News @ M-Media

Tag: China

  • သမ္မတသက်တမ်း ကန့်သတ်ချက်ကို တရုတ်က ပယ်ဖျက်ရန် ရှိနေ

    သမ္မတသက်တမ်း ကန့်သတ်ချက်ကို တရုတ်က ပယ်ဖျက်ရန် ရှိနေ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၈
    M-Media

    – တိုင်းပြည်ရဲ့ သမ္မတသက်တမ်း ကန့်သတ်ထားတာကို ပယ်ဖျက်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီက တိုက်တွန်းဆော်သြလိုက်ပြီး ဒါဟာ လက်ရှိသမ္မတ ရှီကျင့်ဖျင် ၂၀၂၃ ခုနှစ်နောက်ပိုင်း သမ္မတအဖြစ် ဆက်လက်ရှိနေဖို့ လမ်းဖွင့်ပေးတာလည်း ဖြစ်ပါတယ်။

    တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua က ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဟာ သမ္မတနဲ့ ဒုတိသမ္မတတွေအတွက် သက်တမ်း ကန့်သတ်ထားတာကို ပယ်ဖျက်ဖို့ အဆိုပြုခဲ့တာဖြစ်တယ်လို့ ဒီကနေ့မှာ ဖော်ပြခဲ့တာပါ။ ဒါပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

    “တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ သမ္မတနဲ့ ဒုသမ္မတတွေဟာ သက်တမ်းနှစ်ကြိမ်ထက်ပိုပြီး တာဝန်မထမ်းဆောင်ရလို့ သတ်မှတ်ထားတာကို ပယ်ဖျက်ဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီက အဆိုပြုလိုက်ပါတယ်” လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

    အခြေခံဥပဒေမှာ ‘ခေတ်သစ်အတွက် တရုတ်ဝိသေလက္ခဏာနဲ့ ကိုက်ညီမယ့် ရှီကျင့်ဖျင်ရဲ့ ဆိုရှယ်လစ် အတွေးအခေါ်’ ဆိုတဲ့ စာကြောင်း ထည့်သွင်းဖို့လည်း ဗဟိုကော်မတီက အဆိုပြုခဲ့တယ်လို့ Xinhua က ဆိုပါတယ်။

    တရုတ်နိုင်ငံရဲ့ သမ္မတသက်တမ်းဟာ ၅ နှစ်ဖြစ်ပြီး အသက် ၆၄ နှစ်အရွယ် ရှီဟာ ပထမသက်တမ်းကို ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ ၅ ရက်နေ့မှာပြုလုပ်မယ့် ကွန်မြူနစ်ပါတီရဲ့ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးမှာ ရှီကို ဒုတိယသက်တမ်း ထမ်းဆောင်ဖို့အတွက် ထပ်မံရွေးချယ်ဖို့ ရှိပါတယ်။

    ပါတီနဲ့ စစ်ဖက်အကြီးအကဲ သက်တမ်းကို ကန့်သတ်ထားမှု မရှိပေမယ့် ၁၀ နှစ်ကာလဟာ စံနှုန်းတစ်ခု ဖြစ်ပါတယ်။ အောက်တိုဘာလက ကျင်းပခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့ ၅ နှစ်တစ်ကြိမ် ကွန်ဂရက်မှာ ရှီဟာ ပါတီနဲ့ စစ်ဖက်အကြီးအကဲအဖြစ် ဒုတိယသက်တမ်းကို ပြန်လည် အရွေးခံခဲ့ရပါတယ်။

    ဖွဲ့စည်းပုံပြင်ဆင်ချက်ကို တရုတ်လွှတ်တော်က အတည်ပြုရတာဖြစ်ပေမယ့် ကွန်မြူနစ်ပါတီကို သစ္စာခံတဲ့သူတွေသာ လွှတ်တော်မှာ ခန့်ထားတာကြောင့် ဗဟိုကော်မတီရဲ့ ဒီအဆိုပြုချက်ကို ပယ်ချမှု ဖြစ်လာမှာ မဟုတ်ပါဘူး။

    ရှီဟာ ပုံမှန် သက်တမ်း ၂ ခုထက်ပိုပြီး သမ္မတရာထူးကို ရယူချင်နေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    Ref: CNA

  • တရုတ်နိုင်ငံရှိ အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို အာဏာပိုင်များ ဖောက်ခွဲဖျက်ဆီး

    တရုတ်နိုင်ငံရှိ အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို အာဏာပိုင်များ ဖောက်ခွဲဖျက်ဆီး

    ဇန်န၀ါရီ ၁၅၊ ၂၀၁၈
    M-Media

    – တရုတ်နိုင်ငံက အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းတွေထဲမှာ ပါဝင်တဲ့ ဧ၀ံဂေလိ ဘုရားကျောင်းတစ်ခုကို တရုတ်အာဏာပိုင်တွေက တရားမ၀င်အဆောက်အဦးလို့ ပြောဆိုကာ ပြီးခဲ့တဲ့တစ်ပတ်မှာ ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။

    ရှန်ဇီပြည်နယ်က Golden Lampstand Church ဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်ပေါင်း ၅၀၀၀၀ လောက် အသုံးပြုနေတဲ့ ဘုရားကျောင်းကြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ တရုတ်အာဏာပိုင်တွေဟာ အနည်းဆုံး ခရစ်ယာန်ဘုရားကျောင်း ၂ ခုကို ဖြိုချဖျက်ဆီးခဲ့ပြီး နိုင်ငံအတွင်း ဘာသာအယူဝါဒတွေကို လုံးဝ ဖယ်ရှားရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။

    တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်သာသနာဟာ အနောက်တိုင်း ဒဿနတစ်ခုဖြစ်ပြီး သူတို့ရဲ့ပါတီကို ခြိမ်းခြောက်မှုလို့ မှတ်ယူထားတာပါ။ လက်ရှိသမ္မတ ရှီကျင့်ဖျင်လက်ထက်မှာ တရုတ်အစိုးရဟာ ခရစ်ယာန်ဘုရားကျောင်းတွေကို ဖျက်ဆီးတာ၊ လက်ဝါးကပ်တိုင်တွေလို ခရစ်ယာန် အမှတ်သညာတွေကို ဖယ်ရှားတာတွေ တိုးမြှင့်ပြုလုပ်လာခဲ့ပါတယ်။

    တရုတ်ကွန်မြူနစ်အာဘော် သတင်းစာ Global Times က ဒီခရစ်ယာန်ဘုရားကျောင်း ဖြိုချမှုဟာ ဒေသတွင်း တရားမ၀င် အဆောက်အဦးတွေ ဖယ်ရှားမှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ကနဦး ဂိုထောင်ပုံစံ သဘောမျိုးကနေ ဘုရားကျောင်းအဖြစ် ခွင့်ပြုချက်မယူဘဲ ဆောက်လုပ်ထားတာဖြစ်ကြောင်း ဖောပြခဲ့ပါတယ်။

    ၂၀၀၉ ခုနှစ်မှာ တရုတ်ရဲတပ်ဖွဲ့က ဘုရားကျောင်းကနေ သမ္မာကျမ်းစာတွေကို သိမ်းဆည်းပြီး၊ ၀တ်အဖွဲ့ ခေါင်းဆောင်တွေကို ထောင်ချခဲ့တာကြောင့် ဘုရားကျောင်းတာဝန်ရှိတွေနဲ့ တရုတ်အာဏာပိုင်တွေအကြား ပြဿနာတွေ တက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် အင်္ဂါနေ့မှာတော့ တရုတ်စစ်တပ်၊ ပြည်သူ့စစ်အဖွဲ့တွေဟာ ဘုရားကျောင်း မြေအောက်ခန်းက ဓာတ်တော်မွေတော်တွေ ထားတဲ့နေရာကို ဖောက်ခွဲကာ အဆောက်အဦးတစ်ခုလုံးကို ဖြိုချခဲ့တာ ဖြစ်တယ်လို့ တရုတ်နိုင်ငံက ဘာသာရေးလွတ်လပ်ခွင့်ကို စောင့်ကြည့်နေတဲ့ အမေရိကန်အဖွဲ့ ChinaAid က ပြောကြားခဲ့ပါတယ်။

    ChinaAid ရဲ့ အဆိုအရ ဧ၀ံဂေလိအသင်းဝင် ဇနီးမောင်နှံ Wang Xiaoguang နဲ့ Yang Rongli တို့ ဦးဆောင်က ဒေသတွင်းခရစ်ယာန်တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဘုရားကျောင်းကို ကန်ဒေါ်လာ ၃ သန်း အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်အာဏာပိုင်တွေဆီမှာတော့ တရားဝင် မှတ်ပုံတင်ခြင်း မရှိခဲ့ပါဘူး။

    တရုတ်နိုင်ငံမှာ ခရစ်ယာန်ဘာသာဝင် သန်း ၆၀ ကျော်လောက်ရှိပြီး အနည်းဆုံး ထက်ဝက်လောက်ဟာ မှတ်ပုံတင်မထားတဲ့ ဘုရားကျောင်းတွေကို အသုံးပြုနေရပါတယ်။

    Ref: NY Times

     

  • ထိပ်တန်းဗိုလ်ချုပ်တစ်ဦးကို ခြစားမှုဖြင့် တရုတ်တရားစွဲမည်

    ထိပ်တန်းဗိုလ်ချုပ်တစ်ဦးကို ခြစားမှုဖြင့် တရုတ်တရားစွဲမည်

    ဇန်န၀ါရီ ၉၊ ၂၀၁၈
    M-Media

    ဧပြီလက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တွေ့ဆုံရာတွင် ဖန်မှာ ရှီနှင့်အတူ ပါဝင်ခဲ့သူဖြစ်သည်။

    – တရုတ် ဗဟိုစစ်ကော်မရှင်တွင် တာဝန်ထမ်းဆောင်နေသည့် ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးအား ခြစားမှုဖြင့် တရားစွဲဆိုသွားမည်ဟု တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua က ယနေ့တွင် ဖော်ပြခဲ့သည်။

    အသက် ၆၇ နှစ်အရွယ်ရှိ ဖန်ဖန်းဟွေဆိုသူဖြစ်ပြီး ၎င်းမှာ ခြစားမှုအတွက် စုံစမ်းစစ်ဆေးခံနေရသည်ဟု Reuters သတင်းဌာနက စက်တင်ဘာလတွင် ဖော်ပြခဲ့သည်။ Xinhua သတင်းဌာနက ဖန်နှင့်ပတ်သက်၍ အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

    ဧပြီလက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တွေ့ဆုံရာတွင် ဖန်မှာ ရှီနှင့်အတူ ပါဝင်ခဲ့သူဖြစ်သည်။ သို့သော်လည်း သြဂုတ်လတွင် ရုတ်တရက် ရာထူးချခံရပြီး အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် ၅ နှစ်တစ်ကြိမ် ကွန်မြူတစ်ပါတီ ကွန်ဂရက်တွင် သြဇာကြီးမားသည့် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။

    ရှီကျင့်ဖျင်၏ ခြစားမှုတိုက်ဖျက်ရေးတွင် ဗဟိုစစ်ကော်မရှင်မှ ဥက္ကဌဟောင်းနှစ်ဦး အပါအ၀င် ဒါဇင်နှင့်ချီသော စစ်ဖက်တာဝန်ရှိသူများမှာ စုံစမ်းစစ်ဆေးခံရကာ ထောင်ဒဏ်ချမှတ်ခံရသူများလည်း ရှိခဲ့သည်။

    ဖန်နှင့်အတူ စစ်ကော်မရှင်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်တပ်အကြီးအကဲ ကျန်းယန်မှာ ခြစားမှုဆိုင်ရာအတွက် စစ်ဆေးခံရသောကြောင့် နိုဝင်ဘာလက မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည်။

    Ref: CNA

  • နိုင်ငံခြားမှ ကျွမ်းကျင်သူများကို ဆွဲဆောင်ရန် တရုတ်က သက်တမ်းရှည် ဗီဇာအစီအစဉ် စမည်

    နိုင်ငံခြားမှ ကျွမ်းကျင်သူများကို ဆွဲဆောင်ရန် တရုတ်က သက်တမ်းရှည် ဗီဇာအစီအစဉ် စမည်

    ဇန်န၀ါရီ ၅၊ ၂၀၁၈

    M-Media

    – နိုင်ငံတကာကမှ နည်းပညာဂုရုများကို ဆွဲဆောင်နိုင်ရန်အတွက် နိုင်ငံခြား ကျွမ်းကျင်လုပ်သားများကို သက်တမ်းရှည် ဗီဇာပေးရန် တရုတ်နိုင်ငံက စီစဉ်နေသည်ဟု သိရသည်။

    ၅ နှစ်မှ ၁၀ နှစ်အထိ ကြာမြင့်မည့် အဆိုပါ ဗီဇာသက်တမ်းကို နည်းပညာကျွမ်းကျင်သူများ၊ စွန့်ဦးတီထွင်သူများနှင့် သိပ္ပံပညာရှင်များ လျှောက်ထားနိုင်မည်ဟု တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။ လက်ရှိ သက်တမ်းရှည် ဗီဇာအတွက် အနည်းဆုံး နိုင်ငံခြားသား ၅ သောင်း အကျိုးဖြစ်ထွန်းမည်ဟု ဆိုသည်။

    တရုတ်နိုင်ငံမှာ စီးပွားရေးနှင့် လှုမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် စီမံကိန်းများကို ချမှတ်ထားပြီး အဆိုပါ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် နိုင်ငံရပ်ခြားမှ ကျွမ်းကျင်သူများကို ဆွဲဆောင်ရန် ကြိုးပမ်းနေသည်။

    တရုတ်အစိုးရက အဆိုပါ သက်တမ်းရှည် ဗီဇာများကို အွန်လိုင်းမှ အခမဲ့ လျင်မြန်စွာ လျှောက်ထားနိုင်ကြောင်း၊ တစ်ကြိမ်လျှင် တိုင်းပြည်အတွင်း ရက်ပေါင်း ၁၈၀ အထိ နေထိုင်နိုင်မည်ဖြစ်ကာ အိမ်ထောင်ဖက်များ၊ ကလေးငယ်များကိုလည်း ခေါ်ယူနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    တရုတ်မှာ နိုင်ငံရပ်ခြားမှ ကျွမ်းကျင်မှုနည်းပါးသည့် အလုပ်သမားများကို လျော့ကာ ကျွမ်းကျင်မှု မြင့်မားသည့် အလုပ်သမားများကို အဓိကထား ခေါ်ယူရန် ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားအလုပ်သမားများအတွက် အဆင့်သတ်မှတ်ချက်ကို စတင်ခဲ့သည်။ လက်ရှိ သက်တမ်းရှည် ဗီဇာအစီအစဉ်တွင် နိုဘယ်ဆုရှင်များ၊ အောင်မြင်သော အိုလံပစ်အားကစားသမားများလည်း ၀င်ရောက်လျှောက်ထားနိုင်မည်ဖြစ်သည်။

    Ref :BBC

  • ၂၀၃၅ ခုနှစ်တွင် ဆိုက်ဘာအင်အားကြီးနိုင်ငံဖြစ်ရေး တရုတ်ပစ်မှတ်ထား

    ၂၀၃၅ ခုနှစ်တွင် ဆိုက်ဘာအင်အားကြီးနိုင်ငံဖြစ်ရေး တရုတ်ပစ်မှတ်ထား

    ဇန်န၀ါရီ ၃၊ ၂၀၁၈
    M-Media

    – ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ၂၀၃၅ ခုနှစ်မှာ ကမ္ဘာ့ ဆိုက်ဘာအင်အားကြီးနိုင်ငံဖြစ်လာရေး ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

    တရုတ်နိုင်ငံဟာ လက်ရှိမှာ ယွမ် ၁၃.၈ ဘီလီယံ (ကန်ဒေါ်လာ ၂.၁ ဘီလီယံ) ကုန်ကျမယ့် ဉာဏ်ရည်တုစင်တာ AI Park ကို ဘေဂျင်းမှာ ဆောက်လုပ်ဖို့အပါအ၀င် နည်းပညာဆိုင်ရာ စီမံကိန်းတွေ တော်တော်များများလုပ်ဖို့ စီမံကိန်းဆွဲထားပါတယ်။

    လာမယ့်နှစ်တွေအတွင်း သတင်းအချက်အလက် နည်းပညာ၊ အင်တာနက်ဆိုင်ရာ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးတွေကိုလည်း အရှိန်မြှင့် လုပ်ဆောင်သွားဖို့ ရှိပါတယ်။

    တရုတ် စက်မှုနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၀န်ကြီး မြောင်ဝေက သူတို့အနေနဲ့ ၂၀၃၅ ခုနှစ်ကျရင် ဆိုက်ဘာလောကမှာ ထိပ်တန်းရောက်ဖို့အတွက် ကြိုးပမ်းအားထုတ်သွားမယ်လို့ ဆိုပါတယ်။

    အင်တာနက်၊ အချက်အလက်နဲ့ ဉာဏ်ရည်တုနည်းပညာအကြား ပေါင်းစည်းမှုကို အားပေးရမှာဖြစ်ပြီး တစ်ဦးချင်း အချက်အလက်လုံခြုံရေး၊ အွန်လိုင်းအချက်အလက် လုံခြုံရေးတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

    World Internet Developing Report မှာ ဖော်ပြထားတဲ့အချက်အလက်အရ ၂၀၁၇ ခုနှစ် ဇွန်လအထိ ကမ္ဘာတစ်ဝှမ်း အင်တာနက်သုံးစွဲသူဦးရေ သန်းပေါင်း ၄ ထောင် ရှိရာမှာ တရုတ်နိုင်ငံက သန်း ၇၅၀ ရှိနေတယ်လို့ သိရပါတယ်။

    မြောင်ဝေက AI လို အဆင့်မြင့် နည်းပညာမျိုး ပြန့်နှံ့လာတာက သမရိုးကျ စက်မှုလုပ်ငန်းတွေကို ပြန်လည်ရှင်သန်လာစေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    Ref: RT