မေ ၃၁၊ ၂၀၁၇
M-Media
၂၀၁၇ ခုနှစ် မေလ ၃၁ ရက်နေ့ Google ၏ Home page တွင် ဇာဟာ ဟာဒစ်အား ဂုဏ်ပြုဖော်ပြထားသည့် doodle
– အီရတ်ဖွား ဗြိတိန်နိုင်ငံသူ ဇာဟာ ဟာဒစ်ဟာ ဗိသုကာလောကရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆု Pritzker Architecture Prize ကို ၂၀၀၄ ခုနှစ်ရဲ့ ဒီနေ့မှာ ရရှိခဲ့ပြီး ဒီဆုကို ရရှိတဲ့ ပထမဆုံးအမျိုးသမီး ဗိသုကာပညာရှင်လည်း ဖြစ်ပါတယ်။
သူမဟာ ဗြိတိန်ရဲ့ အကြီးကျယ်ဆုံး ဗိသုကာဂုဏ်ပြုဆု Stirling Prize ကိုလည်း ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ Royal Institute of British Architects က ချီးမြှင့်တဲ့ Royal Gold Medal ဆုတံဆိပ်ကို ရရှိတဲ့ ပထဆုံး အမျိုးသမီးလည်း ဖြစ်ခဲ့ပါတယ်။
ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပြီး၊ အမျိုးသမီးတစ်ယောက်ရဲ့ လုပ်နိုင်စွမ်း ကန့်သတ်ချက်ကို ဖောက်ထွက်ပြခဲ့တဲ့ ဟာဒစ်ကို ဒီနေ့မှာ Google က သူတို့ရဲ့ Home Page မှာ ဂုဏ်ပြုခဲ့ပါတယ်။
အစောပိုင်းဘဝ
ဇာဟာ ဟာဒစ်ဟာ ဟာရှီမိုက်မင်းဆက်အုပ်စိုးတဲ့ နောက်ဆုံးနှစ်တွေမှာ ဘဂ္ဂဒတ်က ထင်ရှားတဲ့ မိသားစုကနေ မွေးဖွားလာခဲ့သူပါ။
ဗိုလ်ချုပ် အဘ်ဒူလ် ကရင်မ် ကာစင်မ် ဦးဆောင်တဲ့ စစ်အာဏာသိမ်းအစိုးရအောက်မှာ ကြီးပြင်းလာခဲ့ပြီး နောက်ပိုင်းမှာ သင်္ချာအထူးပြုနဲ့ ကောလိပ်ဆက်တက်ဖို့အတွက် ဘေရွတ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ဟာဒစ်ဟာ လန်ဒန်ကိုသွားပြီး ဗိသုကာပညာကို လေ့လာဆည်းပူးခဲ့ပါတယ်။
“ဟာဒစ်ဟာ အမိမြေက လှပကောင်းမွန်တဲ့ အရာတိုင်းကို ယူဆောင်သွားခဲ့ပြီး သူမ ရောက်ရှိခဲ့တဲ့ ကမ္ဘာ့နေရာတိုင်းမှာ သူမရဲ့ အမှတ်သညာကို ရေးထိုးခဲ့ပါတယ်” လို့ ဟာမစ် ဒါဘာရှီက ရေးသားခဲ့ပါတယ်။
၁၉၇၉ ခုနှစ်မှာ ဟာဒစ်ဟာ လန်ဒန်မှာ Zaha Hadid Architects လို့ခေါ်တဲ့ ဗိသုကာ လုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အမျိုးသားတွေသာ ကြီးစိုးတဲ့ ဒီနယ်ပယ်မှာ ၀င်တိုးရတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပေမယ့် သူမရဲ့ စိတ်ဆန္ဒက ဗိသာကာပညာရပ်မှာ ကန့်သတ်ထားမှုတွေကို ဖောက်ထွက်ဖို့ ဖြစ်ပါတယ်။
“အမျိုးသမီး ဗိသုကာပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုတဲ့ အချက်ကို ကျွန်မဘယ်တော့မှ ရှေ့တန်းမတင်ဘူး။ ဒါပေမယ့် သူတို့ဟာ သာမန်အခြေအနေကနေ ဖောက်ထွက်နိုင်တယ်ဆိုတာ ဒီအချက်က လူငယ်တွေကို သိစေခဲ့ရင်လည်း ကျွန်မ ဘာမှ မဖြစ်ပါဘူး” လို့ ဟာဒစ်က Icon မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ ပြော
ကြား ခဲ့ဖူးပါတယ်။
သူမဟာ သဘာဝမြင်ကွင်းက ပုံစံတွေအတိုင်း အဆောက်အဦးတွေကို ပုံဖော်ကာ ခေတ်သစ် ဗိသုကာနယ်ပယ်ကို ဆန်းသစ်စေခဲ့သလို၊ neofuturistic ဒီဇိုင်းတွေကြောင့်လည်း နာမည်ကျော်ပါတယ်။
ဂျာမနီက Vitra Fire Station မီးသတ်ဌာန အဆောက်အဦးကို ပုံဖော်ထားတဲ့ ထောင့်ချိုးတွေ၊ လိုင်းတွေဟာ အနီးအနားမှာတွေ့ရတဲ့ စပျစ်ခင်းတွေကနေ ပုံစံယူထားတာဖြစ်ပြီး၊ လန်ဒန်က Aquatic Centre အဆောက်အဦးကတော့ ရေလှိုင်းပုံစံကို အတုယူ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။
“ဗိသုကာနယ်ပယ်မှာတော့ သူမဟာ တကယ့်ကို ရှေ့ဆောင်လမ်းပြတစ်ဦးပါ။ သူမဟာ Pritzker Architecture Prize ဆုရဲ့ အမြင့်ဆုံးဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်” လို့ ဆုချီးမြှင့်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
ဟာဒစ်ဟာ ပြီးခဲ့တဲ့နှစ်က မမျှော်လင့်ဘဲ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး သူ ဒီဇိုင်းဆွဲပေးခဲ့တဲ့ အဆောက်အဦးတော်တော်များများက လတ်စမသတ်သေးပါဘူး။
၂၀၂၂ ခုနှစ် ကာတာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာဖလားပွဲအတွက် Al Wakrah ဘောလုံးကွင်းကိုလည်း ဟာဒစ်က ဒီဇိုင်းဆွဲပေးခဲ့တာဖြစ်ပါတယ်။
အောက်မှာ ဖော်ပြထားတဲ့ အဆောက်ဦးတွေကတော့ ဇာဟာ ဟာဒစ် ဒီဇိုင်းဆွဲပေးခဲ့တဲ့ နာမည်ကျော် အဆောက်အဦးတွေဖြစ်ပါတယ်။
လန်ဒန်မှ Aquatics Centre စင်တာ
အဇာဘိုင်ဂျန်မြို့တော် ဘာကူမှ Heydar Aliyev Center
အဇာဘိုင်ဂျန်မြို့တော် ဘာကူမှ Heydar Aliyev Centre
တရုတ်နိုင်ငံမှ Guangzhou Opera House
တရုတ်နိုင်ငံ ဘေဂျင်းမှ Galaxy Soho အဆောက်အဦး
ကာတာနိုင်ငံမှ Al Wakrah ဘောလုံးကွင်း
Ref: Aljazeera