News @ M-Media

Tag: China

  • ယူအေအီးတွင် တရုတ်ကစီမံသည့် ဝီဂါအကျဉ်းထောင်ရှိနေကြောင်း အထောက်အထား ထွက်ပေါ်လာ

    ယူအေအီးတွင် တရုတ်ကစီမံသည့် ဝီဂါအကျဉ်းထောင်ရှိနေကြောင်း အထောက်အထား ထွက်ပေါ်လာ

    ဩဂုတ် ၁၇၊ ၂၀၂၁
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာ ဝီဂါတွေကို တရုတ်အစိုးရအလိုကျ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သီးသန့်ထောင်တစ်ခု ရှိနေတယ်လို့ ဖမ်းခံရသူ အမျိုးသမီးတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပြီး နိုင်ငံခြားမှာ ဝီဂါတွေ၊ သဘောထားမတိုက်ဆိုင်သူတွေကို နှိပ်ကွပ်ဖို့ တရုတ်အစိုးရက ‘အမှောင်ကမ္ဘာ’’ ဖန်တီးထားတယ်ဆိုတဲ့ အထောက်အထား ပထမဆုံး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    ခင်ပွန်းလောင်းက တရုတ်အစိုးရကို ဆန့်ကျင်သူဖြစ်တယ်ဆိုတဲ့ စွဲချက်နဲ့ ယူအေအီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၂၆ နှစ်အရွယ် ၀ူဟွမ်ဆိုတဲ့ အမျိုးသမီးက သူကြုံတွေ့ရတာတွေကို AP သတင်းဌာနထံ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ဒူဘိုင်းက ဟိုတယ်တစ်ခုမှာ ဖမ်းဆီးခံလိုက်ရပြီး ထောင်အဖြစ် အသွင်ပြောင်းထားကာ တရုတ်အာဏာပိုင်တွေစီမံတဲ့ အဆောက်အဦးတစ်ခုမှာ ထိန်းသိမ်းခံခဲ့ရတာပါ။

    အဲဒီမှာ ဝီဂါလူမျိုး အကျဉ်းသားနှစ်ဦးကို တွေ့ခဲ့ရတယ်လို့ ၀ူဟွမ်က ပြောပါတယ်။ ခင်ပွန်းလောင်း အသက် ၁၉ နှစ်အရွယ် ဝမ်ကျင်းယူက အရှက်ရအောင် လုပ်တယ်ဆိုပြီး တရုတ်အာဏာပိုင်တွေက ၀ူဟွမ်ကို အဓမ္မ လက်မှတ်ရေးထိုးခိုင်းခဲ့ပြီးတဲ့နောက် ဇွန်လ ၈ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ၀ူဟွမ်ဟာ လက်ရှိ နယ်သာလန်နိုင်ငံမှာ ခိုလှုံနေရသူပါ။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြားလူမျိူးစုတွေကို တရုတ်အစိုးရက သန်းနဲ့ချီ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတာ၊ လူမျိုးရေး အမှတ်သညာ၊ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဘာသာတရား ပျောက်သွားအောင် လုပ်ဆောင်တာ၊ ညှင်းပမ်းနှိပ်စက်တာတွေ ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေကို ကမ္ဘာ့မီဒီယာတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဖော်ထုတ်ခဲ့ကြပါတယ်။

    နိုင်ငံရပ်ခြားမှာလည်း ဝီဂါလိုလူမျိုးစုတွေ၊ သူတို့ကို ဆန့်ကျင်သူတွေကို ဖမ်းဆီးနှိပ်ကွပ်ဖို့ တရုတ်အစိုးရက ‘အမှောင်ကမ္ဘာတွေ’ ဖန်တီးထားတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီး ၀ူဟွမ်ရဲ့ အခုပြောကြားမှုက ပထမဆုံး သက်သေအထောက်အထား ဖြစ်ပါတယ်။

    ဝီဂါတွေကို လွှဲပြောင်းပေး

    ဒူဘိုင်းက တရုတ်အကျဉ်းထောင် ဘယ်နေရာမှာ ရှိလဲဆိုတာ အတိအကျ မပြနိုင်တာကြောင့် ၀ူဟွမ်ရဲ့ ပြောကြားမှုတွေကို AP သတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေမယ့် သူမရဲ့ နိုင်ငံကူးလက်မှတ်မှာ တုံးထုထားတာ၊ တရုတ်အာဏာပိုင်တစ်ဦးက သူမကို မေးခွန်းမေးတဲ့ ဖုန်းအသံဖိုင်၊ ဖမ်းခံထားရတဲ့ ဝီဂါနှစ်ယောက်ကို ကယ်တင်ဖို့ ကြားလူတစ်ဦးနဲ့ ဆက်သွယ်ပေးတဲ့ သူမရဲ့ မက်ဆေ့ချ် စတဲ့ ၀ူဟွမ်ရဲ့ ပြောကြားမှုကို ခိုင်လုံစေမယ့် အထောက်အထားတွေကို AP သတင်းဌာနက ရရှိခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယင်က ၀ူဟွမ်ရဲ့ ဒီပြောကြားမှုတွေဟာ မဟုတ်မှန်ဘူးလို့ AP သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။ ယူအေအီးကတော့ တုန့်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

    ထိုင်ဝမ် Academia Sinica အသင်းက လက်ထောက် ပရော်ဖက်ဆာ ချန်ယုကျီက ​နိုင်ငံခြားထွက်ပြေးသွားတဲ့ ဝီဂါတွေကို တရုတ်အစိုးရက ပြန်ရအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေပြီး၊ ဘုရားရှိခိုးတာလို လုပ်ရပ်မျိုးကို အကြမ်းဖက်စွဲချက်နဲ့ တရားစွဲထောင်ချတာတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒူဘိုင်းမှာ ဖမ်းခံရတဲ့ ၀ူဟွမ်နဲ့ သူမရဲ့ ခင်ပွန်းလောင်းတို့ဟာ တရုတ်နိုင်ငံက လူများစုဖြစ်တဲ့ ဟန်တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

    ယူအေအီးဟာ ဝီဂါတွေကို ဖမ်းဆီးစစ်ဆေးကာ တရုတ်အလိုကျ ပြန်ပို့တာတွေ လုပ်နေတယ်ဆိုတာ အရင်ကတည်းက သတင်းထွက်နေတာ ဖြစ်ပါတယ်။

    Detained in Dubai ဆိုတဲ့ အကြံပေးရေးအဖွဲ့ကို ဖွဲ့စည်းထားတဲ့ ရဒ်ဟာ စတီလင်းက အကျဉ်းထောင်တစ်ဖြစ်လဲ ယူအေအီးက အဆောက်အဦးတွေမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ တစ်ဒါဇင်လောက်နဲ့ ဆက်သွယ်ဆောင်ရွက်ဖူးပြီး၊ အဲဒီအထဲမှာ ကနေဒါ၊ အိန္ဒိယနဲ့ ဂျော်ဒန်နိုင်ငံသားတွေ ပါဝင်ပေမယ့် တရုတ်နိုင်ငံကလူ မပါဝင်ဘူးလို့ ဆိုပါတယ်။

    “သူတို့နဲ့ မဟာမိတ်ဖြစ်တဲ့ နိုင်ငံခြားအစိုးရတွေအလိုကျ ယူအေအီးက လူတွေဖမ်းဆီးပေးတယ်ဆိုတာကိုတော့ သံသယဖြစ်စရာ မလိုပါဘူး”

    ဒူဘိုင်းက အကျဉ်းစခန်း

    မေလ ၂၇ နေ့မှာ ၀ူဟွမ်ကို ဒူဘိုင်းက သူမတည်းရာ ဟိုတယ်မှာ တရုတ်အာဏာပိုင်တွေက လာရောက်မေးမြန်းခဲ့ပြီး နောက်ပိုင်းမှာ ဒူဘိုင်းရဲတပ်ဖွဲ့က ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။

    ၃ ရက်မြောက်နေ့မှာတော့ ဒူဘိုင်း တရုတ်ကောင်စစ်ဝန်ရုံးက ကောင်စစ်ဝန် လီရှုဟန် ရောက်လာပြီး တရုတ်အစိုးရကို ဆန့်ကျင်ဖို့ နိုင်ငံခြားအဖွဲ့အစည်းတွေထံကနေ ငွေကြေးရယူခဲ့လားဆိုတာ သူမကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီနောက်မှာတော့ သူမကို လက်ထိပ်ခပ်ကာ ကားနဲ့ နာရီဝက်လောက်မောင်းရတဲ့ ၃ ထပ်အဆောက်အဦးတစ်ခုစီ ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီအဆောက်အဦးက အခန်းတိုင်းကို အချုပ်ခန်းအဖြစ် ဖန်တီးထားတယ်လို့ ၀ူဟွမ်က ပြောပါတယ်။

    အဲဒီမှာ ၀ူဟွမ်ဟာ ဝီဂါလူမျိုးအမျိုးသမီးနှစ်ဦးကို တွေ့ခဲ့ပြီး တစ်ဦးက ‘တရုတ်ပြည်မပြန်ချင်ဘူး တူရကီပဲ သွားချင်တယ်’ လို့ ပြောတာကို ကြားခဲ့တယ်လို့ သူမက ဆိုပါတယ်။

    အဲဒီထောင်မှာရှိတဲ့ အစောင့်တွေက ၀ူဟွမ်ကို ဖုန်းနဲ့ ဆင်းကတ်တစ်ခုပေးပြီး ခင်ပွန်းလောင်းနဲ့ အကူအညီပေးရေးအဖွဲ့ ChinaAid က အကြီးအကဲ ခရစ်ယာန်တရားဟောဆရာ ဘော့ဘ်ဖူကို ဖုန်းခေါ်ဖို့ ပြောခဲ့ပါတယ်။ ChinaAid ဟာ အကျိုးအမြတ်မယူတဲ့ ခရစ်ယာန် အကူအညီပေးရေးအဖွဲ့ဖြစ်ပြီး ၀ူဟွမ်တို့ကို ကူညီနေတာပါ။

    ခင်ပွန်းလောင်း ဝမ်နဲ့ ခရစ်ယာန်တရားဟောဆရာတို့က ၀ူဟွမ်ထံကနေ ဖုန်းခေါ်ဆိုမှု ရခဲ့ကြောင်း AP သတင်းဌာနကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

    နောက်ဆုံးမှာ ၀ူဟွမ်ဟာ ခင်ပွန်းလောင်းက အရှက်ရအောင်လုပ်ပါတဲ့ဆိုတဲ့ ထွက်ဆိုချက်ကို လက်မှတ်ထိုးပေးခဲ့ရပြီး ပြန်လွတ်လာတဲ့အချိန်မှာ ယူကရိန်းကို သွားကာ ခင်ပွန်းလောင်း ဝမ်နဲ့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။

    တရုတ်အာဏာပိုင်တွေက ယူကရိန်းအထိလိုက်ကာ ပြန်ခေါ်မယ်လို့ သူတို့နှစ်ဦးကို ခြိမ်းခြောက်တာကြောင့် ၀ူဟွမ်နဲ့ ခင်ပွန်းလောင်းတို့ဟာ နယ်သာလန်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

    Ref: AP

  • တာလီဘန်ကို ကျောထောက်နောက်ခံပေးရန် တရုတ်ပြင်ဆင်

    တာလီဘန်ကို ကျောထောက်နောက်ခံပေးရန် တရုတ်ပြင်ဆင်

    ဩဂုတ် ၁၆၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်လိုက်တဲ့ တာလီဘန်အဖွဲ့နဲ့ မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ဖို့ အဆင်သင့်ရှိတယ်လို့ တရုတ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    တရုတ်နဲ့ အာဖဂန်နစ္စတန်တို့ရဲ့ နယ်မြေထိပ်စပ်မှုဟာ ၇၆ ကီလိုမီတာ ရှည်လျားပါတယ်။ ရှင်ကျန်းပြည်နယ်မှာ ဖိနှိပ်ခံနေရတဲ့ ဝီဂါတွေအတွက် အာဖဂန်က လွတ်မြောက်နယ်မြေဖြစ်လာမှာကို တရုတ်က အရင်ကတည်းက စိုးရိမ်ခဲ့တာပါ။

    အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေ စတင်ဆုတ်ခွာတဲ့အချိန်ကစပြီး တရုတ်က တာလီဘန်အဖွဲ့နဲ့ ဆက်ဆံရေးတည်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တာလီဘန်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှုအတွင်း တရုတ်ကထွက်ပြေးလာတဲ့ ဝီဂါတွေကို လက်ခံမှာမဟုတ်ဘူးလို့ တာလီဘန်အဖွဲ့က ကတိပြုခဲ့ပြီး အပြန်အလှန်အားဖြင့် အာဖဂန်ရဲ့ စီးပွားရေးနဲ့ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေကို တရုတ်က ကူညီပေးရမှာ ဖြစ်ပါတယ်။

    ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဖဂန်နစ္စတန်နဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမယ့် အခွင့်အလမ်းမျိုးကို ကြိုဆိုတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်က ပြောကြားခဲ့ပါတယ်။

    “တရုတ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ မျှော်လင့်ကြောင်း တာလီဘန်အဖွဲ့က အကြိမ်ကြိမ် ပြောကြားဖူးပါတယ်။ အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ တရုတ်နိုင်ငံက ပါဝင်ပေးဖို့ သူတို့မှာ အာသီသ ရှိပါတယ်။ ကျွန်မတို့လည်း ဒါကို ကြိုဆိုပါတယ်။ အာဖဂန်ပြည်သူတွေ သူတို့ရဲ့ကံကြမ္မာကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ကို ကျွန်မတို့ လေးစားတယ်။ အာဖဂန်နစ္စတန်နဲ့ ရင်းနှီးပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးမျိုး ဆက်လက်ထူထောင်ဖို့လည်း ဆန္ဒရှိပါတယ်”

    ချော့မွေ့တဲ့ အာဏာလွှဲပြောင်းမှုလုပ်ဆောင်ဖို့၊ ပွင့်လင်းပြီး အားလုံးပါဝင်နိုင်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ အာဖဂန်ပြည်သူတွေနဲ့ နိုင်ငံခြားသားတွေ ဘေးအန္တရာယ်ကင်းရေး ဆောင်ရွက်ပေးဖို့လည်း ဟွာချန်ယင်က တာလီဘန်ကို တိုက်တွန်းခဲ့ပါတယ်။

    Ref: France 24

  • တရုတ်နိုင်ငံ ၀ူဟန်မြို့ကို ကိုဗစ် ပြန်ရောက်လာ

    တရုတ်နိုင်ငံ ၀ူဟန်မြို့ကို ကိုဗစ် ပြန်ရောက်လာ

    ဩဂုတ် ၃၊ ၂၀၂၁
    M-Media

    -တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ဒေသတွင်း ကိုဗစ်ကူးစက်မှု ပြန်ဖြစ်လာတာကြောင့် ၀ူဟန်မြို့ကလူတွေ အားလုံးကို စစ်ဆေးသွားမယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    လူဦးရေ ၁၁ သန်းရှိတဲ့ ၀ူဟန်မြို့ဟာ ကမ္ဘာတစ်ဝှမ်း လူ​သန်းချီ ကူးစက်သေဆုံးတဲ့ ကိုရိုနာဗိုင်းရပ်စ် သန္ဓေတည်ပေါက်ဖွားရာဒေသ ဖြစ်ပါတယ်။

    တနင်္လာနေ့က ရွှေ့ပြောင်းလုပ်သားတွေကြားထဲမှာ ဒေသတွင်းကူးစက်မှု ၇ ခုကို တွေ့ခဲ့ရပြီးတဲ့နောက် အာဏာပိုင်တွေက တစ်မြို့လုံးကို ကိုဗစ်စစ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအတွင်း အနည်းဆုံး ပြည်နယ် ၁၅ ခုမှာလည်း ပုံပြောင်းကိုဗစ် Delta ကူးစက်မှုကို ပြီးခဲ့တဲ့လက စတင် ခံစားနေရပါတယ်။

    တရုတ်အာဏာပိုင်တွေဟာ ဘေဂျင်းအပါအဝင် မြို့ကြီးတစ်ချို့ကို လော့ဒေါင်းချတာ၊ အသွားအလာကန့်သတ်တာ၊ နှာခေါင်းတို့ဖတ် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

    Ref : CNA

  • ပုံပြောင်းကိုဗစ် Delta ဒဏ်ကို တရုတ်နိုင်ငံက တစ်ဖန်ပြန် ခံစားနေရ

    ပုံပြောင်းကိုဗစ် Delta ဒဏ်ကို တရုတ်နိုင်ငံက တစ်ဖန်ပြန် ခံစားနေရ

    ဇူလိုင် ၂၊ ၂၀၂၁
    M-Media

    -ကမ္ဘာတစ်ဝှမ်းမှာ အကြီးအကျယ်ပြန့်နှံ့ကာ ကူးစက်မှု၊ သေဆုံးမှု မြင့်တက်နေတဲ့ ပုံပြောင်းကိုဗစ် Delta ဒဏ်ကို တရုတ်နိုင်ငံက စတင်ခံစားလာရပါတယ်။

    တရုတ်နိုင်ငံရဲ့ စုစုပေါင်း ပြည်နယ် ၃၁ ခုမှာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း Delta ကိုဗစ်တွေ့ရတဲ့ပြည်နယ် အနည်းဆုံး ၁၅ ခုအထိ ရှိလာပါတယ်။ ကူးစက်မှုကလည်း လွန်ခဲ့တဲ့ ၅ လပေါင်းထက် ပိုမိုများပြားနေတာပါ။ တနင်္လာနေ့မှာ ကူးစက်မှုသစ် ၉၉ ခု ရှိခဲ့ပြီး ပြီးခဲ့တဲ့လက စတွက်ရင် စုစုပေါင်း ၃၂၈ ခု ရှိလာတာ ဖြစ်ပါတယ်။ ဒီစာရင်းမှာ ပိုးရှိပေမယ့် ရောဂါလက္ခဏာ မပြသူတွေကို ထည့်မတွက်ထားပါဘူး။

    တရုတ်အာဏာပိုင်တွေက မြို့ကြီးတစ်ချို့ကို လော့ဒေါင်းချတာ၊ အသွားအလာ ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ လပေါင်းများစွာ ကိုဗစ်ကင်းစင်ခဲ့တာကြောင့် နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာနေထိုင်တာလို ကိုဗစ်စည်းကမ်းတစ်ချို့ကို မကြာသေးမီကပဲ တရုတ်အစိုးရက လျှော့ပေါ့ပေးခဲ့တာပါ။

    နိုင်ငံအရှေ့ပိုင်း ကျန်းဆူပြည်နယ် နန်ကျင်းမြို့ဟာ ပုံပြောင်းကိုဗစ် Delta ကူးစက်တဲ့ အဓိကနေရာဖြစ်ခဲ့ပြီး ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီးသား လေဆိပ်ဝန်ထမ်းတွေဟာ ဇူလိုင်လ ၁၀ ရက်နေ့ ရုရှားက ရောက်လာသူတွေထံကနေ ကူးစက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ထံကနေတစ်ဆင့် အခြားခရီးသည်တွေကိုကူးကာ နိုင်ငံတစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပါတယ်။

    ကိုဗစ်ရောဂါပိုး စတင်သန္ဓေတည်တဲ့ ၀ူဟန်မြို့မှာလည်း Delta ကိုဗစ် ကူးစက်မှုတွေ ရှိနေပါတယ်။

    ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး ၁.၆၇ ဘီလီယံလောက်ကို တရုတ်က ထိုးပေးထားနိုင်ပေမယ့် ပြန့်နှံ့လွယ်တဲ့ ပုံပြောင်းကိုဗစ် Delta ကို ထိထိရောက်ရောက် တားဆီးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်တဲ့ နိုင်ငံပိုင် ဆေးဝါးလုပ်ငန်း Sinopharm ရဲ့ လက်ခွဲ CNBG ကုမ္ပဏီက ဥက္ကဌ ယန်ရှောင်မင်က ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ် အသစ်တွေအပေါ် သူတို့ကာကွယ်ဆေးက ထိရောက်မှုရှိမှာဖြစ်ပြီး Delta ကိုနိုင်မယ့် ကာကွယ်ဆေးအသစ်ကိုလည်း ထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပုံပြောင်းကိုဗစ်ဟာ ကမ္ဘာတစ်ဝှမ်း အထူးသဖြင့် အာရှနိုင်ငံတွေမှာ ဆိုးဆိုးဝါးဝါး ပြန့်နှံ့နေပြီး ကူးစက်သေဆုံးမှု အလွန်မြန်တာကြောင့် တိုင်းပြည်တွေရဲ့ ကျန်းမာရေးစနစ် ပြိုလဲလာမယ့် အခြေအနေအထိ ဖြစ်လာပါတယ်။

    Ref: Asia Times

  • တိဘက်ကို တရုတ်အစိုးရက လူမျိုးပျောက်အောင် လုပ်နေသည်ဟု အဝေးရောက် တိဘက်ခေါင်းဆောင်ပြော

    တိဘက်ကို တရုတ်အစိုးရက လူမျိုးပျောက်အောင် လုပ်နေသည်ဟု အဝေးရောက် တိဘက်ခေါင်းဆောင်ပြော

    ဇူလိုင် ၂၄၊ ၂၀၂၁

    M-Media 

    -တရုတ်အစိုးရဟာ တိဘက်လူမျိုးတွေကို ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ လူမျိုးပျောက်အောင် လုပ်ဆောင်နေတယ်လို့ အဝေးရောက် တိဘက်အစိုးရအဖွဲ့ ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ 

    တရုတ်တပ်တွေဟာ ၁၉၅၀ ခုနှစ်က တိဘက်ဒေသကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး၊ နောက်ပိုင်းမှာ တရုတ်ပိုင်နက်အဖြစ် သွတ်သွင်းခဲ့ပါတယ်။ ၁၉၅၉ ခု တိဘက်ပြည်သူတွေရဲ့ အုံကြွဆန္ဒပြမှုကို တရုတ်အစိုးရ အကြမ်းဖက်နှိမ်နင်းခဲ့ပြီး တိဘက်ခေါင်းဆောင် ဒလိုင်းလားမားလည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ 

    အဝေးရောက်တိဘက်အစိုးရရဲ့ ခေါင်းဆောင်သစ်ဖြစ်လာတဲ့ ပန်ပါ စီရင်က တိဘက်လူမျိုးတွေဟာ လူမျိုး၊ ဘာသာတရားနဲ့ ရိုးရာယဉ်ကျေးမှု ဖျောက်ဖျက်ခြင်းကို ခံနေရတယ်လို့ Nikkei သတင်းဌာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ 

    “တိဘက်ထဲကို တရုတ်တွေအများကြီးဝင်လာတယ်။ သူတို့တွေက ကျွန်တော်တို့ လူနည်းစုလူမျိုးတွေအပေါ် လွှမ်းမိုးပြီး အမှတ်သညာကို ဖျက်ဆီးနေပါတယ်။ ဒါဟာ ယဉ်ကျေးမှုဂျီနိုဆိုက်လို့တောင် ပြောလို့ရပါတယ်။ တိဘက်တွေရဲ့ ပညာရေးနဲ့ ဘာသာစကားရဲ့ အရေးပါမှု၊ ဘာသာရေးလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးတွေလည်း ဖျက်ဆီးခံနေရပါတယ်”

    အသက် ၅၈ နှစ်အရွယ် ပန်ပါဟာ လွှတ်တော်ဥက္ကဌရာထူးအပါအဝင် အဝေးရောက် တိဘက်အစိုးရမှာ ရာထူးအများအပြား ထမ်းဆောင်ခဲ့ဖူးပါတယ်။ 

    ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေမှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားတာအပါအဝင် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရမှုကိုလည်း ပန်ပါက ထောက်ပြခဲ့ပါတယ်။ 

    တိဘက်ဒေသမှာ တရုတ်အစိုးရက အခြေခံအဆောက်အဦးတွေ ဆောက်လုပ်တာ၊ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်အောင် လုပ်ဆောင်တာတွေရှိပေမယ့် ဒါတွေဟာ တိဘက်လူမျိုးတွေရဲ့ အကျိုးအတွက် ဟုတ်ပါ့မလားဆိုတာကိုလည်း ပန်ပါက မွေးခွန်းထုတ်ခဲ့ပါတယ်။ 

    တရုတ်အစိုးရဟာ ငွေကြေးအမြောက်အများသုံးပြီး နိုင်ငံအတွင်းက လူနည်းစုတွေကို ဖိနှိပ်ချုပ်ချယ်နေတယ်လို့လည်း ပန်ပါက ဆိုပါတယ်။ 

    “တရုတ်နိုင်ငံဟာ ပြည်ပလုံခြုံရေးထက် ပြည်တွင်းလုံခြုံရေးအတွက် ငွေကြေးပိုသုံးတဲ့ တစ်ခုတည်းသောနိုင်ငံပါ။ ဒီငွေတွေအားလုံးကို လူနည်းစုတွေအပေါ် ဖိနှိပ်မှုမှာ သုံးနတာပါ။ သမ္မတရှီဟာ အာဏာအားလုံးကို စုစည်းနေတယ်။ ဝီဂါတွေ၊ ဟောင်ကောင်ပြည်သူတွေအပေါ် သူ့ရဲ့ဆက်ဆံပုံဟာ ကျွန်တော်တို့အားလုံး တက ယ့်ကိုစိုးရိမ်ရမယ့် အကြောင်းအရင်းပါ ”

    ဒီမိုကရေစီထွန်းကားပြီး လူ့တန်ဖိုးကို အလေးထားတဲ့ တိုင်းပြည်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အဝေးရောက်တိဘက်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တရုတ်ကတော့ ဘုန်းတော်​ကြီး ဒလိုင်းလားမားကို စိုးရိမ်စရာ ခွဲထွက်ရေးသမားအဖြစ် သတ်မှတ်ထားပြီး အဝေးရောက်တိဘက်အစိုးရနဲ့ ၂၀၁၀ နောက်ပိုင်းမှာ ထိတွေ့ဆက်ဆံခြင်း မရှိတော့ပါဘူး။

    အဝေးရောက်တိဘက်အစိုးရက ငြိမ်းချမ်းရေး အစီအစဉ်တစ်ခုကို ရေးဆွဲထားပြီး တိဘက်ကို ငြိမ်းချမ်းရေးဇုန်အဖြစ် သတ်မှတ်ရေး၊ တိဘက်ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးကို လေးစားရေး၊ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တရုတ်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးရေးတွေ ပါဝင်ပါတယ်။ 

    ‘ကျွန်တော်တို့ အဆင်သင့်ရှိတယ်ဆိုတာမျိုး အခါအခွင့်သင့်တိုင်း ထုတ်ပြောပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမားကို တရုတ်နိုင်ငံလာဖို့ ဖိတ်ခေါ်တာမျိုးက ရှေ့တစ်လှမ်းတိုးတာမျိုးပါ။ ဆရာတော်ဟာ ဘုရားဖူးသွားပြီး တရုတ်ခေါင်းဆောင်ပိုင်းနဲ့လည်း တွေ့လို့ရပါတယ်’

    Ref: Nikkei Asia