News @ M-Media

Tag: China

  • မြန်မာနယ်စပ်ရှိ အိန္ဒိယသူပုန်များကို တရုတ်က ထောက်ပံ့ပေးနေသည်ဟု အိန္ဒိယစွပ်စွဲ

    မြန်မာနယ်စပ်ရှိ အိန္ဒိယသူပုန်များကို တရုတ်က ထောက်ပံ့ပေးနေသည်ဟု အိန္ဒိယစွပ်စွဲ

    ဒီဇင်ဘာ ၇၊ ၂၀၂၀
    M-Media

    -မြန်မာနိုင်ငံနယ်စပ်မှာ အခြေစိုက်ပြီး မိမိတို့ကို တိုက်ခိုက်နေတဲ့ ခွဲထွက်ရေးသူပုန်တွေကို တရုတ်က ကူညီပံ့ပိုးပေးနေတယ်လို့ အိန္ဒိယအစိုးရက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး Bloomberg သတင်းဌာနက ဒီကနေ့မှာ ဖော်ပြပါတယ်။

    တရုတ်ဟာ ၀,လက်နက်ကိုင်တပ်ဖွဲ့ (UWSA)၊ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့လို မြန်မာနိုင်ငံက သူ့ဩဇာခံ အဖွဲ့တွေကနေတစ်ဆင့်အိန္ဒိယ အရှေ့မြောက်ပိုင်းက သူပုန်တွေကို လက်နက်ထောက်ပံ့တာ၊ ပုန်းခိုစရာပေး​တာလို့ ဆိုပါတယ်။

    အိန္ဒိယအစိုးရက အလိုအရှိဆုံး သူပုန်ခေါင်းဆောင် အနည်းဆုံး ၄ ဦးကို တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းမြို့မှာ နေထိုင်ခွင့်ပေးထားပြီး အောက်တိုဘာလအတွင်းမှာပဲ လက်နက်ထောက်ပံ့တာ၊ လေ့ကျင့်သင်ကြားပေးတာတွေ ရှိခဲ့တယ်လို့ လုံခြုံရေးအဖွဲ့တွေက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီကို မကြာခင်က သတိပေးခဲ့ပါတယ်။

    ခွဲထွက်ကာ သီးခြားနိုင်ငံထူထောင်လိုတဲ့ နာဂအဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေ ပါဝင်တဲ့ ဒီအဖွဲ့ကို တရုတ်စစ်တပ်က လက်ရှိအရာရှိတွေ၊ အရာရှိဟောင်းတွေ၊ ကြားပွဲစားတွေက တွေ့ဆုံဆွေးနွေးတာတွေ ရှိတယ်လို့လည်း အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက Bloomberg ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မြန်မာ-အိန္ဒိယ နယ်စပ်မှာ ခိုအောင်းနေတဲ့ အိန္ဒိယသူပုန်တွေဟာ အိန္ဒိယအစိုးရတပ်ဖွဲ့တွေကို မကြာခဏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်လေ့ရှိပြီး အောက်တိုဘာ ၂၁ ရက်နေ့ စစ်သားတစ်ယောက်သေဆုံးခဲ့တဲ့ ခြုံခိုတိုက်ခိုက်မှုအပြီးမှာတော့ အိန္ဒိယအစိုးရဟာ စစ်သားတစ်ထောင်လောက်ကို မြန်မာနယ်စပ်ဆီ ရွေ့ပြောင်းခဲ့ပါတယ်။

    သက်ဆိုင်သူတွေ ငြင်းဆို

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယရဲ့ ဒီပြောကြားမှုကို ငြင်းဆိုခဲ့ပြီး တစ်ခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေးမူကို ထိန်းသိမ်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အချုပ်အခြာပိုင် နိုင်ငံတွေနဲ့ပဲ ကျွန်တော်တို့ စစ်ဖက်ကုန်သွယ်မှု လုပ်ပါတယ်။ အစိုးရမဟုတ်တဲ့ အခြားအဖွဲ့တွေကို လက်နက်မရောင်းပါဘူး”

    မြန်မာနိုင်ငံရဲ့ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ၀,တပ်ဖွဲ့ (UWSA) ကလည်း တရုတ်ကိုယ်စား အိန္ဒိယသူပုန်တွေကို ကူညီပေးနေမှု မရှိဘူးလို့ ပြောကြားခဲ့ပြီး၊ သူတို့ဌာနချုပ်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်တို့ မိုင်ပေါင်း ၅၀၀ လောက်ဝေးတာကို ထောက်ပြပါတယ်။

    “အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးနဲ့ ကျွန်တော်တို့ ဘာမှ မပတ်သက်ပါဘူး။ အိန္ဒိယကိုလည်း ထိခိုက်အောင် ကျွန်တော်တို့ မလုပ်ဘူး။ ဒီလိုစွပ်စွဲချက်တွေအတွက် ဖြေရှင်းချက်ပေးစရာ မလိုဘူးလို့ ကျွန်တော်တို့ ထင်ပါတယ်” လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ​ေ ပြောကြားခဲ့ပြီး တရုတ်ဩဇာခံအဖြစ် ဆောင်ရွက်နေတယ်ဆိုတဲ့ ပြောကြားချက်တွေကလည်း ‘အခြေအမြစ်မရှိဘူး’ လို့ ဆိုပါတယ်။

    စက်တင်ဘာ ၂၈ ရက်နေ့မှာ အိန္ဒိယ နယ်ခြားစောင့်တပ်ဟာ အိန္ဒိယသူပုန်တွေဆီ ပေးပို့မယ့် လက်နက်အမြောက်အများနဲ့ သံသယရှိသူ ၃ ဦးကို အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖမ်းမိခဲ့ပါတယ်။

    ဒီလက်နက်တွေကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ပေးပို့တာဖြစ်ပြီး၊ စစ်တွေဆိပ်ကမ်းကနေ ကူမင်းမြို့အထိ ရှည်လျားရဲ့ စီးပွားရေးစင်္ကြန်တစ်လျှောက်က ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ လမ်းတွေလို တရုတ်အကျိုးစီးပွားကို ကာကွယ်ပေးတဲ့အတွက်AA က တရုတ်ထံကနေ လက်နက်တွေ ရရှိတာလို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်က အိန္ဒိယသူပုန်တွေကို လက်နက်ထောက်ပံ့တာ၊ နေစရာပေးတာတွေ ရှိတယ်လို့လည်း အဲဒီတုန်းက ထည့်သွင်းပြောကြားဖူးပါတယ်။

    အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၊ ခေါင်းဆောင်တွေ ကူမင်းမှာ ရှိနေတယ်လို့ ယူဆရတဲ့ နာဂပြည်အမျိုးသားဆိုရှယ်လစ်ကောင်စီရဲ့ အကြီးတန်းတာဝန်ရှိသူတွေ၊ မြန်မာစစ်တပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဒီကိစ္စအတွက် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်မဖြေဘူးလို့ Bloomberg က ဖော်ပြပါတယ်။

    အိန္ဒိယသူပုန်များ

    အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ ခွဲထွက်ရေးလိုလားတဲ့ လူမျိုးစုလက်နက်ကိုင် အများအပြား ရှိနေပြီး တစ်ချို့တွေဟာ မြန်မာနိုင်ငံဖက်မှာ အခြေစိုက်ကာ အိန္ဒိယအစိုးရကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

    ၁၉၅၀ ကျော်လောက်ကတည်းက အိန္ဒိယသူပုန်တွေ ပေါ်ပေါက်လာတာဖြစ်ပြီး ပထမပိုင်းမှာ အိန္ဒိယရဲ့ရန်ဖက် ပါကစ္စတန်က ဒီသူပုန်တွေကို ထောက်ပံ့ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တရုတ်က ဒိုင်ခံထောက်ပံ့တာ၊ လေ့ကျင့်သင်ကြားပေးတာတွေ လုပ်လာတယ်လို့ အာရှဒေသအရေး ကျွမ်းကျင်သူ ဆွီဒင်ဂျာနယ်လစ် ဘာတေး လစ်တနာက ၂၀၁၂ ခုနှစ်က ထုတ်ဝေတဲ့ စာအုပ်တစ်အုပ်မှာ ရေးသားခဲ့ဖူးပါတယ်။ တရုတ်အစိုးရဟာ လူသိရှင်ကြား ထောက်ပံ့တာမျိုး မဟုတ်ဘဲ လက်နက်မှောင်ခိုစျေးကွက်ကနေတစ်ဆင့် ထောက်ပံ့တာလို့ ဘာတေးလစ်တနာက ဆိုပါတယ်။

    တရုတ်နဲ့ ​အိန္ဒိယ နှစ်နိုင်ငံစလုံးဟာ မြန်မာနိုင်ငံမှာ မဟာဗျူဟာမြောက် အကျိုးစီးပွားကိုယ်စီ ရှိနေတာ ဖြစ်ပါတယ်။

    Ref: Bloomberg

  • ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများကို မြန်မာက ပြန်ခေါ်လိမ့်မည်ဟု တရုတ်ပြော

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများကို မြန်မာက ပြန်ခေါ်လိမ့်မည်ဟု တရုတ်ပြော

    အောက်တိုဘာ ၂၆၊ ၂၀၂၀
    M-Media

    -နေရပ်စွန့်ခွာထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာနိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို သတင်းစကား ပါးခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဘ်ဒူလ် မိုမန်တို့ ကြာသာပတေးနေ့ညက တွေ့ဆုံစဉ်မှာ ဒီလိုပြောခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဌာနရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူသွားမယ်ဆိုတာ မြန်မာနိုင်ငံက ထပ်လောင်း အတည်ပြုပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတင်းစကား ပါးခဲ့ပါတယ်”

    ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးသွားမယ်ဆိုတဲ့အကြောင်း မြန်မာနိုင်ငံက တရုတ်ကို အသိပေးခဲ့တယ်လို့လည်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စအတွက် တရုတ်ဟာ မြန်မာနိုင်ငံနဲ့ အမြဲတစေပြောဆိုမှုရှိပြီး လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးမှုတွေ ဖြစ်လာအောင် လုပ်ပေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်ကို ပြောကြားခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃ နိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးမှု​တွေ ဖြစ်လာမယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဝမ်ယီနဲ့ မိုမန်တို့ တွေ့ဆုံမှုအတွင်း ကိုဗစ်ကာကွယ်ဆေးကိစ္စ၊ ကပ်ရောဂါအလွန် စီးပွားရေးတွေအပါအဝင် အကြောင်းအရာတော်တော်များများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Anadolu Agency

  • ကိုဗစ်ကာကွယ်ဆေးထုတ်ပြီး ကမ္ဘာကိုရောင်းရန် တရုတ်စီစဉ်နေ

    ကိုဗစ်ကာကွယ်ဆေးထုတ်ပြီး ကမ္ဘာကိုရောင်းရန် တရုတ်စီစဉ်နေ

    အောက်တိုဘာ ၂၂၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံဟာ ကိုဗစ်ကာကွယ်ဆေးသစ်တစ်မျိုး ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ကမ္ဘာကို ဖြန့်ချီဖို့ စီစဉ်နေတယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာန CCTV က ဖော်ပြခဲ့ပါတယ်။

    အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က စမ်းသပ်ထုတ်လုပ်နေပြီး အလားအလာကောင်းတယ်လို့ ယူဆထားတဲ့ ကာကွယ်ဆေးနည်းလမ်းအတိုင်း တရုတ်က ကာကွယ်ဆေးအသစ်ကို ထုတ်လုပ်နေတာပါ။

    ​ခန္တာကိုယ်ကို မထိခိုက်စေဘဲ၊ ထိရောက်တဲ့ ကိုယ်ခံစွမ်းအားကို ထုတ်ပေးနိုင်မယ့် အဲဒီကာကွယ်ဆေးဟာ ၂ ကြိမ်ထိုးလိုက်တာနဲ့ နှစ်အတော်ကြာ ကိုဗစ်ကူးစက်မှု ကာကွယ်နိုင်မယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ပြောပါတယ်။

    ပွင့်လင်းမြင်သာမှု မရှိတာကြောင့် အနောက်နိုင်ငံတွေက တရုတ်ကာကွယ်ဆေးတွေနဲ့ပတ်သက်ပြီး သံသယရှိနေပါတယ်။

    တရုတ်အာဏာပိုင်တွေရဲ့ ကနဦးပြောကြားမှုတွေကိုကြည့်ရင် ကာကွယ်ဆေးကို နိုင်ငံအတွင်း တစ်လုံး ဒေါ်လာ ၉၀၊ နိုင်ငံခြားမှာ ၄ ​ဒေါ်လာလောက်နဲ့ ရောင်းဖို့ စီစဉ်ထားတာကိုတွေ့ရပြီး ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာကိုလွှမ်းမိုးနိုင်မယ့် ‘မမြင်ရတဲ့အင်အား’ (soft power) တစ်ခုအဖြစ် အသုံးပြုဖို့ ​မျှော်လင့်နေတာ ဖြစ်ပါတယ်။

    တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က အခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ထိုးဆေးအလုံးရေ သန်း ၆၁၀ လောက်ထုတ်လုပ်နိုင်မယ်လို့ ပြောကြားထားပါတယ်။

    တရုတ် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာနရဲ့ ဇီ၀လုံခြုံရေးအကြီးအကဲ ဝူဂွေကျန်းက ကာကွယ်ဆေးထုတ်လုပ်မှုတိုင်းမှာ အားနည်းချက်တွေ ကြုံတွေ့ရလေ့ရှိပေမယ့် အခု အသစ်စမ်းသပ်နေတဲ့ ကာကွယ်ဆေးမှာ ဆိုးဆိုးရွားရွား အားနည်းချက်မျိုး မကြုံတွေ့ရဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Asia Times

  • လူနည်းစုများအပေါ် တရုတ်၏ဖိနှိပ်မှုကို ကနေဒါက ဆက်လက်ဆန့်ကျင်မည်

    လူနည်းစုများအပေါ် တရုတ်၏ဖိနှိပ်မှုကို ကနေဒါက ဆက်လက်ဆန့်ကျင်မည်

    အောက်တိုဘာ ၁၇၊ ၂၀၂၀
    M-Media

    ကနေဒါဝန်ကြီးချုပ် ထရူဒူ (ဝဲ) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်

    -လူနည်းစုတွေအပေါ် တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ထုတ်ဖော်ပြောဆိုရာမှာ ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ကနေဒါက ပြောကြားလိုက်ပါတယ်။

    ​ဟွာဝေးကုမ္ပဏီရဲ့ ဘဏ္ဍာရေးအကြီးအကဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလာမှာ ကနေဒါက ဖမ်းဆီးခဲ့ပြီးတဲ့နောက်ပိုင်း တရုတ်နဲ့ ကနေဒါတို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ တရုတ်ကလည်း ကနေဒါ သံအမတ်ဟောင်းတစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို သူလျှိုမှုနဲ့ တရားစွဲခဲ့သလို၊ အခြား ကနေဒါနိုင်ငံသားတစ်ဦးကိုလည်း အခုနှစ် ဩဂုတ်လမှာ မူးယစ်မှုနဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။

    ဟောင်ကောင်သားတစ်ချို့ကို ကနေဒါက ခိုလှုံခွင့်ပေးမှုကို ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကျိုပင်းက ကြာသာပတေးနေ့မှာ ဝေဖန်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ဟောင်ကောင်မှာ နေထိုင်နေတဲ့ ကနေဒါနိုင်ငံသား ၃ သိန်းလောက်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို ထိခိုက်စေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    “ကမ္ဘာတစ်ဝှမ်းလုံးက လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မားမားမတ်မတ်ရပ်တည်ကာ၊ ကျယ်ကျယ်လောင်လောင် ပြောနေအုံးမှာပါ။ ဝီဂါမွတ်စလင်တွေရဲ့ လူ့အခွင့်အရေးကိစ္စပဲဖြစ်ဖြစ်၊ ဟောင်ကောင်က စိုးရိမ်စရာ အခြေအနေတွေကိုပဲ ဖြစ်ဖြစ်၊ တရုတ်ရဲ့ နိုင့်ထက်စီးနင်းပြုတဲ့ သံတမန်အရေးကိစ္စပဲ ဖြစ်ဖြစ်ပ​ေ့ါ” လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် နှစ်နိုင်ငံဆက်ဆံရေးကို မတင်းမာစေလို့ဘူးလို့လည်း ထရူဒူက ဆိုပါတယ်။

    ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဖရန်ကိုအစ် ဖိလစ် ရှန်ပိန်ကလည်း တရုတ်သံအမတ်ရဲ့ မှတ်ချက်ဟာ လက်မခံနိုင်စရာ၊ စက်ဆုပ်ဖွယ်ရာ မှတ်ချက်မျိုး ဖြစ်တယ်လို့ အစောပိုင်းမှာ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ထိုင်ဝမ်ကျွန်းနားတွင် တရုတ်၏ ရေတပ်အင်အား အကြီးအကျယ်တိုးမြှင့်မှုကို ကန်သတိပေး

    ထိုင်ဝမ်ကျွန်းနားတွင် တရုတ်၏ ရေတပ်အင်အား အကြီးအကျယ်တိုးမြှင့်မှုကို ကန်သတိပေး

    အောက်တိုဘာ ၈၊ ၂၀၂၀
    M-Media

    -ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံးပြီး ကျူးကျော်သိမ်းပိုက်တာမျိုး မလုပ်ဖို့အတွက် အမေရိကန်က တရုတ်ကို သတိပေးလိုက်ပါတယ်။

    တရုတ်အစိုးရက ထိုင်ဝမ်ဟာ ပြည်မကြီးနဲ့ ပေါင်းစည်းရမယ့် တရုတ်ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး ဒါကို လက်မခံဘူးဆိုရင် အင်အားသုံးသင့် သုံးရလိမ့်မယ်လို့လည်း လူသိရှင်ကြား ထုတ်ပြန်ပြောဆိုထားပါတယ်။

    လက်ရှိမှာ တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ ရေတပ်အင်အား အကြီးအကျယ် တိုးမြှင့်နေပြီး ဒါဟာ ပထမကမ္ဘာစစ်မတိုင်ခင် ဗြိတိန်ရေတပ်ကို အားပြိုင်ဖို့အတွက် ဂျာမနီက ကြိုးပမ်းမှုနောက်ပိုင်း ​အကြီးမားဆုံး ရေတပ်အင်အားတိုးချဲ့မှု ဖြစ်တယ်လို့ မနေ့က လက်စ်ဗီးဂက်စ်က နီဗားဒါးတက္ကသိုလ်မှာ အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယန်က ပြောကြားခဲ့ပါတယ်။

    “ဒီတိုးမြှင့်မှု တစ်စိတ်တစ်ပိုင်းက ကျွန်တော်တို့ကို ပစိဖိတ်အနောက်ခြမ်းကနေ ​ဖယ်ထုတ်ဖို့ဖြစ်ပြီး ဒါမှ ထိုင်ဝမ်ကို ကမ်းတက်ပြီး သိမ်းနိုင်မှာ ဖြစ်ပါတယ်”

    ဒါပေမယ့် ဒီလို ကမ်းတက်သိမ်းတာဟာ လွယ်ကူမှာ မဟုတ်ဘူးလို့လည်း အိုဘရိုင်ယန်က ထောက်ပြပြောဆိုခဲ့ပါတယ်။

    ထိုင်ဝမ်ကို တရုတ်ကျူးကျော်ရင် အမေရိကန်က ကာကွယ်ပေးမလားလို့ မေးမြန်းရာမှာ အမေရိကန်ရဲ့ မဟာဗျူဟာအရ တိတိကျကျ ဆုံးဖြတ်ထားခြင်းမရှိဘူးလို့ အိုဘရိုင်ယန်က ဖြေကြားခဲ့ပါတယ်။

    အမေရိကန်ဟာ ထိုင်ဝမ်ကိစ္စကမှာ စစ်ရေးအရ ပ ါဝင်ပတ်သက်ဖို့အတွက် ဥပဒေအရ ခွင့်ပြုချက်လိုအပ်မှာ ဖြစ်ပါတယ်။ အိုဘရိုင်ယန်က စစ်ဖက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့နဲ့​ ကာကွယ်ရေးအတွက် ငွေကြေး ပိုမိုသုံးစွဲဖို့လည်း ဘရိုင်ယန်က ထိုင်ဝမ်ကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera