေခြင်း၊ အချို့ဒေသမှာ အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေ ကင်းမဲ့နေခြင်း စတာတွေဖြစ်ပါတယ်”။

    ဇူလိုင် ၁၇ ရက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြသည့်အတိုင်း လူသားချင်းစာနာထောက်ထားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဌာနီပြန် ဒုက္ခသည်များကို စီမံဆောင်ရွက်ပေး သွားမည်ဟု ထိုင်းအာဏာပိုင်များက တသွင်သွင် ပြောနေသော်လည်း ပြည်တော်ပြန်သည့်အခါ မိမိတို့မိသားစုအပေါ် စောင့်ကြိုနေမည့်ကံကြမ္မာအား ကြောက်လန့်တုန်လှုပ်နေရကြောင်း စောကဒူးက ဆိုပါသည်။

    “မြန်မာပြည်ကို ကျွန်တော်တို့ မပြန်နိုင်ဘူး။ တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာမှာကို ကျွန်တော်တို့ စိုးရိမ်ပူပန်တယ်။ အဲ့ဒီမှာ အစစ်အမှန် ငြိမ်းချမ်းရေးဆိုတာ မရှိဘူးဗျ”။

    သူ့အနေနှင့် မကြုံဖူးလောက်အောင် ကယ်ကူရာမဲ့သလို ခံစားနေရရှာပါသည်။ ဒုက္ခသည်စခန်းအတွင်း နေ့တစ်ဓူဝ ဖြတ်သန်းရှင်သန်ရမည့်ဘ၀ (နှင့်) ခံပြင်းနာကျည်းခဲ့ရသည့် မြန်မာနိုင်ငံသို့ ပြည်တော်ပြန်ရေး – ရွေးရခက်နေပေပြီ။

    စောကဒူးကတော့ ဤသို့ဆိုပါသည်။

    “ကျွန်တော်တို့တစ်တွေ ဘာတွေထပ်ကြုံရမယ်ဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘာများတတ်နိုင်လုပ်နိုင်ကြမှာလဲဗျာ”။

    xxxxxxxxxxxxxxxx

    Foreign Policy ၏ ‘We Cannot Go Back to Myanmar’ ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • မြန်မာ့နွားတွေ ဘယ်ရောက်သွားသလဲ…

    မြန်မာ့နွားတွေ ဘယ်ရောက်သွားသလဲ…

    အောက်တိုဘာ ၂ ၊ ၂၀၁၄
    M-Media
    .ဆွေမွန် စုစည်းတင်ဆက်သည်။

    10690100_1540633742815395_4785128957766651558_n
    မွတ်ဆလင်တွေ အစ်နေ့မှာ နွားသတ်လို့ ထွက်လာတဲ့ အသားအကုန်လုံးကို မွတ်ဆလင်တွေချည်း စားပစ်ကြတာ မဟုတ်သလို အဲဒီလို အကုန်လုံး ယူထားခွင့်လည်း ဘာသာရေးအရ မပိုင်ပါဘူး။ ရပ်ကွက်ထဲမှာ ရှိသမျှ ဘာသာမတူသူမိတ်ဆွေ ဆင်းရဲချမ်းသာမရွေး ဝေငှပေးကို ပေးကြဖို့ ဘာသာရေးက သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် မွတ်ဆလင်အစ်လုပ်လို့ ထွက်လာတဲ့ အသားတွေဟာ ဗမာဗုဒ္ဓဘာသာတွေ၊ ခရစ်ယာန်တွေ အကုန်စားသောက်ခွင့်ရကြပါတယ်။

    မြန်မာပြည်မှာ အစ်လုပ်လို့ နွားကုန်မသွားပါဘူး။ သေချာပေါက်ပြောနိုင်ရတာက သတ်ဖြတ်မယ့်ကောင်ရေ ပမာဏကို မွေးမြူရေးဌာနတို့၊ တိရိစ္ဆာန်ကျန်းမာရေးဌာနတို့က အပြည့်အ၀ထိန်းချုပ်ထားပြီး ဖြစ်နေလို့ ဖြစ်ပါတယ်။ တစ်ကောင်သတ်ဖို့ လျှောက်လွှာဖောင် ၄ စောင်လောက် တင်ရသလို အဆင့်ဆင့် စစ်ဆေးခံရပြီး အရည်အသွေး မပြည့်မှီတဲ့နွားကိုလည်း သတ်ခွင့် မရပါဘူး။

    မြန်မာ့နွားတွေကို အရေအတွက် ဆိုးဆိုးဝါးဝါး ကျဆင်းသွားစေတာက စည်းမဲ့ကမ်းမဲ့ မှောင်ခိုပို့ သတ်ဖြတ်တာမှုတွေသာဖြစ်တဲ့အတွက် “ဘယ်တာက ထွက်နေသလဲ” အာဏာပိုင်တွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်။

    နိုင်ငံခြားကို မှောင်ခိုပို့လိုက်တဲ့ မြန်မာ့နွားတွေက မွတ်ဆလင်တွေသာမက ဗမာဗုဒ္ဓဘာသာတွေ၊ ခရစ်ယာန်တွေပါ ဘယ်သူမှ စားသောက် သုံးစွဲခွင့် မရကြတော့ပါဘူး။

    ဒါကြောင့်………
    မြန်မာပြည်က နွားကို မွတ်ဆလင် သတ်ပြီး မြန်မာပြည်က လူတွေသီးသန့်ပဲ အကုန် စားခွင့်ရတာကြိုက်သလား။

    ဒါမှမဟုတ်
    မြန်မာပြည်က နွားကို တရုတ်ပြည်မှောင်ခိုပို့ပြီး တရုတ်တွေပဲသတ် တရုတ်တွေသီးသန့်ပဲ စားလို်က်တာကို ကြိုက်သလား ရွေးကြရုံပါ။

    ကဲ…. နည်းနည်းလေး ဆက်ဖတ်ပေးကြပါဦး……

    တရုတ်သို့ နွားတင်ပို့မှုမှာ အမဲသားဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းရန် အတွက် ဖြစ်သည်ဟုလည်း ဆိုပါ သည်။

    http://7daydaily.com/story/7428
    ——————————————————

    “ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တစ်နှစ်လျှင် မြန်မာနိုင်ငံ မှ နွားကောင်ရေ ခြောက်သိန်းကျော် မှောင်ခို တင်ပို့နေကြောင်း ဖော်ပြခဲ့သည်။ မျက်လုံး ပြူးစရာ ကိန်းဂဏန်းဖြစ်သည်။”

    http://7daydaily.com/story/7428
    ——————————————————

    “လက်ရှိ စာရင်းများအရ ထိုင်းနိုင်ငံဘက်သို့ တစ်နှစ်လျှင် နွားနှစ်သိန်း ခိုးပို့နေပြီး တရုတ် နိုင်ငံဘက်သို့ တင်ပို့မှုကိုမူအတိ အကျမသိရဘဲ ထိုင်းသို့ပို့သည် ထက်နှစ်ဆ၊ သုံးဆရှိနိုင်သည်”

    http://7daydaily.com/story/7428
    ——————————————————

    တရုတ်နိုင်ငံသို့ ကျွဲ၊ နွားများ တင်ပို့နေမှုမှာ အလွန်များပြားနေ ပြီး အစိုးရအနေဖြင့် ထိထိရောက် ရောက်တားဆီးနိုင်မှုမရှိပါက အချိန်ကြာလျှင် ပြည်တွင်းတွင် နွားမျိုးပါ ပျောက်ကွယ်သွားနိုင် ကြောင်း၊ တရုတ်တို့အနေဖြင့် မြန်မာ့နွားများဝယ်ယူနေမှုမှာ စား သုံးရန်အတွက် တစ်ခုတည်းမ ဟုတ်ဘဲ နွားမရှိတော့ချိန် ၎င်းတို့ ၏ ထွန်စက်များ မြန်မာတောင် သူများ များများဝယ်ယူစေရန် နွားများဝယ်နေသလားဟုပင် စဉ်းစားဖွယ်ရာရှိသည်ဟု ငါန်းဇွန်မြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးမြတ်သူ က သူ၏ အမြင်ကိုပြောသည်။

    http://7daydaily.com/story/7935
    ——————————————————

    ကျွဲ၊ နွားများ တရားမ ၀င် တင်ပို့မှုများ စီမံချက်ချ ဖမ်းဆီးနေ၍ ၂၀၁၃ ခုနှစ်တွင် မန္တလေး တိုင်းဒေသကြီးအတွင်းမှ တရုတ်နိုင်ငံသို့ တင်ပို့ရန် သယ်ဆောင် လာသည့် ကျွဲ၊ နွားအကောင်ရေ ၁၀၀၀ ခန့် ဖမ်းဆီးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြော သည်။
    http://7daydaily.com/story/7935
    ——————————————————

    အစိုးရက ကျွဲ၊ နွားတရားမ ၀င် တင်ပို့မှုများ ဖမ်းဆီးသည်ဆို သော်လည်း အကောင်ရေများစွာ မှောင်ခိုတင်ပို့နေသော လက်ကြီးသမားများကို မသိဘဲ ဖြစ်နေသည် မှာလည်း မသင့်တော်ကြောင်း မလှိုင်မြို့နယ် လွှတ် တော်ကိုယ်စားလှယ် ဦးရွှေနန်း ကပြောသည်။
    ခိုင်းနွားအဓိကမွေးမြူသော မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ်၌ မှောင်ခိုပို့မည့် ကျွဲ၊ နွားကောင်ရေ ၁၀၀၀ ကျော် တား ဆီးနိုင်သည် ဟုဆိုသော်လည်း ထိုင်းနှင့် တရုတ်နိုင်ငံသို့ တစ်နှစ် လျှင် နွားကောင်ရေ ခြောက်သိန်း ကျော် တင်ပို့နေကြောင်း မြန်မာ နိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ ချုပ် အကြံပေး ဒေါက်တာသန်း လှကပြောသည်။ http://7daydaily.com/story/7935
    ——————————————————

    အမှန်တော့ အိမ်နီးချင်းတိုင်း ပြည်များသို့ မြန်မာပြည်မှ ကျွဲ၊ နွားများကို မှောင်ခိုတင်ပို့မှုမှာ မနေ့တနေ့ကမှ ဖြစ်ပေါ်လာသည့် ဖြစ်ရပ်မဟုတ်ပါ။ လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်မှစ၍ တစ်စတစ်စတွင်ကျယ်လာခြင်း ဖြစ်သည်။ သို့သော် ထိုကဲ့သို့ တရားမဝင်ကျွဲ၊ နွားများတင်ပို့မှုကြောင့် လာမည့် တစ်ချိန်ချိန်တွင် မြန်မာ့လယ်ယာ လုပ်ငန်းခွင်အပေါ် သက်ရောက်မှု အတိုင်းအတာကြီးမားလာမည်ဟု မည်သူမျှတွေးမိခဲ့ပုံမပေါ်ပါ။
    http://7daydaily.com/story/7428
    ——————————————————

    ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ စက်တင်ဘာလလယ် အထိ ဖမ်းဆီးမိသော ပြည်ပသို့ ကျွဲ၊ နွား မှောင်ခိုတင်ပို့မှုပေါင်း ၃၂၉ မှု ကျွဲ၊ နွားကောင်ရေ ၄၂၇၈ ကောင် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ကျင်းပလျက်ရှိသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်ပြောသည်။
    http://7daydaily.com/story/4163
    ——————————————————

    အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် လာအိုနိုင်ငံများသို့ နယ်စပ်ဒေသများမှ တစ်ဆင့် မှောင်ခို တင်ပို့ရောင်းချခြင်းဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီးဌာန၏ စာရင်းဇယားအရ တစ်ရက်လျှင် မှောင်ခိုတင်ပို့သည့် ကျွဲ၊ နွား ကောင်ရေ ၁၆ ကောင်ကျော် တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် မှောင်ခိုဖြင့် နယ်စပ်မှ ပြည်ပသို့တင်ပို့နေသော ကျွဲ၊နွားကောင်ရေစာရင်းမှာမူ မသိရှိရပေ။

    ခိုင်းကျွဲ၊ နွား တစ်ကောင်လျှင် ပြည်တွင်းဈေးကွက်၌ ငွေ ကျပ်ခုနစ်သိန်းမှ ဆယ်သိန်းဝန်းကျင်အထိ တန်ဖိုးရှိနေပြီး ပြည်ပ သို့ရောင်းချလျှင် ငွေကျပ် နှစ်ဆယ့် ငါးသိန်းအထိ ပေါက်ဈေးရှိသည်ဟု ကချင်ပြည်နယ် လိုင်ဇာမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကျွဲ၊နွားတင်ပို့သူ ကုန်သည်တစ်ဦးကပြောသည်။ အထူးသဖြင့် ယခုနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံမှ နွားအ၀ယ်တော်များ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအထိ လာရောက်ဈေးကောင်းပေး ၀ယ်ယူလျက်ရှိပြီး တောင်သူ လယ်သမားများကလည်း ရောင်းချလျက်ရှိသည်။

    ပြည်ပသို့ တရားမ၀င် ကျွဲ၊ နွား တင်ပို့ရာတွင် နယ်စပ်သို့ရောက်ရှိရန် လမ်းပေါ်ရှိ အဖွဲ့အစည်းများကောက်ခံသည့် ဂိတ်များတွင် ဂိတ်ကြေးပေးဆောင်ရမှုများရှိပြီး ကချင်ပြည်နယ် ၀ိုင်းမော်မှ လိုင်ဇာသို့ရောက်ရှိစေရန် ကျွဲ၊ နွား တစ်ကောင်လျှင် ငွေကျပ်ခြောက်သောင်းခန့်ပေး ဆောင်ရကြောင်း သတင်းရရှိသည်။

    “အခုတော့ သိပ်မဖြတ်ကြတော့ဘူး။ တစ်နေ့ကို အကောင် ၇၀၊ ၈၀ လောက်ပဲ ရှိတော့တယ်”ဟု ကေအိုင်အိုထိန်းချုပ်နယ်မြေ ဂိတ်တစ်ခုမှ ကေအိုင်အို ၀န်ထမ်းတစ်ဦးကပြောသည်။
    http://7daydaily.com/story/4163
    ——————————————————

    နောင်ချိုမြို့မှတစ်ဆင့် နွား တင်ပို့ရာတွင် မူဆယ်မြို့သို့ရွှေ့ ပြောင်းမွေးမြူရန်နှင့် မူဆယ်မြို့ အသားလိုအပ်ချက်ကြောင့် တင် ပို့နေခြင်းဖြစ်သည် ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ပြောဆိုထားသော်လည်း အဆိုပါနွားများကို တရုတ်ပြည်အတွင်းသို့ တင်ပို့နေခြင်းသာဖြစ်ကြောင်း နွားတင်ပို့ရာတွင်ပါဝင်သူများနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံများကဆိုသည်။
    ၂၀၁၃ ခုနှစ်အတွင်း နောင်ချိုမြို့မှတစ်ဆင့် မူဆယ်မြို့သို့တင်ပို့ရာတွင် တစ်ပတ်လျှင် နွားအကောင်ရေ တစ်ထောင်နီးပါး တင်ပို့ခဲ့ကြောင်း နွားမှောင်ခိုပွဲစားများနှင့် ဒေသခံပြည်သူများက 7 Day Daily အားပြောသည်။

    http://7daydaily.com/story/16532
    ——————————————————

    အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့များနှင့် အမဲလိုင်စင်ဆွဲသောကိစ္စများမှာ လွန်ခဲ့သောနှစ်များက ရခိုင်ပြည် နယ်မှစတင်သော လူမျိုးရေးပဋိ ပက္ခများ၊ အနောက်တံတိုင်းပြိုလဲ ခြင်းကိစ္စများနှင့် ဆက်နွှယ်နေ သော ပြဿနာမျိုးဆက်များပင် ဖြစ်ပါသည်။

    ယခုအခါ အမဲလိုင်စင် ပြဿနာကြောင့် ကြက်သားနှင့် အခြားသားငါးဈေးများ မြင့်တက် လာရကြောင်း ထိုမြို့သူမြို့သား တို့က ဆိုကြပါသည်။ ထို့အပြင် အမဲသားမှာလည်း ကျေးရွာများမှ တစ်ဆင့် မြို့ပေါ်သို့ရောက်ရှိနေ ပြန်ပါသည်။ သိန်းရာချီပေးရ သော လေလံကြေးမှာလည်း တစ် နှစ်လွန်လျှင် သက်တမ်းကုန်ပြီဖြစ် ၍ နောင်နှစ်တွေမှာ ထပ်ဆွဲနိုင်ဖို့ လည်း လိုနေပါသည်။ ထိုငွေကို အမဲလိုင်စင်မဆွဲဘဲ တစ်နှစ်လျှင် ဆေးခန်းတစ်ခန်း၊ ကျောင်း ဆောင်တစ်ဆောင် ဆောက်လုပ် လှူဒါန်းသည်က ပို၍အကျိုးရှိ မည်ထင်ကြောင်း ဝေဖန်သူများ လည်းရှိနေကြပါသည်။

    သုတ္တနိပါတ်ပါဠိတော်အရ မိဘသဖွယ်ဖြစ်သော ကျွဲ၊ နွားတို့ ကို သတ်ဖြတ်စားသောက်ကြရာမှ ရောဂါများ များပြားလာရပုံကို ကမ္ဘာဦးသမိုင်းနှင့်ချီထောက်ပြခဲ့ သူ၊ နွားမေတ္တာစာနှင့် ဂေါဏမံ သဒီပနီတို့ ရေးသားပြုစုခဲ့သူ၊ လူ ထောင်ပေါင်းများစွာကို ကတိဝန် ခံ၍ ကျွဲ၊ နွားရှောင်ကြဉ်သူများ နိုင်ငံတဝန်းဖြစ်စေခဲ့သူ လယ်တီ ဆရာတော်ကြီး (၁၂၀၈-၁၂၈၅) ၏ နွားသားကိုအလှူခံခြင်းဖြင့် ပတ်သက်၍ မိန့်ကြားပုံကို ကောက်နုတ်ပြလိုပါသည်။

    လယ်တီဆရာတော် ပုသိမ် မြို့သို့ ကြွချီခိုက် နွားသားရှောင် ကြဉ်ခြင်းကို ဆန့်ကျင်သူ ပုသိမ်မှ ဦးပဒုမကိုယ်တော်က သူ၏ ဒကာ၊ဒကာမများကိုလွှတ်ကာ ‘နွားသား ကိုသာ အလှူခံလျှင် ကျန်သတ္တဝါ တို့၏အသားကို စားစေရာရောက် သဖြင့် ဆရာတော့်မေတ္တာမျှတပါ ရဲ့လား’ဟု လျှောက်စေခဲ့ပါသည်။ ထိုအခါ ဆရာတော်က ‘အေးဟုတ် တယ်ကွယ့် ငါ့မှာ ဒကာတို့သိတဲ့ အတိုင်း စာရေးရ၊ စာချရ၊ တရား ဟောရနဲ့ သည်ကြားထဲက နွားက လေးတစ်ကောင်လောက်ကိုပဲ အနိုင်နိုင်ဆွဲရတယ်။ ကျန်တဲ့ ဆိတ်၊ ဝက်၊ ကြက်တွေအတွက် ဒကာတို့ဆရာတွေရှိသေးသားပဲ လျှောက်ကြပါ ကောင်းပါတယ်’ ဟု မိန့်တော်မူလိုက်ပါသည်။

    လယ်တီဆရာတော်၏ မိန့် ဆိုချက်ကို နာယူခြင်းဖြင့် နွားသား သည်သာမက ကျန်အသားများ မှာလည်း သတ္တဝါတို့အသက်ဇီဝိန် နှင့် မလွတ်ကင်းကြောင်းကို တွေ့ ရှိနိုင်ပါသည်။ လူမျိုးရေး၊ ဘာသာရေးအမုန်းပွားမှုကြောင့် သတ္တဝါတစ်မျိုး၏အသက်ကို ကာကွယ်မည်ဆိုပါက ကျန်သတ္တဝါများ၏အသက်များမှာ အန္တရာယ် ပိုမိုရှိလာနိုင်ကြောင်းကိုလည်း တွေ့မြင်ရပါသည်။

    သို့ဖြစ်ပါ၍ အမဲသားကို မိမိ တို့၏ အသိစိတ်ဓာတ်ဖြင့် ကျေး ဇူးရှင်အဖြစ် အသိအမှတ်ပြု၍ မစားဘဲနေခြင်းကသာ သင့်လျော် ဆုံးဖြစ်ပြီး မြန်မာလူမျိုး ဗုဒ္ဓဘာ သာဝင်တို့၏ ထည့်ဝင်ငွေဖြင့် အမဲလိုင်စင်ဆွဲခြင်း၊ နွားများကို ဘေးမဲ့ပေးခိုင်းခြင်းတို့မှာ ရေရှည် တွင် ငွေကုန်လူပန်းဖြင့် အချည်း နှီးဖြစ်စေနိုင်ပါကြောင်း အကြံပြု လိုက်ရပါတော့သည်။ http://7daydaily.com/story/14853
    ——————————————————

    မြန်မာပြည်မှာ ကျွဲတွေ၊ နွားတွေရှားပါးလာခြင်းသည် ၂၀၁၅ တွင် ရွေးကောက်ပွဲ၌ ဘယ်ပါတီ အနိုင်ရမလဲ။ မည်သူသမ္မတဖြစ်မလဲဆိုတာလောက် အရေးမကြီး ဘူးဟု မထင်ပါနှင့်။ စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းပြည်မှာ ကျွဲနှင့် နွားများနယ်စပ်ဖြတ်ကျော် ရောက်ရှိသွားခြင်းကလည်း နိုင်ငံရေးလိုပဲ အရေးကြီးပါသည်။
    http://7daydaily.com/story/7428
    _________________

    ဒီလောက်ဆို နွားဆရာတွေ၊ နွားမေတ္တာရှင်တွေ သိလောက်မယ်ထင်ပါတယ်။ မွတ်ဆလင်တွေ နွားမသတ်ဖို့ တားလေလေ၊ ဆင်းရဲသား လူမျိုးပေါင်းစုံ အသား အလကားရမယ့် အခွင့်အရေးတစ်ခု ပျောက်သွားလေလေ ဖြစ်ပြီး အာဏာပိုင်အဆင့်ဆင့်နဲ့ ပေါင်းစားနေတဲ့ နွားမှောင်ခိုတွေကတော့ သာဓု အလီအလီခေါ်နေတော့မှာ ဖြစ်ကြောင်း….. လို့ပဲ ထောက်ပြချင်ပါတယ်။

    ဆွေမွန် စုစည်းသည်။

  • အရေးတော်ပုံ ဘတ်စ်ကား

    အရေးတော်ပုံ ဘတ်စ်ကား

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    Z.ဇက်ဝိုင် ရေးသည်။
    yangon-city-bus-circa-1945-yangon-rangoon
    ကျနော်နေထိုင်ရာ လှိုင်မြို့နယ်မှ မြို့ထဲသို့သွားရန် ကားဂိတ်ကို ထွက်ခဲ့လိုက်သည်။ လမ်းကြားထဲမှထွက်၍ ကားမှတ်တိုင်သို့ မရောက်မီ အင်းစိန်လမ်းမပေါ်သို့ အရောက်မှာပင် အံ့သြစရာမြင်ကွင်း တစ်ခုကို တွေ့လိုက်ရလေသည်။ ယောင်္ကျား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး ကိုယ်စီကိုယ်ငှ ထမင်းချိုင့်ဆွဲသူ၊ ယူနီဖောင်းဝတ်သူများ စုံလင်စွာ လမ်းလျှောက်၍ မြို့ထဲဘက်သို့သွားနေကြသော မြင်ကွင်းပင်။ ထို့ထက်ပို၍ အံ့သြစရာကောင်းသည်က ထိုသို့လမ်းလျှောက်နေကြသော လူတစ်ယောက်၊ နှစ်ယောက်တွဲ၊ အုပ်စု လိုက်အစရှိသူတို့၏ဘေးမှ နံပါတ် မျိုးစုံသော ဘတ်စ်ကား၊ အထူးကား၊ အဲယားကွန်းကား အစရှိသည့် အမည်နာမစုံ လိုင်းကားများ၏ စပါယ်ယာ၊ ဒရိုင်ဘာတို့မှ “ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီလေး၊ ညီမလေးများ ခင်ဗျာ ကျေးဇူးပြု၍ ကျွန်တော်တို့ကားကို စီးပေးကြပါခင်ဗျာ” ဟု သနားစဖွယ်အော်ဟစ်ခေါ် ငင်နေသော မြင်ကွင်းပင်ဖြစ်လေသည်။

    ထိုသူတို့မှာ ထိုကဲ့သို့ ခေါ်ငင်နေသော်လည်း လမ်းလျှောက်သွားလာနေသော အလုပ်သမား၊ ရုံးဝန်ထမ်း၊ ပွဲစား၊ ကွန်ပျူတာသမား အစရှိသည်ဖြင့် အထွေထွေ တိုင်းပြည်၏ လုပ်သားတို့က ထိုသူတို့အား ဖုတ်လေသည့် ငပိ ရှိလေဟန်ပင် မပြဘဲ ကိုယ့်လမ်းကိုသာ ဆက်လျှောက်လျက်ရှိကြသည်ကို အံ့အားသင့်ဖွယ်ရာ မြင်တွေ့ လိုက်ရသော ကျနော်အဖို့မှာ “ငါတို့ရန်ကုန်မြို့ကြီးသူမြို့ကြီးသားတွေ မည်ကဲ့သို့ဖြစ်ကုန်ပြီလဲ မသိ” ဟုပင်တွေးလိုက် မိလေတော့သည်။

    အတွေးပင်မဆုံးသေး လူတစ်ယောက် စကားသံကိုကြားလိုက်ရ၏။ “ဒီမှာ စပယ်ယာ မင်းတို့မောင်းတဲ့ လိုင်းကားကို ငါတို့လိုက်စီးလို့ရော အချိန် ဘယ်လောက်မြန်မြန်စောပြီး အလုပ်ရောက်မှာမို့လို့လဲ။ ကားလမ်းတွေကကြပ်ပြီး လမ်းပိတ်တာကတစ်မျိုး၊ မင်းတို့က ရပ်ချင်တဲ့နေရာ ရပ်ထားပြီး လူစောင့်တင်တာက တစ်မျိုးနဲ့ အခုလို လမ်းလျှောက်သွားလိုက်တာက ငါတို့မှန်းထား၊ သတ်မှတ်ထားတဲ့အချိန် ကွက်တိ အလုပ်ကိုရောက်တယ်ကွ။ စွမ်းအင်ကို ပိုသုံးလိုက်ရလို့ လူပင်ပန်းတာတစ်ခုပဲ။ မင်းတို့တွေ လုပ်ချင်တိုင်းလုပ်လို့ စိတ်ပင်ပန်းတာ ထက်စာရင် သက်သာပါတယ်ကွာ”ဟု စပယ်ယာ အားပြောလိုက်သော လူကြီးကို ကျနော်တလေးတစားနှင့် လှည့်ကြည့်ဖြစ်သည်။ ထိုလူကြီး၏ပုံစံမှာ သပ်ရပ်သားနားစွာ ၀တ်ဆင်ထားပြီး ကုမ္ပဏီတစ်ခု (သို့) ရုံးတစ်ရုံး၏ မန်နေဂျာရာထူးခန့် အနိမ့်ဆုံးရှိမည့်သူဟု ခန့်မှန်းမိလိုက်သည်။

    ထိုလူကြီးမှပင် ကျနော့်ကိုဖော်ရွှေစွာ ပြုံးပြရင်း စကားဆိုလာပါသည်။

    “ဟုတ်တယ်မလား ညီလေးရယ်။ မင်းပဲစဉ်းစားကြည့်လေ ငါတို့တွေကသူတို့ကိုအမြဲတမ်း ထမင်းကျွေးနေတဲ့ ခရီးသွားပြည်သူတွေလေ သူတို့အနေနဲ့ လေးလေးစားစား ဆက်ဆံရမှာ၊ အခုတော့ကြည့် သူတို့ ကားပေါ်တက်လိုက်တာနဲ့ ဒီမှာ အပေါက်ပိတ်မရပ်နဲ့ ခင်ဗျားတို့လူလိုနားမလည်ဘူးလား၊ ကားခ အကြွေထုတ်ထား အကြွေမပါရင် ပြန်အမ်းတာကြာမယ် စောင့်နိုင်ရင်စောင့်၊ ပိုက်ဆံမပါဘဲ ကားမစီးနဲ့ လမ်းလျှောက်ပြန် ဆိုတဲ့စကားတွေ ထပ်တလဲလဲပြောမယ် ပြီးရင် ဆင်းခါနီးကြတော့လည်း တုန်ချိတုန်ချိနဲ့ ဘယ်လို ဆင်းနေတာလဲ၊ အစောကြီးကတည်းက ဆင်းဖို့ကြို မလုပ်ထားဘူး ဘာညာနဲ့ဟောက်တယ်။ ဒါတင်လားဆိုတော့မဟုတ်ဘူး။ မှတ်တိုင် တစ်တိုင်မှာ အသေရပ်ပြီး နောက်ကားမလာမချင်း လူရရ မရရ စောင့်တယ်။ နောက်ကားလာမှ ဂျိမ်းစ်ဘွန်းရှုံးအောင် ကားမောင်းပြိုင်တယ်။ အဲဒီလိုရပ်တာမြေနီကုန်း၊ မီးပွိုင့် ထိပ်လိုနေရာမျိုးမှာဆို အဆိုးဆုံးပဲ။ ရှေ့ကားက မီးပွိုင့်စိမ်းတာတောင် မထွက်သေးဘဲ လူရပ်တင်နေတော့ နောက်ကကားတွေက တန်းစီပြီး ပိတ်ကုန်ရော။ အဲဒီလို စည်းကမ်းမဲ့မောင်းရင် လိုင်စင် ပိတ်သိမ်းမယ်ဆိုတော့ သူတို့ဘက်ကကား မထွက်ဘဲ ဆန္ဒပြတယ်ဆိုပဲ။ သဘောကတော့ သူတို့မောင်းချင် သလိုမောင်းမယ်။ ခရီးသည်က စီးနိုင်ရင်စီး အဲဒီလို စည်းကမ်း သတ်မှတ်ရင် ကျုပ်တို့ကား မထွက်နိုင်ဘူးဆိုတဲ့ အချိုးမျိုးနဲ့ ကျုပ်တို့လို ခရီးသွားပြည်သူတွေ အပေါ်ကို ဒင်းတို့က ဘယ်လိုသဘောထားတယ်ဆိုတာ အရှင်းကြီးမြင်နေရတယ်။ ဟော အခုတော့ကြည့် ကျုပ်တို့ပြည်သူတွေ အားလုံးက တက်ညီလက်ညီနဲ့ ဒင်းတို့ကားကိုမစီးဘဲ အခုလို လမ်းလျှောက်ပြလိုက်မှ ကျုပ်တို့တန်ဖိုးကိုဒင်းတို့ ကောင်းကောင်း နားလည်တာပေါ့ကွာ မဟုတ်ဘူးလား”

    ထိုလူကြီး၏ စကားအဆုံးမှာ ကျနော်နှစ်သက်စွာပင် အားရပါးရပြုံးလိုက်မိသည်။

    ဟုတ်တာပေါ့ဗျာ။ ကျနော်တို့မြန်မာနိုင်ငံသားတွေက တကယ့်ကိုစည်းလုံးညီညွတ်သူတွေပါ။ တချို့သော စုန်းပြူးတွေအတွက် အခုလိုစည်းလုံးညီညွတ်ကြမယ်ဆိုရင် …………………………………

    “ဟေ့လူ – ထထ … ခင်ဗျားဘာသဘောလဲဗျ။ ဟမ်း … ဒါ သံဃာတော်ခုံဗျ ခင်ဗျား နားမလည်ဘူးလား”

    ဟုတ်ကဲ့ – ကျနော် ဘတ်စ်ကားစီးရင်းအတွေးချော်သွားခြင်းဖြစ်သည်။ ကားပေါ်သို့ကြွလာသော ဘုန်းဘုန်းကို လက်အုပ်ချီတောင်းပန်ရင်း သံဃာတော်ဦးစားပေးဟု ဆိုသော ခုံနေရာမှဖယ်ပေးလိုက်ပါသည်။ နောက်ဆုံး တစ်ခုအနေနှင့် စိတ်ကူးထဲမှ လူကြီးကို လှမ်းပြောချင်ပါသည်။ ဘတ်စ် ကားစီးပြီးဆိုလျှင် သံဃာတော်နှင့် သက်ကြီးရွယ်အို ကိုယ်ဝန်ဆောင် အမျိုးသမီး အစရှိသူတို့ကိုလည်း ကျနော်တို့ ခရီးသွားပြည်သူများဘက်မှ အလိုက်တသိဖြင့် ဦးစားပေးကာ မိမိထိုင်နေသော နေရာမှဖယ်ပေးကြရန်လိုပါသည် ဟုသာ …………. ။

    Z.ဇက်ဝိုင်

    Photo Credit-  TravelPod