News @ M-Media

Tag: article

  • စည်သူအောင်မြင့် – ရိုဟင်ဂျာလား၊ ဘင်္ဂါလီလား

    စည်သူအောင်မြင့် – ရိုဟင်ဂျာလား၊ ဘင်္ဂါလီလား

    (စည်သူအောင်မြင့် ရေးသည်။)

    အခုရက်ပိုင်း လပိုင်းဟာ မြန်မာနိုင်ငံသားတွေအတွက် အရေးပါတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ သတင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကာလဖြစ်ပါတယ်။ အမေရိကန် သမ္မတ အိုဘားမား နှစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ အလည်အပတ် လာပါတယ်။ နေပြည်တော်မှာ အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပတော့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးတွေ နေပြည်တော်လာကြပါတယ်။ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေးကိစ္စ အပြင်းအထန် ဆွေးနွေးနေကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ပထမဦးဆုံးသော အင်တာဗျူးအဖြစ် ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ တွေ့ဆုံပါတယ်။

    ဒီလို သတင်းတွေကြားထဲ ထိုးထွက်လာတာ က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နေပြည်တော်ကို ရောက်လာချိန် ရိုဟင်ဂျာဆိုပြီး သုံးနှုန်းခေါ်ဝေါ်လိုက်တဲ့ ကိစ္စပါ။ ဒါနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက တရားဝင်ကန့်ကွက်ပါတယ်။ လွှတ်တော်ထဲ မှာလည်း အဆိုတင်ပြီး ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးနှုန်းတာကို အချုပ်အခြာအာဏာကိုထိပါးတယ် ဆိုပြီး ကန့်ကွက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အရေး ဆွေးနွေး ဆုံးဖြတ်စဉ် ရိုဟင်ဂျာလို့ ထည့်သွင်းသုံးနှုန်းတာကိုလည်း မြန်မာကိုယ်စားလှယ် က ကန့်ကွက်ပါတယ်။ တစ်ဆက်တည်း ရခိုင်ပြည်နယ် မြို့တချို့မှာလည်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က ရိုဟင်ဂျာလို့ သုံးတာကို ကန့်ကွက်တဲ့ လူထုဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ထဲက လူဦးရေ တစ်သန်းကျော်ရှိတဲ့ အဲဒီလူအုပ်စုကြီးကို ရိုဟင်ဂျာလို့ ခေါ်မလား၊ ဘင်္ဂါလီလို့ ခေါ်မလား ဒီကိစ္စ ဘယ်လိုဖြေရှင်းရင် ကောင်းမလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

    ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုး ဖောက်ခံနေရတယ်လို့ အစဉ်တစ်စိုက် စွပ်စွဲထားပါတယ်။ အဲဒီအဖွဲ့အစည်းတွေ၊ နိုင်ငံတွေက စွပ်စွဲပြစ်တင်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ အာဏာပိုင်တွေက လုံလောက်အောင် ဖြေရှင်းခြင်း မရှိသေးပါဘူး။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက် အဲဒီ ဘင်္ဂါလီရိုဟင်ဂျာ တစ်သိန်းကျော်ဟာ အိုးအိမ်နေရပ်စွန့်ပစ်ပြီး ဒုက္ခသည်စခန်းတွေမှာ သွားရောက်ခိုလှုံနေရပါတယ်။ ဒီကနေ့အချိန်ထိ သူတို့ နေထိုင်ရာ ရပ်ရွာတွေမှာ ပြန်အခြေချခွင့် မရသေးပါဘူး။

    ဘင်္ဂါလီရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၊ သက်ဆိုင်ရာ နိုင်ငံတွေမှာ သူ့အခွင့်အရေးနဲ့ သူ၊ သူ့စည်းကမ်းသတ်မှတ်ချက်နဲ့သူ ကိုယ်စီ ရှိကြပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတန်းမှာ လူတစ်ယောက်ဟာ သူ့ကိုယ်သူ ဘာလူမျိုးဆိုပြီး ထုတ်ဖော် ကြေငြာပြောဆို ပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထား ပါတယ်။ ဒါဟာ အခြေခံ လူ့အခွင့်အရေး၊ လူသားမှန်သမျှ ရရမယ့် ရပိုင်ခွင့်ပါပဲ။ ဒီအတွက် ရခိုင်ပြည်နယ် က ဘင်္ဂါလီရိုဟင်ဂျာ တစ်ယောက်ယောက်ဟာ သူတို့ကိုယ် သူတို့ ဘင်္ဂါလီဖြစ်တယ် ဒါမှမဟုတ် ရိုဟင်ဂျာဖြစ်တယ် ထုတ်ဖော်ပြောဆို ပိုင်ခွင့် ရှိပါတယ်။ ဒါဟာ သူတို့ အခွင့်အရေးပါ။ သူတို့ အခွင့်အရေးကို ပိတ်ပင်တားမြစ်ရင် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ပါလိမ့်မယ်။

    နိုင်ငံတစ်နိုင်ငံအနေနဲ့လည်း သူ့ကိုယ်ပိုင် လက္ခဏာတွေအရ စည်းကမ်းသတ်မှတ်ချက် ထားပိုင်ခွင့် ရှိပါတယ်။ ဒီနေရာမှာ သမ္မတ ဦးသိန်းစိန် ပြောစကားကို ကိုးကားလို့ရပါတယ်။ သူက မြန်မာနိုင်ငံ တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာ လူမျိုး မပါဘူး၊ ရိုဟင်ဂျာ ဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ဘူးလို့ ပြောဆို ထားပြီးဖြစ်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ရိုဟင်ဂျာလူမျိုးဆိုတာ လုံးဝမရှိဘူးလို့ သူ ပြောမထားပါဘူး။ အဓိပ္ပာယ်က ရခိုင်ပြည်နယ်က ဘင်္ဂါလီရိုဟင်ဂျာတွေ သူတို့ကိုယ် သူတို့ ဘယ်လို သတ်မှတ်သတ်မှတ် ကန့်ကွက်ဖို့ အကြောင်းမရှိသလို၊ တိုင်းရင်းသားလို့ သတ်မှတ် မထားတဲ့အတွက် တိုင်းရင်းသား ဖြစ်လာမှာ မဟုတ်သလို တိုင်းရင်းသားအခွင့်အရေးလည်း ရမှာမဟုတ်ပါဘူး။ နိုင်ငံသား ဖြစ်မဖြစ်ကတော့ ၁၉၈၂ ဥပဒေ ပြဋ္ဌာန်းချက်ပါအတိုင်းဖြစ်မှာပါပဲ။

    ပြဿနာက ပြီးခဲ့တဲ့ သန်းခေါင်စာရင်း ကောက်ယူရာမှာ ပိုကြီးလာပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေက ဘင်္ဂါလီရိုဟင်ဂျာတွေ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ထုတ်ပြောပြီး၊ သန်းခေါင်စာရင်း ကောက်သူတွေက ရိုဟင်ဂျာလို့ ဖြည့်စွက် ထည့်သွင်းပေးမယ်ဆိုရင် ရခိုင်တိုင်းရင်းသားတွေ အားလုံး သန်းခေါင်စာရင်းကောက်ယူမှုကို သပိတ်မှောက်မယ်ဆိုပြီး ဆန္ဒပြခဲ့ပါတယ်။ ဒီအခါ အာဏာပိုင်တွေ အကျပ်ရိုက်ခဲ့ပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်း စီစဉ်ခဲ့စဉ် အချိန်တုန်းက မြန်မာ အာဏာပိုင်တွေဟာ နိုင်ငံတကာ မိသားစုတွေဆီမှာ ကတိက၀တ် တချို့ ပြုခဲ့ရပါတယ်။ အဲဒီထဲမှာ လူတစ်ယောက်ဟာ သူ့ကိုယ်သူ ဘာလူမျိုးဆိုပြီး ထုတ်ဖော်ပြောဆိုတာကိုပဲ သန်းခေါင်စာရင်းထဲ ရေးဖြည့်ရမယ်ဆိုတဲ့ တစ်ချက်လည်း ပါဝင်ပါတယ်။ ဒါဟာ အခြေခံ လူ့အခွင့်အရေး ဖြစ်နေလို့ပါ။ အဲဒီအတွက် အာဏာပိုင်တွေဟာ နိုင်ငံတကာ မိသားစုနဲ့ ကတိက၀တ်ဖျက်လိုက်မလား၊ လူ့အခွင့်အရေး လိုက်နာစောင့်ထိန်းပြီး ရခိုင်တိုင်းရင်းသားတွေကို သပိတ်မမှောက်အောင် ဖျောင်းဖျနိုင်မလား နည်းလမ်းအမျိုးမျိုး ရွေးချယ်ခဲ့ရပါတယ်။ နောက်ဆုံးတော့ နိုင်ငံတကာ မိသားစုနဲ့ မျက်နှာအပျက်ခံပြီး
    ရခိုင်တိုင်းရင်းသားတွေ ဆန္ဒလိုက်လျောခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီရိုဟင်ဂျာ တစ်သန်းလောက် သန်းခေါင်စာရင်း ကောက်ခံရာမှာ မပါဝင် ဖြစ်ခဲ့ရပါတယ်။

    တကယ်တော့ ဒီသန်းနဲ့ချီတဲ့ လူတွေကို အစိုးရအနေနဲ့ ရိုဟင်ဂျာတွေလို့ အသိအမှတ် မပြုဘူး ဆိုလည်း မပြုပဲ ထားပိုင်ခွင့်ရှိပါတယ်။ ဥပမာအားဖြင့် အရေအတွက် ရှစ်သိန်းခွဲလောက်ရှိတဲ့ White Card ကိုင်ထားသူတွေကို စိစစ်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စိစစ်ပေးတဲ့ လုပ်ငန်းစဉ်လိုမျိုးမှာ ဖြစ်ပါတယ်။ ဒီလို White Card စိစစ်တဲ့ လုပ်ငန်းစဉ်ထဲမှာ ရိုဟင်ဂျာဆိုတာ ထည့်သွင်းမပေးဘဲ အဆင့်တစ်ခုခု သတ်မှတ်ပေးတယ် ဆိုရင်၊ ဒီလုပ်ငန်းကို မြန်မြန်ဆန်ဆန် လုပ်ပေးတယ်ဆိုရင် ရိုဟင်ဂျာ ဆိုတာ အစိုးရမှတ်တမ်းတွေထဲ ရှိနေမှာ မဟုတ်ပါဘူး။ လက်ရှိ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီရိုဟင်ဂျာတွေ လိုအပ်နေတာဟာ လူ့အခွင့်အရေး၊ ဥပဒေကြောင်းအရ မြန်မာနိုင်ငံသား အဆင့်တစ်ခုခု ဥပဒေနဲ့အညီ စိစစ်ပေးရေး၊ စိစစ်ပြီးနောက် ရရှိတဲ့ အဆင့်အတန်းနဲ့ လျော်ညီစွာ နေထိုင်၊ လုပ်ကိုင်၊ သွားလာခွင့်ရရေးတွေပဲ ဖြစ်ပါတယ်။ ဒီအတွက် ၁၉၉၃ ကတည်းက စခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အထိ မပြီးမပြတ် လုပ်ထားတဲ့ ဒီ White Card ဇာတ်လမ်းပြီးဆုံးအောင် အစိုးရအနေနဲ့ လုပ်ကိုင်ဖို့ လိုနေပါတယ်။ ကြာရှည်ကြာမျော ဆက်အချိန်ဆွဲ၊ ပြဿနာကို ဆက်မွေးထားဖို့တော့ မသင့်ပါဘူး။

    အခုဆို ရခိုင်တိုင်းရင်းသား တချို့နဲ့ အာဏာပိုင်တချို့ဟာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ မိသားစုနဲ့ အငြင်းပွား၊ အချင်းများနေကြပါပြီ။ ရိုဟင်ဂျာလို့ မသုံးနှုန်းနဲ့၊ ဒါဟာ တိုင်းပြည်ရဲ့ ပြည်တွင်းရေးကို စွက်ဖက်တာ ဖြစ်တယ်၊ အချုပ်အခြာ အာဏာကို ချိုးဖောက်တာဖြစ်တယ် စသဖြင့် အချင်းများနေရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းရဲ့ ရိုဟင်ဂျာလို့ နာမည်တပ်ပြီး ပေးတဲ့ ဘယ်အကူအညီကိုမှလည်း လက်မခံဘူးဆိုတာမျိုးဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုအဖြစ် နိုင်ငံတကာက ပိုပြီး လက်ညှိုး ထိုးလာနိုင်ပါတယ်။

    တကယ်တော့ ရခိုင်ပြည်နယ်ထဲက ဒီဘင်္ဂါလီ ရိုဟင်ဂျာတွေ လက်ထဲမှာ ဘာအာဏာမှ မရှိပါဘူး။ ဘာအုပ်ချုပ်ရေး ယန္တရားမှ မရှိပါဘူး။ ဘယ်လိုကြီးမားတဲ့ စီးပွားရေးမှလည်း မရှိပါဘူး။ ဆင်းရဲစုတ်ပြတ်နေတဲ့၊ ပညာကောင်းကောင်း မသင်ရတဲ့၊ ဘယ်ကိုမှ လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိတဲ့ ပိတ်လှောင် ခံထားရသူတွေပါ။ အင်အား အလွန်နည်းပါတယ်။

    ဒါနဲ့ခြားနားပြီး အစိုးရဆီမှာ ကြီးမားတဲ့ တပ်မတော်ကြီးရှိသလို အုပ်ချုပ်ရေး ယန္တရား၊ စီးပွားရေး အရင်းအမြစ် အားလုံးရှိနေပါတယ်။ ဒီလိုအင်အားကြီးသူတွေက အားနည်းတဲ့ လူအုပ်စုကြီးကို ကိုယ့်ကိုယ်ကိုယ် ဘာလူမျိုးဆိုတာ မပြောနဲ့၊ ငါတို့ သတ်မှတ်သလိုပဲ ခံယူ၊ နိုင်ငံတကာကလည်း အဲဒီနာမည် မသုံးနဲ့ ဆိုတာမျိုးဟာ နိုင်ငံ့ပုံရိပ်ကို ကောင်းလာစေမှာ မဟုတ်သလို ရခိုင်ပြည်နယ်က လူမျိုးစု နှစ်စုအကြား ပိုပြီး ပဋိပက္ခ ပွားစရာ ဖြစ်လာနိုင်ပါတယ်။ တစ်ဆက်တည်း ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ရေးအတွက်လည်း အထောက်အကူပြုမှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

    မြန်မာတိုင်း(မ်) မှ ကူးယူဖော်ပြသည်။

    http://myanmar.mmtimes.com/index.php/features/12690-2014-11-27-05-29-45.html

  • မြန်မာပြည် လူ့အသိုင်းအဝန်းကြားက ပဋိပက္ခများ

    မြန်မာပြည် လူ့အသိုင်းအဝန်းကြားက ပဋိပက္ခများ

    နိုဝင်ဘာ ၁၀ ၊ ၂၀၁၄
    .မောင်မြတ်ထင် ရေးသည်။

    arti-lake-EPA-06

    စာရှုသူများခင်ဗျား…

    ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ လူ့အသိုင်းအဝန်းတွေ ပဋိပက္ခတွေ ဖြစ်နေပါတယ်။ အင်္ဂလိပ်လို Communal conflict ခေါ်တာပ။ ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲနောက်ပိုင်းမှာ ဖြစ်လာတာပါ။ အရင်က မဖြစ်ပဲ အခုမှ ဘာကြောင့်ဖြစ်ရသလဲ။ စေ့ငုတဲ့အခါ၊ လား … လား .. ကျွန်တော်တို့ ပြည်မှာ “ စနစ်တကျ အဓိကရုဏ်း ဖန်တီးရေး အဖွဲ့ ကြီး ” တည်ရှိနေပြီတဲ့ဗျ။ အဓိကရုဏ်းဖြစ်အောင် ဖန်တီးတဲ့ အင်စတီကျူးရှင်း တဲ့။ အဲသည် ကြောက်စရာကြီးရှိကိုရှိတယ်လို့  ဆိုတဲ့သူက ဆိုနေကြပါပြီ။

    လူတော်တော်များများက ရိပ်မိပါတယ်။ သမ္မတကြီးကတောင် နောက်ကွယ်က လူတစ်စုဆိုတာမျိုး ပြောတာပါ။ ပေါလ်ဘရတ် ဆိုတဲ့ နိုင်ငံရေးသိပ္ပံပညာရှင်ကတော့ ဒါမျိုးတွေ အထူးသဖြင့် ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းတွေကို နှစ်ဆယ်ချီကြာအောင် လေ့လာသတဲ့။ သူ့အဆိုအရ ကျွန်တော်တို့ ပြည်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို “ ဗုဒ္ဓဘာသာ – မွတ်စလင် တွေကြား လူ့အသိုက်အဝန်း နှစ်ခုကြားက ပဋိပက္ခများလို့ ” ပြောရင်ကို အဲသလို နာမည်တပ်တာမျိုးက မှားတယ်။ စနစ်တကျ အဓိကရုဏ်း ဖန်တီးရေး စနစ်/အဖွဲ့ က အဲသလိုခေါင်းစဉ်တပ်တာမျိုးကို ကြိုက်တယ်။ ဒါမှ သူတို့ “ ဖန်တီးထုတ်လုပ် ” တာ မပေါ်မှာမို့ ပဲတဲ့။ ဆက်လက် ဖတ်ရှုတော်မူကြပါ ခင်ဗျား။

    စနစ်တကျ အဓိကရုဏ်းဖန်တီးတဲ့ စနစ်/အဖွဲ့ (Institutionalized riot system) ကို အောက်ပါအတိုင်း တည်ဆောက်ထားတာပါ။

    (၁) မီးမွှေးသူတွေ
    ——————-
    မီးမွှေးသူဆိုတဲ့အတိုင်း အသေးအဖွဲ့လေးတွေ၊ ရန်ဖြစ်တာတွေကို သတင်းပြန့် အောင်လုပ်တယ်။ တင်းမာမှုတွေပေါ်အောင် ကြီးထွားအောင် ပုံကြီးချဲ့မယ်။ အပေါ်ယံမှာတော့ အခြေအနေကို တည်ငြိမ် အေးချမ်းအောင် ထိန်းထားလိုတဲ့ ဆန္ဒ သူ့ မှာရှိသလိုလို နေမယ်။ သူဟာ စကော်လာတစ်ယောက် ပညာရှင် တစ်ယောက် ဖြစ်ချင်ဖြစ်နေနိုင်တယ်။ မြန်မာကောင်မလေးတစ်ယောက်ကို မွတ်စလင် ကောင်လေး တစ်ယောက်က ခိုးပြေးတာမျိုးကို သူက စိတ်ဝင်စားတယ်။ ဘာသာခြား နှစ်ခုကြား ဈေးရောင်းရင်း စကား များတာမျိုးကိုလည်း သူက ဖော်ထုတ်နေတတ်တယ်။ အမုန်းစကားတွေ လွင့်တယ်။ ရပ်ကွက်ထဲမှာဖြစ်ဖြစ် ဖေ့စ်ဘုတ်ပေါ်က ဖြစ်ဖြစ် ရန်လိုတဲ့စကားတွေ မတူတာတွေ ကွဲပြားတာတွေ ဟောချင်ဟောတယ်။

    လူမျိုး ဘာသာမတူတဲ့ အုပ်စုတွေကြား ရန်လိုမုန်းတီးမှုကို တောက်နေအောင် လောင်နေအောင် အဆက်မပြတ် မီးမွှေးထားဖို့ ဆိုတဲ့ ကဏ္ဍကို ယူတဲ့သူတွေပါပဲ။

    (၂) အချက်ပြသမား
    ———————–
    ဒီလူတွေကတော့ လုပ်ကြတော့ဟေ့လို့ အချက်ပြပေးတဲ့သူတွေပေါ့။ ဒေသခံ နိုင်ငံရေးသမား တစ်ယောက် ဖြစ်ချင်ဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးဘေးမှာ ရှိနေတာ များတယ်။ ပဋိပက္ခ ဖြစ်အောင် ခု လုပ်မလား၊ မလုပ်သေးဘူးလား။ လူအုပ်ကြီးကို ဘယ်လိုစုစည်းမယ်၊ ဘယ်လမ်းကြောင်း ခေါ်သွားမယ် ဆိုတဲ့ နည်းနာတွေ တတ်တယ်။ တကယ်တော့ အချက်ပြသမားဟာ ကျွမ်းကျင်တဲ့သူတဲ့။ စပါယ်ရှယ်လစ်ဆိုပဲ။ သူက အချိန်ရောက်ပြီဆိုရင် အချက်ပြတယ်။ ပြောတဲ့ဆိုတဲ့ စကားတွေမှာ အလွန် အမင်း ရန်လိုမုန်းတီးမှုတွေ ပါလာပြီ။ ခဲနဲ့ စတင်ပေါက်တဲ့သူပေါ့။ ဒီနောက်တော့ အဲဒီနေရာကနေ ရှောင် သွားတော့မယ်။ ဒါပေတဲ့ ချကုန်ပြီဟေ့ ဆိုတဲ့ စကားက နှစ်ဘက်စလုံးကို ရောက်သွားပြီ။

    (၃) ငွေပေးမယ်၊ မြှောက်စားမယ်ဆိုပြီး စည်းရုံးထားတဲ့ လူဆိုးလူမိုက်တွေ၊ မွဲတေနေသူတွေ

    (၄) မီဒီယာတွေ
    ————–
    သူတို့ကတော့ တကယ်လုပ်သူတွေအကြောင်းကို ရေးသားပြောဆိုတာထက် ဒေါသထွက်နေတဲ့ လူအုပ်ကြီးဆိုပြီး အကြမ်းဖက်မှု ဖြစ်နေ တုန်းရော ဖြစ်ပြီးနောက်ရော ပြောဆိုရှင်းပြတဲ့သူတွေ။ ကောလာဟလတွေကို ပုံနှိပ်ထုတ်ဝေပေးတဲ့ သူတွေ။ ဆွပေးတဲ့သူ၊ သားကောင်ဖြစ်ရရှာသူတွေကိုပဲ အပြစ်တင်ခံ ရအောင် ရေးသူတွေပါပဲ။

    2
    ၂၀၁၄ ခုနှစ် ဧပြီ ၄ ရက်နေ့ညတွင် လှည်းကူးမြို့ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဖျက်ဆီးမှုတွင် ရဲတပ်ဖွဲ့နှင့် ဆူပူ အကြမ်းဖက်သူလူအုပ်မြင်ကွင်း (Photo-RFA)

    (၅) နိုင်ငံရေးသမားတွေ၊ အာဏာပိုင်တွေ
    —————————————-

    သူတို့ကတော့ အဓိကရုဏ်းမှာပါသူတွေကို အကာအကွယ်ပေးတယ်။ ထောင်ကျသွားရင် ထောင်ထဲက ထုတ်ပေးတယ်။

    နိုင်ငံရေးမှာ ထုတ်ရလေ့ရှိတဲ့ မေးခွန်းတစ်ခုက “ ဘယ်သူဟာ ဘယ်အချိန်မှာ ဘယ်ဟာကို ဘယ်လိုရမှာတုန်း ” ဆိုပဲ။ တစ်ချို့ နိုင်ငံရေးသမားတွေ အာဏာလက်ရှိတွေဟာ အဓိကရုဏ်းတွေကြောင့် အကျိုးကျေးဇူးတွေရတယ်။ ဒါကြောင့် သူတို့ရဲ့ လက်ဝေခံ စီးပွားရေးသမားတွေကလည်း အဓိကရုဏ်း ဖန်တီးတဲ့ စနစ်/အဖွဲ့ကို လျှို့ဝှက်ထောက်ပံ့ကြတယ်။

    စာရှုသူများခင်ဗျား . .

    အဲသလို အဓိကရုဏ်းဖန်တီးရေးစနစ်ကို လျှို့ဝှက်တည်ဆောက်ပြီး တာဝန်တွေခွဲဝေပြီးရင် အဓိကရုဏ်းတွေကို သူတို့လိုတဲ့ အချိန် လိုတဲ့နေရာမှာဖြစ်အောင် ထုတ်လုပ်တော့တာပါပဲတဲ့။

    အဓိကရုဏ်းထုတ်လုပ်မှုမှာ အဆင့် သုံးဆင့် ပါသတဲ့။

    (၁) ပြင်ဆင်ပေးတယ်။ (ဇာတ်တိုက်တယ် ဆိုကြပါစို့)
    ——————————————————-
    အုပ်စုဝင်တယောက်က တခြားမတူတဲ့ အုပ်စုဝင်တယောက်အပေါ် ကျူးလွန်တဲ့ စော်ကားမှုတွေ၊ ခြိမ်းခြောက်မှုတွေလိုမျိုး နေ့စဉ်နဲ့အမျှ သာမန်ဖြစ်တတ်တဲ့ အဖြစ်အပျက်လေးတွေကို ခုတုံးလုပ် ပုံကြီးချဲ့ပြီး တင်းမာမှုတွေကို ဆက်လက်ကြီးထွားနေအောင် မွေးပါတယ်။ အဓိကရုဏ်းတွေ ထူးထူးခြားခြား ဖြစ်ပွားတဲ့ ဒေသတွေမှာ “ ပြင်ဆင်ပေးခြင်း ဇာတ်တိုက်လေ့ကျင့်ပေးခြင်း ” ကို အမြဲမပြတ် လုပ်ဆောင်နေကြတာကို တွေ့ရတာပါပဲ။

    (၂) အကောင်အထည်ဖော်တယ်။
    ———————————–
    အကောင်အထည်ဖော်ခြင်းဆိုတဲ့ ဒုတိယအဆင့်ကိုတော့ ချက်ချင်း မလုပ်ဆောင်ဘူး။ အကောင် အထည်ဖော်နိုင်ဖို့က အချိန်ကာလဆိုတာ ကလည်း နိုင်ငံရေး အခြေအနေပေါ်မှာ မူတည်နေတာပါ။ အတိုင်း အတာကြီးမားတဲ့ အဓိကရုဏ်းတွေကို နိုင်ငံရေးအရပြိုင်ဆိုင်မှုတွေပြင်းထန်နေတဲ့ အခြေအနေတွေမှာ လုပ်ဆောင်ကြလေရဲ့။

    (၃) ရှင်းပြတယ် (ဝါ) အဓိပ္ပာယ်ဖွင့်ပြတယ်။
    ——————————————-
    အကြမ်းဖက်မှုဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်းတွေကို ရှင်းပြဖို့ ကြိုးစားတာက အဓိပ္ပာယ်ဖွင့်ဆိုပြ ခြင်းဆိုတဲ့ တတိယအဆင့်ပါပဲ။ ဒီအဆင့်ကိုရောက်လာပြီဆိုရင် ဂျာနယ်လစ်တွေ၊ နိုင်ငံရေးသမားတွေ၊ လူမှုသိပ္ပံပညာရှင်တွေနဲ့ လူထုသဘောထားအမြင်ကို ပုံဖော်ဖို့ကြိုးစားနေသူတွေ ပါဝင်လာကြပါတယ်။ ရည်ရွယ်ချက်ကတော့ လူတိုင်းမဟုတ်ရင်တောင် သာမန်လူတွေရဲ့ ယေဘုယျအမြင်မှာ အကြမ်းဖက်မှုတွေ ဆိုတာ ရုတ်တရက် ကောက်ကာငင်ကာ ပေါ်ပေါက်လာတာဖြစ်တယ်။ ဘာသာရေး လူမျိုးရေးတွေမှာ မြစ်ဖျားခံပြီး ပါဝင်လာကြတာ။ ကြိုတင် ခန့်မှန်းရခက်ခဲပြီး ကာကွယ်တားဆီးဖို့ ထိန်းသိမ်းကိုင်တွယ်ဖို့ ခက်ခဲတယ်ဆိုတာ လူတွေလက်ခံလာအောင် လုပ်ကြဖို့ပါပဲ။

    တကယ်တမ်းမှာတော့ အဓိကရုဏ်းတွေ သတ်ဖြတ်မှုတွေဆိုတာ ကြိုတင်အကွက်ချ စီစဉ်ထားတာ ဖြစ်ပြီး ရုတ်တရက် ဖြစ်ပေါ်လာတာတွေ မဟုတ်ကြပါဘူး။ ဒေါသတွေ အကြောက်တရားတွေကြောင့် ပူထူ နေတဲ့ လူအုပ်ကြီးက လုပ်ဆောင်တာလည်း မဟုတ်ပါဘူး။ အဓိကရုဏ်းထဲမှာပါနေတဲ့ လူအုပ်ကြီးက တမင်တကာ သွေးကြွလာအောင် ဆွပေး ခံထားရတာဖြစ်ပြီး ဘယ်သူ ဘယ်ဝါမှန်းမသိရတဲ့အဖွဲ့တွေ အုပ်စု တွေက စီစဉ်ဆောင်ရွက်ပေးတာသာ ဖြစ်ပါတယ်။ ပြီးတော့ ကြိုတင်ခန့်မှန်းလို့လည်း ရနိုင်ပါတယ်။ အဓိကရုဏ်းတွေဖြစ်လာတော့မယ်ဆိုတာကို ကြိုတင်ညွှန်ပြနေတဲ့ သတိပေး အချက်ပြ သင်္ကေတတွေ လည်း ရှိတာများပါတယ်။

    ရှင်းပြခြင်း အဆင့်မှာ တကယ်ကျူးလွန်သူတွေ တကယ်တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့ကလည်း ဖြစ်နိုင်ပါတယ်။ ဒါပေတဲ့ မဆိုင်တဲ့သူတွေအပေါ် အပြစ်တွေ ပုံချကြပါတယ်။ အဲဒီလို ပုံချနိုင်မှပဲ တကယ် တာဝန်ရှိသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာမသိနိုင်တော့ပဲ အခြေအနေတွေက ရှုပ်ထွေးဝေဝါးသွားပါ တယ်။ အဲဒီလိုမျိုး လွှဲချအပြစ်တင်ခြင်းနဲ့ တာဝန်ရှိသူတွေ ပျောက်ကွယ်သွားအောင် လုပ်ဆောင်နိုင်တာ ကြောင့် နောက်နောင် အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေအောင် လုပ်ဆောင်ဖို့ လွယ်ကူသွားရောတဲ့။

    ***

    arti-lake-EPA-01
    မိထ္ထီလာ အကြမ်းဖက်မှု (၂၀၁၃ ခုနှစ် မတ် လ ) Photo – The Voice

    အဓိကရုဏ်းတွေ အဆင့်ထိကို ရောက်သွားဖို့ဆိုရင် အောက်ပါ အချက်အလက်တွေ အတော် များများ တပြိုင်နက်တည်း ရှိနေဖို့လိုတယ်ပါ။

    •    ပထမဆုံး အယူအဝါဒသွတ်သွင်းရေး၊ ဝါဒဖြန့်ချိရေး ယန္တရားကြီးကြောင့် စိတ်လှုပ်ရှား၊ သွေးဆူနေပြီး စိတ်ဝမ်းကွဲပြားနေတဲ့ လူမှုအသိုက်အဝန်းတွေ ရှိနေရမယ်။ လူမှု အသိုက်အဝန်းကို အခြေခံပြောဆိုစည်းရုံးနေမှုတွေလည်း ထင်ရှားရှိနေရမယ်။ လူအတော်များများ စိတ်ထဲမှာ ဒီကောင်တွေကတော့ကွာ၊ ငါတို့ ချပစ်မှ ဖြစ်မယ်၊ ဒါမှမဟုတ် ငါတို့တော့ ဒီကောင်တွေရန်က ကာကွယ်မှ ဖြစ်တော့မယ် . . စတဲ့ စိတ်အခြေအနေလည်း ရှိနေရမယ်။ ဒါ့အပြင် တနေရာတည်းမှာ အတူ သိပ်သိပ်သည်းသည်း စုဝေးနေထိုင်တဲ့ အုပ်စုနှစ်ခု (လူနည်းစုနဲ့ လူများစု) လည်းရှိရမယ်

    •    ဒုတိယ၊ “ စနစ်တကျ အဓိကရုဏ်းဖန်တီးဖို့ လေ့ကျင့်ထားတဲ့၊ အရက်တွေ ကြွဆေးတွေ စသည်ဖြင့် နည်းပေါင်းစုံနဲ့ တက်ကြွအောင်ဖန်တီးထားတဲ့လူစု” လူစုလူဝေးလိုက် လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ကိုင်ဖို့ အသင့်ဖြစ်နေအောင် ဖန်တီးတဲ့ အုပ်စုတွေလည်း ရှိထားရမယ်။

    •    တတိယ၊ အဓိကရုဏ်းတွေ တကယ်ဖြစ်လာရင် အကျိုးအမြတ်ရှိမယ်လို့ ယုံကြည်ယူဆထားတဲ့ စီးပွားရေးသမားလူတန်းစား (Business class) လည်း ရှိနေဖို့လိုအပ်တယ်။ ဒါမှပဲ အဓိကရုဏ်းတွေ ဖြစ်ပေါ်အောင် ဆွပေးတဲ့လှုပ်ရှားမှုတွေကို အဲဒီလုပ်ငန်းရှင်တွေက ထိထိရောက်ရောက် ဆန့်ကျင် မနေတော့မှာ ဖြစ်တယ်။

    •    စတုတ္ထ၊ အဓိကရုဏ်းတွေဖြစ်လာရင် စဉ်းစားတွက်ချက်ထားတဲ့ နိုင်ငံရေးခွင် (Political context) နဲ့ နိုင်ငံရေးအကျိုးစီးပွား (Political interest) တွေ ပေါ်ပေါက်လာမယ် လို့လည်း ယူဆထားတဲ့ ပုဂ္ဂိုလ်တွေ ရှိရပါတယ်။ (အဓိကရုဏ်းတွေဖြစ်လာရင် အကျိုးအမြတ်တွေ ပေါ်လာမယ် လို့ နိုင်ငံရေးအာဏာရထားသူတွေက ယူဆမထားရင် ဒါမှမဟုတ် အဓိကရုဏ်းတွေ ဖြစ်လာရင် နိုင်ငံရေးအာဏာရနိုင်မယ်လို့ မရသေးသူတွေကလည်း ယူဆမထားဘူးဆိုရင် အကြီးစား အဓိကရုဏ်းတွေ ဖြစ်လာစရာ အကြောင်းမရှိပါ။ ဒါမှမဟုတ် သေးငယ်တဲ့ အဖြစ်အပျက်လေး တွေကနေတဆင့် ကြီးမားတဲ့ အဖြစ်တွေဆီကို ကူးပြောင်းမသွားနိုင်)

    •    ရဲတပ်ဖွဲ့နဲ့ ဒေသခံ အာဏာပိုင်တွေ ဘာမှ မလှုပ်ရှားဘဲ ထိုင်နေဖို့ လိုပါတယ်။ အနည်းဆုံးတော့ အဓိကရုဏ်းတွေဖြစ်ဖို့ စတင်တာစူနေတဲ့ အစပိုင်းမှာ ထိုင်နေဖို့လိုပါတယ်။ နိုင်ငံရေး စိတ်ဆန္ဒသာ အမှန်တကယ်ရှိရင် အဓိကရုဏ်းတွေ ပြင်းထန်လွန်ကဲမသွားခင်မှာ ထိထိရောက်ရောက် လျင်လျင် မြန်မြန် အရေးယူလုပ်ဆောင်ပြီး ထိန်းလိုက်နိုင်မှာပါ။ အာဏာပိုင်တွေရဲ့ အရေးယူ ဆောင်ရွက်မှု တွေသာ မြန်ဆန်မယ်ဆိုရင် အသေးအဖွဲကိစ္စလေးတွေကို ဒါမှမဟုတ် ဖြစ်ကာစ အဓိကရုဏ်း တွေတောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို လျင်မြန်တဲ့ လုပ်ဆောင်မှုတွေလည်း ရှိမနေတဲ့ အပြင် အဓိကရုဏ်းတွေ ဖြစ်စေချင်တဲ့ နိုင်ငံရေး အကျိုးစီးပွားတွေ (စီးပွားရေး အကျိုးစီးပွားတွေ လည်း တစိတ်တပိုင်းပါဝင်) ပါရှိနေပြီဆိုရင် အဓိကရုဏ်းတွေ ဖြစ်လာတော့မှာ မြေကြီးလက်ခတ် မလွဲပါပဲ။ ဒေသခံ အာဏာပိုင်တွေ အရေးယူဆောင်ရွက်မှု မရှိတာ၊ အရည်အချင်းမပြည့်ဝတာ၊ တက်တက်ကြွကြွ မရှိတာ၊ ပေါလျော့တာတို့ကြောင့် များသောအားဖြင့် ဖြစ်ရတာပဲလို့ ပြောနိုင် ပါတယ်။
    ***

    arti-lake-EPA-04
    လားရှိုး အကြမ်းဖက်မှု (၂၀၁၃ ခုနှစ် မေလ ) Photo- The Voice

    စာရှုသူများခင်ဗျား . .

    အဖျက်စနစ်ကြီးဟာ သူတို့ကို လူမသိရလေအောင် တံဆိပ် အမှားများလည်း ကပ်ပါတယ်။

    တံဆိပ်မှားကပ်ခြင်း
    ———————-

    •    ယခုလက်တွေ့ ဖြစ်ရှိခဲ့တာတွေကို “ လူမှုအသိုက်အဝန်း အကြမ်းဖက်မှု ” “ လူမှုအသိုက်အဝန်း ပဋိပက္ခ ” (Communal conflict) လို့ ခေါင်းစဉ်တပ်ကြပါတယ်။ အဓိကရုဏ်းတွေ (riots)  တောခြောက်သတ်ဖြတ်မှုတွေ (Pogroms) လို့ ပြောရင် ပိုပြီး ပြည့်စုံပါတယ်။

    •    တံဆိပ်မှားကပ်တာကြောင့် အဓိကရုဏ်းတွေ သတ်ဖြတ်မှုတွေကို တကယ်လှုံ့ဆော် သွေးထိုး သူတွေ၊ ပြင်ဆင်ပေးသူတွေ၊ အကောင်အထည်ဖော်သူတွေ ဖြစ်တဲ့ လူပုဂ္ဂိုလ်တွေ၊ အုပ်စုတွေ၊ အဖွဲ့အစည်းတွေ၊ ဌာနတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ တာဝန် ရှိမှုတွေကို ဖုံးကွယ်ထားဖို့ လွယ်ကူသွားပါတယ်။

    •    အဓိကရုဏ်းတွေ၊ သတ်ဖြတ်မှုတွေဖြစ်ပေါ်တဲ့ “ လူမှုအသိုက်အဝန်း ပဋိပက္ခ ” လို့ ခေါင်းစဉ်မှား တပ်တာကြောင့် ဖြစ်ပွားထားတဲ့ အဖြစ်အပျက်တွေမှာ အုပ်စု ၂ ခု ပါဝင်နေပြီး သူတို့ နှစ်ဘက် စလုံးက တာဝန်ရှိတယ် ဒုက္ခသုက္ခတွေ ထိခိုက် သေဆုံးမှုတွေကို ညီတူမျှတူ ခံစားကြရတယ်ဆိုတဲ့ သဘောမျိုး မှားယွင်းပေါ်လွင် သွားပါတယ်။ တကယ်တော့ တဘက်ဘက်ပဲ အများကြီး ထိခိုက် ပျက်စီး သေကျေပျက်သုဉ်းကြရတာ ဖြစ်ပါတယ်။ တဘက်ဘက်ကပဲ အဓိကရုဏ်းတွေ၊ သတ်ဖြတ် မှုတွေရဲ့ ဒဏ်ကို ကျောကော့နေအောင် ခံကြရတာ ဖြစ်ပါတယ်။

    •    ရုတ်တရက် တုံ့ပြန်မှု ( Spotaneous mass response) ကြောင့် ဖြစ်ပေါ်လာတာလို့ အာဏာပိုင်တွေ၊ မီဒီယာတွေ၊ သဘောထားအမြင် ထုတ်ဖော်ရေးသားသူတွေ၊ ပညရှင်တချို့က ပြောပေးကြပါတယ်။ အဲဒီလို လွဲမှားအပြစ်ပုံချမှု (Blame – displacing claim) က “ အင်စတီကျူးရှင်းဆန်ဆန် စနစ်တကျ အဓိကရုဏ်းဖန်တီးခြင်း” မှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ ဘရတ် ရဲ့ သုတေသနတွေက ပြနေပါတယ်။
    ***

    အဖျက်စနစ်ကြီးကိုလည်း နားလည်ချင်ရင် မေးခွန်းတွေ ထုတ်သင့်ပါတယ်။

    ၂၀၁၃ ခုနှစ် မတ်လက မိတ္ထီလာမှာ၊ မေလက လားရှိုးနဲ့ ၂၀၁၄ ဇူလိုင်က မန္တလေးမှာ ဖြစ်ခဲ့တာတွေကို ဘယ်လိုဖြစ်ခဲ့တာလဲ မေးခွန်းထုတ်ချင် ထုတ်လို့ရတယ်။

    mdy july 2014
    မန္တလေး အကြမ်းဖက်မှု (၂၀၁၄ ဇူလိုင်) Photo- The Voice

    မေးသင့်တဲ့ မေးခွန်းများ
    ————————–
    (၁) အဆက်အစပ်မရှိတဲ့ သီးခြားဖြစ်ရပ်တွေဆိုတာ မရှိဘူး မဟုတ်လား။ အောက်ပါမေးခွန်းတွေကို ထုတ်ပါ။

    – စိတ်ဝမ်းကွဲမှုတွေနဲ့ တင်းမာမှုတွေ ဖြစ်အောင် ဘယ်သူတွေက ဘယ်လိုနည်းလမ်းတွေနဲ့ မွေးတာလဲ။
    – ဘယ်လိုတိုက်တိုက်ဆိုင်ဆိုင် ဘယ်သူတွေက ထုတ်လုပ်တာလဲ။
    – နားလည်မှုတွေ လွဲအောင် ဘယ်သူတွေက အနက်ပြန်နေတာလဲ။
    – လုပ်ပိုင်ခွင့် အာဏာတွေရှိပေတဲ့ ဘယ်သူတွေက ဘာကြောင့် မတားဆီးတာလဲ။
    – လူ့အဖွဲ့အစည်းမှာ စိတ်ဝမ်းကွဲပြားမှုတွေဖြစ်ရင် ဘယ်သူတွေက အကျိုးအမြတ် ထွက်မှာလဲ။

    (၂) နိုင်ငံရေးအခြေအနေတွေ (ဥပမာ – ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ရွေးကောက်ပွဲ) ပါလာပြီ ဆိုရင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုပြီး လူတွေကို စည်းရုံးကြတော့မှာကြောင့် နိုင်ငံရေးအရ အရှုံးအနိုင်တွေ ကြီးမားလာတော့မှာပါ။

    အစပထမမှာ အဓိကရုဏ်းစနစ်က သာမန် အသေးစားတွေ ဖြစ်ချင်ဖြစ်ပေတဲ့ ဆိုးဆိုးဝါးဝါးတွေနဲ့ အကြိမ်အရေတွက် များများ ဖြစ်လာနိုင်ပါသလား။

    (၃) တိုက်ရိုက်ကျူးလွန်သူကို ဖော်ထုတ်ခြင်း အဆင့်မှာတင် မရပ်ပဲ စနစ်ကြီးရဲ့ တာဝန်ခွဲယူပုံ(ဝါ) တခြား ကျူးလွန်သူတွေကို ဖော်ထုတ်သင့်ပါတယ်။

    (၄) အပြစ်ပေးမခံရပဲ လွတ်မြောက်နေတာက အရေးကြီးတယ်။

    အဓိကရုဏ်းကို တကယ်ထုတ်လုပ်သူတွေက တံဆိပ်မှားကပ်ခြင်းနဲ့ အဓိပ္ပာယ်မှားယွင်းဖွင့်ဆိုခြင်း မြူမှုန်တွေရဲ့ နောက်မှာ ပျေက်ကွယ်နေတတ်လို့ပါ။

    (၅) အရေးယူတာတင် မကပဲ အရေးမယူ မလုပ်ဆောင်တာတွေကိုလည်း မေးခွန်းထုတ်ရမယ်။

    ဘာကြောင့်လဲ။ ကြိုလည်း တားနိုင်လျက်နဲ့ ဘာကြောင့် စိတ်ဆန္ဒ မရှိတာလဲ။ ကိုယ်တိုင် ကိုယ်ကျများ ပါဝင်နေလို့လား။

    မမေးသင့်တဲ့ မေးခွန်းတွေလည်း ရှိတယ်။
    ——————————————–

    (၁) ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကို မေးလိုက်ရင် ဆင်းရဲမွဲတေခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်း၊ လူမှုရေး အရ စိတ်ပျက်ဒေါသထွက်နေခြင်း၊ မြေယာနဲ့ စီးပွားရေး အကျိုးအမြတ်တွေအတွက် အပြိုင်အဆိုင် လုယူကြ ခြင်းဆိုတဲ့ အဖြေတွေပဲ အများဆုံးပေါ်ထွက်လာပါလိမ့်မယ်။ ဖြစ်ပွားရတဲ့ “ အကြောင်းအရင်းတွေ” ကို အာရုံစိုက်နေခြင်းအားဖြင့် ရဲတပ်ဖွဲ့ဝင်တွေ “ အရည်အချင်းနည်းပါးမှု” အာဏာပိုင်တွေအပိုင်းမှာ “ အားနည်းမှု” ဆိုတဲ့ အဖြေတွေဆီကိုပဲ ရောက်သွားနိုင်ပါတယ်။ တရားဥပဒေစိုးမိုးမှု အကောင်အထည် ဖော်ရေး လက်နက်ကိုင်အဖွဲ့တွေကို လေ့ကျင့်ပေး လက်နက်တပ်ဆင်ပေးရေးကို အကြံပြုကြပါလိမ့်မယ်။ အဲဒီလို စနစ်မျိုးအတွင်းအောက်ခြေမှာလိုက်စားနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာ အများကြီး ပိုခက်ခဲ ပါတယ်။ အချိန်နဲ့ အခြားအရင်းအမြစ်တွေ အများကြီး လိုအပ်ပါတယ်။ အဲဒီလို ပြဿနာတွေကို မဖြေရှင်း နိုင်သရွေ့ အဓိကရုဏ်းတွေကလည်း ကုရာနတ္ထိ ဆေးမရှိဖြစ်ပြီး မလွဲမသွေ ပေါ်ပေါက်လာတော့မလိုပါပဲ။

    “စနစ်အတွင်းရှိ သိမ်မွေ့ နက်နဲတဲ့ အကြောင်းအရင်းတွေ” ကို ပြောဆိုနေခြင်းအားဖြင့် တရား ဥပဒေစိုးမိုးရေး လုံခြုံရေးအတွက် တာဝန်ရှိတဲ့ အာဏာပိုင်တွေရဲ့ တာဝန်ကင်းမဲ့မှုတွေ၊ အကြီးအကျယ် ပေါ့လျော့လုပ်ဆောင်တာတွေကို ဆင်ခြင်ပေးဖုံးကွယ်လို့ ရသွားနိုင်ပါတယ်။ “အတွင်းပိုင်းအထိ ရောက်နေ တဲ့ အကြောင်းအရာတွေ” ကိုပြောနေခြင်းအားဖြင့် အာဏာပိုင်တွေသာ ထိထိရောက်ရောက် လျင်လျင် မြန်မြန် အရေးယူလုပ်ဆောင်ခဲ့ရင် အဓိကရုဏ်းတွေကို တားဆီးနိုင်ခဲ့မယ် ဒါမှမဟုတ် ချက်ချင်းထိန်းသိမ်းခဲ့ မယ်ဆိုတဲ့ အချက်က ပျေက်ကွယ်သွားပါတယ်။ အိန္ဒိယမှာတော့ အာဏာပိုင်တွေက ပြတ်ပြတ်သားသား ထိထိရောက်ရောက် ကိုင်တွယ်နိုင်တဲ့အတွက် “ စနစ်အတွင်း သိမ်မွေ့နက်နဲတဲ့ အကြောင်းအရင်းတွေ” ရှိနေပေတဲ့ ထူးထူးခြားခြား အဓိကရုဏ်းဖြစ်ပွားရာ နေရာတွေမှာတောင် အဓိကရုဏ်းတွေကို ကာကွယ် တားဆီးနိုင် ထိန်းသိမ်းနိုင်တယ် ဆိုတဲ့ ဥပမာတွေ ရှိပါတယ်။

    ပြီးတော့ “ဘယ်သူအရင်စလုပ်တာလဲ” ဆိုတဲ့ မေးခွန်းကို မေးနေခြင်းအားဖြင့် “ဘာတွေ တကယ် ဖြစ်ခဲ့တာလဲ” ဆိုတဲ့ မေးခွန်းကို မမေးမိတော့ပဲ လမ်းကြောင်းလွဲသွားပါတယ်။ “ဘယ်သူ အရင်စလုပ် တာလဲ” ဆိုတဲ့ မေးခွန်းကြောင့် အဓိကရုဏ်းအတွင်း နစ်နာခဲ့သူတွေကို အပြစ်တင်မိလျက်သား ဖြစ်သွားပြီး အပြန်အလှန် အပြစ်တင်ခြင်းဆိုတဲ့ ရှုပ်ထွေးပြီး ဖြေရှင်းမရတဲ့ အခြေအနေမျိုးကို ရောက်သွားနိုင်ပါတယ်။ အဖြစ်အပျက်တစ်ခုအပေါ်မှာ အာရုံစိုက်လွန်းတာကြောင့် ဖြစ်စဉ်ကြီးတစ်ခုလုံးကို မမြင်နိုင်ပဲ မျက်ခြေပြတ် သွားတာမျိုး မဖြစ်ဖို့က အရေးကြီးပါတယ်။

    (၂) သာမန်ဖြစ်ရိုးဖြစ်စဉ် အသေးအဖွဲလေးတွေ ဒါမှမဟုတ် အလားတူ ကိစ္စလေးတွေတောင်မှပဲ ကြီးမားတဲ့ အဓိကရုဏ်းကြီးတွေကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ မှန်ပါတယ်။ ကမ္ဘာပေါ်က တိုင်းရင်းသား အချင်းချင်း ရောယှက်နေထိုင်တဲ့ ဘာသာမတူသူတွေ အချင်းချင်း ဘာသာစကားမတူသူတွေအချင်းချင်း ရောယှက် နေထိုင်တဲ့ အခြားနေရာတွေမှာလည်း နေ့စဉ်နဲ့အမျှ အသေးအဖွဲ မတော်တဆဖြစ်ရပ်လေးတွေ ဖြစ်ပွား နေကြတာပါပဲ။ ဒါပေမဲ့ အဲဒီထဲက တချို့နေရာတွေမှာပဲ၊ တခါတလေကျမှပဲ၊ ထူးခြားတဲ့ နောက်ခံအခင်းအကျင်းတွေ ရှိနေမှပဲ၊ သေးငယ်တဲ့ ကိစ္စလေးတွေကနေတဆင့် ကြီးမားတဲ့ အသေ အပျောက်များတဲ့ အချိန်ကြာမြင့်အောင်ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေအဖြစ်ဆီကို ရောက်သွားတာပါ။ အဓိကရုဏ်းဆိုတာက မကြာခဏ ဒါမှမဟုတ် ခဏခဏ ဖြစ်ပွားကြတာ မဟုတ်ပါ။ အချင်းချင်း စိတ်ဝမ်းကွဲ ပြားနေပြီး မယုံသင်္ကာဖြစ်မှုတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေရှိရာ နိုင်ငံတွေတောင်မှပဲ အသေးအဖွဲ့ ဖြစ်ရပ်လေးတွေကတဆင့် အကြီးစားအဓိကရုဏ်းကြီးတွေ အဖြစ်ကို တခါတရံမှပဲ ရောက်ရှိသွား ကြပါတယ်။ ဒါကြောင့်ပဲ ဆက်ပြီး မေးခွန်းထုတ်ရမှာက ဘာကြောင့် အဲဒီအချိန်မှာပဲ အဓိကရုဏ်းကြီးတွေ ဖြစ်ပွားပြီး အဲဒီအချိန်မတိုင်မီနဲ့ အဲဒီအချိန်ပြီးနောက်မှာ ဘာကြောင့် မဖြစ်ကြတာလဲ။

    ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့နောက် ပထမ ရခိုင်ပြည်နယ်နဲ့ နောက်တော့ ကျန်တဲ့နေရာ တွေမှာ ဖြစ်တာဟာ ဘယ်လိုလဲ။ အဓိကရုဏ်းတွေဟာ လူ့အဖွဲ့အစည်းအတွင်းက မတူညီတဲ့ လူ့အသိုက်အဝန်းတွေကြား ရှေးပဝေသဏီကတည်းရှိတဲ့ အမုန်းတရား (Primordial hate လို့ ခေါ်ချင် ခေါ်ပါ) ကြောင့် ဖြစ်လာ တာပါလို့ စဉ်းစားတတ်ကြပေတဲ့ အဓိကရုဏ်းတွေနဲ့ ရွေးကောက်ပွဲ နိုင်ငံရေးကြားမှာ နီးကပ်တဲ့ ဆက်နွယ်မှုကတော့ အသေအချာကို ရှိတယ်လို့ ပေါလ်ဘရတ်ကတော့ အခိုင်အမာ ထောက်ပြ တယ်။ သူထောက်ပြတာက မြန်မာနိုင်ငံအတွက်မှန်မယ်ဆိုရင် လာမယ့်ရွေးကောက်ပွဲနှစ်မှာ အဓိကရုဏ်း ဖန်တီးရေး စနစ်ကြီးက ထုတ်လုပ်တဲ့ အကြမ်းဖက်တွေ ဒီထက် ပိုတွေ့လာရနိုင်တယ်လို့ တွက်ရမှာပဲ။

    အလီဂါမြို့က နမူနာ
    ————————-
    အူတာပရာဒက်ရှ်စ် ပြည်နယ်ထဲက အလီဂါ ဆိုတဲ့မြို့မှာ သမိုင်းတလျှောက် ဖြစ်ပွားထားတဲ့ အဓိကရုဏ်းတွေကို ဘရတ်က The Production of Hindu-Muslim Violence in Contemporary India (2013) စာအုပ်ထဲမှာ လေ့လာဆန်းစစ်ကြည့်ထားပါတယ်။ အလီဂါဆိုတာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံရဲ့ အဓိကရုဏ်းအများဆုံးဖြစ်ပွားရာ မြို့တွေထဲက တမြို့ဖြစ်ပါတယ်။ အဲဒီမြို့မှာ မွတ်စလင် ဘာသာဝင်တွေ အများအပြားနေထိုင်ကြပြီး မြို့ရဲ့ အမြင့်ဆုံး အချက်အချာနေရာမှာ ဂျမားမာဆစ်ဂ်ျ ဗလီကြီး ရှိပါတယ်။ အလီဂါ မွတ်စလင် တက္ကသိုလ် Aligarh Muslim University (AMU) လည်း ရှိပါတယ်။ စစ်မာန် ဝင်နေတဲ့ ဟိန္ဒူတွေနဲ့ တခြားသူတွေ အမြင်မှာတော့ AMU က ပါကစ္စတန် လှုပ်ရှားမှုအတွက် အယူအဆ တွေ ထုတ်လုပ်ပေးရာ နေရာ၊ ပါကစ္စတန်ကို သစ္စာခံသူတွေအတွက် အဓိက ခိုလှုံခွင့်ပေးရာ နေရာ၊ အာရပ်ပင်လယ်ကွေ့နိုင်ငံတွေဆီကနေ ငွေကြေးထောက်ပံ့မှုတွေ ဝင်ရောက် (ချဲ့ကားပြောတာလည်း နည်းနည်းပါသလို၊ မှားတာလည်း နည်းနည်းပါတယ်) လာတဲ့ နေရာဆိုပြီး မြင်ကြပါတယ်။

    ၁၉၂၅ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အတွင်း အလီဂါမှာ အဓိကရုဏ်းတွေ ၂၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၃ ကြိမ်မှာ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ လူသေဆုံးမှုတွေရှိခဲ့တဲ့ အထဲမှာမှ အဓိကရုဏ်း ၃ ကြိမ်က လွတ်လပ်ရေး မရခင်မှာ ဖြစ်ပွားခဲ့ပြီး ၁၀ ခုကတော့ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ အဆိုးဆုံးတွေက ၁၉၇၈ နဲ့ ၁၉၈၀ အတွင်းမှာ ဖြစ်ခဲ့ပြီး အလီဂါ အဓိကရုဏ်းကြီးတွေကတော့ ၁၉၉၀ နဲ့ ၁၉၉၁ အတွင်းဖြစ်ခဲ့ပါတယ်။

    အလီဂါ မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကို သမိုင်းနဲ့ချီ ကြည့်လိုက်ရင် အဓိကရုဏ်းတွေရဲ့ ပြင်းထန်တဲ့နှုန်း(လူသေဆုံးနှုန်းနဲ့ တိုင်းတာပါတယ်) က မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ အဓိကရုဏ်းတွေ ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့တဲ့ အချိန်ကာလတွေလည်း ရှိခဲ့ပါတယ်။

    တချို့ အချိန်ကာလတွေရောက်မှ အဓိကရုဏ်းတွေ ဘာကြောင့်ဖြစ်သလဲ၊ အဓိကရုဏ်းတွေ ဘာကြောင့် ပြင်းထန်လာကြသလဲ၊ တချို့ အချိန်ကာလတွေမှာတော့ ဘာကြောင့် မဖြစ်ကြသလဲဆိုတာကို နိုင်ငံရေး အခြေအနေ အပြောင်းအလဲက ရှင်းပြနေပါတယ်လို့ ဘရတ်က အခိုင်အမာ ပြောပါတယ်။

    •    ကွန်ဂရက် ပါတီ လွှမ်းမိုးတဲ့ ပထမကာလအတွင်းဖြစ်ပွားတဲ့ အဓိကရုဏ်းတွေမှာ လူသေဆုံးမှု အနည်းဆုံးပါပဲ။ လွတ်လပ်ရေး ရပြီးချိန်မှာ အိန္ဒိယအမျိုးသားကွန်ဂရက် ပါတီက အချိန်ကြာမြင့်စွာ လွှမ်းမိုးထားတာကြောင့် အခြားပါတီအုပ်စုတွေအနေနဲ့ အပြင်းအထန်ပြိုင်ဆိုင်ရယူစရာ နိုင်ငံရေး နေရာမရှိ နိုင်ငံရေးအခွင့်အလမ်းတွေ မရှိကြပါ။ လူထုကို သွေးထိုးလှုံ့ဆော်စရာလည်း အကြောင်း မရှိပါ။ ဒါကြောင့်မို့ နိုင်ငံရေးအကျိုးအမြတ်တွေသာ မရှိရင် ကြီးမားတဲ့ အဓိကရုဏ်းတွေ လည်း ဖြစ်ပေါ်လာစရာ မရှိဘူးဆိုတာ အထောက်အထားတွေက ရှင်းရှင်းလင်းလင်း ပြသနေပါတယ်လို့ ဘရတ်က ဆိုပါတယ်။

    •    ကွန်ဂရက်ပါတီ လွှမ်းမိုးမှုကို တခြား ပြိုင်ဘက်ပါတီနှစ်ခုက စိန်ခေါ်လာပြီဖြစ်တဲ့ ဒုတိယကာလ အတွင်းမှာ လူသေဆုံးမှု ၃ ဆလောက် မြင့်တက်လာပါတော့တယ်။ ကွန်ဂရက်ပါတီ လွှမ်းမိုးမှု ကျဆင်းလာပြီးနောက်မှာတော့ ပါတီတွေ အသီးသီးက ဝင်ရောက်နေရာယူချင်စရာ နိုင်ငံရေး လစ်လပ်နေရာတစ်ခု ရှိလာလို့ ဖြစ်ပါတယ်။

    •    ၁၉၉၀- ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ဇန်နဝါရီ အဓိကရုဏ်းကြီး အပါအဝင် နောက်ဆုံးကာလတွေ အတွင်းမှာတော့ အဓိကရုဏ်းကြောင့်ဖြစ်တဲ့ သေဆုံးသူအရေအတွက်က အများဆုံးဖြစ်ပါတယ်။ အဲဒီ တတိယကာလအတွင်းမှာ ပါတီတွေ အချင်းချင်းကြား ပြိုင်ဆိုင်မှု ပြန်လည်ဖြစ်ပေါ်လာတဲ့ ကာလပါ။

    •    အဲဒီကာလတွေ ပြီးသွားပြန်တော့လည်း အဓိကရုဏ်းတွေက မရှိသလောက် နည်းသွား၊ ဒါမှမဟုတ် မရှိတော့သလောက် ဖြစ်သွားတာပါပဲ။

    အဓိကရုဏ်းတွေ ဘယ်လိုဖြစ်ပွားကြသလဲ ဘယ်လိုလျော့နည်းကျဆင်းသွားသလဲဆိုတာကို လေ့လာ ပြီး ဘရတ်က သုံးသပ်ထားတာက “အဓိကရုဏ်းတွေနဲ့ ရွေးကောက်ပွဲနိုင်ငံရေးက နီးနီးကပ်ကပ်ပို ဆက်နွယ်နေပါတယ်” ဆိုပဲ။

    “အဓိကရုဏ်းဖန်တီးခြင်းစနစ်” မရှိရင် အဓိကရုဏ်းတွေလည်း ချက်ချင်းလက်ငင်း ထဖြစ်လာစရာ အကြောင်းမရှိလှဘူးလို့ အခြေခံအားဖြင့် ပြောနိုင်ပါတယ်။ အဓိကရုဏ်းတွေကို ထုတ်လုပ်မှာသာ ထွက်ပေါ် လာနိုင်ပါတယ်။ အစပိုင်းမှာတော့ ကြိုတင် ဇာတ်တိုက်၊ နောက်ပိုင်းကျတော့ စင်တင်ရပါတယ်။ အစပိုင်းမှာ သေးငယ်တဲ့ အဓိကရုဏ်းတွေလောက်ကိုပဲ လုပ်ဆောင်ပြီး နောက်ပိုင်း နိုင်ငံရေးအရ အကျိုးအမြတ်တွေ ရနိုင်စရာ ရှိတယ်ဆိုမှ ကြီးမားတဲ့ အဓိကရုဏ်းတွေကို ထုတ်လုပ်ကြပါတယ်။

    ရွေးကောက်ပွဲတွေက အကြိတ်အနှယ် ယှဉ်ပြိုင်ကြပြီး အရှုံးအနိုင်ကို ပြတ်ပြတ်သားသား ကြိုတင် မပြောနိုင်တဲ့ အနေအထားတွေမှာ အဓိကရုဏ်းတွေကို မောင်းဖြုတ် အသက်သွင်းဖို့က ဖြစ်နိုင်ခြေ တော်တော်များလာပါတယ်။

    ဒါပေမယ့် သက်ဝင်လှုပ်ရှားနေတဲ့ “ စနစ်တကျ အဓိကရုဏ်းဖန်တီးခြင်း” လည်းရှိနေ၊ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ရွေးကောက်ပွဲအနေအထားလည်း ရှိနေရင်တောင်မှပဲ အဓိကရုဏ်းတွေကို ကြိုတင် ကာကွယ်ဖို့ ခြေလွန်လက်လွန်မဖြစ်အောင် ထိန်းဖို့ နိုင်ငံရေးစိတ်ဆန္ဒသာ အာဏာပိုင်တွေမှာသာရှိရင် အဓိကရုဏ်း တွေကို တားဆီးထိန်းသိမ်းနိုင်ပါတယ်။

    43
    လားရှိုး အကြမ်းဖက်မှု (၂၀၁၃ မေ)

    မြန်မာနိုင်ငံအတွက် မေးခွန်းများ
    ————————————-
    မြန်မာနိုင်ငံမှာ ၂၀၁၁ ခု နောက်ပိုင်းမှာ အဓိကရုဏ်းတွေကို ထုတ်လုပ်ချင်စရာ နိုင်ငံရေးခွင်တွေ ထင်ထင်ရှားရှား ထွက်ပေါ်လာပါတယ်။ ဒီတော့ နောက်ဆက်တွဲ အနေနဲ့ ဆက်ပြီးမေးစရာ အရေးကြီးတဲ့ မေးခွန်းတွေက လူမျိုးအရ၊ ဘာသာတရားအရ ခွဲခြားတဲ့ နိုင်ငံရေး ပြိုင်ဆိုင်မှုနဲ့၊ အဓိကရုဏ်းတွေကို လုပ်ဆောင်မှုတွေကြောင့် ရလာစရာ နိုင်ငံရေးအကျိုးအမြတ်တွေကို ဘယ်သူတွေ ရသွားနိုင်သလဲဆိုတာ စဉ်းစားကြည့်ကြရမှာပါ။

    ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းကျမှ တကျော့ပြန် အကြိတ်အနယ် ဖြစ်လာတဲ့ နိုင်ငံရေးပြိုင်ဆိုင်မှုတွေ အတွင်း လူမှုအသိုက်အဝန်း အကြမ်းဖက်မှုတွေ ပထမဆုံးအကြိမ် ဖြစ်တာရယ်၊ လက်ရှိ အာဏာရထားသူတွေကို တုန်လှုပ်သွားစေတဲ့ ဒီချုပ်ပါတီ ရွေးကောက်ပွဲ သိမ်းကျုံးအနိုင်ရမှုရယ်က တိုက်ဆိုင်မှုသက်သက်လား။ တိုက်ဆိုင်မှုထက် ပိုတဲ့ အကြောင်းအရာတွေ ရှိနေတာလား။ (တိုက်ဆိုင်မှု ထက် ပိုတာတွေ ရှိနေတယ်ဆိုတာကို သက်သေအထောက်အထားတော့ ပြစရာ မရှိဘူးပေါ့ဗျာ။)

     

    ဆက်စပ် ဆောင်းပါး ဖတ်လိုလျှင်

    The Voice: လူအုပ်စုကြီး၏ နောက်ကွယ်ကို ရှာဖွေခြင်း

  • အသိနှင့် သတိသည် လမ်းပြကြယ် တစ်စင်းဖြစ်၏

    အသိနှင့် သတိသည် လမ်းပြကြယ် တစ်စင်းဖြစ်၏

    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    သက်ဝေနှင်း ရေးသည်။
    knowledge and wisdom
    “လမ်း” ဆိုသည့် စကားလုံးသည် စာလုံးအရေအတွက်အားဖြင့်ဆိုလျှင် တစ်လုံးတည်းသာဖြစ်၏။ သို့သော် သက်ရှိလူသားတို့အတွက် သက်ရှိလူသားများနေထိုင်ရာ ဤကမ္ဘာလောကကြီးတွင် လမ်းဆိုသည့်လမ်းများသည်ကား များလှပေသည်။ လမ်းနှင့်ပတ်သက်သည့်လမ်းများစွာရှိသည့်အထဲမှ မိမိရောက်လိုသည့် ပန်းတိုင်၊ မိမိတို့ဘ၀၏ အဓိကကျသည့် အစိတ်အပိုင်းကဏ္ဍများစွာအားသယ်ဆောင်သွားမည့်လမ်းများသည် ဘ၀၏ (main point) ပင်ဖြစ်၏။

    လမ်းများစွာထဲမှ လမ်း တစ်ချို့နှင့် သက်ဆိုင်သည့် အရှိတရားများအသိတရားများ လမ်းတစ်ချို့၏ သဘောသဘာဝများအားကြည့်မည်ဆိုလျှင်

    “လောကကူးလမ်း”
    ———————–
    လောကကူးလမ်းဆိုသည်ကား မိမိတို့ဘ၀မွေးဖွားခြင်းမှသည် သေဆုံးချိန်ထိကာလအတွင်း၊ မလွဲမသွေမငြင်းမဖယ် လျောက်ရမည့် ခရီး လမ်းပင်ဖြစ်ပေ၏။ မောပမ်း၍လည်း နားမရ၊ ဆက်လျောက်ချင်သေးသော်လည်း လျောက်ခွင့်မရှိ၊ သတ်မှတ်ထားသလောက် လျောက်ခွင့် ရှိသလောက်ပင် လျောက်ရပေလိမ့်မည်။ ဤလမ်းသည်ကား တိကျသေချာခြင်းဘောင် အတွင်း၌ဖောက်ထားသော main လမ်းမကြီးပင်ဖြစ်၏။

    “ကိုယ်တိုင်ရွေးသည့်လမ်း”
    ———————————
    လောကကြီး၏ main လမ်းမကြီးပေါ်သို့ သင်ရောက် ရှိလာပြီဆိုသည်နှင့် သင်၏အရှေ့တွင် လမ်းခွဲများစွာကို သင်မြင်တွေ့ရပေလိမ့်မည်။ ထိုခွဲထွက်ဖြာ ဆန့်ကျင်လျှက်ရှိသော လမ်းများထဲမှ သင်သည်သင်၏ ဘ၀ တစ်လျောက်လုံးအတွက် လမ်းတစ်ခုကို မလွဲမသွေ ရွေးချယ် ရပေတော့မည်။ ထိုသို့ရွေးချယ်သည့်အခါတွင် အပိုင်း (၃) ပိုင်းရှိမည်။ ဤသည်ကား သင်၏အသက် သင်၏အရွယ်နှင့် ကန့်သတ်၍ ပိုင်းခြားထားသော အပိုင်းများပင်ဖြစ်၏။

    ဥမမယ်စာမခြောက်သည့် ကလေးဘ၀မှ လွန်မြောက်ပြီး လူငယ်ဆိုသော အမည်နမာကိုပိုင်ဆိုင်လာပြီဖြစ်သော “ပထမအရွယ်”။ ထိုပထမအရွယ်မှ လွန်မြောက်ခဲ့ပြီး စီးပွားရေး၊ လူမှုရေး နယ်ပယ်တွင် ဝင်ဆံ့လာပြီဖြစ်သော “ဒုတိယအရွယ်”။ အသိအတတ်ပညာများပြည့်စုံပြီးနောက် လူ့ဘ၀၊ လူ့အကြောင်းများ အတွေ့အကြုံများ အပေါ်တွင် နားလည်သုံးသပ်နိုင်ပြီဖြစ်သော အေးချမ်းမှုကို ရှာဖွေတွေ့ရှိနိုင်ပြီဖြစ်သော လူ့ဘ၀၏နောက်ဆုံး ခရီးသို့သွားရမည့် လမ်းအားတွေ့မြင်ရပြီဖြစ်သော “တတိယအရွယ်” ဟူ၍ အပိုင်း (၃) ပိုင်းပင်ဖြစ်ပေသည်။

    ဤအပိုင်း (၃) ပိုင်းအတွင်းသို့ ရောက်ရှိပြီဆိုလျှင် သင်သည် ပထမအရွယ်တွင် သင်လျောက်လှမ်းရမည့် လမ်းကို ပထမဦးစွာရွေးချယ်ရန် အခွင့်အရေးအား စတင်ရရှိလာပြီဖြစ်သောကြောင့် သင့်ဘ၀ကဏ္ဍအတွက် အရေးကြီးသော အစိတ်အပိုင်းသို့ရောက်ရှိလာပြီဖြစ်သည်။ လူ့ဘ၀တွင် ပထမဦးဆုံးခြေလှမ်း ပထဦးဆုံးအခွင့်အရေး ပထမ ဦးဆုံးသော ရွေးချယ်မှုသည် သင့်ဘဝအတွက် main point ပင်ဖြစ်၏။ သင့်အတွက် သင်ကိုယ်တိုင်ရွေးချယ်ရမည့် ပထမဦးဆုံးလမ်းသည် တည့်မတ် မှန်ကန်ရန်ဖြင့် များစွာလိုအပ်ပါသည်။ ပထမဦးဆုံးလမ်းသည် တိမ်းစောင်း၍ မှန်ကန်ခြင်း မရှိခဲ့လျှင် နောက်ထပ် နောက်ထပ် လမ်းများစွာအား ရွေးချယ်ရမည့် အချိန်တွင် ထပ်မံ၍ မှားယွင်းမှုများဖြင့် ကြုံတွေ့နိုင်ပေသည်။ ထို့အတွက်ကြောင့် ကိုယ်ကိုယ်တိုင်ရွေးချယ်ရမည့်လမ်းအား ကိုယ်ကိုယ်တိုင်ကျေနပ်မှုရှိဖို့နှင့် အရွေးမမှားရန်လိုအပ်ပေသည်။

    “အလိုအလျောက်ရောက်ရှိလာမည့်လမ်း”
    ————————————————
    သင်၏ဘ၀တစ်လျောက်တွင် တစ်ချို့တစ်ချို့သော ကိစ္စခြင်းရာများသည် မိမိတို့မည်သို့မှ ထင်မှတ်ထားခြင်း တွေးထားခြင်းမရှိဘဲနှင့် ရုတ်တရက် ဝင်ရောက် လာတတ်လေ့ရှိသည်။ (ကောင်းသောအကြောင်းတရား/ဆိုးသောအကြောင်းတရား) အကြောင်းတစ်ရားတစ်ခုအပေါ်တွင် တည်မှီ၍ လျောက်ရမည့်လမ်း။ ထိုသို့ပေါ်ပေါက်လာသော လမ်းအပေါ်တွင် သင်သည်ဆင်ခြင်သုံးသပ်နိုင်ရမည်။ သင်၏ အသိမျှလောက်နှင့် ဆင်ခြင်သုံးသပ်နိုင်ခြင်း မရှိပါက မိမိထက်ပို၍ တတ်သိနားလည်သော သူတစ်ဦးဦးအား တိုင်ပင်ဆွေးနွေးပါ။ အကြံကောင်းညဏ်ကောင်းများပေးနိုင်သည့် မိတ်ဆွေ (သို့မဟုတ်) ဆရာသမား အစရှိသည်သော နည်းလမ်းကောင်းများညွန်ပြနိုင်သူ တစ်ဦးဦး၏အကြံညဏ်နှင့် သင်၏ဆုံးဖြတ်မှုတို့ ပေါင်းစပ်လိုက်လျှင် ဤလမ်းသည် လျောက်သင့်သောလမ်းလော၊ မလျောက်သင့်သော လမ်းလောဆိုသည်ကို သိမြင်နိုင်ပေလိမ့်မည်။

    “ရွေးချယ်ခွင့်ရှိသောလမ်း”
    —————————-
    တစ်ချို့တစ်ချို့သောလမ်းများသည် သင့်အတွက် ရွေးချယ်နိုင်ရန် အကောင်းဆုံးသော အခွင့်အရေးများ ရှိနေတတ်ပေသည်။ ထိုသို့ မိမိရွေးချယ်ရမည့် အချိန်အခါ မိမိရွေးချယ်ရတော့မည့်အခြေအနေတွင် ပေါ်ပေါက်လာသည့် လမ်းသည် မိမိအတွက် အကောင်းဆုံးသော လမ်းဖြစ်နေဖို့ဖြင့်လိုပါသည်။ ရွေးချယ်ခွင့်ရှိသည့် အချိန်အခါတွင် သင်သည်အကောင်းဆုံးသောလမ်းကို မိမိရရရွေးချယ်နိုင်ဖို့လိုအပ်သည်။ မိမိရွေးချယ်ခြင်းမှန်ကန်ပါလျှင် သင်၏ဘ၀တစ်လျောက်၌ ကောင်းသော အသီးအပွင့်တို့ကိုသာ ရယူခံစားရမည်ဖြစ်ပေသည်။

    “ရွေးချယ်ခွင့်မရှိသည့်လမ်း”
    ———————————
    သင်သည် သင့်ကိုယ်သင် ညွှန်ပြနိုင်သူ သင့်ကိုယ်သင် ထိန်းသိမ်းနိုင်သူ တစ်ယောက်ဖြစ်ရန်လိုအပ်ပေသည်။ သင်၏ ဘ၀၌တွေ့ကြုံလာမည့် ကောင်းကောင်း ဆိုးဆိုး ရွေးချယ်ခွင့်မရှိသည့်လမ်းနှင့်ပတ်သက်၍ အခြေအနေအရ ရွေးချယ်နိုင်ခွင့်မရှိတော့ဘဲ ကြိုက်ကြိုက် မကြိုက်ကြိုက် လျောက်ရတော့မည်ဆိုလျှင် သင့်၌ခံနိုင်ရည်ရှိရတော့ပေမည်။ ထိုလမ်းပေါ်တွင် သင်၏ဇွဲ၊ လုံ့လ ကြံ့ကြံ့ခိုင်နိုင်မှုစွမ်းအားများသည် သင်၏အကောင်းဆုံးသော အဖော်မွန်များပင်ဖြစ်ပေလိမ့်မည်။

    မိမိဘ၀တွင် မိမိတို့ကိုယ်တိုင်ရွေးချယ်မိသောလမ်း၊ ရွေးချယ်ခဲ့ပြီးသောလမ်းသည် မိမိ အတွက်မည်မျှအကျိုးရှိနိုင်မည်၊ မည်မျှအကျိုးမဲ့နိုင်သည် ဆိုသည်ကို ပြန်လည် သုံးသပ်လေ့လာကြည့်သင့်ပေသည်။ မိမိတို့အရှေ့တွင်ရှိနေသော လမ်းများစွာထဲတွင် မည်သည့်လမ်းသည် ရွေးချယ်ရန်သင့်၏၊ မည်သည့်လမ်းသည် ရွေးချယ်ရန် မသင့်ဆိုသည်ကို အကောင်းဆုံးတွေး၍ အမှန်ကန်ဆုံး ဆုံးဖြတ်ရန် လိုအပ်ပေသည်။ တစ်ခါတစ်ရံ အကြောင်းအမျိုးမျိုးကြောင့် မိမိရွေးချယ်မိသောလမ်းသည် မကောင်းသော လမ်းမျိုးဖြစ်နေခဲ့မည်ဆိုလျှင် သင့်၌ပြင်ဆင်ရန်အချိန်ရှိပါသည်။ စိတ်ဓာတ်ကျဆင်း၍ မထူးဇာတ်ခင်းပြီး မလျောက်ပါနှင့်။ ကောင်းသော လမ်းကိုပြန်၍ရှာရမည်။ ကောင်းသောလမ်းပေါ်သို့ ရောက်ရှိနိုင်မည့် နည်းလမ်းများသည် သင်နှင့်အဝေးဆုံးတွင် ရှိမနေပါ။ သင်နှင့်အနီးဆုံး၌သာ ရှိနေပါသည်။ သင်၏ အသိနှင့်သင်၏ သတ္တိသည် သင့်အားညွှန်ပြသူပင်တည်း။

    သက်ဝေနှင်း

  • ခြံရှေ့ ပိတ်မရပ်ရ

    ခြံရှေ့ ပိတ်မရပ်ရ

    နိုဝင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    Z.Y ရေးသည်။
    No Parking    “သတိ… ကားအ၀င်အထွက်ရှိသည် အိမ်ရှေ့ပိတ်မရပ်ရ”

    အဆိုပါဆိုင်းဘုတ်ငယ်လေးများသည် ရန်ကုန်မြိုကတော်ကြီး၏ တိုက်ခန်း၊ မြေညီထပ်နှင့် ခြံဝန်းရှေ့တော်တော် များများတွင် နေရာယူနေလေ့ရှိသည်။ တော်ရုံတန်ရုံ သင့်တင့်သောငွေဖြင့် ကား ၀ယ်စီးနိုင်ပြီဖြစ်သော ယနေ့ခေတ်တွင် ရန်ကုန်မြို့တွင် ကားအစီးအရေအတွက် အများအပြား တိုးတက်လာပြီဖြစ်သဖြင့် ယာဉ်ကြော ပိတ်ဆို့မှုပြသာနာ၊ ကားပါကင် ထိုးရန်နေရာရှားပါးမှု ပြသာနာများမှာလည်း တိုးပွားလာရသည်မှာ သဘာဝကျပါသည်။

    လူမျှန်လျှင် အတ္တနှင့်မကင်းကြသည်မှာ လူ့သဘာဝပင်ဖြစ်သည်။ ငါ၏ သားသမီး၊ ငါ့ဆွေမျိုး၊ ငါ့ပစ္စည်းဥစ္စာ၊ ငါ့ရာထူး၊ ငါ့နေရာ အစရှိသော အတ္တစွဲများဖြင့်သာ နေ့စဉ် ဘ၀တွေကို လောင်မြိုက်ဖြတ်သန်းနေရသည်။ ထိုသို့သော အတ္တတွေကြားမှာ ကားတစ်စီးတစ်လေက ကိုယ့်အိမ်ရှေ့မှာ ပိတ်ရပ်ထားမှာကို စိုးရိမ်သည့် အတ္တစိတ်ကတော့ အနည်းငယ်ရယ်စရာ ကောင်းနေသည်။

    လူဆိုသည့် သတ္တ၀ါတွေသည် အမှန်တကယ်တမ်းတွေးကြည့်လျှင် လူ့ပြည်သို့ခေတ္တလာနေရသော ဧည့်သည်များပင်ဖြစ်သည်။ မွေးဖွားလာချိန်တွင်လည်း ဗလာနတ္တိဖြစ်သလို သေဆုံးသောအခါတွင်လည်း အသက်ရှင်စဉ်က ပိုင်ဆိုင်ခဲ့ပါသည်ဆိုသော မည်သည့်အရာများကိုမှ ယူဆောင်မသွားနိုင်ကြပဲ ဗလာနတ္တိပြန်လည် ထွက်ခွာသွားရပြန်သည်။

    ခေတ္တသာနေထိုင်ခွင့်ရသော လူ့ဘ၀တွင် “ငါ” စွဲများဖြင့် ရာထူး၊ အာဏာ၊ နေရာတို့ကို တပ်မက်ရင်းသာ အချိန်ကုန်နေမည် ဆိုပါက နှမြောစရာတော်တော်ကောင်း လိမ့်မည်။

    ယနေ့ခေတ်ကဲ့သို့ တိုးတက်ပြောင်းလဲနေသော ခေတ်ကြီးထဲတွင် ကိုယ်ပိုင်ကားဝယ်စီးနိုင်သူ မရှားသော်လည်း မြို့လယ်ခေါင်နှင့် လူစည်ကားရာနေရာများတွင် ကားရပ်ရန်နေရာကတော့ အလွန်တရာ ရှားပါးပေလိမ့်မည်။ အခက်အခဲများကြားမှ နေရာ လွတ်တစ်နေရာတွေ့လို့ ဝင်ရပ်ပြန်တော့လည်း ယခုကဲ့သို့ အိမ်ရှေ့ ဆိုင်းဘုတ်ချိတ်ထားသော အခါ ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိဖြစ်ရတော့သည်။

    ကျွန်တော်တို့မြန်မာလူမျိုးများသည် အလွန် အားနာတတ်သူများဖြစ်ကြသည်။ ထိုကဲ့သို့ “ကားပိတ်မရပ်ရ” ဆိုင်းဘုတ်ကို မြင်သည်နှင့် ထိုနေရာကို လုံးဝနီးပါးရှောင်ကြဉ်ပေး တတ်ကြသည်။ ထိုကဲ့သို့ဆိုင်းဘုတ် ချိတ်ထားသော အိမ်ရှေ့မျက်နှာစာ လမ်းမကြီးသည် အများပြည်သူပိုင်လမ်းပင်ဖြစ်သည်ဆိုတာကို ထည့်မစဉ်းစား အားနာတတ်သော စိတ်အစဉ်က “သူ့ခမျာ ကားအ၀င်အထွက် ခက်ရှာမှာပဲလေ” ဟူသော အတွေးဖြင့် သူများဒုက္ခကိုသာ စဉ်းစာပေးပြီး လောလောဆယ် ကိုယ်ကြုံနေရသော အခက်အခဲကို မဖြေရှင်းဘဲ ထိုနေရာကရှောင်ထွက်ပေးတတ်ကြသည်။

    သို့ပေမယ့် တစ်ခါတစ်လေတော့လည်း အတ္တ မကြီးတတ်သော အိမ်ရှင်များက အိမ်ရှေ့တွင် ဘာဆိုင်းဘုတ်မှ တပ်မထားပြန်တော့လည်း အလိုက် မသိတတ်သော ကားတစ်စီး တစ်လေက အိမ်ရှေ့ ပိတ်ရပ်ထားတတ်ပြန်ရာ ၀င်မရထွက်မရနှင့် ဒုက္ခရောက်ကြရပြန်သည်။

    လူတိုင်းလူတိုင်းကတော့ သူများအရေးထက် ကိုယ့်အတွက်ကိုသာ ဦးစားပေးတတ်ကြသည်မှာ မွေးရာပါ အတ္တစိတ်ပင်ဖြစ်လိမ့်မည်။ သို့သော်လည်း တိုးတက်ပြောင်းလဲနေသော ခေတ်ကြီး ထဲတွင် ကားအစီး အရေကလျော့သွားမည် မဟုတ်ဘဲ တိုးတက် ပွားရောလာဖို့သာရှိနေပြန်ရာ အတ္တစွဲသော ထိုဆိုင်းဘုတ်လေးများ အစား အခြားနည်းလမ်း တစ်ခုခုဖြင့် အစားထိုးကြည့်ရန် လိုအပ်နေပြီဖြစ်သည်။

    ကျွန်တော်ကြည့်ရူခဲ့ဘူးသော နိုင်ငံခြားရုပ်ရှင် ကားတစ်ခု (အမည်မမှတ်တိတော့ပါ) ထဲတွင် ကျင့်သုံးသွားသော ကား ပါကင်ရပ်နည်းလေးတစ်ခုမှာ စိတ်ဝင်စားစရာကောင်းသည်။ အလျင်လိုနေ၍ ကားကိုမြို့လယ်ခေါင် လမ်းဘေးတစ်နေရာတွင် ရပ်ခဲ့သောလူမှာ ကားရှေ့မှန်ထဲတွင် (ရှေ့မှမြင်သာသောနေရာတွင်)  သူ၏ဖုန်းနံပါတ်ကိုရေးကာထားပေးခဲ့ခြင်းပင်။ သဘောမှာ သူရပ်ထားသောကားကြောင့် အခြား ကားများဝင်ထွက်ရခက်နေပါက သူ့ကိုဖုန်းလှမ်းဆက်ကာ ဖယ်ခိုင်းလို့ရသည် ဆိုသောသဘောပင်ဖြစ်သည်။

    ထိုနည်းလေးကို လိုက်နာ ကျင့်သုံးကြည့်လျှင်ဖြင့် ကားပိုင်ရှင်ရော အိမ်ပိုင်ရှင်ပါ အဆင်ပြေချောမွေ့သွားလိမ့်မည်ဟု ထင်မြင်မိပါသည်။

    Z.Y

  • မိတ်ဆွေများနှင့် ချစ်ခွင့်ဟာ ရန်သူဆီကပဲ ရခဲ့တယ်

    မိတ်ဆွေများနှင့် ချစ်ခွင့်ဟာ ရန်သူဆီကပဲ ရခဲ့တယ်

    နိုဝင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    ညီသွေး ရေးသည်။
    Burma_8888_Ceremony_web_130907_672
    အမည်းတစ်စက်
    ကောင်းကင်နဲ့မြေကြီး လွဲသလို နည်းနည်းလေးပဲလွဲသွားတာပါ။ သမ္မတကြီး မိန့်ခွန်းတွေမှာ အမြဲတမ်းပါနေတဲ့ မြင်သာတဲ့ နိုင်ငံရေ အသွင်ကူးပြောင်းမှုဆိုတာ ဒါကိုခေါ်ပါသလား။ ဤပုံကိုကြည့် အဝေးကပင်မြင်နိုင်ပါ၏ ဆိုသလို လက်ခုပ် တစ်ဖောင်းမကမြင်တဲ့ ခြံစည်းရိုးကိုကျော်၊ သံဆူးကြိုးကိုခွ၊ ခနော်ခ နဲ့ ၀ါးလှေခါးနဲ့ အတက်အဆင်းလုပ်၊ ပဲခူးမြို့နယ်သာယာကုန်းကျေးရွာက ခလေးအရွယ်လူမမယ် မူလတန်းကျောင်းသားလေးတွေရဲ့ နေ့စဉ်ကျောင်းသွားကျောင်းပြန်ခရီးရဲ့ ခက်ခဲကြမ်းတမ်းလွန်းလှတဲ့ ပုံရိပ်တစ်ပိုင်းတစ်စ။ ဒီကလေးတွေ ကျောင်းသားနေရတာနဲ့ မတူတော့ဘူး။ DSA စစ်သင်တန်းကျောင်းသွားတက်နေရတာနဲ့ တူနေပြီ။ ဘယ်လိုအတွေးအခေါ်တွေနဲ့များ ဒီတံတိုင်းကို ခတ်ခဲ့သလဲဆိုတာတော့ မသိဘူး။ လုပ်ခိုင်းတဲ့သူ တာဝန်ခံတွေရဲ့ ဦးနှောက်ကိုတော့ သေရင်တောင် ဆေးစိမ်ပြီး ထိန်းသိမ်းထားရမဲ့ပုံပဲ။ ထမင်းချိုင့်တစ်ဖက်၊ ကျောပိုးအိတ်ကြီး တစ်ဖက်နဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ဒုက္ခကိုကြည့်ပြီး အစိုးရလူကြီးမင်းများ ဘယ်လိုခံစားရသလဲတော့ မသိ။ အဖေ အမေ အဘိုး အဘွားတွေကတော့ ဒီပုံကိုကြည့်ပြီး ရင်နာလို့ ပြစ်ပြစ်နှစ်နှစ်မေတ္တာပို့ကြတာ အသံတွေလျှံနေပါပြီ။ နိုင်ငံတော်အစိုးရရဲ့ ပွင့်လင်းမြင်သာပြုပြင်ပြောင်းလဲရေး ခရီးလမ်းမှာ တင်ကျန်နေရစ်မယ့် အမည်းတစ်စက်အဖြစ်တော့ မှတ်တမ်းဝင် ပုံရိပ်ဖြစ်ခဲ့ပါပြီ။

    ကျေးဇူးဆပ်လိမ့်မယ်
    ပထမ ဦးနေဝင်းအစိုးရ (၂၆) နှစ်နောက် စစ်အစိုးရနဲ့ အသွင်ပြောင်းအရပ်သား အစိုးရ (၂၆) နှစ်ပေါင်း (၅၄) နှစ်အတွင်းမှာ အာဏပိုင်တွေရဲ့ နှိပ်ကွက်မှု၊ ခရိုနီတွေရဲ့ ဖိနှိပ်မှု၊ ကုန်ဈေးနှုန်းတွေရဲ့ထုထောင်းမှု၊ စားဝတ်နေရေးကျပ်တည်းမှုကြောင့် ပြည်သူဟာနလံမထူနိုင်သေးပါဘူး။

    အရင်ခေတ်က ကျောင်းသားနဲ့ ဆန္ဒပြ အရပ်သားတွေဟာ အချုပ်ခန်းနဲ့ ထောင်တို့ရဲ့ သည်းခြေကြိုက်လူတန်းစား။ နောက်ဒီမိုကရေစီလို့ခေါ်ဆိုနေတဲ့ အရပ်သားအစိုးရ ခေတ်ရောက်တော့မှပဲ တောင်သူဦးကြီးတွေ၊ လယ်သမားတွေ၊ စက်ရုံအလုပ်ရုံ ၀န်ထမ်းတွေကိုလည်း ထောင်တွေ အချုပ်ခန်းတွေက ကြိုက်ကြတယ်ဆိုတာ မြင်ခဲ့သိခဲ့ရပါပြီ။ တောင်သူလယ်သမားတွေကို ဖမ်းဆီးထောင်ချတယ်ဆိုတာ မြန်မာနိုင်ငံကို နှစ်(၁၀၀) ကျော်နည်းမျိုးစုံနဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်ကိုလိုနီခေတ်ကပဲ ရှိခဲ့ဖူးတယ်။ အခုခေတ် လူငယ်တွေဆို ဆရာစံ အရေးတော်ပုံ၊ ၁၃၀၀ ပြည့်အရေးတော်ပုံဆိုတာ ဖတ်စာအုပ်ထဲမှာပဲ ဖတ်ဖူးကြားဖူးကြမှာပါ။ အခု ကိုလိုနီခေတ်ကို ပြန်သတိရပြန်တမ်းတ လွမ်းရအောင် တောင်သူလယ်သမားအရေးအခင်းပြန်လုပ်ပေးနေတဲ့ အစိုးရကိုကြံဖန်ကျေးဇူးတင်ရမှာပါ။ မကြာခင်တောင်သူဦးကြီးများကလည်း ၂၀၁၅ ပြည့် အရေးတော်ပုံတို့၊ လက်ပံတောင်းတောင် အရေးတော်ပုံတို့နဲ့ ပြန်ပြီး တုံ့ပြန်ကျေးဇူးဆပ်ကြပါလိမ့်မယ်။

    အရာရာအားလုံးကို အဆုံးသတ်ပေးမယ့် အရာကတော့ အမှန်တရားဆိုတာပါပဲ။ အလွန်အင်အားကြီးမားပါတယ်ဆိုတဲ့ ဟစ်တလာကို အဆုံးသတ်ပေး ပါတယ်။ ပြည်သူတွေ အကြောက်ကြီးကြောက်ခဲ့ရတဲ့ ကဒါဖီတို့ ဆဒမ်ဟူစိန်ကို အဆုံးသတ်ပေးပါတယ်။

    ငါးဖယ်နှင့်တူသောပြည်သူများဖြစ်လာပုံ
    ကျွန်တော်တို့ပြည်သူတွေဟာလည်း တဖြည်းဖြည်းနဲ့ ခေတ်မီလာပါပြီ။ နှစ်ပေါင်း များစွာ၊ နည်းပြပေါင်းများစွာ၊ သင်္ခန်းစာပေါင်းများစွာ၊ ကန်ချက်ပေါင်းများစွာနဲ့ ပွဲပေါင်းများစွာတိုးလာရတဲ့ ပြည်သူလူထုဆိုတဲ့အသင်းဟာ ဘယ်အသင်းနှင့်မဆိုရင်ဆိုင်နိုင်လောက်တဲ့အထိ ခြေတက်လာခဲ့ပါပြီ။

    ဒီနေရာမှာ ဆိုက်ဘီးရီးယားကနေ ဂျပန်ကိုငါးအရှင်ရအောင် တင်ပို့တဲ့အကြောင်းလေး သတိရမိတယ်။ ငါးအစိမ်းကြိုက်တဲ့ဂျပန်တွေအတွက် လတ်လတ်ဆတ်ဆတ်ငါး အရှင်တွေကို ယေယာဉ်နဲ့တင်ပို့တဲ့ အခါ လေယာဉ်မူးတဲ့ ဒဏ်နဲ့ ငါး ၄၀% လောက်လမ်းမှာတင် သေဆုံးကုန်တယ်။ သေတဲ့ငါးတွေ အကြောင့်တွက်ခြေ မကိုက်ဘဲ နစ်နာဆုံးရူံးမှု များလာလို့ သုတေသနလုပ် အဖြေရှာတဲ့အခါ တစ်ယောက်က ငါးသေတ္တာထဲကို ဂဏန်း ထည့်ဖို့အကြံပြုတယ်။ ဂဏန်းဆိုတာ ငါးရဲ့ရန်သူငါးတွေ ပိုတောင်သေအုံးမယ် မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ နောင်ဆုံးစမ်းသပ် ထည့်ကြည့်လိုက်တဲ့အခါ ရလာဒ်က ဂဏန်းထည့်လို့သေတဲ့ ငါးသေတ္တာထဲကငါးတွေရဲ့သေနှုန်း ၅%လောက်ပဲရှိတော့တယ်။ ဂဏန်းရဲ့တိုက်ခိုက်မှုကိုခံရတဲ့ ငါးတွေဟာ သတ္တိရှိလာတယ်။ လေယာဉ်မူးတဲ့ ဒဏ်တွေဘာတွေ မမှုတော့ဘူး။ အသက် ရှင်သန်ဖို့အတွက် ရင်ဆိုင်ကာကွယ်နေရင်းနဲ့ပဲ သာမန်ထက် အင်အားတွေမြင့်လခဲ့တယ်။ ဂဏန်း ကိုက်မှုကြောင့် ငါးအချို့သေဆုံးခဲ့ပေမဲ့ ငါးအများစုကတော့ ခုန်လှုပ် ရုန်းကန်နေတဲ့အတွက် ပိုမိုကျစ်လစ် ပိုလတ်ဆတ်စေခဲ့ပြီး နဂိုထက်တောင် အရသာကောင်းမွန်စေခဲ့တယ်တဲ့။

    အခုလည်း ဂဏန်းတွေနဲ့တူတဲ့ စစ်အာဏာရှင်တွေ ခရိုနီတွေရဲ့ကိုက်ခဲ ၀ါးမြိုမှုကြောင့် ပြည်သူတွေပိုပြီး မာကျောကျစ်လစ်လာတာ၊ စည်းလုံးညီညွတ်လာတာ၊ လှုံ့ဆော်လှုပ်ရှားမှုတွေ၊ ဆန္ဒဖော်ထုတ်မှုတွေ ဖိနှိပ်နေတဲ့ကြားက ပိုများလာတာ ဒီသဘောပါပဲ။ ထုလေမာလေ ငါးဖယ်လို ပြည်သူတွေတဖြည်းဖြည်းဖြစ်မှန်း မသိဖြစ်လာတာ နောင်တစ်ချိန် ငါးဖယ်နှင့်တူသော ပြည်သူများဖြစ်လာပုံဆိုပြီး သမိုင်းသစ်တွင် အုံးမှာပါ။

    ညှီသောအစိုးရ
    အာဏာခြံလုံဖို့အတွက်ဆို ဖြူနှင်းထွေးလို (၂၄) နှစ်အရွယ်မပြောနဲ့ မိချောင်းကန် သပိတ်စခန်းက အသက် (၇၀) ကျော် အဖွားအို သေဆုံးသွားတာလည်း မဖြေရှင်းပေးပဲ ထိုင်ကြည့်နေနိုင်တဲ့ အစိုးရ။ ဘုရားနဲ့ တစ်ကိုင်းတည်းထားရမယ့် သံဃာတော်တွေလည်း မရှောင်။ စေတီပုထိုးကျောင်းကန်တွေလည်း မလွတ်။ ဒီလို နှလုံးရည်ပြည့်ဝတဲ့ အစိုရပါ။ လက်ရုံးရည်လည်းကြည့်ကြပါဦး။

    အပ်တို တစ်ချောင်းမျှမရှိရှာတဲ့ သံဃာတွေ၊ ပြည်သူတွေရဲ့သပိတ်စခန်းတွေ ကျောင်းသင်္ခန်းတွေကို ဝင်ရှင်းတဲ့နေရာမှာဆို မက္ကဆီကို ဘိန်းချက်စခန်းတို့၊ အစွန်းရောက် IS စခန်းတွေဝင်ရောက်စီးနင်းတဲ့ ကွန်မန်ဒိုတွေထက် ပိုသွက်တယ်။

    .ပြည်သူလူထု လုံခြုံရေး အတွက်တော့ ရဲစခန်းထဲ ဝင်ပြေးတော့မှ စခန်းမှုးစားပွဲရှေ့ အသက်ပေးလိုက်ရတဲ့ သူနဲ့၊ တရားရုံးထဲကျမှ သေပွဲဝင်ရရှာတဲ့သူနဲ့၊ အုပ်စုဖွဲ့လူသတ်မှု ကျူးလွန်နေတာတွေကို ရပ်ကြည့်နေတဲ့ရဲတပ်ဖွဲ့တွေနဲ့ တက်ညီလက်ညီ အဖွဲ့ဝင်တွေစုံညီပါတဲ့ ကျွန်တော်တို့ရဲ့ ညှီသော အစိုးရပါပဲ။

    စိတ်ကျန်းမာရေးဆေးရုံသို့
    ပွဲဆူဖို့အတွက် ပြည်သူတွေ လမ်းလွဲဖို့အတွက် ဆိုလျှင်တော့ ပြည်သူ သန်း (၅၀) ကျော်ကို ဗြောင်လိမ်ခဲ့တဲ့ ခေါင်းလောင်းဆယ်မယ်ဆိုတဲ့ မောင်စံရွီး အဲလေ မောင်စံလင်းတို့ အဖွဲ့ကို အရေးမယူတဲ့ အပြင် ယုံမိတဲ့ပြည်သူကိုတောင် အယုံလွယ်လို့ ခပ်ညံ့ညံ့ပြည်သူဆိုပြီး အပြစ်တင်လိုက်ပါသေးတယ်။

    တစ်ကယ်ဆို ခေတ်မီဖွံ့ဖြိုး တိုးတက်နေတဲ့ ခေတ်ကြီးမှာ ရွှေရောင်နဂါးကြီးတွေ ငဇင်ကာ ပင့်တယ်ဆိုတာတွေ ဘာညာနဲ့ ကြောင်တောင်တောင်ထလုပ်တဲ့ ကိစ္စတွေကို အရေးမယူတောင် စိတ် ကျန်းမာရေးဆေးရုံတို့ ဘာတို့ ကြတ်မတ်ပြီး ပို့ပေးသင့်တယ်မလား။ အခုတော့ ရှေ့ကလူကို အရေးမယူတော့ နောက်ကတစ်ဖွဲ့က ပွဲဆူမလားထပ်ပြီး သွေးတိုးစမ်းဦးမယ်ဆိုပဲ။ ခေါင်းလောင်းဖော်မယ့် အစား ကျောင်းကောင်းကောင်းတွေ ဖော်ဆောင်ကြလျှင်ဖြင့် မိဘပြည်သူ နတ်လူ သာဓုခေါ်ခံရပါလိမ့်ဦးမည်။

    အမှန်တရားက အဆုံးသတ်ပေးတယ်
    ၂၀၁၅ ပန်းတိုင်ကြီးက နီးလာပါပြီ။ ပန်းတိုင်နဲ့နီးလာသလောက် ဆန္ဒပြပွဲတွေ၊ ပဋိပက္ခတွေ၊ သပိတ်တိုက်ပွဲ ဆင်နွဲမှုတွေနဲ့ ပန်းတိုင်ပျောက်မယ့် လမ်းလွဲတွေကလည်း ဝေစည်လာပါတယ်။ ပြည်သူကဖြစ်ချင်နေတာတွေ ဘာတစ်ခုမှ မဖြစ်သေးဘူး။ ဖြစ်သင့်တဲ့အရာတွေလည်း ဖြစ်မလာသေးဘူး။ ဖြစ်သွားတဲ့ အရာတွေကလည်း တစ်ခုမှ ကောင်းကွက်မရှိ။ အဖြူတစ်စက် အနက်တစ်ရာဆိုတဲ့ စကားကို သရုပ်ဖော်နေတဲ့ ပြကွင်းပြကွက်တွေ ချည်းထိုင်ကြည့်နေရတဲ့ ပရိသတ်ပြည်သူသာ မျှော်ရင်းနဲ့သာ ပေါ်မလာလည်တိုင်တွေသာ ကျီးပေါင်းထခဲ့ရပြီ။ ဒါပေမယ့် ဘယ်လို ဇာတ်လမ်းတွဲပဲဖြစ်ဖြစ် ဇာတ်သိမ်းခန်းဆိုတာရှိပါတယ်။ အရာရာအားလုံးကို အဆုံးသတ်ပေးမယ့် အရာကတော့ အမှန်တရားဆိုတာပါပဲ။

    အလွန်အင်အားကြီးမားပါတယ်ဆိုတဲ့ ဟစ်တလာကို အဆုံးသတ်ပေး ပါတယ်။ ပြည်သူတွေ အကြောက်ကြီးကြောက်ခဲ့ရတဲ့ ကဒါဖီတို့ ဆဒမ်ဟူစိန်ကို အဆုံးသတ်ပေး ပါတယ်။ ဘဝမှာ ဘုရင်ခံဖြစ်ခဲ့ပေမယ့် အာဇာနည်တွေကို လုပ်ကြံခဲ့လို့ ကြိုးစင်တက်ခဲ့ရတဲ့ဂဠူန်ဦးစော၊ မတရားဖိနှိပ်ခံရတဲ့ တောင်သူလယ်သမားအရေး အတွက် အကျိုးစွန့် တော်လှန်ပုန်ကန်ခဲ့တဲ့ ဂဠူန်ဆရာစံ ကြိုးစင်တက်ရတာချင်း အတူတူ သူတို့ရရှိခဲ့တဲ့ သမိုင်း ရလာဒ်ချင်းကတော့ မိုးနဲ့မြေကွာခြားပါတယ်။ အာဏာရှင် ဦးနေ၀င်းရဲ့နောက်ဆုံးခရီးမှာ လိုက်ပါပို့ဆောင်သူ အယောက် (၂၀) မပြည့်ပါဘူး။

    အမှန်တရားက ဒီလိုပဲ သမိုင်းတွေကို အဆုံးသတ်ပေးပါတယ်။ ကျွန်တော်တို့ပြည်သူတွေဟာ သင်္ခန်းစာတွေ အတွေ့အကြုံတွေကို အရှိုးရာတွေ၊ သွေးတွေချွေးင်္တေ၊ အသက်ဇီဝတွေနဲ့ရင်းပြီး ရယူခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ဒီထက်ပို စည်းလုံညီညွတ်ရမယ်။ သွေးထိုးလှုံ့ဆော်မှုတွေ၊ ဘာသာရေး သပ်လျှိုမှုတွေ အမုန်းစကားတွေကို  လက်တွဲမဖြုတ်ကြံ့ကြံ့ ရင်ဆိုင်နိုင်စွမ်းရှိရမယ်။ ပန်းတိုင်ကို မျက်ခြေပြတ်ခံလို့ မဖြစ်ပါဘူး။ ကဗျာဆရာကြီး အာချီဘောမက္ကလေ့ရှ်ကပြောပါတယ်။ အတွေ့အကြုံက တစ်ဆင့်သင်ယူရထက်ပိုပြီး အဆင်းရဲခံရတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ အတွေ့အကြုံက တစ်ဆင့် မသင်တဲ့ ယူပဲတဲ့။ သင်ယူခဲ့ပြီးသား အတွေ့အကြုံကို မေ့ပစ်လိုက် လျှင်တော့ နောက်ထပ် အနှစ်(၅၀) (၆၀) လောက်အမှောင်ခေတ်ထဲမှာ ကျွန်တော်တို့တွေ ၀ဲလည်လိုက်ခံရပါလိမ့်မယ်။