News @ M-Media

Tag: China

  • ဝူဟန်ကိုမသွားဘဲ ရောဂါကူးစက်သူကို ဂျပန်တွင် ပထမဆုံးတွေ့ရှိ (နောက်ဆုံးရသတင်းများ)

    ဝူဟန်ကိုမသွားဘဲ ရောဂါကူးစက်သူကို ဂျပန်တွင် ပထမဆုံးတွေ့ရှိ (နောက်ဆုံးရသတင်းများ)

    ဇန်နဝါရီ ၂၈၊ ၂၀၂၀ (ည ၈ နာရီ)
    M-Media

    ဝူဟန်ဗိုင်းရပ်စ် ကူးစက်နေသည့် နိုင်ငံများ

    – ကိုရိုနာဗိုင်းရပ်စ်ပိုးစ် ပြန့်နှံ့ဖြစ်ပွားရာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကို သွားရောက်ခြင်းမရှိတဲ့ ဂျပန်အမျိုးသားတစ်ဦး ရောဂါကူးစက်နေတယ်လို့ ဂျပန်နိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အသက် ၆၀ အရွယ်အဲဒီ အဘိုးအိုဟာ ခရီးသွားဘတ်စ်ကားယဉ်မောင်းဖြစ်ပြီး ဝူဟန်မြို့ကနေ လာရောက်တဲ့ တရုတ်ခရီးသွားတွေကို ဇန်နဝါရီ ၈ ရက်ကနေ ၁၆ ရက်နေ့အတွင်း လိုက်လံပို့ဆောင်ပေးခဲ့သူပါ။ ဒါဟာ ဝူဟန်ကိုမသွားဘဲနဲ့ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။

    – ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်သူတစ်ဦးကို ပထမဆုံးတွေ့ရှိတယ်လို့ မနေ့မှာကြေငြာထားတဲ့ သီရိလင်္ကာက ဒီကနေ့မှာ တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်ပါတယ်။

    – ဂျာမနီက ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်သူတစ်ဦးကို ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကူးစက်သူဟာ အသက် ၃၃ နှစ်အရွယ် ဂျာမန်အမျိုးသားဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က ဂျာမနီကိုလာရောက်ခဲ့တဲ့ တရုတ်အမျိုးသမီး လုပ်ဖော်ကိုင်ဖက်ထံကနေ ကူးစက်တာဖြစ်ပါတယ်။ ဂျာမနီဟာ ယူကေပြီးတဲ့နောက် ဝူဟန်ဗိုင်းရပ်စ်တွေ့ရှိတဲ့ ဒုတိယမြောက် ဥရောပနိုင်ငံ ဖြစ်လာပါတယ်။

    – ဟောင်ကောင်အစိုးရက တရုတ်ပြည်မကြီးနဲ့ ဆက်သွယ်ထားတဲ့ ရထားလိုင်း၊ သင်္ဘောလိုင်းတွေကို ဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး ရပ်ဆိုင်းတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ လေကြောင်းခရီးစဉ်ကိုလည်း ထက်ဝက်အထိ လျှော့ချမှာဖြစ်ပြီး ပြည်မကြီးလူတွေအတွက် တစ်ကိုယ်ရေ ခရီးသွားဗီဇာ ထုတ်ပေးမှုကိုလည်း ရပ်ဆိုင်းမယ်လို့ ဆိုပါတယ်။

    – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က တရုတ်နိုင်ငံဟာ ကိုရိုဗိုင်းရပ်စ်သစ်ကို တားဆီးနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး တည်တည်ငြိမ်ငြိမ်ရှိဖို့ မိမိတို့နိုင်ငံသားတွေကို တရုတ်နိုင်ငံကနေ ပြန်လည်ခေါ်ဆောင်ရေး အလျင်စလိုမလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • သေဆုံးသူ ၁၀၀ ကျော်လာတဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    သေဆုံးသူ ၁၀၀ ကျော်လာတဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    ဇန်နဝါရီ ၂၈၊ ၂၀၂၀ (မနက် ၁၁ နာရီ)
    M-Media

    • တရုတ်နိုင်ငံမှာ ပြန့်နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ အင်္ဂါနေ့မှာ ၁၀၆ ဦးအထိ မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုက ၁၃၀၀ နီးပါးအထိ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံတစ်ဝှမ်းမှာ ရောဂါကူးစက်သူအရေအတွက်ဟာ ၄၅၂၀ အထိ မြင့်တက်လာခဲ့ပြီး အများစုက ရောဂါစတင်ရာ ဝူဟန်မြို့မှာ ဖြစ်ပါတယ်။ ရောဂါကူးစက်နေတယ်ဆိုတဲ့ သံသယနဲ့ စောင့်ကြည့်ခံရသူ အရေအတွက်ဟာ ၇၀၀၀ နီးပါးအထိ ရှိနေပါတယ်။
    • တရုတ်နှစ်ကူးအားလပ်ရက်ကို နောက်တစ်ပတ် တနင်္ဂနွေနေ့အထိ တရုတ်က ထပ်တိုးလိုက်ပြီး စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ ကျောင်းပြန်ဖွင့်မယ့် ရက်ကိုလည်း နောက်ဆုတ်လိုက်ပါတယ်။ ကျောင်းသားတွေကို အပြင်ပေးမထွက်ဖို့၊ လူစုလူဝေးတွေ မလုပ်ဖို့လည်း ပညာရေးဝန်ကြီးဌာနက ကျောင်းတွေကို ညွှန်ကြားထားပါတယ်။
    • အမေရိကန်နဲ့ ကနေဒါတို့က တရုတ်နိုင်ငံကို ခရီးသွားခြင်းမပြုဖို့ နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံကို အကူအညီပေးဖို့ အဆင်သင့်ပဲလို့ ပြောကြားခဲ့ပါတယ်။
    • ကမ္ဘောဒီယားနဲ့ သီရိလင်္ကာတို့က ဝူဟန်ဗိုင်းရပ်စ်ကူးစက်နေသူ တစ်ဦးစီ တွေ့ခဲ့ရတယ်လို့ တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာဒီးယားမှာ အသက် ၆၀ အရွယ် အဖိုးအိုနဲ့ သီရလင်္ကာမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ ကူးစက်နေတာဖြစ်ပြီး သူတို့ ၂ ဦးစလုံးဟာ ရောဂါဖြစ်ပွားရာ ဝူဟန်မြို့ကို သွားရောက်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
    • ရှမ်းပြည်နယ် မိုင်းလား အထူးဒေသ (၄) မှာ မိုင်းလားအဖွဲ့ (NDAA) က တောရိုင်းတိရစ္ဆာန်တွေ ရောင်းချခြင်းမပြုဖို့ တားမြစ်မိန့် ထုတ်ပြန်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ တောရိုင်းတိရစ္ဆာန်တွေကနေ ကူးစက်တာဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေရှိနေတာပါ။ မိုင်းလားဒေသဟာ တရားမဝင် တောရိုင်းတိရစ္ဆာန်စျေးကွက်အဖြစ် လူသိများပါတယ်။

    Ref: Aljazeera, Reuters

  • ကူးစက်မြန် ဝူဟန်ဗိုင်းရစ်ပ်နှင့်ပတ်သက်၍ နောက်ဆုံးရ သတင်းများ (၂၇.၁.၂၀၁၉ – ည ၇ နာရီ)

    ကူးစက်မြန် ဝူဟန်ဗိုင်းရစ်ပ်နှင့်ပတ်သက်၍ နောက်ဆုံးရ သတင်းများ (၂၇.၁.၂၀၁၉ – ည ၇ နာရီ)

    ဇန်နဝါရ ၂၇၊ ၂၀၂၀
    M-Media

    • ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကနေ ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၁ ဦးအထိ ရှိလာခဲ့ပြီး ကူးစက်ခံနေရသူ အရေအတွက်က ၂၇၀၀ ကျော်ရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ရောဂါပိုးဝင်ပြီး လက္ခဏာမပြခင်အဆင့်မှာတင် ကူးစက်တတ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။
    • ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ဟာ ဒီကနေ့မနက်ပိုင်းက မြို့တော်ဘေဂျင်းကို ရောက်ရှိလာပြီး အစိုးရတာဝန်ရှိသူတွေ၊ ရောဂါတားဆီးကာကွယ်ရေး ဆောင်ရွက်နေသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
    • အာရှမှာ တောင်ကိုရီးယား၊ နီပေါ၊ ဂျပန်၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဩစတေးလျနိုင်ငံတွေကို ရောဂါပိုး ပြန့်နှံ့ရောက်ရှိနေပြီး၊ ဥရောပမှာ ပြင်သစ်၊ အမေရိကတိုက်မှာ အမေရိကန်နဲ့ ကနေဒါတို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
    • ဂျပန်၊ စပိန်၊ ယူကေနဲ့ ဂျာမနီနဲ့ အီရတ်တို့က ဝူဟန်မှာရှိတဲ့ သူတို့နိုင်ငံသားတွေ၊ ကျောင်းသားတွေကို ပြန်ခေါ်ဖို့ ဆောင်ရွက်နေပြီး မလေးရှားနဲ့ မကာအိုတို့ကလည်း ဝူဟန်နဲ့ ဟူဘေးပြည်နယ်က လာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်လိုက်ပါတယ်။ မွန်ဂိုလီးယားကလည်း တရုတ်နယ်စပ်ကနေ ကားတွေ၊ လူတွေ ဝင်ရောက်မှုကို ပိတ်ပင်လိုက်ပြီး၊ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။
    • ရောဂါစဖြစ်တဲ့ ဟူဘေးပြည်နယ်က ဝူဟန်မြို့နဲ့ ပတ်ဝန်းကျင်မြို့တစ်ချို့ကို တရုတ်အစိုးရက အသွားအလာ ဖြတ်တောက်ထားသလို၊ နိုင်ငံတစ်ဝှမ်းက မြို့ကြီးတော်တော်များများကိုလည်း ခရီးသွားခွင့် ပိတ်ပင်ထားပါတယ်။ ရာဂါကူးစက်ပြန့်နှံ့မှုဟာ ဝူဟန်မြို့မှာ သိသိသာသာကိုမြင့်တက်လာပါတယ်။
    • ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ဟာ တောရိုင်းတိရစ္ဆာန်တွေကနေ စတင်ကူးစက်တယ်လို့ ယူဆထားတဲ့အတွက် တောရိုင်းတိရိစ္ဆာန်ရောင်းချမှုကို တရုတ်အစိုးရက ယာယီပိတ်ပင်ထားပါတယ်။
    • မြန်မာအစိုးရရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ လက်ရှိအချိန်အထိ မြန်မာနိုင်ငံကို ရောက်ရှိခြင်းမရှိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်ဂိတ်ကို ဝင်ထွက်သွားလာမှု ပိတ်ပင်ထားတယ်လို့ သတင်းထွက်ခဲ့ပေမယ့် နယ်စပ်တာဝန်ရှိသူတွေက ငြင်းဆိုခဲ့ပြီး အသွားအလာနည်းသွားတာမျိုးသာရှိတယ်လို့ ဆိုပါတယ်။
    • နိုင်ငံခြားရေးဝန်ကြီးဌာနက ဝူဟန်မြို့မှာရှိနေတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူတွေ ဆောလျင်စွာ ပြန်ရောက်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

    Ref: BBC, Aljazeera, mmtimes

    mmHelthNews

  • တရုတ်တွင် အမည်မသိအဆုတ်ရောင်ရောဂါကူးစက်မှု ပိုမိုဆိုးဝါးလာ

    တရုတ်တွင် အမည်မသိအဆုတ်ရောင်ရောဂါကူးစက်မှု ပိုမိုဆိုးဝါးလာ

    ဇန်နဝါရီ ၂၂၊ ၂၀၂၀
    M-Media

    -အမည်မသိ အဆုတ်ရောင်ရောဂါကူးစက်မှု အရေအတွက်ဟာ ၄၄၀ အထိ မြင့်တက်လာခဲ့ပြီး သန္ဓေပြောင်းကာ ပိုမိုကူးစက်နိုင်တယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက စတင်ပြန့်နှံ့တဲ့ အဲဒီရောဂါပိုးဟာ အခုအချိန်မှာ ပြည်နယ် ၁၃ ခုကို ရောက်ရှိသွားခဲ့ပြီး သေဆုံးသူအရေအတွက်ကလည်း ၉ အဦးအထိ ရှိလာပါတယ်။

    တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ တာဝန်ရှိသူ လီဘင်က ဒီရောဂါဟာ အသက်ရှုလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တာဖြစ်ပြီး သန္ဓေပြောင်းကာ ပိုမိုပြန့်နှံ့နိုင်တယ်လို့ ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ရောဂါဟာ လူအချင်းချင်း ကူးစက်နိုင်တယ်လို့လည်း တရုတ်က မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    မကြာသေးခင်က တရုတ်နိုင်ငံကနေ ပြန်လာတဲ့ နိုင်ငံသားတစ်ဦးမှာ ဒီရောဂါတွေ့ခဲ့ရတယ်လို့ အမေရိကန်က မနေ့မှာ အတည်ပြုခဲ့ပြီး ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့နောက်ပိုင်း ရောဂါရောက်ရှိတဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါတယ်။

    တရုတ်ရဲ့ ပိုင်နက်တစ်ခုဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ မကာအိုကလည်း ရောဂါကူးစက်သူတစ်ဦး တွေ့ရှိရတယ်လို့ မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကာစီနိုလောင်းကစား၀ိုင်းတွေကို တရားဝင်ဖွင့်လှစ်ထားတဲ့ မကာအိုဟာ တရုတ်ခရီးသွားတွေ အသွားများတဲ့ နေရာလည်း ဖြစ်ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဒီကနေ့နှောင်းပိုင်းမှာ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ ရှိနေပါတယ်။

    တရုတ်က အမည်မသိအဆုတ်ရောင်ရောဂါကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အရင်က ပြန့်နှံ့ခဲ့တဲ့ SARS ရောဂါအမျိုးအစားအဖြစ် သတ်မှတ်ထားပြီး ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

    Ref: Aljazeera

  • တရုတ်တွင်ပြန့်နှံ့နေသည့် အမည်မသိ အဆုတ်ရောင်ရောဂါ လူလူချင်းကူးစက်ပြီ

    တရုတ်တွင်ပြန့်နှံ့နေသည့် အမည်မသိ အဆုတ်ရောင်ရောဂါ လူလူချင်းကူးစက်ပြီ

    ဇန်နဝါရီ ၂၁၊ ၂၀၂၀
    M-Media

    -အမည်မသိအဆုတ်ရောင်ရောဂါ လူလူချင်း ပထမဆုံး ကူးစက်မှုကို တွေ့ခဲ့ရတယ်လို့ တရုတ်နိုင်ငံက မနေ့မှာ အတည်ပြုပြောကြားလိုက်ပြီး တရုတ်နှစ်ကူးခရီးသွားရာသီမှာ ကမ္ဘာတစ်ဝှမ်း မြန်မြန်ဆန်ဆန် ပြန့်နှံ့လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုလည်း မြင့်တက်လာပါတယ်။

    နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ ပင်လယ်စာစျေးကွက်ကနေ ၂၀၁၉ ခုနှစ်နှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ဒီရောဂါဟာ အခုအချိန်မှာတော့ တရုတ်နိုင်ငံက မြို့ကြီးတစ်ချို့နဲ့ အာရှနိုင်ငံ ၃ ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း တရုတ်နိုင်ငံတစ်ဝှမ်း ဒီရောဂါ ပြန့်နှံ့မှုပေါင်း ၁၄၀ ကျော်‌ ဖြစ်ပွားခဲ့ပြီး လူ ၂၁၆ ဦး ကူးစက်ခံနေရပါတယ်။ သေဆုံးသူကတော့ ဇန်နဝါရီ ၂၀ ရက်နေ့အထိ ၄ ဦး ရှိလာပြီ ဖြစ်ပါတယ်။

    တရုတ် အမျိုးသား ကျန်းမာရေးကော်မရှင် အကြီးအကဲ ကျုံးနန်ရှာက နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်းပြည်နယ်မှာ လူ ၂ ဦးဟာ ဝူဟန်ကို သွားရောက်လည်ပတ်တဲ့ မိသားစုဝင်တွေထံကနေတစ်ဆင့် ကူးစက်ခဲ့ပြီး၊ ကျန်းမာရေးဝန်ထမ်း ၁၄ ဦး လူနာတွေထံကနေ ကူးစက်ခဲ့တယ်လို့ မနေ့က နိုင်ငံပိုင် CCTV သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    လူလူချင်းကူးစက်မှုဟာ ရောဂါကို အလျင်အမြန် ပြန့်နှံ့စေနိုင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီရောဂါကို ‘နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြေအနေ’ အဖြစ် ကြေငြာရမလားဆိုတာ ဗုဒ္ဓဟူးနေ့မှာ အရေးပေါ်အစည်းအဝေး ‌ခေါ်ယူဆွေးနွေးမှာဖြစ်ပါတယ်။

    လာမယ့်တစ်ပတ် တရုတ်နှစ်ကူး အားလပ်ရက်မှာ သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေ ခရီးသွားမှာကြောင့် ရောဂါပြန့်နှံမှု မြင့်တက်လာနိုင်ပြီး ဒါကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုး ရှိတယ်လို့လည်း ကျုံးနန်ရှာက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဝူဟန်ကပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒီရောဂါလက္ခဏာတွေ့ရတယ်လို့ တောင်ကိုရီးယားနိုင်ငံက မနေ့မှာ ထုတ်ပြန်ခဲ့ပြီး ထိုင်းနဲ့ ဂျပန်တို့ပြီးတဲ့နောက် ရောဂါရောက်ရှိလာတဲ့ တတိယမြောက် အာရှနိုင်ငံ ဖြစ်လာပါတယ်။

    Ref: AFP