News @ M-Media

Tag: China

  • တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု အဆုံးသတ်

    တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှု အဆုံးသတ်

    မေ ၂၀၊ ၂၀၁၈
    M-Media

    – အပြန်အလှန် ပြုလုပ်ထားကြတဲ့ အခွန်တိုးမြှင့်ကောက်မယ့် အစီအစဉ်တွေကို ရပ်ဆိုင်းဖို့အတွက် တရုတ်နဲ့ အမေရိကန်တို့က သဘောတူခဲ့ကြပါတယ်။

    နှစ်နိုင်ငံ ကုန်သွယ်ရေးမညီမျှမှုကို လျှော့ချဖို့အတွက် အမေရိကန်ရဲ့ ကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေကို ပိုမိုတင်သွင်းရေး ရည်ရွယ်တဲ့ ဆွေးနွေးမှုကို ၀ါရှန်မှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ပြုလုပ်ခဲ့ပြီးတဲ့နောက် ဒီသဘောတူညီချက် ထွက်လာတာ ဖြစ်ပါတယ်။

    အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင် မူချင်က တရုတ်နိုင်ငံဟာ အမေရိကန်က တင်သွင်းတဲ့ ဘယ်အရာကိုမဆို အခွန်လျှော့ချလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ်ဒုတိယ၀န်ကြီးချုပ် လူဟီကလည်း ဒီသဘောတူညီချက်ဟာ အနိုင်-အနိုင် အနေအထားမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

    အခုသဘောတူညီချက်ကြောင့် မိမိတို့ဟာ တရုတ်နဲ့ နှစ်စဉ် ကုန်သွယ်ရေးကွာဟချက်ကို ၃၃၅ ဘီလီယံအထိ လျှော့ချနိုင်မယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ အိမ်ဖြူတော်က ကွာဟချက်ကို ဘီလီယံ ၂၀၀ လောက်အထိ လျှော့ချချင်နေပြီး လက်ရှိ သဘောတူညီချက်နဲ့ပတ်သက်လို့ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

    မစ္စတာ မူချင်က နှစ်ဖက်စလုံးဟာ အင်မတန်အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှုကို ပြုလုပ်ခဲ့ပြီး တရုတ်က အမေရိကန်ဆီကနေ ကုန်ပစ္စည်းတွေ ပိုမိုတင်သွင်းကာ ကုန်သွယ်ရေးကွာဟချက်ကို လျှော့ချနိုင်မယ့် မူဘောင်တစ်ခုကို သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

    အမေရိကန်ရဲ့ ဉာဏစွမ်းအားတွေကို တရုတ်က ခိုးယူနေတယ်လို့ စွပ်စွဲကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခုနှစ်အစောပိုင်းမှာ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တွေတိုးကောက်ဖို့ စီစဉ်ခဲ့တာပါ။ တရုတ်ကလည်း အမေရိကန် ပစ္စည်းတွေကို အခွန်ပိုမိုကောက်သွားမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref: BBC

  • အမေရိကန်၊ တရုတ်နှင့် ဆော်ဒီတို့က စစ်အသုံးစားရိတ် အမြင့်ဆုံးနိုင်ငံများအဖြစ် ရပ်တည်

    အမေရိကန်၊ တရုတ်နှင့် ဆော်ဒီတို့က စစ်အသုံးစားရိတ် အမြင့်ဆုံးနိုင်ငံများအဖြစ် ရပ်တည်

    မေ ၂၊ ၂၀၁၈
    M-Media

    – ၂၀၁၇ ခုနှစ် ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစားရိတ်ဟာ စစ်အေးခေတ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် ကန်ဒေါ်လာ ၁.၇၃ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး အမေရိကန်၊ တရုတ်နဲ့ ဆော်ဒီအာရေဗျတို့ဟာ စစ်အသုံးစားရိတ် အများဆုံးဆုံး နိုင်ငံတွေအဖြစ် ရပ်တည်နေပါတယ်။

    Stockholm International Peace Research Institute (SIPRI) က ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစားရိတ် အချက်အလက်ဆိုင်ရာ အစီရင်ခံစာတစ်ခုကို ဒီကနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစားရိတ်ဟာ ၂၀၁၆ ခုနှစ်ကထက် ၁.၁ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

    အမေရိကန်ဟာ ဒေါ်လာ ဘီလီယံ ၆၁၀ နဲ့ ကမ္ဘာပေါ်မှာ စစ်အသုံးစားရိတ်အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ၂၀၁၆ ခုနှစ်ကနဲ့ ပမာဏ အတူတူပဲဖြစ်ပြီး ကမ္ဘာ့ စစ်အသုံးစားရိတ်ရဲ့ ၃၅ ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာ သူ့အောက်က နိုင်ငံ ၇ နိုင်ငံပေါင်းတဲ့ ပမာဏထက်ကို ကျော်လွန်နေတာပါ။

    အမေရိကန်ရဲ့ ကာကွယ်ရေး အသုံးစားရိတ်ဟာ ဒီနှစ်မှာ ထပ်မံ မြင့်တက်သွားဖို့ ရှိပါတယ်။

    တရုတ်ကတော့ စစ်အသုံးစားရိတ် ၂၂၈ ဘီလီယံနဲ့ ဒုတိယနေရာမှာ ရှိနေကာ ၂၀၁၆ ခုနှစ်ကထက် ၁၂ ဘီလီယံ ပိုမိုသုံးစွဲခဲ့တာပါ။

    SIPRI က တရုတ်နိုင်ငံရဲ့ ဒီပမာဏဟာ ကမ္ဘာ့စုစုပေါင်း စစ်အသုံးစားရိတ်ရဲ့ ၁၃ ရာခိုင်နှုန်းရှိပြီး ၂၀၀၈ ခုနှစ်ကထက် ၂ ဆ တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

    ဆော်ဒီက ၂၀၁၇ ခုနှစ်မှာ ကာကွယ်ရေးအတွက် ဒေါ်လာ ၆၉.၄ ဘီလီယံ အသုံးပြုခဲ့ပြီး တတိယနေရာမှာ ရပ်တည်နေပါတယ်။ ၂၀၁၆ ခုနှစ် ကာကွယ်ရေးအသုံးစားရိတ်စာရင်းမှာ တတိယနေရာ ရရှိခဲ့တဲ့ ရုရှားကတော့ ၂၀၁၇ ခုနှစ်မှာ သုံးစွဲမှု ၂၀ ရာခိုင်နှုန်း ကျဆင်းကာ ၆၆.၃ ဘီလီယံ ရှိခဲ့ပါတယ်။ ဒါဟာ ၁၉၉၈ ခုနှစ်ကတည်းက ပထမဆုံး ကျဆင်းတာပါ။

    အိန္ဒိယနဲ့ ပြင်သစ်တို့က အသုံးစားရိတ် ၆၄ ဘီလီယံနဲ့ ၅၇.၈ ဘီလီယံသုံးစွဲကာ နံပါတ် ၅ နဲ့ ၆ နေရာတွေမှာ ရှိနေပြီး၊ ယူကေက ၄၇.၂ ဘီလီယံနဲ့ အဆင့် ၇၊ ဂျပန်က ၄၅.၄ ဘီလီယံနဲ့ အဆင့် ၈၊ ဂျာမနီက ၄၄.၃ ဘီလီယံနဲ့ အဆင့် ၉၊ တောင်ကိုရီးယားက ၃၉.၂ ဘီလီယံနဲ့ အဆင့် ၁၀ နေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။

    အားလုံးခြုံကြည့်ရင် ၂၀၁၇ ခုနှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေက စစ်အသုံးစားရိတ်အတွက် စုစုပေါင်း ကန်ဒေါ်လာ ဘီလီယံ ၉၀၀ လောက် သုံးခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေအားလုံးပေါင်း စစ်အသုံးစားရိတ်ရဲ့ ၅၂ ရာခိုင်နှုန်း ရှိနေပါတယ်။

    Ref: Aljazeera

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media

    ကွယ်လွန်သွားသည့် ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို တာဂျီမာ

    ဆော်ဒီဘုရင့်နန်းတော်အနီး ဒရုန်းတစ်ခုကို ပစ်ချ
    ==========
    ဘုရင့်နန်းတော်အနီးမှာ ပျံဝဲနေတဲ့ ကစားစရာ ဒရုန်းတစ်ခုကို ပစ်ချလိုက်တယ်လို့ ဆော်ဒီအစိုးရက မနေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး ဒီအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ ဒရုန်းကို စက္ကန့် ၃၀ ကြာ ပစ်ခတ်ခဲ့တဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာတွေမှာ ပျံနှံ့ခဲ့တာကြောင့် ဆော်ဒီမှာ နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်ပြီလားဆိုတဲ့ ပြောကြားမှုတွေလည်း ပေါ်ထွက်လာပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ပွားချိန် ဆော်ဒီဘုရင် ဆလ်မန်ဟာ နန်းတော်မှာ ရှိမနေပါဘူး။

    ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး အဘွားအို ကွယ်လွန်
    ===============
    ကမ္ဘာ့အသက်အကြီးဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံက အသက် ၁၁၇ နှစ်အရွယ်အဖွားအို နဘီ တာဂျီမာဟာ မနေ့က သူမရဲ့ဇာတိမြို့ ကီကိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူမဟာ ဇန်န၀ါရီလကတည်းက ကျန်းမာရေးကြောင့် ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။ တာဂျီမာဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လ အသက် ၁၁၇ နှစ်မှာ ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် စာရင်းဝင်ခဲ့တာပါ။ ဂျပန်နိုင်ငံက အသက် ၁၁၆ နှစ်အရွယ် အမျိုးသမီး ချီယို ယိုရှီဒါဟာ လက်ရှိမှာ ကမ္ဘာ့အသက်အကြီးဆုံးလူသား ဖြစ်လာပါတယ်။

    တရုတ်တွင် နဂါးလှေမှောက်မှု ၁၇ ဦးသေဆုံး
    ===============
    တရုတ်နိုင်ငံတောင်ပိုင်းမှာ မနေ့က နဂါးလှေ ၂ စီး နစ်မြုပ်ခဲ့တဲ့အတွက် လူ ၁၇ ဦးသေဆုံးခဲ့တယ်ုလို့ Xhinhua သတင်းဌာနက ဖော်ပြပါတယ်။ ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေတဲ့အချိန်မှာ ဒီလို တိမ်းမှောက်ခဲ့တာဖြစ်ပြီး လူ ၆၀ လောက် ရေနစ်ခဲ့ပေမယ့် ၄၀ ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ရွာသားတွေဟာ ရဲတပ်ဖွဲ့ကိုအကြောင်းမကြားဘဲ လေ့ကျင်မှုလုပ်ခဲ့တဲ့အတွက် စီစဉ်သူ ၂ ဦးကိ အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ နဂါးလှေလှော်ပြိုင်ပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။

    ကန်ဘဏ္ဍာရေးဝန်ကြီး တရုတ်သွားမယ်
    =====================
    တရုတ်နဲ့ အမေရိကန်အကြား လတ်တလောဖြစ်နေတဲ့ ကုန်သွယ်ရေတင်းမာမှုကိစ္စ ဆွေးနွေးဖို့အတွက် ဘေဂျင်းကိုသွားဖို့ စဉ်းစားနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်က မနေ့မှာ ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုဟာ သွင်းကုန်တွေအပေါ် အခွန်တွေ တိုးကောက်မယ်လို့ အပြန်အလှန်ကြေငြာခဲ့ပြီး ကမ္ဘာ့စီးပွားရေး ကမောက်ကမ ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: CNA, Aljazeera

  • အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်က ရေတပ်စစ်ရေးလေ့ကျင်မှုလုပ်

    အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်က ရေတပ်စစ်ရေးလေ့ကျင်မှုလုပ်

    ဧပြီ ၁၃၊ ၂၀၁၈
    M-Media

    စစ်ရေးလေ့ကျင့်မှုတွင် အမှာစကားပြောနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်

    – ရေပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံက နိုင်ငံ၏ အကြီးမားဆုံး ရေပ်စစ်ရေးလေ့ကျင့်မှုတစ်ခုကို ယနေ့တွင် စတင်လိုက်သည်ဟု သိရသည်။

    နိုင်ငံ၏ တစ်ခုတည်းသော လေယာဉ်တင်သင်္ဘော ပါဝင်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို သမ္မတ ရှီကျင့်ဖျင်က တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

    “တောင့်တင်းတဲ့ ရေတပ်တစ်ခု တည်ဆောက်ဖို့ဟာ အခုအချိန်မှာ အရင်ကထက် ပိုပြီး လိုအပ်လာပါတယ်။ ခေတ်သစ်မှာ ခိုင်မာတောင့်တင်းတဲ့ စစ်တပ်တစ်ခု တည်ဆောက်ရမယ်ဆိုတဲ့ သဘောထားမျိုး မိမိတို့က ဆက်လက်ထားရှိသွားမှာ ဖြစ်ပါတယ်” ဟု ရှီက စစ်သား၊ စစ်သမီးများကို ပြောကြားခဲ့သည်။

    ယခု စစ်ရေးလေ့ကျင်မှုတွင် စစ်သား တစ်သောင်း၊ တိုက်လေယာဉ် ၇၆ စင်း၊ ရေတပ်သင်္ဘော ၄၈ စင်း၊ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းတို့ ပါဝင်သည်ဟု တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    တရုတ်ရေတပ်က မိမိတို့မှာ လာမည့် ဗုဒ္ဓဟူးနေ့တွင် ထိုင်ဝမ်ရေလက်ကြား၌ လက်နက်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည်ဟု ယမန်နေ့တွင် ကြေငြာခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး လက်နက်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုဖြစ်သည်။

    တောင်တရုတ်ပင်လယ်မှာ တရုတ်နှင့် အိမ်နီးချင်းနိုင်များအကြား ရေပိုင်နက် အငြင်းပွားရာ နေရာဖြစ်ပြီး၊ တရုတ်မှာ ထိုင်ဝမ်နှင့်လည်း ယခုနှစ်ပိုင်းအတွင်း ဆက်ဆံရေး တင်းမာလာခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်၏ ဒုတိယအကြိမ် အခွန်တိုးကောက်မှုအပေါ် တရုတ်က ထပ်မံတုန့်ပြန်

    အမေရိကန်၏ ဒုတိယအကြိမ် အခွန်တိုးကောက်မှုအပေါ် တရုတ်က ထပ်မံတုန့်ပြန်

    ဧပြီ ၄၊ ၂၁၀၈
    M-Media

    – အမေရိကန်သမ္မတထရမ့်က တရုတ်ကုန်ပစ္စည်းတွေအပေါ် ဒုတိယအကြိမ် အခွန်တိုးကောက်မှုအတွက် တရုတ်ကလည်း ဒုတိယမြောက် တုန့်ပြန်လိုက်ပြီး အမေရိကန်က အဓိကတင်သွင်းတဲ့ ပဲပိစပ်၊ ကား၊ လေယာဉ်၊ အမဲသားနဲ့ ဓာတုပစ္စည်းတွေကို အခွန်တိုးကောက်မယ်လို့ ဒီကနေ့မှာ ကြေငြာခဲ့ပါတယ်။

    အမေရိကန်က တရုတ်ကုန်စည်တွေအပေါ် ဒုတိယအကြိမ်အဖြစ် ကန်ဒေါ်လာ ဘီလီယံ ၅၀ ဖိုး အခွန်ကောက်မယ်လို့ ကြေငြာပြီး ၁၁ နာရီအကြာမှာ တုန့်ပြန်ခဲ့တာဖြစ်ကာ ကုန်စည်ပေါင်း ၁၀၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။ တန်ဖိုးကတော့ အမေရိကန်က ကောက်ခံမယ့် တန်ဖိုးနဲ့ အတူတူဖြစ်ပါတယ်။

    ဒီကိစ္စကြောင့် ကမ္ဘာ့ စီးပွားရေးအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲ အကြီးအကျယ် ဖြစ်နိုင်တယိဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

    အခုတစ်ကြိမ် တရုတ်က အခွန်တိုးကောက်မယ့်စာရင်းမှာ Tesla က လျှပ်စစ်ကား၊ Ford က Lincoln မော်ဒယ်ကားတွေ၊ General Dynamics and Brown က ထုတ်လုပ်တဲ့ Gulfstrem ဂျက်လေယာဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။

    အမေရိကန်ရဲ့ ဒုတိယအကြိမ် အခွန်ကောက်မယ့်ပစ္စည်းတွေဟာ စက်မှုထုတ်ကုန်တွေ ဖြစ်ပေမယ့် တရုတ်ကတော့ အဓိက အမေရိကန်ပို့ကုန်တွေဖြစ်တဲ့ ပဲပိစပ်၊ အမဲသား၊ ၀ါ၊ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတထရမ့်ကို မဲပေးခဲ့တဲ့ ပြည်နယ်တွေကနေထွက်တဲ့ လယ်ယာထွက်ကုန်တွေကို အခွန်တိုးကောက်လိုက်တာပါ။

    အမေရိကန်ရဲ့ အခွန်တိုးကောက်မှုဟာ အိုင်တီနဲ့ စက်ရုပ်တွေလို ကုန်ထုတ်လုပ်ငန်းဆိုင်ရာ မဟာဗျူဟာကျတဲ့ ပစ္စည်းတွေကို ပြည်တွင်းဖြစ်တွေနဲ့ အစားထိုးကာ တရုတ်ရဲ့ Made in China 2025 အစီအစဉ်ကို ထိခိုက်စေဖို့ ရည်ရွယ်တာဖြစ်ပြီး တရုတ်ကတော့ အမေရိကန်နိုင်ငံရေး လှုပ်ခတ်လာအောင် ရည်ရွယ်တာဖြစ်ပါတယ်။

    Ref: CNA