News @ M-Media

Tag: China

  • ၂၀၃၅ ခုနှစ်တွင် ဆိုက်ဘာအင်အားကြီးနိုင်ငံဖြစ်ရေး တရုတ်ပစ်မှတ်ထား

    ၂၀၃၅ ခုနှစ်တွင် ဆိုက်ဘာအင်အားကြီးနိုင်ငံဖြစ်ရေး တရုတ်ပစ်မှတ်ထား

    ဇန်န၀ါရီ ၃၊ ၂၀၁၈
    M-Media

    – ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ၂၀၃၅ ခုနှစ်မှာ ကမ္ဘာ့ ဆိုက်ဘာအင်အားကြီးနိုင်ငံဖြစ်လာရေး ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

    တရုတ်နိုင်ငံဟာ လက်ရှိမှာ ယွမ် ၁၃.၈ ဘီလီယံ (ကန်ဒေါ်လာ ၂.၁ ဘီလီယံ) ကုန်ကျမယ့် ဉာဏ်ရည်တုစင်တာ AI Park ကို ဘေဂျင်းမှာ ဆောက်လုပ်ဖို့အပါအ၀င် နည်းပညာဆိုင်ရာ စီမံကိန်းတွေ တော်တော်များများလုပ်ဖို့ စီမံကိန်းဆွဲထားပါတယ်။

    လာမယ့်နှစ်တွေအတွင်း သတင်းအချက်အလက် နည်းပညာ၊ အင်တာနက်ဆိုင်ရာ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးတွေကိုလည်း အရှိန်မြှင့် လုပ်ဆောင်သွားဖို့ ရှိပါတယ်။

    တရုတ် စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၀န်ကြီး မြောင်ဝေက သူတို့အနေနဲ့ ၂၀၃၅ ခုနှစ်ကျရင် ဆိုက်ဘာလောကမှာ ထိပ်တန်းရောက်ဖို့အတွက် ကြိုးပမ်းအားထုတ်သွားမယ်လို့ ဆိုပါတယ်။

    အင်တာနက်၊ အချက်အလက်နဲ့ ဉာဏ်ရည်တုနည်းပညာအကြား ပေါင်းစည်းမှုကို အားပေးရမှာဖြစ်ပြီး တစ်ဦးချင်း အချက်အလက်လုံခြုံရေး၊ အွန်လိုင်းအချက်အလက် လုံခြုံရေးတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

    World Internet Developing Report မှာ ဖော်ပြထားတဲ့အချက်အလက်အရ ၂၀၁၇ ခုနှစ် ဇွန်လအထိ ကမ္ဘာတစ်ဝှမ်း အင်တာနက်သုံးစွဲသူဦးရေ သန်းပေါင်း ၄ ထောင် ရှိရာမှာ တရုတ်နိုင်ငံက သန်း ၇၅၀ ရှိနေတယ်လို့ သိရပါတယ်။

    မြောင်ဝေက AI လို အဆင့်မြင့် နည်းပညာမျိုး ပြန့်နှံ့လာတာက သမရိုးကျ စက်မှုလုပ်ငန်းတွေကို ပြန်လည်ရှင်သန်လာစေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    Ref: RT

  • တရုတ်တွင် အသက် ၁၃ နှစ်အရွယ်လူငယ်က မိခင်အား ခေါင်းဖြတ်သတ်

    တရုတ်တွင် အသက် ၁၃ နှစ်အရွယ်လူငယ်က မိခင်အား ခေါင်းဖြတ်သတ်

    ဒီဇင်ဘာ ၉၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံတွင် အသက် ၁၃ နှစ်အရွယ် သားဖြစ်သူက မိခင်အား ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု သိရသည်။

    စီချွမ်ပြည်နယ် ၀မ်ရှင်းမြို့တွင် ပြီးခဲ့သည့်တစ်ပတ် တနင်္ဂနွေနေ့က သားအမိနှစ်ဦး စကားများရာမှ ထိုကဲ့သို့ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူငယ်မှာ ၎င်း၏ သတ်ဖြတ်မှုကိုလည်း ဗီဒိယိုရိုက်ကာ WeChat တွင် သူငယ်ချင်းများအား ပို့ဆောင်ခဲ့သည်။

    ထိုဗီဒီယိုကို ၎င်း၏ သူငယ်ချင်းဖြစ်သူက မိခင်ကို ပြသခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ထိုလူငယ်အား ဗုဒ္ဓဟူးနေ့တွင် ကျောင်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    ဒေသရဲတပ်ဖွဲ့က ထိုသတင်းအား အတည်ပြုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိချေ။

    အဆိုပါလူငယ်မှာ မိခင်အား သတ်ဖြတ်ခေါင်းဖြတ်ပြီးနောက် ခေါင်းကို ပုံးထဲသို့ထည့်ကာ နောက်ဖေးလမ်းကြားတွင် လွှင့်ပစ်ခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

    Ref: BBC

  • ခြစားမှု စုံစမ်းခံရသည့်အတွက် တရုတ်စစ်တပ်အကြီးအကဲတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေ

    ခြစားမှု စုံစမ်းခံရသည့်အတွက် တရုတ်စစ်တပ်အကြီးအကဲတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေ

    နိုဝင်ဘာ ၂၈၊ ၂၀၁၇
    M-Media

    – တရုတ်စစ်တပ်မှ အကြီးတန်းအရာရှိတစ်ဦးမှာ အာဏာပိုင်များက ခြစားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ပြီးနောက် နေအိမ်တွင် မိမိကိုယ်ကို သတ်သေသွားခဲ့သည်ဟု တရုတ်နိုင်ငံပိုင်သတင်းဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

    ဗဟိုစစ်ကော်မရှင်၏ နိုင်ငံရေးဌာနမှ ဒါရိုက်တာ ကျန်းယန်ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့က အဆုံးစီရင်သွားခဲ့သည်။ ၎င်းကို ခြစားမှုနှစ်ခုနှင့် ဆက်နွယ်နေမှုအတွက် စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီးနောက် ယခုအဖြစ်အပျက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ၂၀၁၂ ခုနှစ်က စတင်ခဲ့သည့် သမ္မတ ရှီကျင့်ဖျင်၏ ခြစားမှုတိုက်ဖျက်ရေးတွင် ထိပ်တန်းစစ်ခေါင်းဆောင်များ အပါအ၀င် ကွန်မြူနစ်ပါတီ အဆင့်ဆင့်မှ တာဝန်ရှိသူ ၁.၅ သန်းကို အရေးယူခဲ့ပြီး၊ ထိုလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ရှီက ပြီးခဲ့သည့်လတွင် ပြုလုပ်ခဲ့သော ကွန်မြူနစ်ပါတီ ညီလာခံတွင် ပြောကြားခဲ့သည်။

    ရှင်ဟွာသတင်းဌာနက ကျန်းယန်မှာ စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့ပြီး လာဘ်စားသည်ဟု သံသယအဖြစ်ခံရကြောင်း၊ ၎င်း၏ ပိုင်ဆိုင်မှုများအတွက် ၀င်ငွေရလမ်းကို ရှင်းရှင်းလင်းလင်း မပြနိုင်ကြောင်း ဖော်ပြခဲ့သည်။

    တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နေ့စဉ်သတင်းစာ၏ ဆိုရှယ်မီဒီယာအကောင့်တွင် ကျန်းယန်မှာ မိမိကိုယ်ကို သတ်သေသည့်နည်းလမ်းဖြင့် ခေါင်းရှောင်သွားခြင်းဖြစ်ကြောင်း၊ ၎င်းမှာ မျက်နှာနှစ်မျိုးရှိပြီး တစ်ဖက်က တိုင်းပြည်ကို သစ္စာရှိသည်ဟု အော်နေသော်လည်း၊ တစ်ဖက်တွင် ခြစားမှုကို ကျူးလွန်နေကြောင်း ဖော်ပြထားသည်။

    “စစ်တပ်ဟာ လက်နက်တွေကိုင်ထားတာပါ။ အဲဒီနောက်မှာ ခြစားမှုကို ဘယ်လိုဖုံးကွယ်ထားတာမျိုးမှ ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။ ကျန်းယန်မှာ ပါတီမှ ထုတ်ပယ်ခံလိုက်ရသော စစ်တပ်အရာရှိများဖြစ်သည့် ဂိုဘိုရှောင်း၊ ရှီချိုင်းဟုန်တို့နှင့်လည်း ဆက်နွယ်မှုရှိသည်။

    စစ်ကော်မရှင်၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဂိုဘိုရှောင်းမှာ ခြစားမှုကြောင့် အရေးယူခံရသည့် တရုတ်စစ်တပ် အရာရှိများတွင် ရာထူးအမြင့်ဆုံးဖြစ်သည်။ ကော်မရှင် ဒုတိယဥက္ကဌတစ်ဦးပင်ဖြစ်သည့် ရှီမှာ စုံစမ်းစစ်ဆေးမှုခံနေရစဉ် ၂၀၁၅ ခုနှစ်က ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။

    Ref: CNA

  • တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပြီး အဆောက်အဦးများ ပြိုကျ

    တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပြီး အဆောက်အဦးများ ပြိုကျ

    နိုဝင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံအရှေ့ပိုင်း ရှီကျန်းပြည်နယ် နင်ဘိုမြို့တွင် အင်းအားပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ပေါက်ကွဲမှုကြောင့် အဆောက်အဦးများ ပြိုကျမှုများ ရှိခဲ့ပြီး ၁ ကီလိုမီတာအကွာအဝေးရှိ အဆောက်ဦးများတွင်ပါ ပြတင်းပေါက်များ ပျက်ဆီးခြင်း၊ နံရံအပေါက်များ ဖြစ်ခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်။ ထိုအဖြစ်အပျက်ကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများမှာ ဒါဇင်နှင့်ချီ၍ ရှိခဲ့သည်ဟု မြို့တော်အစိုးရကြေ
    ပာကြားခဲ့သည်။

    မြို့၏ လူမနေသောနေရာတစ်ခုမှ ပေါက်ကွဲမှုစဖြစ်သည်ဟု အစိုးရက ပြောကြားထားသော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးဘဲ၊ ပေါက်ကွဲမှု အကြောင်းအရင်းကိုလည်း မသိရသေးပေ။

    နိုင်ငံပိုင်သတင်းဌာနက ပေါက်ကွဲမှုမှာ ဓာတ်ငွေ့ကြောင့် မဟုတ်ဟု ဆိုသည်။

    ရဲတပ်ဖွဲ့က ၎င်းတို့၏ Weibo အကောင့်တွင် ထုတ်ပြန်သော ကြေငြာချက်၌ စုံစမ်းစစ်ဆေးမှုများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

    တရုတ်နိုင်ငံတွင် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ အားနည်းမှုကြောင့် ယခုကဲ့သို့ ပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိပြီး အာဏာပိုင်များက ထိုပြဿနာဖြေရှင်းရေး ကတိပြုထားသော်လည်း အကောင်အထည် ပေါ်မလာသေးပေ။

    Ref: CNA

  • လူ့အခွင့်အရေးရှေ့နေတစ်ဦးကို တရုတ်က ထောင် ၂ နှစ်ချ

    လူ့အခွင့်အရေးရှေ့နေတစ်ဦးကို တရုတ်က ထောင် ၂ နှစ်ချ

    နိုဝင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – ထင်ရှားသည့် လူ့အခွင့်အရေးရှေ့နေတစ်ဦးကို အဖျက်အမှောင့်များပြုလုပ်ရန် လှုံဆော်သည်ဆိုသော စွပ်စွဲချက်ဖြင့် တရုတ်က ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပြီး၊ သမ္မတရှီကျင့်ဖျင်လက်ထက်တွင် လူ့အခွင့်အရေး ကာကွယ်သူများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်မှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

    အသက် ၄၆ နှစ်အရွယ် ကျန်းကျင်းယုံဖြစ်ပြီး တရားထိုင်မှုတစ်ခုဖြစ်သည့် Falun Gong ကျင့်စဉ် ကျင့်ဆောင်သူများ၊ တိဘက်ဆန္ဒပြသူများအား ကွန်မြူနစ်အစိုးရက ဖိနှိပ်မှု၊ နို့မှုန့်အတုများကြောင့် ထိခိုက်ခံစားရသောသူများအတွက် အစိုးရက တာဝန်မယူမှုတို့ အပါအ၀င် နိုင်ငံအတွင်း ပြည်သူများ ထိခိုက်ခံစားရသည့် အမှုများစွာကို လိုက်ပေးခဲ့သူဖြစ်သည်။

    ကျန်းကျင်းယုံအား ထောင်ချမှုအတွက် ဂျာမနီနှင့် လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချခဲ့ကြသည်။

    တရားရုံးက ကျန်းကျင်းယုံမှာ ‘အစိုးရအား ပုန်ကန်ရန် သွေးထိုးလှုံ့ဆော်ခြင်း’၊ အစိုးရအား အသရေဖျက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့ပြီး နိုင်ငံရေးတွင် ပါဝင်ခွင့်ကိုလည်း ၃ နှစ် ပိတ်ပင်ခဲ့သည်။

    ထိုအမှုအတွက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က အင်္ဂါနေ့တွင် ရှုတ်ချခဲ့သည်။

    ကျန်းကျင်းယုံမှာ ၎င်း၏ ရည်ရွယ်ချက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး နည်းလမ်းများကို နိုင်ငံရပ်ခြားတွင်သွား၍ လေ့ကျင်သင်ယူခဲ့ပြီး တရုတ်ဆန့်ကျင်ရေးအဖွဲ့များမှ ဘဏ္ဍာရေးထောက်ပံ့မှုများ ရယူခဲ့သည်ဟုလည်း တရားရုံးက ပြောကြားခဲ့သည်။

    ၎င်းကို မထိန်းသိမ်းမီနှစ်များတွင် ကျန်းကျင်းယုံမှာ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံရပ်ခြားမှ တာဝန်ရှိသူများ၊ နိုင်ငံရေးသမားများနှင့် မကြာခဏ တွေ့ဆုံခဲ့သည်။

    Ref: CNA