News @ M-Media

Tag: Asean

  • မြန်မာပြည်သူများကို အကူအညီပေးနိုင်ရေး အာဆီယံက ဆွေးနွေးအဖြေရှာမည်

    မြန်မာပြည်သူများကို အကူအညီပေးနိုင်ရေး အာဆီယံက ဆွေးနွေးအဖြေရှာမည်

    မေ ၅၊ ၂၀၂၂

    M-Media 


    -မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနိုင်ရေး အာဆီယံနိုင်ငံတွေက သောကြာနေ့မှာ ဆွေးနွေးပွဲတစ်ခု လုပ်ဖို့ရှိနေပါတယ်။ 

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန်၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှုး ဖြစ်တဲ့ အာဆီယံ အထွေထွေအတွင်းရေးမှုး လင်ဂျွတ်ဟွေတို့က ဒီဆွေးနွေးပွဲကို ဦးဆောင်မှာပါ။ 

    ဆွေးနွေးပွဲကို ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်မှာလုပ်မှာဖြစ်ပြီး အာဆီယံအဖွဲ့၀င်နိုင်ငံအားလုံးက အဆင်မြင့်အရာရှိတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းက တာ၀န်ရှိသူတွေ တစ်ချို့ လူကိုယ်တိုင် တက်ရောက်ကာ၊ တစ်ချို့ကတော့ အွန်လိုင်းက တက်ရောက်မှာ ဖြစ်ပါတယ်။ 

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူတွေကို အခြေခံကာ ခွဲခြားမှုမရှိဘဲ မြန်မာနိုင်ငံအတွင်းက လူ့အဖွဲ့အစည်းအားလုံးကို အကူအညီတွေပေးနိုင်ရေး လမ်းညွှန်ချက်တစ်ရက် ထွက်လာစေမယ့် ဆွေးနွေးပွဲမျိုး ဖြစ်လိမ့်မယ်လို့ ကမ္ဘောဒီးယားရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ကမ္ဘောဒီးယားဟာ အခုနှစ် အာဆီယံအဖွဲ့ ဥက္ကဌအဖြစ် တာ၀န်ယူထားတာပါ။ 

    မြန်မာနိုင်ငံကို အကူအညီပေးရေးမှာ အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ ကိုဗစ်ကာကွယ်ဆေးကို လူ့အဖွဲ့အစည်းတိုင်းရအောင် ဆောင်ရွက်နိုင်ရေး ကိစ္စတွေကို အစည်းအ၀ေးမှာ ဆွေးနွေးဖို့ ရှိနေပါတယ်။ 

    Ref: The Star 

  • အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖေဖော်ဝါရီတွင် ကျင်းပမည်

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖေဖော်ဝါရီတွင် ကျင်းပမည်

    ဇန်နဝါရီ ၂၉၊ ၂၀၂၂
    M-Media

    -အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စ ဆွေးနွေးသွားမယ်လို့ ကမ္ဘောဒီးယားက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    ကမ္ဘောဒီးယားဟာ ၂၀၂၂ ခုနှစ် အာဆီယံ ဥက္ကဌအဖြစ် တာဝန်ယူမှာပါ။ အစည်းအဝေးမကျင်းပခင် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန် မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ဆိုခွန်ဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ်လည်း တာဝန်ယူထားပါတယ်။

    ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာတော့ ဆိုခွန်ရဲ့ခရီးစဉ်မှာ ပြီးခဲ့တဲ့နှစ်က ရရှိတဲ့ အာဆီယံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးကို စစ်ကောင်စီနဲ့ ဆွေးနွေးမှာဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြန်လည်တင်ပြလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

    ဇန်နဝါရီလ အစပိုင်းမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကိုသွားရောက်ကာ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မကျေနပ်တဲ့အတွက် ဇန်နဝါရီ နှောင်းပိုင်းမှာလုပ်ဖို့ စီစဉ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဖျက်သိမ်းခဲ့ရပါတယ်။

    Ref: Reuters

  • အာဆီယံမှ လယ်ယာထွက်ကုန် ဒေါ်လာ ဘီလီယံ ၁၅၀ ဖိုး တရုတ်က ဝယ်ယူမည်

    အာဆီယံမှ လယ်ယာထွက်ကုန် ဒေါ်လာ ဘီလီယံ ၁၅၀ ဖိုး တရုတ်က ဝယ်ယူမည်

    နိုဝင်ဘာ ၂၃၊ ၂၀၂၁
    M-Media

    -လာမယ့် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေကနေ လယ်ယာထွက်ကုန် ဒေါ်လာ ဘီလီယံချီ ဝယ်ယူသွားမှာဖြစ်ပြီး၊ အကူအညီတွေလည်း ပေးအပ်သွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့က တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

    ဒီအစည်းအဝေးမှာ မြန်မာအဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်နဲ့ အာဆီယံက တက်ခွင့် မပေးပါဘူး။

    အင်အားနည်းတဲ့ အိမ်နီးချင်းနိုင်ငံတွေကို အနိုင်ကျင့်မှာမဟုတ်ဘူးလို့ အဖွင့်မိန့်ခွန်းမှာ သမ္မတရှီက ပြောကြားခဲ့သလို၊ နောက်ထပ် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေကနေ အဆင့်မီတဲ့ လယ်ယာထွက် ကုန်ပစ္စည်း ကန်ဒေါ်လာ ဘီလီယံ ၁၅၀ ဖိုး ဝယ်ယူတင်သွင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်ကစလို့ တရုတ်ဟာ ဥရောပသမဂ္ဂကို​ ကျော်တက်ပြီး အာဆီယံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အာဆီယံနဲ့ တရုတ်တို့အကြား မိတ်ဖက်ဆက်ဆံမှုဟာ နှစ်ပေါင်း ၃၀ ပြည့်ခဲ့ပါပြီ။

    အာဆီယံနိုင်ငံတွေ ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ထူထောင်ဖို့အတွက် နောက်ထပ် ၃ နှစ်အတွင်း ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိတဲ့ အကူအညီတွေ ပေးအပ်သွားမယ်လို့လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: RFA

  • နိုင်ငံငယ်များကို ဗိုလ်ကျမည်မဟုတ်ဟု တရုတ်က အာဆီယံမိန့်ခွန်းတွင် ထည့်ပြော

    နိုင်ငံငယ်များကို ဗိုလ်ကျမည်မဟုတ်ဟု တရုတ်က အာဆီယံမိန့်ခွန်းတွင် ထည့်ပြော

    နိုဝင်ဘာ ၂၂၊ ၂၀၂၁
    M-Media

    -ပတ်ဝန်းကျင်က နိုင်ငံငယ်တွေအပေါ် အနိုင်ကျင့်ဗိုလ်ကျမှာ မဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီနေ့ပြုလုပ်တဲ့ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

    အဖွင့်မိန့်ခွန်းမှာ ရှီက အခုအစည်းအဝေးဟာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှားတို့နဲ့ တရုတ်တို့ဟာ တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှု ပြဿနာ ရှိနေတာပါ။ တရုတ်က တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံး သူတို့ရဲ့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပြီး အငြင်းပွားနေတဲ့ နယ်နမိတ်တွေမှာ ကျွန်းတုတွေဆောက်တာ၊ စစ်စခန်းဆောက်တာလို နယ်မြေစိုးမိုးဖို့ ကြိုးစားမှုတွေ ရှိနေတဲ့အတွက် အာဆီယံနိုင်ငံတွေနဲ့ မကြာခဏဆိုသလို တင်းမာမှုတွေ ဖြစ်နေတာ ဖြစ်ပါတယ်။

    တောင်တရုတ်ပင်လယ်က သူတို့ပိုင်တဲ့ သန္တာကျောက်တန်းကို သွားတဲ့ သင်္ဘောတွေကို တရုတ်ကမ်းခြေစောင့် သင်္ဘောတွေက ရေပိုက်နဲ့ထိုးပြီး ပြန်လှည့်ခိုင်းတဲ့ လတ်တလောကိစ္စအတွက် ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ကြာသာပတေးနေ့မှာ တရုတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။

    ဒီကနေ့ အဖွင့်မိန့်ခွန်းမှာ ရှီက မိမိတို့ဟာ နိုင်ငံငယ်တွေအပေါ် ဗိုလ်ကျစိုးမိုးရေးဝါဒ ကျင့်သုံးမှာမဟုတ်ဘဲ၊ မိမိတို့ရဲ့ အင်းအားကြီးမားမှုကို အားပြုပြီး အနိုင်အထက်ပြုတာမျိုး လုပ်မှာမဟုတ်ကြောင်း၊ ‘ကြားဝင်စွက်ဖက်ရေးဝါဒ’ ပျက်သုဉ်းသွားအောင် အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တရုတ်ဟာ အာဆီယံအတွက် အိမ်နီးချင်းကောင်း၊ မိတ်ကောင်းဆွေကောင်းအဖြစ် အရင်ကရှိခဲ့ပြီး၊ အခုလည်းရှိနေသလို နောင်အမြဲတမ်း ဒီလိုပဲ ရှိသွားမှာပါ”

    Ref: Reuters

  • တရုတ်-အာဆီယံ ထိပ်သီးအစည်းအ၀ေးပွဲကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တက်ခွင့်မရ

    တရုတ်-အာဆီယံ ထိပ်သီးအစည်းအ၀ေးပွဲကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တက်ခွင့်မရ

    နို၀င်ဘာ ၂၂၊ ၂၀၂၁
    M-Media

    -တရုတ်-အာဆီယံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအ၀ေးကို ဒီကနေ့ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့် မရပါဘူး။

    အွန်လိုင်းကပြုလုပ်တဲ့ ဒီထိပ်သီးအစည်း၀ေးကို မြန်မာစစ်ခေါင်းဆောင်တက်ရောက်ဖို့ တရုတ်ဖက်က ကြိုးပမ်းခဲ့ပေမယ့် အာဆီယံနိုင်ငံတွေက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

    မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက အစည်းအ၀ေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်မပေးဖို့ အာဆီယံနဲ့ တရုတ်တို့ သဘောတူခဲ့တယ်လို့ မီဒီယာတွေကို ပြောပါတယ်။

    မြန်မာအာဏာသိမ်းစစ်ကောင်စီဖက်က ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အောက်တိုဘာလအတွင်းက ကျင်းပပြုလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်း၀ေးကိုလည်း တက်ခွင့်မရပါဘူး။ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး အာဆီယံနဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေကို မလိုက်နာတဲ့အတွက် အစည်းအ၀ေးတက်ရောက်ခွင့် ပိတ်ပင်တာလို့ အာဆီယံဖက်က သတင်းထုတ်ပြန်ပါတယ်။

    နိုင်ငံရေးဖက်က မဟုတ်တဲ့ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးဌာနက အကြီးတန်းတာ၀န်ရှိသူတစ်ဦးကို အာဆီယံက အောက်တိုဘာထိပ်သီးအစည်းအ၀ေး တက်ခွင့်ပေးပေမယ့် စစ်ကောင်စီက မစေလွှတ်ခဲ့ပါဘူး။

    အဖွဲ့၀င်နိုင်ငံတစ်ခုကို အခုလို ဖယ်ကျဥ်တာဟာ အာဆီယံသမိုင်းမှာ မကြုံစဖူးကိစ္စလည်း ဖြစ်ပါတယ်။

    Ref: CNA