News @ M-Media

Tag: China

  • တရုတ်အပေါ်မှီခိုရမှုကို သဲသဲကွဲကွဲ စဉ်းစားရမယ့်အချိန် ရောက်နေပြီလား

    တရုတ်အပေါ်မှီခိုရမှုကို သဲသဲကွဲကွဲ စဉ်းစားရမယ့်အချိန် ရောက်နေပြီလား

    ဇန်နဝါရီ ၁၄၊ ၂၀၂၀
    M-Media

    တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း

    -အခုတစ်ပတ် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်မယ့် အစီအစဉ်ဟာ နှစ်ပေါင်း ၂၀ နီးပါးအတွင်း တရုတ်ခေါင်းဆောင်တစ်ဦး ပထမဆုံး လာရောက်မှု ဖြစ်ပါတယ်။ ဒီနောက်ပိုင်း ဖြစ်ပေါ်လာမယ့် နှစ်နိုင်ငံဆက်ဆံရေးဟာ ‌မြန်မာနိုင်ငံရဲ့ အနာဂတ်၊ ဒေသတွင်း တရုတ်နိုင်ငံရဲ့ အနေအထားတွေနဲ့ပတ်သက်ပြီး မျိုးဆက်ပေါင်းများစွာအတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။ ‌

    ဒေါ်လာ ဘီလီယံများစွာတန် အခြေခံအဆောက်အဦး စီမံကိန်းကြီးဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာဖို့ တရုတ်က မျှော်လင့်နေပါတယ်။ စီမံကိန်းရဲ့ အဓိကျောရိုးက ဘင်္ဂလားပင်လယ်အော်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသစ်၊ ရန်ကုန်တို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဆက်သွယ်ထားမယ့် ရထားလမ်းဖြစ်ပါတယ်။ စီးပွားရေးစင်္ကြန်လမ်းဟာ တရုတ်ရဲ့ Belt and Road စီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဧရာ၀တီမြစ်ပေါ်က လျှပ်စစ်ဓာတ်အား မီဂါဝပ် ၆၀၀၀ ထုတ်လုပ်နိုင်မယ့် ဆည်တစ်ခု၊ တရုတ်ကုန်ထုတ်လုပ်ငန်းတွေရှိမယ့် ရန်ကုန်နားက မြို့သစ်တစ်ခု စတာတွေလည်း ပါဝင်မှာပါ။ ဒါဇင်နဲ့ချီတဲ့ စီမံကိန်းတွေဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက စျေးကွက်တွေနဲ့ ပေါင်းစည်းစေမှာ ဖြစ်ပါတယ်။ တရုတ်အတွက် ပိုပြီး အရေးပါတာက ဝေးလံခေါင်ဖျားတဲ့ ဒေသတစ်ခုနဲ့ အိန္ဒိယသမုဒ္ဒရာအကြား အသက်သွေးကြောတစ်ခု ဖန်တီးလိုက်နိုင်တာ ဖြစ်ပါတယ်။

    ဒီကိစ္စမှာ သတိထားစရာ နောက်တစ်ချက် ရှိပါသေးတယ်။ စီးပွားရေးစင်္ကြန်လမ်းဟာ ကမ္ဘာပေါ်မှာ နိုင်ငံအရေးအရ အရှုပ်ထွေးဆုံး၊ အကြမ်းတမ်းဆုံးဒေသတွေထဲကတစ်ခုကို ကန့်လန့်ဖြတ် သွားတာပါ။ တရုတ်နဲ့ မြန်မာတို့ဟာ နယ်စပ်နဲ့ ကုန်းမြင့်ဒေသမှာ မိုင်ပေါင်း ၁၃၀၀ လောက် ထိစပ်နေတာဖြစ်ပါတယ်။ နယ်စပ်ကနေ ဧရာ၀တီ မြစ်ဝှမ်းဒေသအထိ ကျယ်ပြန့်နေတဲ့ ဒီထိပ်စပ်မှုဟာ ဗြိတိန်နိုင်ငံလောက် ရှိပြီး ဒါဇင်နဲ့ချီတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ရာနဲ့ချီတဲ့ ပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားရာဒေသလည်း‌ ဖြစ်ပါတယ်။

    ၂၀၁၀ ပြည့်နှစ်လွန်နှစ်တွေက တရုတ်အတွက် အခြေအနေမကောင်းခဲ့ပါဘူး။ ဘေဂျင်းက ကာလရှည် အကြံပေးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးမျိုး မြန်မာဗိုလ်ချုပ်ကြီးတွေက လုပ်ဆောင်ခဲ့ပေမယ့် တရုတ်ကမျှော်လင်ထားတာထက်ပိုပြီး အနောက်နိုင်ငံတွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ နယ်စပ်တစ်လျှောက် တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပြီး ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ (တရုတ်လူမျိုးအများစု) ဟာ ယူနန်ပြည်နယ်ထဲကို ထွက်ပြေးခဲ့ရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှိခဲ့ပေမယ့် အနောက်တိုင်းအစိုးရတွေနဲ့ ဂျပန်တို့က ကမကထပြုတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ အမေရိကန်ကိုသွားတာ၊ လူ့အခွင့်အရေးကိစ္စ ဆွေးနွေးဖို့ ကန်ထိပ်တန်းသံအမတ်တွေ နယ်စပ်ဒေသကို ရောက်ရှိလာတာတွေကို တရုတ်က စိုးရိမ်လာပါတယ်။ ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေဟာ မြန်မာအစိုးရနဲ့ အပစ်ရပ်ရေးဆွေးနွေးခဲ့ကြပေမယ့် သူ့နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်မှတ်မထိုးဖို့ တရုတ်က တိုက်တွန်းခဲ့ပါတယ်။ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ ဘယ်သူမှ လက်မှတ်မထိုးခဲ့ကြပါဘူး။

    တရုတ်နိုင်ငံအတွက် အဓိကစိုးရိမ်မှုက နယ်စပ်တစ်လျှောက် တိုက်ခိုက်မှုတွေကို တားဆီးဖို့နဲ့ မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတဲ့ ခေါင်းစဉ်ကိုသုံးပြီး အနောက်ကမ္ဘာနဲ့ ဂျပန်တို့ ဘယ်သောအခါမှ ဩဇာမလွှမ်းမိုးနိုင်စေရေး ဖြစ်ပါတယ်။ မြန်မာနဲ့ အနောက်နိုင်ငံတို့ရဲ့ အလျင်အမြန်တိုးတက်လာတဲ့ ဆက်ဆံရေးကို ရိုဟင်ဂျာ ပြဿနာက နောက်ပြန်ရောက်စေခဲ့ပါတယ်။ ဒါပေမယ့် တရုတ်က မြန်မာနိုင်ငံကို မယုံကြည်ဘဲ နောက်ထပ် အခွင့်အသာရင် သူတို့ရဲ့ မဟာဗျူဟာ ပြိုင်ဘက်တွေဘက် ထပ်ယိမ်းသွားမှာကို စိုးရိမ်နေပါတယ်။ တရုတ်အတွက် အရေးကြီးတာက အခြေခံအဆောက်အဦးတွေမဟုတ်ဘဲ တရုတ်သာလျှင် မြန်မာရဲ့ အနီးစပ်ဆုံး မိတ်ဆွေဖြစ်တယ်ဆိုတဲ့ အနေအထားသစ် ပေါ်လာရေး ဖြစ်ပါတယ်။

    မြန်မာနိုင်ငံသားတွေအတွက်တော့ အမြင်က တစ်မျိုးပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအကြီးဆုံးက တပ်ဖွဲ့ဝင်အင်အား ၃ သောင်းနီးပါး၊ စစ်လက်နက်၊ လက်နက်ကြီးအပြည့်အစုံနဲ့ အင်အားတောင့်တင်းတဲ့ ‘၀’ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဖြစ်ပြီး ၁၉၈၉ ခုနှစ် စတင်တည်ထောင်ကတည်းက တရုတ်နဲ့ အဆက်အဆံရှိခဲ့တာပါ။ ၀တပ်ဖွဲ့က ကူညီပေးထားပြီး အင်အားထောင်ချီရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ခုကလည်း အခုနှစ်အတွင်း အစိုးရတပ်တွေနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်လာပါတယ်။ ထောင်သောင်းချီတဲ့အရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လက်ရှိအချိန်မှာတော့ အနာဂတ်အပစ်ရပ်ရေးအတွက် တရုတ်က အခရာကျလာပါပြီ။

    နောက်ထပ် ပိုပြီး အခရာကျတဲ့ အကြောင်းအရင်းတစ်ခုက တရုတ်နိုင်ငံရဲ့ စီးပွားရေးပါ။ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား ထောင်နဲ့ချီတဲ့ သဘောတူညီချက်တွေ ရရှိနေပြီး၊ သိန်းနဲ့ချီတဲ့ တရုတ်လူမျိုးတွေကလည်း မြန်မာနိုင်ငံထဲ ဝင်ရောက်ကာ စီးပွားရေးလုပ်ငန်းတွေကို ရှာဖွေလုပ်ကိုင်လာကြပါတယ်။ အခုနှစ်အတွင်း တရုတ်ခရီးသွား ၁ သန်းကျော်လောက် လာရောက်လည်ပတ်ဖို့ ရှိနေပါတယ်။ အခြားနိုင်ငံနဲ့ ကုန်သွယ်ရေးက တရုတ်နဲ့ယှဉ်ရင် အသေးအမွှားပါ။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မတိုးသာ မဆုတ်သာအခြေအနေမှာ ရှိခဲ့ပြီး၊ ဒီကိစ္စမှာ အကြွေးနွံနစ်တာနဲ့ အိမ်ခြံမြေစျေးကွက်ပျက်တာတွေကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့အတွက် အစိုးရဟာ ဂျပန်နဲ့ အခြားနိုင်ငံတွေဖက် လှည့်ခဲ့ပေမယ့် တရုတ်ရဲ့အင်အားကိုတော့ မယှဉ်နိုင်ပါဘူး။ တရုတ်ပိုက်ဆံကို ပစ်ပယ်လို့မရဆိုတဲ့‌ ပြောစမတ်မျိုးတောင် ဖြစ်လာပါတယ်။

    တရားမဝင်လုပ်ငန်းတွေကလည်း စိုးရိမ်စရာတစ်ခုပါ။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စိတ်ကြွဆေးပြား အကြီးမားဆုံးတင်ပို့တဲ့ နိုင်ငံ‌ဖြစ်ပါတယ်။ ဒီဆေးတွေကို တရုတ်ရဲ့ ရထားလမ်းစီမံကိန်းကနေ တစ်ခေါ်ကြားလောက်က ပြည်သူ့စစ်တွေထိန်းချုပ်ရာဒေသမှာ ထုတ်လုပ်နေတာပါ။ တရုတ်နယ်စပ်မှာရှိတဲ့ ရာနဲ့ချီတဲ့ ကာဆီနို၀ိုင်းတွေက မူးယစ်လုပ်ငန်းကနေရတဲ့ ငွေတွေကို ခဝါချပေးနေပါတယ်။ ကုလကတော့ မူးယစ်လုပ်ငန်းရဲ့ဝင်ငွေဟာ ကန်ဒေါ်လာ ဘီလီယံ ၆၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မူးယစ်ဆေးဝါးချက်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေကလည်း တရုတ်နိုင်ငံကနေ ဝင်နေတာပါ။ ဒါတွေကိုကြည့်ရင် မူးယစ်လုပ်ငန်းကို နှိမ်နှင်းဖို့အတွက် တရုတ်က အရေးပါနေပြန်ပါတယ်။

    မြန်မာနိုင်ငံဟာ တရုတ်အတွက် စမ်းသပ်မှုတစ်ခုပါ။ နိုင်ကွက်အားလုံးနီးပါးကိုလည်း တရုတ်က ကိုင်ထားပါတယ်။ တာဝန်သိတဲ့ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် မရပ်တည်ရင်တောင်မှ နိုင်ကွက်တွေကို ကိုယ့်အကျိုးအတွက် အသုံးချရင်း မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေးကို တရုတ်က လမ်းပြနိုင်ပါ့မလား?

    မြန်မာနိုင်ငံအတွက်တော့ စိန်ခေါ်မှုက မလွှဲမရှောင်သာအနေအထား ဖြစ်ပါတယ်။ သွေးမတိတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ၊ ပေါက်ကွဲလုနီးပါးဖြစ်လာတဲ့ လူတန်းစားမညီမျှမှုကနေ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာမယ့် ဆိုးဆိုးဝါးဝါး ခြိမ်ခြောက်မှုတွေအထိ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ တစ်ပုံတစ်ပင်ကို မြန်မာနိုင်ငံက ရင်ဆိုင်နေရပါတယ်။ ဒီမိုကရေစီကို အားပေးဖို့၊ ခွဲခြားဆက်ဆံမှုအဆုံးသတ်ဖို့၊ စီးပွားရေးပြုပြင်ပြောင်းလဲဖို့၊ သဘာ၀ပတ်ဝန်းကျင်အန္တရာယ်တွေအတွက် ပြင်ဆင်ဖို့ အခြေခံကျတဲ့ ဗျူဟာမျိုး မြန်မာနိုင်ငံက လိုအပ်နေပါတယ်။ တရုတ်နဲ့ စီးပွားရေးဆက်ဆံမှုဟာ အားလုံးကို ခြုံငုံမိတဲ့ အဲဒီဗျူဟာအောက်ကပဲ ဖြစ်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ အခြားနည်းလမ်းဆိုရင်တော့ နှစ်ဖက်စလုံးက အမျိုးသားရေးသံသယတွေကို မီးလောင်ရာလေပင့်မယ့် အန္တရာယ်မျိုး ရှိနေပါတယ်။

    Ref: Financial Times

    (Financial Times သတင်းဌာနတွင် ဒေါက်တာသန်းမြင့်ဦးရေးသားထားသည့် Myanmar must weigh up the extent of its dependence on China ဆောင်းပါးကို‌ လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • တရုတ်နိုင်ငံတွင် ဖြစ်နေသည့် ကူးစက်ရောဂါသစ်၏ ရင်းမြစ်ကို ပညာရှင်များတွေ့ရှိ

    တရုတ်နိုင်ငံတွင် ဖြစ်နေသည့် ကူးစက်ရောဂါသစ်၏ ရင်းမြစ်ကို ပညာရှင်များတွေ့ရှိ

    ဇန်နဝါရီ ၉၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်ဖြစ်ပွားနေတဲ့ နမိုးနီးယားလိုရောဂါဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    ဒီဇင်ဘာလကတည်းက ဖြစ်သွားနေတဲ့ အဲဒီရောဂါဟာ လက်ရှိ ကူးစက်နေသူ ၅၉ ဦးရှိပြီး ၇ ဦးက စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်။

    တရုတ်သိပ္ပံပညာရှင်အဖွဲ့တစ်ခုဟာ ကူးစက်နေသူ ၁၅ ဦးထံကနေ သွေး၊ သလိပ်နမူနာတွေ ယူကာ လေ့လာဆန်းစစ်ခဲ့တာဖြစ်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်ရပ်စ်ပိုးသစ်တမျိုးကြောင့် ဖြစ်တယ်ဆိုတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

    အသက်ရှုလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တဲ့ဗိုင်ရပ်စ်ပိုးတွေဟာ နှာစေးတာကနေ အသက် ဆုံးရှုံးတဲ့အထိပြင်းထန်တဲ့ ရောဂါမျိုးတွေ ဖြစ်တတ်ပါတယ်။ ၂၀၀၂-၂၀၀၃ ခု ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့ပြီး လူ ၇၀၀ ကျော်လောက် သေဆုံးခဲ့တဲ့ SARS ရောဂါဟာ ဒီလိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတာဖြစ်ပြီး တရုတ်နိုင်ငံကနေ စတင်ခဲ့တာပါ။

    WHO က တာဝန်ရှိသူ ဂူဒန် ဂါလီယာက ဖြစ်ပွားမှုအကြောင်းအရင်း၊ ကူးစက်မှုပမာဏနဲ့ ကုသရေး နည်းလမ်းတွေကို ဖော်ထုတ်နိုင်ဖို့အတွက် စူးစမ်းလေ့လာမှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုနှစ်ကုန်ပိုင်းမှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်နိုင်ငံက လူသန်းချီ ခရီးသွားမှာကြောင့် ဝူဟန်မှာဖြစ်ပွားနေတဲ့ ကူးစက်ရောဂါဟာ အခြားဒေသတွေနဲ့ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့သွားမယ့်အပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    လက်ရှိအချိန်အထိ ကူးစက်မှုနည်းလမ်းကို မသိရသေးဘဲ တရုတ် ကျန်းမာရေးအာဏာပိုင်တွေကတော့ လူလူချင်းကူးစက်တာမျိုး မတွေ့ရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ စင်ကာပူနဲ့ ဟောင်ကောင်တို့ကတော့ ဝူဟန်ဒေသက ရောက်လာမယ့် ခရီးသွားတွေကို စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

    Ref: BBC

  • ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ကျည်ဆန်ရထား တရုတ်ပြည်တွင် စတင်ပြေးဆွဲ

    ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ကျည်ဆန်ရထား တရုတ်ပြည်တွင် စတင်ပြေးဆွဲ

    ဇန်နဝါရီ ၉၊ ၂၀၂၀
    M-Media

    -ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ ကျည်ဆန်ရထားကို တရုတ်နိုင်ငံမှာ အခုနှစ်ဆန်းပိုင်းက စတင်ပြီး ပြေးဆွဲနေပြီ ဖြစ်ပါတယ်။

    မြို့တော် ဘေဂျင်းကနေ ၂၀၂၂ ဆောင်းရာသီအိုလံပစ်ကျင်းပမယ့် နိုင်ငံမြောက်ပိုင်းက ကျန်းကျားခိုမြို့အထိရောက်မယ့် အဲဒီရထားလိုင်းဟာ မိုင်ပေါင်း ၁၀၈ မိုင် ရှည်လျားပါတယ်။

    ဒီမောင်းသူနဲ့ ကျည်ဆန်ရထားဟာ အမြင့်ဆုံး တစ်နာရီ ကီလိုမီတာ ၃၅၀ (၂၁၇ မိုင်) ပြေးဆွဲနိုင်ပြီး အရင်က ၃ နာရီလောက်သွားရတဲ့ ဘေဂျင်း-ကျန်းကျားခိုခရီးစဉ်ဟာ အခုဆိုရင် ၄၇ မိနစ်သာ ကြာမြင့်တော့မှာ ဖြစ်ပါတယ်။

    ရထားလမ်းကို ၄ နှစ်တာ အချိန်ယူတည်ဆောက်ခဲ့ရတာဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲ ကျင်းပမယ့် ဘေဂျင်း၊ ယန်ကျင်းနဲ့ ကျန်းကျားခိုမြို့တွေကို ဆက်သွယ်ထားကာ ကြားဘူတာ ၁၀ ခု ပါဝင်မှာ ဖြစ်ပါတယ်။

    ရထားမှာ 5G တယ်လီဖုန်းကွန်ယက်၊ စမတ်မီးလင်းစနစ်တွေ ပါဝင်သလို၊ မောင်းနှင်မှုအတွင်း အချက်အလက်တွေ ကောက်ယူဖို့နဲ့ ချို့ယွင်းချက်တွေကို စောင့်ကြည့်နိုင်ဖို့အတွက် ဆင်ဆာပေါင်း ၂၇၁၈ ခု တပ်ဆင်ထားပါတယ်။ ထိုင်ခုံတစ်ခုချင်းစီမှာလည်း touch-screen အသုံးပြုစနစ်၊ ဖုန်းအားသွင်းရာနေရာတွေ ပါဝင်မှာပါ။

    ရထားဟာ မောင်းနှင်တာ၊ ရပ်တန့်တာ၊ အရှိန်တင်၊ အရှိန်လျော့တာတွေကို အလိုအလျောက် လုပ်ဆောင်မှာဖြစ်ပေမယ့် ရထားကိုစောင့်ကြည့်မယ့် စက်မောင်းတစ်ဦး အချိန်ပြည့် လိုက်ပါမှာ ဖြစ်ပါတယ်။

    ဘူတာရုံတွေမှာလည်း ခရီးသည်တွေကိုလမ်းညွှန်ဖို့၊ ခရီးဆောင်အိတ်တွေကို စီမံခန့်ခွဲဖို့၊ စာရွက်မလိုတဲ့ လက်မှတ်ဖြတ်မှုတွေအတွက် စက်ရုပ်တွေ၊ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားပါတယ်။

    ရထားတွဲတွေကို အိုလံပစ်ပြိုင်ပွဲ လာရောက်မယ့် အားကစားသမားတွေ၊ သတင်းလာယူမယ့် ဂျာနယ်လစ်တွေနဲ့ ကိုက်ညီမယ့် ဒီဇိုင်းမျို းဖန်တီးထားတာပါ။ တစ်ချို့တွဲဆိုင်းတွေမှာ ဆောင်းရာသီအားကစားပစ္စည်းတွေ သိမ်းဆည်းနိုင်မယ့် နေရာတွေ ထည့်သွင်းထားပါတယ်။ ရထားတွဲကို မသန်စွမ်းသူတွေလည်း လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    တရုတ်ဟာ ကမ္ဘာ့ကျည်ဆန်ရထားကွန်ယက် အများဆုံးရှိရာ နိုင်ငံဖြစ်ပြီး အမြန်နှုန်းအမြင့်ဆုံး ရထားလိုင်းက တစ်နာရီကို ၄၃၁ ကီလိုမီတာအထိ ခုတ်မောင်းနိုင်ပါတယ်။

    Ref: CNN

  • အင်ဒို-တရုတ် ရေပိုင်နက်အငြင်းပွားမှု ထိပ်တိုက်တွေ့သည့်အဆင့် ရောက်လာ

    အင်ဒို-တရုတ် ရေပိုင်နက်အငြင်းပွားမှု ထိပ်တိုက်တွေ့သည့်အဆင့် ရောက်လာ

    ဇန်နဝါရီ ၇၊ ၂၀၂၀
    M-Media

    အင်ဒိုနီးရှား ရေတပ် တပ်ဖွဲ့ဝင်များ

    -တောင်တရုတ်ပင်လယ်အတွင်းက နာတူနာကျွန်းအနီး တရုတ်နဲ့ အင်ဒိုနီးရှားတို့ရဲ့ ရေပိုင်နက် အငြင်းပွားမှုဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ထိပ်တိုက်တွေ့တဲ့အဆင့်ကို ရောက်လာပါတယ်။

    အင်ဒိုနီးရှားဟာ မနေ့က အငြင်းပွားရေပိုင်နက်အနီး စစ်သင်္ဘော ၄ စင်း စေလွှတ်ခဲ့ပြီး စုစုပေါင်း ၈ စင်းအထိ ရှိလာမှာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှား အထူးစီးပွားရေးဇုန်မှာ ပါဝင်နေတဲ့ ရေပိုင်နက်အတွင်းကို ပြီးခဲ့တဲ့လက တရုတ်ငါးဖမ်းသင်္ဘော ဒါဇင်နဲ့ချီ ဝင်ရောက်လာခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားနဲ့ တရုတ်တို့အကြား ရေပိုင်နက်အငြင်းပွားမှုအခြေအနေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    တရုတ်ကတော့ နာတူနာကျွန်းအနီး ရေပိုင်နက်ဟာ တရုတ်ငါးဖမ်းသမားတွေ မျိုးရိုးစဉ်ဆက် ငါးဖမ်းရာနေရာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    အင်ဒိုနီးရှား အမှတ် (၁) ရေတပ် တပ်မှူး ဖာဂျာရ် ထရီ ရိုဟာဒီက စစ်သင်္ဘောတွေနဲ့အတူ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ချထားကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းလုံခြုံရေးဘုတ်အဖွဲ့ကလည်း ကင်းလှည်စောင့်ကြပ်မှုတွေ ပြုလုပ်နေကြောင်း မနေ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    “ငါးဖမ်းသင်္ဘောတွေ ထွက်သွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ သူတို့တွေဟာ တရားမဝင် ငါးဖမ်းနေကြတာဖြစ်ပါတယ်။ သူတို့ မထွက်သွားဘူးဆိုရင် အင်ဒိုနီးရှားရဲ့ အချုပ်အခြာ၊ အင်ဒိုနီးရှားရဲ့ဥပဒေ ဘာလဲဆိုတာ ဖမ်းပြီး ပြသရလိမ့်မယ်”

    တစ်နေရာကို အနည်းဆုံး ၂ စီးနှုန်းနဲ့ နာတူနာကျွန်းတစ်၀ိုက်က နေရာ ၃၀ လောက်မှာ တရုတ် ငါးဖမ်းသင်္ဘောတွေ တည်ရှိပြီး၊ တရုတ်ကမ်းခြေစောင့်သင်္ဘော ၃ စီးလည်း ရှိနေတယ်လို့ ရိုဟာဒီက ဆိုပါတယ်။

    အင်ဒိုနီးရှားရဲ့ ဥပဒေဟာ နိုင်ငံတကာစံချိန်မီဖြစ်တာ‌ကြောင့် နိုင်ငံတကာ ဥပဒေကို လိုက်နာလိုသူတွေအနေနဲ့ အင်ဒိုနီရှားရေပိုင်နက် ဘယ်ဟာလဲဆိုတာကို သိရှိမှာဖြစ်ကြောင်းလည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တရုတ်ငါးဖမ်းသင်္ဘောတွေကို တန်ပြန်ဖို့အတွက် ပြည်တွင်းက ငါးဖမ်းသင်္ဘောတွေကို နာတူနာကျွန်းတစ်၀ိုက် စေလွှတ်ဖို့လည်း အင်ဒိုနီးရှားအစိုးရက စီစဉ်ထားပါတယ်။

    ဗီယက်နမ်နဲ့ ဖိလစ်ပိုင်အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတော်တော်များများဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ရေပိုင်နက်အငြင်းပွားမှုတွေ ရှိနေတာပါ။

    အင်ဒိုနီးရှားဟာ အရင်က ပိုင်နက်အငြင်းပွားတာမျိုး မရှိပေမယ့် နာတူနာကျွန်းတစ်၀ိုက်မှာ ငါးဖမ်းခွင့်နဲ့ပတ်သက်ပြီး တရုတ်နဲ့ အခြေအတင် ဖြစ်နေတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဒီပြဿနာ ပေါ်ပေါက်လာပြီးနောက်ပိုင်း အင်ဒိုနီးရှားဟာ တရုတ်ငါးဖမ်းသင်္ဘောတွေကို ဖမ်းဆီးခဲ့ပြီး ကျွန်းအနီးမှာ စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခဲ့ပါတယ်။

    အခု ကျူးကျော်မှုအတွက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ကာ ရှုတ်ချခဲ့ပါတယ်။

    Ref: CNA

  • တရုတ်တွင် ကူးစက်ရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေ

    တရုတ်တွင် ကူးစက်ရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေ

    ဇန်နဝါရီ ၄၊ ၂၀၁၉
    M-Media

    -တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ အဆုပ်ရောင်ရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေပြီး ဘာရောဂါဖြစ်တယ်၊ ဘာ့ကြောင့် ကူးစက်နေတယ်ဆိုတာကို စုံစမ်းနေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

    ရောဂါဖြစ်ပွားမှုအရေအတွက်ဟာ ရက်ပိုင်းအတွင်း ၄၄ ခုအထိ ရှိလာခဲ့ပြီး SARS ရောဂါဖြစ်တယ်လို့ ကောလဟာလတွေလည်း ထွက်ပေါ်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတရုတ်အစိုးရနဲ့ ဆက်သွယ်ကာ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

    WHO ပြောရေးဆိုခွင့်ရှိသူ တာရစ်ဂျာဆာရီဗစ်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ရောဂါဖြစ်ပွားရတဲ့ အကြောင်းအရင်းကို အတည်မပြုနိုင်သေးကြောင်း၊ SARS ရောဂါလို လက္ခဏာမျိုးတွေကိုလည်း တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    ဝူဟန်မြို့အာဏာပိုင်တွေ ကူးစက်နေတဲ့ရောဂါဟာ တုပ်ကွေးလို သာမန် ကူးစက်ရောဂါလိုမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။ ကူးစက်သူ ၄၄ ဦးမှာ ၁၁ ဦးက စိုးရိမ်ရတဲ့ အနေအထား ရှိနေပြီး သူတို့နဲ့ ဆက်နွယ်ပတ်သက်တဲ့ ၁၂၁ ဦးကိုလည်း တရုတ်အာဏာပိုင်တွေက စောင့်ကြည့်နေပါတယ်။

    ကူးစက်သူတစ်ချို့ဟာ ပင်လယ်စာစျေးက စျေးသည်တွေဖြစ်‌ပြီး အဲဒီစျေးကိုလည်း အာဏာပိုင်တွေက ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ လူလူချင်းကူးစက်မှုမျိုး မတွေ့ရသေးဘူးလို့လည်း ကျန်းမာရေး တာဝန်ရှိသူတွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဝူဟန်ကနေ တိုက်ရိုက်လာရောက်တဲ့‌ ခရီးသည်တွေကို လေဆိပ်မှာ စစ်ဆေးသွားမယ်လို့ စင်ကာပူက ထုတ်ပြန်ထားပြီး ဟောင်ကောင်မှာတော့ ဝူဟန်ကနေ မကြာသေးခင်က ပြန်လာတဲ့ လူ ၂ ဦးကို ဆေးရုံတင်ကာ သီးသန့်စောင့်ကြည့်မှုတွေ လုပ်နေပါတယ်။

    ၂၀၀၃ ခုနှစ် SARS ရောဂါ ကူးစက်စဉ်က တရုတ်ဟာ အစပိုင်းမှာ ဖုံးထားခဲ့ပြီး သေဆုံးမှု၊ ကူးစက်မှု အလွန်အမင်းများလာတဲ့အချိန် နောက်ပိုင်းကျမှ လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera