News @ M-Media
Tag: China
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၁၉၊ ၂၀၁၈
    M-Media
    ပြီးသည့်လအတွင်း ကင်ဂျုံအွန်နှင့် တရုတ်သမ္မတတို့ တွေ့ဆုံမှု
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တရုတ်ပြည်ကို ၃ ကြိမ်မြောက်လာမည်
    =============
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ တရုတ်နိုင်ငံကို ဒီကနေ့မှာ လာရောက်လည်ပတ်ပြီး ၂ ရက်တာ နေထိုင်သွားမယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာန CCTV က ဖော်ပြပါတယ်။ ရောက်နေပြီလား၊ မရောက်သေးဘူးလား ဆိုတာ တိတိကျကျ မသိရပါဘူး။ ဒါဟာ ကင်ဂျုံအွန်အနေနဲ့ မတ်လကတည်းက တရုတ်ြ
    ပည်ကို ၃ ကြိမ်မြောက် လာရောက်မှုလည်း ဖြစ်ပါတယ်။ တရုတ်ဟာ အရင်က ကင်ဂျုံအွန် ပြန်သွားပြီးမှ သတင်းထုတ်ပြန်လေ့ရှိတာပါ။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကလည်း သူတို့ရဲ့ ပူးပါင်း စစ်ရေးလေ့ကျင့်မှုကို ရပ်တန့်မယ်လို့ မနေ့မှာ ကြေငြာခဲ့ပါတယ်။
    အီရန်သူလျှိုလုပ်မှုအတွက် အစ္စရေးက ၀န်ကြီးဟောင်းကို တရားစွဲ
    ============
    အီရန်နိုင်ငံအတွက် သူလျှိုလုပ်ပေးတယ်လို့ စွပ်စွဲပြီး စွမ်းအင်ဝန်ကြီးဟောင်း ဂိုနန် ဆီဂဗ်ကို အစ္စရေးက ဖမ်းဆီးတရားစွဲဆိုလိုက်ပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံမှာ နေထိုင်နေတဲ့ ဆီဂဗ်ဟာ ဂီနီနိုင်ငံကို လာရောက်စဉ်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ သူဟာ အရင်က မူးယစ်ဆေး တရားမ၀င်တင်သွင်းမှုနဲ့ ထောင်ကျခဲ့ဖူးသူပါ။
    အစ္စရေးက စွမ်းအင်ဈေးကွက်၊ လုံခြုံရေးဆိုင်ရာ နေရာတွေနဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက်တွေကို အီရန်ဟာ ဆီဂဗ်ကနေတစ်ဆင့် ထောက်လှမ်းခဲ့တယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။
    ဆီးရီးယားနယ်စပ်မြို့တွင် ကန်-တူရကီ ပူးပေါင်းကင်းလှည့်
    =============
    ဆီးရီးယားနိုင်ငံမြောက်ပိုင်းက မန်ဘစ်ဂ်ျမြို့ရဲ့ မြို့ပြင်မှာ အမေရိကန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကင်းလှည့်မှုတွေ လုပ်နေတယ်လို့ တူရကီစစ်တပ်က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဆီရီးယားနိုင်ငံက ကာ့ဒ်တပ်ဖွဲ့ YPG ကို တူရကီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ YPG တွေသိမ်းထားတဲ့ နယ်စပ်က အက်ဖရင်မြို့ကို တူရကီက ပြီးခဲ့နှစ်နှောင်းပိုင်းမှာ ကျူကျော်သိမ်းပိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မန်ဘစ်ဂ်ျမြို့ကိုပါ သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး YPG ကို ပံ့ပိုးပေးမှုအတွက် အမေရိကန်တပ်ဖွဲ့တွေကိုလည်း ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။ အခုတော့ မန်ဘစ်ဂ်ျမှာတပ်စွဲထားတဲ့ YPG တပ်ဖွဲ့တွေ ဆုတ်ခွာပေးဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။
    မနေ့က ဂျပန်ငလျင်ကြောင့် သေဆုံးသူ ၄ ဦးအထိရှိလာ
    ===========
    မနေ့က ဂျပန်နိုင်ငံ အိုဆာကာမှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သေဆုံးသူဟာ ၄ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရသူကလည်း ၃၈၀ လောက် ဖြစ်လာတယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူတွေဟာ အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၈၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၈၀ နဲ့ ၈၄ နှစ်အရွယ် အမျိုးသားနှစ်ဦးတို့ ဖြစ်ကြပြီး အားလုံးဟာ ငလျင်ကြောင့် ပြိုကျတဲ့ပစ္စည်းတွေ ပိမိလို့ သေဆုံးတာ ဖြစ်ပါတယ်။ အစိုးရဟာ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပြီး ငလျင်ကြောင့် ပျက်ဆီးသွားတဲ့ ရေပိုက်လိုင်းတွေ၊ ဓာတ်ငွေ့ပိုက်လိုင်းတွေကိုလည်း ပြင်ဆင်နေပါတယ်။
    Ref: Aljazeera, CNA
  • အမေရိကန်ရေတပ်လျှို့ဝှက်ချက်များကို တရုတ်က ဖောက်ထွင်းရယူ
    အမေရိကန်ရေတပ်လျှို့ဝှက်ချက်များကို တရုတ်က ဖောက်ထွင်းရယူ
    ဇွန် ၉၊ ၂၀၁၈
    M-Media
    – တရုတ်ဟက်ကာတွေဟာ အမေရိကန်ရေတပ်အတွက် အလုပ်လုပ်ပေးနေတဲ့ လုပ်ငန်းတစ်ခုကနေ ၆၀၀ ဂီဂါဘိုက်လောက်ရှိတဲ့ အချက်အလက်တွေကို ဖောက်ထွင်းရယူသွားတယ်လို့ အမေရိကန်တာဝန်ရှိသူတွေကို ကိုးကားပြီး အမေရိကန်သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
    ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလအတွင်း တရုတ်ဟက်ကာတွေက အမေရိကန် ရေငုပ်သင်္ဘောနဲ့ ရေအောက်လက်နက်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ကုမ္ပဏီဆီကနေ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးကျည် ထုတ်လုပ်ရေး လျှို့ဝှက်အစီအစဉ် အချက်အလက်တွေကို ရယူသွားကြောင်း၊ အဲဒီကန်ထရိုက်က အချက်အလက်တွေကို လုံခြုံမှုမရှိတဲ့ ကွန်ယက်မှာ ထားခဲ့ကြောင်း၊ တာဝန်ရှိသူတွေက ဒီအချက်အလက်တွေဟာ ထိပ်တန်းလျှို့ဝှက်ချက်တွေဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ၀ါရှင်တန်ပို့စ်သတင်းဌာနက မနေ့မှာ ဖော်ပြပါတယ်။
    နယူးယောက်တိုင်းမ်စ်သတင်းဌာနက ပေါက်ကြားသွားတဲ့ အချက်အလက်တွေဟာ ထိပ်တန်းလျှို့ဝှက် အချက်အလက်တွေမဟုတ်ဘူးလို့ ဆိုပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်ပြီး မီဒီယာနှစ်ခုစလုံးဟာ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေထံကနေ သိရှိခဲ့ရတာ ဖြစ်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ကုမ္ပဏီရဲ့အမည်ကိုလည်း သူတို့က ပြောကြားခဲ့ခြင်း မရှိပါဘူး။
    လက်ရှိမှာ အမေရိကန်ရေတပ်နဲ့ FBI တို့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း သူတို့က ဆိုပါတယ်။
    အမေရိကန်နိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက ဒီဆိုက်ဘာတိုက်ခိုက်မှုနဲ့ပတ်သက်လို့ သူတို့ ဘာမှမသိရှိကြောင်း၊ တရုတ်အစိုးရဟာ ဆိုက်ဘာလုံခြုံရေးကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ပြီး ဘယ်လို ဆိုက်ဘာတိုက်ခိုက်မှုမျိုးကို မဆို ဥပဒေအရ ဆန့်ကျင်တိုက်ဖျက်နေကြောင်း Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    တရုတ်ဟာ ဆိုက်ဘာတိုက်ခိုက်နိုင်စွမ်း ကြီးမားတဲ့ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ကာကွယ်ရေးသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအပါအ၀င် သူတို့ရဲ့ အစိုးရကွန်ယက်တွေကို တရုတ်က ဖောက်ထွင်းခဲ့တယ်လို့ ၂၀၁၁ ခုနှစ်မှာ ကနေဒါက စွပ်စွဲခဲ့ပါတယ်။
    အမေရိကန် အစိုးရရှေ့နေတွေကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်နဲ့ ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၅ ဦးကို စီးပွားရေးလျှို့ဝှက်ချက်တွေ ဖောက်ထွင်းရယူမှုနဲ့ ၂၀၁၄ ခုနှစ်မှာ တရားစွဲဆိုခဲ့ဖူးပါတယ်။
    Ref: Aljazeera
  • တောင်တရုတ်ပင်လယ်ကိစ္စ ၀င်မစွက်ရန် အမေရိကန်ကို တရုတ်သတိပေး
    တောင်တရုတ်ပင်လယ်ကိစ္စ ၀င်မစွက်ရန် အမေရိကန်ကို တရုတ်သတိပေး
    ဇွန် ၃၊ ၂၀၁၈
    M-Media
    တရုတ်စစ်သားများ
    – အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မာတစ်ဟာ တာဝန်မဲ့တဲ့စကားတွေ ပြောဆိုပြီး၊ မိမိတို့နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စကို ၀င်ရောက်စွက်ဖက်တယ်လို့ တရုတ်ဗိုလ်ချုပ်တစ်ဦးက ဝေဖန်ပြောဆိုလိုက်ပါတယ်။
    စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ရှန်ဂရီလာဆွေးနွေးပွဲမှာ မာတစ်က တောင်တရုတ်ပင်လယ် အငြင်းပွား ရေပိုင်နက်တွေမှာ တရုတ်က သြဇာလွှမ်းမိုးအောင် လုပ်ဆောင်မှုတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်တုန့်ပြန်သွားမယ်လို့ သောကြာနေ့က ပြောကြားခဲ့တာပါ။
    ဆွေးနွေးပွဲကို တက်ရောက်လာခဲ့တဲ့ တရုတ်စစ်တပ်က ဗိုလ်ချုပ် ဟီလေက မာတစ်ရဲ့ ဒီလို တာဝန်မဲ့တဲ့စကားတွေကို လက်သင့်မခံနိုင်ဘူးလို့ သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခြားနိုင်ငံတွေက အသံထွက်ဖို့ ကြိုးစားမှုဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကိစ္စကို ၀င်ရောက်စွက်ဖက်မှုလို့ပဲ ကျွန်တော်တို့ ရှုမြင်ပါတယ်”
    မာတစ်က တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ ပေါ်လစီဟာ သူတို့ရဲ့ ပွင့်လင်းတဲ့ မဟာဗျူဟာ ကတိကတ်ဝတွေနဲ့ ဆန့်ကျင်နေပြီး၊ ခြိမ်းခြောက်တာ အကြပ်ကိုင်တာမျိုးတွေကိုလည်း တရုတ်က လုပ်နေကြောင်း၊ ဒါ့ကြောင့် ဒီလိုလုပ်ရပ်တွေဟာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။
    ဗိုလ်ချုပ် ဟီလေကတော့ အငြင်းပွားနေတဲ့ ကျွန်းတွေအားလုံးဟာ သူတို့အပိုင်သာဖြစ်ပြီး သမိုင်းနဲ့ချီ သက်သေပြလို့ရကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    “စစ်သားတွေ တပ်စွဲထားတာ၊ လက်နက်တွေ ချထားတာတွေနဲ့ပတ်သက်လို့ ဘာမှ ငြင်းစရာမလိုပါဘူး။ ဒါဟာ တရုတ်ရဲ့ အချုပ်အခြာပိုင်စိုးမှု ပြယုဂ်တစ်ခု ဖြစ်ပါတယ်”
    အမေရိကန်ဟာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အသုံးချပြီး တောင်တရုတ်ပင်လယ်မှာ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတယ်လို့လည်း ဗိုလ်ချုပ်ဟီလေက တန်ပြန်စွပ်စွဲခဲ့ပါတယ်။
    Ref: RT
  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    မေ ၃၀၊ ၂၀၁၈
    M-Media
    သက်တော်စောင့်အဖွဲ့ကို နှုတ်ဆက်နေသည့် နာဂျစ်
    ကုန်သွယ်ရေးကိစ္စ အမေရိကန်၏ ရပ်တည်ချက်ကို တရုတ်ရှုတ်ချ
    ================
    တရုတ်နိုင်ငံကတင်သွင်းတဲ့ပစ္စည်းတွေကို ဒေါ်လာ ၅၀ ဘီလီယံဖိုးလောက် အခွန်ကောက်မယ်ဆိုတဲ့ကိစ္စ ဆက်လုပ်ဖို့ရှိတယ်လို့ မနေ့က အမေရိကန်ရဲ့ပြောကြားမှုကို တရုတ်က ဒီကနေ့မှာ ရှုတ်ချလိုက်ပြီး အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲဖြစ်ဖို့ မီးမွှေးရင် တုန့်ပြန်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ကုန်သွယ်ရေးတင်းမာမှုနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့အတွက် တရုတ်နဲ့ အမေရိကန်တို့ဟာ အခုလအစောပိုင်းမှာ သဘောတူခဲ့ကြကာ ဒီကိစ္စကို ဆွေးနွေးဖို့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ၀ီလ်ဘာရ် ရို့စ် ဦးဆောင်တဲ့အဖွဲ့ဟာ ဘေဂျင်းကို သွားရောက်ဖို့ ရှိနေပါတယ်။
    ============
    Starbucks က ၀န်ထမ်းတစ်သိန်းကျော်ကို လူမျိုးရေးအသိပညာပေးမှု ပြုလုပ်
    ================
    အမေရိကန်က နာမည်ကျော်ကော်ဖီဆိုင် Starbucks ဟာ နိုင်ငံတစ်ဝှမ်းက ဆိုင်ခွဲပေါင်း ၈၀၀၀ လောက်ကို မနေ့က ခေတ္တပိတ်ပစ်ခဲ့ကာ ၀န်ထမ်း ၁၇၅၀၀၀ ကို လူမျိုးရေးဆိုင်ရာ စောင့်ထိန်းရမယ့် တာဝန်တွေ၊ ၀တ္တရားတွေအကြောင်း အသိပညာပေးခဲ့ပါတယ်။ ဧပြီလ ၁၂ ရက်နေ့ ဖီလာဒဲလ်ဖီးယားက Starbucks ကော်ဖီဆိုင်မှာ ဘာမှမမှာဘဲထိုင်နေတဲ့ လူမည်းနှစ်ယောက်ကို မန်နေဂျာက ရဲခေါ်ဖမ်းခိုင်းမှုကြောင့် လူမျိုးရေးခွဲခြားတဲ့ ဒီလုပ်ရပ်အတွက် တစ်နိုင်ငံလုံးက ဝေဖန်ရှုတ်ချခဲ့ပါတယ်။ ဒါပေမယ့် အခုလို အသိပညာပေးမှုက နိုင်ငံတစ်ဝှမ်းမှာ မြင့်တက်လာတဲ့ လူဖြူကြီးစိုးရေးဝါဒကို အမှန်တကယ် ဖြေရှင်းနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။
    ပူတင်ကိုဝေဖန်သည့် ရုရှားဂျာနယ်လစ်တစ်ဦး ယူကရိန်းတွင် အသတ်ခံရ
    ================
    သမ္မတ ဗလာဒီမီရ်ပူတင်ကို ဝေဖန်လေ့ရှိတဲ့ ရုရှားက ထင်ရှားတဲ့ဂျာနယ်လစ် အာကာဒီ ဘာ့ဘ်ချန်ကိုဟာ မနေ့က ယူကရိန်းမြို့တော် ကိဗ်က သူ့နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရပါတယ်။ ဘာ့ဘ်ချန်ကိုဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ရုရှားနိုင်ငံကနေ ထွက်လာခဲ့တာဖြစ်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့်လို့ ပြောကြားခဲ့ပါတယ်။ ယူကရိန်းရဲတပ်ဖွဲ့ကတော့ ဒီလုပ်ကြံသတ်ဖြတ်မှုဟာ သူလုပ်ကိုင်တဲ့အလုပ်နဲ့ ပတ်သက်မယ်လို့ယူဆကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: CNA, Aljazeera
  • ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့မှ ဆင်းတုတော်များ တည်ထားမှုကို တရုတ် ကန့်သတ်မည်
    ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့မှ ဆင်းတုတော်များ တည်ထားမှုကို တရုတ် ကန့်သတ်မည်
    မေ ၂၈၊ ၂၀၁၈
    M-Media
    တရုတ်နိုင်ငံမှ ဗုဒ္ဓဆင်းတုတော်တစ်ဆူ
    – ဗုဒ္ဓဘာသာ၊ တာအိုဘာသာတို့နဲ့ပတ်သက်တဲ့ ဆင်းတုတော်ကြီးတွေ တည်ထားကိုးကွယ်မှုကို ပိုမိုတင်းကြပ်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီက ပြည်နယ်အစိုးရတွေကို အမိန့်ပေးလိုက်ပြီး ဘာသာတရားကိုဗန်းပြကာ စီးပွားရှာနေမှုကို တားဆီးဖို့ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။
    တရုတ်အစိုးရဟာ ဘာသာတရားတွေကို နှိပ်ကွပ်ရာမှာ နာမည်ကျော်ပြီး ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတွေက ဒီဒဏ်ကို အများဆုံး ခံစားနေရပါတယ်။
    ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာတို့ဟာ တရုတ်နိုင်ငံရဲ့ တရားဝင်အသိအမှတ်ပြုမှုကို ခံထားရတဲ့ ဘာသာတွေဖြစ်ပြီး နိုင်ငံတစ်ဝှမ်း စေတီပုထိုး၊ ဘုရားကျောင်းကန်၊ ရုပ်တုဆင်းတုတော်ပေါင်း ထောင်ချီ ရှိနေပါတယ်။
    တရုတ်ကွန်မြူနစ်ပါတီ CPC ကိုတည်ထောင်သူ မော်စီတုန်းလက်ထက် ယဉ်ကျေးမှုတော်လှန်ရေး (၁၉၆၆-၇၆) အတွင်း ဒီဘာသာတရားနှစ်ခု အပါအ၀င် တရုတ်နိုင်ငံက ဘာသာတရားတွေအားလုံးဟာ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခြင်း ခံခဲ့ရပါတယ်။
    ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာတို့ကို ဗန်းပြကာ စီးပွားရှာနေမှုကို ထိန်းချုပ်ရာမှာ တရုတ်လူ့အဖွဲ့အစည်းဟာ တစ်သဘောတည်းဖြစ်ပေမယ့် ဆက်လက်ရှိနေဆဲ စိန်ခေါ်မှုတွေအကြောင်း CPC လက်အောက်က United Front Work Department (UFWD) ဌာနဟာ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးခဲ့ပြီး အသစ်ထပ်ဆောက်မယ့် ရုပ်ထု၊ ဆင်းတုတော်တွေကို ပိုမိုတင်းကြပ်ဖို့အတွက် ပြည်နယ်အစိုးရတွေကို ညွှန်ကြားခဲ့ကြောင်း တရုတ် ကွန်မြူနစ်ပါတီရဲ့ အာဘော်သတင်းစာ Global Times က ဖော်ပြခဲ့ပါတယ်။
    ပြီးခဲ့တဲ့လ တရုတ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ စက္ကူဖြူစာတမ်း (White Paper) မှာ ဗုဒ္ဓဘာသာဝင်ဟာ သန်း ၂၀၀ ရှိကြောင်း ဖော်ပြထားပြီး နိုင်ငံက အဓိကဘာသာတရားတွေဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ အစ္စလာမ်နဲ့ ခရစ်ယာန် (ကက်သလစ်နှင့် ပရိုတက်စတင့်) ဘာသာတို့မှာ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် ၃ သိန်း ၈သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။
    နိုင်ငံတော်အဆင့် အဖွဲ့အစည်း ၇ ခုအပါအ၀င် နိုင်ငံအတွင်း ဘာသာရေးအုပ်စု ၅၅၀၀၊ ဗုဒ္ဓဘာသာ ဘုရားကျောင်း ၃၃၅၀၀၊ တာအိုဘုရားကျောင်း ၉၀၀၀ အပါအ၀င် တရားဝင် ဘာသာရေးအဆောက်အဦး ၁၄၄,၀၀၀ ရှိတယ်လို့လည်း ဆိုပါတယ်။
    ပြင်ပမှာ ရုပ်ထုဆင်းတုကြီးတွေ တည်ထားကိုးကွယ်မှုအပေါ် ထိန်းချုပ်နိုင်ဖို့၊ ဘာသာတရားတွေကို အခြေပြုပြီး စီးပွားရှားနေတာတွေကို တားဆီးဖို့အတွက် သီးသန့်အစီအစဉ်တွေ၊ အချိန်ဇယားတွေ ရေးဆွဲလုပ်ဆောင်သွားရေး ထိပ်တန်းဦးစားပေးဖို့လည်း UFWD ကို ကွန်မြူနစ်ပါတီက ညွှန်ကြားခဲ့ပါတယ်။
    ဘေဂျင်း Minzu တက္ကသိုလ်က ပါမောက္ခဖြစ်သူ ရှုံကွေ့ရှင်းက ဒါဟာ တိုင်းပြည်က ဘာသာတရားတွေကို ဆန့်ကျင်တာမဟုတ်ဘဲ ဘာသာတရားကို ဗန်းပြပြီး အကျိုးအမြတ်ရှာနေသူတွေကို တားဆီးဖို့ ရည်ရွယ်တာဖြစ်ကြောင်း၊ ဒီလို စီးပွားရှာနေမှုက ဘာသာတရားရဲ့မြင့်မြတ်မှုကို ညစ်နွမ်းစေပြီး၊ လူ့အဖွဲ့အစည်းတည်ငြိမ်းရေးကို ခြိမ်းခြောက်နေကြောင်း ပြောကြားခဲ့ပါတယ်။
    တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ရဲ့ တိုင်းရင်းသားရေးရာနဲ့ ဘာသာရေးဆိုင်ရာကော်မတီ ဥက္ကဌဟောင်း ကျူဝေ့ချင်က ဒီလိုတင်းကြပ်မှုကို တစ်ဝက်တစ်ပျက်မဟုတ်ဘဲ အပြည့်အ၀ ကျင့်သုံးရမှာဖြစ်ကာ တရုတ်နိုင်ငံတစ်ဝှမ်း ဘာသာရေးဗန်းပြ စီးပွားရှာမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
    Ref: Economic Times