News @ M-Media
Tag: China
  • ဆမ်ဆောင်းကိုယှဉ်မည့် Touch Screen ခေါက်ဖုန်းကို ဟွာဝေးထုတ်ပြ
    ဆမ်ဆောင်းကိုယှဉ်မည့် Touch Screen ခေါက်ဖုန်းကို ဟွာဝေးထုတ်ပြ
    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
    M-Media
    Huawei Mate X
    – တရုတ်နာမည်ကြီးဖုန်းကုမ္ပဏီ ဟွာဝေးဟာ သူတို့ရဲ့ ပထမဆုံး 5G Touch Screen ခေါက်ဖုန်းတစ်ခုကို မနေ့က ထုတ်ပြလိုက်ပြီး တန်ဖိုးကတော့ ကန်ဒေါ်လာ ၂၆၀၀ လောက် ရှိမှာ ဖြစ်ပါတယ်။
    Huawei Mate X လို့ အမည်ပေးထားတဲ့ အဲဒီဖုန်းဟာ ခေါက်ထားရင် ၆.၆ လက်မအရွယ် စမတ်ဖုန်းဖြစ်ပြီး ဖြန့်လိုက်မယ်ဆိုရင် ၈ လက်မရှိတဲ့ တက်ဘလက်အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
    “ဒီဖုန်းဟာ ဒီကနေ့ရှိနေတဲ့ 5G အတွက်သာ မဟုတ်ဘဲ၊ အနာဂတ် 5G ကွန်ယက်အတွက်လည်း ဖြစ်ပါတယ်။ လုပ်ဆောင်နိုင်စွမ်း နှိုင်းယှဉ်ပြထားမှုကို ကြည့်ပါ။ မြန်နှုန်းဟာ ကမ္ဘာပေါ်က 5G တွေထဲမှာ အမြန်ဆုံး ဖြစ်ပါတယ်” လို့ ဟွာဝေးလုပ်ငန်းစုဆိုင်ရာ အကြီးအကဲ ရစ်ချက်ယူက ဖုန်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။
    မနေ့က ဘာစီလိုနာမှာ စတင်ပြုလုပ်တဲ့ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်းပွဲတော် Mobile World Congress မှာ ဟွာဝေးက Mate X ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
    ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်မှုကုမ္ပဏီဖြစ်တဲ့ Samsung က သူတို့ရဲ့ ပထမဆုံး Touch Screen ခေါက်ဖုန်းကို ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြခဲ့ပြီးတဲ့နောက်ပိုင်း ကမ္ဘာဒုတိယအကြီးဆုံး ဖုန်းကုမ္ပဏီ Huawei ကလည်း ဒီလို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။
    ဆမ်ဆောင်းရဲ့ Galaxy Fold ဟာ ကန်ဒေါ်လာ ၂၀၀၀ ၀န်းကျင်သာ ကျသင့်မှာဖြစ်ပေမယ့် ဟွာဝေးရဲ့ Mate X ကတော့ ဒေါ်လာ ၂၆၀၀ လောက်ကျသင့်မှာပါ။ Galaxy Fold နဲ့ မတူတာက Mate X ဟာ ခေါက်ထားမယ်ဆိုရင် စခရင်ကို နှစ်ဖက်စလုံး အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
    Mate X ကို ၂၀၁၉ ခုနှစ် အလယ်ပိုင်းမှာ ဖြန့်ချီမှာဖြစ်ပြီး ယူက သူတို့ဖုန်းဟာ ၁ ဂီဂါဘိုက်ရှိတဲ့ ရုပ်ရှင်တစ်ကားကို ၃ စက္ကန့်အတွင်း ဒေါင်းလုပ်ဆွဲနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေးပစ္စည်းကုမ္ပဏီဖြစ်တဲ့ Huawei ဟာ ကမ္ဘာ့ 5G ကွန်ယက်ကို ဦးဆောင် ဖန်တီးနေပါတယ်။ ဒါပေမယ့် အမေရိကန်က ဟွာဝေးကုမ္ပဏီဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ စွပ်စွဲထားပါတယ်။
    Ref: CNA
  • တရုတ်နှင့်ပတ်သက်သည့် ဆော်ဒီအိမ်ရှေ့မင်းသား၏ရပ်တည်ချက် ဝေဖန်ခံရ
    တရုတ်နှင့်ပတ်သက်သည့် ဆော်ဒီအိမ်ရှေ့မင်းသား၏ရပ်တည်ချက် ဝေဖန်ခံရ
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၉
    M-Media
    – တရုတ်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး၊ အစွန်းရောက်မှု လျှော့ချရေးလုပ်ငန်းတွေကို ထောက်ခံတယ်လို့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပြီး ဒါဟာ ၀ီဂါမွတ်စလင်အတွေအပေါ် တရုတ်ရဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေကို ဆော်ဒီက အားပေးအားမြှောက်ပြုရာ ရောက်တယ်လို့ ဝေဖန်မှုတွေလည်း ပေါ်ထွက်လာပါတယ်။
    အာရှခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဘင် ဆလ်မန်ဟာ သောကြာနေ့က ဘေဂျင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အိမ်ရှေ့မင်းသားဟာ တရုတ်ကို မလာခင် ပါကစ္စတန်ကို သွားရောက်ခဲ့ပြီး နောက်ပိုင်းမှာ အိန္ဒိယကို သွားရောက်ဖို့လည်း ရှိပါတယ်။
    ရှီနဲ့ တွေ့ဆုံမှုအတွင်း ဘင် ဆလ်မန်က တရုတ်နဲ့ ဆော်ဒီတို့အကြား ပြဿနာကင်းတဲ့ ဆက်ဆံရေးအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး တရုတ်သမ္မတကလည်း အစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်လို့ Xinhua သတင်းဌာနက ဖော်ပြပါတယ်။
    တရုတ်နိုင်ငံမှာ ကိုယ်ပိုင်ကာကွယ်ပိုင်ခွင့်၊ အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ အစွန်းရောက်မှုလျှော့ချရေး လုပ်ဆောင်ပိုင်ခွင့်တွေ ရှိတယ်ဆိုတာကို ဆော်ဒီက အလေးထားကြောင်း အိမ်ရှေ့မင်းသားက ရှီကျင့်ဖျင်ကို ပြောကြားခဲ့ပါတယ်။
    ဝေဖန်ခံရ
    နိုင်ငံအနောက်ပိုင်းက တူရကီစကားပြော ၀ီဂါမွတ်စလင်တွေကို တရုတ်က တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းထားတာ၊ ဖိနှိပ်ချုပ်ချယ်တာတွေ လုပ်ဆောင်နေတယ်လို့ ကုလနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ပြောကြားမှု၊ ကမ္ဘာ့မီဒီယာတွေက ဖော်ထုတ်တင်ပြမှုကြောင့် တရုတ်ဟာ ဖိအားတွေရဲ့ ရင်ဆိုင်နေရတာပါ။
    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အခုရပ်တည်ချက်ကို တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ပြီး ဗြိတိန်က မွတ်စလင်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်က်ဒက် ဗာစီက ဘင် ဆလ်မန်ရဲ့ ဒီပြောကြားမှုဟာ စက်ဆုပ်ဖွယ်ရာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
    ဂျာမနီအခြေစိုက် ကမ္ဘာ့ဝီဂါကွန်ဂရက်ကလည်း မင်းသားဟာ ၀ီဂါတွေ ဖမ်းဆီးထိန်းသိမ်းခံရမှုကို စိုးရိမ်ကြောင်း ပြောကြားရမယ့်အစား တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ အလိုတူအလိုပါအဖြစ် ပါဝင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera
  • စပိုင်လုပ်သည်ဟု သတင်းထွက်နေသည့် Huawei ကို ကြောက်စရာမလိုကြောင်း ဗြိတိန် သုံးသပ်
    စပိုင်လုပ်သည်ဟု သတင်းထွက်နေသည့် Huawei ကို ကြောက်စရာမလိုကြောင်း ဗြိတိန် သုံးသပ်
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉
    M-Media
    The Huawei logo is pictured outside their research facility in Ottawa, Ontario, Canada, February 14, 2019. REUTERS/Chris Wattie
    – 5G ကွန်ယက် စီမံကိန်းမှာ ဟွာဝေးကုမ္ပဏီက ပစ္စည်းတွေကို အသုံးပြုမှုကနေ ဖြစ်လာနိုင်မယ့် လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေကို လျှော့ချနိုင်တယ်လို့ ဗြိတိန်အစိုးရက သုံးသပ်ခဲ့ကြောင်း Financial Times သတင်းစာက မနေ့မှာ ဖော်ပြလိုက်ပါတယ်။
    တရုတ် ဆက်သွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ ဟွာဝေးနဲ့ ZTE တို့ဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲပြောကြားခဲ့ပြီးတဲ့နောက် ဗြိတိန် အမျိုးသား ဆိုက်ဘာ လုံခြုံရေးစင်တာ NCSC က ဟွာဝေးပစ္စည်း အသုံးပြုမယ့် ကိစ္စအတွက် သုံးသပ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
    ဥရောပနိုင်ငံတွေအနေနဲ့ ဗြိတိသျှအစိုးရရဲ့ အကြံပြုချက်တွေကို လိုက်နာသမျှ ကာလပတ်လုံး ဆက်သွယ်ရေးကုမ္ပဏီတွေ တရုတ်ပစ္စည်းအသုံးပြုတဲ့အပေါ် အလွန်အမင်းစိုးရိမ်စရာမလိုဘဲ ဗြိတိန်အနေနဲ့ ဖြစ်လာနိုင်တဲ့ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေကို လျှော့ချနိုင်တယ်လို့ NCSC က သုံးသပ်ခဲ့ကြောင်း ဒီကိစ္စနဲ့ နီးစပ်တဲ့ ရင်းမြစ်တစ်ခုက Financial Times ကို ပြောကြားခဲ့ပါတယ်။
    တရုတ်အစိုးရအတွက် သူလျှိလုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဟွာဝေးက ငြင်းဆိုထားပါတယ်။
    ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲက 5G ကွန်ယက်တည်ဆောက်ရေး စီမံကိန်းမှ ကုမ္ပဏီတစ်ခုတည်းကို မှီခိုရတာမျိုးမဖြစ်အောင် မိမိတို့ ဆောင်ရွက်သွားမှာ ဖြစ်ပေမယ့် ဟွာဝေးကုမ္ပဏီကိစ္စမှာ အလွန်အမင်း စိုးရိမ်ရမယ့်အနေအထားမျိုး မရှိဘူးလို့ အခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
    ဟွာဝေးတည်ထောင်သူရဲ့ သမီးဖြစ်ပြီး ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအကြီးအကဲလည်းဖြစ်တဲ့ မန်ဝမ်ကျိုးကို ကနေဒါက ဒီဇင်ဘာမှာ ဖမ်းဆီးခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုကို ချိုးဖောက်ကာ အီရန်နဲ့ ဆက်သွယ်ခဲ့တဲ့အတွက် ဇန်န၀ါရီမှာ အမေရိကန်က တရားစွဲဆိုခဲ့ပါတယ်။ မန်ဝမ်ကျိုးကို ကနေဒါက အမေရိကန်ထံ လွှဲပြောင်းပေးဖို့ ရှိနေပါတယ်။
    NCSC က ဟွာဝေးရဲ့ နည်းပညာနဲ့ လုံခြုံရေးလုပ်ဆောင်နိုင်စွမ်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း အစောပိုင်းက ပြောကြားထားပေမယ့် Financial Times ရဲ့ မနေ့က ဖော်ပြချက်အတွက် တုန့်ပြန်တာမျိုး မရှိသေးပါဘူး။
    Ref: Reuters
  • ၀ီဂါများအပေါ် တရုတ်က ဖိနှိပ်ချုပ်ချယ်နေမှုကို တူရကီဝေဖန်
    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၉
    M-Media
    – နိုင်ငံအနောက်ပိုင်းက ၀ီဂါမွတ်စလင်တွေအပေါ် တရုတ်က ဖိနှိပ်ချုပ်ချယ်နေမှုဟာ ‘လူသားဝါဒအတွက် အလွန်အင်မတန် ရှက်စရာကိစ္စကြီးတစ်ခု’ ဖြစ်တယ်လို့ တူရကီက ရှုတ်ချလိုက်ပြီး အကျဉ်းစခန်းတွေကို ပိတ်ပစ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
    မနေ့က ထုတ်ပြန်တဲ့ကြေငြာချက်မှာ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟာမီ အက်ဆွိုင်က တရုတ်နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ တာ့က်အနွယ်ဝင် ၀ီဂါမွတ်စလင်တွေဟာ ‘စနစ်တကျ ၀ါဒသွတ်သွင်းခံရမှု’ နဲ့ ရင်ဆိုင်နေရပြီး၊ ၀ီဂါ တစ်သန်းကျော်ကို အကျဉ်းစခန်းတွေထဲမှာ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းထားကို ကမ္ဘာကြီးက သိရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “၀ီဂါတာ့က်တွေရဲ့ အခြေခံလူ့အခွင့်အရေးကို အလေးထားဖို့နဲ့ အကျဉ်းစခန်းတွေကို ပိတ်သိမ်းဖို့အတွက် တရုတ်အာဏာပိုင်တွေကို ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်”
    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ နေထိုင်တဲ့ ၀ီဂါလူမျိုး ၁၀ သန်းလောက်ဟာ တရုတ်အစိုးရရဲ့ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ စီးပွားရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုကို ဆယ်စုနှစ်ချီ ခံစားနေရပြီး၊ ဘာသာရေးဖိနှိပ်မှုကိုလည်း ခံစားနေရပါတယ်။
    တရုတ်အစိုးရက ၀ီဂါလူမျိုးတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုဟာ အခုနှစ်ပိုင်းမှာ ကမ္ဘာသတင်းတွေရဲ့ ခေါင်းကြီးပိုင်းကို ရောက်လာခဲ့ပါတယ်။
    ကုလပညာရှင်တွေက တူရကီစကားပြော ၀ီဂါလူမျိုး တစ်သန်းကျော်လောက်ကို တရုတ်အစိုးရက ပြန်လည်ပြုပြင်ရေးစခန်းလို့ အမည်တပ်ထားတဲ့ နေရာတွကို ပို့ဆောင်ပြီး အစ္စလာမ်ကိုအတင်းအဓမ္မ စွန့်လွှတ်ခိုင်းတယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းတွေ ရရှိထားတယ်လို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့လမှာ တရုတ်က အစ္စလာမ်သာသနာကို နောက်ထပ် ၅ နှစ်အတွင်း တရုတ်ဇာတ်သွင်းရေး ရည်ရွယ်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းခဲ့ပါတယ်။
    တူရကီသမ္မတ အာဒိုဂန်က တရုတ်ဟာ လူမျိုးတုန်းသတ်ဖြတ်နေတယ်လို့ တစ်ချိန်က ပြောကြားဖူးပေမယ့် တရုတ်နဲ့ သံတမန်ရေး၊ စီးပွာရေးဆက်ဆံမှု နီးကပ်အောင် ပိုမိုဆောင်ရွက်လာပါတယ်။ ကမ္ဘာတစ်ဝှမ်း အစ္စလာမ်ဘာသာဝင်များစုရှိရာ နိုင်ငံတွေက ၀ီဂါကိစ္စကို သိရှိကြပေမယ့် အဓိကကုန်သွယ်ရေးမိတ်ဖက်ဖြစ်တဲ့ တရုတ်အစိုးရကို ဝေဖန်မှု မရှိပါဘူး။
    Ref: Aljazeera
  • ၀က်သားလျှော့စားပြီး ကမ္ဘာကြီးကိုထိန်းသိမ်းရန် တရုတ်လူမျိုးများကို ပညာရှင်များ တိုက်တွန်း
    ဖေဖော်ဝါရီ ၄၊ ၂၀၁၉
    M-Media
    – ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ တရုတ်လူမျိုးတွေအနေနဲ့ ၀က်သားလျှော့စားပြီး ကမ္ဘာကြီးကို ကာကွယ်ဖို့ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပြီး ‘၀က်နှစ်’ နှစ်သစ်ကူးကာလနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီသတိပေးမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ၀က်သားစားသုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဝက်သားစားသုံးမှုရဲ့ တစ်ဝက်လောက် ရှိနေပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ အဓိကအကြောင်းအရင်းက ကာဘွန်ထုတ်လွှတ်မှု မြင့်တက်လာတာဖြစ်ပြီး အသားထုတ်လုပ်မှုလုပ်ငန်းဟာ ကမ္ဘာ့ကာဘွန်ထုတ်လုပ်မှုမှာ ၁၄.၅ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
    တရုတ်နိုင်ငံဟာ ကမ္ဘာ့ ကာဘွန်ထုတ်လုပ်မှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။
    “တရုတ်လူမျိုးတွေ ၀က်သားကို အခုထက် တစ်ဝက်လောက် လျှော့စားမယ်ဆိုရင် လာမယ့် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံဟာ ကာဘွန်ထုတ်လွှတ်မှုကို ၁၀ ရာခိုင်နှုန်းလောက် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ‘၀က်နှစ်’ ကို ဂုဏ်ပြုတဲ့အနေနဲ့ ၀က်သားကို လျှော့စားကြပါ” လို့ အမေရိကန်အခြေစိုက် WildAid အဖွဲ့က တရုတ်နိုင်ငံဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ဒါရိုက်တာ ယန်လင်က ပြောကြားခဲ့ပါတယ်။
    တရုတ်လူမျိုးတွေရဲ့ ပြက္ခဒိန်မှာ လ ၁၂ လကို တိရစ္ဆာန်တစ်ကောင်စီနဲ့ အမှတ်သညာပြုထားပြီး အင်္ဂါနေ့မှာ စတင်ကျရောက်မယ့် နှစ်သစ်က ၀က်နှစ်ဖြစ်ပါတယ်။ တရုတ်ရိုးရာယဉ်ကျေးမှုအရ ၀က်နှစ်မှာ ၀က်သားကိုရှောင်မယ်ဆိုရင် ပိုပြီး ကံကောင်းတယ်လို့ ယူဆထားပါတယ်။
    တရုတ်နိုင်ငံက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Weibo မှာ တိရစ္ဆာန်အခွင့်အရေးအဖွဲ့ PETA က ၀က်သားလျှော့စားရေး လှုပ်ရှားမှုကို ဆောင်ရွက်နေပါတယ်။
    “အသားထုတ်လုပ်မှုကထွက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ဟာ ကမ္ဘာပေါ်က သယ်ယူပို့ဆောင်ရေးလုပ်ငန်းအားလုံးပေါင်းကထွက်တဲ့ ပမာဏထက်ကို ပိုပါတယ်” လို့ PETA က အာရှဆိုင်ရာ ဆော်သြရေးမှူး ဂျေဆန် ဘိတ်ကာက ပြောကြားခဲ့ပါတယ်။
    ၂၀၁၆ ခုနှစ်မှာ တရုတ်အစိုးရက အစားအသောက်အကြံပြုချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ပြည်သူတွေကို အသားလျှော့စားဖို့ တိုက်တွန်းထားပါတယ်။
    ဒါပေမယ့် တရုတ်နိုင်ငံမှာ ၀က်သားစားသုံးမှုဟာ ကြွယ်ဝမှု အဆင့်အတန်းတွေနဲ့ပါ သက်ဆိုင်နေတာကြောင့် အချိန်တိုတိုအတွင်း စားသုံးမှုလျှော့ချဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
    Ref: Reuters