News @ M-Media

Tag: China

  • လူသတ်ဒရုန်းများကို တရုတ်က အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့နေ

    လူသတ်ဒရုန်းများကို တရုတ်က အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့နေ

    နိုဝင်ဘာ ၈၊ ၂၀၁၉
    M-Media

    -တရုတ်ဟာ မောင်းသူမဲ့ လူသတ်ဒရုန်းတွေကို ပဋိပက္ခတွေဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ တင်ပို့နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက အခုတစ်ပတ်အစောပိုင်းမှာ ပြောကြားလိုက်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်ဖက်က ပထမဆုံး ထုတ်ဖော်ပြောဆိုမှုလည်း ဖြစ်ပါတယ်။

    အင်အားကြီးနိုင်ငံတွေအကြား ဉာဏ်ရည်တုနည်းပညာ AI အသုံးပြုတဲ့ လက်နက်တွေ အပြိုင်အဆိုင် ထုတ်လုပ်မှုအတွက် ကမ္ဘာကြီးမှာ စိုးရိမ်မှုတွေ မြင့်တက်လာနေတာပါ။

    Ziyan လို တရုတ်ကုမ္ပဏီတွေကလည်း မောင်းသူမဲ့ အဆင့်မြင့် ဒရုန်းလက်နက်တွေကို ပိုမိုတင်ပို့ဖို့ ကြိုးပမ်းလာကြပါတယ်။ Ziyan ကထုတ်လုပ်တဲ့ Blowfish A3 ဒရုန်းရဟတ်ယာဉ်ဆိုရင် စက်သေနတ် တပ်ဆင်ထားပြီး ပစ်မှတ်ကို အလိုအလျောက် ထောက်လှမ်း၊ ချိန်ဆ ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

    ကာကွယ်ရေးဝန်ကြီး အက်စ်ပါက တရုတ်စစ်တပ်ဟာ သူတို့ရဲ့ အဆင့်မြင့် ဒရုန်းအချို့ကို အရှေ့အလယ်ပိုင်းနိုင်ငံတွေထံ တင်ပို့နေပြီး ကိုယ်ပျောက် UAV တွေလို မျိုးဆက်သစ် ဒရုန်းတွေကိုလည်း တင်ပို့ဖို့ စီစဉ်နေတယ်လို့ ‌ဝါရှင်တန်ဒီစီမှာပြုလုပ်ခဲ့တဲ့ AI ဆိုင်ရာ နိုင်ငံတော်ကာကွယ်ရေး ကော်မရှင်ညီလာခံမျာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ AI စင်တာက မဟာဗျူဟာနဲ့ ဆက်ဆံရေးဆိုင်ရာ အကြီးအကဲ ဂရက်ဂျ် အေလန်က AI လက်နက်တွေအတွက် စိုးရိမ်‌မှုရှိနေပေမယ့် တရုတ်ခေါင်းဆောင်တွေက စစ်တပ်မှာ ဒီလိုလက်နက်မျိုး အသုံးပြုမှုကို ရှောင်ရှားလို့မရတဲ့အတွက် အကြီးအကျယ် ထုတ်လုပ်ဖို့ ရည်ရွယ်နေတယ်လို့ ဖေဖော်ဝါရီလက ထုတ်ပြန်တဲ့စာတမ်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    အက်စ်ပါကတော့ တရုတ်ရဲ့ စောင့်ကြည့်ရေး ဆော့ဖ်ဝဲတွေနဲ့ ဟာ့ဒ်ဝဲ ကွန်ယက်တွေကလည်း AI နည်းပညာ ပိုမိုတိုးတက်ဖို့အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမရိကန်ရဲ့ ကာကွယ်ရေးတီထွင်ဖန်တီးမှု ဘုတ်အဖွဲ့ဟာ အမေရိကန်စစ်တပ်အတွက် AI ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေကို ထုတ်ပြန်ခဲ့ပြီး အဓိကသတ်မှတ်ချက်က လူသားတွေရဲ့ ထိန်းချုပ်မှုနဲ့ မလွတ်ကင်းဖို့ ဖြစ်ပါတယ်။

    Ref: Asia Times

  • ဝီဂါတက်ကြွလှုပ်ရှားသူများ၏ မိသားစုဝင်များကို တရုတ်အစိုးရက ဖိနှိပ်ချုပ်ချယ်နေ

    ဝီဂါတက်ကြွလှုပ်ရှားသူများ၏ မိသားစုဝင်များကို တရုတ်အစိုးရက ဖိနှိပ်ချုပ်ချယ်နေ

    နိုဝင်ဘာ ၆၊ ၂၀၁၉
    M-Media

    -ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုတွေ၊ အကျဉ်းစခန်းက လွတ်မြောက်လာသူတွေရဲ့ မိသားစုတွေကို အရှက်တကွဲအကျိုးနည်းအောင်လုပ်တာ၊ ထောင်သွင်းအကျဉ်းချတာတွေ လုပ်ဆောင်နေတဲ့ သတင်းတွေအတွက် စိုးရိမ်မိတယ်လို့ အမေရိကန်က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်မှာ အကျဉ်းစခန်းတွေ ဆောက်လုပ်ပြီး ဝီဂါလူမျိုးနဲ့ အခြားလူမျိုးစုငယ် ၁ သန်းလောက်ကို ဖိနှိပ်ညှင်းပမ်းနေတယ်လို့ နိုင်ငံတကာ မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ဆန့်ကျင်ရှုတ်ချခဲ့ကြပါတယ်။

    တရုတ်ကတော့ ဒါတွေဟာ အကျဉ်းစခန်းတွေမဟုတ်ဘဲ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတွေ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဝီဂါတက်ကြွလှုပ်ရှားသူတွေနဲ့ အကျဉ်းစခန်းက လွတ်မြောက်လာသူတွေရဲ့ မိသားစုတွေက တရုတ်အာဏာပိုင်တွေဟာ သူတို့ကို အရှက်တကွဲအကျိုးနည်းဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက တစ်ချို့ကိစ္စတွေမှာ ညှင်းပမ်းမှုတွေဟာ အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

    စက်တင်ဘာလက ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားသူတွေထဲက တစ်ဦးဖြစ်တဲ့ ဝီဂါအရေးတကကြွလှုပ်ရှားသူ ဇွမ်ရတ် ဒါဝုဒ်အပါအဝင် အခြား ဝီဂါအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေအပေါ် တရုတ်အစိုးရက အရှက်တကွဲအကျိုးနည်းအောင် လုပ်မှုတွေကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    ဒါဝုဒ်ရဲ့ ဖခင်ဖြစ်သူဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်အစိုးရရဲ့ အကြိကြိမ် ခေါ်ယူစစ်ဆေးမှုကို ခံခဲ့ရပြီး မကြာသေးခင်ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။

    ရှင်ကျန်းပြည်နယ်က ဝီဂါလူမျိုးတွေပေါ် တရုတ်အစိုးရက ခွဲခြားဆက်ဆံမှုတွေ၊ ညှင်းပမ်းမှုတွေကြောင့် တရုတ်အစိုးရ၊ ထောက်လှမ်းရေးအဖွဲ့နဲ့ ကွန်မြူနစ်ပါတီတို့က‌ ထိပ်တန်းအကြီးအကဲတွေကို အမေရိကန်က ပြီးခဲ့တဲ့လမှာ ပိတ်ဆို့ကန့်သတ်မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။

    “တရုတ်နိုင်ငံပြင်ပမှာ နေထိုင်နေတဲ့ ဝီဂါတွေအပေါ် အရှက်တကွဲအကျိုးနည်းအောင် ပြုလုပ်မှုတွေအားလုံးကို ရပ်ဆိုင်းဖို့နဲ့ မိသားစုတွေကို ကန့်သတ်မှုမရှိဘဲ လွတ်လွတ်လပ်လပ် ဆက်သွယ်ပြောဆိုခွင့်ပေးဖို့ ကျွန်တော်တို့ ထပ်မံတောင်းဆိုပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • ကမ္ဘာ့တပ်မတော်များ အားကစားပြိုင်ပွဲတွင် တရုတ်အသင်းက မသမာမှု ပြုလုပ်

    ကမ္ဘာ့တပ်မတော်များ အားကစားပြိုင်ပွဲတွင် တရုတ်အသင်းက မသမာမှု ပြုလုပ်

    အောက်တိုဘာ ၂၈၊ ၂၀၁၉
    M-Media

    -လက်ရှိ တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ‘ကမ္ဘာ့တပ်မတော်များ အားကစားပြိုင်ပွဲ’ (Military World Games) မှာ ‌အိမ်ရှင်တရုတ်အသင်းက မသမာမှုတွေ လုပ်ဆောင်တဲ့အတွက် ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

    အဖွဲ့လိုက်ကစားရတဲ့ တာလတ် လမ်းကြောင်းရှာပြိုင်ပွဲ (orienteering competition) မှာ တရုတ်စစ်တပ်ကိုယ်စားပြု အမျိုးသမီးအသင်းဟာ ပထမ၊ ဒုတိယနဲ့ စတုတ္ထနေရာတွေ ရရှိခဲ့ပြီး၊ အမျိုးသားအသင်းက ဒုတိယနေရာ ရရှိခဲ့တာပါ။

    ဒါပေမယ့် ပြိုင်ပွဲကို လာရောက်ကြည့်ရှုသူ တရုတ်ပရိတ်သတ်တွေဟာ တရုတ်အသင်း အနိုင်ရအောင် နေရာတွေမှတ်ပေးတာ၊ ဖြတ်လမ်းရှာပေးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ရုရှားနဲ့ ပြင်သစ်တို့အပါအဝင် ဥရောပနိုင်ငံ ၆ နိုင်ငံက နိုင်ငံတကာ လမ်းကြောင်းရှာအားကစားအဖွဲ့ချုပ် (IOF) ကို တိုင်ကြားခဲ့ပါတယ်။

    IOF က ထုတ်ပြန်တဲ့ကြေငြာချက်မှာတော့ သူတို့အနေနဲ့ တရုတ်အသင်းကို ထိထိရောက်ရောက် အရေးယူခဲ့ပြီး အောက်တိုဘာ ၂၅ ရက်နေ့ကနေစတင်ကာ ကွမ်ကျိုးမြို့မှာကျင်းပမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ မျှမျှတတ ယှဉ်ပြိုင်နိုင်ရေး အာမခံချက် ပေးနိုင်မလားဆိုတာကို စုံစမ်းစစ်ဆေးသွားမယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် တာဝေးလမ်းကြောင်းရှာပြိုင်ပွဲမှာ တရုတ်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိုလည်း IOF က ပိတ်ပင်ခဲ့ပါတယ်။

    ၁၉၉၅ ခုနှစ်က ရောမမြို့မှာ ပထမဆုံးကျင်းပခဲ့တဲ့ Military World Games ကို အိုလံပစ်ပြိုင်ပွဲလိုပဲ ၄ နှစ်တစ်ကြိမ် ကျင်းပတာ ဖြစ်ပါတယ်။ အခုတစ်ကြိမ်ဟာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံကျင်းပတာပါ။

    ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၁၀၉ နိုင်ငံက အားကစားသမား ၉၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ရေးကူး၊ လေထီးခုန်၊ လမ်းကြောင်းရှာ၊ နပန်း စတဲ့ အားကစားနည်းတွေ ပါဝင်ပါတယ်။ လက်ရှိမှာတော့ ဆုတံဆိပ်ရရှိမှုဇယားမှာ တရုတ်က ဦးဆောင်နေပြီး ဒုတိယနေရာမှာ ရုရှားက ရှိနေပါတယ်။

    Ref: CNN

  • ဝီဂါလူမျိုးများ၏သမိုင်းကို တရုတ်က ဘယ်လို ဖျက်ဆီးဖျောက်ဖျက်နေလဲ

    ဝီဂါလူမျိုးများ၏သမိုင်းကို တရုတ်က ဘယ်လို ဖျက်ဆီးဖျောက်ဖျက်နေလဲ

    အောက်တိုဘာ ၁၅၊ ၂၀၁၉
    M-Media

    ရှင်ကျန်းတွင် တရုတ်အစိုးရက ဖျက်ဆီးထားသည့် နေရတစ်ခု

    -ဝီဂါလူမျိုးတွေရဲ့ မျိုးဆက်ပေါင်းများစွာကို မြှုပ်နှံထားတဲ့ သုဿန်တွေကို တရုတ်အစိုးရက ဖျက်ဆီးကာ အရိုးတွေကို ဒီအတိုင်းပုံထားတာမျိုးတွေ ဖြစ်လာနေပြီး တက်ကြွလှုပ်ရှားသူတွေကတော့ ဒါဟာ ရှင်ကျန်းပြည်နယ်က ဝီဂါတွေရဲ့ သမိုင်းနဲ့ အမှတ်သညာကို ဖျက်ဆီးဖျောက်ဖျက်ဖို့ ကြိုးစားမှုတစ်ခု ဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။

    ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ရှင်ကျန်းပြည်နယ်က သုဿန်ပေါင်း ဒါဇင်နဲ့ချီ ဖျက်ဆီးခံခဲ့ရတယ်လို့ ဂြိုဟ်တုဓာတ်ပုံ ဆန်းစစ်လေ့လာရေးအဖွဲ့ Earthrise Alliance ရဲ့ စုံစမ်းဖော်ထုတ်မှုမှာ တွေ့ခဲ့ရပါတယ်။

    ရှာယာခရိုင်မှာဆိုရင် သုဿန်တွေကို ပစ်စလတ်ခတ် ဖျက်ဆီးရှင်းလင်းခဲ့ကြပြီး နေရာ ၃ ခုမှာ လူအရိုးတွေပုံနေတာကို ဂျာနယ်လစ်တွေက တွေ့ခဲ့ရပါတယ်။ အခြားနေရာတွေမှာဆိုရင်လည်း အုတ်ဂူတွေကိုရှင်လင်းပြီးတဲ့နောက် အဲဒီနေရာမှာပဲ အုတ်ခဲကျိုးတွေကို ဒီအတိုင်း ပုံထားကြပါတယ်။

    ကွန်မြူနစ်အာဏာပိုင်တွေကတော့ ဒီလို ရှင်းလင်းရတာဟာ မြို့ပြချဲ့ထွင်ရေး၊ သုဿန်တွေ စနစ်တကျဖြစ်ရေးလို့ အကြောင်းပြပေမယ့် ဝီဂါတွေက ဒါဟာ သူတို့အပေါ် ဖိနှိပ်မှု၊ သူတို့ရဲ့ နေ့စဉ်ဘ၀ အစိတ်အပိုင်းတိုင်းကို ထိန်းချုပ်ဖို့ အစိုးရကကြိုးစားမှု ဖြစ်တယ်လို့ ရှုမြင်နေပါတယ်။

    “ဒါဟာ ကျွန်တော်တို့ရဲ့ ‌ဖြစ်တည်မှု အထောက်အထားတွေကို လုံး၀ ရှင်းလင်းဖယ်ရှားလိုတဲ့ တရုတ်အစိုးရရဲ့ စီမံကိန်းထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကို ဟန်တရုတ်ဇာတ် သွင်းချင်တာပါ” လို့ ဝီဂါလူမျိုးတစ်ဦးဖြစ်သူ ဆာလေဟ် ဟူဒါယာက ပြောကြားခဲ့ပါတယ်။

    ဆာလေဟ်ရဲ့ ဘိုးဘွားဘီဘင်တွေ မြှုပ်နှံထားရာ နေရာတွေလည်း လုံး၀ ဖျက်ဆီး ရှင်းလင်း
    ခံလိုက်ရပါတယ်။

    “သမိုင်းကြောင်းဖော်ပြနေတဲ့ သုဿန်တွေကို ဒီလိုနည်းလမ်းတွေနဲ့ ဖျက်ဆီးရှင်းလင်းနေကြတာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင်၊ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းနဲ့ဝေးအောင်
    လုပ်ဆောင်တာလည်း ဖြစ်ပါတယ်”

    ဘာသာရေးအစွန်းရောက်မှု၊ ခွဲထွက်ရေးကြိုးပမ်းမှု တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ရှင်ကျန်းပြည်နယ်မှာ ဝီဂါလူမျိုး တစ်သန်းလောက်ဟာ အကျဉ်းစခန်းတွေမှာ နေထိုင်နေရပါတယ်။

    ဒီအကျဉ်းစခန်းတွေကနေ လွတ်မြောက်လာသူတွေကလည်း အာဏာပိုင်တွေရဲ့ မျက်ခြေမပြတ် စောင့်ကြည့်မှု၊ တားဆီးကန့်သတ်မှုတွေ ရင်ဆိုင်နေရပြီး မုတ်ဆိတ်မထားဖို့၊ ပုဝါမဆောင်းဖို့ အိမ်တိုင်ယာရောက် လာရောက်ပြောဆိုမှုတွေတောင် ရှိနေပါတယ်။

    ဝီဂါတွေအပေါ် ဖိနှိပ်မှုအတွက် ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေရှိနေပေမယ့် တရုတ်အစိုးရက ဂရုမစိုက်ပါဘူး။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတယ်လို့ဆိုတာ အမေရိကန်က ပြီးခဲ့တဲ့တစ်ပတ်မှာ တရုတ်အာဏာပိုင်တစ်ချို့ကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သလို၊ စီးပွားရေးလုပ်ငန်း ၂၈ ခုကိုလည်း အမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

    AFP သတင်းဌာနနဲ့ Earthrise Alliance တို့က ရရှိတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ၂၀၁၄ ခုနှစ်ကစလို့ တရုတ်အစိုးရဟာ ဝီဂါတွေလူမျိုးတွေရဲ့ သုဿန် ၄၅ ခုကို ဖျက်ဆီးရှင်းလင်းခဲ့ပြီး ၃၀ လောက်က ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ရှင်းလင်းခံခဲ့ရတာ ဖြစ်ပါတယ်။

    ရှင်ကျန်းအစိုးရက ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါဘူး။

    ဒီလိုဖျက်ဆီးတာမျိုးက ဘာသာရေးဖိနှိပ်မှုတင် မဟုတ်တော့ဘဲ ဒီထက်ပိုဆိုးတယ်လို့ ဝီဂါမျိုးသမီး နူရ်ဂူလ် ဆာ၀ွတ်က ပြောကြားခဲ့ပါတယ်။ ရှင်ကျန်းပြည်နယ် အနောက်တောက်ပိုင်း ယန်ဂျီဆာမြို့မှာ သူမရဲ့အထက် မျိုးဆက် ၅ ဆက်လောက် မြှုပ်နှံထားတဲ့ သုဿန်ဟာ တရုတ်အစိုးရရဲ့ ဖျက်ဆီးရှင်းလင်းမှုထဲ ပါသွားခဲ့ပါတယ်။

    “သုဿာန်တွေ ဖျက်ဆီးရှင်းလင်းလိုက်တယ်ဆိုတာက အဲဒီဒေသက ရှိနေတဲ့လူတွေရဲ့ သမိုင်းကို ဖျောက်ဖျက်ပစ်လိုက်တာပါ”

    နူရ်ဂူလ်ဟာ လက်ရှိ ဩစတေးလျမှာ နေထိုင်နေပြီး ၂၀၁၆ ခုနှစ်က ဖခင်ဖြစ်သူရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ဖို့အတွက် ရှန်ကျင်းကို သွားရောက်မှုဟာ ဇာတိမြေကို နောက်ဆုံးသွားရောက်မှု ဖြစ်ခဲ့ပါတယ်။

    ထင်ရှားကျော်ကြားသူတွေ၊ သူတော်စင်တွေရဲ့ အုတ်ဂူတွေကိုပါ တရုတ်အစိုးရက ဖယ်ရှား ရှင်းလင်းပစ်တာပါ။

    အက္ကဆူဆိုတဲ့မြို့မှာဆိုရင် ထင်ရှားတဲ့ ဝီဂါကဗျာဆရာ လုသ်ပူလာ မူတာလစ်ပ်ရဲ့ အုတ်ဂူကြီးကို ဝက်ဝံအရုပ်တွေ၊ လူလုပ်ရေကန်တွေ၊ ကလေးကစားတဲ့နေရာတွေ ထည့်သွင်းကာ ပန်းခြံ (Happiness Park) အဖြစ် အာဏာပိုင်တွေက ပြောင်းလဲပစ်လိုက်ပါတယ်။

    ၁၉၉၀ ပြည့်နှစ်တွေမှာ မူတာလစ်ပ်ရဲ့ အုတ်ဂူကို သွားရောက်ခဲ့ပြီး လက်ရှိ အမေရိကန်မှာနေထိုင်နေတဲ့ ဝီဂါလူမျိုး အစ္စဟတ် ကော့ဘိုရီက မူတာလစ်ပ်ရဲ့ဂူဟာ “မျိုးချစ်ဝီဂါအများစုအတွက် ‌ခေတ်သစ် သူရဲကောင်းဗိမာန် ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

    Happiness Park ပန်းခြံစီမံကိန်းကြောင့် မူတာလစ်ပ်ရဲ့ အုတ်ဂူတ်ကို ကန္တာရက စက်မှုဇုန်တစ်ခုမှာရှိတဲ့ သုဿန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဂူကို ထိန်းသိမ်းစောင့်ရှောက်နေသူက ဂူထဲကရုပ်ကြွင်းတွေ ဘာဖြစ်သွားလဲဆိုတာ မသိဘူးလို့ ဆိုပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အက္ကဆူအစိုးရကို AFP က မေးမြန်းလို့ မရခဲ့ပါဘူး။

    သမိုင်းဖျောက်နေ

    တရုတ်နိုင်ငံမှာ မြို့ပြချဲ့ထွင်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် မရေမတွက်နိုင်တဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ သမိုင်းဆိုင်ရာ နေရာတွေ ဖျက်ဆီးဖျောက်ဖျက်ခံနေရပါတယ်။ ဘေဂျင်းက Hutong ရပ်ကွက်တွေကနေ နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်က ဒါလီရှေးဟောင်းမြို့ရိုး ( Dali’s ancient city wall) တွအထိ ဒီဒဏ်ကို ခံစားခဲ့ရပါတယ်။ ဒီလို သမိုင်းဝင်နေရာတွေ ပျောက်ကွယ်သွားမှုကို တရုတ်အစိုးရကိုယ်တိုင်ကလည်း ဝန်ခံထားပါတယ်။

    ရှင်ကျန်းအပြင် အခြား‌ဒေသတွေမှာ ဈာပနဓလေ့ထုံးတမ်းတွေကို ဖျောက်ဖျက်မှုအတွက်လည်း တရုတ်အစိုးရဟာ ဝေဖန်ခံနေရပါတယ်။ ပြီးခဲ့တဲ့နှစ်က နိုင်ငံအလယ်ပိုင်း ကျန်ရှီပြည်နယ်မှာ အခေါင်းတွေကို ဖျက်ဆီးခဲ့ပြီး ဒေသခံတွေရဲ့ မြေမြှုပ်တဲ့ဓလေ့ထုံးတမ်းကို ပယ်ဖျက်ကာ ကြွင်းကျန်တဲ့ ရုပ်ကလပ်ကို မီးသင်္ဂြိုဟ်ခိုင်းခဲ့ပါတယ်။

    အခြားသော ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ နေရာတွေကို ဖျောက်ဖျက်ရှင်းလင်းမှုတွေ ရှိနေတာကြောင့် ရှင်ကျန်းက သုဿန်တွေ ဖျက်ဆီးမှုကတော့ ထူးခြားပြီး ပိုမိုဆိုးရွားတယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်ကတည်းက ရှင်ကျန်းမှာရှိတဲ့ ဗလီနဲ့ အခြား ဘာသာရေးဆိုင်ရာအဆောက်အဦး အနည်းဆုံး ၃၀ လောက်ကို တရုတ်အစိုးရက ဖျက်ဆီးခဲ့မှုနဲ့ပတ်သက်လို့ AFP သတင်းဌာနက စုံစမ်းကာ ဇွန်လမှာ သတင်းဖော်ပြခဲ့ပါတယ်။

    “သုဿန်တွေကို ဖျက်ဆီးမှုဟာ လက်ရှိဖော်ဆောင်နေတဲ့ မူဝါဒတွေထဲမှာ တော်တော်လေး ကြီးကြီးမားမားကို ပါဝင်နေပါတယ်။ ဘာသာရေးဆိုင်ရာ မြင့်မြတ်ရာနေရာတွေ၊ သူတော်စင်တွေရဲ့ ဂူဗိမာန်တွေကနေ သာမန်မိသားစုတွေရဲ့ အုတ်ဂူတွေကို ဖျက်ဆီးမှုအထိ ဒါတွေအားလုံးဟာ လူတွေနဲ့ သူတို့နေထိုင်ရာဒေသရဲ့ သမိုင်းကြောင်းအကြား ဆက်နွယ်မှု ပပျောက်သွားအောင် လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်” လို့ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကဌာနမှာ ဝီဂါအရေး သုတေသန လုပ်ဆောင်နေတဲ့ ရေချယ်ဟာရစ်က ပြောကြားခဲ့ပါတယ်။

    သုဿန်တွေ ဖျက်ဆီးရှင်းလင်းမှု၊ ပြောင်းရွှေ့မှုတွေနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေရဲ့ ဖြေရှင်းချက်တွေဟာ ဒေသအလိုက် ကွဲပြားခြားနားပါတယ်။

    ရှင်ကျန်းပြည်နယ်မြို့တော် အွမ်ရူကီရဲ့ နိုင်ငံတကာလေဆိပ်နားက သုဿန်တစ်ခုဟာ မြို့ပြ ပြန်လည်တည်ဆောက်ရေး စီမံကိန်းအတွက် ဖျက်ဆီးခံခဲ့ရပါတယ်။

    ရှာယာခရိုင်မှာဆိုရင် သုဿန်ဟောင်းတွေနားမှာ သုဿန်အသစ်တွေကို ဆောက်လုပ်ခဲ့ပြီး ဈာပနကိစ္စတွေမှာ ‘စနစ်တကျဖြစ်ရေး’ အတွက် လုပ်ဆောင်တာလို့ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    အုတ်ဂူပေါင်း ၇၅၀၀ လောက်ရှိပြီး ၁၈ ရာစုကတည်းက တည်ဆောက်ခဲ့တဲ့ သုဿန်ကို ဖယ်ရှားပြီး ဆောက်လုပ်ထားတဲ့ သုဿန်သစ်က ဆိုင်းဘုတ်မှာတော့ သုဿန်အသစ်တွေဟာ ‘နေရာကိုချွေတာ၊ ဂေဟစနစ်ကို ကာကွယ်ပြီး ပိုမိုစနစ်တကျရှိတယ်’ လို့ ရေးသားထားပါတယ်။

    “သုဿန်အသစ်တွေဟာ စနစ်ကျတယ်၊ သန့်ရှင်းတယ်၊ နေထိုင်သူတွေအတွက် အဆင်ပြေစေပါတယ်” လို့ ရှာယာယဉ်ကျေးမှုရေးရာဗျူရိုက လက်ထောက်ညွှန်ကြားရေးမှူး ကာဒီရ် ကာဆီမူက ပြောကြားခဲ့ပါတယ်။

    ရုပ်ကြွင်းများ

    Middlebury ကောလိပ်က ဘူမိသိပ္ပံဆိုင်ရာ ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး ဝီဂါတွေရဲ့ အထွဋ်အမြတ်နေရာတွေ၊ သုဿန်တွေကို လေ့လာနေတဲ့ တာမာရ် မေယာက သုဿန်အသစ်တွေဟာ ကန့်သတ်မှုများပြီး တရုတ်ဇာတ်သွင်းတာလို့ ပြောကြားခဲ့ပါတယ်။

    ဝီဂါမိသားစုဝင်တွေဟာ အုတ်ဂူတွေမှာ ပန်းထားတာလို ဓလေ့မျိုးရှိပေမယ့် သုဿန်အသစ်မှာတော့ ဒီလိုလုပ်ဖို့နေရာမျိုး ထားမပေးတော့ဘဲ ဒါဟာ ‘ဝီဂါတွေကို တရုတ်ဇာတ်သွင်းရေး’ ကြိုးစားတဲ့ မူဝါဒတစ်ရပ်ဖြစ်နိုင်တယ်လို့ မေယာက သုံးသပ်ခဲ့ပါတယ်။

    ဗြိတိန်က ဝီဂါအရေး တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ အဇစ် အီဆာ အလ်ကွန်ရဲ့ဖခင် ရုပ်အလောင်းကို ရှာယာမြို့က သုဿန်တစ်ခုမှာ မြှုပ်နှံထားပါတယ်။ အလ်ကွန်ကလည်း မေယာရဲ့သုံးသပ်မှုကို လက်ခံပါတယ်။

    “သုဿန်အသစ်တွေ ဆောက်မယ်ဆိုရင် ဆောက်လို့ရပါတယ်။ အဟောင်းတွေကိုတော့ ဖျက်ဆီးစရာ မလိုပါဘူး”

    သေဆုံးသွားသူတွေရဲ့ ရုပ်ကြွင်းတွေ နေရာအသစ်ပြောင်းရွှေ့တဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး AFP သတင်းဌာနရဲ့ မေးမြန်းမှုကို ရှာယာအစိုးရက ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။

    ဒါပေမယ့် ရုပ်ကြွင်းတွေကို ဒီအတိုင်း ပုံထားခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်နေရပါတယ်။

    ရှန်ကျင်းပြည်နယ်ကို စက်တင်ဘာလက AFP အဖွဲ့တွေ သွားရောက်မှုအတွင်း မြို့ ၄ မြို့က ဖျက်ဆီးခံရတဲ့ သုဿန် ၁၃ ခုကို ကြည့်ရှုခဲ့ပြီး ရှာယာက သုဿန်ဟောင်း အနည်းဆုံး ၃ ခုမှာ လူအရိုးတွေကို တွေ့ခဲ့ရပါတယ်။

    ဒေသခံအာဏာပိုင်တွေက ဒီအထောက်အထားတွေကို လက်မခံပါဘူး။ အာဏာပိုင်တစ်ယောက်ဆိုရင် အရိုးတစ်ခုကို ကောက်ကိုင်ကာ ညို့သကျီးမှာတိုင်းပြရင်း ‘လူအရိုးလို့ပြောရအောင် သိပ်ကြီးလွန်းနေတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် AFP သတင်းဌာနက ရိုက်ယူလာရတဲ့ ဓာတ်ပုံတွေကို ကြည့်ရှုခဲ့တဲ့ မှုခင်းနဲ့ မနုဿဗေဒ ကျွမ်းကျင်သူ ၇ ဦးက လူအရိုးတွေဆိုတာ အတည်ပြုခဲ့ပြီး ပေါင်ရိုး၊ ‌‌ခြေဖဝါးအရိုး၊ လက်ဖျံရိုးနဲ့ လက်‌မောင်းရိုး အစိတ်အပိုင်းတွေ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အသက်အရွယ်မျိုးစုံရဲ့ အရိုးတွေပါပဲ” လို့ နယူးကာဆယ်တက္ကသိုလ်က ရာဇဝတ်မှုဆိုင်ရာ ကျွမ်းကျင်သူ ဇန်သီ မောလက်က ပြောကြားခဲ့ပါတယ်။

    ရှင်ကျန်းပြည်နယ်တောင်ပိုင်းက ဟိုတန်မြို့မှာဆိုရင် ရုပ်ကြွင်းတွေကို လာရောက်ယူဆောင်ဖို့ အာဏာပိုင်တွေက ၂ ရက်သာ အချိန်ပေးခဲ့တာကို အစိုးရကြော်ငြာစာမှာ တွေ့ရပါတယ်။ ဒီကြော်ငြာစာကို AFP က မေလမှာ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

    “ဒီရက်အတွင်း လာရောက်စာရင်းပေးတာမျိုး မရှိဘူးဆိုရင် ပိုင်မဲ့အလောင်းအဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။ စာရင်းလာမသွင်းတာကြောင့် နောက်ပိုင်းဖြစ်လာမယ့် အကျိုးဆက်တွေအတွက် တာဝန်ရှိသူတွေဟာ အုတ်ဂူကို ပိုင်ဆိုင်သူတွေသာ ဖြစ်ပါတယ်” လို့ ဝီဂါစကားနဲ့ ရေးသားထားတဲ့ အဲဒီကြော်ငြာစာမှာ ဖော်ပြထားပါတယ်။

    ဝီဂါတွေရဲ့ ယဉ်ကျေးမှုကို တိုက်ခိုက်ခြင်း

    ဝီဂါတွေရဲ့ သုဿန်တွေကို ဖျက်ဆီးဖျောက်ဖျက်တာဟာ အခုမှ ဖြစ်လာတာ မဟုတ်ပါဘူး။ ဂြိုဟ်တုဓာတ်ပုံတွေအရ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    အစ္စလာမ်နဲ့ဆန့်ကျင်တဲ့ မီးသင်္ဂြိုဟ်တာလို ကိစ္စမျိုးတွေကို ဝီဂါနဲ့ အခြားသောတိုင်းရင်းသား လူနည်းစုတွေအပေါ် အဓမ္မလုပ်ခိုင်းတာမျိုး မရှိသေးပေမယ့် အာဏာပိုင်တွေဟာ ပိုပြီး သဘောထားတင်းမာလာတယ်လို့ Nottingham တက္ကသိုလ်က ဝီဂါသမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်သူ ရီယန် သမ်က ပြောကြားခဲ့ပါတယ်။

    “ဝီဂါတွေရဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်လာရင် အာဏာပိုင်တွေဟာ ထိပ်တိုက်တွေ့မှုကိုရှောင်ရှားတဲ့ နည်းလမ်းမျိုးကို အရင်က သုံးခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဝီဂါတွေရဲ့ ယဉ်ကျေးမှုအပေါ် တိုက်ခိုက်တဲ့မူဝါဒတွေဟာ ပိုမိုပြင်းထန်လာပြီး နည်းလမ်းပြောင်းသွားပြီလို ယူဆလို့ရပါတယ်”

    ရှင်ကျန်းမှာ လုံခြုံရေးဆိုင်ရာ တင်းကျပ်ကန့်သတ်မှုတွေကလည်း မူဝါဒတွေဖော်ဆောင်ဖို့ အာဏာပိုင်တွေအတွက် ပိုမိုလွယ်ကူစေတယ်လို့ ၂၀၁၇ ခုနှစ်က ရှင်ကျန်းကနေထွက်ပြီး အမေရိကန်မှာ နေထိုင်နေတဲ့ ဝီဂါကဗျာဆရာ တာဟီရ် ဟာမွတ်က ပြောကြားခဲ့ပါတယ်။

    “အခုအချိန်မှာ ဘယ်သူမှ မပြောရဲဘူးဗျ။ အစိုးရကို ရင်ဆိုင်တောင်းဆိုတာမျိုး ဘယ်သူမှ မလုပ်ရဲဘူး”

    Ref: AFP

    (AFP သတင်းဌာနတွင် ဖော်ပြထားသည့် Uighur tombs, cemeteries cleared in Xinjiang ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • သူလျှိုလုပ်နေသည့် နိုင်ငံသား တရုတ်ဧည့်လမ်းညွှန်ကို အမေရိကန် ဖမ်းဆီးတရားစွဲ

    သူလျှိုလုပ်နေသည့် နိုင်ငံသား တရုတ်ဧည့်လမ်းညွှန်ကို အမေရိကန် ဖမ်းဆီးတရားစွဲ

    အောက်တိုဘာ ၁၊ ၂၀၁၉
    M-Media

    -ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်ကို တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးမှုနဲ့ ဖမ်းဆီးတရားစွဲဆိုလိုက်တယ်လို့ အမေရိကန်အစိုးရက အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    အသက် ၅၆ နှစ်အရွယ် ပန်ချွဲဟွာဆိုသူဖြစ်ပြီး ပြည်ပ ထောက်လှမ်းရေးသူလျှိုအဖြစ် ဆောင်ရွက်မှု၊ အမေရိကန်ရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို တရုတ်အစိုးရ အာဏာပိုင်တွေထံ ပေးပို့မှုတွေနဲ့ တရားစွဲခံထားရတာပါ။

    ခေတ်ဟောင်းနဲ့ ခေတ်သစ်နည်းပညာတွေ ပေါင်းစပ်ကာ သူလျှိုလုပ်ခဲ့တာမျိုးဖြစ်ပြီး၊ အမေရိကန်ရဲ့ နိုင်ငံတော်လုံခြုံရေးအချက်အလက်တွေကို ရရှိဖို့ တရုတ်အစိုးရက လျှို့ဝှက်ပြီး ကြိုးစားနေတာကို တွေ့မြင်လိုက်ရတာ ဖြစ်တယ်လို့ အစိုးရရှေ့နေ ဒေးဗစ် အလ် အန်ဒါဆန်က ပြောကြားခဲ့ပါတယ်။

    ပန်ချွဲဟွာဟာ ဆန်ဖရန်စစ္စကိုဒေသတစ်ဝိုက်မှာ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသူပါ။

    သူဟာ သတင်းအချက်အလက်တွေ ပေးပို့ဖို့နဲ့ ငွေကြေးလွှဲပြောင်းဖို့အတွက် လျှို့ဝှက် နေရာတွေကို အသုံးပြုခဲ့သလို၊ အမေရိကန် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေ ပါဝင်တဲ့ တရုတ်ရဲ့ ဒစ်ဂျစ်တယ် ကဒ်ပြားတွေကိုလည်း ကိုင်ဆောင်ထားတယ်လို့ အန်ဒါဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တရားစွဲဆိုထားမှုဖိုင်မှာ ပန်ချွဲဟွာဟာ တရုတ်အစိုးရရဲ့ တိုက်ရိုက် လမ်းညွှန်မှုအတိုင်း သူလျှိုလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း လူတစ်ချို့ထံကနေ ရခဲ့တဲ့လျှို့ဝှက် အချက်အလက်တွေကို ပေးပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ပန်ကို သောကြာနေ့က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုတစ်ပတ်အတွင်း စတင်ကြားနာမှာ ဖြစ်ပါတယ်။

    Ref: Aljazeera