News @ M-Media

Tag: China

  • ဂျပန်တွေက ဘာ့ကြောင့် တရုတ်ထက်ပိုပြီး နိုဘယ်ဆု ရကြတာလဲ

    ဂျပန်တွေက ဘာ့ကြောင့် တရုတ်ထက်ပိုပြီး နိုဘယ်ဆု ရကြတာလဲ

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    japan
    ၂၀၁၆ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆု ရသည့် ဂျပန်ဇီဝဗေဒပညာရှင် ယိုရှီနိုရီ အိုဆူမီ

    – တရုတ်နဲ့ ဂျပန်နိုင်ငံတို့ဟာ အစေးမကပ်တဲ့ တိုင်းပြည်နှစ်ခုဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်ပြည်သူတွေက ဘာ့ကြောင့် ဂျပန်နိုင်ငံဟာ တရုတ်ထက်ပိုပြီး နိုဘယ်ဆုတွေ ရရှိကြလဲဆိုတာကို လေ့လာ သုံးသပ်နေကြပြီ ဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ဂျပန်ဇီဝဗေဒပညာရှင် ယိုရှီနိုရီ အိုဆူမီက ရရှိခဲ့ပြီး၊ ဒီနယ်ပယ်မှာပဲ ၂၀၁၅ ခုနှစ်က တရုတ်ဆေးဝါးဆိုင်ရာ ပညာရှင် တူ ယူယူက နိုဘယ်ဆု ရခဲ့ဖူးပါတယ်။ ဒါပေမယ့် ၁၉၄၉ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံက ရရှိခဲ့တဲ့ နိုဘယ်ဆု အရေအတွက်ဟာ ၂၅ ခုအထိ ရှိနေပြီး တရုတ်ကတော့ ဒီကာလအတွင်းမှာ ၃ ခုသာ ရရှိထားပါတယ်။

    ဒါတောင် ၂၀၁၀ ခုနှစ်က တရုတ်တက်ကြွလှုပ်ရှားသူ လီရှောင်ဘိုကို ပေးအပ်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကိုပါ ထည့်တွက်မှ ၃ ဆု ဖြစ်ပြီး လီရှောင်ဘိုကို ဒီလို ဆုပေးမှုကို တရုတ်အစိုးရက လက်မခံတာကြောင့် နော်ဝေ-တရုတ် သံအဆက်အသွယ်တောင် ပြတ်တောက်သွားခဲ့ပါတယ်။ ဂျပန်ကတော့ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ နိုဘယ်ဆု အများဆုံးရရှိထားတဲ့နိုင်ငံ ဖြစ်ပါတယ်။

    ၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ အာဏာရပြီးတဲ့နောက်ပိုင်းမှာ တရုတ်ရူပဗေဒ ပညာရှင်တွေဖြစ်တဲ့ လီကျန်ဒေါင်နဲ့ ယန်ဂျန်နင်းတို့ဟာ တိုင်းပြည်က ထွက်ခွာသွားခဲ့ပြီး အမေရိကန်မှာ အလုပ်လုပ်နေတဲ့အချိန် ၁၉၅၇ ခုနှစ်မှာ ရူပဗေဒနယ်ပယ်အတွက် နိုဘယ်ဆုကို အတူ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ ၂ ယောက်စလုံးဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်လာခဲ့ကြပါတယ်။

    တရုတ်အစိုးရ ကျောထောက်နောက်ခံပြု Global Times စာစောင်ကတော့ ဂျပန်ရဲ့ ဒီလိုအောင်မြင်မှုနဲ့ပတ်သက်ပြီး သုံးသပ်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရေးသားခဲ့ပါတယ်။ How can Japan win so many Nobel Prizes? (ဂျပန်တွေ ဘယ်လိုလုပ် နိုဘယ်ဆုအများကြီး ရကြတာလဲ) ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ အဲဒီဆောင်းပါးဟာ တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာမှာ အလျင်မြန် ပြန့်နှံ့သွားခဲ့ပါတယ်။

    ဒီဆောင်းပါမှာ ဂျပန်တွေရဲ့ သားသမီးတွေကို ပြုစုပျိုးထောင်မှုကို အောက်ပါအတိုင်း ထောက်ပြခဲ့ပါတယ်။

    – ဂျပန်တွေဟာ ကလေးတွေကို သဘာဝတရားနဲ့ သိပ္ပံပညာရပ်အပေါ်မှာ စူးစမ်းလေ့လာတတ်အောင် ငယ်ငယ်ကတည်းက သင်ပေးကြပါတယ်။ (ယခုနှစ်နိုဘယ်ဆုရသွားတဲ့) အိုဆူမီကိုယ်တိုင် ငယ်ငယ်တုန်းက သူဟာ ကြမ်းပိုးလေးတွေကိုကြည့်ပြီး အံ့သြခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ ဂျပန်ပြည်တွေဟာ ဂုဏ်သိက္ခာရဲ့ အရသာကို မြည်းစမ်းချင်စိတ်၊ သဘာဝပတ်ဝန်းကျင်နဲ့ နီးနီးကပ်ကပ်ရှိတဲ့ အခြေအနေမျိုး စတာတွေနဲ့ ကြီးပြင်းလာခဲ့တာပါ။

    – တရုတ်နိုင်ငံက မိဘတွေကတော့ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျေနပ်ပျော်ရွှင်မှုကိုပဲ ပိုပြီး အဓိကထားတယ်။ ဂျပန်တွေက ကလးတွေကို မှီခိုမှုကင်းဖို့ အားပေးကြတယ်။ ဥပမာအားဖြင့် ဂျပန်မိဘတွေဟာ သူတို့ရဲ့ ကလေးတွေအတွက် ကောလိပ် ကျူရှင်လခကို ပုံမှန် ပေးလေ့ရှိပေမယ့် ဂျပန်ကျောင်းသားတွေက သူတို့နေထိုင်ဖို့ သုံးစွဲဖို့အတွက် အလုပ်လုပ်ဖို့ ဆန္ဒရှိကြတယ်။

    – ဂျပန်နိုင်ငံက သိပ္ပံသုတေသတွေဟာ ပိုလွတ်လပ်ပြီး၊ အစိုးရရဲ့ ၀င်ရောက်စွက်ဖက်မှုကနေ သိသိသာသာကင်းလွတ်တယ်။ ဂျပန်ပညာရှင်တွေဟာ သုတေသနမှာ မအောင်မြင်ရင် အလုပ်ပြုတ်သွားမယ်ဆိုတဲ့ ဖိအားမျိုးမရှိဘူး။ အဲဒီလို ဖိအားမရှိခြင်းကပဲ သူတို့ရဲ့ အလုပ်မှာ အချိန်တော်တော်ကြ နှစ်မြုပ်လုပ်ဆောင်မှုကို ဖြစ်စေပါတယ်။

    – ဂျပန်သိပ္ပံပညာရှင်တွေဟာ တရုတ်သိပ္ပံပညာရှင်တွေထက် ကမ္ဘာ့အမြင်ပိုကျယ်ပြီး ဒါဟာ အခြားတိုင်းပြည်တွေက ပညာရှင်တွေနဲ့ မကြာခဏ ပညာဖလှယ်မှုတွေ ပြုလုပ်ကြလို့ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ သိပ္ပံဆိုင်ရာ သုတေသနအတွက် ကမ္ဘာ့အဆင့် အဆောက်အဦးတွေ၊ အသုံးအဆောင်တွေရှိနေပြီး အဲဒီအတွက် အစိုးရက သိသိသာသာ ထောက်ပံ့ပေးပါတယ်။

    အဲဒီထောက်ပြချက်တွေကို တရုတ်ပြည်သူတော်တော်များများကလည်း လက်ခံခဲ့ကြပါတယ်။

    တရုတ်နိုင်ငံရဲ့ Twitter လို့သိကြတဲ့ Weibo မှာ အသုံးပြုသူတစ်ယောက်က သိပ္ပံနယ်ပယ်မှာ အောင်မြင်နဲ့ပတ်သက်ပြီး ဂျပန်နဲ့ တရုတ်တို့ရဲ့ ခြားနားချက်ကို အခုလို ထောက်ပြခဲ့ပါတယ်။

    “ဂျပန်က နိုဘယ်ဆုတွေအများကြီးရတာဟာ သိပ်မဆန်းပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒီနေ့ ဂျပန်ရဲ့ သိပ္ပံဆိုင်ရာ အောင်မြင်မှု အများစုဟာ ဂျပန်က ချမ်းသာကြွယ်ဝပြီး သိပ္ပံသုတေသနမှာ ငွေကြေးကို လိုလိုချင်ချင် အသုံးပြုခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊ ၃၀ လောက်က အခြေတည်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကတော့ ၁၉၇၈ ခုနှစ်ကမှ ပြုပြင်ပြောင်းလဲမှု၊ ပေါ်လစီဖြေလျှော့မှုတွေလုပ်ခဲ့တာဖြစ်ပြီး ဒါတောင် လူတော် တော်တော်များများ ဖိနှိပ်ခံခဲ့ရတဲ့ ၁၀ နှစ်ကြာ ယဉ်ကျေးမှု တော်လှန်ရေးကို ထည့်မတွက်ထားပါဘူး”

    ဝေဖန်သူ နောက်တစ်ဦးကလည်း တရုတ်နိုင်ငံရဲ့ ပညာရေးစနစ်ကို ဝေဖန်ခဲ့ပြီး ကျောင်းသားရဲ့ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းကို သတ်ပစ်နေတဲ့နေရာလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

    “နေ့တိုင်း သူတို့တွေ ကျောင်းသွားတယ်၊ ကျောင်းက ပြန်လာတယ်။ အိမ်စာတွေ တစ်ပုံတစ်ပင်ကို လုပ်ရတယ်။ ဒါက သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုကို သင်းသတ်သလို ဖြစ်စေပါတယ်”

    Global Times ကို ဖတ်ရှုတ်တဲ့သူ တစ်ယောက်ကတော့ နိုဘယ်ဆု ချီးမြှင့်မှုကို မေးခွန်းထုတ်ခဲ့ပါတယ်။

    “ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ချို့နိုဘယ်ဆုပေးမှုတွေက မေးခွန်းထုတ်စရာကောင်းနေတယ်။ တရုတ်နိုင်ငံက ဆောင်ရွက်ရမှာက တရုတ်ပြည်သူတွေရဲ့ ဘ၀တွေနဲ့ အသက်မွေးမှုတွေ တိုးတက်စေမယ့် နည်းလမ်းတွေ၊ လမ်းကြောင်းတွေ ရှာဖွေရမှာပါ။ တရုတ်နိုင်ငံက နိုဘယ်ဆုတွေ ရလား၊ မရဘူးလားဆိုတာက အဓိကမကျပါဘူး”

    Ref: qz.com

  • “၁၂နှစ်ရွယ် အရှေ့တောင်အာရှသူလေးကို ကိုယ်ဝန်ရစေခဲ့တဲ့ တရုတ်က လူကုန်ကူးမှု”

    “၁၂နှစ်ရွယ် အရှေ့တောင်အာရှသူလေးကို ကိုယ်ဝန်ရစေခဲ့တဲ့ တရုတ်က လူကုန်ကူးမှု”

    အာဏာပိုင်များအား သတိပြုမိသွားစေချင်သည့် လူကုန်ကူးသတင်းတစ်ပုဒ်

    အောက်တိုဘာ ၈ ၊ ၂၀၁၆
    ထင်ကျော် ရေးသည်။
    14494841_536255613240042_2796114310204571007_n

    တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစု ပြည်နယ်ထဲ ကျုချော့ ဆိုတဲ့မြို့ကလေးရှိ ဗဟိုဆေးရုံကို ၂၀၁၆ ခုနှစ်အောက်တိုဘာလ ၇ ရက်နေ့က လူသုံးဦးရောက်လာပြီး ကိုယ်ဝန်လာအပ်ပါတယ်။ တစ်ဦးက အသက် ၄၀ အရွယ် ခင်ပွန်းသည်လို့ သူ့ကိုယ်သူ မိတ်ဆက်တယ်။ နောက်တစ်ဦးက ဇနီးသည်ပေါ့လေ။ ဇနီးသည်ကိုတော့ အသက် ၂၀ အရွယ်လို့ သူတို့က ပြောတယ်။ တတိယ တစ်ဦးကတော့ တရုတ်ရဲ့ မိခင်၊ ကိုယ်ဝန်ဆောင်သည်ရဲ့ ယောက္ခမ လို့ ခင်ပွန်းသည်ဆိုသူ တရုတ် အမျိုးသားက မိတ်ဆက်တယ်။ဇနီးသည် ဆိုသူ မိန်းကလေးမှာ ကိုယ်ဝန်လည်း သုံးလ ရှိလို့ လာအပ်တာလို့ သူတို့ကဆိုတယ်။

    ဆေးရုံတာဝန်ရှိသူများ က အသေအချာ ကြည့်လိုက်တော့ ကိုယ်ဝန်ဆောင် မိန်းကလေးဟာ အသက် ၂၀ မဖြစ်နိုင်ဘဲ အသက် ၁၂ ၀န်းကျင်တောင် မရှိတတ်သေးတဲ့ ကလေးငယ် တစ်ဦးသာ ဖြစ်ကြောင်း ခန့်မှန်းတယ်။ ကလေးရုပ်တောင် မပျောက်သေးဘူး။ ကိုယ်ဝန်သည် ကလေးငယ်ကို မေးမြန်းကြည့်လိုက်တော့ တရုတ်ပြည်မကြီးသုံး မင်ဒရင်တရုတ်စကားကို လုံးဝကို မတတ်ကြောင်း ပေါ်လွင်လာတယ်။

    ပြီးတော့ တရုတ်နိုင်ငံသား မှတ်ပုံတင်ကိုလည်း လုံးဝမပြနိုင်ဘူး။ ကိုယ်ဝန်ဆောင်သည်ကို ဆရာဝန်တွေက မေးခွန်းတွေ အများကြီး မေးနေတာကိုလည်းခင်ပွန်း ဆိုသူက ဒေါသထွက်ပြီး ၊ ကိုယ်ဝန်ကိုလာပြတာသာဖြစ်ကြောင်း၊ မလိုအပ်တဲ့ မေးခွန်းတွေ အများကြီး မေးစရာမလိုကြောင်း စိတ်တိုပြတယ်။

    ဒီမှာပဲ ဒီကလေးငယ်ကို ကိုယ်ဝန်ရစေခဲ့တဲ့ ခင်ပွန်းဆိုသူ တရုတ်အမျိုးသားကို ရဲလက်အပ်ပြီး ဖမ်းဆီးစေခဲ့တယ်။ ကိုယ်ဝန်သုံးလကို ဆောင်ထားရတဲ့ မိန်းကလေးငယ်လေးဟာတရုတ်နိုင်ငံသား မဟုတ်ကြောင်း ပေါ်ပေါက်လာတယ်။ တရုတ်ပြည်ရဲ့ တောင်ဖက် အရှေ့တောင် အာရှနိုင်ငံတစ်နိုင်ငံက ဖြစ်နိုင်ကြောင်းသာ ခန့်မှန်းနိုင်သေးပြီး ဘယ်နိုင်ငံက ဆိုတာ အခုထိတော့ သဲသဲကွဲကွဲ မသိရသေးဘဲ ဆက်လက် စစ်ဆေးနေဆဲပဲလို့ ဒီသတင်းအရသိရတယ်။

    သတင်းကတော့ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၇ရက်နေ့( ဒီနေ့) နေ့စွဲ နဲ့ ဗြိတိန်နိုင်ငံ ထုတ် Mirror သတင်းစာမှာ ပါတဲ့ သတင်းဖြစ်ပါတယ်။ ပြောချင်တာက တရုတ်ပြည်ရဲ့ တောင်ဖက်ပိုင်း အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဆိုတာ မြန်မာနိုင်ငံလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

    မြန်မာနိုင်ငံရဲ့ အဓိက နဲ့ အကြီးဆုံး မြို့ကြီးထဲမှာ ကမ္ဘာ့ဒုတိယအများဆုံး စံချိန်တင် မူးယစ်ဆေးဝါး ဖမ်းဆီးမှုကြီး ရှိခဲ့တာတောင် ယနေ့ထိ လက်သည်ပိုင်ရှင် တရားခံများဟာ ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်သေးတဲ့ Law Enforcement ကိုတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဟာ ဒီလို လူကုန်ကူးခံ ကိစ္စမျိုးတွေကို လက်နဲ့မတို့မထိလောက်အောင်ပဲ လျစ်လျူရှုထားသလို ဖြစ်နေရတဲ့ အဖြစ်ကိုတော့ သိမှတ်ရှုမြင်နိုင်ကြပါစေခင်ဗျာ။

    မြန်မာနိုင်ငံက မသိဉာဏ်မကြွယ်ကြသူ မိန်းကလေးငယ်တွေရော မိန်းကလေးကြီးတွေကိုပါ တရုတ်နိုင်ငံ အမျိုးသားတွေရဲ့ဇနီမယားပြတ်လပ်မှု လိုအပ်ချက်ဈေးကွက်အတွက် ပေါ်တင်တစ်မျိုး ၊ လျှို့ဝှက်တစ်သွယ် နယ်စပ်ကနေ လူမှောင်ခိုကူး ရောင်းစားတာကို အကြီးအကျယ် ခံနေကြရရှာတယ် ဆိုတာ တစ်နိုင်ငံလုံးသိကြပါတယ်။

    ဒီကြားထဲ ကလေးငယ်လေးတွေဟာ မြန်မာတစ်နိုင်ငံလုံးမှာ လက်သည်မပေါ်ဘဲ ဟိုနေရာမှာ ပျောက်သွားလိုက်၊ သည်နေရာမှာ ပျောက်သွားလိုက် နဲ့ ပျောက်သာပျောက်သွားပြီး ဘယ်ကိုရောက်သွားကြတယ်။ ဘယ်သူတွေက ခိုးယူခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ ဘယ်သူမှ အတိအကျမသိကြရဘူး။

    ဟော ခုတော့ ဒါမျိုးသတင်းမျိုးတွေကို ကြားလာရတယ်။ မြန်မာပြည်က ကလေးငယ်လေးတွေ ဘယ်လောက်များများများ ဒီလိုပုံဒီလိုနည်းနဲ့ မိဘရင်ခွင်ထဲက ရက်ရက်စက်စက် ယူဆောင်သွားခြင်းကို ခံလိုက်ကြရပြီး မိမိတို့လည်း အလိုမတူပါပဲလျက် တစ်ပြည်ရပ်ခြားမှာ ကူသူကယ်သူမရှိ၊ စကားတောင် မပြောတတ်ရှာကြပဲ အတင်းအကြပ် လူကျွန်၊ လိင်ကျွန် အပြုခံနေကြရသလဲဆိုတာကိုတော့ မေတ္တာမခေါင်းပါးကြသူများ အလေးအနက်ထား စဉ်းစားပေးကြပါ။

    တာဝန်ရှိကြသူ အာဏာပိုင်များ အနေနဲ့လည်း အခုဒီသတင်းထဲပါတဲ့ ကလေးမငယ်လေးဟာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် ဆိုတာကို နိုင်ငံအစိုးရချင်း ဆက်သွယ်စိစစ်ပြီး မေးမြန်းစုံစမ်းပေးပြီး ဟုတ်ရင် ကယ်တင်ပေးကြပါ။ နောက်ထပ် အလားတူကိစ္စမျိုးတွေလည်း ရှိနေနိုင်ပြီး အပြစ်မဲ့ကြရှာသူလေးတွေကို ကယ်တင်ပြီး နောင်မှာလည်း ဒါမျိုးတွေ မဖြစ်ပေါ်အောင် တားဆီးပေးကြစေလိုကြောင်း မေတ္တာရပ်ခံအပ်ပါတယ် ။ ဒီကလေးငယ်ကို မိမိသမီးလေးသာ ဖြစ်ခဲ့ရင်ဆိုတဲ့ မိဘမေတ္တာစိတ် လေးနဲ့ စာနာနိုင်ကြပါစေခင်ဗျာ။

    ထင်ကျော်
    ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

    (မူရင်းသတင်းကို လေ့လာလိုသူများ ယခုလင့်တွင် သွားရောက် လေ့လာနိုင်ကြပါသည်။
    http://www.mirror.co.uk/news/world-news/pregnant-12-year-old-girl-9001329?ICID=FB_mirror_main

  • တရုတ်စစ်သင်္ဘော ၂ စီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်

    တရုတ်စစ်သင်္ဘော ၂ စီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်

    အောက်တိုဘာ ၁၊ ၂၀၁၆
    M-Media

    – တရုတ်နိုင်ငံမှ စစ်သင်္ဘောနှစ်စင်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့ပြီး မဟာဗျူဟာအရ အရေးပါသည့်နေရာတွင် တည်ရှိသော မြန်မာနိုင်ငံနှင့် စစ်ရေးဆက်ဆံမှု တိုးမြှင့်ရေး ဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်သည်။

    ယမန်နေ့က ရောက်ရှိခဲ့သည့် အဆိုပါ ရေတပ်သင်္ဘောများမှာ ဖရီးဂိတ်သင်္ဘောများဖြစ်သော Xiangtan နှင့် Zhoushan တို့ဖြစ်ပြီး မြန်မာစစ်တပ်မှ အကြီးတန်းအရာရှိများက ကြိုဆိုခဲ့သည်။

    “ကျွန်တော်တို့ စစ်တပ်နှစ်ခုဟာ မိတ်ဆွေဖြစ်သလို၊ မိတ်ဖက်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ရင်းနှီးတဲ့ ညီရင်းအစ်ကိုတွေပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟောင်လီယန်က အဆိုပါသင်္ဘောများ ရောက်ရှိလာပြီးနောက် ပြောကြားခဲ့သည်။

    ထိုလည်ပတ်မှုမှာ ၅ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်ဆံရေးကို အားကောင်းစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု တရုတ်အစိုးရက ဆိုသည်။

    ယခုကဲ့သို့ လာရောက်ခြင်းမှာ တရုတ်ရေတပ်မှ စစ်သင်္ဘောများ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက်လာရောက်လည်ပတ်ခြင်းလည်းဖြစ်သည်။

    ယခင် စစ်အာဏာရှင်များ၏ အားကိုးရာဖြစ်ခဲ့သော တရုတ်နိုင်ငံမှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဧပြီလတွင် အာဏာရပြီးနောက် မြန်မာနိုင်ငံအပေါ် ၎င်း၏ လွှမ်းမိုးမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ ဖြစ်လာခဲ့ပြီး သံတမန်ရေးရာအရ တိုင်းမြှင့်ဆောင်ရွက်မှုများ ပြုလုပ်လာခဲ့သည်။

    Ref: Dailymail

  • ပိုက်ဆံမပေးသဖြင့် မိဘအပါအ၀င် လူ ၁၉ ဦးအား သတ်ဖြတ်မှု တရုတ်တွင်ဖြစ်ပွား

    ပိုက်ဆံမပေးသဖြင့် မိဘအပါအ၀င် လူ ၁၉ ဦးအား သတ်ဖြတ်မှု တရုတ်တွင်ဖြစ်ပွား

    အောက်တိုဘာ ၁၊ ၂၀၁၆
    M-Media

    chian

    – တရုတ်နိုင်ငံ အနောက်တောင်ဘက် ရွာတစ်ရွာတွင် အမျိုးသားတစ်ဦးက မိမိမှာ မိဘများနှင့် ငွေကြေးကိစ္စ စကားများပြီးနောက် လူ ၁၉ ယောက်ကို သတ်ပစ်ခဲ့သည်ဟု ၀န်ခံထွက်ဆိုခဲ့သည်။

    ယန်ကျင်းပေအမည်ရှိသူဖြစ်ပြီး ၎င်း၏ဇာတိ ယူနန်ပြည်နယ်ရှိ ယီမာရွာမှပြန်ရန် မိဘများထံ ပိုက်ဆံတောင်းရာ၌ အဆင်မပြေသဖြင့် ၎င်း၏မိဘများ၊ ၎င်းကို ၀ိုင်းဝန်းတားဆီးခဲ့သည့် ကလေးများအပါအ၀င် အိမ်နီးချင်း ၁၇ ယောက်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီး ၃၃ နာရီအကြာအထိ အပြင်းအထန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယန်ကျင်းပေအား ပြည်နယ်မြို့တော် ကူမင်းတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ အစောပိုင်းသတင်းများအရ အဆိုပါရွာသားများကို ကြာသပတေးနေ့မနက်က ၎င်းတို့နေအိမ်များ၌ သေဆုံးလျက်တွေ့ရှိရသည်ဟု ဆိုသည်။

    သေဆုံးခဲ့သူများမှာ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ဖြစ်ပြီး အငယ်ဆုံးမှာ သုံးနှစ်သမီးလေးတစ်ဦးဖြစ်ကာ အသက်အကြီးဆုံးမှာ ၇၂ နှစ်အရွယ်ဖြစ်သည်ဟု သိရသည်။ ယင်းတို့အနက် လေးဦးမှာ အသက် ၁၈ နှစ်အောက်များ ဖြစ်ကြသည်။

    Ref : CNA

  • ဂျပန်ကျွန်းများကိုဖြတ်၍ တရုတ်က စစ်လေယာဉ်များ ပျံသန်း

    ဂျပန်ကျွန်းများကိုဖြတ်၍ တရုတ်က စစ်လေယာဉ်များ ပျံသန်း

    စက်တင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    china-2

    – ပစိဖိတ်အနောက်ပိုင်းတွင် စစ်ရေးလေ့ကျင့်ရန်အတွက် ဂျပန်ကျွန်းများကြား ရေလက်ကြားတစ်ခုကိုဖြတ်၍ ဗုံးကြဲလေယာဉ်နှင့် အခြား တိုက်လေယာဉ် ၄၀ ကျော်ကို စေလွှတ်ခဲ့သည်ဟု တရုတ်လေတပ်က ပြောကြားလိုက်သည်။

    အနောက်ပစိဖိတ်တွင် တာဝေး စစ်ရေးလေ့ကျင်မှုနှင့် အရှေ့တရုတ်ပင်လယ် လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်၌ ပြုလုပ်မည့် ကင်းလှည့်မှုများမှာ တရုတ်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန် ဖြစ်သည်ဟု တရုတ်လေတပ် ပြောရေးဆိုခွင့်ရှိသူ ရှင်ကျင်ကီက တနင်္ဂနွေနေ့တွင် ပြောခဲ့ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင် လွှင့်တင်ထားသည့် ကြေငြာချက်၌ ဖော်ပြထားသည်။

    အရှေ့တရုတ်ပလယ်လယ်တွင် တရုတ်က လေကြောင်းကာကွယ်ရေးသတ်မှန်ဇုန်ကို ၂၀၁၃ ခုနှစ်က ဖော်ဆောင်ပြီး အဆိုပါ လေပိုင်နက်ထဲသို့ ၀င်ရောက်လာသည့် လေယာဉ်များအနေဖြင့် တရုတ်အာဏာပိုင်များထံ သတင်းပို့ရသည့်စနစ် ကျင့်သုံးခြင်းကို ဂျပန်နှင့် အမေရိကန်တို့က ရှုတ်ချမှုများ ပြုလုပ်ထားသည်။

    အရှေ့တရုတ်ပင်လယ်တွင် ကင်းလှည့်မှုများမှာ ‘လေယာဉ်မပျံသန်းရ ကာကွယ်ရေးဇုန်ကို ချဉ်းနင်းဝင်ရောက်လာသည့် ပြည်ပစစ်လေယာဉ်များကို အသေအချာစောင့်ကြည့်စီစစ်ရန်နှင့် ခြိမ်းခြောက်မှုများအပေါ် အရေးယူတုံ့ပြန်ရန်၊ အမျိုးသားလေကြောင်းပိုင်နက်ကို ကာကွယ်ရန်အတွက် ဖြစ်သည်’ ဟု ကြေငြာချက်က ဆိုသည်။

    ထို့ပြင် ဂျပန်ကျွန်းများဖြစ်သော မီယာကိုနှင့် အိုကီနာဝါတို့အား ခြားထားသော မီယာကိုရေလက်ကြားကို ဖြတ်သန်းခဲ့ပြီးနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ လေယာဉ်များမှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

    တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့အကြား ပိုင်နက်အငြင်းပွားမှုများနှင့်ပတ်သက်၍ တရုတ်နှင့် ဂျပန်တို့အကြား မကျေမလည် ဖြစ်နေသည့်အချိန်တွင် တရုတ်၏ ယခုလုပ်ရပ် ပေါ်ထွက်လာခြင်းကြောင့် တင်းမာမှုမှာ ပိုမိုမြင့်တက်လာဖွယ် ရှိနေသည်။

    Ref : Aljazeera