News @ M-Media
Tag: China
  • အမေရိကန်အစိုးရကို ဟွာဝေးကုမ္ပဏီက တရားစွဲ
    အမေရိကန်အစိုးရကို ဟွာဝေးကုမ္ပဏီက တရားစွဲ
    မတ် ၇၊ ၂၀၁၉
    M-Media
    သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဟွာဝေးဥက္ကဌ ဂေါ်ပင် (လယ်)
    – အစိုးရ အဖွဲ့အစည်းတွေ၊ ၀န်ထမ်းတွေနဲ့ ကန်ထရိုက်တာတွေကို ဟွာဝေးပစ္စည်းတွေ အသုံးပြုခွင့်မပေးမှုအတွက် အမေရိကန်အစိုးရကို ဟွာဝေးကုမ္ပဏီက ဒီကနေ့မှာ တရားစွဲဆိုလိုက်ပြီး၊ တရုတ်အစိုးရအတွက် သူလျှိုလုပ်ငန်း လုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တိုက်ဖျက်မှုလည်း ဖြစ်ပါတယ်။
    တရုတ်နိုင်ငံတောင်ပိုင်း ရှန်ဇန်းမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Huawei ဥက္ကဌ ဂေါ်ပင်က အမေရိကန်အစိုးရရဲ့ ဒီလိုပိတ်ပင်မှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တာဖြစ်ကြောင်း မိမိတို့အနေနဲ့ ‘ဘယ်တုန်းကမှ သူလျှိုအလုပ် မလုပ်ခဲ့သလို ဘယ်တော့မှလဲ လုပ်မှာမဟုတ်ဘူး’ လို့ ပြောကြားခဲ့ပါတယ်။
    အမေရိကန်အစိုးရဟာ ဟွာဝေးနဲ့ပတ်သက်ပြီး ပြည်သူတွေကို အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေပြီး စွပ်စွဲချက်တွေအတွက် သက်သေအထောက်အထား ဖော်ပြတာမျိုးလည်း မရှိဘူးလို့ ဂေါ်ပင်က ဆိုပါတယ်။
    ဟွာဝေးနဲ့ အခြား တရုတ် ဆက်သွယ်ရေးလုပ်ငန်း ZTE တို့က ထုတ်လုပ်တဲ့ ပစ္စည်းတွေကို မသုံးစွဲရေး အမိန့်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ပြီး ကာကွယ်ရေးခွင့်ပြုမှုဆိုင်ရာ အက်ဥပဒေ Defense Authorization Act ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
    ဟွာဝေးဟာ သူတို့ရဲ့ ရုံးချုပ်ရှိရာ တက္ကဆက်ပြည်နယ်က အရှေ့ပိုင်းခရိုင် တရားရုံးမှာ အမေရိကန်အစိုးရကို တရားစွဲဆိုခဲ့တာပါ။ တရားစွဲဆိုမှုဖိုင်ထဲမှာ စွပ်စွဲချက်တွေအတွက် ကုမ္ပဏီအနေနဲ့ ခုခံကာကွယ်ပိုင်ခွင့်မရှိဘူးလို့ ထောက်ပြထားပါတယ်။
    ဥပဒေပညာရှင်တွေက ဟွာဝေးရဲ့ အခုလို တရားစွဲမှုဟာ နိုင်ချေမရှိပေမယ့် အမေရိကန်အစိုးရဖက်က ပိတ်ပင်မှုအတွက် အထောက်အထားတွေ ပိုမိုထုတ်ပြဖို့ ဖိအားပေးလိုက်သလို ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
    ဟွာဝေးဟာ ဥရောပနိုင်ငံတစ်ချို့ရဲ့ 5G ကွန်ယက် တည်ဆောက်မှုမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်နေပြီး အမေရိကန်က မဟာမိတ်နိုင်ငံတွေအနေနဲ့ ဟွာဝေးနဲ့ ဆက်ဆံမယ်ဆိုရင် သူတို့နဲ့ဆက်ဆံရေးကို ထိခိုက်မယ်လို့ သတိပေးထားပါတယ်။
    Ref: Aljazeera
  • တောင်တရုတ်ပင်လယ်ကိစ္စ ရှင်းရှင်းလင်းလင်းပြောရန် တရုတ်ကို မဟာသီ တောင်းဆို
    တောင်တရုတ်ပင်လယ်ကိစ္စ ရှင်းရှင်းလင်းလင်းပြောရန် တရုတ်ကို မဟာသီ တောင်းဆို
    မတ် ၇၊ ၂၀၁၉
    M-Media
    – တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်တယ်ဆိုတဲ့ ပြောဆိုချက်ကို တရုတ်နိုင်ငံက တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပြီး ဒါမှသာ ပိုင်ဆိုင်ကြောင်း ပြောနေတဲ့ အခြားနိုင်ငံတွေကလည်း အကျိုးအမြတ် ရရှိခံစားနိုင်မယ်လို့ ဆိုပါတယ်။
    ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ရောက်ရှိနေတဲ့ မဟာသီဟာ ABS-CBN သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း အခုလို ပြောကြားလိုက်တာဖြစ်ပြီး လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ရရေးက ပိုမိုအရေးကြီးတယ်လို့ ဆိုပါတယ်။
    “ရေကြောင်းသွားလာမှုကို ကန့်သတ်တာမျိုး မရှိဘူးဆိုရင် တရုတ်က ပင်လယ်တစ်ခုလုံးကို ပိုင်တယ်ဆိုလည်း ကျွန်တော်တို့အပေါ် ထိခိုက်မှု များများစားစား ရှိမှာ မဟုတ်ပါဘူး”
    အရင်းအမြစ်ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုအတွက် မလေးရှား၊ ဖိလစ်ပိုင်တို့ အပါအ၀င် အာဆီယံနိုင်ငံ တော်တော်များများက တရုတ်နဲ့ အငြင်းပွားနေကြတာပါ။ တရုတ်ကတော့ ပင်လယ်တစ်ခုလုံးဟာ သူတို့ ဘိုးဘွားတွေရဲ့ အမွေအနှစ်ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
    တရုတ်က ပိုင်ဆိုင်ကြောင်း ပြောကြားထားတဲ့ တောင်တရုတ်ပင်လယ်ကို အမေရိကန် စစ်သင်္ဘော ဖြတ်မောင်းတာတွေ ရှိတာကြောင့် တရုတ်နဲ့ အမေရိကန်အကြား တင်းမာမှုတွေလည်း ရှိနေပါတယ်။
    မနီလာကို ရောက်ရှိနေတဲ့ မဟာသီဟာ သမ္မတ ရော်ဒရီဂို ဒူတာတေး၊ အခြား အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ တောင်ပိုင်းက သူပုန်ကိစ္စမှာ မလေးရှားက ကြားဝင် စေ့စပ်ပေးခဲ့မှုအတွက်လည်း ဖိလစ်ပိုင်အစိုးရ မဟာသီကို ကျေးဇူးတင်ကြောင်း ပြောကြားမှာ ဖြစ်ပါတယ်။
    Ref : Aljazeera
  • နတ်ဘုရားနှင့် ဗေဒင်ယတြာတို့ကို မယုံကြည်ရန် တရုတ်ကွန်မြူနစ်ပါတီက ပါတီဝင်များကို ညွှန်ကြား
    နတ်ဘုရားနှင့် ဗေဒင်ယတြာတို့ကို မယုံကြည်ရန် တရုတ်ကွန်မြူနစ်ပါတီက ပါတီဝင်များကို ညွှန်ကြား
    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉
    M-Media
    – ကားလ်မက်စ်နဲ့ လီနင်တို့ရဲ့ အတွေးအခေါ် အယူအဆအတိုင်း လိုက်နာကျင့်သုံးကြဖို့၊ နတ်ဘုရားတွေ၊ ဗေဒင်ယတြာတွေကို မယုံကြည်ကြဖို့နဲ့ လစ်ဘရယ်ဝါဒကို မကျင့်သုံးကြဖို့ အာဏာရ တရုတ်ကွန်မြူနစ်ပါတီက ပါတီဝင်တွေကို သတိပေးလိုက်ပြီး ပါတီစည်းကမ်း ပိုမိုတင်းကြပ်မှု တစ်ခုလည်း ဖြစ်ပါတယ်။
    တရုတ်နိုင်ငံဟာ မူအရ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံထားပေမယ့် ကွန်မြူနစ်ပါတီဝင်တွေကတော့ ဘာသာမဲ့ဖြစ်ရပြီး ဗေဒင်ကိန်းခန်းအပါအ၀င် သဘာဝလွန်စွမ်းအားတွေကို မယုံကြည်ဖို့ တားမြစ် ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်ပိုင်းတစ်ချို့ဟာ ဒီလို ယုံကြည်မှုမျိုးတွေ ရှိတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
    ကွန်မြူနစ်ပါတီရဲ့ အခန်းကဏ္ဍနဲ့ ခေါင်းဆောင်ပိုင်းကို ပိုမို အားကောင်းအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး မနေ့က နိုင်ငံပိုင်သတင်းဌာန Xinhua ရဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ မက်စ်ဝါဒသာလျှင် တရုတ်နိုင်ငံနဲ့ ပါတီကို လမ်းပြပေးမယ့် အယူအဆဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
    “မက်စ်ဝါဒနဲ့ လီနင်ဝါဒတို့ကို မယုံကြည်ဘဲ နတ်ဘုရား၊ ဗေဒင်ယတြာတွေကို ယုံကြည်တာ၊ အမှန်တရားကို မယုံကြည်ဘဲ ငွေကိုသာလျှင် ဦးထိပ်ထားတာမျိုးကို လုံးဝ တားမြစ်ပါတယ်။ မက်စ်ဝါဒကို ပုံဖျက်မှု၊ တစ်လွဲဖွင့်ဆိုမှုနဲ့ ငြင်းဆိုမှု ပုံစံအားလုံးကိုလည်း လုံးဝ ဆန့်ကျင် ကွက်ကွက်ပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။
    မနှစ်က ဂျာမန် ဒဿနပညာရျင် ကားလ်မက်စ်ရဲ့ နှစ် ၂၀၀ ပြည့်အခမ်းအနားမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က မက်စ်ဝါဒရဲ့နိုင်ငံရေးသီအိုရီတွေအတိုင်း ကွန်မြူနစ်ပါတီက လိုက်နာဆောင်ရွက်တာဟာ လုံးဝ မှန်ကန်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ခေတ်သစ် တရုတ်နိုင်ငံကို တည်ထောင်သူ မော်စီတုံးဟာ ၁၉၄၉ ခုနှစ် တော်လှန်ရေးပြီးတဲ့နောက်ပိုင်း ဗေဒင်နက္ခတ် ဟောပြောမှု၊ သဘာဝလွန်စွမ်းအားတွေကို ယုံကြည်မှု စတာတွေကို ပိတ်ပင်ခဲ့ပေမယ့် စီးပွားရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်တွေ နောက်ပိုင်းမှာ ဒီအယူဝါဒတွေက တစ်ကျော့ ပြန်ခေါင်းထောင်လာခဲ့ပါတယ်။
    ရှီကျင့်ဖျင် အာဏာရပြီး ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှာ ခြစားမှုတိုက်ဖျက်ရေးကို စတင်ခဲ့ပြီးတဲ့နောက် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းက လူတစ်ချို့ဟာ ဗေဒင်ယတြာတွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိခဲ့ပါတယ်။
    တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ လုံခြုံရေးအကြီးအကဲဟောင်း ကျိုးယုံခန်း ဗေဒင်သွားမေးတဲ့ကိစ္စဟာ နာမည်ကျော်ခဲ့ပြီး ဗေဒင်ဆရာကို နိုင်ငံတော်လျှို့ဝှက်ချက်တွေ ဖွင့်ပြောခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပါတယ်။
    မနေ့က ထုတ်ပြန်တဲ့ ပါတီရဲ့ ကြေငြာချက်မှာ လူပုဂ္ဂိုလ်ကိုးကွယ်မှု၊ လစ်ဘရယ်ဝါဒ၊ အာဏာခွဲဝေပေးမှု၊ သီးခြားအဖွဲ့အစည်းတွေ ဖွဲ့စည်းမှု စတာတွေကို မပြုလုပ်၊ မကျင့်သုံးကြဖို့ သတိပေးထားပြီး ပါတီဝင်တွေဟာ ပါတီရဲ့ မူဝါဒအတိုင်း သွားရမယ်လို့ ဖော်ပြထားပါတယ်။
    Ref: CNA
  • ၀ီဂါများ၏ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ပေးရန် တရုတ်ကို တူရကီ တောင်းဆို
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media
    – တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေအပေါ် တရုတ်အစိုးရက ညှင်းပမ်းနှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအတွက် စိုးရိမ်မိကြောင်း တူရကီက ပြောကြာလိုက်ပြီး ဘာသာရေးလွတ်လပ်လပ်ခွင့်ကို ကာကွယ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
    ၄ ပတ်တာကြာမြင့် ကုလ လူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည်အစည်းအဝေး ပထမနေ့ဖြစ်တဲ့ ဒီကနေ့မှာ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
    ရှင်ကျန်းပြည်နယ်မှာ တူရကီစကားပြောတဲ့ ၀ီဂါတွေနဲ့ အခြား မွတ်စလင် တစ်သန်းလောက်ကို တရုတ်အစိုးရက အကျဉ်းစခန်းတွေထဲ ပိတ်လှောင်ထားတယ်လို့ ကုလ ကျွမ်းကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောကြားထားပါတယ်။ တရုတ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပြီး အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့အတွက် ပညာပေးမှု လုပ်ဆောင်တာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
    Mevlut Cavusoglu ရဲ့ ဒီကနေ့ မိန့်ခွန်းမှာ တရုတ်မှာရှိနေတဲ့ အကျဉ်းစခန်းတွေအကြောင်း တိုက်ရိုက် ထည့်သွင်းပြောကြားခြင်း မရှိပေမယ့် ရှင်ကျန်းမှာ ၀ီဂါတွေနဲ့ အခြားမွတ်စလင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတဲ့ သတင်းတွေဟာ စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ဆိုပါတယ်။
    အကြမ်းဖက်သမားတွေနဲ့ အပြစ်မဲ့သူတွေကို ခွဲခြားဆောင်ရွက်ဖို့ Cavusoglu က တရုတ်ကို တိုက်တွန်းခဲ့သလို၊ တရုတ် တစ်နိုင်ငံတည်း ပေါ်လစီကို ထောက်ခံတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “ဘာသာရေးလွတ်လပ်ခွင့်အပါအ၀င် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးတွေကို လေးစားဖို့၊ ၀ီဂါနဲ့ အခြားမွတ်စလင်တွေရဲ့ ယဉ်ကျေးမှု အမှတ်သညာတွေကို အပြည့်အ၀ ကာကွယ်ပေးဖို့ တရုတ်အာဏာပိုင်တွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”
    လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံထဲမှာပါဝင်တဲ့ တရုတ်ဟာ တူရကီနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီမှတ်ချက်အတွက် ချက်ခြင်းတုန့်ပြန်မှု မလုပ်သေးပေမယ့် အစည်းအဝေးက ၄ ပတ် ကြာမြင့်မှာဖြစ်တာကြောင့် နောက်ပိုင်းမှာ တုန့်ပြန်လာနိုင်ပါတယ်။
    တရုတ်နိုင်ငံ လူဦးရေး သန်း ၁၄၀၀ မှာ ၀ီဂါလူမျိုးတွေက ၁၀ သန်းလောက်သာရှိပြီး ဗဟိုအစိုးရကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေမယ့် တရုတ်အစိုးရက ၀ီဂါတွေ ခွဲထွက်ရေး လှုပ်ရှားတယ်လို့ စွပ်စွဲကာ ဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။
    Ref: Aljazeera
  • ဆမ်ဆောင်းကိုယှဉ်မည့် Touch Screen ခေါက်ဖုန်းကို ဟွာဝေးထုတ်ပြ
    ဆမ်ဆောင်းကိုယှဉ်မည့် Touch Screen ခေါက်ဖုန်းကို ဟွာဝေးထုတ်ပြ
    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
    M-Media
    Huawei Mate X
    – တရုတ်နာမည်ကြီးဖုန်းကုမ္ပဏီ ဟွာဝေးဟာ သူတို့ရဲ့ ပထမဆုံး 5G Touch Screen ခေါက်ဖုန်းတစ်ခုကို မနေ့က ထုတ်ပြလိုက်ပြီး တန်ဖိုးကတော့ ကန်ဒေါ်လာ ၂၆၀၀ လောက် ရှိမှာ ဖြစ်ပါတယ်။
    Huawei Mate X လို့ အမည်ပေးထားတဲ့ အဲဒီဖုန်းဟာ ခေါက်ထားရင် ၆.၆ လက်မအရွယ် စမတ်ဖုန်းဖြစ်ပြီး ဖြန့်လိုက်မယ်ဆိုရင် ၈ လက်မရှိတဲ့ တက်ဘလက်အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
    “ဒီဖုန်းဟာ ဒီကနေ့ရှိနေတဲ့ 5G အတွက်သာ မဟုတ်ဘဲ၊ အနာဂတ် 5G ကွန်ယက်အတွက်လည်း ဖြစ်ပါတယ်။ လုပ်ဆောင်နိုင်စွမ်း နှိုင်းယှဉ်ပြထားမှုကို ကြည့်ပါ။ မြန်နှုန်းဟာ ကမ္ဘာပေါ်က 5G တွေထဲမှာ အမြန်ဆုံး ဖြစ်ပါတယ်” လို့ ဟွာဝေးလုပ်ငန်းစုဆိုင်ရာ အကြီးအကဲ ရစ်ချက်ယူက ဖုန်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။
    မနေ့က ဘာစီလိုနာမှာ စတင်ပြုလုပ်တဲ့ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းပွဲတော် Mobile World Congress မှာ ဟွာဝေးက Mate X ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
    ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်မှုကုမ္ပဏီဖြစ်တဲ့ Samsung က သူတို့ရဲ့ ပထမဆုံး Touch Screen ခေါက်ဖုန်းကို ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြခဲ့ပြီးတဲ့နောက်ပိုင်း ကမ္ဘာဒုတိယအကြီးဆုံး ဖုန်းကုမ္ပဏီ Huawei ကလည်း ဒီလို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။
    ဆမ်ဆောင်းရဲ့ Galaxy Fold ဟာ ကန်ဒေါ်လာ ၂၀၀၀ ၀န်းကျင်သာ ကျသင့်မှာဖြစ်ပေမယ့် ဟွာဝေးရဲ့ Mate X ကတော့ ဒေါ်လာ ၂၆၀၀ လောက်ကျသင့်မှာပါ။ Galaxy Fold နဲ့ မတူတာက Mate X ဟာ ခေါက်ထားမယ်ဆိုရင် စခရင်ကို နှစ်ဖက်စလုံး အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
    Mate X ကို ၂၀၁၉ ခုနှစ် အလယ်ပိုင်းမှာ ဖြန့်ချီမှာဖြစ်ပြီး ယူက သူတို့ဖုန်းဟာ ၁ ဂီဂါဘိုက်ရှိတဲ့ ရုပ်ရှင်တစ်ကားကို ၃ စက္ကန့်အတွင်း ဒေါင်းလုပ်ဆွဲနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေးပစ္စည်းကုမ္ပဏီဖြစ်တဲ့ Huawei ဟာ ကမ္ဘာ့ 5G ကွန်ယက်ကို ဦးဆောင် ဖန်တီးနေပါတယ်။ ဒါပေမယ့် အမေရိကန်က ဟွာဝေးကုမ္ပဏီဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ စွပ်စွဲထားပါတယ်။
    Ref: CNA