News @ M-Media

Tag: Australia

  • မဲလ်ဘုန်းတွင် လူအုပ်ထဲသို့ ကားဖြင်ဝင်တိုက်မှုဖြစ်ပွားပြီး ၁၉ ဦး ဒဏ်ရာရ

    မဲလ်ဘုန်းတွင် လူအုပ်ထဲသို့ ကားဖြင်ဝင်တိုက်မှုဖြစ်ပွားပြီး ၁၉ ဦး ဒဏ်ရာရ

    ဒီဇင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့လယ်ကောင်တွင် လမ်းသွားလမ်းလာများအား ကားဖြင့် တမင်ဝင်တိုက်ခဲ့သူမှာ စိတ်ကျန်းမာရေးပြဿနာ မှတ်တမ်းရှိနေပြီး အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုမရှိဟု သြစတေးလျ ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    တိုက်ခိုက်သူမှာ အသက် ၃၂ နှစ်အရွယ် အာဖဂန်နွယ်ဖွားဖြစ်ပြီး ယနေ့နေ့လည်ပိုင်းတွင် ဓာတ်ရထားဂိတ်ရှိ လူအုပ်အတွင်းသို့ ကားဖြင့် ၀င်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားထဲတွင် အခြားတစ်ဦးပါဝင်ပြီး ၎င်းမှာ ထိုအဖြစ်အပျက်အား ဗီဒီယိုဖြင့် မှတ်တမ်းတင်သူဖြစ်သည်။

    ၎င်းတို့နှစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဓားမြှောင်အများအပြားလည်း သိမ်းဆည်းရမိခဲ့သည်။ တိုက်ခိုက်မှုကြောင့် လူ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။

    ဗစ်တိုးရီးယားပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ရှိန်း ပတ္တန်က တိုက်ခိုက်သူမှာ ရဲမှတ်တမ်းရှိပြီး မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ကြောင်း၊ ၎င်းမှာ အကြမ်းဖက်ဝါဒနှင့် ဆက်စက်သည်ဆိုသည့် အချက်အလက်များကို ယခုအချိန်အထိ မတွေ့ရသေးကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • သြဇီ ကက်သလစ်ဘုန်းကြီးအသိုင်းအ၀ိုင်းတွင် ကလေးများအပေါ် လိင်စော်ကားမှု တုန်လှုပ်ဖွယ်ဖြစ်နေ

    သြဇီ ကက်သလစ်ဘုန်းကြီးအသိုင်းအ၀ိုင်းတွင် ကလေးများအပေါ် လိင်စော်ကားမှု တုန်လှုပ်ဖွယ်ဖြစ်နေ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    – ခရစ်ယာန် ကက်သလစ်ဘာသာအပါအ၀င် ဘာသာရေးခေါင်းဆောင်တွေက ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိလာရင် သက်ဆိုင်ရာ သာသနာပိုင်တွေအနေနဲ့ ရဲတပ်ဖွဲ့ကို မဖြစ်မနေ တိုင်ကြားရမယ်ဆိုတဲ့ ဥပဒေတစ်ခု ပြဌာန်းဖို့ သြစတေးလျ အထူးစုံစမ်းရေးအဖွဲ့က အစိုးရကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

    ကက်သလစ်ဘုန်းကြီးအသိုင်းအ၀ိုင်းမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဟာ ပူးပေါင်းကြံစည်တဲ့ ပုံစံမျိုး ဖြစ်နေတယ်ဆိုတာ ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ရကြောင်း တော်ဝင်ကော်မရှင်ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီလို တိုက်တွန်းခဲ့တာပါ။

    သြစတေးလျအစိုးရရဲ့ ညွှန်ကြားချက်နဲ့ ၂၀၁၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ တော်ဝင်ကော်မရှင်ဟာ ၅ နှစ်တာ အသေးစိတ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့တာဖြစ်ပြီး ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ပတ်သက်လို့ ကမ္ဘာ့အကြီးဆုံး စုံစမ်းစစ်ဆေးမှုကြီးလည်း ဖြစ်ပါတယ်။

    ကော်မရှင်ဟာ ဘာသာရေးအဖွဲ့အစည်းတွေတင်မကဘဲ အစိုးရအဖွဲ့အစည်း၊ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အဖွဲ့အစည်းတွေမှာပါ ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပြီး သြစတေးလျ ကက်သလစ်အသင်းတော်ရဲ့ ဘုန်းကြီးအသိုင်းအ၀ိုင်းမှာ ဒီကျူးလွန်မှုကို အများဆုံး တွေ့ခဲ့ရတာဖြစ်ပါတယ်။ ကျောင်းထိုင်တွေ၊ ဂိုဏ်းအုပ်တွေဟာ လက်အောက်က ဘုန်းကြီးတွေ ဒီလိုကျူးလွန်နေတာကို သိရှိပေမယ့် ဖုံးကွယ်ထားကြပြီး ကျူးလွန်တဲ့သူတွေကို သာသနာပိုင် နယ်မြေတွေ ပြောင်းရွှေ့ပေးကာ လူမသိအောင် လုပ်ခဲ့ကြတယ်လို့လည်း စုံစမ်းမှုမှာ တွေ့ခဲ့ရပါတယ်။

    အတွဲပေါင်း ၁၇ တွဲပါဝင်တဲ့ တော်ဝင်ကော်မရှင်ရဲ့ အစီရင်ခံစာမှာ လိင်စော်ကားခံရတဲ့ သောင်းနဲ့ချီတဲ့ ကလေးငယ်တွေအကြောင်းကို အသေးစိတ်ဖော်ပြထားပြီး ဒါဟာ ‘ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တဲ့ အနေအထားမျိုးမဟုတ်ဘဲ၊ တစ်လှေလုံး ငါးခုံးမတွေ ဖြစ်နေတယ်’ လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “စော်ကားခံရတဲ့ ကလေးငယ်အရေအတွက် အတိအကျကို ကျွန်တော်တို့ ဘယ်တော့မှ သိနိုင်မှာ မဟုတ်ပါဘူး” လို့ ကော်မရှင်က ဆိုပါတယ်။

    ဘာသာရေးအဖွဲ့အစည်းတွေမှာ လိင်စော်ကားခံရတယ်လို့ ထွက်ဆိုသူ ၆၀ ရာခိုင်နှုန်းကျော်ဟာ ကက်သလစ်ဘုန်းကြီးအသိုင်းအ၀ိုင်းမှာ ကျူးလွန်ခံရတယ်လို့ ဆိုပြီး အထူးသဖြင့် ၁၉၉၀ ပြည့်နှစ် မတိုင်ခင်ကာလတွေမှာ ဖြစ်ပါတယ်။

    ခရစ်ယာန်ကက်သလစ်ဘာသာရဲ့ အပြစ်ကို ဘုရားကျောင်းမှာ လာရောက်ဝန်ခံ အာပတ်ဖြေတဲ့ ထုံးစံအရ ကလေးငယ်တွေအပေါ် လိင်ကျူးလွန်တဲ့ ဘုန်းကြီးတွေ အာပတ်လာဖြေရင် ကျောင်းထိုင်တွေက ဒီကိစ္စကို ရဲတပ်ဖွဲ့ထံ မဖြစ်မနေ တိုင်ကြားရမယ်ဆိုတဲ့ ဥပေဒမျိုးထုတ်ဖို့ ကော်မရှင်က အစိုးရကို တိုက်တွန်းခဲ့သလို၊ ဘုန်း
    ကြီးတွေ အိမ်ထောင်မပြုရဆိုတဲ့ ပညတ်ကို ကိုယ့်ရဲ့ဆန္ဒပါမှ လိုက်နာရမယ်ဆိုတဲ့ အမိန့်ထုတ်ဖို့လည်း ကက်သလစ်အသင်းတော်ကို တိုက်တွန်းခဲ့ပါတယ်။

    ဘုန်းကြီးတွေ အိမ်ထောင်မပြုရဆိုတဲ့ကိစ္စဟာ ကလေးငယ်တွေအပေါ် လိင်စော်ကားဖို့ တွန်းအားဖြစ်စေတယ်လို့ ကော်မရှင်က ဆိုပါတယ်။

    ၂၀၀၉ ခုနှစ် အိုင်ယာလန်မှာလုပ်တဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စ စုံစမ်းစစ်ဆေးမှုမှာလည်း ဒီလိုအကြံပြုချက်မျိုးတွေ ထွက်ခဲ့ပြီး ကလေးငယ်တွေအပေါ် လိင်ကျူးလွန်တယ်လို့ ဘုန်းကြီးတွေ အာပတ်ဖြေတာမျိုး ရှိလာရင် ကျောင်းထိုင်တွေအနေနဲ့ ရဲတပ်ဖွဲ့ကို တိုင်ကြားရမယ်ဆိုတဲ့ ဥပဒေတစ်ခုကို အိုင်ယာလန်က ၂၀၁၅ ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။

    အမေရိကန်က အချို့ပြည်နယ်တွေမှာလည်း ဒီလို ဥပဒေပြဌာန်းထားတာတွေ ရှိပါတယ်။

    သြစတေးလျ တော်ဝင်ကော်မရှင်က ကလေးငယ်တွေကို ကာကွယ်ပေးမယ့် နိုင်ငံလုံးဆိုင်ရာ ရုံးတစ်ခု တည်ထောင်ဖို့၊ ကာကွယ်ရေးစံနှုန်းတွေ သတ်မှတ်ဖို့၊ ကလေးငယ်တွေနဲ့ပတ်သက်ပြီး အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းအားလုံးကို စောင့်ကြည့်မှန်တမ်းတင်ဖို့လည်း အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    သြစတေးလျဝန်ကြီးချုပ် မာလ်ကွန်မ် တန်ဘူးလ်က ဒီရလဒ်ဟာ ‘နိုင်ငံလုံးဆိုင်ရာ ဖြစ်ရပ်ဆိုးကြီး’ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အစိုးရအနေနဲ့ အကြံပြုချက်တွေကို သုံးသပ်ကာ နောက်နှစ်အတွင်း အကြောင်းပြန်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆစ်ဒနီ ကက်သလစ် သာသနာပိုင် အန်သိုနီ ဖစ်ရှာက ‘အချို့ဘုန်းကြီးတွေ၊ ဘာသာရေး ဆရာတွေ၊ ဘုရားကျောင်းက လူဝတ်ကြောင်ဝန်ထမ်းတွေရဲ့ အပြစ်ရှိတဲ့၊ ရာဇ၀တ်မှုဖြစ်တဲ့ လုပ်ရပ်တွေအတွက် တုန်လှုပ်မိကြောင်း၊ အသင်းတော်က အချို့ခေါင်းဆောင်တွေက မှန်မှန်ကန်ကန် မဆောင်ရွက်ခဲ့တဲ့အပေါ် ရှက်မိကြောင်း’ ကြေငြာချက် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ၁၉၈၀ ပြည့်နှစ်ကတည်းက သြစတေးလျ ကက်သလစ်အသင်းတော်ဟာ ကျူးလွန်ခံရသူတွေကို ကန်ဒေါ်လာ ၂၁၂ သန်းလောက် နစ်နာကြေးပေးကမ်းပြီး နှုတ်ပိတ်ခဲ့တယ်လို့လည်း ကော်မရှင်က တွေ့ရှိခဲ့ရပါတယ်။

    Ref: Reuters

  • ကမ္ဘာ့အကြီးဆုံး ဘတ္ထရီဖြင့် သြစတေးလျတွင် မီးစပေး

    ကမ္ဘာ့အကြီးဆုံး ဘတ္ထရီဖြင့် သြစတေးလျတွင် မီးစပေး

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံက ကမ္ဘာ့အကြီးဆုံး လစ်သီယံဘတ္ထရီက ထွက်တဲ့ လျှပ်စစ်ဓာတ်အားကို နိုင်ငံတောင်ပိုင်းက ပင်မဓာတ်အားလိုင်းထဲကို စတင် ထည့်သွင်း အသုံးပြုပြီလို့ သိရပါတယ်။

    Tesla က ဖန်တီးတည်ဆောက်ပြီး မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်ပေးနိုင်မယ့် အဲဒီ ဘတ္ထရီကို ပူပြင်းလွန်းတဲ့ ရာသီဥတုကြောင့် ကြာသာပတေးနေ့မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပေမယ့် သောကြာနေ့ကမှ တရားဝင်ဖွင့်လှစ်တာပါ။

    တောင်သြစတေးလျပြည်နယ်မှာ လျှပ်စစ်ပြဿနာကို မကြာခဏ ကြုံတွေ့ရတာကြောင့် Telsa ပိုင်ရှင် အေလွန် မက်စ်က ဓာတ်အား ထုတ်လုပ်ပေးနိုင်မယ့် လစ်သီယံ ဘတ္ထရီကြီးကို ရက်ပေါင်း ၁၀၀ အတွင်း အပြီးဆောက်ပေးမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။ အေလွန်မက်စ်ဟာ ဒီကတိကို အောင်မြင်အာင် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

    “ကျွန်တော်တို့ သမိုင်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့တာပါ” လို့ တောင်သြစတေးလျ အုပ်ချုပ်ရေးမှူး ဂျေး ၀ဲသာရီလ်က ဒီကနေ့မှာ ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့သလို ပြည်နယ်တစ်ခုလုံး မီးပျက်တဲ့အဖြစ်ဆိုးမျိုးကို ထပ်ပြီး ကြုံတွေ့ရမှာမဟုတ်တော့ဘူးလို့လည်း ဆိုပါတယ်။

    အေလွန်မက်စ်ကတော့ ဒီ ဘတ္ထရီကြီးဟာ နောက်ထပ်ဆောက်လုပ်မယ့် ကမ္ဘာ့အကြီးဆုံး ဘတ္ထရီကြီးထက် ၃ ဆ ပိုအားကောင်းမယ်လို့ ပြောကြားခဲ့ပါတယ်။

    တောင်သြစတေးလျက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ကူညီနိုင်မလားလို့ Twitter စာမျက်နှာမှာ တစ်ယောက်က မေးခဲ့ပြီးတဲ့နောက်ပိုင်း အေလွန်မက်စ်က ကမ္ဘာ့အကြီးဆုံး ဘတ္ထရီကြီးနဲ့ ဓာတ်အားပေးနိုင်မယ့် အိုက်ဒီယာတစ်ခု ပေါ်ထွက်တာ ဖြစ်ပါတယ်။

    Ref : BBC

     

  • ဆစ်ခ်လူမျိုးများအား ခေါင်းပေါင်းဆောင်း၍ ကျောင်းတက်ခွင့်ပေးရမည်ဟု သြဇီ ဆုံးဖြတ်

    ဆစ်ခ်လူမျိုးများအား ခေါင်းပေါင်းဆောင်း၍ ကျောင်းတက်ခွင့်ပေးရမည်ဟု သြဇီ ဆုံးဖြတ်

    စက်တင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    ခေါင်းပေါင်းကြောင့် ကျောင်းတက်ခွင့် ငြင်းပယ်ခံရသည့် ဆစ်ခ်ကလေးငယ်

    – ဆစ်ခ်ဘာသာဝင် ကလေးငယ်အား ခေါင်းပေါင်းဝတ်ဆင်၍ ကျောင်းတက်ခွင့်မပေးခြင်းမှာ ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး၊ ခေါင်းပေါင်း ၀တ်ဆင်ခွင့်ပေးရမည်ဟု သြစတေးလျ နိုင်ငံသား အခွင့်အရေးဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။

    မဲလ်ဘုန်းမှ Melton Christian စာသင်ကျောင်းမှာ အသက် ၅ နှစ်အရွယ် ဆစ်ခ်ကလေးငယ် ဆစ်ဒ်ဟက်၏ ကျောင်းအပ်မှုကို လက်မခံခဲ့ဘဲ ၎င်းမှာ ခေါင်းပေါင်းဝတ်ထားသောကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ကြာင့် ကလေးငယ်၏ဖခင် ဆာဂါဒီပ် ဆင်း အေရိုရာက ထိုသို့ ငြင်းပယ်မှုမှာ သွယ်ဝိုက်၍ ခွဲခြားခြင်းဖြစ်သည်ဟု မှတ်ယူခဲ့ပြီး ဗစ်တိုးရီးယားပြည်နယ် နိုင်ငံသားနှင့် အုပ်ချုပ်ရေးဆိုင်ရာ ခုံသမာဓိရုံးသို့ တိုင်ကြားခဲ့သည်။

    ဆစ်ခ်ဘာသာဝင်များမှာ ဘာသာရေးထုံးစံအရ ဆံပင်မညှပ်ရဘဲ ‘ပက်တ်ကာ’ ဟုခေါ်သည့် ခေါင်းပေါင်း ၀တ်ဆင်ခြင်းမှာလည်း ဘာသာရေးကျင့်သုံးမှု၏ အရေးပါသည့် ကျင့်ဝတ်ဖြစ်သည်။

    သို့သော်လည်း Melton ကျောင်းက ထိုကျင့်သုံးမှုကို လက်မခံခဲ့ပေ။

    “သြစတေးလျလို တိုးတက်နေတဲ့ နိုင်ငံမျိုးမှာ ဒီလိုဖြစ်တာဟာ တုန်လှုပ်စရာပါပဲ။ သြစတေးလျရဲတပ်ဖွဲ့နဲ့ စစ်တပ်မှာ ခေါင်းပေါင်းဆောင်းထားတဲ့ ဆစ်ခ်လူမျိုးတွေရှိတယ်။ ဒါပေမယ့် ကျွန်တော့်သားကျတော့ ကျောင်းတောင်သွားလို့မရဘူး” ဟု မစ္စတာ အေရိုရာက ပြောကြားခဲ့သည်။

    စာသင်ကျောင်းက ပြည်နယ်၏ ခွဲခြားဆက်ဆံမှုဆိုင်ရာ ဥပေဒအရ ကျောင်းများမှာ လူ့အဖွဲ့အစည်းနှင့် တိုင်ပင်ဆွေးနွေးပြီးနောက်ပိုင်းတွင် ကျောင်းသားများအတွက် သင့်လျော်သည့် ကျောင်းဝတ်စုံကို သတ်မှတ်၍ ရသည်ဆိုသည့်အချက်ကို ထောက်ပြခဲ့သည်။

    သို့သော်လည်း ခုံသမာဓိရုံးက Melton ၏ ကျောင်ဝတ်စုံသတ်မှတ်ချက်မှာ သင့်လျော်မှုမရှိကြောင်း၊ ခရစ်ယာန်မဟုတ်သည့်အတွက် ကျောင်းသားတစ်ဦးကို ကျောင်းအပ်လက်မခံခြင်းမှာ လက်ခံနိုင်စရာ ချက်မဟုတ်ကြောင်း၊ ဆစ်ဒ်ဟက်အား ကျောင်းဝတ်စုံနှင့် တူညီသည့် ခေါင်းပေါင်းကို ၀တ်ဆင်ခွင့်ပေးရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

    မစ္စတာ အေရိုရာက ဆုံးဖြတ်ချက်အတွက် ပျော်ရွှင်မိသည်ဟု ပြောကြားခဲ့သည်။

    “ဒါဟာ သြစတေးလျက ဆစ်ခ် လူ့အဖွဲ့အစည်းအတွက် တော်တော်လေး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုပြီး ကျောင်းအာဏာပိုင်များနှင့် မကြာခင်ဆွေးနွေးကာ လာမည့်နှစ် ကျောင်းတက်ခွင့်ရရေး ကြိုးပမ်းသွားမည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: BBC

  • ဟိန္ဒူနတ်ဘုရားကို စော်ကားသည့် ကြော်ငြာအတွက် အိန္ဒိယက သြဇီကို ကန့်ကွက်

    ဟိန္ဒူနတ်ဘုရားကို စော်ကားသည့် ကြော်ငြာအတွက် အိန္ဒိယက သြဇီကို ကန့်ကွက်

    စက်တင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – ဟိန္ဒူနတ်ဘုရားတစ်ပါးဖြစ်သည့် Ganesha သိုးသားစားနေသည်ကို ဖော်ကျူးထားသော ကြော်ငြာတစ်ခုကြောင့် အိန္ဒိယက သြစတေးလျကို သံတမန်နည်းလမ်းဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

    သြစတေးလျ အသားလုပ်ငန်းတစ်ခုမှ ရိုက်ကူးထုတ်လွှင့်သော အဆိုပါကြော်ငြာတွင် ဘာသာပေါင်းစုံမှ နတ်ဘုရားများ တစ်ဝိုင်းတည်းထိုင်၍ အသားစာနေပုံကို ဖော်ကျူးထားခြင်းဖြစ်ပြီး၊ နတ်ဘုရား Ganesha မှာ မည်သည့်အခါမှ အသားစားခြင်း မရှိခဲ့သောကြောင့် ဟိန္ဒူဘာသာဝင်များမှာ ထိုကြော်ငြာအတွက် ဒေါသထွက်ခဲ့ကြသည်။

    ကန်ဘာရာရှိ အိန္ဒိယကော်မရှင်ရုံးက ၎င်းတို့အနေဖြင့် သြစတေးလျအစိုးရ၏ ဌာန ၃ ခုကို သံတမန်နည်းလမ်းဖြင့် ဆန့်ကျင်ကန့်ကွက်ထားကြောင်း၊ လူအများ၏ ‘ဘာသာရေးယုံကြည်ချက်ကို စော်ကားနာကျင်စေသည့်’ အတွက်ကြောင့် အဆိုပါကြော်ငြာကို ဖယ်ရှားပေးရန် သြစတေးလျ မွေးမြူရေးဌာန (MLA) ကို တိုက်တွန်းထားကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    “လူ့အဖွဲ့အစည်း တော်တော်များများကလည်း ဒီကြော်ငြာကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဈေးလျအစိုးရနဲ့ MLA ကို အသိပေးထားပါတယ်” ဟု အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားသည်။

    သြစတေးလျ ကြော်ငြာအရည်အသွေးဆိုင်ရာ ဗျူရိုက အဆိုပါကြော်ငြာမှာ ဘာသာအယူဝါဒ အများအပြားမှ တိုင်ကြားမှုပေါင်း ၃၀ ကျော် ရရှိထားသည်ဟု ပြောကြားခဲ့သည်။

    သြစတေးလျ ဟိန္ဒူကောင်စီက သိုးသားရောင်းချမှုအတွက် နတ်ဘုရား Ganesha ပုံကို အသုံးပြုထားသော အဆိုပါကြေငြာမှာ ‘ရိုင်းစိုင်းပြီး ဆိုးရွားသည့် လုပ်ရပ်’ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထိုကြော်ငြာကို ဖယ်ရှားပေးရေးအတွက် အွန်လိုင်းတောင်းဆိုလွှာတစ်ခုလည်း ပေါ်ထွက်နေပြီး လက်မှတ်ထိုးသူ ၄၄၀၀ ကျော် ရှိနေပြီဖြစ်သည်။

    Ref: BBC