News @ M-Media
Tag: Canada
  • ကနေဒါအထက်တန်းကျောင်းတစ်ခုတွင် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား
    ကနေဒါအထက်တန်းကျောင်းတစ်ခုတွင် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား
    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media
    canada
    – ကနေဒါနိုင်ငံ ဆာကက်ချီဝမ်ပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ခုတွင် သေနတ်သမားတစ်ယောက်က သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သောကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။
    ဆက်ကာတွန်မြို့ မြောက်ပိုင်း ၆၀၀ ကီလိုမီတာတွင်ရှိသည့် ဌာနေတိုင်းရင်းသား လူ့အဖွဲ့အစည်းတွင် ယမန်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံသယရှိသူအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ သို့သော်လည်း တိုက်ခိုက်မှု၏ နောက်ကွယ်မှ လှုံ့ဆော်မှုကို အတိအကျ မသိရသေးပေ။
    ကနဦးသတင်းများအရ လူ ၅ ဦးသေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူ ၄ ဦးရှိသည်ဟု အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ လက်နက်ကိုင်ဆောင်မှုကို အမေရိကန်ထက်ပို၍ ထိန်းချုပ်ထားသော ကနေဒါနိုင်ငံတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုမှာ ဖြစ်လေ့ဖြစ်ထမရှိချေ။
    ကနေဒါနိုင်ငံတွင်ဖြစ်ခဲ့သည့် စာသင်ကျောင်းများအား ၀င်ရောက်ပစ်ခတ်မှုမှ အဆိုးဆုံး အဖြစ်အပျက်များမှာ ၁၉၈၉ ခုနှစ်တွင် လူ ၁၄ ဦး သေဆုံးခဲ့သည့် မွန်ထရီယဲလ်ရှိ တက္ကသိုလ်တစ်ခုအား ၀င်ရောက်ပစ်ခတ်မှု၊ ၁၉၉၂ ခုနှစ်တွင် လူလေးဦးသေဆုံးခဲ့သည့် မွန်ထရီယဲလ်မှ Concordia တက္ကသိုလ်ပစ်ခတ်မှုတို့ဖြစ်သည်။
    Ref: Aljazeera
  • ဒုက္ခသည် အဖြစ် ခိုလှုံခဲ့သူ မွတ်စလင် အမျိုးသမီး  ကနေဒါ အစိုးရ အဖွဲ့သစ်မှာ ဝန်ကြီးဖြစ်လာ
    ဒုက္ခသည် အဖြစ် ခိုလှုံခဲ့သူ မွတ်စလင် အမျိုးသမီး ကနေဒါ အစိုးရ အဖွဲ့သစ်မှာ ဝန်ကြီးဖြစ်လာ
    နိုဝင်ဘာ ၆ ၊ ၂၀၁၅
    M-Media
    Maryam Monsef
    – ကနေဒါနိုင်ငံ၏ ဒီမိုကရေစီရေးရာ ၀န်ကြီးသစ်မှာ ကလေးဘ၀က မိခင်၊ ညီမနှစ်ဦးတို့နှင့်အတူ အာဖဂန်မှ ကနေဒါသို့ ပြောင်းရွှေ့အခြေချလာခဲ့သည့် အသက် ၃၀ အရွယ် မွတ်စလင်အမျိုးသမီး မရ်ယမ် မွန်ဆက်ဖ် ဖြစ်လေသည်။
    သူမမှာ ပြောင်းလဲတိုးတက်မှုများရှိနေသည့် အွန်တာရီယိုမှ ပီတာဘိုရိုမြို့ကို ကိုယ်စားပြုသည့် လွှတ်တော် အမတ်အသစ်အဖြစ် ကနေဒါ ပါလီမန်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၄ ရက်နေ့) တွင် ၀န်ကြီးချုပ် ဂျက်စတင် ထရူဒူက ၀န်ကြီး ၃၁ ဦး ပါဝင်သည့် ကက်ဘိနတ်တွင် သူမအား ရွေးချယ်ခဲ့ပြီး အငယ်ဆုံး ၀န်ကြီးဖြစ်လာကာ ကနေဒါသမိုင်းတစ်လျှောက် ကက်ဘိနက် အဖွဲ့အတွင်း ပါဝင်ရသည့် စတုတ္ထမြောက် အသက်ငယ်ဆုံး ၀န်ကြီးလည်း ဖြစ်လာခဲ့လေသည်။
    မွန်ဆက်ဖ်မှာ အာဖဂန်နစ္စတန်တွင် မွေးဖွားခဲ့သူဖြစ်ပြီး နိုင်ငံအနောက်ပိုင်း အီရန်နယ်စပ် ဟီရတ်ဒေသတွင် ကြီးပြင်းခဲ့သည်။ သူမ လမ်းလျှောက်တတ်ကာစ အရွယ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီး ညီမ နှစ်ဦးစလုံးမှာ အသက် ၂ နှစ်အောက်အရွယ်သာ ရှိသေးသည်။ ထိုအချိန်က မိခင်မှာ အသက် ၂၀ ကျော်သာ ရှိပြီး ဖခင်ဖြစ်သူ အဘယ့်ကြောင့် သေဆုံးသွားရသည်ကိုလည်း မွန်ဆက်ဖ်က တိတိကျကျ မသိ။
    “အီရန်နဲ့ အာဖဂန်နစ္စတန်နယ်စပ်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုအတွင်းမှာ အဖေက ကြားညပ်သေဆုံးခဲ့တယ်လို့ပဲ ကျွန်မတို့ သိခဲ့ရပါတယ်” ဟု ကနေဒါ  Huffington Post သို အင်္ဂါနေ့တွင် သူမက ပြောကြားခဲ့သည်။
    သူမ မမွေးခင် နှစ်အနည်းငယ်အရင်က ဦးလေးဖြစ်သူမှာ ကဘူးလ်တက္ကသိုလ်ရှိ နေထိုင်ရာ အဆောင်အခန်းထဲမှ ပြန်ပေးဆွဲခြင်း ခံခဲ့ရသည်ဟု သူမက ပြောကြားခဲ့သည်။ ဆေးဝါးအထူးပြု ဘာသာရပ်ဖြင့် တတိယနှစ် တက်ရောက်နေသော ၎င်း၏ ဦးလေးမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပြီး ဘတ်စ်ကားများပေါ်တွင် ကွန်မြူနစ်ဆန့်ကျင်သည့် စာတမ်းများကို ကပ်လေ့ရှိသည်ဟု ကြားဖူးကြောင်း သူမက ဆိုသည်။
    “အဲဒီညမှာ ကောလိပ်အဆောင်ဟာ စီးနင်းခံရပြီး သူနဲ့ သူ့အခန်းဖော်တွေလည်း အဖမ်းခံခဲ့ရပါတယ်။ ပြီးတော့ သူတို့အကြောင်းကို နောက်ထပ် ဘယ်တော့မှ မကြားရတော့သလို သူတို့ကို မြင်လည်း မမြင်ရတော့ပါဘူး။ ဒါက ကျွန်မတို့မိသားစု နိုးထဖို့ အရေးပါတဲ့ အချက်ပေးခေါင်းလောင်းသံလို့ ကျွန်မ ထင်ပါတယ်”
    အာဖဂန်နှင့် အီရန်အကြား ရွှေ့ပြောင်းနေထိုင်သည့် အချိန်များတွင် မွန်ဆက်ဖ်၏ ကလေးဘ၀ ကုန်ဆုံးခဲ့သည်။
    “အဲဒါကြောင့်ပဲ ကျွန်မ အခုရနေတဲ့ အခွင့်အလမ်းဟာ ပိုပြီး အရေးပါတာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလို သမိုင်းကြောင်းနဲ့ လူဖြစ်လာပြီး လူတွေရဲ့ဘ၀တွေကို သိသိသာသာ သက်ရောက်မှုတွေရှိမယ့် ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာရတယ်လေ။ ဂုဏ်ယူစရာသိပ်ကောင်းသလို၊ မယုံကြည်နိုင်စရာ အဆင့်အတန်းလည်း ဖြစ်ပါတယ်”
    ဆိုဗီယက်၏ ကျူးကျော်မှုက အာဖဂန်၏ တံခါးအားလုံးကို ပိတ်သွားစေခဲ့ပြီး အခြားသော အာဖဂန်ပြည်သူများကဲ့သို့ပင် မွန်ဆက်ဖ်တို့မိသားစုမှာ နယ်စပ်ဖြတ်ကျော်၍ နေထိုင်ရကာ စစ်ကြီး အဆုံးသတ်ရန် မျှော်လင့်ခဲ့ကြသည်။ ဦးလေးများ၏ အထောက်အပံ့အချို့နှင့်အတူ မွန်ဆက်ဖ်၏ မိခင်က အိမ်ထောင်ကို ထိန်းသိမ်းရသည်။
    “အဲဒီဘ၀ဟာ နှစ်မြို့စရာ အသက်ရှင်နေထိုင်မှုမျိုးတော့ မဟုတ်ပါဘူး” ဟု ဆိုပြီး မိခင်ဖြစ်သူမှာ သူမတို့ ညီအမများအား အိမ်တွင် အင်္ဂလိပ်စာသင်ပေးကာ တစ်ခါတစ်ရံတွင် ကျောင်း၌ သင်ကြားရသည်ဟု မွန်ဆက်ဖ်က ထပ်လောင်းပြောကြားခဲ့သည်။
    “ဒါပေမယ့် အမေ့အတွက် ဒီအခြေအနေဟာ ရေရှည်မခံခဲ့ပါဘူး။ ဘာ့ကြောင်လည်းဆိုတော့ တာလီဘန်တွေဟာ အမျိုးသမီးတွေကို ပညာသင်ကြားဖို့ အားမပေးလို့ပါပဲ”
    မေတ္တာဖြင့် ပျိုးထောင်ခြင်း
    အီရန်တွင်ရှိနေစဉ်အတွင်း မွန်ဆက်ဖ်၏ မိခင်ဖြစ်သူက ဘ၀ကို ရုန်းကန်ခဲ့ရသည်။ သို့သော်လည်း သူမတို့ မိသားစုက အဆင်မပြေ။ အခြားကလေးများက သူမတို့ ညီအမများကို နောက်ကြပြောင်ကြသည်။ ဒုက္ခသည်အဖြစ် နေထိုင်ရသည့်ဘ၀တွင် အချိန်မရွေး ပြန်ပို့ခံရနိုင်သော ခြိမ်းခြောက်မှုလည်း ရှိခဲ့သည်ဟု မွန်ဆက်ဖ်က ဆိုသည်။
    “ဆင်းရဲတယ်ဆိုတာကို ကျွန်မတို့ မခံစားခဲ့ရဘူး။ အနာဂတ်မရှိတာကိုလည်း ကျွန်မတို့ မသိခဲ့ရဘူး။ ဘာ့ကြောင့်လည်းဆိုတော့ မေမေက အချစ်တွေပုံပေးပြီး ကျွန်မတို့ကို လိုလေသေးမရှိ ထားလို့လေ။ ကျွန်မတို့က အားလုံးပြည့်စုံတယ်လို့ပဲ ထင်တာ။ အဖိုးက ဖေဖေ့နေရာကို ၀င်ယူပေးတာကြောင့် ဖခင်အရိပ်မရှိတဲ့ သောကလည်းကိုလည်း ကျွန်မတို့ မခံစားခဲ့ရပါဘူး”
    ၁၉၉၆ ခုနှစ်တွင် မိခင်ဖြစ်သူက ကနေဒါသို့ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့သည်။ ထိုခရီးစဉ်တွင် အီရန်၊ ပါကစ္စတန်၊ ဂျော်ဒန်တို့ကို ဖြတ်ခဲ့ရပြီး မြည်း၊ ကုလားအုတ်နှင့် လေယာဉ်ပျံတို့ဖြင့် ကုန်းတစ်တန်၊ ရေတစ်တန် ခရီးနှင်ခဲ့ရသည်ဟု မွန်ဆက်ဖ်က ပြန်ပြောင်းပြောပြသည်။ ထိုခရီးစဉ်အတွင်း သူမ၏ ညီမများက ရေခြောက်လည်း ပေါက်လိုက်သေးသည်။
    ကနေဒါသို့ရောက်သည့်အခါ သူမတို့ မိသားစုမှာ ဒုက္ခသည်အဖြစ် စာရင်းဝင်ခဲ့ပြီး ဦးလေးတစ်ဦးရှိရာ ပီတာဘိုရိုတွင် အခြေချနိုင်ခဲ့သည်။ ထိုစဉ်က မွန်ဆက်ဖ်မှာ အသက် ၁၁ နှစ်သာ ရှိသေးသည်။
    “မြက်ခင်းစိမ်းစိမ်းတွေ၊ ပီတာဘိုရိုမြို့ပတ်ပတ်လည်မှာရှိတဲ့ မြစ်ချောင်းတွေ၊ ပြုံးရွှင်ဖော်ရွေကြတဲ့ ပြည်သူတွေနဲ့ အင်မတန် ကြည်နူစရာကောင်းပါတယ်။ ပြီးတော့ သပိတ်လွယ်ငှက်ကလေးတွေလည်းရှိပြီး အဲဒီငှက်တွေကို ကျွန်မ တစ်ခါမှ မမြင်ဖူးပါဘူး”
    တိုင်းပြည်အသစ်တွင် အသားကျရန်အတွက် သူမမှာ အခက်တွေ့ခဲ့ရသည်။ အိမ်လွမ်းသည့်ဝေဒနာကို ခံစားခဲ့ရပြီး အင်္ဂလိပ်စာမတတ်သည့် ဒုက္ခကိုလည်း ကြုံတွေ့ခဲ့ရသည်။ အိမ်ယာအပါအ၀င် အရာရာတိုင်းက သူမအတွက် အသစ်အဆန်းဖြစ်နေလေသည်။
    Salvation Army၊ New Canadians Centre၊ Casa Maria Refugee Homes နှင့် YMCA တို့ အပါအ၀င် လူ့အဖွဲ့အစည်းအသစ်နှင့် အသားကျရန်အတွက် အသင်းအဖွဲ့များနှင့် လူမှုရေးအဖွဲ့များက သူမတို့ မိသားစုအား ကူညီပေးခဲ့သည်။ သူမကလည်း လက်ရှိအချိန်အထိ Casa Maria နှင့် YMCA တို့တွင် စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသည်။
    “စေတနာ့ဝန်ထမ်းတွေနဲ့ အိမ်နီးချင်းတွေက ကျွန်မတို့ရဲ့ ဘ၀ထဲကို ၀င်လာပြီး အထီးကျန်တယ်လို့ မခံစားရအောင်၊  နွေးထွေးတဲ့ အသိုင်းအ၀ိုင်း ရှိလာအောင်၊ သောကမရောက်အောင်၊ လူ့အဖွဲ့အစည်းမှာ ကျွန်မတို့လည်း ပါဝင်တယ်လို့ ခံစားရလာအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ နှစ်ပေါင် ၂၀ ကြာပြီးတဲ့အထိ အဲဒီကြင်နာမှုက ကျွန်မနဲ့အတူ ရှိနေဆဲပါပဲ။ အဲဒါတွေအတွက် လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ ကျွန်မ ပြန်ပေးဆပ်ရပါမယ်” ဟု မွန်ဆက်ဖ်က ပြောကြားခဲ့သည်။
    အိမ်ထောင်ရေးအကြောင်း ပြောသည့်အခါတွင်တော့ သူမမှာ ပီတာဘိုရိုမြို့နှင့် လက်ထပ်ထားသည်ဟု အရွှန်းဖောက်ခဲ့လေသည်။
    အသက် ၂၉ နှစ်အရွယ် ၂၀၁၄ ခုနှစ်တွင် မွန်ဆက်ဖ်မှာ ပီတာဘိုရိုမြို့၏ မြို့တော်ဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိင်ခဲ့သော် လည်း အောင်မြင်မှုမရခဲ့။ သို့သော်လည်း အိမ်ပေါင်း ၇ သောင်းကျော်ကို ကိုယ်တိုင် သွားရောက် မဲဆွယ်ခဲ့ပြီးနောက် လစ်ဘရယ်ပါတီ၏ လှိုင်းလုံးကြီးနှင့်အတူ အောက်တိုဘာ ၁၉ ရက်နေ့တွင် သူမမှာ လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာခဲ့သည်။
    သူမ၏ ကြီးမားသည့် အလုပ်တာဝန်က နိုဝင်ဘာ ၄ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပြီး ကက်ဘိနက် ၀န်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကာ ပထမဆုံး ကက်ဘိနတ်အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ရလေသည်။
    မွန်ဆက်ဖ်က ဒီမိုကရေစီရေးရာ ၀န်ကြီးရာထူးကို တောင်းဆိုသည်မဟုတ်။ အံ့အားသင့်စွာ တာဝန်ပေး ခံခဲ့ရခြင်းဖြစ်သည်။ အင်တာဗျူးတွင်တော့ သူမက အမျိုးသမီးများနှင့် ပတ်သက်သည့် ကိစ္စများ၊ လုပ်အားခ အညီအမျှရရှိရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိစ္စများ၊ အထက်လွှတ်တော် အမတ်များ ခန့်အပ်မှုနည်းလမ်းကို ပြောင်းလဲခြင်းနှင့် ရွေးကောက် တင်မြှောက်သည့်စနစ်အား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
    “ဒီမိုကရေစီ စနစ်အောက်မှာ နေရတာကိုက လက်ဆောင်တစ်ခုပါပဲ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဟာ ကြီးမားပြီး ရည်မှန်ချက်မြင့်တဲ့ ကိစ္စတစ်ခုဖြစ်ကာ ပေါ်လစီတော်တော်များများအပေါ်မှာလည်း သက်ရောက်မှုရှိမှာပါ” ဟု မွန်ဆက်ဖ်က ဆိုပြီး နောက်ပိုင်း အသေးစိတ် ပြောပြမည်ဟု ကတိပေးခဲ့သည်။
    ယခုအချိန်တွင် မွန်ဆက်ဖ်တစ်ယောက် ဖက်ဒရယ်အစိုးရတွင် ပီတာဘိုရိုမြို့ကို ကိုယ်စားပြုခွင့် ရခဲ့သည်။ မိခင်ကတော့ သမီးဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်နေလေသည်။
    “ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့ရတာတွေ၊ ပေးဆပ်ခဲ့ရတာတွေဟာ အခုတော့ အဓိပ္ပါယ်ရှိလာပြီပေါ့လေ”
    ref: huffingtonpost
    မိုးဝေ ဘာသာပြန်သည်။
  • ကနေဒါတွင် ဝေလငါးကြည့်သင်္ဘော တိမ်းမှောက်
    ကနေဒါတွင် ဝေလငါးကြည့်သင်္ဘော တိမ်းမှောက်
    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media
    canada
    – ကနေဒါနိုင်ငံ ဗန်ကူးဗားကျွန်း အနောက်ဖက် ကမ်းရိုးတန်းရှိ တိုဖီနိုမြို့တွင် ကမ္ဘာ့လှည့်ခရီးသည် ၂၇ ဦး လိုက်ပါသွားသည့် ဝေလငါးကြည့် သင်္ဘောတစ်စင်း ယမန်နေ့ ညနေပိုင်းတွင် တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့သည်ဟု ကယ်ဆယ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    ထိုအထဲမှ ၂၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁၈ ဦးမှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကာ တစ်ဦးမှာမူ ပျောက်ဆုံးနေသည်။ အန္တရာယ်ကျရောက်နေသည်ဟု သင်္ဘောမှ အချက်ပြမှု ရရှိခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စီးကို စေလွှတ်ခဲ့ကာ ကမ်းခြေစောင့်တပ်ဖွဲ့မှ သင်္ဘောများနှင့် ငါးဖမ်းသင်္ဘောများကလည်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
    အဆိုပါ တိုဖီနိုမြို့မှာ လူဦးရေ ၂၀၀၀ ခန့်သာရှိသော ကမ်းရိုးတမ်းမြို့ငယ်လေးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ရေလှိုင်းစီးသူများ၊ ဝေလငါး ကြည့်ရှုသူ နိုင်ငံခြားသာများဖြင့် စည်ကားသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်ကလည်း ယခု တိမ်းမှောက်သွားသည့် သင်္ဘောကို ပိုင်ဆိုင်သော ကုမ္ပဏီမှ ဝေလငါးကြည့် သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ဖူးပြီး သင်္ဘောကပ္ပတိန်နှင့် ဂျာမနီ ကမ္ဘာလှည့်ခရီးသည်တစ်ဦး သေဆုံးခဲ့သည်။
    Ref: Channelnewsasia
  • ကနေဒါရွေးကောက်ပွဲ လစ်ဘရစ်ပါတီ အနိုင်ရရှိ
    ကနေဒါရွေးကောက်ပွဲ လစ်ဘရစ်ပါတီ အနိုင်ရရှိ
    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media
    canada
    – ကနေဒါနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ပါလီမန်ရွေးကောက်ပွဲတွင် လစ်ဘရယ်ပါတီက အနိုင်ရရှိကာ ဆယ်စုနှစ်တစ်ခုနီးပါးကြာ ကွန်ဆာဗေးတစ်ပါတီ၏ ကြီးစိုးမှုကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။
    ယခုရွေးကောက်ပွဲမတိုင်ခင်တွင် လစ်ဘရယ်ပါတီမှာ ပါလီမန်၌ တတိယအများဆုံး အမတ်နေရာရရှိသည့် ပါတီသာ ဖြစ်သော်လည်း ယခုတွင်မူ အမတ်နေရာအများ အပြားရခဲ့ပြီး ကနေဒါနိုင်ငံရေးတွင် မကြုံစဖူး အလှည့်အပြောင်းလည်း ဖြစ်ခဲ့သည်။
    ထရူဒီယူကမူ အခြေခံအဆောက်အဦးများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကာ နိုင်ငံ၏ အားနည်းနေသော စီးပွားရေး ပြန်လည်တိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့ပြီး၊ အေးခဲနေသော အမေရိကန်နှင့် ဆက်ဆံရေးကို ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကာ IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်နေသော ကနေဒါ တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းသွားမည်ဟုလည်း ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ကို ကနေဒါ လက်ခံမည်
    ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ကို ကနေဒါ လက်ခံမည်
    စက်တင်ဘာ ၂၀၊ ၂၀၁၅
    M-Media
    – ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည် ၁၀၀၀၀ ကို မိမိတို့နိုင်ငံက လက်ခံသွားမည်ဟု ကနေဒါ ကွန်ဆာဗေးတစ်အစိုးရက ယမန်နေ့တွင် ပြောကြားလိုက်ပြီး လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များကို အလျင်အမြန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
    ဒုက္ခသည်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီမှတစ်ဆင့် လက်ခံသွားမည်ဖြစ်ပြီး ကနေဒါလူဝင်မှုကြီးကြပ်ရေးမှ ထပ်မံစစ်ဆေးမည် မဟုတ်သောကြောင့် လုပ်ငန်းစဉ် ပိုမိုမြန်ဆန်မည်ဟု ကနေဒါ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားရေးရာဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ အား ၂၀၁၇ နှစ်ကုန်မှ လက်ခံရန် ကနေဒါက စီစဉ်ထားသော်လည်း ယခုတွင် ၂၀၁၆ စက်တင်ဘာ နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ပြီး မူလက ကတိပြုထားသည့် အီရတ်ဒုက္ခသည် ၂၃၀၀၀ အား လက်ခံရေး ကတိက၀တ်ကိုလည်း ယခုနှစ်အကုန်အတွင် အပြီးအပြတ် အကောင်အထည်ဖော်သွားမည်ဟု ၀န်ကြီးဌာနက ဆိုသည်။
    ဗီဇာတာဝန်ရှိသူများမှာ လျှောက်ထားသူများကို လုံခြုံရေး၊ ရာဇ၀တ်မှုနှင့် ကျန်းမာရေးစောင့်ကြည့်မှုဆိုင်ရာ မေးခွန်းများကိုသာ တွေ့ဆုံမေးမြန်းသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ခရစ် အလက်ဇန်းဒါးက ပြောကြားခဲ့သည်။
    ကနေဒါ၏ ကွန်ဆာဗေးတ်အစိုးရမှာ မြေထဲပင်လယ်ကိုဖြတ်၍ ဥရောပသို့ ၀င်ရောက်လာသည့် ဆီးရီးယားဒုက္ခသည်များအား ကူညီရန် နှေးကွေးမှုအတွက် ပြီးခဲ့သည့် သီတင်းပတ်များက ဥရောပနိုင်ငံများကို ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
    အတိုက်အခံဘက်ကလည်း လာမည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၎င်းတို့ အာဏာရပါက ဆီးရီးယားဒုက္ခသည်များအတွက် ပိုမိုလွယ်ကူသော ပေါ်လစီကို ချမှတ်ပေးမည်ဟု ပြောကြားခဲ့သည်။
    Ref: Alarabiya