News @ M-Media

Tag: China

  • တိဘက်လူမျိုးများအား  အဓမ္မလုပ်အားခိုင်းစေမှုကို တရုတ်အစိုးရက တိုးမြှင့်ပြုလုပ်လာ

    တိဘက်လူမျိုးများအား အဓမ္မလုပ်အားခိုင်းစေမှုကို တရုတ်အစိုးရက တိုးမြှင့်ပြုလုပ်လာ

    စက်တင်ဘာ ၂၈၊ ၂၀၂၀
    M-Media

    တိဘက်ဒေသမှ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ခု

    -တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေလိုပဲ အနောက်တောင်ပိုင်း တိဘက်ဒေသက တိဘက်ဗုဒ္ဓဘာသာဝင်တွေကို တရုတ်အစိုးရက စစ်ဖက်ပုံစံ သင်တန်းစခန်းတွေမှာ ထိန်းသိမ်းကာ အဓမ္မလုပ်အားခိုင်းစေတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတယ်လို့ Reuters သတင်းဌာနက ဖော်ထုတ်တင်ပြခဲ့ပါတယ်။

    တရုတ်နိုင်ငံပိုင်မီဒီယာတွေရဲ့ ထုတ်ပြန်ချက်၊ တိဘက်ဒေသ အစိုးရဗျူရိုက မူဝါဒစာရွက်စာတမ်းတွေ၊ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း တရုတ်အစိုးရဌာနတွေရဲ့ စာရွက်စာတမ်းတွေကို လေ့လာသုံးသပ်ခဲ့တယ်လို့ Reuters သတင်းဌာနက ဆိုပါတယ်။

    တရုတ်အစိုးရဟာ စစ်ဖက်ပုံစံသင်တန်းကျောင်းတွေ တည်ဆောက်ပြီး တိဘက်လူမျိုးတွေကို ထိန်းသိမ်းကာ နိုင်ငံတစ်ဝှမ်းက စက်ရုံ၊ အလုပ်ရုံတွေဆီကို ပို့ဆောင်ခိုင်းစေမှုတွေ လုပ်ဆောင်နေတာပါ။ တိဘက်အစိုးရရဲ့ ဝဘ်ဆိုက်မှာတော့ ၂၀၂၀ ခုနှစ် ပထမ ၇ လအတွင်း တိဘက်က လူ သန်းဝက်လောက်ကို လေ့ကျင်သင်ကြားပေးပြီး ​၅ သောင်းကို တိဘက်ဒေသအတွင်းက စက်ရုံတွေ၊ ကျန်တဲ့သူတွေကို နိုင်ငံတစ်ဝှမ်းက စက်ရုံအလုပ်ရုံတွေဆီ ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဒီပမာဏဟာ တိဘက်လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဖြစ်ပြီး ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနဲ့ လယ်ယာလုပ်ငန်းတွေမှာ လုပ်ခနည်းအလုပ်သမားတွေအဖြစ် ဘ၀အဆုံးသတ်သွားတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

    “ဒါဟာ တိဘက်လူမျိုးတွေရဲ့ ရိုးရာလူမှုဘ၀ကို သီးသန့်ပစ်မှတ်ထားကာ အပြင်းထန်ဆုံး နှိပ်ကွပ်မှုဖြစ်တယ်လို့ ကျွန်တော်တို့ ရှုမြင်ပြီး ၁၉၆၆ ကနေ ၁၉၇၆ ခုနှစ်အထိ ကြာမြင်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးနောက်ပိုင်း အဆိုးရွားဆုံးလည်း ဖြစ်ပါတယ်” လို့ တိဘက်နဲ့ ရှင်ကျန်းအရေး အဓိကလေ့လာသူ သုတေသနပညာရှင် အက်ဒရီယန့် ဇန့်က ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ မဟာဗျူဟာကျတဲ့ မူဝါဒတွေကို အဓိကထား လေ့လာသုံးသပ်နေတဲ့ Jamestown Foundation အဖွဲ့ရဲ့ ပြီးခဲ့တဲ့တစ်ပတ်ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း တိဘက်လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်း သင်းသတ်ခံရတာတွေ၊ အကျဉ်းစခန်းတွေ၊ လုပ်အားခိုင်းစေမှုတွေအကြောင်းကို အသေးစိတ်ဖော်ပြထားပါတယ်။

    အဓမ္မလုပ်အားခိုင်းစေမှုတွေ ရှိတယ်ဆိုတဲ့သတင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့ပြီး တရုတ်နိုင်ငံဟာ ဥပဒေစိုးမိုးတဲ့ နိုင်ငံတစ်ခုဖြစ်ကြောင်း၊ အလုပ်သမားတွေဟာ မိမိတိုဆန္ဒအလျောက် အလုပ်လုပ်တာဖြစ်ကြောင်း၊ ထိုက်တန်တဲ့ လုပ်ခလစာကိုလည်း ရရှိကြောင်း Reuters သတင်းဌာနကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

    တရုတ်အစိုးရရဲ့ ဆင်းရဲမွဲတွေမှု လျှော့ချရေးနဲ့ စီးပွားရေးဖွံဖြိုးတိုးတက်ရေး စီမံကိန်းမှာ ကျေးလက်ဒေသက လူတွေကို လေ့ကျင့်သင်ကြားပေးပြီး လုပ်ငန်းခွင်၀င်ရောက်ခိုင်းတာက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

    ဒါပေမယ့် ရှင်ကျန်းနဲ့ တိဘက်လို လူမျိုးစုတွေရဲ့ ဒေသမှာတော့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အမှတ်သညာတွေ၊ ဘာသာရေးယုံကြည်မှုတွေကို ဖျောက်ဖျက်ပြောင်းလဲပစ်တဲ့ လုပ်ရပ်မျိုးတွေကိုပါ တွေ့ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

    တရုတ်စစ်သားတွေဟာ ၁၉၅၀ ပြည့်နှစ်မှာ တိဘက်ဒေသကို ကျူးကျော်ဝင်ရောက်ပြီး သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးရက ဒါကို ‘ငြိမ်းချမ်းစွာ လွတ်မြောက်ခြင်း’ လို့ အမည်တပ်ခဲ့ပေမယ့် အဲဒီအချိန်ကစလို့ တိဘက်ဟာ ကန့်သတ်ချုပ်ချယ်မှုအခံရဆုံးဒေသ ဖြစ်လာပါတယ်။

    တိဘက်ဒေသကို ဝင်ထွက်ခွင့် ကန့်သတ်တာ၊ နိုင်ငံခြားသတင်းထောက်တွေကို လွတ်လပ်စွာ သတင်းယူခွင့်မပေးတာကြောင့် အဓမ္မလုပ်အားခိုင်းစေခံရတဲ့ တိဘက်လူမျိုးတွေရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရဘူးလို့ Reuters သတင်းဌာနက ဖော်ပ​ြပါတယ်။

    ‘တည်ငြိမ်အေးချမ်းရေး’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှင်ကျန်းပြည်နယ်နဲ့ တိဘက်ဒေသတို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်အစိုးရရဲ့ ပြင်းထန်တဲ့ နှိပ်ကွပ်မှုတွေကို ခံလာရပါတယ်။ ကွန်မြူနစ်အစိုးရနဲ့ သဘောထားမတူသူတွေ၊ ခွဲထွက်ရေးလိုလားသူတွေကို ဖိနှိပ်ဖို့ရည်ရွယ်တဲ့ အဲဒီ နှိပ်ကွပ်မှုတွေထဲမှာ ဒေသတွင်းက လူမျိုးစုတွေကို နိုင်ငံရဲ့ အခြားဒေသတွေနဲ့ နိုင်ငံရပ်ခြားကို သွားခွင့်မပြုတာ၊ ဘာသာရေးဝတ်ပြုဆုတောင်းမှုတွေကို ထိန်းချုပ်ကန့်သတ်တာတွေ ပါဝင်ပါတယ်။

    တိဘက်လူမျိုး ၉၀ ရာခိုင်နှုန်းလောက်နေထိုင်တဲ့ တိဘက်ဒေသမှာ ခွဲထွက်ရေးကြိုးပမ်းမှုကို တုန့်ပြန်တာတွေကို ပိုမိုလုပ်ဆောင်သွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဩဂုတ်လအတွင်းမှာ ပြောကြားခဲ့ပါတယ်။

    ဘုန်းတော်ကြီး ဒလိုင်းလာမားအပါအဝင် တိဘက်အရေး လှုပ်ရှားသူတွေက တရုတ်အစိုးရဟာ တိဘက်ဒေသမှာ ‘ယဉ်ကျေးမှုဓလေ့ထုံးတမ်း မျိုးတုန်းသတ်ဖြတ်မှု’ လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

    ပျင်းရိသူများကို ဖယ်ရှားခြင်း

    အရင်က တိဘက်ဒေသမှာ စစ်ဖက်ပုံစံ လေ့ကျင့်ရေးသင်တန်းကျောင်းတွေ၊ လုပ်သားခွဲဝေမှုတွေ ရှိခဲ့ပေမယ့် လူဦးရေးအများအပြားနဲ့ အခုလုပ်ဆောင်မှုမျိုးဟာ ပထမဆုံးဖြစ်ပြီး၊ နိုင်ငံအတွင်း အခြားဒေသတွေကို ခွဲဝေပို့ဆောင်မှုကိုလည်း လူသိရှင်ကြား လုပ်ဆောင်လာပါတယ်။

    အာဏာပိုင်တွေကို ကျေးရွာတွေ၊ မြို့နယ်တွေအထိလွှတ်ကာ တစ်အိမ်တက်တစ်အိမ်ဆင်း အလုပ်လုပ်နိုင်သူအရေအတွက် စာရင်းကောက်ခိုင်းတာ၊ ကွန်မြူနစ်ပါတီအပေါ် သစ္စာခံလာအောင် ရိုက်သွင်းပေးတာတွေလည်း ဒီအစီစဉ်မှာ ပါဝင်ပါတယ်။

    ဒါတွေဟာ ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြားလူမျိုးစုတွေအပေါ်မှာ လုပ်ဆောင်ခဲ့ နည်းလမ်းတွေလည်း ဖြစ်ပါတယ်။ တိဘက်ဒေသ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟောင်း ချင်ကျွမ်ဂိုဟာ ၂၀၁၆ ခုနှစ်ကစတင်ကာ ရှင်ကျန်းဒေသရဲ့ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ရှင်ကျန်းက အကျဉ်းစခန်းစနစ်ကို အကောင်အထည်ဖော်ခဲ့သူ ဖြစ်ပါတယ်။ ချင်ကျွမ်ဂိုဦးဆောင်တဲ့ ရှင်ကျန်းဒေသအစိုးရက တိဘက်ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းမှုကို မဖြေခဲ့ဘူးလို့ Reuters သတင်းဌာနက ဆိုပါတယ်။

    “ချင်ကျွမ်ဂိုဟာ ရှင်ကျန်းဒေသမှာလောက် မပြင်းထန်တဲ့ ပုံစံမျိုး တိဘက်မှာ လုပ်ဆောင်ခဲ့သူပါ” လို့ Cornell တက္ကသိုလ် အစိုးရလေ့လာမှုဌာရဲ့ တွဲဖက်ပါမောက္ခ အလန် ကာလ်ဆန်က ပြောကြားခဲ့ပါတယ်။

    သတ်မှတ်လုပ်သားပြည့်မီအောင် ပို့ပေးနိုင်တဲ့ အာဏာပိုင်တွေကို ဆုချမှာဖြစ်ပြီး မပို့နိုင်ရင် အပြစ်ပေးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးလည်း အစိုးရရဲ့ ညွှတ်ကြားချက် စာရွက်စာတမ်းတွေထဲမှာ ပါဝင်ပါတယ်။

    တရုတ်အစိုးရတာဝန်ရှိသူတွေက လုပ်သားပို့ဆောင်မှုဟာ လုပ်သားတွေရဲ့ သဘောဆန္ဒအလျောက် ဆောင်ရွက်တာဖြစ်တယ်လို့ အရင်က ပြောကြားဖူးပါတယ်။ တိဘက်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာလည်း အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိရေး ဆောင်ရွက်ပေးမယ်ဆိုတဲ့ အချက်မျိုး ပါဝင်ပေမယ့် အသေးစိတ်ကို ဖော်ပြထားခြင်း မရှိပါဘူး။ တက်ကြွလှုပ်ရှားသူတွေ၊ လေ့လာဆန်းစစ်သူတွေက ဒီအလုပ်သမားတွေဟာ ငြင်းဆန်ဖို့အနေအထား မရှိနိုင်ဘူးလို့ သုံးသပ်ခဲ့ပြီး မိမိဆန္ဒအလျောက် သွားရောက်လုပ်ကိုင်တာမျိုးလည်း ရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီလို လူစုရာမှာ အလုပ်သမားတွေရဲ့ အတွေးအခေါ် ယုံကြည်ချက်တွေကို​ လုံး၀ ပြောင်းလဲပစ်ရမယ်လို့လည်း တရုတ်အစိုးရရဲ့ ညွှန်ကြားချက်တွေမှာ အဓိကထား ဖော်ပြထားပါတယ်။

    “လူနည်းစုတွေဟာ စည်းကမ်းမရှိဘူး၊ သူတို့ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပစ်ရမယ်။ သူတို့ ဒီအစီအစဉ်မှာ ပါဝင်လာအောင် သိမ်းသွင်းရမယ်ဆိုတာမျိုးကို ထည့်ရေးထားပါတယ်” လို့​ တိဘက်-ရှင်ကျန်းအရေး လေ့လာသူ သုတေသနပညာရှင် အက်ဒရီယန် ဇန့်စ်က ပြောပါတယ်။

    အလုပ်လုပ်ဖို့ငြင်းဆန်တဲ့သူတွေကို သိမ်းသွင်းဖို့ ညွှန်ကြားချက်တစ်ချို့မှာတော့ ‘လူပျင်းတွေကို ​ထိထိရောက်ရောက် ဖယ်ရှားရမယ်’ လို့ ဖော်ပြထားပါတယ်။

    အကျဉ်းစခန်းပုံစံ သင်တန်းကျောင်းများ

    တိဘက်ဒေသက ပြည်သူတွေကို သင်တန်းကျောင်းတွေကို ပို့ဆောင်ပြီး အရင်ဆုံး အတွေးအခေါ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ပါတယ်။ ဒါကို ‘စစ်ဖက်ပုံစံသင်တန်းပေးမှု’ လို့ ၂၀၁၉ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၀ မှာ ထုတ်ပြန်တဲ့ တရုတ်အစိုးရရဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။ သင်တန်းမှာ စည်းကမ်းသေဝပ်မှုကို အဓိကထားသင်ပေးပြီး စစ်၀တ်စုံတွေဝတ်ကာ စစ်ရေးပြမှုတွေလည်း ပြုလုပ်ရပါတယ်။

    တရုတ်အစိုးရရဲ့ အလုပ်သမား​ ဖြန့်ဝေချထားတဲ့ ဒီအစီအစဉ်မှာ ဘယ်လောက်ပမာဏက စစ်ဖက်ပုံစံသင်တန်းပေးမှု ခံရလဲဆိုတာ အတိအကျ မသိရပေမယ့် တိဘက်ဒေသ လူဦးရေရဲ့ ၃ ပုံ ၁ ပုံပမာဏရှိတဲ့ ခရိုင် ၃ ခုမှာတော့ ဒီလို ပြင်းထန်တဲ့ သင်တန်းပေးမှုတွေ ရှိတယ်ဆိုတာ အစိုးရစာရွက်စာတမ်းတွေအရ သိရပါတယ်။

    တိဘက်ဒေသမှာ ဒီလိုစခန်းမျိုးတွေဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုကျော်ကျော်ကတည်းက ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ ဒီစခန်းတွေကို ပိုမိုတည်ဆောက်လာခဲ့ပါတယ်။ ကွန်မြူနစ်ပါတီအပေါ် သစ္စာခံရေး ဒီသင်တန်းကျောင်းမှာ အဓိက သင်ကြားတာဖြစ်ပါတယ်။

    ဩစတေးလျ တက္ကသိုလ် La Trobe က တိဘက်နဲ့ ရှင်ကျန်းအရေးကို အထူးပြုလေ့လာနေတဲ့ ပရော်ဖက်ဆာ ဂျိမ်းစ် လီဘိုးလ်ဒ်က တိဘက်မှာ ပြည်သူတွေကို စစ်ဖက်ပုံစံ သင်တန်းပေးမှု အမျိုးမျိုးရှိပြီး အားလုံးက တိဘက်လူမျိုးတွေအပေါ် တရုတ်အစိုးရရဲ့ နှိမ့်ချတဲ့ ရှုမြင်မှုအပေါ်မှာ အခြေခံတယ်လို့ ပြောကြားခဲ့ပါတယ်။

    “တိဘက်လူမျိုးတွေဟာ အပြင်းထူတယ်။ ရှေးရိုးစွဲတွေ၊ ညစ်ပတ်၊ နှေးကွေး၊ လေးလံသူတွေ ဖြစ်တယ်။ ဒါ့ကြောင့် တစ်သွေးတစ်သံတစ်မိန့်အောက်မှာ ထားရမယ်ဆိုပြီး လုပ်တာပါ။ စစ်ဖက်ပုံစံသင်တန်းပေးမှု​တွေမှာ ဒီအယူအဆက အဓိကကျပါတယ်”

    အလုပ်သမားဖြန့်ဝေရေးအစီအစဉ်အရ အခြားဒေသတွေကို ပို့ဆောင်တဲ့ အလုပ်သမားတွေဟာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရလား၊ အဓမ္မလုပ်အားခိုင်းစေခံရတာ၊ လုပ်အားခေါင်းပုံဖြတ်ခံရတာတွေ ရှိလားဆိုတာကို ဆန်းစစ်ဖို့ ခက်ခဲတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    ရှင်ကျန်းက ဝီဂါတွေကို တစ်ခြားဒေသက စက်ရုံတွေကို ပို့ဆောင်ခိုင်းစေသလိုပဲ တိဘက်က ပြည်သူတွေဟာလည်း ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ် ၈၃ ခုနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေရတယ်လို့ ဩစတေးလျ တတ်သိပညာရှင်များအဖွဲ့ ASPI က ပြောပါတယ်။

    တိဘက်က စစ်ဖက်ပုံစံ သင်တန်းကျောင်းတွေက လူတွေဟာ နိုင်ငံအတွင်းက အနည်းဆုံး ပြည်နယ် တစ်ဒါဇင်ကျော်လောက်ကို ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်။

    တိဘက်ဒေသအစိုးရရဲ့ စာရွက်စာတမ်းတွေမှာတော့ အခြားဒေသတွေကို ရောက်သွားကြတဲ့ အလုပ်သမားတွေဟာ ၁၀ ယောက်ကနေ ၃၀ အထိ အုပ်စုဖွဲ့ကာ ဗဟိုချုပ်ကိုင်မှုစနစ်အောက်မှာ နေထိုင်ရကြောင်း၊ သူတို့ကို အလုပ်သမား ဆက်ဆံရေးရုံးက စီမံခန့်ခွဲပြီး အသွားအလာ၊ အနေအထိုင်ကို တင်းကြပ်ကြောင်း၊ လိုအပ်ရင်လိုအပ်သလို သင်တန်းတွေပေးပြီး တိဘက်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို အစိုးရက တာဝန်ယူစောင့်ရှောက်ပေးကြောင်း ဖော်ပြထားပါတယ်။

    Ref: Reuters

  • ကိုဗစ်ကိစ္စအတွက် ကုလညီလာခံတွင် ကမ္ဘာ့နိုင်ငံကြီးများ တင်းမာမှုဖြစ်

    ကိုဗစ်ကိစ္စအတွက် ကုလညီလာခံတွင် ကမ္ဘာ့နိုင်ငံကြီးများ တင်းမာမှုဖြစ်

    စက်တင်ဘာ ၂၅၊ ၂၀၂၀
    M-Media

    -အွန်လိုင်းကနေတစ်ဆင့် ကျင်းပနေတဲ့ ၇၅ နှစ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကိုဗစ်ကပ်ရောဂါနဲပပတ်သက်ပြီး မနေ့က အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့အကြား ​ဒေါသနဲ့ အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က ဒီကိစ္စမှာ တရုတ်အစိုးရကို ပြစ်တင်ထားပါတယ်။ အင်္ဂါနေ့က ကုလမိန့်ခွန်းမှာလည်း ထရမ့်က ကိုဗစ်ရောဂါ ကမ္ဘာကို ပြန့်နှံ့စေမှုအတွက် တရုတ်ကိုအရေးယူဖို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် ကီလီခရက်ဖ်ရဲ့ မနေ့က ကုလမိန့်ခွန်းမှာ ဒီစွပ်စွဲချက်ကို ထပ်မံပြောကြားခဲ့ပြီး တရုတ်သံအမတ်က ဒေါသထွက်ကာ ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ်။

    “တော်လောက်ပြီထင်တယ်။ ခင်ဗျားတို့တိုင်းပြည်က ကမ္ဘာကြီးကို ဒုက္ခပေးခဲ့တာ တော်လောက်ပါပြီ။ သူများကို အပြစ်တင်တာလောက်နဲ့ ကိုယ့်ရဲ့ပြဿနာကို ဖြေရှင်းလို့မရဘူးဆိုတာ အမေရိကန်က နားလည်သင့်ပါတယ်။ နောက်ဆုံးပေါ် ကျန်းမာရေးစနစ်နဲ့ နည်းပညာတွေရှိနေတဲ့ အမေရိကန်မှာ ဘာ့ကြောင့် ကူးစက်မှုနဲ့ သေဆုံးမှုက အများဆုံးဖြစ်နေတာလဲ” လို့ တရုတ်သံအမတ် ကျန်ဂျွင်းက အင်္ဂလိပ်ဘာသာစကားနဲ့ ပြောကြားခဲ့ပါတယ်။

    ဒီပြဿနာအတွက် တစ်ယောက်ယောက်က တာဝန်ရှိမယ်ဆိုရင် အမေရိကန်နိုင်ငံရေးသမားတွေပဲ ဖြစ်ကြောင်း၊ အမေရိကန်ဟာ ဒီကိစ္စမှာ လုံး၀ ဖယ်ကျဉ်ခံထားရကြောင်း ကျန်ဂျွင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီပြောကြားမှုကို ကုလဆိုင်ရာ ရုရားသံအမတ်ကလည်း ထောက်ခံခဲ့ပါတယ်။

    အမေရိကန်သံအမတ် ကီလီခရက်ဖ်က ဒီအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေဟာ ပြဿနာကို ဖြေရှင်းရေးထက်​ နိုင်ငံရေး ရန်ညှိုးထားတိုက်ခိုက်ရေးကို အာရုံစိုက်နေကြပြီး ဒါဟာ ရှက်စရာကောင်းတယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ပြန့်နှံမှုဟာ ကမ္ဘာနိုင်ငံတွေရဲ့ ပြင်ဆင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု အားနည်းတာကြောင့် ဖြစ်တယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ရှင်ကျန်းတွင် ဝီဂါများကို ဖိနှိပ်သည့်အကျဉ်းစခန်းအရေအတွက် ၃၈၀ ကျော်ရှိနေ

    ရှင်ကျန်းတွင် ဝီဂါများကို ဖိနှိပ်သည့်အကျဉ်းစခန်းအရေအတွက် ၃၈၀ ကျော်ရှိနေ

    စက်တင်ဘာ ၂၄၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံ​အနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြားလူနည်းစုတွေကို ထိန်းသိမ်းထားတဲ့ အကျဉ်းစခန်းအရေအတွက်ဟာ ၃၈၀ ကျော် ရှိတယ်လို့ ဩစတေးလျအခြေစိုက် တတ်သိပညာရှင်အဖွဲ့တစ်ခုက ပြောကြားလိုက်ပြီး ဒါဟာ အရင်က ထင်ထားတာထက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။

    ရှင်ကျန်းမှာ ဝီဂါနဲ့ အခြား တူရကီစကားပြော လူနည်းစု တစ်သန်းကျော်လောက်ကို တရုတ်အစိုးရက အကျဉ်းစခန်းတွေထဲမှာ ထိန်းသိမ်းထားပြီး ညှင်းပမ်းနှိပ်စက်နေတယ်လို့ ကမ္ဘာ့မီဒီယာ​တွေနဲ့ ကုလသမဂ္ဂက စုံစမ်းဖော်ထုတ်ထားပါတယ်။

    တရုတ်ကတော့ ဒီစခန်းတွေဟာ အကျဉ်းစခန်းတွေမဟုတ်ဘဲ အစွန်းရောက်ဝါဒတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းကျောင်းတွေ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ဩစတေးလျက တတ်သိပညာရှင်များအဖွဲ့ (ASPI) က လေ့လာမှုတွေအရ ရှင်ကျန်းမှာ အကျဉ်းစခန်းပေါင်း ၃၈၀ ကျော်ရှိပြီးဒါဟာ အရင်ကတွက်ချက်ထားတဲ့ ပမာဏထက် ၄၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။

    “အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းလို့ သူတို့ခေါ်တဲ့နေရာတွေက သင်တန်းသားတွေဟာ ၂၀၁၉ ခုနှစ် နှောင်ပိုင်းမှာ သင်တန် းပ​ြီးကာ ပြန်သွားကြပြီလို့ တရုတ်အာဏာပိုင်တွေရဲ့ပြော​ကြားမှုနဲ့ အခုတွေ့ရှိချက်တွေက ကွဲလွဲနေပါတယ်။ တရားလက်လွတ်ဖမ်းဆီးခံထားရတဲ့သူတွေကို လုံခြုံရေးပိုမြင့်တဲ့ စခန်းတွေမှာ ထိန်းသိမ်းထားတယ်ဆိုတာ အခုအထောက်အထားတွေက ပြသနေပါတယ်” လို့ ASPI အဖွဲ့က သုတေသနအဖွဲ့ခေါင်းဆောင် နသန်ရူဆာက ပြောကြားခဲ့ပါတယ်။

    ဂြိုဟ်တုကရရှိတဲ့ ပုံရိပ်တွေ၊ ကိုယ်တိုင်တွေ့ကြုံလာရသူတွေ၊ မီဒီယာက သတင်းဖော်ပြချက်တွေ၊ အကျဉ်းစခန်းတွေဆောက်ဖို့ တရုတ်အစိုးရက တင်ဒါခေါ်တဲ့ စာရွက်စာတမ်းတွေကို အခြေခံပြီး ASPI က သုတေသနလုပ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ၂၀၂၀ ခုနှစ် အစပိုင်းကနေ ဇူလိုင်လအထိ အသစ်ဆောက်လုပ်ခဲ့တဲ့ အကျဉ်းစခန်းနဲ့ တိုးချဲ့တဲ့အကျဉ်းစခန်း အနည်းဆုံး ၆၁ ခုရှိတယ်လို့ ASPI က ဆိုပါတယ်။ နောက်ထပ် ၁၄ ခုက ဆောက်လုပ်ဆဲအနေအထားမှာ ဖြစ်ပါတယ်။

    သံဆူးကြိုခြံစည်းရိုး ဒါမှမဟုတ် နံရံအမြင့်ကြီးတွေကို ဖယ်ရှားလိုက်တဲ့ အကျဉ်းစခန်းက ၇၀ လောက်ရှိပြီး ဒါဟာ ဒီစခန်းတွေကို ပိတ်ပစ်လိုက်တာ ဒါမှမဟုတ် နောက်ထပ်ပုံစံတစ်မျိုး ပြောင်းလဲအသုံးပြုတာ ဖြစ်နိုင်တယ်လို့ ASPI က ပြောကြားခဲ့ပါတယ်။

    ASPI ဟာ Xinjiang Data Project လို့ အမည်ပေးထားတဲ့ စီမံကိန်းတစ်ခုကို ဖော်ဆောင်နေပြီး အဲဒီအထဲမှာ ရှင်ကျန်းက အကျဉ်းစခန်းကွန်ယက်နဲ့ အခြား ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရနေရာတွေကို အအသေးစိတ် 3D ပုံရိပ်တွေနဲ့ ဖော်ပြမှာ ဖြစ်ပါတယ်။

    ရူဆာက တိုးချဲ့လိုက်တဲ့ အကျဉ်းစခန်းအများစုဟာ လုံခြုံရေးပိုမြင့်တဲ့ စခန်းတွေဖြစ်ပြီး၊ စက်မှုဇုန်တွေရဲ့ဘေးမှာလည်း အကျဉ်းစခန်းတွေကို တည်ဆောက်ထားတာကြောင့် ထိန်းသိမ်းထားသူတွေကို စက်ရုံတွေမှာ အဓမ္မလုပ်အားခိုင်းစေတာမျိုး ရှိနိုင်တယ်လို့လည်း ASPI က ထည့်သွင်းသုံးသပ်ထားပါတယ်။

    အမေရိကန်တာဝန်ရှိသူတွေကတော့ ရှင်ကျန်းစက်ရုံတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေမှာ ဝီဂါတွေရဲ့ အဓမ္မလုပ်အားပါတဲ့အတွက် တစ်ချို့ပစ္စည်းတွေကို အမေရိကန်ကတင်ပို့ခွင့် ပိတ်ပင်ထားပါတယ်။

    Ref: Aljazeera

  • TikTok နှင့် WeChat တို့ ပိတ်ပင်မှုအတွက် လက်တုန့်ပြန်မည်ဟု ကန်ကို တရုတ်က သတိပေး

    TikTok နှင့် WeChat တို့ ပိတ်ပင်မှုအတွက် လက်တုန့်ပြန်မည်ဟု ကန်ကို တရုတ်က သတိပေး

    စက်တင်ဘာ ၂၀၊ ၂၀၂၀
    M-Media

    -အမေရိကန်ဟာ တရုတ်လုပ်ငန်းတွေအပေါ်မှာ အနိုင်ကျင့်တဲ့လုပ်ရပ်မျိုး လုပ်ဆောင်နေပြီး ဒီအတွက် လိုအပ်တဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံက သတိပေးလိုက်ပါတယ်။

    တရုတ် ထိပ်တန်း အက်ပလီကေးရှင်းတွေဖြစ်တဲ့ TikTok နဲ့ WeChat တို့ ဒေါင်းလုပ်ရယူခွင့်ကို စက်တင်ဘာ ၂၀ ရက်နေ့ကစပြီး အမေရိကန်က ပိတ်လိုက်ပါတယ်။

    တရုတ် စီးပွားကူးသန်း၀န်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အမေရိကန်အနေနဲ့ အနိုင်ကျင့်မှု၊ မှားယွင်းတဲ့လုပ်ရပ်တွေကို စွန့်လွှတ်ဖို့ နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေကို မျှမျှတတနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ လိုက်နာဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

    နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ယူဆရတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို ကန့်သတ်မှရေး လုပ်ငန်းစဥ်တစ်ခုလည်း တရုတ်က မနေ့မှာ ချပြခဲ့ပါတယ်။ ဒါဟာ Huawei လို တရုတ်ကုမ္ပဏီတွေကို အမေရိကန်က နှိပ်ကွပ်မှုအပေါ် တုန့်ပြန်တာလို့ ယူဆရပါတယ်။

    အမေရိကန်အနေနဲ့ ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် မိမိတို့ကလည်း တရုတ်ကုမ္ပဏီတွေရဲ့ အခွင့်အရေး၊ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း မနေ့က ကြေငြာချက်မှာ တရုတ်က ထည့်သွင်း သတိပေးခဲ့ပါတယ်။

    TikTok နဲ့ WeChat တို့ဟာ တိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် ပိတ်ပင်ဖို့ အမိန့်တစ်ခုကို သမ္မတ ဒေါ်နယ်ထရမ့်က​ ဩဂုတ်လမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    Ref : Aljazeera

  • တရုတ်စက်ရုံတစ်ခု၏ စွန့်ပစ်ပစ္စည်းမှ လူထောင်ချီ ရောဂါကူး

    တရုတ်စက်ရုံတစ်ခု၏ စွန့်ပစ်ပစ္စည်းမှ လူထောင်ချီ ရောဂါကူး

    စက်တင်ဘာ ၁၉၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ တိရစ္ဆာန်ကာကွယ်ဆေးထုတ် စက်ရုံတစ်ခုကထွက်တဲ့ အငွေ့ကနေ လူထောင်ချီ ရောဂါကူးစက်မှုတွေ ရှိခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    လန်ကျိုးမြို့က China Animal Husbandry ဆေးဝါးစက်ရုံဟာ ရက်လွန်နေတဲ့ ပိုးသတ်ဆေးကို အသုံးပြုခဲ့တာကြောင့် စက်ရုံမီးခိုးခေါင်းတိုင်ကထွက်တဲ့ အငွေ့တွေမှာ ဘရူစီလိုစစ် (Brucellosis) ရောဂါ​ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပါသွားပြီး ဒီအငွေ့ရှုမိသူတွေမှာ ရောဂါကူးစက်တာ ဖြစ်ပါတယ်။

    မြို့အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစလို့ အခုအချိန်အထိ လူပေါင်း ၃၂၄၅ ဦး ဘရူစီလိုစစ်ရောဂါ ဖြစ်ပွားခဲ့ပြီး နောက်ထပ် ၁၄၀၁ ဦးမှာလည်း ရောဂါကူးစက်နေတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘရူစီလိုစစ်ရောဂါဟာ တရိစ္ဆာန်ကနေ လူကို အဓိကကူးစက်တဲ့ ရောဂါမျိုးဖြစ်ပြီး၊ ရောဂါကူးစက်နေတဲ့ တိရစ္ဆာန်ကထွက်တဲ့ ကုန်ပစ္စည်းတွေကနေတစ်ဆင့်လည်း ကူးလေ့ရှိပါတယ်။ ဘက်တီးရီးယားပြန့်နှံ့ပြီးတဲ့နောက် အခုအချိန်အထိ လူလူချင်း မကူးသေးဘူးလို့ လန်ကျိုးမြို့ အာဏာပိုင်တွေက ပြောပါတယ်။

    China Animal Husbandry စက်ရုံက ဒီအဖြစ်အပျက်အတွက် အခုနှစ်အစောပိုင်းမှာ တောင်းပန်ခဲ့ပြီး ထိခိုက်ခံစားရတဲ့သူတွေအတွက် နစ်နာကြေးကို လာမယ့်အောက်တိုဘာလမှာ စတင်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေကတော့ စက်ရုံရဲ့ လုပ်ငန်းလိုင်စဉ်ကို ရုပ်သိမ်းခဲ့ပါတယ်။

    Ref: The Jakarta Post