News @ M-Media

Tag: Business in Myanmar

  • ဖားကန့်က ကျောက်စိမ်းတောင်ကြီးတွေကို ဘယ်သူတွေရွှေ့နေသလဲ

    ဖားကန့်က ကျောက်စိမ်းတောင်ကြီးတွေကို ဘယ်သူတွေရွှေ့နေသလဲ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၅
    M-Media
    hpa kant
    ဖားကန့်ဒေသမှ ကျောက်စိမ်းတူးဖော်သည့် မြင်ကွင်းတစ်ခု

    – လာမည့်နှစ် အစိုးရသစ်မတက်မီ မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာသိုက်ကြီးမှ ကျောက်စိမ်းများကို မြန်မြန်နှင့် များများ ရရှိစေရန် ပြီးခဲ့သည့်လများအတွင်း နိုင်ငံမြောက်ပိုင်း တောင်တန်းများကို သတ္ထုတွင်းလုပ်သားများက မြေတူးစက်ကြီးများ၊ ဖောက်ခွဲရေးပစ္စည်းများဖြင့် ထိုးခွဲတူးဖော်နေကြသည်။

    မြန်မာနိုင်ငံ၏ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ကြီးစိုးလွှမ်းမိုးထားသည့် တရုတ်ကုမ္ပဏီများက တူးဖော်မှု တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် အခွင့်အရေးများကို ရသလောက်ယူနေကြခြင်းကြောင့် တစ်ချိန်က ပန်းချီကားတစ်ချပ်သဖွယ် စိုပြေလှပခဲ့သော ကချင်ပြည်နယ်မှ တောင်တန်းများတွင် သစ်တော ဧကပေါင်းများစွာ ပျာက်ကွယ်ခဲ့ရပြီး၊ ချိုင့်ကြီးများ ကုန်းပြင်ဖြစ်နေသာ ချောက်ကမ်းပါးများနှင့် ညစ်ပတ်ပေပွသည့် လမ်းကြောင်းများသာ ကျန်ရစ်ခဲ့ရသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က သန့်ရှင်းသော အစိုးရဖြစ်ရမည်ဟူသော ကတိဖြင့် အာဏာရသည့်အခါ ဒေါ်လာ ဘီလီယံပေါင်းများစွာရရှိမည့် ထိုကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှာ အပြောင်းအလဲများဖြစ်မည်ဟု ထင်မြင်ယူဆနေကြောင်း ထိုလုပ်ငန်းတွင် ပါဝင်နေသူများက ပြောပြခဲ့သည်။

    NLD က ၎င်းတို့အနေဖြင့် ဥပဒေစိုးမိုးမှုနှင့် စီးပွားရေးယှဉ်ပြိုင်မှုကို ဆောင်ကျဉ်းပေးမည်ဟု ဆိုထားပြီး နိုင်ငံအတွက် အခွန်ငွေ ဒေါ်လာ သန်းပေါင်းရာနှင့်ချီ ဆုံးရှုံးစေသည့် မှောင်ခိုလုပ်ငန်းများကို နှိမ်နင်းသွားမည်ဟု ပြောဆိုထားသည်။ သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များ မင်းမူနေသည့် ဝေးလံခေါင်ဖျားသောဒေသတွင် ပြောထားသည့်အတိုင်း ဆောင်ရွက်နိုင်မည်လားဟူသော သံသယလည်း တစ်ချို့တွင် ရှိနေကြသည်။

    လွှတ်တော်အမတ်ယောက်ဖြစ်ပြီး မြန်မာစစ်တပ်နှင့် နီးစပ်သည့်ဆက်ဆံရေးနှင့်အတူ ကျောက်စိမ်းကုန်သွယ်မှုတွင် အာဏာပါဝါရှိသည့် နေ၀င်းထွန်းက တရုတ်ကုမ္ပဏီများမှာ ကျောက်စိမ်းလုပ်ငန်းတွင် လက်ငင်းငွေသား၊ စက်ပစ္စည်းကိရိယာများကို ဖောဖောသီသီ အသုံးပြု၍ ထုတ်လုပ်မှုကို မြှင့်တင်ကာ ဒေသခံ သတ္ထုတွင်းလုပ်သားများကို ထိန်းချုပ်ထားကြသည်ဟု ဆိုသည်။

    “အခုဆိုရင် ကျောက်စိမ်းဈေးကွက်က တရုတ်ကြောင့် ပျက်နေပြီဗျ။ တရုတ်ကုမ္ပဏီတွေက ကျွန်တော့်ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းဖို့ ကြိုးစားကြတယ်။ ကျွန်တော်က လက်မခံဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က အကျိုးအမြတ် အများကြီး တောင်းတယ်လေ” ဟု လိမ္မောရောင်ရှပ်အင်္ကျီဝတ်ပြီး၊ နေကာမျက်မှန်တပ်ကာ ကောင်းဘွိုင်ဦးထုပ်ဆောင်းထားသည့် နေ၀င်းထွန်းက ၎င်း၏ ကျောက်စိမ်းတွင်းများမှ တစ်ခုဖြစ်သည့် ဖားကန့်အနီး ကျောက်စိမ်းတွင်းနားတွင် ပြောကြားခဲ့သည်။ ၎င်း၏ ဘေးပတ်ပတ်လည်တွင် တူညီဝတ်စုံဝတ်ထားသော ချွေရံသင်းပင်းများ အရံသင့်ရှိနေပြီး ထိုအထဲမှတစ်ဦးက ၎င်း၏ ဖိနပ်ကြိုးအား ငုံ့၍ ချည်ပေးလေသည်။

    ဖားကန့်မြို့တစ်ဝိုက်တွင် ကျောက်စိမ်းတွင်းပေါင်း ၆၀၀ ခန့်ကို တူးဖော်ဆောင်ရွက်နေပြီး မြေနေရာအကျယ်အ၀န်းမှာ ဧက ၂၀၀၀၀ ရှိလေသည်။ သို့သော်လည်း ထိုကျောက်စိမ်းတွင်များကို လွှမ်းမိုးလုပ်ကိုင်နေသည့် ကုမ္ပဏီက ၁၀ ခုခန့်သာရှိပြီး ထိုအထဲမှ အမျာစုမှာ တရုတ်ဦးဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်နေသည်ဟု သတ္ထုတွင်းဝန်ကြီးဌာန၏ မြန်မာကျောက်မျက်ရတနာလုပ်ငန်းမှ ဒုတိယအကြီးအကဲ ရဲထွဋ်က ပြောကြားခဲ့သည်။

    “လာမယ့်လတွေမှာဖြစ်မယ့် နိုင်ငံရေးအပြောင်းအလဲတွေကို ကျွန်တော်တို့က စိုးရိမ်နေပါတယ်” ဟု ဖားကန့်ရှိ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီဖြစ်သော တစ်သုံးလုံးကုမ္ပဏီမှ ဆိုက်မန်နေဂျာ အီက်ယင်က ပြောကြားခဲ့သည်။ သို့သော်လည်း ထိုအကြောင်းအရင်းက ကျောက်စိမ်းတူးဖော်မှုကို မြင့်တက်လာခဲ့ခြင်းလားဆိုသည့် အမေးကိုတော့ ၎င်းက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

    ထိုကဲ့သို့ တူးဖော်မှု တိုးမြှင့်ခြင်းကြောင့် တိုင်းရင်းသားပြည်သူများမှာ ၎င်းတို့ နေထိုင်ရာဒေသမှ အတင်းအဓမ္မ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။ တူးဖော်ပြီးခဲ့သည့် နေရာများတွင် ကျောက်ရိုင်းတုံးများ ရလိုရငြား လိုက်လံရှာဖွေသူများမှာလည်း မြေစာပုံများ ပြိုကျမှုကြောင့် တစ်ခါတစ်ရံတွင် အသက်ဆုံးရှုံးကြရသည်။ ပြီးခဲ့သည့်လကပင် ထိုကဲ့သို့ မြေစာပုံပြိုကျမှုကြောင့် လူ ၁၁၄ ဦး နစ်မြုပ်သေဆုံးခဲ့ကြရလေသည်။

    ထိုကဲ့သို့ လိုက်လံရှာဖွေသူများအပြားမှာ ဆေးစွဲမှုများလည်း ရှိနေသည်။

    တောင်ရွှေ့သူများ

    မြန်မာပိုင် သုခရတနာ ကျောက်တူးဖော်ရေးကုမ္ပဏီက တရုတ်ပြည်မမှ ကုမ္ပဏီများမှာ ယခုနှစ်အစောပိုင်းမှစ၍ ကျောက်စိမ်းတူးဖော်မှုကို အရှိန်မြှင့်လုပ်ဆောင်လာကြသည်ဟု ပြောကြားခဲ့သည်။

    “သူတို့အများစုက ပြည်တွင်းက (နိုင်ငံသား) တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြတာပါ။ ကျွန်တော်တို့ ကုမ္ပဏီကတောင် ၆ ဧကလောက်ရှိတဲ့ လုပ်ကွက်နှစ်ခုကို တရုတ်ကုမ္ပဏီတွေဆီ ရောင်းလိုက်တယ်။ ကျွန်တော်တို့ ငွေလိုတယ်လေ” ဟု သူက ဆိုသည်။

    မြန်မာနိုင်ငံမှ မိုင်းလုပ်သားများကမူ ၎င်းတို့မှာ သြဇာအာဏာကို ငွေဖြင့်ဝယ်၍ ကြီးမားသော စက်ယန္တရားများ၊ မြေတူးစက်များဖြင့် ရင်းနှီးမြှုပ်နှံကာ ဆောင်ရွက်နေကြသည့် တရုတ်သူဌေးကြီးများကို မယှဉ်နိုင်ဟု ပြောကြားခဲ့သည်။ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တွင် မြင်တွေ့ရသည့် ထရပ်ကားကြီးများ၊ အခြားသော ယန္တရားကြီးများမှာ တရုတ်ကုမ္ပဏီများက ပိုင်ဆိုင်ကြသည့် ပစ္စည်းများသာ ဖြစ်လေသည်။

    ထိုကုမ္ပဏီများက ဈေးကွက်ကိုလည်း လက်ဦးကြပြီး ၎င်းတို့နှင့် ရင်းနှီးပြီးသားဖြစ်ကာ မြန်မာနိုင်ငံအထိ လာရောက်ဝယ်ယူကြသည့် တရုတ်ဝယ်လာဘ်များကို ရောင်းချကြသည်ဟု ကုန်သည်များက ဆိုသည်။

    မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူက တရုတ်ကုမ္ပဏီများမှာ ၎င်းတို့၏ ကျော်တူးဖော်ရေးလုပ်ငန်း အဖုအထစ်မဖြစ်စေရန်အတွက် ဒေသတွင်းမှ စစ်ဗိုလ်များနှင့် ပူးပေါင်းထားကြပြီး ၎င်းတို့အား ဒေသတွင်းအစိုးရက မလှန်နိုင်ဟု ဆိုသည်။

    “လုပ်ကွက်တွေပေးဖို့ စစ်ဘက်အရာရှိတွေက တရုတ်ကုမ္ပဏီတွေနဲ့ သဘောတူညီချက်တွေရှိထားတယ်။ တစ်ခါတစ်ရံမှာ လုပ်ကွက်ပိုင်ဆိုင်သူရဲ့အမည်တောင် သူတို့မပြောင်းဘူး။ ဒီလုပ်ကွက်တွေကို ဘယ်သူမှ သွားမထိရဲဘူးဗျ” ဟု အမည်ထုတ်ဖော်မပြောလိုသည့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်း၍ မရခဲ့တဲ့ သမ္မတရုံးမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဇော်ဌေးက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ ထွက်ရှိသောကျောက်စိမ်းများမှ အများစုမှာ နှစ်စဉ် တရုတ်နိုင်ငံသို့ မှောင်ခိုသွားနေသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် ကျောက်စိမ်းမှာ ကံကောင်းခြင်းများ၊ ဥစ္စာပေါကြွယ်ဝမှုနှင့် အသက်ရှည်မှုကို ဆောင်ကျဉ်းပေးသည့် အမှတ်အသားတစ်ခုဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြသည်။

    တရားဝင်အချက်အလက်များအရ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းဈေးကွက်ရှိသည့် တရုတ်နိုင်ငံမှာ ယခုနှစ် ပထမ ၉ လအတွင်း မြန်မာနိုင်ငံမှ ကန်ဒေါ်လာ သန် ၅၄၀ ဖိုးရှိသော ကျောက်စိမ်းများကို တင်သွင်းသည်ဟု သိရသည်။ အစိုးရမဟုတ်သော အဖွဲ့ Global Witness က ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကျောက်စိမ်းထုတ်လုပ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၃၁ ဘီလီယံရှိသည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်းက မြန်မာနိုင်ငံမှ ကျောက်စိမ်းမှောင်ခိုကူးမှုတွင် တရုတ်ကုမ္ပဏီများ ပါဝင်သည်ဟူသော မည်သည့်စွပ်စွဲမှုကိုမှ သတိမထားမိဟု ပြောကြားခဲ့သည်။ သို့သော်လည်း မိမိတို့တိုင်းပြည်က ထိုတရားမ၀င်လုပ်ဆောင်းမှုများကို ဆန့်ကျင်သည်ဟု ဆိုလေသည်။

    ဖားကန့်ဒေသ၏ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရာနှင့်ချီသော ထရပ်ကားများကို ကချင်ပြည်နယ်ရှိ တောများတွင် ဖွက်ထားပြီး ဖားကန့်မှ လျှို့ဝှက် ကျောက်စိမ်းအရိုင်းတုံးကြီးများကို ထိုကားအနည်းငယ်ဖြင့် ညစဉ် တရုတ်နယ်စပ်သို့ သယ်ဆောင်သွားသည်ဟု ပြောကြားခဲ့သည်။

    “ညပိုင်းတွေမှာ ထရပ်ကား ၉ စီး၊ ၁၀ စီးလောက်လှုပ်ရှားကြပါတယ်။ စစ်တပ်က ထိန်းချုပ်ထားတဲ့ဒေသ ဖြစ်တာကြောင့် တရုတ်ကုမ္ပဏီတွေက ဒီထရပ်ကားတွေ ဖားကန့်ထဲဝင်လို့ရအောင် စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်ပါတယ်” ဟု အဆိုပါအရာရှိက အမည်မဖော်လိုသည့် အခြေအနေဖြင့် ပြောကြားခဲ့သည်။

    ရွေးကောက်ပွဲကြေငြာစာတမ်းတွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီက လာမည့်နှစ် မိမိတို့ အာဏာလွှဲပြောင်းယူသည့်အခါ ရင်းနှီးမြှုပ်နှံမှုမျာကို အနီးကပ် အသေအချာ စစ်ဆေးသွားမည်ဟု ကတိပြုခဲ့သည်။ သို့သော်လည်း နိုင်ငံရေးပါဝါ၊ ကျယ်ပြန့်သည့်စီးပွားရေးကွန်ယက်နှင့် လွှမ်းမိုးမှုရှိနေသည့် စစ်တပ်ကြောင့် ကျောက်စိမ်းလုပ်ငန်းတွင် ရဲတပ်ဖွဲ့က ၀င်ရောက်စွက်ဖက်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။

    “စစ်တပ်ကလွှမ်းမိုးထားတဲ့ဒေသဖြစ်တာကြောင့် အစိုးရကတောင် မထိန်းချုပ်နိုင်ပါဘူး။ အခုအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကို သြဇာမညောင်းသေးပါဘူး။ ဒါ့ကြောင့် NLD အစိုးရတက်လာလည်း ထူးမခြားနားပဲ ဆက်ဖြစ်မယ်လို့ ထင်ပါတယ်” ဟု တစ်သုံးလုံးကုမ္ပဏီမှ မန်နေဂျာ အီက်ယင်က ပြောကြားခဲ့လေသည်။

    (Reuters သတင်းဌာနက ဖော်ပြသည့် Chinese jade miners in overdrive ahead of new Myanmar government ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • မြန်မာဆိပ်ကမ်းများတွင် ကွန်ပျူတာသုံး အချက်အလက်ထည့်သွင်းမှု စနစ်ကို Hitachi က ဆောင်ရွက်ပေးသွားမည်

    မြန်မာဆိပ်ကမ်းများတွင် ကွန်ပျူတာသုံး အချက်အလက်ထည့်သွင်းမှု စနစ်ကို Hitachi က ဆောင်ရွက်ပေးသွားမည်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    port

    – မြန်မာနိုင်ငံအတွင်း ဆိပ်ကမ်းများတွင် စာရွက်အသုံးပြု စာရင်းမှတ်မှုများအား ကွန်ပြုတာအသုံးပြုစနစ် ဖြစ်လာစေရန်အတွက် မိမိတို့က ဆောင်ရွက်ပေးသွားမည်ဟု Hitachi ကုမ္ပဏီ အမှုဆောင်အကြီးအကဲ ကိုင်ချီရို ဆာကူမာက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများ၌ သင်္ဘောအ၀င်အထွက်၊ ကုန်ပစ္စည်းအတင်အချများ ဆောင်ရွက်ရာတွင် ယခုအချိန်အထိ စာရွက်မှတ်တမ်းများကိုသာ မှီခိုနေရသည်။

    အဆိုပါ ရှေးဟောင်းစနစ်ကို Hitachi က အီလက်ထရောနစ် အချက်အလက်ဖလှယ်စနစ် EDI ဖြင့် အစားထိုးမည်ဖြစ်ပြီး ထိုစနစ်တွင် စီးပွားရေဆိုင်ရာအချက်အလက်များကို စံပုံစံဖြင့် ကွန်ပျူတာတစ်ခုမှ တစ်ခုသို့ ပို့ဆောင်ရွှေ့ပြောင်းခြင်းလည်း ပါဝင်မည်ဖြစ်သည်။

    မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည့် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က ထိုသို့ စနစ်ပြောင်းရန်အတွက် Hitachi ကို သြဂုတ်လကတည်းက လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

    လက်ရှိအချိန်တွင် Hitachi က အဖွဲ့ဝင် ၁၀ ဦးပါဝင်သော အဖွဲ့တစ်ခုကို ဖွဲ့စည်းကာ ပထမအဆင့်ကို ဆောင်ရွက်သွားရန် ရှိနေပြီး ၂၀၁၇ ခုနှစ် မတ်လတွင် ကွန်ပျူတာသုံး စနစ်သစ်အား သုံးစွဲသွားနိုင်ရန် ရည်ရွယ်ထားသည်ဟု မစ္စတာ ဆာကူမာက ပြောကြားခဲ့သည်။

    အဆိုပါ EDI စနစ်မှာ မြန်မာဆိပ်ကမ်းများကို ကုန်တင်သင်္ဘောများ ၀င်ထွက်သွားလာမှုအတွက် ကြာချိန်ကို လျော့ချနိုင်မည်ဖြစ်ပြီး လက်ခံစာရွက်ထုတ်ပေးခြင်း၊ စာရင်းအင်းပိုင်းနှင့် ဆိပ်ကမ်း စီမံဆောင်ရွက်မှုများတွင် ယခုထက် ပိုမိုလွယ်ကူမည်ဖြစ်သည်။

    ရန်ကုန်ရှိ ဆိပ်ကမ်းများသို့ ကုန်တင်သင်္ဘောများ ဆိုက်ရောက်မှုမှာ လွန်ခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း ၂ ဆမြင့်တက်လာခဲ့ပြီး၊ ကုန်ပစ္စည်များ၊ ကွန်တိန်နာများ ၀င်ရောက်မှုမှာလည်း ၂ ဆကျော် မြင့်တက်လာခဲ့သည်။

    မြန်မာ့ဆိပ်ကမ်း အာဏာပိုင်များကမူ ဆိပ်ကမ်းအုပ်ချုပ်ရေး၊ ကုန်တင်သင်္ဘောကုမ္ပဏီများနှင့် ပုဂ္ဂလိကလုပ်ငန်းများအားလုံး အဆိုပါ EDI စနစ်ကို အသုံးပြုရန် ရည်ရွယ်ထားသည်။

    Ref: mmtimes

  • မစ်ဆူဘီရှီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်း၍ ကားများဖြန့်ဖြူးမည်

    မစ်ဆူဘီရှီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်း၍ ကားများဖြန့်ဖြူးမည်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    car

    – ဂျပန် ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော မစ်ဆူဘီရှီနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ကားများ ဖြန့်ဖြူးသွားမည်ဟု ရိုးမဟိုးလ်ဒင်းကုမ္ပဏီက ယနေ့တွင် ကြေငြာလိုက်သည်။

    အဆိုပါကုမ္ပဏီနှစ်ခု ၅၀ ရာခိုင်နှုန်းစီ အကျိုးတူပူးပေါင်း၍ တည်ထောင်ထားသော MM Cars Myanmar Ltd မှာ မစ်ဆူဘီရှီကားများကို လက်လီ လက်ကားဖြန့်ဖြူးခြင်းအပြင် ရောင်းချပြီးနောက်ပိုင်း ဆားဗစ်ပိုင်းနှင့် ပြင်ဆင်ထိန်းသိမ်းမှု အပိုင်းတို့ကိုလည်း လုပ်ဆောင်ပေးသွားမည်ဟုဆိုသည်။ ထို့ပြင် ကားအတွက် အပိုအစိတ်အပိုင်းများကိုလည်း ၎င်းတို့က ဖြန့်ဖြူးသွားမည်ဖြစ်သည်။

    ၂၀၁၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ရိုးမကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် မစ်ဆူဘီရှီ ဆားဗစ်စင်တာ နှစ်ခုကိုလည်း ကုမ္ပဏီအသစ်က လက်လွှဲရယူသွားမည်ဖြစ်သည်။ မစ်ဆူဘီရှီ ကားအရောင်းပြခန်းကို ယမန်နေ့က ရန်ကုန်တွင် ဖွင်လှစ်ခဲ့ပြီး အဆိုပါ ပြခန်းကို MM Cars Myanmar Ltd က စီမံသွားမည်ဖြစ်သည်။

    Ref: Straitstimes

  • မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့ထားမှုကို အမေရိကန် ယာယီပြန်ဖွင့်ပေး

    မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့ထားမှုကို အမေရိကန် ယာယီပြန်ဖွင့်ပေး

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    yangon

    – မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသည့် ကုန်သွယ်ရေး ပိတ်ဆို့မှုများကို ယာယီဖွင့်ပေးလိုက်ပြီဟု အမေရိကန်ပြည်ထောင်စု နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာန၏ ငွေတိုက်ဌာနခွဲမှ ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ယခင် စစ်အာဏာရှင်ဟောင်းလက်ထက်တွင် ကြွယ်ဝလာခဲ့သည့် ခရိုနီများ ပိုင်ဆိုင်သော ဆိပ်ကမ်းလုပ်ငန်းများ၊ အခြားသော အခြေခံအဆောက်အဦးများနှင့် ဆက်သွယ်၍ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်မှုကို ဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယာယီဖွင့်ပေးမှုမှာ ၆ လတာ ကြာမြင့်မည် ဖြစ်သည်။

    အမေရိကန် ဘဏ်လုပ်ငန်းများက ၎င်းတို့မှာ မူယစ်လုပ်ငန်းများနှင့် ဆက်နွယ်နေသည်ဟူသော သတင်းများကြောင့် အမည်ပျက်စာရင်းသွင်းထားသည့် စတီဗင်လော၏ ကုမ္ပဏီက ဆောင်ရွက်နေသော ရန်ကုန်မြို့ အဓိကဆိပ်ကမ်းကြီးကို ဖြတ်၍ ကုန်သွယ်မှုများကို လုပ်၍မရဟု စောဒတက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်က ယခုကဲ့သို့ ပိတ်ဆို့မှုကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။

    အမေရိကန်အစိုးရ တာဝန်ရှိသူများကမူ ထိုကဲ့သို့ ပိတ်ဆို့မှုများကို ဖြေလျော့ပေးလိုက်ခြင်းက အမေရိကန်ဘဏ်များ၏ လုပ်ရကိုင်ရခက်မှုကို ရှင်းလင်းပေးလိုက်ဖြင်းဖြစ်ပြီး၊ ပိတ်ဆို့မှုအား ချိုးဖောက်မိမည်ကို စိုးရိမ်ခြင်းနှင့် မလိုအပ်သော ကုန်ကျစားရိတ်များ ဖြစ်လာမည်ကို ကြောက်ရွံ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် လုပ်ငန်း လုပ်ကိုင်ခြင်း မရှိမှုကို တားဆီးရန်အတွက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့များကမူ ထိုကဲ့သို့ ဖယ်ရှားခြင်းမှာ နောက်ပြန်ဆုတ်ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

    စစ်အာဏာရှင်လက်ထက်တွင် ပြုလုပ်ခဲ့သည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချင်အများအပြားကို ၂၀၁၂ ခုနှစ်တွင် အမေရိကန်က ဖြေလျော့ပေးခဲ့သော်လည်း စစ်အာဏာရှင်နှင့် ဆက်နွယ်နေသည့် အကြီးတန်းတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများကို အမည်ပျက်စာရင်းထဲတွင် ဆက်လက် ထည့်သွင်းထားခဲ့ကာ အမေရိကန်၏ ဘဏ္ဍာရေးစနစ်အတွင်း ပိုင်ဆိုင်မှုများမရှိရန် ဟန့်တားခြင်း၊ အမေရိကန်ကုမ္ပဏီများနှင့် အလုပ်လုပ်ကိုင်မှုအား တားမြစ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    ထိုကဲ့သို့ ပိတ်ဆို့ခြင်းခံထားရသော ကုမ္ပဏီများနှင့် စစ်တပ်ပိုင် ကုမ္ပဏီများမှာ မဖွံ့ဖြိုးသေးသည့် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် လမ်းတံတားလုပ်ငန်းများကို အဓိက ထိန်းချုပ်ထားကြသည်။

    Ref: AP