News @ M-Media
Tag: China
  • Tesla နှင့် Space X ပိုင်ရှင် အေလွန်မက်စ်ကို အမြဲတမ်းနေထိုင်ခွင့်ပေးရန် တရုတ်ကမ်းလှမ်း
    Tesla နှင့် Space X ပိုင်ရှင် အေလွန်မက်စ်ကို အမြဲတမ်းနေထိုင်ခွင့်ပေးရန် တရုတ်ကမ်းလှမ်း
    ဇန်န၀ါရီ ၁၁၊ ၂၀၁၉
    M-Media
    တရုတ်သမ္မတ လီကီကျန်းနှင့်တွေ့ရသည့် အေလွန်မက်စ်
    – အမေရိကန်က ထိပ်တန်း နည်းပညာ စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်ဖြစ်တဲ့ အေလွန်မက်စ်ကို အမြဲတမ်းနေထိုင်ခွင့်ပေးဖို့ တရုတ်က ကမ်းလှမ်းလိုက်ပါတယ်။
    အေလွန်မက်စ်ဟာ သူ့ရဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ ပထမဆုံး နိုင်ငံရပ်ခြားစက်ရုံ ဖွင့်ပွဲအခမ်းအနားအတွက် တရုတ်နိုင်ငံကို ရောက်ရှိနေပြီး ဗုဒ္ဓဟူးနေ့က တရုတ်ဝန်ကြီးချုပ် လီကီကျန်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
    “Tesla က ရှန်ဟိုင်းမှာ စက်ရုံတည်ဆောက်မှုဟာ ကမ္ဘာကြီးအတွက် နမူနာတစ်ခုဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် တရုတ်နိုင်ငံကိုချစ်တယ်။ မကြာခဏ လာလည်ဖို့လည်း စိတ်ကူးရှိပါတယ်” လို့ အေလွန်မက်စ်က ပြောကြားခဲ့ပါတယ်။
    တရုတ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး လျှပ်စစ်ကားဈေးကွက် တည်ရှိရာနိုင်ငံလည်း ဖြစ်ပါတယ်။
    တရုတ်နိုင်ငံမှာ နိုင်ငံခြားသားတွေ Green Card ရဖို့ဟာ အခက်အခဲဆုံးဖြစ်ပြီး အထူးသဖြင့် နိုင်ငံခြားသား ထိပ်တန်းပညာရှင်တွေကိုသာ ပေးတာဖြစ်ပါတယ်။
    ၂၀၁၆ ခုနှစ်အထိ လူ တစ်သောင်းလောက်ကိုသာ တရုတ်က Green Card ပေးထားပြီး အဲဒီအထဲမှာ ၂၀၁၆ ခုနှစ် ဓာတုဗေဒနိုဘယ်ဆု ရရှိခဲ့တဲ့ တရုတ်သိပ္ပံပညာရှင် ဘားနတ် ဖီရင်ဂါ၊ နိုဘယ်ဆုရ စီးပွားရေးပညာရှင် ရောဘတ် မွန်ဒဲလ်၊ NBA ကစားသမားဟောင်း မာဘူရီတို့ ပါဝင်ပါတယ်။
    တရုတ်နိုင်ငံမှာတည်ဆောက်မယ့် Tesla ရဲ့ စက်ရုံသစ်ဟာ တစ်နှစ်ကို လျှပ်စစ်ကားပေါင်း ၅ သိန်းလောက် ထုတ်နိုင်မှာ ဖြစ်ပါတယ်။ အေလွန်မက်စ်ဟာ အမေရိန်ကန်က ထိပ်တန်း အာကာသလုပ်ငန်း Space X ကို တည်ထောင်သူလည်း ဖြစ်ပါတယ်။
    Ref: CNA
  • စစ်ပွဲအတွက် အသင့်ပြင်ထားရန် တရုတ်သမ္မတက စစ်တပ်ကို တိုက်တွန်း
    စစ်ပွဲအတွက် အသင့်ပြင်ထားရန် တရုတ်သမ္မတက စစ်တပ်ကို တိုက်တွန်း
    ဇန်န၀ါရီ ၅၊ ၂၀၁၉
    M-Media
    – တိုက်ပွဲဖြစ်လာရင် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်ကို တိုက်တွန်းလိုက်ပြီး တရုတ်နိုင်ငံဟာ စိန်ခေါ်မှုတွေ၊ အန္တရာယ်တွေကို တိုးမြှင့် ရင်ဆိုင်လာရတယ်လို့လည်း ပြောကြားလိုက်ပါတယ်။
    တရုတ်စစ်တပ်ကို ကွပ်ကဲတဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရှီကျင့်ဖျင်ဟာ ဒီကနေ့မှာ တရုတ် ထိပ်တန်း စစ်ခေါင်းဆောင်တွေနဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
    ရှီက မိမိတို့စစ်တပ်အနေနဲ့ ခေတ်သစ်အတွက် မဟာဗျူဟာတွေ ချမှတ်ထားရမှာ ဖြစ်ပြီး စစ်ပွဲအတွက် ပြင်ဆင်ထားဖို့ တာဝန်တွေလည်း ရှိနေပြီလို့ ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua က ဖော်ပြခဲ့ပါတယ်။
    “ရာစုနှစ်တစ်ခုလောက်အတွင်း ဘယ်တုန်းကမှ မမြင်ခဲ့ရတဲ့ ပြောင်းလဲမှုကြီးတွေကို လက်ရှိမှာ ကမ္ဘာကြီးက ရင်ဆိုင် ဖြတ်သန်းနေရပါတယ်။ တရုတ်နိုင်ငံကလည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟာဗျူဟာကျပြီး အရေးပါတဲ့ ကာလမှာ ရှိနေပါတယ်”
    တရုတ်နိုင်ငံဟာ ပိုင်နက်အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်မှာ စစ်အင်အား တိုးမြှင့်ဖို့ လုပ်ဆောင်နေပြီး ကုန်သွယ်ရေး၊ ထိုင်ဝမ်ကိစ္စတွေကြောင့် အမေရိကန်နဲ့ တင်းမာမှုကလည်း မြင့်တက်လာနေပါတယ်။
    ရှီက စစ်တပ်အနေနဲ့ အရေးပေါ်အခြေအနေတွေကို လျင်လျင်မြန်မြန် တုန့်ပြန်နိုင်စွမ်း လိုအပ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပြီး တပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အားကောင်းအောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    ထိုဝမ်ကိစ္စ တင်းမာမှုမြင့်တက်
    ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ရှီက ထိုင်ဝမ်ကျွန်း တရုတ်ပြည်မကြီးထဲ ပေါင်းစည်းရေးအတွက် စစ်ရေးအပါအ၀င် နည်းလမ်းမျိုးကို စဉ်းစားထားကြောင်းနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို လက်မခံကြောင်း ပြောကြားခဲ့ပါတယ်။
    ထိုင်ဝမ်သမ္မတ Tsai Ing-wen က ထိုင်ဝမ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒီမိုကရေစီတို့ကို ကာကွယ်ပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ဒီကနေ့မှာ တောင်းဆိုခဲ့ပြီး၊ ဒီလိုသာ မကာကွယ်ပေးဘူးဆိုရင် နောက်အလှည့်က တစ်ခြားနိုင်ငံတစ်နိုင်ငံ ဖြစ်လာလိမ့်မယ်လို့လည်း ထည့်သွင်းသတိပေးခဲ့ပါတယ်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ထိုင်ဝမ်နိုင်ငံရဲ့ လုံခြုံရေးကို ပိုမိုအာမခံပေးမယ့် Asia Reassurance Initiative Act ဥပဒေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
    Ref: CNA
  • တရုတ်ကလွှတ်တင်လိုက်သည့် အာကာသယာဉ် လ၏ အမှောင်ဘက်ခြမ်းကို အောင်မြင်စွာ ဆင်းသက်
    တရုတ်ကလွှတ်တင်လိုက်သည့် အာကာသယာဉ် လ၏ အမှောင်ဘက်ခြမ်းကို အောင်မြင်စွာ ဆင်းသက်
    ဇန်န၀ါရီ ၃၊ ၂၀၁၉
    M-Media
    Chang’e-4 ယာဉ်က ရိုက်ပို့ပေးလိုက်သည့် လမျက်နှာပြင်
    – ဒီဇင်ဘာလအစောပိုင်းက လွှတ်တင်လိုက်တဲ့ လူမဲ့အာကာသယာဉ်ငယ်ဟာ လရဲ့ အမှောင်ဘက်ခြမ်းမှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီလို့ တရုတ်နိုင်ငံက ကြေငြာလိုက်ပြီး အာကာသစူးစမ်းရေးသမိုင်းမှာ မှတ်တိုင်သစ် စိုက်ထူလိုက်တာ ဖြစ်ပါတယ်။
    ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘာ့နိုင်ငံတွေဟာ လကို အာသာသယာဉ်တွေ လွှတ်ခဲ့ကြပေမယ့် အများစုက လရဲ့ပတ်လမ်းမှာ ၀င်ရောက်ပျံသန်းတာလောက်ပဲ ရှိခဲ့ပါတယ်။ လကို ရောက်ရှိတဲ့ ယာဉ်တွေကလည်း ကမ္ဘာကမြင်ရတဲ့ အလင်းဘက်ခြမ်းကိုသာ သွားရောက်ခဲ့ကြတာဖြစ်ပြီး နောက်ဆုံး လပေါ်ကို လူရောက်ခဲ့တာက ၁၉၇၂ ခုနှစ်က Apollo 17 ခရီးစဉ် ဖြစ်ပါတယ်။
    တရုတ်နိုင်ငံဟာ Chang’e-4 လို့ အမည်ပေးထားတဲ့ လူမဲ့ အာကာသယာဉ်ကို ဒီဇင်ဘာ ၇ ရက်နေ့က လွှတ်တင်ခဲ့တာဖြစ်ပြီး ၁၂ ရက်နေ့မှာ လ ပတ်လမ်းထဲ ရောက်ခဲ့ပါတယ်။ နိုင်ငံပိုင် မီဒီယာက အာကာသယာဉ်ဟာ ဒီကနေ့မနက်ပိုင်းမှာ လရဲ့ မှောင်နေတဲ့ မျက်နှာပြင်ဘက်ကို ဆင်းသက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    ဒီအောင်မြင်မှုဟာ ကမ္ဘာ့ အာကာသ စူးစမ်းရေးသမိုင်းမှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့လည်း ဖြစ်ပါတယ်။ Chang’e-4 ယာဉ်က လရဲအမှောင်ဘက်ခြမ်းမှာ ဘူမိဗေဒဆိုင်ရာ သုတေသနတွေနဲ့ ဇီဝေဗဒဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Chang’e-4 အာကာသယာဉ်က ရိုက်ကူးပေးပို့လိုက်တဲ့ လရဲ့ မျက်နှာပြင်ကိုလည်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
    Ref: BBC
  • ထိုင်ဝမ်ရေလက်ကြား နှက်ဖက်စလုံးကို မိမိတို့ပိုင်သည်ဟု တရုတ်ပြော
    ထိုင်ဝမ်ရေလက်ကြား နှက်ဖက်စလုံးကို မိမိတို့ပိုင်သည်ဟု တရုတ်ပြော
    ဇန်န၀ါရီ ၂၊ ၂၀၁၉
    M-Media
    တရုတ်သမ္မတ ရှီကျင့်ဖျင်
    – ထိုင်ဝမ်ဟာ တရုတ်ရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့အချက်ကို ဘယ်သူကမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပြီး ပြန်လည်ပေါင်းစည်းရေးအတွက် နည်းလမ်းအားလုံးကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
    ထိုင်ဝမ်ကျွန်းဟာ ကိုယ်ပိုင်အစိုးနဲ့ အုပ်ချုပ်တဲ့ဒေသ ဖြစ်ပေမယ့် တရုတ်က သူ့ရဲ့ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ကာ ပြန်လည်ပေါင်းစည်းရေး၊ စစ်မက်ဖြစ်ပွားမှု အဆုံးသတ်ရေးအတွက် ၁၉၇၉ ခုနှစ်မှာ တရုတ်အစိုးက ကမ်းလှမ်းခဲ့ပါတယ်။
    ဒီကမ်းလှမ်းမှု နှစ် ၄၀ ပြည့်အဖြစ် ဒီကနေ့ပြောကြားတဲ့ မိန့်ခွန်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ရေလက်ကြား နှစ်ဖက်စလုံးမှာရှိတဲ့ ဒေသတွေဟာ တရုတ်ပြည်နဲ့သာဆိုင်တယ် လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ” ‘တရုတ်နှစ်နိုင်ငံဝါဒ’ ဒါမှမဟုတ် ‘တရုတ်တစ်နိုင်ငံ-ထိုင်ဝမ်တစ်နိုင်ငံ’ ‘ထိုင်ဝမ်လွတ်လပ်ရေး’ ဆိုတဲ့ အတွေးအခေါ်တွေရဲ့ နောက်ကွယ်က ပူးပေါင်းကြံစည်သူတွေကို ကျွန်တော်တို့ အခိုင်အမာဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးလိုလားတဲ့၊ ခွဲထွက်ရေးလိုလားတဲ့ လှုပ်ရှားမှုတွေကိုလည်း ကျွန်တော်တို့ အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပါတယ်။ ထိုင်ဝမ်ဟာ တရုတ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်၊ ရေလက်ကြားရဲ့ နှစ်ဖက်စလုံးက ဒေသတွေဟာ တရုတ်ပိုင်ဖြစ်တယ်ဆိုတဲ့ သမိုင်းကြောင်းအရဖြစ်တည်မှု၊ ဥပဒေအရ အကြုံးဝင်မှုတွေကို ဘယ်သူ၊ ဘယ်အဖွဲ့ကမှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး”
    ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးတို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို နှောက်ယှက်တဲ့ ပြင်ပင်အင်အားစုတွေနဲ့ ထိုင်ဝမ်လွတ်လပ်ရေး လှုပ်ရှားမှုတွေကို ရင်ဆိုင်ဖို့အတွက် နည်းလမ်းအားလုံးကို စဉ်းစားထားတယ်လို့လည်း ရှီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ထိုင်ဝပ်သမ္မတ Tsai Ing-wen ရဲ့ မနေ့က မိန့်ခွန်းမှာတော့ သဘောထားမတိုက်ဆိုင်မှုကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ တရုတ်အစိုးရကို တိုက်တွန်းခဲ့ပြီး ထိုင်ဝမ်ပြည်သူတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်လက် ထိန်းသိမ်းသွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • တရုတ်နိုင်ငံတောင်ပိုင်းတွင် ဓားသမားက ဘတ်စ်ကားပြန်ပေးဆွဲပြီး လူများကို ၀င်တိုက်
    တရုတ်နိုင်ငံတောင်ပိုင်းတွင် ဓားသမားက ဘတ်စ်ကားပြန်ပေးဆွဲပြီး လူများကို ၀င်တိုက်
    ဒီဇင်ဘာ ၂၅၊ ၂၀၁၈
    M-Media
    – တရုတ်နိုင်ငံတောင်ပိုင်း ဖူဂျန်ပြည်နယ် လုံယန်မြို့မှာ ဒီကနေ့ နေ့လည်ပိုင်းက ဓားကိုင်ထားတဲ့ အမျိုးသားတစ်ဦးက ဘတ်စ်ကားတစ်စီးကို ပြန်ပေးဆွဲပြီး လမ်းသွားလမ်းလာတွေကို ၀င်တိုက်မှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
    လုံယန်မြို့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ကျူးလွန်သူကို ဖမ်းဆီးထားကား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ဖော်ပြထားပြီး အသေးစိတ်ကို ရေးသားထားခြင်း မရှိပါဘူး။
    ဓားသမားဟာ ဘတ်စ်ကားကို ပြန်ပေးမဆွဲခင်မှာ အမျိုးသမီးခရီးသည်တစ်ဦးကို တိုက်ခိုက်ခဲ့ပါတယ်။
    တရုတ်ဆိုရှယ်မီဒီယာတွေမှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှာ ဆိုင်ကယ်အပျက်အစီးတွေနဲ့ လူတွေလဲနေတာ ရဲတပ်ဖွဲ့က ဓားသမားကို ၀င်လုံးပြီး ဖမ်းဆီးနေတာတွေကိုလည်း တွေ့ရပါတယ်။
    တရုတ်နိုင်ငံမှာ အခုနှစ်အတွင်း လူအများအပြား သေဆုံးတဲ့ ကားမတော်တဆမှု အနည်းဆုံး ၃ ခုလောက် ဖြစ်ပွားခဲ့ပါတယ်။
    ဒီဇင်ဘာလအစောပိုင်းက တရုတ်နိုင်ငံအနောက်ပိုင်း ချုံကျင်းမြို့မှာ ဘတ်စ်ကားတစ်စီး တံတားပေါ်ကနေ မြစ်ထဲထိုးကျမှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။
    နိုဝင်ဘာလကလည်း နိုင်ငံအနောက်မြောက်ပိုင်း လျောင်နင်းပြည်နယ်မှာ လမ်းကူးနေတဲ့ ကလေးငယ်တစ်အုပ်ကို ကားတစ်စီးက ၀င်တိုက်မှုကြောင့် လူ ၅ ဦးသေဆုံးကာ ၁၈ ဒဏ်ရာရရှိခဲ့ပါတယ်။
    Ref: CNA