News @ M-Media

Tag: China

  • အမေရိကန်က လုံခြုံရေးစိုးရိမ်နေသည့် ဟွာဝေးကုမ္ပဏီနှင့် ရုရှားက စာချုပ်ချုပ်

    အမေရိကန်က လုံခြုံရေးစိုးရိမ်နေသည့် ဟွာဝေးကုမ္ပဏီနှင့် ရုရှားက စာချုပ်ချုပ်

    ဇွန် ၆၊ ၂၀၁၉
    M-Media

    -လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် အမေရိကန်က မှတ်ယူထားတဲ့ တရုတ် Huawei ကုမ္ပဏီနဲ့ ရုရှားတို့ဟာ 5G ကွန်ရက် ဖော်ဆောင်ရေး သဘောတူညီချက်တစ်ခုကို မနေ့က လက်မှတ်ရေးထိုးခဲ့ပြီး လာမယ့်နှစ်မှာ စတင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်တို့ မော်စကိုမှာ တွေ့ဆုံမှုအတွင်း Huawei နဲ့ ရုရှား ဆက်သွယ်ရေးကုမ္ပဏီ MTS တို့ လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီး၊ ၂၀၁၉-၂၀၂၀ မှာ ရှေ့ပြေး 5G ကွန်ယက်တစ်ခုကို ဖော်ဆောင်သွားမယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Huawei ရဲ့ တာဝန်ရှိသူ ဂိုပင်းက မဟာဗျူဟာကျတဲ့ ဆက်သွယ်ရေးကွန်ယက်မှာ အခုလို သဘောတူညီချက် ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။

    အမေရိကန်အစိုးရက Huawei ဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်လို့ စွပ်စွဲထားပြီး အမေရိကန်ကုမ္ပဏီတွေအနေနဲ့ နည်းပညာမြင့် ပစ္စည်းတွေ ရောင်းချခြင်းမပြုဖို့ အခုလအစောပိုင်းမှာ ပိတ်ပင်ခဲ့ပါတယ်။ Huawei ဟာ သူ့ရဲ့ ဖုန်းတွေအတွက် အမေရိကန်လုပ်
    ချစ်ပ်တွေအပေါ် မှီခိုနေရတာပါ။ ၃ လအတွင်းမှာ သက်ရောက်မှုရှိမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ Huawei ကုမ္ပဏီ ရပ်တည်ဖို့အတွက် အခက်အခဲဖြစ်လာမယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

    အမေရိကန်ရဲ့ ပိတ်ပင်တားမြစ်မှု ပေါ်ထွက်လာပြီးတဲ့နောက် Android စနစ်ကို ပိုင်ဆိုင်တဲ့ Google အပါအ၀င် အမေရိကန် နည်းပညာကုမ္ပဏီ တော်တော်များများက Huawei ကို နည်းပညာတွေ ရောင်းချမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    Huawei နဲ့ပေါင်းပြီး 5G ကွန်ယက် ဖော်ဆောင်နိုင်ရေးအတွက် ဥရောပနိုင်ငံတော်တော်များများကလည်း စိတ်ဝင်စားနေပြီး ဒီလိုလုပ်ရင် မိမိတို့နဲ့ အဆက်အသွယ် ဖြတ်ရမယ်လို့ အမေရိကန်က မဟာမိတ်နိုင်ငံတွေကို သတိပေးထားပါတယ်။

    Ref: CNA

  • Huawei အပေါ် နည်းပညာဆိုင်ရာ ပိတ်ပင်မှုကို အမေရိကန်က ရက် ၉၀ နောက်ရွှေ့

    Huawei အပေါ် နည်းပညာဆိုင်ရာ ပိတ်ပင်မှုကို အမေရိကန်က ရက် ၉၀ နောက်ရွှေ့

    မေ ၂၁၊ ၂၀၁၉
    M-Media

    -တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei အပေါ် အမေရိကန်နည်းပညာတွေ ရောင်းချမှု ပိတ်ပင်တားမြစ်ချက်ကို အမေရိကန်အစိုးရက ရက်ပေါင်း ၉၀ နောက်ဆုတ်ပေးလိုက်ပါတယ်။

    Huawei အပါအ၀င် ကမ္ဘ္ဘာတစ်ဝှမ်းက လုပ်ငန်းပေါင်း ၆၈ ခုကို အမေရိကန်က ကြာသာပတေးနေ့မှာ အမည်ပျက်စာရင်း သွင်းခဲ့ပြီး အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ၊ နည်းပညာတွေကို ၀ယ်ယူခွင့်မရအောင် ပိတ်ပင်လိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာ Google အပါအ၀င် အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေက Huawei ကို နည်းပညာတွေ ရောင်းချမှာ
    မဟုတ်တော့ဘူးလို့ ကြေငြာခဲ့ပါတယ်။

    ဒါပေမယ့် ဒီလို ပိတ်ပင်မှု အတည်ဖြစ်မယ့်ရက်ကို ရက်ပေါင်း ၉၀ အထိ နောက်ဆုတ်မယ်လို့ အမေရိကန် ကုန်သွယ်ရေး ဌာနက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပြီး လက်ရှိ အသုံးပြုနေတဲ့ ကွန်ယက်တွေကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ ရှိပြီးသား ဟွာဟေးဖုန်းတွေမှာ ဆော့ဖ်ဝဲတွေကို update လုပ်ပေးနိုင်ဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ထုတ်ကုန်အသစ်တွေအတွက် အမေရိကန်ထုတ် ပစ္စည်းတွေကို ၀ယ်ယူမှုကိုတော့ ဆက်လက် ပိတ်ပင်ထားပါတယ်။ အမေရိကန်ကုန်သွယ်ရေးဌာန တာဝန်ရှိသူဟောင်းဖြစ်ပြီး ရှေ့နေ့လည်းဖြစ်တဲ့ ကီဗင် ဝုလ်ဖ်က ဒီလို နောက်ဆုတ်ပေးလိုက်တာဟာ Huawei ထုတ်ပစ္စည်းတွေနဲ့ စနစ်တွေကို အသုံးပြုနေသူတွေအပေါ် မရည်ရွယ်တဲ့ ရိုက်ခတ်မှုတွေ ဖြစ်လာမှာကို ရှောင်ရှားဖို့ ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

    အမေရိကန်ရဲ့ ဒီကြေငြာချက်နဲ့ပတ်သက်ပြီး Huawei ဖက်က တုန့်ပြန်မှုတစ်စုံတစ်ရာ မပြုလုပ်သေးပါဘူး။

    ကုမ္ပဏီကို တည်ထောင်သူ ရင်ကျန့်ဖေက အမေရိကန်ဟာ သူတို့ကုမ္ပဏီရဲ့ အင်အားကို လျှော့တွက်နေကြောင်း၊ ဒီ လုပ်ဆောင်မှုတွေဟာ Huawei ရဲ့ 5G နည်းပညာကို ထိခိုက်မှာမဟုတ်ကြောင်း၊ နောက်ထပ် ၃ နှစ်အတွင်း ဘယ်သူမှ ဒီနည်းညာကို လိုက်မီမှာ မဟုတ်ကြောင်း ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • တရုတ်အတွက် သူလျှိုလုပ်ပေးသည့် CIA အရာရှိဟောင်း ထောင်နှစ် ၂၀ ကျ

    တရုတ်အတွက် သူလျှိုလုပ်ပေးသည့် CIA အရာရှိဟောင်း ထောင်နှစ် ၂၀ ကျ

    မေ ၁၉၊ ၂၀၁၉
    M-Media

    -တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးခဲ့တဲ့ CIA အရာရှိဟောင်းကို အမေရိကန်က သောကြာနေ့မှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပြီး၊ ဒီကိစ္စဟာ အမေရိကန်ထောက်လှမ်းရေးအသိုင်းအ၀ိုင်းမှာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ထောင်ဒဏ် ချမှတ်ခံရသူဟာ အသက် ၆၂ နှစ်အရွယ် ကီဗင် မာလိုရီဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လနဲ့ ဧပြီလတွေတုန်းက ရှန်ဟိုင်းမြို့ကို သွားရောက်မှုအတွင်း အမေရိကန် ကာကွယ်ရေးအချက်အလက်တွေကို တရုတ်ထောက်လှမ်းရေးအေးဂျင့်ထံ ဒေါ်လာ ၂ သောင်းခွဲနဲ့ ရောင်းစားမှုအတွက် သူလျှိုအက်ဥပဒေနဲ့ တရားစွဲခံရတာ ဖြစ်ပါတယ်။

    တရုတ်စကား ကောင်းကောင်းပြောတတ်တဲ့ မာလိုရီဟာ အရင်က အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အဲဒီနောက် အမေရိကန်အစိုးရ ထောက်လှမ်းရေးအေးဂျင့်ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ရဲ့ အသွင်ယူအေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

    တရုတ်ထောက်လှမ်းရေးနဲ့ ပတ်သက်ဆယ်နွယ်မှုအတွက် ဖမ်းဆီးခံရတဲ့ အရာရှိတွေဟာ မာလိုရီတစ်ဦးတည်း မဟုတ်ပါဘူး။

    ဧပြီလတုန်းကလည်း သံတမန်ဟောင်း မာရီ ကလိုင်ဘိုနီဟာ အမေရိကန်အစိုးရ စာရွက်စာတမ်းတွေအတွက် တရုတ်ထောက်လှမ်းရေးထံကနေ ငွေကြေးရယူခဲ့တဲ့ ကိစ္စကို စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ ဖွင့်မပြောခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

    တရုတ်အတွက် သူလျှိုလုပ်ပေးမှုမှာ ထင်ရှားတဲ့ အဖြစ်အပျက်ကတော့ CIA အရာရှိဟောင်း ဂျယ်ရီ ချွန် ရှင်းလီက တရုတ်အတွက် သူလျှိုလုပ်ပေးခဲ့ကြောင်း မေလ ၁ ရက်နေ့မှာ ၀န်ခံခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှာ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၅၄ နှစ်အရွယ် လီဟာ ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အတွင်း တရုတ်မှာရှိတဲ့ CIA သတင်းပေး ကွန်ယက်ကို ဖြိုခွဲဖို့ လိုအပ်တဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ ပေးအပ်ခဲ့မှုအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရဖွယ် ရှိနေပါတယ်။

    အမေရိကန် ဒုတိယရှေ့နေချုပ် ဂျွန် ဒီမာရ်က မာလိုရီရဲ့ အမှုဟာ အမေရိကန် ထောက်လှမ်းရေး အသိုင်းအ၀ိုင်းအတွက် စိုးရိမ်စရာ ကိစ္စတစ်ခုဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

    Ref: CNA

  • တိဘက်တွင် တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဘာသာရေးဖိနှိပ်မှု ပိုမိုဆိုးရွားလာ

    တိဘက်တွင် တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဘာသာရေးဖိနှိပ်မှု ပိုမိုဆိုးရွားလာ


    မေ ၁၇၊ ၂၀၁၉
    M-Media

    တိဘက်တွင် ဆန္ဒပြနေသည့် ဘုန်းကြီးတစ်ပါးကို တရုတ်ရဲများက ဖမ်းဆီးမှု

    -ပြီးခဲ့တဲ့နှစ်အတွင်း တိဘက်က လူ့အခွင့်အရေးအခြေအနေတွေဟာ သိသိသာသာကို ပိုမိုဆိုးရွားလာခဲ့ပြီး တရုတ်အာဏာပိုင်တွေဟာ တိဘက်ပြည်သူတွေကို ခရီးသွားလာခွင့် ကန့်သတ်တာ၊ ယဉ်ကျေးမှုနဲ့ ဘာသာတရား ကျင့်သုံးမှု ပိတ်ပင်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ အိန္ဒိယအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ရဲ့ မနေ့က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) နဲ့ တရုတ်နိုင်ငံထဲက တိဘက်ဒေသတွေမှာ ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေကို ဖော်ပြထားတဲ့ အဲဒီအစီရင်ခံစာကို Tibetan Centre for Human Rights and Democracy အဖွဲ့က ထုတ်ပြန်တာ ဖြစ်ပါတယ်။

    တရုတ်ဟာ ပြီးခဲ့တဲ့နှစ် အစောပိုင်းကစပြီး ရာဇ၀တ်မှုတိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စီမံချက်တစ်ခုကို စတင်ခဲ့ပါတယ်။ အဲဒီစီမံချက်ကြောင့် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ၊ တိဘက်ဘာသာစကား မပျောက်ကွယ်ရေး ဆောင်ရွက်သူတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ နှိပ်စက်ညှင်းပမ်းတာတွေ ပိုလုပ်လာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

    တရုတ်ပြည်ရဲ့ အခြားဒေသက တိဘက်လူမျိုးတွေ TAR ဒေသထဲ ၀င်မယ်ဆိုရင် ယာယီဝင်ခွင့် လုပ်ရတာတွေ ရှိနေသလို၊ တိဘက်လူမျိုးတွေ အိန္ဒိယနဲ့ နီပေါနိုင်ငံတို့ကို ဘုရားဖူးသွားလို့မရအောင် နိုင်ငံကူးလက်မှတ် ရုပ်သိမ်းတာတွေကိုလည်း တရုတ်အစိုးရက လုပ်ဆောင်နေပါတယ်။

    ဘာသာရေးဖိနှိပ်မှု

    ကျာင်းသားတွေနဲ့ အစိုးရအလုပ်သမားတွေ ဘာဘသာရေးကိစ္စ ဆောင်ရွက်တာကို တရုတ်အစိုးရက ခွင့်မပြုသလို ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေကို သွားပြီး ဘုရားရှိခိုးတာကိုလည်း တားမြစ် ပိတ်ပင်ထားပါတယ်။ ကိုရင်တွေ၊ ငယ်ရွယ်တဲ့ ဘုန်းကြီးတွေကို အတင်းအဓမ္မ လူဝတ်လဲစေပြီး အစိုးရကျောင်းတွေမှာ တက်ရောက်ခိုင်းမှုတွေလည်း ရှိနေတယ်လို့ TCHRD ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

    ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းမှာပဲ ဓမ္မစာပေတွေ သင်ယူနေတဲ့ ရဟန်းပျို ၂၀၀ ကျော်လောက် လူထွက်လိုက်ရတယ်လို့ ဆိုပါတယ်။

    “တိဘက်ဘာသာစကား သင်ကြားရေး မြှင့်တင်ပေးတဲ့ ဘာသာရေးအဖွဲ့အစည်းတွေလည်း ပစ်မှတ်ထား ဖိနှိပ်ခံရပါတယ်”

    ကျောင်းပိတ်ရက်တွေအတွင်း ဘုန်းကြီးကျောင်းတွေမှာ တိဘက်ဘာသာစကား သင်ကြားမှုကိုလည်း တရုတ်အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ထားပါတယ်။

    TCHRD က အကြမ်းမဖက် ဆန္ဒပြသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းတာတွေဟာ ဆက်လက်ဖြစ်ပွားတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    လွန်ခဲ့တဲ့ နှစ် ၇၀ က တရုတ်ရဲ့ သိမ်းပိုက်မှုကို တိဘက်ပြည်သူတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုဟာ ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့ပြီး အဲဒီအချိန်ကတည်းကစလို တရုတ်အစိုးရကို ဆန္ဒပြတဲ့အနေနဲ့ မိမိကိုယ်ကို မီးရှို့သတ်သေသူအရေအတွက်က ၁၅၇ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

    Ref: RFA

  • ပါကစ္စတန်မှ ခရစ်ယာန်မိန်းကလေးငယ်များ တရုတ်မယားအဖြစ် လူကုန်ကူးခံနေ

    ပါကစ္စတန်မှ ခရစ်ယာန်မိန်းကလေးငယ်များ တရုတ်မယားအဖြစ် လူကုန်ကူးခံနေ


    တရုတ်မယားအဖြစ် လူကုန်ကူးခံခဲ့ရသည့် မုကက်ဒက်စ် အက်ရှ်ရက်ဖ်

    မေ ၉၊ ၂၀၁၉
    M-Media

    -ပါကစ္စတန်က လူနည်းစု ခရစ်ယာန်လူ့အဖွဲ့အစည်းဟာ တရုတ်ပြည်က သတို့သမီးရှာဖွေရေး အေးဂျင့်တွေရဲ့ ပစ်မှတ်ထားမှုကို ခံလာနေရပြီး၊ တရုတ်ပြည်ရောက်သွားတဲ့ အမျိုးသမီးငယ်တွေဟာလည်း ညှင်းပမ်းနှိပ်စက်မှုတွေကို ခံနေရတယ်လို့ AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    တရုတ်မယားလုပ်ဖို့ မိန်းကလေးငယ်တွေကို ငွေနဲ့ စည်းရုံးခေါ်ဆောင်တဲ့ လုပ်ငန်းဟာ ပါကစ္စတန်က ခရစ်ယာန်အသိုင်းအ၀ိုင်းမှာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကနေစတင်ပြီး မြင့်တက်လာတာ ဖြစ်ပါတယ်။ ပွဲစားတွေဟာ ခရစ်ယာန်ဘုရားကျောင်းတစ်ဝိုက်မှာ ပေါ်ပေါ်တင်တင် လူခေါ်နေကြပြီး ခရစ်ယာန်ဘုန်းကြီးတွေကလည်း လူသစ်ရရှိရေး ကူညီပေးနေကြတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောကြားခဲ့ကြပါတယ်။

    ပွဲစားတွေနဲ့ ခရစ်ယာန်ဘုန်းကြီးတွေဟာ ဆင်းရဲတဲ့မိသားစုတွေကို ချဉ်းကပ်ကာ သမီးပေးမယ်ဆိုရင် ချမ်းသာစေရမယ်လို့ အာမခံတာတွေလည်း ရှိပါတယ်။ တရုတ်နိုင်ငံက သတို့သားလောင်းဟာ မကြာခင်ကမှ ခရစ်ယာန်ဘာသာထဲ ၀င်လာတာဖြစ်ပြီး ချမ်းသာတယ်လို့ သွေးဆောင်ကြပြီး ကန်ဒေါ်လာ ထောင်ချီပေးကာ အမျိုးသမီးတွေကို ခေါ်ဆောင်သွားကြတာ ဖြစ်ပါတယ်။

    အဲဒီလို ခေါ်ဆောင်သွားခြင်းခံရတဲ့ အမျိုးသမီးအများစုဟာ သူတို့ဆန္ဒမပါဘဲ လိုက်သွားရတာဖြစ်ပြီး တရုတ်ပြည်ရောက်တဲ့အခါ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ နေထိုင်ရတာ၊ ညှင်းပမ်းခံရတာ၊ ဘာသာစကားအခက်အခဲရှိတာကြောင့် နေထိုင်ရအဆင်မပြေတာတွေ ဖြစ်ခဲ့တယ်လို့ ပြန်လည် ထွက်ပြေးလာသူတွေက ပြောပါတယ်။

    “ဒါဟာ လူကုန်ကူးမှုပါ။ ဒီလိုလက်ထပ်ပေးမှုအတွက် အဓိကပြဿနာက လောဘကြီးကြတာပါ။ လက်ထပ်သွားတဲ့ မိန်းကလေးငယ်တစ်ချို့နဲ့ ကျွန်တော် တွေ့ပြီးပါပြီ။ သူတို့ တော်တော်လေးကို ဆင်းရဲကြပါတယ်” လို့ ပန်ဂျပ်ပြည်နယ်က လူနည်းစုရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး အီဂျက်ဇ် အေလမ် သြဂက်စတိုင်းက ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စတွေအတွက် ပါကစ္စတန်အစိုးရနဲ့ တရုတ်သံရုံးတို့ကို သြဂက်စတိုင်းက ဝေဖန်ခဲ့ပြီး ဗီဇာတွေ၊ စာရွက်စာတမ်းတွေကို လွယ်လွယ်ထုတ်ပေးနေတယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီသတင်းကို ငြင်းဆိုခဲ့ပြီး တရုတ်နိုင်ငံဟာ လူကုန်ကူးမှုကို သည်းမခံဘူးလို့ ပြောကြားခဲ့ပါတယ်။

    တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ ပါကစ္စတန်အမျိုးသမီးအရေအတွက်ဟာ ရာနဲ့ချီ ရှိလာနေပြီး လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ‘ပါကစ္စတန် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ တရုတ်နိုင်ငံမှာ လိင်ကျွန်ဖြစ်မယ့်အန္တရာယ် အလွန်မြင့်မားနေပြီဆိုတဲ့ အထောက်အထားတွေ တွေ့ရတယ်’ လို့ ဧပြီလ ၂၆ ရက်နေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့လ တရုတ်အစိုးရဲ့ ထုတ်ပြန်ချက်မှာ ဒီလို တရားမ၀င် သတို့သမီးရှာဖွေရေးလုပ်ငန်းတွေကို ပါကစ္စတန်နဲ့ ပူးပေါင်းပြီး နှိမ်နှင်းနေကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    အရင်က တရုတ်မယားဖြစ်ခဲ့သူ၊ တရုတ်မယားဖြစ်အံ့ဆဲဆဲမှာ ထွက်ပြေးလွတ်မြောက်လာသူ တစ်ဒါဇင်ကျော်လောက်နဲ့ AP သတင်းဌာနက မေးမြန်းမှုတွေ ပြုလုပ်ခဲ့ရာမှာ ဒီလို လက်ထပ်မှုအတွင်း ပွဲစားတွေ၊ ခရစ်ယာန်ဘုန်းကြီးတွေ ပါဝင်ပတ်သက်ခဲ့ကြောင်း၊ ပါကစ္စတန်က မြို့ကြီးတွေမှာ မင်္ဂလာဦးညကို ကျော်ဖြတ်ပြီး နောက်ပိုင်းမှာ တရုတ်နိုင်ငံကို ခေါ်ဆောင်သွားခဲ့ကြောင်း ဖြေကြားခဲ့ကြပါတယ်။

    “အားလုံးက ကလိမ်ကကျစ်တွေပါပဲ။ သူတို့ပေးတဲ့ကတိအားလုံးက အလိမ်အညာတွေပါ” လို့ တရုတ်ပြည်ကနေ ကိုယ်ဝန့်အရင့်အမာနဲ့ ပြန်လာတဲ့ အမျိုးသမီးငယ် မုကက်ဒက်စ် အက်ရှ်ရက်ဖ်က ပြောကြားခဲ့ပါတယ်။

    သူမဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ တရုတ်အမျိုးသားနဲ့ လက်ထပ်စဉ်က အသက် ၁၆ နှစ်အရွယ်သာ ရှိသေးပြီး တရုတ်ပြည်မှာ နှိပ်စက်မှုတွေ ခံခဲ့ရသူပါ။

    တရုတ်နိုင်ငံမှာ ဆယ်စုနှစ်ချီ ရှိခဲ့တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် ပေါ်လစီကြောင့် အမျိုးသမီး ရှားပါးမှု ဖြစ်ပေါ်နေပြီး ပတ်ဝန်းကျင်က ဆင်းရဲတဲ့နိုင်ငံတွေထံကနေ အမျိုးသမီးတွေကို ငွေပေးခေါ်ယူတာတွေကို ပြီးခဲ့တဲ့နှစ်အတွင်း ပိုမို လုပ်ဆောင်လာကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကို သတို့သမီးအဖြစ် ရောက်သွားသူတွေဟာ ညှင်းပမ်းနှိပ်စက်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာ၊ ကလေးမွေးပြီးရင် ထပ်ဆင့်ရောင်းစားခံရတာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါတယ်။

    တရုတ်နိုင်ငံက အမျိုးသမီးရှာဖွေရေးပွဲစားတွေဟာ အရင်က ဗီယက်နမ်၊ လာအိုနဲ့ မြောက်ကိုရီးယားနိုင်ငံတွေကိုသာ ပစ်မှတ်ထားခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ မြန်မာနဲ့ ပါကစ္စတန်လို နိုင်ငံတွေက ဆင်းရဲသားလူတန်းစားတွေကို ပိုမို ပစ်မှတ်ထားလာပါတယ်။

    ပါကစ္စတန်က ခရစ်ယာန်အရေး တက်ကြွလှုပ်ရှားသူ စလင်း အစ်က်ဘာလ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ဒီကိစ္စကို သတိပြုမိလာတာဖြစ်ပြီး အဲဒီအချိန်ကတည်းက တရုတ်မယားအဖြစ် ငွေပေးခေါ်ဆောင်ခံရသူ အရေအတွက်ဟာ ၇၅၀ ကနေ ၁၀၀၀ အထိရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ပန်ဂျပ်ပြည်နယ်မှာနေထိုင်တဲ့ ခရစ်ယာန်တွေဟာ အဓိက ပစ်မှတ်ထားခံနေရတယ်လို့လည်း သူက ဆိုပါတယ်။

    ပါကစ္စတန် လူဦးရေ သန်း ၂၀၀ မှာ ခရစ်ယာန်ဘာသာဝင်တွေက ၂.၅ သန်းလောက်သာရှိပြီး နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ ကိစ္စတွေမှာ အစိုးရရဲ့ ကူညီပံ့ပိုးမှု ရရှိခံစားရခြင်း မရှိဘဲ အများစုဟာ ဆင်းရဲကြသူတွေ ဖြစ်ပါတယ်။

    ပါကစ္စတန်က လူမျိုးစုတွေမှာ မိဘတွေက သားသမီးတွေရဲ့ အိမ်ထောင်ရေးကို ဆုံးဖြတ်ပေးတဲ့ အစဉ်အလာတွေ ရှိနေပြီး၊ သမီးမိန်းကလေးတွေမွေးတဲ့ မိဘတွေဟာ သားမက်ရှာတဲ့အခါ တင်တောင်းရတဲ့ လူမျိုးစုရိုးရာ ဓလေ့ထုံးတမ်းကြောင့် သမီးမိန်းကလေးတွေထက် သားယောက်ျားလေးတွေကိုသာ ပိုမိုရယူလိုကြပါတယ်။

    ခရစ်ယာန်မိန်းကလေးငယ်တွေကို သတို့သမီးအဖြစ် ရယူကြတဲ့ တရုတ်အမျိုးသား အများစုဟာ တရုတ်ရဲ့ Belt and Road စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါကစ္စတန်က အခြေခံအဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ အမျိုးသားတွေဖြစ်ပြီး၊ တရုတ်ပြည်မကြီးကနေ ပွဲစားတွေနဲ့ ရှာဖွေတာတွေလည်း ရှိနေပါတယ်။

    သတို့သမီးတစ်ယောက်အတွက် ကန်ဒေါ်လာ ၃၅၀၀ ကနေ ၅၀၀၀ အထိ ဈေးပေါက်သလို လက်ထပ်စားရိတ်အားလုံးကိုလည်း တရုတ်အမျိုးသားတွေဖက်က ကျခံတာတွေရှိတယ်လို့ အစ်က်ဘာလ်က ပြောပါတယ်။ အစ်က်ဘာလ်ဟာ ဒီလို လူကုန်ကူးမှုဆန်ဆန် လက်ထပ်မှုတွေကို တားဆီးပေးဖို့အတွက် တရားရုံးတွေကို သွားရောက် တိုင်ကြားတာတွေ လုပ်ဆောင်နေပြီး၊ သတို့သမီးအဖြစ် ခေါ်ဆောင်ခံရပြီးတဲ့နောက် ညှင်းပမ်းခံရမှုကြောင့် ထွက်ပြေးလာတဲ့ အမျိုးသမီးငယ်တွေကို ကယ်ဆယ်ပေးနေသူလည်း ဖြစ်ပါတယ်။ သူ ကယ်ဆယ်ထားတဲ့ အမျိုးသမီးတွေထဲမှာ အသက် ၁၃ နှစ်လောက်အထိ ငယ်ရွယ်တဲ့ အမျိုးသမီးတွေ ပါဝင်ပါတယ်။

    ပန်ဂျပ်ပြည်နယ်က လူနည်းစုရေးရာဝန်ကြီး သြဂက်စတိုင်းက တရုတ်ကပွဲစားတွေဟာ ခရစ်ယာန်ဘုန်းကြီးတွေကို ငွေပေးပြီး စည်းရုံးခိုင်းတယ်လို့ ပြောကြားခဲ့ပါတယ်။ လာဟိုးရ်မြို့မြောက်ဖက်က ဂွတ်ဂျရန်ဝါလာမြို့ဟာ ပွဲစားတွေ မျက်စိကျတဲ့နေရာဖြစ်ပြီး ပြီးခဲ့တဲ့လ အနည်းငယ်အတွင်း အမျိုးသမီး ၁၀၀ ကျော်လောက် တရုတ်မယားဘ၀ ရောက်သွားကြတယ်လို့လည်း သူက ဆိုပါတယ်။

    တရုတ်ပြည်ကို လိုက်သွားကြတဲ့ ခရစ်ယာန်အမျိုးသမီးတွေဟာ အိမ်တွင်းမှာ ပိတ်လှောင်ခံရတာ၊ ညှင်းပမ်းနှိပ်စက်ခံရတာ၊ ခင်ပွန်းဖက်က မိသားစုတွေရဲ့ အနိုင်ကျင့်ခံရတာတွေ ရှိနေပြီး ပါကစ္စတန်က မိသားစုတွေရဲ့ ကြိုးပမ်းမှုတွေကြောင့် လွတ်မြောက်လာသူတွေ ရှိပေမယ့် အများစုကတော့ တရုတ်မယားအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

    Ref: AP