News @ M-Media

Tag: Australia

  • သြစတေးလျရှိ လိင်စော်ကားခံရသူများကို ကူညီရေးအစီအစဉ်တွင် ကက်သလစ်အသင်းတော် ပါဝင်မည်

    သြစတေးလျရှိ လိင်စော်ကားခံရသူများကို ကူညီရေးအစီအစဉ်တွင် ကက်သလစ်အသင်းတော် ပါဝင်မည်

    မေ ၃၀၊ ၂၀၁၈
    M-Media

    – နိုင်ငံတစ်ဝှမ်း ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အားကစားကလပ်တွေမှာ လိင်စော်ကားမှုကို ခံခဲ့ရသူတွေကို နှစ်သိမ့်ကူညီရေး အစိုးရရဲ့ အစီအစဉ်မှာ ပါဝင်သွားမယ်လို့ သြစတေးလျ ခရစ်ယာန်ကက်သလစ်အသင်းတော်က ပြောကြားလိုက်ပါတယ်။

    နိုင်ငံအတွင်းက အသင်းအဖွဲ့တွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ပတ်သက်ပြီး တော်ဝင်ကော်မရှင်က ဦးဆောင်ကာ ၅ နှစ်တာ ပြုလုပ်ခဲ့တဲ့ စုံစမ်းဖော်ထုတ်မှုမှာ ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေရဲ့ ၇ ရာခိုင်နှုန်းလောက်ဟာ ၁၉၅၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ကလေးငယ်တွေအပေါ် လိင်စော်ကားမှုတွေ ရှိခဲ့တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    ထိခိုက်ခံစားရသူတွေကို နှစ်သိမ့်ကူညီကာ နစ်နာကြေးပေးရေး ဆောင်ရွက်ဖို့အတွက် အစိုးရနဲ့ အသင်းအဖွဲ့တွေကို ကော်မရှင်က ဖိအားပေးခဲ့ပါတယ်။

    “ဓနသဟာယအစိုးရက ဦးစီးပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှစ်သိမ့်ကူညီရေးအစီအစဉ် ဆောင်ရွက်ဖို့ တော်ဝင်ကော်မရှင်ရဲ့အကြံပြုချက်ကို ကျွန်တော်တို့ ထောက်ခံပါတယ်။ ဒီအစီအစဉ်မှာလည်း ပါဝင်ဖို့ ဆန္ဒရှိပါတယ်” လို့ သြစတေးလျ ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးများအသင်းရဲ့ ဥက္ကဌ ဆရာတော် မာ့ခ် ကိုလီရစ်ဂ်ျက ပြောကြားခဲ့ပါတယ်။

    “ထိခိုက်ခံစားရသူတွေဟာ တရားမျှတမှု၊ နှစ်သိမ့်အားပေးမှုတွေနဲ့ ထိုက်တန်ပြီး တော်တော်များများဟာ သတ္တိမွေးကာ သူတို့ရဲ့အကြောင်းတွေကို ထုတ်ပြောခဲ့ရတာ ဖြစ်ပါတယ်”

    အဲဒီ လျော်ကြေးပေးတဲ့အစီအစဉ်ကို သြစတေးလျအစိုးရက ဦးဆောင်မှာဖြစ်ပြီး ကက်သလစ်အသင်းတော်ဟာ ဒီကိစ္စမှာပါဝင်တဲ့ ပထမဆုံး အစိုးရမဟုတ်တဲ့အဖွဲ့အစည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

    သြစတေးလျရဲ့ အမြင့်ဆုံး စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းဖြစ်တဲ့ တော်ဝင်ကော်မရှင်ဟာ ခရစ်ယာန်ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အားကစားကလပ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လိင်စော်ကားမှုပေါင်း ၈၀၀၀ လောက်ကို ကြားနာခဲ့ပါတယ်။

    ထိခိုက်ခံစားရသူတွေအတွက် နစ်နာကြေးပမာဏကိုတော့ အစိုးရနဲ့ အအခြားအသင်းအဖွဲ့တွေ ပါဝင်မှုအပေါ်လိုက်ကာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

    Ref: BBC

  • သောကြာနေ့မနက် နိုင်ငံတကာ သတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာ သတင်းများ

    မေ ၁၁၊ ၂၀၁၈
    M-Media

    မလေးရှားအစိုးရသစ် စီးပွားရေးနှင့်ဘဏ္ဍာရေးကို အဓိကထားလုပ်မည်
    =============
    တိုင်းပြည်ရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေး တိုးတက်ကောင်းမွန်အောင် အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံပိုင် 1MDB ရန်ပုံငွေက ပျောက်နေတဲ့ ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေ ပြန်ရအောင် ဆောင်ရွက်သွားမယ်လို့ မလေးရှားသမ္မတသစ် မဟာသီယာမိုဟာမက်က ပြောကြားလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်ဟောင်း မဟာသီဦးဆောင်တဲ့ အတိုက်အခံတွေဟာ အာဏာရပါတီကို အံ့ဖွယ်အနိုင်ရခဲ့ပြီး မနေ့မှာ မဟာသီက ၀န်ကြီးချုပ်သစ်အဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့၊ တိုင်းပြည်ရဲ့ အခြေခံဥပဒေနဲ့ ဥပဒေတွေကို ဆက်လက် လိုက်နာ ထိန်းသိမ်းသွားဖို့လည်း ကတိပြုခဲ့ပါတယ်။

    သြစတေးလျက အသက် ၁၀၄ နှစ်အရွယ်အဘိုးအို သေဆုံးခွင့်ရ
    =============
    အသက်အရွယ်ကြီးရင့်မှုကြောင့် လူ့လောကမှာ မနေလိုတဲ့ အသက် ၁၀၄ နှစ်အရွယ် သြစတေးလျနိုင်ငံသား သိပ္ပံပညာရှင် ဂွဒ်ဒေါလ်ဟာ ဆွစ်ဇာလန်က ဆေးခန်းတစ်ခုမှာ မနေ့က ထိုးဆေးနဲ့ အေးချမ်းစွာ အသက်ဇီဝိန် ချုပ်ငြိမ်းသွားပါတယ်။ ဘ၀အခြေအနေ ဆိုးရွားတဲ့အတွက် သေဆုံးခွင့်ရရေး ဂွဒ်ဒေါလ်ရဲ့ ကြိုးပမ်းမှုကြောင့် ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေရဲ့ အာရုံစူးစိုက်မှုကိုလည်း ရရှိခဲ့ပါတယ်။ ဘေဆယ်မြို့က ဆေးခန်းတစ်ခုမှာ ဆေးထိုးပြီး အဆုံးမစီရင်ခင် ဂွဒ်ဒေါလ်ဟာ နောက်ဆုံးအနေနဲ့ သူကြိုက်နှစ်သက်တဲ့ အစားအသောက်ကို စားသောက်ကာ၊ သူနှစ်သက်တဲ့ ဘီသိုဘင် ဂီတကိုလည်း နားထောင်သွားခဲ့ပါတယ်။

    အီရန်အပေါ် အမေရိကန်က ပိတ်ဆို့မှုလုပ်
    ==================
    အီရန် တော်လှန်ရေးအစောင့်တပ်နဲ့ ပတ်သက်နေပြီး၊ အဲဒီအဖွဲ့ရဲ့ ဆိုးရွားတဲ့ လုပ်ငန်းတွေမှာ ငွေကြေး သန်းနဲ့ချီ ထောက်ပံ့ပေးတဲ့ လူပုဂ္ဂိုလ် ၆ ဦးနဲ့ ကုမ္ပဏီ ၃ ခုတို့ကို ပိတ်ဆို့မှုတွေလုပ်လိုက်တယ်လို့ အမေရိကန်က ကြေငြာခဲ့ပါတယ်။ ယူအေအီးနဲ့ ပူးပေါင်းပြီး ဒီလို ပိတ်ဆို့မှုတွေလုပ်ကာဖြစ်ကာ အီရန် ဗဟိုဘဏ်ကလည်း အစောင့်တပ်ကို ကူညီပေးနေတယ်လို့ ကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် မူချင်က ပြောကြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က အီရန်နဲ့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်က ကြေငြာပြီးနောက်ပိုင်း အခုလို ပထမဆုံး ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။

    အီရန်-အစ္စရေး ထိပ်တိုက်တွေ့မှုကို ကမ္ဘာ့နိုင်ငံများ သတိပေး
    ==============
    ဆီးရီးယားနိုင်ငံအတွင်း အစ္စရေးက အကြီးစား ကျူးကျော်တိုက်ခိုက်မှုတစ်ခု မနေ့မှာ ပြုလုပ်ခဲ့ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ တင်းမာမှု မြင့်တက်လာတာနဲ့ပတ်သက်ပြီး ကုလ၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့က သတိပေးလိုက်ကာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ သူတို့သိမ်းထားတဲ့ ဆီးရီးယားပိုင် ဂိုလန်တောင်ကုန်းကို အီရန်တပ်ဖွဲ့တွေက ဒုံးကျည်ပစ်တယ်ဆိုပြီး အစ္စရေးက ဒီစစ်ဆင်ရေးကို ပြုလုပ်ခဲ့ကာ ဆီးရီးယားမှာရှိတဲ့ အီရန်ပစ်မှတ်တွေကို ချေမှုန်းခဲ့တာလို့ ဆိုပါတယ်။ အီရန်ကတော့ ဒီကိစ္စအတွက် ဘာမှ မထုတ်ပြန်ပါဘူး။ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စကို ဆက်လက် သတိထားစောင့်ကြည့်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: CNA,BBC

  • ဗာတီကန်မှ ထိပ်တန်းခရစ်ယာန်ဘုန်းကြီး လိင်စော်ကားမှုဖြင့် တရားရင်ဆိုင်ရမည်

    ဗာတီကန်မှ ထိပ်တန်းခရစ်ယာန်ဘုန်းကြီး လိင်စော်ကားမှုဖြင့် တရားရင်ဆိုင်ရမည်

    မေ ၁၊ ၂၀၁၈
    M-Media

    ကာဒီနယ် ဂျော့ဂ်ျပဲလ်

    – ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ထိပ်တန်းအကြံပေးဟောင်းဖြစ်သူ ကာဒီနယ် ဂျော့ဂ်ျပဲလ်အနေဖြင့် ယခင်က ကျူးလွန်ခဲ့သည်ဟုဆိုသော လိင်ပိုင်းဆိုင်ရာစော်ကားမှု စွဲချက်များအတွက် တရားရင်ဆိုင်ရန် သြစတေးလျတရားရုံးက ယနေ့တွင် ဆုံးဖြတ်ခဲ့သည်။

    အသက် ၇၆ နှစ်အရွယ်ရှိ ပဲလ်မှာ ဗာတီကန်၏ ဘဏ္ဍာရေးအကြီးအကဲဟောင်းဖြစ်ပြီး ခရစ်ယာန် ကက်သလစ်အသင်းတော်၌ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် တရားစွဲဆိုခံရသည့် ဘုန်းကြီးများတွင် ရာထူးအကြီးဆုံး ဖြစ်လာခဲ့သည်။

    မဲလ်ဘုန်းတရားရုံးတွင် တစ်လတာ ကနဦးကြားနာမှုများ ပြုလုပ်ခဲ့ပြီးနောက် တရားသူကြီး ဘီလင်ဒါ ၀ယ်လင်တန်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအတွက် ပဲလ်အနေဖြင့် တရားရင်ဆိုင်ရေး တင်ပြသော အထောက်အထားများကို အားရကျေနပ်မှုရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    လျှောက်လှဲချက်ပေးရန် အခွင့်ပေးသောအခါ ပဲလ်က ‘အပြစ်မရှိ’ ဟု အော်ဟစ်ခဲ့သည်။ ပဲလ်မှာ ပြီးခဲ့သည့်နှစ် ဇွန်လ တရားစွဲဆိုခံရကတည်းက အပြစ်မရှိကြောင်း ကာကွယ်ခဲ့သည်။

    ကာဒီနယ်ပဲလ်မှာ လက်ရှိတွင် ဗာတီကန်မှ ခွင့်ဖြင့် သြစတေးလျသို့ တရားရင်ဆိုင်ရန် ရောက်ရှိနေခြင်းဖြစ်သည်။

    ပဲလ်အပါ် ပြုလုပ်ထားသည့် စွဲချက်များနှင့် ရာဇ၀တ်မှုများအတွက် တရားရုံးက အများပြည်သူသို့ ထုတ်ပြန်ခြင်း မပြုသေးဘဲ လျှို့ဝှက်ထားသည်။

    Ref: Aljazeea

  • အာဆီယံအဖွဲ့ဝင်ဖြစ်ရေး သြစတေးလျကို အင်ဒို ဖိတ်ခေါ်

    အာဆီယံအဖွဲ့ဝင်ဖြစ်ရေး သြစတေးလျကို အင်ဒို ဖိတ်ခေါ်

    မတ် ၁၆၊ ၂၀၁၈
    M-Media

    – သြစတေးလျကို အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်စေချင်ပြီး ဒေသတွင်း ကာကွယ်ရေး၊ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ ပိုမိုကျယ်ပြန့်တဲ့ အခန်းကဏ္ဍကနေ ပါဝင်စေချင်တယ်လို့ အင်ဒိုနီးရှာသမ္မတ ဂျိုကို ၀ီဒိုဒိုက ပြောကြားလိုက်ပါတယ်။

    “ဒီကိစ္စဟာ အကြံကောင်းတစ်ခုပဲဗျ။ ဘာ့ကြောင်လဲဆိုတော့ ကျွန်တော်တို့ဒေသအတွက် ပိုမိုကောင်းမွန်ပြီး၊ စီးပွားအရ၊ နိုင်ငံရေးအရ တည်ငြိမ်တာမျိုးတွေ ဖြစ်လာမှာပါ။ သေချာပါတယ်။ ပိုကောင်းလာမှာပါ” လို့ သြစတေးလျကို အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကိစ္စနဲ့ပတ်သက်ပြီး ၀ီဒိုဒိုက Sydney Morning Herald ကို ပြောကြားခဲ့ပါတယ်။

    ဆစ်ဒနီမှာပြုလုပ်မယ့် အရှေ့တောင်အာရှ အထူး ထိပ်သီးအစည်းဝေးကို တက်ရောက်ဖို့အတွက် ၀ီဒိုဒိုအပါအ၀င် အာဆီယံခေါင်းဆောင်တွေဟာ သြစတေးလျကို ရောက်နေကြတာပါ။

    ၁၉၇၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အာဆီယံနိုင်ငံများအဖွဲ့နဲ့ သြစတးလျေတို့ဟာ ညှိနှိုင်းဆွေးနွေးမှု မိတ်ဖက်တွေဖြစ်ပြီး သြစတေးလျပါဝင်တဲ့ ၂ နှစ်တစ်ကြိမ် ထိပ်သီးအစည်းအဝေးကို ၂၀၁၆ ခုနှစ်က ဗီယန်ကျင်းမြို့မှာ စတင် ပြုလုပ်ခဲ့ပါတယ်။

    ပြီးခဲ့လမှာ ‘သြစတေးလျ မဟာဗျူဟာ ပေါ်လစီ အင်စတီကျု’ (Australian Strategic Policy Institute) က သြဇီအနေနဲ့ ၂၀၂၄ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနှစ်ဟာ အာဆီယံနဲ့ သြစတေးလျတို့ မိတ်ဖက်ဆက်ဆံရေး နှစ်ပေါင်း ၅၀ ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။

    “အာရှမှာ ပထ၀ီ-စီးပွားရေး၊ ပထ၀ီ-မဟာဗျဟာအရ ဖိအားတွေ ရှိလာတဲ့တွက်ကြောင့် အလယ်အလတ်ပါဝါရှိတဲ့ အာဆီယံဟာ သြစတေးလျနဲ့ နယူးဇီလန်တို့လို အလယ်အလတ် အင်အားရှိတဲ့နိုင်ငံတွေကို လိုအပ်လာပါတယ်။ ဒီ ဆစ်ဒနီထိပ်သီးအစည်းအဝေးဟာ အာဆီယံမှာ သြစတေးလျပါဝင်ဖို့ ရှည်ကြာမယ့်ဆွေးနွေးမှု အစလည်း ဖြစ်ပါတယ်” လို့ ပေါ်လစီ အင်စတီကျုက ပြောကြားခဲ့ပါတယ်။

    သြစတေးလျဝန်ကြီးချုပ် မဲလ်ကွန် တန်ဘူးလ်က ၀ီဒိုဒိုရဲ့ မှတ်ချက်တွေဟာ နွေးထွေးတဲ့ စကားမျိုးဖြစ်တယ်လို့ ဆိုပေမယ့် အာဆီယံကိစ္စဟာ၊ အာဆီယံကိစ္စသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အာဆီယံရဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားနေတဲ့နည်းလမ်းကို ကျွန်တော်တို့ တော်တော်လေးစားပါတယ်။ ကျွန်တော်တို့ဟာ အာဆီယံနဲ့ ဆွေးနွေးညှိနှိုင်းဖက်တွေဖြစ်ပြီး အာဆီယံရဲ့ စုစည်းမှု၊ အရေးပါမှု၊ ဒေသတွင်းမှာ အခြေခံကျကျ၊ အတွင်းကျကျ အရေးပါမှုတွေအတွက်လည်း ကျွန်တ်ာတို့ လေးစားပါတယ်”

    တန်ဘူးလ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း အာဆီယံနဲ့ သြစတေးလျတို့ရဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Jakarta Coconut

  • ကမ္ဘာ့ပထမဆုံး ဒရုန်းဖြင့်လူကယ်မှုကို သြစတေးလျတွင် ပြုလုပ်ခဲ့

    ကမ္ဘာ့ပထမဆုံး ဒရုန်းဖြင့်လူကယ်မှုကို သြစတေးလျတွင် ပြုလုပ်ခဲ့

    ဇန်န၀ါရီ ၁၈၊ ၂၀၁၈
    M-Media

    – သြစတေးလျနိုင်ငံက ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတဲ့ လူငယ်နှစ်ဦးကို ဒရုန်းနဲ့ အသက်ကယ်ပစ္စည်းတွေ ပေးပို့ကာ ကယ်တင်နိုင်ခဲ့ပြီး ကမ္ဘာ့ ပထမဆုံး ဒရုန်းနဲ့ လူကယ်တဲ့ဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ဒီကနေ့ နယူးဆောက်ဝေးလ်ပြည်နယ်က ပင်လယ်ပြင်မှာ ရေကူးနေစဉ်အတွင်း အဲဒီလူငယ်နှစ်ဦးဟာ ၁၀ ပေနီးပါးလောက်မြင့်တဲ့ လှိုင်းကြားမှာ ရေနစ်မလိုဖြစ်ကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တာပါ။

    ကမ်းခြေက တစ်ခြားသူတွေဟာ ဒီအဖြစ်အပျက်ကို မြင်ခဲ့ပြီးတဲ့နောက် တာဝန်ရှိသူတွေကို သတိပေးခဲ့ပြီး တစ်ခဏအတွင်းမှာ ဒရုန်းနဲ့ သက်ကယ်ပစ္စည်းတွေ ပေးပို့နိုင်ခဲ့တာကြောင့် လူငယ်နှစ်ဦးဟာ အထိအခိုက်မရှိဘဲ ကမ်းခြေကို ပြန်လာနိုင်ခဲ့ပါတယ်။

    “တစ်မိနစ်ကနေ နှစ်မိနစ်အတွင်းမှာ ကျွန်တော်ဟာ ဒရုန်းကို ပျံသန်းစေကာ လိုအပ်တဲ့ပစ္စည်းတွေကို သွားပေးနိုင်ခဲ့ပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်တို့ ကယ်ဆယ်ရေးသမားတွေဟာ မိနစ်အနည်းငယ်လောက် ကြာကြာသွားရပါတယ်” လို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဂျိုင် ရှီရီဒန်က ပြောကြားခဲ့ပါတယ်။

    သြစတေးလျဟာ နိုင်ငံတစ်ဝှမ်း ကမ်းခြေတွေမှာ ပင်လယ်ပြင် ကယ်ဆယ်ရေးအတွက် ဒရုန်းတွေကို ဖြန့်ကျက်ချထားပါတယ်။

    ဒရုန်းတွေကို ပင်လယ်ပြင်မှာ ရေကူးတဲ့သူတွေရဲ့ နေရာကို ရှာဖွေဖော်ထုတ်တာ၊ အသက်ကယ်ပစ္စည်းတွေ ပေးပို့တာတွေအပြင် ရေအောက်က ငါမန်းတွေ၊ ဂျယ်လီငါးတွေကို ရှာဖွေတာမျိုးတွေမှာလည်း အသုံးပြုနေပါတယ်။

    Ref: CNA