News @ M-Media

Tag: China

  • တရုတ်စက်ရုပ်တစ်ခု ဆေးကုသခွင့်လိုင်စင်စာမေးပွဲ အောင်မြင်ပြီး သမိုင်းသစ်ရေးထိုး

    တရုတ်စက်ရုပ်တစ်ခု ဆေးကုသခွင့်လိုင်စင်စာမေးပွဲ အောင်မြင်ပြီး သမိုင်းသစ်ရေးထိုး

    နိုဝင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    – တရုတ်နိုငံက ဉာဏ်ရည်တု (AI) ထည့်သွင်းထားတဲ့ စက်ရုပ်တစ်ရုပ်ဟာ ဆေးကုသခွင့်လိုင်စင် စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပြီး စက်ရုပ်လောကမှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

    ရှောင်ယီ (Xiaoyi) လို့ခေါ်တဲ့ အဲဒီစက်ရုပ်ကို စက်ရုပ်ဖန်တီးမှုနယ်ပယ်မှာ နာမည်ကျော်တဲ့ တရုတ်ကုမ္ပဏီ iFlytek က တီထွင်ခဲ့တာဖြစ်ပါတယ်။ ရှောင်ယီဟာ ပြီးခဲ့တဲ့တစ်ပတ် ဆေးကုသခွင့်လိုင်စင် စာမေးပွဲမှာ ၄၅၆ မှတ် ရရှိခဲ့ပြီး လိုအပ်တဲ့အမှတ်ထက် ၉၆ မှတ် ကျော်လွန်ခဲ့တာဖြစ်ပါတယ်။

    iFlytek က ဒီစက်ရုပ်ကို လူသားဆရာဝန်တွေ အထောက်အကူဖြစ်စေဖို့ ဖန်တီးထားတာဖြစ်ပြီး ကနဦးမှာ လူနာတွေရဲ့ အချက်အလက်တွေကို မှတ်သားဖို့၊ ပြန်ထုတ်ပေးဖို့ ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ရှောင်ယီဟာ ဒီထက်ပိုပြီး လုပ်ဆောင်နိုင်စွမ်း ရှိနေပါတယ်။

    “ကျွန်တော်တို့အနေနဲ့ ၂၀၁၈ ခုနှစ် မတ်လမှာ ဒီစက်ရုပ်ကို တရားဝင် ထုတ်ပြမှာပါ။ ဆရာဝန်တွေနေရာကို အစားထိုးဖို့ ရည်ရွယ်တာမဟုတ်ဘဲ ဆေးကုသရာမှာ အဆင်ပြေစေဖို့အတွက် လူနဲ့စက်ရုပ် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာစေဖို့ ဖြစ်ပါတယ်” လို့ iFlytek ရဲ့ ဥက္ကဌ လျူကျင့်ဖန်က ကြေငြာချက်မှာ ပြော
    ကားခဲ့ပါတယ်။

    iFlytek ကုမ္ပဏီဟာ ကင်ဆာရောဂါကုသမှု နယ်ပယ်မှာ ဉာဏ်ရည်တုနည်းပညာကို အသုံးပြုနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။

    တရုတ်နဲ့ ဒူဘိုင်းဟာ ဉာဏ်ရည်တုကို လက်တွေ့နယ်ပယ်တွေမှာ အသုံးပြုနိုင်ရေး တော်တော်လေးကို ကြိုးပမ်းအားထုတ်နေကြပြီး တရုတ်ကတော့ ၂၀၃၀ မှာ အကောင်အထည်ဖော်နိုင်ဖို့ ရည်မှန်းထားပါတယ်။

    Ref: interestingengineering.com

  • ဘေဂျင်းသို့ရောက်လာသည့် ထရမ့်ကို ခမ်းခမ်းနားနားဧည့်ခံရန် တရုတ်စီစဉ်ထား

    ဘေဂျင်းသို့ရောက်လာသည့် ထရမ့်ကို ခမ်းခမ်းနားနားဧည့်ခံရန် တရုတ်စီစဉ်ထား

    နိုဝင်ဘာ ၈၊ ၂၀၁၇
    M-Media

    – အာရှသို့ ၁၂ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ယနေ့တွင် တရုတ်နိုင်ငံ ဘေကျင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ကုန်သွယ်ရေးနှင့် မြောက်ကိုရီးယားအရေး အဓိကထား ဆွေးနွေးသွားဖွယ် ရှိနေသည်။

    ဘေဂျင်းတို့ ရောက်ရှိလာသည့် ထရမ့်နှင့် ဇနီးကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီးတို့က တရုတ်ဧကရာဇ် နန်းတော်ဟောင်းတွင် လက်ဖက်ရည်ဖြင့် ဧည့်ခံခဲ့သည်။

    မနက်ဖြန်တွင် ခေါင်းဆောင်နှစ်ဦးမှာ တစ်နေ့လုံး ဆွေးနွေးမှုများ ပြုလုပ်ကာ တရုတ်၏ မဟာမိတ်ဖြစ်သော မြောက်ကိုရီးယားအကြောင်းကို အဓိကထားဖွယ် ရှိနေသည်။

    ကုန်သွယ်ရေးတွင် တရုတ်ကို ၉၀ ရာခိုင်နှုန်း မှီခိုနေရသည့် မြောက်ကိုရီးယားကို တရုတ်က ချုပ်ကိုင်နိုင်သည်ဟု ထရမ့်အစိုးရက ရှုမြင်နေသည်။

    ထရမ့်မှာ တရုတ်ကွန်မြူနစ်ပါတီအကြီးအကဲဖြစ် ရှီ ပြန်လည်အရွေးခံရမှုကို Twitter စာမျက်နှာမှတစ်ဆင့် ချီးကျူးခဲ့ပြီး နိုင်ငံရေးကျွမ်းကျင်သူများက တရုတ်နှင့် မြောက်ကိုရီးယားကိစ္စ၊ ကုန်သွယ်ရေးကိစ္စများကို အခြေအတင် ပြောဆိုရန်ရှိနေသဖြင့် လေချိုသွေးခြင်းဖြစ်ည်ဟု သုံးသပ်ခဲ့သည်။

    တရုတ်အစိုးရက ထရမ့်၏ လည်ပတ်မှုအတွင်း အော်ပရာ၊ စားပွဲကြီးများနှင့် အခြားအစီအစဉ်များဖြင့် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ဧည့်ခံရန် ပြင်ဆင်ထားသည်။

    Ref: CNA

  • ပစ္စည်းလိမ်ရောင်းသည့် အွန်လိုင်းရှော့ပင်းများကို တရုတ် အရေးယူမည်

    ပစ္စည်းလိမ်ရောင်းသည့် အွန်လိုင်းရှော့ပင်းများကို တရုတ် အရေးယူမည်

    နိုဝင်ဘာ ၆၊ ၂၀၁၇
    M-Media

    – ရောင်းတဲ့ပစ္စည်းနဲ့ပတ်သက်ပြီး လိမ်လည်ကြော်ငြာတဲ့ အွန်လိုင်းရှော့ပင်း ၀ဘ်ဆိုက်တွေကို ကြီးလေးတဲ့ ဒဏ်ငွေတပ်ရိုက်မယ့် ဥပဒေအသစ်တစ်ခုကို တရုတ်နိုင်ငံက ပြဌာန်းလိုက်တယ်လို့ သိရပါတယ်။

    တရုတ်နိုင်ငံဟာ လာမယ့်တစ်ပတ် စနနေ့မှာ Singles Day လို့ခေါ်တဲ့ တစ်နှစ်တာရဲ့ အကြီးမားဆုံး အွန်လိုင်း ဈေးဝယ်မှုနေ့ကို ကြုံတွေ့မှာဖြစ်ပြီး ဒီနေ့မတိုင်ခင် အခုဥပဒေသစ် ထွက်လာတာ ဖြစ်ပါတယ်။

    ပစ္စည်းရဲ့ အားနည်းချက်တွေကို ထောက်ပြထားတဲ့ မှတ်ချက်တွေကို ဖျက်ပစ်တဲ့ ဈေးဝယ်ဆိုက်တွေ၊ ပစ္စည်းအကြောင်း လိမ်လည်ကြော်ငြာတဲ့ ဈေးဝယ်ဆိုက်တွေအနေနဲ့ အနည်းဆုံး ကန်ဒေါ်လာ ၃ သောင်းလောက် ဒဏ်ငွေပေးဆောင်ရမယ်လို့ အဲဒီဥပဒေမှာ ပြဌာန်းထားပါတယ်။

    ပြီးခဲ့တဲ့နှစ် Singles Day မှာ တရုတ်နိုင်ငံတစ်ဝှမ်း အွန်လိုင်းအမှာစာပေါင်း ၆၅၇ သန်း ရရှိခဲ့ပြီး ကန်ဒေါ်လာ ၁၈ ဘီလီယံဖိုးလောက် ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

    အဲဒီနေ့မှာ ရောင်းချသူအများစုဟာ Alibaba ၀ဘ်ဆိုက်ကနေတစ်ဆင့် ရောင်းချတာဖြစ်ပြီး ပစ္စည်းအရည်အသွေး မပြည့်မီမှုတွေကြောင့် Alibaba ကိုယ်တိုင်လည်း ဝေဖန်ခံခဲ့ရပါတယ်။

    တရုတ်အာဏာပိုင်တွေဟာ ဒီလို လိမ်လည်ရောင်းချမှုတွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖို့ ကြိုးပမ်းလာကာ အွန်လိုင်းရှော့ပင်း ကိစ္စအပါအ၀င် အင်တာနက်တဲ့သက်ဆိုင်တဲ့ တိုင်ကြားမှုတွေကို ကြားနာဖို့အတွက် သြဂုတ်လမှာ ဆိုက်ဘာတရားရုံး စတင်တည်ထောင်ခဲ့ပါတယ်။

    Ref: BBC

  • ဒုံးခွင်းစနစ်ကြောင့် တရုတ်နှင့် တောင်ကိုရီးယားတို့၏တင်းမာမှု ပြေလည်

    ဒုံးခွင်းစနစ်ကြောင့် တရုတ်နှင့် တောင်ကိုရီးယားတို့၏တင်းမာမှု ပြေလည်

    နိုဝင်ဘာ ၁၊ ၂၀၁၇
    M-Media

    – အမေရိကန်၏ ဒုံးခွင်းစနစ် THAAD ကြောင့် တစ်နှစ်တာကြာမြင့်ခဲ့သည့် တောင်ကိုရီးယားနှင့် တရုတ်တို့၏ မကျေလည်မှုများကို အဆုံးသတ်ရန် အင်္ဂါနေ့တွင် နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    မြောက်ကိုရီးယားရန်ကြောင့် တောင်ကိုရီးယားတွင် THAAD ဒုံးခွင်းစနစ် ချထားမှုကို တရုတ်က ဒေါသထွက်ခဲ့ပြီး၊ ခရီးသွားလုပ်ငန်း၊ အလှကုန်၊ ဖျော်ဖြေရေးတို့ အပါအ၀င် တရုတ်နိုင်ငံကို မှီခိုနေရသည့် တောင်ကိုရီးယား၏ စီးပွားရေးလုပ်ငန်းများအားလုံး တရုတ်က သပိတ်မှောက်ခဲ့သည်။

    “ကိုရီးယားနဲ့ တရုတ်နိုင်ငံအကြား ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းဟာ အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းစေတယ်ဆိုတဲ့ အမြင်မျိုး နှစ်ဖက်စလုံးမှာရှိပြီး၊ ဒီလို ဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကို နဂိုဖြစ်ထွန်းထားတဲ့ လမ်းကြောင်းအတိုင်း အလျင်အမြန် ပြန်လည်ဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်” ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ လာရောက်ရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံအကြား ယခုကဲ့သို့ ပြေလည်မှု ရရှိခဲ့ခြင်းလည်းဖြစ်သည်။

    တရုတ်နှင့် မြောက်ကိုရီးယားက တစ်ဖက်၊ တောင်ကိုရီးယားနှင့် အမေရိကန်က တစ်ဖက် နီးကပ်သော ဆက်ဆံရေးများ ရှိသော်လည်း ဒုံးခွင်းစနစ် ချထားမှု မတိုင်ခင်က တရုတ်နှင့် တောင်ကိုရီးယားတို့မှာ ဆက်ဆံရေး ချောမွေ့ခဲ့ကြပြီး၊ တရုတ်သည် တောင်ကိုရီးယား၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်လည်း ဖြစ်သည်။

    THHAD ဒုံးခွင်းစနစ်၏ အားကောင်းသော ရေဒါစနစ်က တရုတ်နိုင်ငံ၏ အချုပ်အခြာကို ထိပါးသည်ဟု တရုတ်ဖက်က မှတ်ယူထားသည်။

    Ref : CNA

  • ကမ္ဘာ့ ပထမဆုံး သံလမ်းမဲ့ စမတ်ရထား တရုတ်တွင် စတင်စမ်းသပ်

    ကမ္ဘာ့ ပထမဆုံး သံလမ်းမဲ့ စမတ်ရထား တရုတ်တွင် စတင်စမ်းသပ်

    အောက်တိုဘာ ၃၀၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံရဲ့ ပထမဆုံး သံလမ်းမဲ့ရထားကို ဟူနန်ပြည်နယ် ကျူးကျိုးမြို့မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

    ကမ္ဘာ့ပထမဆုံး စမတ်ရထားလို့ အမည်ပေးထားတဲ့ Autonomous Rail Rapid Transit (ART) စနစ်မှာ ရထားတစ်စီးဟာ တစ်နာရီကို ကီလိုမီတာ ၇၀ မောင်းနှင်းနိုင်မှာဖြစ်ပြီး ရထားတွဲ ၃ ခုမှာ လူ ၃၀၀ အထိ တင်ဆောင်နိုင်မှာပါ။

    ကမ္ဘာ့အကြီးဆုံး ရထားထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ CRRC ကုမ္ပဏီက ဖန်တီးတဲ့ အဲဒီ သံလမ်းမဲ့ရထားကို ဇွန်လမှာ ပြသခဲ့ပြီး ကျူးကျိုးပြည်နယ်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ပိုကောင်းလာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဓိကမြို့ကြီးတွေမှာ အသုံးပြုသွားဖို့ ရှိနေပါတယ်။

    ရထားဟာ ကားလမ်းပေါ်မှာ ရေးဆွဲထားတဲ့ ၃.၇၅ မီတာအကျယ် အဖြူရောင်မျဉ်းပြတ်အတိုင်း ပြေးဆွဲမှာဖြစ်ပြီး ၁၀ မိနစ်အားသွင်းရုံနဲ့ ၂၅ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ သံဘီးတွေအစား ရာဘာဘီးတွေကို အသုံးပြုတဲ့ အဲဒီရထားဟာ ၂၅ နှစ်လောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    သတင်းအချက်အလက်ရယူဖို့၊ ကားလမ်းပေါ်က အဖြူရောင်လိုင်းတွေကို သိရှိနိုင်ဖို့အတွက် အဆင့်မြင့်နည်းပညာကို အသုံးပြုထားပါတယ်။

    ဒီ ART စနစ်ဟာ တည်ဆောက်မှုဟာ သာမန် ရထားလိုင်းတွေထက် တော်တော်လေးဈေးသက်သာပြီး တစ်ကီလိုမီတာအတွက် ယွမ် သန်း ၄၀၀ ကနေ ယွမ် သန်း ၇၀၀ လောက်သာ ကုန်ကျတယ်လို့ ဆိုပါတယ်။

    လက်ရှိ ကျူးကျိုးမြို့မှာ စမ်းသပ်ခဲ့ပြီးတဲ့နောက် လာမယ့်နှစ်မှာ အများပြည်သူအတွက် ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။

    Ref: CNA