News @ M-Media

Tag: China

  • ကုန်သွယ်ရေးတွင် ဒေါ်လာမသုံးတော့ရန် တရုတ်နှင့် ရုရှားတို့ သဘောတူ

    ကုန်သွယ်ရေးတွင် ဒေါ်လာမသုံးတော့ရန် တရုတ်နှင့် ရုရှားတို့ သဘောတူ

    ဇွန် ၂၈၊ ၂၀၁၉
    M-Media

    -နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာကို အသုံးမပြုဘဲ ရူဘဲလ်နဲ့ ယွမ်ငွေတွေကို အစားထိုး အသုံးပြုသွားဖို့အတွက် ရုရှားနဲ့ တရုတ်တို့က အခုလ အစောပိုင်းမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှားနေ့စဉ်ထုတ်သတင်းစာ Izvestia က မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ရုရှားဘဏ္ဍာရေးဝန်ကြီး အန်တန် ဆီလူအေနော့ဗ်နဲ့ တရုတ်ပြည်သူ့ဘဏ် အကြီးအကဲ ယီဂျန်းတို့က လက်မှတ်ရေးထိုးခဲ့တာပါ။

    ရုရှားနဲ့ တရုတ်တို့ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး ငွေပေးချေမှုမှာ နည်းသစ်လမ်းသစ်တွေကို
    ဖော်ဆောင်နေတယ်လို့ ရုရှား ဒုတိယ ဘဏ္ဍာရေးဝန်ကြီး ဆာဂျီ စတောချက်က အောက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ အကြီးအကဲကို ပေးပို့တဲ့ အစီရင်ခံစာကို ကိုးကားပြီး Izvestia က ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    ငွေပေးချေမှုအတွက် SWIFTဆိုတဲ့ စနစ်ကို အသုံးပြုသွားမှာဖြစ်ပြီး၊ ရူဘဲလ်-ယွမ် အပြန်အလှန်
    အသုံးပြုနိုင်ရေးနဲ့ ငွေကြေး အတက်အကျမှာ ဆုံးရှုံးမှု နည်းနိုင်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ နည်းလမ်းတွေကို ဖော်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီစနစ် အကောင်အထည်ပေါ်လာရင် လာမယ့် နှစ်အနည်းငယ်အတွင်း ရူဘဲလ်-ယွမ် အသုံးပြုမှုနှုန်းဟာ ၅ ဆဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာဖို့ ခန့်မှန်းထားပါတယ်။

    နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ကိုယ်ပိုင်ငွေကြေးတွေ အသုံးပြုတဲ့စနစ်ကို ရုရှားနဲ့ တရုတ်တို့က လာမယ့်နှစ်မှာ စတင်မှာ ဖြစ်ပါတယ်။ အစပိုင်းမှာ စွမ်းအင်နဲ့ လယ်ယာလုပ်ငန်းလို နိုင်ငံပိုင် လုပ်ငန်းကြီးတွေမှာ စတင်အသုံးပြုမှာဖြစ်ပြီး နောက်ပိုင်းမှာ လုပ်ငန်းအားလုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    Ref: RT

  • Touch-screen ခေါက်ဖုန်း ဈေးကွက်တင်မည့်ရက်ကို Huawei က ၃ လနောက်ရွှေ့

    Touch-screen ခေါက်ဖုန်း ဈေးကွက်တင်မည့်ရက်ကို Huawei က ၃ လနောက်ရွှေ့

    ဇွန် ၁၅၊ ၂၀၁၉
    M-Media

    -Touch-screen ခေါက်ဖုန်း Mate X စတင်ရောင်းချမယ့် ကာလကို ၃ လနောက်ဆုတ်လိုက်တယ်လို့ Huawei က မနေ့မှာ ကြေငြာခဲ့ပြီး ဒါဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။

    ဆမ်ဆောင်းရဲ့ touch-screen ခေါက်ဖုန်း Galaxy Fold ကို ယှဉ်ပြိုင်နိုင်ပြီး ဈေးကွက်က မျှော်လင့်ထားတဲ့ Mate X ကို အခုလအတွင်း ဈေးကွက်တင်ရောင်းချဖို့ Huawei စီစဉ်ထားတာပါ။ ကုမ္ပဏီရဲ့ တာဝန်ရှိသူ ဗင်းဆင့်ပန်က ဈးကွက်တင်မယ့်ရက်ကို စက်တင်ဘာလအထိ ရွှေ့ဆိုင်းလိုက်တယ်လို့ ဟောင်ကောင်မှာပြုလုပ်တဲ့ WSJ Tech D.Live အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးတယ်လို့ဆိုကာ အမေရိကန်က Huawei ကို မေလမှာ အမည်ပျက်စာရင်းသွင်းခဲ့ပြီး အမေရိကန် ကုမ္ပဏီတွေအနေနဲ့ စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုတွေ မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

    ဗင်းဆင့်ပန်က Mate X ဈေးကွက်တင်မယ့် ရက်ကို နောက်ဆုတ်လိုက်တာဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် မဟုတ်ဘဲ ဖြန့်ချီမယ့်ကုမ္ပဏီတွေထံကနေ အသိအမှတ်ပြုလက်မှတ်ရရေး စမ်းသပ်သုံးစွဲမှုကို စောင့်ဆိုင်းနေတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီစမ်းသပ်မှုဟာ သြဂုတ်လကုန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

    အစိုးရက အမည်ပျက်စာရင်း သွင်းခဲ့တာကြောင့် Google အပါအ၀င် အမေရိကန် နည်းပညာကုမ္ပဏီ တော်တော်များများဟာ Huawei နဲ့ ဆက်သွယ်ဆောင်ရွက်မှာ မဟုတ်တော့ဘူးလို့ ကြေငြာခဲ့ပါတယ်။ ဒ့ါကြောင့် ဖုန်းအသစ်တွေအတွက် Huawei ဟာ Andoriod စနစ်ကို အသုံးပြုလို့ရမှာ မဟုတ်သလို၊ ဖုန်းတွေအတွက် လိုအပ်တဲ့ ချစ်ပ်ပြားတွေကိုလည်း အမေရိကန်ကနေ တင်သွင်းခွင့် ရတော့မှာ မဟုတ်ပါဘူး။

    Huawei ကတော့ လက်ရှိမှာ သူတို့ရဲ့ ကိုယ်ပိုင် ဖုန်း Operating System ဖြစ်တဲ့ Hongmeng ကို စမ်းသပ်နေပြီး ၉ လအတွင်းမှာ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ တစ်ခြားသောဖုန်းတွေမှာလည်း အသုံးပြုနိုင်မှာကြောင်း ထုန်ပြန်ခဲ့ပါတယ်။ လက်တော့ ကွန်ပျူတာအသစ် ဈေးကွက်တင်ရောင်းချမယ့် အစီအစဉ်ကို Huawei က ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ မီဒီယာတွေရဲ့
    ဖော်ပြမှုကို ဗင်းဆင့်ပန်က ငြင်းဆိုခဲ့ပြီး မကြာခင်မှာ ထုတ်ပြန် ကြေငြာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ဟွာဝေးဖုန်းတွင် ၎င်းတို့၏ app များ အသုံးပြုခွင့်ကို Facebook ပိတ်ပင်

    ဟွာဝေးဖုန်းတွင် ၎င်းတို့၏ app များ အသုံးပြုခွင့်ကို Facebook ပိတ်ပင်

    ဇွန် ၈၊ ၂၀၁၉
    M-Media

    -နောက်ထွက်မယ့် Huawei ဖုန်းတွေမှာ သူတို့ရဲ့ အက်ပလီကေးရှင်းတွေကို ကြိုတင်ထည့်သွင်းခွင့် မပေးတော့ဘူးလို့ Facebook က မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပြီး အမေရိကန်အစိုးရရဲ့ အမည်ပျက်စာရင်းသွင်းမှုကို ခံထားရတဲ့ Huawei ကုမ္ပဏီအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။

    စမတ်ဖုန်းရောင်းချသူတွေဟာ Facebook လို လူကြိုက်များတဲ့ အက်ပလီကေးရှင်းတွေကို ကြိုတင်ထည့်သွင်းခွင့်ရနိုင်ရေး ကုမ္ပဏီတွေနဲ့ စီးပွားရေးသဘောတူညီချက်တွေ ရယူထားကြပါတယ်။ ဟွာဝေး ဖုန်းတွေမှာတော့ Twitter နဲ့ Booking.com တွေ အပါအ၀င် အက်ပလီကေးရှင်း တော်တော်များများကို ကြိုတင်ထည့်သွင်းထားလေ့ ရှိပါတယ်။

    Facebook က လက်ရှိ Huawei ဖုန်း ကိုင်ဆောင်ထားသူတွေဟာ Facebook၊ WhatsApp နဲ့ Instagram တို့ကို ဆက်လက်အသုံးပြုခွင့်၊ update လုပ်ခွင့်ရမှာ ဖြစ်ပေမယ့် နောက်ထွက်လာမယ့် Huawei ဖုန်းအသစ်တွေမှာ ထည့်သွင်းခွင့်ရမှာမဟုတ်ဘူးလို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ Twitter Inc က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို၊ Booking.com ကလည်း အကြောင်းမပြန်ဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ Huawei ကုမ္ပဏီကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

    Huawei ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်က ဒီကုမ္ပဏီဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးတယ်လို့ စွပ်စွဲကာ ပြီးခဲ့တဲ့လမှာ အမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် Google အပါအ၀င် အမေရိကန် နည်းပညာကုမ္ပဏီတွေဟာ Huawei နဲ့ အလုပ်ဆက်လုပ်တော့မှာ မဟုတ်ဘူးလို့ ကြေငြာခဲ့ပါတယ်။

    လက်ရှိ Huawei ဖုန်း အသုံးပြုနေသူတွေ အဆင်ပြေဖို့အတွက် အမေရိကန်ဟာ Huawei ကုမ္ပဏီအပေါ် ပိတ်ပင်မှုကို သြဂုတ်လအထိ ဆိုင်းငံ့ထားပါတယ်။ Google က ဒီ ဆိုင်းငံ့ကာလ ကုန်သွားရင် သူတို့ရဲ့ Android စနစ်ကို ဆက်လက် ထောက်ပံ့ပေးမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ ဒါပေမယ့် ကမ္ဘ္ဘာတစ်ဝှမ်းကို ပို့ဆောင်ခြင်း မပြုရသေးတာတွေ အပါအ၀င် လက်ရှိ ဟွာဝေးဖုန်းမော်ဒေယ်တွေမှာ Playstore နဲ့ Google app အားလုံး အသုံးပြုလို့ရမယ်လို့ ဆိုပါတယ်။

    Facebook ရဲ့ ပိတ်ပင်မှုက Google နဲ့မတူဘဲ မော်ဒယ်အဟောင်းဖြစ်ပေမယ့် စက်ရုံကနေ မထွက်သေးတဲ့ ဖုန်းတွေအပေါ်မှာပါ အကျုံးဝင်မှာ ဖြစ်ပါတယ်။

    Ref: Reuters

  • နည်းပညာသစ်များကို မိတ်ဖက်နိုင်ငံများအား မျှဝေမည်ဟု တရုတ်ပြော

    နည်းပညာသစ်များကို မိတ်ဖက်နိုင်ငံများအား မျှဝေမည်ဟု တရုတ်ပြော

    ဇွန် ၈၊ ၂၀၁၉
    M-Media

    -5G ဆက်သွယ်ရေးကွန်ယက် အပါအ၀င် နိုင်ငံရဲ့ အဆင့်မြင့် နည်းပညာတွေကို မိတ်ဖက်နိုင်ငံတွေဆီ မျှဝေဖို့ အဆင်သင့်ပဲလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်ထိပ်တန်း ဆက်သွယ်ရေးကုမ္ပဏီ Huawei ကို အမေရိကန်က ပြီးခဲ့တဲ့လမှာ အမည်ပျက်စာရင်းသွင်းပြီး နည်းပညာတွေ မရောင်းရလို့ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒီကိစ္စအတွက် တရုတ်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ ရှိနေပါတယ်။

    ရုရှားနိုင်ငံ စိန့်ပီတာစဘတ်က စီးပွားရေးဖိုရမ်မှာ ရုရှားသမ္မတ ပူတင်နဲ့အတူ ပါဝင်ခဲ့တဲ့ ရှီက တရုတ်ဟာ နောက်ဆုံးပေါ် နည်းပညာအသစ်အဆန်းတွေ၊ အထူးသဖြင့် 5G နည်းပညာကို မိတ်ဖက်နိုင်ငံတွေထံ မျှဝေဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    5G နည်းပညာကို Huawei ကုမ္ပဏီက ကမ္ဘ္ဘာတစ်ဝှမ်းမှာ ဦးဆောင် ဖြန့်ကျက်ဖို့ စီစဉ်နေပြီး အခုတစ်ပတ်အစောပိုင်းမှာ ရုရှားက Huawei နဲ့ ပူးပေါင်းကာ 5G ကွန်ယက် တည်ဆောက်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ယူကေ အပါအ၀င် ဥရောပက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ တော်တော်များများကလည်း 5G ကွန်ယက်အတွက် Huawei နဲ့ ပူးပေါင်းဖို့ စီစဉ်နေပါတယ်။ ဒီလိုလုပ်ရင်
    မိမိတို့နဲ့ ဆက်ဆံရေး ထိခိုက်လိမ့်မယ်လို့ အမေရိကန်က မဟာမိတ်နိုင်ငံတွေကို သတိပေးထားပါတယ်။

    ရှီက တရုတ်ဟာ တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှုကို အခြေခံပြီး မိတ်ဖက်နိုင်ငံတွေနဲ့ အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်ဆောင်သွားချင်တယ်လို့လည်း မနေ့က ဖိုရမ်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • အမေရိကန်၏ အဓိကမဟာမိတ် ဆော်ဒီက တရုတ်ထံမှ ဒုံးကျည်နည်းပညာ ၀ယ်ယူဟု သတင်းထွက်

    အမေရိကန်၏ အဓိကမဟာမိတ် ဆော်ဒီက တရုတ်ထံမှ ဒုံးကျည်နည်းပညာ ၀ယ်ယူဟု သတင်းထွက်

    ဇွန် ၆၊ ၂၀၁၉
    M-Media

    -ဆော်ဒီအာရေဗျနိုင်ငံဟာ တရုတ်ထံကနေ နည်းပညာဝယ်ယူပြီး သူတို့ရဲ့ ဒုံးကျည်စီမံကိန်းကို သိသိသာသာ တိုးတက်လာအောင် ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် ထိပ်တန်းမီဒီယာတစ်ခုဖြစ်တဲ့ CNN သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ ထောက်လှမ်းရေးရင်းမြစ်တွေကနေ ဒီသတင်းကို ရခဲ့ပေမယ့် လွှတ်တော်က အဓိကကျတဲ့ အမတ်တွေကို အသိပေးခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

    ဆော်ဒီကို လက်နက်ရောင်းချမှုကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်နဲ့ ထရမ့်အစိုးရတို့အကြား တင်းမာမှုတွေ မြင့်တက်လာနေတဲ့အချိန်မှာ ဒီသတင်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီ၊ ယူအေအီးနဲ့ ဂျော်ဒန်တို့ကို လက်နက်ရောင်းချမှု မလုပ်ဖို့အတွက် အမေရိကန် လွှတ်တော်အမတ်တစ်ချို့က ကန့်ကွက်ခဲ့ကြပေမယ့် ထရမ့်က အရေးပေါ်အခြေအနေကြေငြာကာ ဒီကန့်ကွက်မှုကို ပယ်ချခဲ့ပြီး ကန်ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိတဲ့ လက်နက်တွေ ဆော်ဒီကို ရောင်းချဖို့ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

    သမ္မတဟောင်း အိုဘားမားလက်ထက် အမေရိကန်အစိုးရမှာ နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဂျက်ဖ် စတေစီက တရုတ်ထံကနေ ဆော်ဒီက ဒုံးကျည်နည်းပညာ ၀ယ်ယူခဲ့တယ်ဆိုတဲ့သတင်းဟာ အလွန်စိုးရိမ်စရာကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ တရုတ်နဲ့ ဆော်ဒီအာရေဗျတို့ဟာ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေဖြစ်ပြီး လက်နက်ရောင်းချမှုအပါအ၀င် နယ်ပယ်အားလုံးမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။ ဆော်ဒီကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    ၁၉၈၇ ခုနှစ် ချုပ်ဆိုခဲ့တဲ့ ဒုံးကျည်နည်းပညာထိန်းချုပ်ရေးစာချုပ် Missile Technology Control Regime မှာ ဆော်ဒီအနေနဲ့ အမေရိကန်အပါအ၀င် အခြားနိုင်ငံတွေထံကနေ ဒုံးကျည်တွေ ၀ယ်ယူမှုကို တားမြစ်ထားပါတယ်။ အဲဒီစာချုပ်မှာ နိုင်ငံပေါင်း ၃၅ နိုင်ငံလောက် လက်မှတ်ရေးထိုးခဲ့ပေမယ့် တရုတ်မပါဝင်ပါဘူး။

    ဆော်ဒီဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေကတည်းက တရုတ်ထံကနေ ဒုံးကျည်တွေ ၀ယ်ယူခဲ့တယ်လို့ Nuclear Threat Initiative ဆိုတဲ့ အဖွဲ့တစ်ခုက ထုတ်ပြန်ထားပါတယ်။ Washington Post သတင်းဌာနရဲ့ ဇန်နဝါရီလက ထုတ်ပြန်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ဆော်ဒီဟာ မြို့တော်ရီယာ့ဒ်ရဲ့ အနောက်ဖက် အလ်ဒါဝဒ်မီဒေသမှာ ဒုံးကျည်စက်ရုံလို့ ယူဆရတဲ့ အဆောက်အဦးတစ်ခုကို တွေ့ခဲ့ရပါတယ်။

    Ref: Aljazeera