News @ M-Media

Tag: Bangladesh

  • ကိုဗစ်ဗားရှင်းအသစ် Lambda ကူးစက်မှုကို ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်ပါ တွေ့ရှိလာ

    ကိုဗစ်ဗားရှင်းအသစ် Lambda ကူးစက်မှုကို ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်ပါ တွေ့ရှိလာ

    ဩဂုတ် ၂၀၊ ၂၀၂၁

    M-Media 

    -လက်ရှိကာကွယ်​ဆေးတွေ မတိုးဘူးလို့ ဓာတ်ခွဲခန်းစမ်းသပ်မှုမှာ တွေ့ရတဲ့ နောက်ဆုံးပေါ် ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ် Lambda ကို အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ တွေ့လာရပါတယ်။

    ဂျပန်နိုင်ငံပါရင် အာရှမှာ Lambda ဗိုင်းရပ်စ် တွေ့ရှိရတဲ့နိုင်ငံ ၃ နိုင်ငံအထိ ရှိလာတာပါ။

    ၂၀၂၀ နှစ်ခု ဒီဇင်လာ တောင်အမေရိက ပီရူးနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ Lambda ဟာ ကူးစက်မှု မြန်ဆန်ပြီး လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေ မတိုးဘူးလို့ ဓာတ်ခွဲခန်း စမ်းသပ်မှုမှာ တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။

    လက်ရှိ နိုင်ငံပေါင်း ၄၀ ​ကို ပြန့်နှံ့နေပြီး Delta လို ကမ္ဘာတစ်ဝှမ်း အကြီးအကျယ်ပြန့်နှံ့မယ့်အန္တရာယ် ရှိနေကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။ ဒါပေမယ့် Delta လောက် ကူးစက်မှု မမြန်နိုင်ဘူးလို့ ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မတ်လအတွင်းက လူနာတစ်ဦးကို စစ်ဆေးထားတဲ့ ဓာတ်ခွဲမှုစမ်းသပ်မှုမှာ တွေ့ရှိတာဖြစ်ပြီး ဖိလစ်ပိုင်မှာတော့ မနေ့က စစ်ဆေးမှုမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    အာရှမှာ Lambda ဗိုင်းရပ်စ် ပထမဆုံးရောက်တာက ဂျပန်မှာဖြစ်ပြီး  တိုကျိုအိုလံပစ်အတွက် ပီရူးနိုင်ငံကနေ ဇူလိုင်လ ၂၀ ရက်နေ့ကရောက်လာတဲ့ အမျိုးသမီးမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ ဂျပန်က ဒီကိစ္စကို ဩဂုတ်လ ၆ ရက်နေ့ကမှ ထုတ်ပြန်ခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို မကြာခင် လူထုထံ ချပြသွားဖို့ ရှိနေပါတယ်။ 

    Ref: The Star

  • ဘင်္ဂလားဒေ့ရှ်၏ တိုးတက်အောင်မြင်မှုကို တောင်အာရှနိုင်ငံများ အသိအမှတ်ပြုရတော့မည်

    ဘင်္ဂလားဒေ့ရှ်၏ တိုးတက်အောင်မြင်မှုကို တောင်အာရှနိုင်ငံများ အသိအမှတ်ပြုရတော့မည်

    ဇွန် ၅၊ ၂၀၂၁
    M-Media

    -နယ်ပယ်စုံမှာ ဖွံဖြိုးတိုးတက်လာတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အောင်မြင်မှုကို အိန္ဒိယ၊ ပါကစ္စတန်တို့အပါအဝင် တောင်အာရှနိုင်ငံတွေက အသိအမှတ်ပြု လက်ခံရလိမ့်မယ်လို့ Bloomberg က ဆောင်းပါးတစ်ပုဒ်မှာ တိုက်တွန်းထားပါတယ်။

    ၁၉၇၁ ပါကစ္စတန်ကနေခွဲထွက်ပြီး လွတ်လပ်ရေးယူစဉ်တုန်းက ပါကစ္စတန်ဟာ ဘင်္ဂလာဒေ့ရှ်ထက် ၇၀ ရာခိုင်နှုန်းလောက် ချမ်းသာကြွယ်၀ပြီး၊ အင်အားတောင့်တင်းခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ကတော့ စစ်ဒဏ်၊ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခါးစည်းခံခဲ့ရပါတယ်။

    ပြီးခဲ့တဲ့နှစ် ဘင်္ဂလားဒေ့ရှ်ရဲ့ တစ်ဦးချင်း ဂျီဒီပီ (GDP per capita) ဟာ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီးတဲ့ ဒေါ်လာ ၂၂၂၇ ရှိလာပါတယ်။ ဒါဟာ ​ပါကစ္စတန်နိုင်ငံထက် ၄၅ ရာခိုင်နှုန်း ပိုသာနေတာဖြစ်ပါတယ်။ ပါကစ္စတန်ရဲ့စီးပွားရေးဟာ လက်ရှိအနေအထားတိုင်းသွားမယ်ဆိုရင် ၂၀၃၀ ခုနှစ်အရောက်မှာ ဘင်္ဂလားဒေ့ရှ်ထံကနေ အကူအညီယူရတဲ့အထိ ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    အိန္ဒိယရဲ့ ၂၀၂၀-၂၁ GDP per capita က ဒေါ်လာ ၁၉၄၇ သာ ရှိပြီး ဒါဟာ ဘင်္ဂလားဒေ့ရှ်ထက် နည်းနေတာလည်း ဖြစ်ပါတယ်။

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က လက်ယာစွန်းရောက်တွေက ဘင်္ဂလားဒေ့ရှ်ပြည်သူတွေဟာ စားရမဲ့သောက်ရမဲ့ ခိုကိုးရာမဲ့ဖြစ်နေပြီး အိန္ဒိယဖက်ကို ခိုးဝင်လာနေတယ်လို့ ပုံဖော်နေပေမယ့် တကယ်တမ်းမှာတော့ ဟိန္ဒူအမျိုးသားရေးအစွန်းရောက်တွေက ဘင်္ဂါလီ ‘ခြ’ တွေလို့ အမုန်းဝါဒဖြန့်နေတဲ့ ပြည်နယ်တွေထက် ဘင်္ဂလားဒေ့ရှ်ဟာ ပိုချမ်းသာတယ်လို့ Bloomberg က ဆောင်းပါးမှာ ရေးသားထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဟာ ပြည်ပတင်ပို့မှု၊ လူမှုစီးပွားနဲ့ ဘဏ္ဍာရေး ထိန်းချုပ်စီမံမှုတွေမှာ သိသိသာသာ တိုးတက်လာနေတာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း ပြည်ပပို့ကုန် ပျမ်းမျှတိုးတက်မှုက ၀.၄ ရာခိုင်နှုန်းရှိနေတဲ့အချိန် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်ပပို့ကုန်ဟာ နှစ်စဉ် ၈.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

    တိုင်းပြည်ရဲ့ ထုတ်ကုန် အထူးသဖြင့် အထည်ချုပ်လုပ်ငန်းကို အဓိကထား အကောင်အထည်ဖော်မှုကြောင့် ဒီလို တိုးတက်လာတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အမျိုးသမီးတွေ အလုပ်လုပ်ကိုင်မှု အရေအတွက်ဟာလည်း အိန္ဒိယ၊ ပါကစ္စတန်တို့ထက် သိသိသာသာကို မြင့်မားပါတယ်။

    ဖွံ့ဖြိုးမှုနိမ့်ကျတဲ့နိုင်ငံ စာရင်းထဲမှာ ပါဝင်နေတဲ့အတွက် အခွန်ကင်းလွတ်ခွင့်လို ကမ္ဘာ့စီးပွားရေးယန္တရားမှာ အခွင့်ထူးခံ ရနေတာကလည်း ဘင်္ဂလားဒေ့ရှ်ကို တစ်ပန်းသာစေခဲ့တာပါ။ စီးပွားရေး တိုးတက်လာတာကြောင့် အဲဒီအခွင့်ထူးတွေကို ဘင်္ဂလားဒေ့ရှ်က ၂၀၂၆ ခုနှစ်မှာ စွန့်လွှတ်ရဖို့ ရှိပါတယ်။

    စီးပွားရေး တည်ငြိမ်ဖွံ့ဖြိုးလာတာနဲ့အမျှ အထည်ချုပ်လုပ်ငန်းကနေ တစ်ခြား တန်ဖိုးမြင့်တဲ့ပို့ကုန်တွေ တင်ပို့နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်က ခြေလှမ်းလာဖွယ် ရှိနေပါတယ်။

    လာမယ့် ၁၀ စုနှစ်တွေအတွင်း စီးပွားရေး အခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ဘင်္ဂလားဒေ့ရှ်မှာ အများကြီး ရှိနေပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကို အထင်အမြင်သေးတာဟာ အသိဉာဏ်နည်းရာကျကြောင်း လွန်ခဲ့တဲ့ နှစ် ၅၀ က သက်သေပြနေပါတယ်။ ၁၉၇၁ ခုနှစ်က အောင်မြင်မှုဆိုတာကို မမျှော်မှန်းနိုင်ခဲ့ဘဲ လူ သန်း ၁၆၀ နဲ့ ကြပ်ညပ်နေတဲ့ နိုင်ငံတစ်တစ်ခုဟာ အခုအချိန်မှာတော့ တောင်အာရှက နမူနာယူစရာ အောင်မြင်မှုပြယုဂ်ဖြစ်နေပြီလို့ Bloomberg က ဆောင်းပါးမှာ နိဂုံးချုပ် သုံးသပ်ထားပါတယ်။

    Ref: Bloomberg

  • နှစ် ၂၀ ကြာလွတ်မြောက်နေသည့် နာမည်ကျော် ကျားမုဆိုးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    နှစ် ၂၀ ကြာလွတ်မြောက်နေသည့် နာမည်ကျော် ကျားမုဆိုးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    ဇွန် ၁၊ ၂၀၂၁
    M-Media

    -ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းမှာ နာမည်ကျော်တဲ့ ကျားမုဆိုးတစ်ယောက်ကို နှစ်ပေါင်း ၂၀ ကျော်ကြာမှ အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    ဟာဘစ် တာလွတ်ဒါဆိုတဲ့ အသက် ၅၀ အရွယ် အဲဒီအမျိုးသားဟာ အိန္ဒိယနိုင်ငံအထိ ကျယ်ပြန့်တဲ့ လမုတောထဲမှာ ကျက်စားပြီး ဘန်ဂေါလ်ကျားပေါင်း အနည်းဆုံး ၇၀ လောက်ကို အမဲလိုက်ခဲ့သူပါ။

    တောထဲမှာ ပျားရည်ရှာဖွေစုဆောင်းသူဘ၀ကနေ ဟာဘစ်ဟာ ကျားလိုက်မုဆိုးအဖြစ် နာမည်ကျော်ခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ လိုက်လံဖမ်းဆီးမှုကိုလည်း နှစ်ပေါင်း ၂၀ ကျော်ကြာ ရှောင်ရှားနိုင်ခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်အနောက်တောင်ပိုင်း ဘာဂရတ်ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ဆိုင်ဒွရ်ရဟ်မန်က ဟာဘစ်ကို သဘာ၀ပတ်ဝန်းကျင်၊ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေနဲ့ အလိုရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

    သားရိုင်းတိရစ္ဆာန်တွေကို အမဲလိုက်နေတဲ့ ဒေသတွင်း တရားမဝင်ဂိုဏ်းတစ်ခုနဲ့ ဟာဘစ်တစ်ယောက် ဆက်နွယ်ဖွယ်ရှိတယ်လို့လည်း သူက ပြောပါတယ်။

    ဟာဘစ်ဟာ အသက် ၂၀ ကျော်အရွယ်က စတင်ကာ ကျားတွေကို အမဲလိုက်လာတာပါ။ ဒေသခံတွေက ဟာဘစ်ဟာ ကျားနဲ့ တစ်ယောက်ချင်း ပြန်ချနိုင်ပြီး၊ လူတွေက သူ့ကို ချစ်ကြောက်လေးစားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကျားအပါအဝင် သားရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် သားရေ၊ အရိုး၊ အသား၊ အစွယ် စတာတွေကို ​တရုတ်အပါအဝင် တစ်ခြားနိုင်ငံတွေကို တင်ပို့ရောင်းချတဲ့စျေးကွက်ဟာ ဘင်္ဂလားဒေ့ရှ်မှာ အကြီးအကျယ်ရှိနေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး နောက်တစ်ဆင့် ထပ်တက်မည်

    အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး နောက်တစ်ဆင့် ထပ်တက်မည်

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    -နှစ် ၅၀ ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်သုံးသပ်ရေးနဲ့ ဝန်ကြီးချုပ်မိုဒီရဲ့ မတ်လ ဒါကာခရီးစဉ်အတွက် ပြင်ဆင်ရေး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

    ပါကစ္စတန်ကနေခွဲထွက်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အိန္ဒိယက အဓိက ကူညီပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိလည်း အနီးကပ် မိတ်ဖက်နိုင်ငံအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

    ဝန်ကြီးနှစ်ဦးဟာ နှစ်ပေါင်း ၅၀ အတွင်း ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲရေး၊ ကုန်သွယ်ရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ စွမ်းအင်ကဏ္ဍ၊ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွေက တိုးတက်အောင်မြင်မှုတွေကို သုံးသပ်ခဲ့ကြပြီး၊ ကိုဗစ်တိုက်ဖျက်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာဆွဒ် ဘင် မိုမန် အိန္ဒိယကို ၃ ရက်ကြာခရီးစဉ်အဖြစ် ကြာသာပတေးနေ့က ရောက်ရှိနေတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ အွန်လိုင်းတွေ့ဆုံဆေွးနွေးမှုအတွင်း မိမိတို့ရဲ့ ‘အိမ်နီးချင်းသာပထမ’ ပေါ်လစီမှာ ဘင်္ဂလားဒေ့ရှ်ဟာ အဓိကဒေါက်တိုင်ဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပါတယ်။

    နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု နှစ်ပေါင်း ၅၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ မတ်လမှာ ဘင်္ဂလားဒေ့ရှ်ကို လာရောက်ဖို့ရှိနေပြီး ဒီကိစ္စအတွက် ပြင်ဆင်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီးတွေက စီစဉ်ခဲ့ပါတယ်။

    “ပြည်ထဲရေးဝန်ကြီးအဆင့်၊ ကုန်သွယ်ရေးဝန်ကြီးအဆင့်၊ မြစ်ချောင်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းဝန်အဆင့် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ နှစ်ဖက်သဘောတူခဲ့ကြပါတယ်” လို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: Business Standard

  • ရေအရင်းအမြစ်ဖြင့် အိန္ဒိယကို  တရုတ်က အကြပ်ကိုင်နိုင်သည်ဟု ပညာရှင်များ သုံးသပ်

    ရေအရင်းအမြစ်ဖြင့် အိန္ဒိယကို တရုတ်က အကြပ်ကိုင်နိုင်သည်ဟု ပညာရှင်များ သုံးသပ်

    ဇန်နဝါရီ ၂၄၊ ၂၀၂၁
    M-Media

    -တိဘက်ဒေမှာ မြစ်ဖြားခံကာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို စီးဆင်းတဲ့ Yarlung Zangbo မြစ်မှာ ဧရာမ ဆည်ကြီးတစ်ခုတည်ဆောက်ဖို့ တရုတ်နိုင်ငံက စီစဉ်နေပြီး မဲခေါင်မှာလို မြစ်အောက်ပိုင်းနိုင်ငံတွေကို အကြပ်ကိုင်ဖို့ လက်နက်သဖွယ် သုံးလာနိုင်တယ်စိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။

    အဲဒီဧရာမဆည်ကြီးဟာ ယန်ဇီမြစ်ပေါ်က ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ထုတ်ပေးတဲ့ Three Gorges ဆည်ထက် ၃ ဆကျော်လောက် ဓာတ်အား ထုတ်ပေးနိုင်မှာပါ။ စီမံကိန်းအသေးစိတ်ကို တရုတ်နိုင်ငံက ထုတ်မပြောသေးဘဲ မြစ်အောက်ပိုင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ရေမျှဝေရေးသဘောတူညီချက်အတွက် ဆွေးနွေးတာလည်း မရှိသေးပါဘူး။ ။

    တိဘက်ဒေသရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ Yarlung Zangbo မြစ်ဟာ အိန္ဒိယမှာ ဘရာမာပူထရာမြစ်အဖြစ် စီးဆင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖြတ်ကာ ဘင်္ဂလားပင်လယ်အော်ထဲ စီးဝင်တာဖြစ်ပါတယ်။

    အိန္ဒိယနဲ့ တရုတ်ဟာ ဟိမ၀န္တာအနောက်ပိုင်းက လာဒက်ခ်ဒေသမှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေပြီး ၂၀၁၇ ခုနှစ်နှစ် မနှစ်က ဇွန်လတို့မှာ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

    ဘရာမာပူထရာမြစ်ရှိတဲ့ အရူနာချာလ် ပရာဒက်ရှ်ပြည်နယ်က နယ်မြေတစ်ချို့ဟာ ‘တိဘက်တောင်ပိုင်း’ ဖြစ်ပြီး သူတို့ပိုင်တယ်လို့လည်း တရုတ်က ပြောကြားထားပါတယ်။၁၉၆၂ ခုနှစ်က အဲဒီဒေသမှာ နှစ်နိုင်ငံ စစ်ပွဲတစ်ခု ဖြစ်ခဲ့သလို အခုလို ဧရာမဆည်ကြီးတစ်ခု ဆောက်ဖို့ တရုတ်က စီစဉ်လာတာဟာ နှစ်နိုင်ငံ တင်းမာမှုတွေကို ပိုမိုဆိုးရွားလာစေနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိလာပါတယ်။

    Yarlung Zangbo မြစ်ပေါ်က တရုတ် ဆည်စီမံကိန်းဟာ မြစ်အောက်ပိုင်းက လူ့အဖွဲ့အစည်းတွေအပေါ် ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်လို့ အိန္ဒိယ ပြည်တွင်းမီဒီယာတွေ၊ နယူးဒေလီအခြေစိုက် Center for Policy Research လို တတ်သိပညာရှင်များအဖွဲ့တွေက ထောက်ပြသတိပေးတာမျိုး လုပ်နေပါတယ်။

    တရုတ်နဲ့ဆက်ဆံရေးကောင်းတဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း ဒီဆည်စီမံကိန်းကို ဆန့်ကျင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ် သဘာပတ်ဝန်းကျင် တားဆီးကာကွယ်ရေးအဖွဲ့ Riverine People ရဲ့ အထွေထွေအတွင်းရေးမှူး ရှိခ်ရိုကွန်က Yarlung Zangbo မြစ်ပေါ်မှာ တရုတ်က ဆည်မဆောက်ခင် ဒီမြစ်နဲ့သက်ဆိုင်တဲ့ နိုင်ငံတွေအကြား ဆွေးနွေးမှုတွေ သေသေချာချာ လုပ်ဆောင်ဖို့လိုကြောင်း၊ ဒီကိစ္စကို မြစ်အောက်ပိုင်းနိုင်ငံတွေက စိုးရိမ်ပိုင်ခွင့်ရှိကြောင်း၊ ဆည်တွေကြောင့် ရေစီးကြောင်း ထိခိုက်နိုင်တဲ့ အခြေအနေရှိကြောင်း ပြီးခဲ့တဲ့လမှာ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မဲခေါင်မြစ်ညာကို ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံဟာ သူပိုင်တဲ့အခြမ်းမှာ ဆည်တွေအများအပြားဆောက်လုပ်ထားပြီး ရေထိန်းတာ၊ ရေလွှတ်တာတွေကို မြစ်အောက်ပိုင်းက အရှေ့တောင်အာရှနိုင်ငံတွေကို အသိမပေးဘဲ လုပ်တာကြောင့် ရေခန်းတာ၊ ရေကြီးတာတွေ မကြာခဏ ဖြစ်ပေါ်လာပါတယ်။ ဒါ့အပြင် တရုတ်အစိုးရဟာ ဒီဆည်တွေကို လက်နက်သဖွယ်အသုံးပြီး လိုချင်တာရဖို့ နိုင်ငံငယ်တွေကို နောက်ပိုင်းမှာ အကြပ်ကိုင်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

    Ref: Asia Times