News @ M-Media

Tag: D-Rose

  • ဝေး

    ဝေး

    အောက်တိုဘာ ၂၁ ၊ ၂၀၁၆
    M-Media
    နှင်းဆီခင် ရေးသည်။

    broken-relationship

    တစ်ဦးနှင့်တစ်ဦး ရင်ခုန်ခံစားခြင်းက အချစ်ရဲ့အစလို့ ဆိုကြတယ်။ ချစ်သက်တမ်း တိုခြင်း၊ ရှည်ခြင်းပေါ်တည်တယ်လို့ မဟုတ်။ ဘဝတစ်ခုကို နှစ်ယောက်တည်းနှင့် တည်ဆောက်ဖြစ်ကြသည်ပဲလေ။ ကြားလူမလို ချစ်သူချင်း နားလည်ခံစားမှုသာ အဓိကပါလို့ဆိုပြီး နှစ်ဦးသဘောတူရုံနှင့် လက်တွဲကြသူတွေရှိကြသလို၊ အမေ့အလိုအကျ အမေ့စိတ်တိုင်းကျ ရွေးချယ်ပေးတဲ့ ဘဝခရီးဖော်ကို လက်တွဲလိုက်ကြသူတွေလည်း လောကမှာ မရှားပါဘူး။

    တစ်ခါတစ်ရံကျပြန်တော့ သီးချိန်၊ ပွင့်ချိန်တန်ပေမယ့် ကိုယ်တိုင်ရင်ခုန်ခံစားရမယ့် သူလည်းမရှိ၊ အမေတို့လို လူကြီးမိဘတွေလည်း ထိထိရောက်ရောက် မစီစဉ်ပေးနိုင်တဲ့အခါ ကြားလူကို အားကိုးရပြီပေါ့။ နှစ်ဖက်မိဘတွေနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဆိုတော့ အပြောအဆိုကောင်းကောင်းနှင့် ချိတ်ဆက်ပေးရင်း တစ်မိသားစုနှင့် တစ်မိသား ပေါင်းဖက်ဖြစ်သွားတာတွေလည်း လက်တွေ့ဘဝမှာ အများကြီးပါ။

    တစ်ခုပဲရှိတယ်။ ပုံပြင်တွေ တချို့ဝတ္တုတွေထဲမှာလို ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းဆိုတဲ့ ဇာတ်သိမ်းမျိုးကြောင့် စာဖတ်သူက ကြည်နူးကျေနပ်မိသည်ပေါ့။ တကယ်တော့ ဒါကစာထဲမှာ ဇာတ်သိမ်း၊ လက်တွေ့ဘဝမှာတော့ ဒါကဘဝရဲ့အစ၊ တကယ့်ကို အစပိုင်းလေးပဲရှိသေးတာလေ။ အိမ်ထောင်သက်တမ်းတစ်လျှောက် ကြုံရဆုံရမှာတွေက အများကြီးမှ အများကြီးပဲ မဟုတ်လား။ သူစိမ်းတစ်ရံဆံနှစ်ဦး တစ်မိုးအောက်မှာ အတူနေရင်း အပေးအယူမျှဖို့ဆိုတာက ဘယ်သီအိုရီ၊ ဘယ်အဓိပ္ပါယ်သတ်မှတ်ချက် နိယာမတွေကို လိုက်နာရမယ်လို့ ရှိတာမှမဟုတ်တာ။ လက်တွေ့ဘဝမှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ကလေး တစ်ခုကို ထူထောင်နိုင်တယ်ဆိုတာ နည်းနည်းနှောနှော မဟုတ်တဲ့ ကံကောင်းခြင်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

    ရင်းနှီးကျွမ်းဝင်သူတွေထဲမှာ အိမ်ထောင်ရေး သာယာသူတွေရှိသလို အကြောင်းကြောင်းကြောင့် စလယ်ဝင် ဘဝကနေ အချိန်မတိုင်ခင် ကွဲကြရသည်တွေလည်း ရှိကြပါတယ်။

    ဒေါ်နွဲ့မူဆိုတာက ကုမဏီကြီးတစ်ခုမှာ ဒါရိုက်တာအဖွဲ့ဝင် တစ်ယောက်။ ရာထူးအရသာ ဒေါ် တပ်ခေါ်ရပေမယ့် လူလတ်ပိုင်းတစ်ဦးပါပဲ။ ပညာတတ်၊ ရုပ်ချော၊ မိဘမျိုးရိုးစဉ်ဆက်ချမ်းသာသူ၊ အသက်ရလာပြီဖြစ်တဲ့ မိဘတွေကလည်း အရာရာမှာ သမီးအလိုကျသာမို့ သမီးရဲ့ အိမ်ထောင်ရေး ကိစ္စမှာ ဘာမှဝင်ရောက်စွက်ဖက်တာမျိုး မရှိခဲ့ဘူး။ နွဲ့မူကလည်း တော်ရုံယောင်္ကျားကို အထင်ကြီးတတ်သူမျိုး မဟုတ်လေတော့ အပျိုကြီးဘဝနှင့် အနေကြာလာခဲ့တယ်။

    ကိုမြင့်ထွန်းက ရေကြောင်းအရာရှိဖြစ်ပြီး မောင်နှမသုံးယောက်မှာ အထွေးဆုံးသား၊ မိဘတွေ မရှိကြတော့တဲ့နောက်ပိုင်းမှာ ပင်လယ်ရပ်ခြား ခရီးထွက်နေတာကများတာမို့ အိမ်ထောင်မပြုသေးတဲ့ လူပျိုကြီးတစ်ဦးပေါ့။ အိမ်ထောင်သည် အစ်ကို၊ အစ်မနှစ်ယောက်က အိမ်ထောင်ပြုဖို့ တိုက်တွန်းကြပေမယ့် လွတ်လွတ်လပ်လပ်နေချင်သေးတယ်ဆိုတဲ့ အကြောင်းပြချက်တဲ့ တစ်ကိုယ်တည်းနေလာခဲ့တယ်။ ခရီးက ပြန်ရောက်တိုင်း သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါး အချိန်ဖြုန်းခဲ့သည်ချည်းပါပဲ။ နဖူးစာ ရွာလည်တယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ကိုမြင့်ထွန်းအစ်မရဲ့ မိတ်ဆွေ ဦးသိန်းထွန်းက ဝါရင့်အောင်သွယ်တော်တစ်ဦးမို့ ကိုမြင့်ထွန်း အိမ်ထောင်ကျခဲ့ပါပြီ။

    ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာဧည့်ခံပွဲမှာ ပရိတ်သတ်တွေက ဝေဖန်ကြတယ်။ “နေနှင့်လ ရွှေနဲ့မြ” တဲ့ ရှေ့သွားနောက်လိုက်ညီလိုက်တာနော် တဲ့။ ကိုမြင့်ထွန်းနှင့် နွဲ့မူတို့ရဲ့ အိမ်ထောင်သက်တမ်း တစ်လလောက်အကြာမှာ ကိုမြင့်ထွန်းက သူ့သူငယ်ချင်းတွေကို ရင်ဖွင့်တယ်။

    “ငါ မိန်းမရကံဆိုးတယ်ကွာ” တဲ့။ သူငယ်ချင်းတွေ တအံ့တသြဖြစ်သွားကြတယ်။ ဘယ်နှယ့် ဂုဏ်ချင်း၊နေချင်း၊ ပညာချင်း ဘာမှပြောစရာမလိုအောင် ပြည့်စုံနေကြသူတွေ အဆင်မပြေဘူးဆိုတော့ အံသြမယ်ဆိုလည်း အံ့သြစရာပဲလေ။ ငါက ပင်လယ်ထဲအမြဲသွားနေရတဲ့သူ၊ ကုန်းပေါ်မှာ ရှားရှားပါးပါးနေခွင့်ရတုန်းတော့ မိန်းမဂရုစိုက်တာခံချင်တာပေါ့။ အိမ်ဟင်း အိမ်ထမင်းကို မိန်းမနဲ့ လက်ဆုံစားချင်တယ်။ သားတွေ သမီးတွေ တစ်ပြုံကြီးနဲ့ မိသားစုဘဝကို ရချင်တယ်။”
    “နို့ မင်းမိန်းမနဲ့ အကျေအလည် မဆွေးနွေးဘူးလား”

    “ဟ ဆွေးနွေးတာပေါ့။ သူက အလုပ်တာဝန်ကို ယောင်္ကျားထက်ပိုပြီး ဦးစားပေးတဲ့သူလေ။ ငါ့အိမ်မှာရှိတဲ့ အချိန်လေးမှာတောင် အစည်းအဝေး၊ အစည်းအဝေးနဲ့ နားချိန်ကိုမရှိဘူး။ သူဟာ မိသားစုအတွက် အလုပ်လုပ်နေတယ်ဆိုတာ ငါနားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့်ကွာ ငါလည်း ရသမျှအကုန်လုံး သူ့ကိုအပ်တယ်။ ထောက်ပံ့ရမယ့် သူလည်းလုံးဝမရှိဘူး။ ခုတော့ အိမ်ဖော်တွေက ချက်ပြုတ်ကျွေးမွေးတာကိုစား၊ တီဗီကြည့် ပျင်းရင် သူငယ်ချင်းတွေဆီသွားနဲ့ အချိန်ကုန်နေရတယ်။ ငါပြောချင်တာက ယောင်္ကျားတစ်ယောက်ကို နည်းနည်းပါးပါး အလေးထားဖို့ပါကွာ၊ သူကလည်း သူ့အလုပ်မှာ အရေးပါပြီး ဝင်ငွေကလည်းကောင်းတော့ မာနက ခပ်ကြီးကြီး၊ သားသမီးယူဖို့ မစဉ်းစားသေးဘူးတဲ့။ ကဲ…”

    “သာရေး နာရေးကိစ္စတောင်သွားနိုင်ဖို့ သူ့က်ုမနည်းပြောယူရတယ်။ တကယ်တော့ ငါ့မိန်းမဟာ ထက်မြတ်လွန်းတယ်။ အရည်အချင်းရှိတာလည်း မှန်တယ်။ တစ်ခုပဲရှိတယ်။ အိမ်ထောင်ပြုဖို့ မကောင်းဘူး”

    “လူကြီးတွေရဲ့ ဆန္ဒကို မပယ်နိုင်လို့ လက်ခံလိုက်တာမျိုးပဲရှိတယ်။ အများအမြင်မှာတော့ ငါတို့လောက် ကံကောင်းတဲ့သူ မရှိဘူးပေါ့ကွယ။ တကယ်တမ်းပြောရရင် ငါကိုယ်တိုင်ကလည်း မှားပါတယ်။ ကျောင်းတုန်းက ထားခဲ့ဖူးတဲ့ ရည်းစားနဲ့လည်း လွဲခဲ့ရတယ်။ ဟော…
    င့ါအစ်မရဲ့ မိတ်ဆွေ စီစဉ်ပေးတာကို မျက်စိမှိတ်ပြီး လက်ခံလိုက်မိတာကိုး။”

    “မင်းတို့မယူခင်က တစ်ယောက်အကြောင်း တစ်ယောက် အကျေအလည် မဆွေးနွေးခဲ့ကြဘူးလား”

    “တစ်ခါနှစ်ခါ စကားပြောဖူးတာပဲ ရှိတယ်။ ရည်းစားလည်းမဟုတ် ဘာမဟုတ်နဲ့ဆိုတော့ စကားသိပ်မပြောဖြစ်ကြပါဘူး။ လူငယ်တွေလည်း မဟုတ်ကြတော့ သိက္ခာထိန်းနေကြတာလည်းပါတယ်။”

    မည်မည်ရရမဟုတ်ပေမယ့်လည်း ကြာလာတော့လည်း တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေဖြစ်လာကြရင်း နောက်ဆုံးတော့ လမ်းခွဲကြတဲ့အထိဖြစ်သွားရော။

    ကျွန်မရဲ့သူငယ်ချင်းနွယ်နွယ်က တက္ကသိုလ်တစ်ခုမှာ လက်ထောက်ကထိကတာဝန်နှင့် ရာထူးတိုးတာကြောင့် သူငယ်ချင်းတွေကို သူ့အိမ်မှာ ဖိတ်ကျွေးတယ်။ သူငယ်ချင်းတွေဆုံကြတော့ ဝိုင်းဖွဲ့ပြောကြရင်း နွယ်နွယ်က သူ့အလုပ်ဌာနအကြောင်း ပြောဖြစ်တယ်။ ပြောဖြစ်ဆို ကျွန်မတို့နှင့် ကျောင်းနေဖက်သူငယ်ချင်း ကိုထွန်းထွန်းရောက်မလာတော့ ကျန်တဲ့သူတွေက နွယ်နွယ့်ကို ဝိုင်းမေးကြတယ်။

    “နင်တို့ ကိုထွန်းကြီးက လာဖြစ်မယ်မထင်ပါဘူးဟာ လာချင်စိတ်လည်း ရှိမှာမဟုတ်ဘူး”

    “ဘာဖြစ်လို့လဲ”

    “ဘာဖြစ်ရမလဲ။ သူ့မိန်းမနဲ့ ကွာရှင်းထားလို့ စိတ်မကြည်လင်ဖြစ်နေတာ”

    “ဘယ်လို၊ ဘယ်လို သူ့မိန်းမ ဒေါက်တာနုနုနဲ့ ကွာရှင်းလိုက်ပြီ ဟုတ်လား” လို့ သူငယ်ချင်းတွေက ဝိုင်းမေးကြတယ်။

    ကိုထွန်းလွင်က ငယ်ငယ်ကတည်းက မိဘတွေ ဆုံးပါးသွားတာကြောင့် ဦးလေးနှင့် ကြီးပြင်းခဲ့ရတဲ့သူ။ ညီအစ်ကိုမောင်နှမမရှိ၊ တစ်ဦးတည်းသောသား၊ မိဘအမွေအနှစ်မို့ ငွေကြေးအတွက်တော့ မပူပင်ခဲ့ရဘူး။ ကျောင်းတုန်းကလည်း ရည်းစားတွေ ဘာတွေလည်း ရှိခဲ့ဖူးသူမဟုတ်ဘူး။ ကျောင်းပြီးတော့ အလုပ်ဝင်တယ်။ ပညာထူးချွန်တာကြောင့် နိုင်ငံခြားပညာသင်သွားရပြီး ကထိကရာထူး ရခဲ့တယ်။ နွယ်နွယ်နှင့် တစ်ဌာနတည်း။ မနှစ်ကမှ ကြားလူစပ်ဟပ်ပေးလို့ အိမ်ထောင်ကျခဲ့တာ။ အသက်ကလည်း မငယ်တော့တာမို့ ဦးလေးစကားကို မပယ်ရှားဘဲ ဒေါက်တာနုနုနှင့် အိမ်ထောင်ပြုခဲ့တယ်။ သူ့မိန်းမက မဟာသိပံဘွဲ့ရ အထူးကုဆရာဝန်၊ တစ်ဦးတည်းသောသမီး။ ငွေကြေးကလည်း ပြည့်စုံဆိုတော့ ဘာပြောစရာလိုသေးသလဲ။ အားလုံးအဆင်ပြေသည်ပဲပေါ့။ ဒါပေမယ့် အိမ်ထောင်သက်တမ်း တစ်နှစ်အကြာမှာ ကွဲကြကွာကြပြန်ပြီတဲ့လေ။

    ခဏကြာတော့ ကိုထွန်းရောက်လာတယ်။ သူငယ်ချင်းတွေက အားနာလို့ သူ့အိမ်ထောင်ရေးကိစ္စကို လုံးဝမမေးကြဘူး။ ဒါပေမယ့် နောက်ကျမှရောက်လာပြီး ကိုထွန်းလာဘူးလားအကြောင်း လုံးဝမသိထားတဲ့ ကိုမိုးက မေးလိုက်တယ်။

    “မင်း မိန်းမ ပါမလာဘူးလား” ဆိုတော့

    “ငါတို့ ကွာရှင်းပြီးသွားပါပြီကွာ” လို့ ဖြေလိုက်တယ်။

    “အေး ဘာဖြစ်လို့လဲလို့ ထပ်မမေ”ခင် ငါရှင်းပြပါ့မယ်။ ဒီလိုလေ ငါက ငယ်ငယ်လေးကတည်းက မေတ္တာငတ်ခဲ့သူဆိုတာ မင်းတို့အသိ၊ ကျောင်းသားဘဝမှာလည်း စာကိုပဲ ဖိပြီးကြိုးစားခဲ့တယ်။ အလုပ်ထဲရောက်တော့လည်း နိုင်ငံခြားပညာသင်သွားရ၊ နယ်မြေတွေပြောင်းရမို့ အသက်ကြီးမှ မိန်းမရခဲ့တာ။ ငါသူ့ကို နားလည်ပေးပါတယ်။ အိမ်ရှင်မပီသပြီး ငါ့ကိုချက်ပြုတ်ကျွေးမွေးဖို့လည်း မမျှော်လင့်ပါဘူး။ သူကဆေးရုံကဆင်းတာနဲ့ ဆေးခန်းတွေတစ်ခုပြီးတစ်ခုကူးတာကိုတော့ ငါကတားခဲ့တယ်။
    ငါတို့မှာငွေကြေးကိစ္စလည်းမပေါ်တော့ ဆေးခန်းထိုင်တာ လျှော့ဖို့လောက်တင်ပြောမိတာ သူနဲ့ငါ စကားများကြရတဲ့အထိဖြစ်ရော”

    “ဒါကတော့ ညှိယူကြရမှာပေါ့ကွာ။ မဟုတ်ဘူးလား ”

    “ညှိလို့ကိုမရဘူး သူငယ်ချင်း၊ ပိုဆိုးတာ တစ်ခုရှိသေးတယ်။ ငါကငယ်ငယ်လေးကတည်းက ချုချာတဲ့သူလေ။ ဒီတော့ ခေါင်းကိုက်၊ ဗိုက်နာတာမျိုးက ခဏခဏဖြစ်တတ်တာ၊ ငါကလည်း ဂရုစိုက်စေချင်လို့ သူ့ကိုပြောပြရင် ဘယ်ဆေး ဘယ်ဆေးသောက်လိုက်ပေါ့ဆိုပြီး ခပ်ပေါ့ပေါ့လေးပဲ ပြောတတ်တယ်။ ငါကလည်း သက်သာရဲ့လား ဘယ်လိုနေသေးသလဲစသည်ဖြင့် မေးစေချင်တာပေါ့။ တစ်ခါက ငါကသူ့ကို အဲ့ဒီအကြောင်း ဖွင့်ပြောတော့ သူကဘာပြောတယ်ထင်လဲ”

    “အင်း ဆိုစမ်းပါဦး”

    “ရှင်ကလေ အိမ်ထဲမှာပဲနေပြီး သိမ်း ထုပ်သေချာတဲ့ အိမ်ရှင်မမျိုးကို ယူသင့်တာ၊ ကျွန်မလို လူစားမျိုးကိုယူဖို့ မကောင်းဘူးတဲ့… ကဲ။ တစ်နေ့ တစ်နေ့သူနဲ့ငါ တွေ့ချိန်နည်းလာတယ်။ ငါကလည်း ကျောင်းကဆင်းရင် စာအုပ်တွေနဲ့ပဲ အချိန်ဖြုန်းနေတတ်သလို သူကလည်း ဆေးခန်းက ညဘက်ကျမှ ပြန်ရောက်လာတဲ့အခါ ပင်ပန်းနေပြီ။ ငါတို့နှသ်ယောက် အေးအေးလူလူ စကားမမြည် ထိုင်ပြောဖို့အချိန်ဟာ သိပ်ရှားသွားပြီ။ နောက်ဆုံးတော့ကွာ အကောင်းဆုံးနည်းလမ်းကိုပဲ ရွေးလိုက်ကြတာပေါ့။ ဒါပါပဲ။”

    စာရွက်ပေါ်မှာ တွက်ချက်ကြည့်ပြီး အသင့်တော်ဆုံးဆိုတဲ့ သူနှစ်ဦးကို ဆက်သွယ်ပေးလိုက်ခြင်းဟာ အခါခပ်သိမ်း အဆင်မချောတတ်ဘူးဆိုတာကိုတော့…..။

    နှင်းဆီခင်

  • တဘက်စွန်းရောက်မှုများနှင့် လူမှုဘဝအပေါ် အကျိုးသက်ရောက်မှု

    တဘက်စွန်းရောက်မှုများနှင့် လူမှုဘဝအပေါ် အကျိုးသက်ရောက်မှု

    မေ ၃၀ ၂၀၁၆
    M-Media
    နှင်းဆီခင်ရေးသည်။
    our-brand
    ကိစ္စရပ်တိုင်းဟာ ဖြစ်ရိုးဖြစ်စဉ်ဆိုရင် အကြောင်းမဟုတ်ပေမယ့် သာမန်ထက် လွန်ကဲလာမယ်ဆိုရင်ပေါ့။ ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ လွန်ကြူးတယ်ဆိုတာကတော့ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဦးတည်နေတတ်တာမျိုးပါ။ ဆိုပါစို့။ သံယောဇဉ်ဆိုတာကို သာမန်ထက် လွန်လွန်ကဲကဲထားတဲ့အခါ ရင်နဲ့အမျှ ပူလောင်ပြင်းပြရတတ်တာ သဘာဝလို့ပဲ ဆိုရမလားမသိ။

    အချစ်လွန်၊ သောကလွန်နဲ့ အစိုးရိမ်လွန်တာဟာ ခံစားရသူအတွက် စိတ်ပင်ပန်းလွန်းလှပါတယ်။ ဒါပြင် အချစ်လွန်၊ သောကလွန်နဲ့ အစိုးရိမ်လွန်ခံရသူတွေအနေနဲ့လည်း မလူးသာမလွန့်သာအောင် စိတ်ကျဉ်းကျပ်ရတတ်ပြန်ပါတယ်။

    တကယ်တော့ ရင်ထဲကဆန္ဒကို ဆင်ခြင်အသိနဲ့ ထိန်းကြရစမြဲမို့ ဆင်ခြင် ဥာဏ်အားနည်းလာတာနဲ့အမျှ သောကပိုပြီး စိတ်ပင်ပန်းဆင်းရဲမှုတွေကို ကြုံတွေ့လာရော။ တစ်ခုရှိတာက ရင်ထဲမှာ ပြင်းပြင်းထန်ထန် ခံစားလာရမယ်ဆိုရင် ကိုယ့်ကိုကိုယ် လေ့လာဆန်းစစ်ကြည့်မှသာ အဖြေမှန်ကို သိလာနိုင်မှာပါ။ ဆိုလိုတာက ကိုယ်ဟာသာမန်ထက် လွန်နေသလားလို့ပေါ့။ အချိန်မီသိနားလည်ခဲ့ရင်တော့ ဆင်ခြင်ဥာဏ်နဲ့ အမှန်ကိုမြင်အောင် ကြိုးပမ်းလို့ ရနိုင်ပါတယ်။ ဒါဟာ စိတ်ရဲ့ထွက်ပေါက်တစ်ခုလို့ ဆိုရမှာပါ။

    ဘဝမှာ သိကျွမ်းခင်မင်ခဲ့ဖူးတဲ့ မိသားစုတစ်စုရှိတယ်။ အိမ်ထောင်ဦးစီးယောင်္ကျားဖြစ်သူက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး။ နိုင်ငံရပ်ခြားကို ဥဒဟိုသွားလာရင်း ကုန်သွယ်နေတာမို့ အိမ်မှာမိသားစုအနေနဲ့ အနေနည်းတယ်။ ဇနီးသည် ဒေါ်ခင်သက်ထားက ဘွဲ့တွေတသီကြီးရထားတဲ့ ပညာတတ်အမျိုးသမီး။

    အသက်အရွယ်ကြီးခါမှ  အိမ်ထောင်ပြုခဲ့ကြတာမို့ သမီးကလေးတစ်ယောက်ပဲ ရှားရှားပါးပါး ထွန်းကားခဲ့တယ်။ တစ်ဦးတည်းသော သမီးလေး မာလာကို အဖေ၊ အမေက အချစ်ပိုတာ မဆန်းပါဘူး။ ဒါပေမယ့် အဖေက အမြဲတမ်းလိုလို ခရီးထွက်နေရတာမို့ အမေရဲ့အုပ်ထိန်းမှုအောက်မှာ ဗိုင်းကောင်းကျောက်ဖိ ကြီးပြင်းရသည်ပေါ့။ ဒေါ်ခင်သက်ထားက သမီးလေးမာလာကို အချစ်ပိုတယ်ဆိုတာထက် အချစ်လွန်တယ်လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။

    ကလေးဘဝကတည်းက ဆိုပါတော့။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကိုပဲ ကျွေးတယ်။ အပြင်စာ လုံးဝလုံး မစားစေရ။ ကျွမ်းကျင်တဲ့ ကလေးထိန်းတွေနဲ့ပဲ အချိန်မလပ် ဂရိုစိုက်ခဲ့တယ်။ ပတ်ဝန်းကျင်က ကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံခွင့် လုံးဝမပေးဘူး။ အဆင့်အတန်ူမတူသူတွေနဲ့ အဆက်အဆံ မလုပ်ခိုင်းတဲ့သဘော။

    ကျောင်းနေတဲ့အရွယ်ရောက်တော့လည်း အိမ်ကထည့်ပေးတဲ့ အစားအသောက်ကလွဲလို့ အပြင်သရေစာမုန့်တွေ ဝယ်စားခွင့်မရှိဘူး။ မုန့်ဖိုး လုံးဝမပေးဘူး။ အဆင့်တူသူငယ်ချင်း တစ်ယောက်၊ နှစ်ယောက် ယောက်ပဲရှိသလို အများနဲ့မတူပဲ တသီးတခြားဖြစ်နေတာက အကျင့်လိုဖြစ်လာတယ်။ အစစအရာရာ အမေ့ရဲ့အစိုးရိမ်ကြီးမှုအောက်မှာ ကြီးပြင်းလာတာမို့ မာလာဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသလောက်ပါပဲ။ မာလာဟာ သူ့ကိုယ်သူ မချင့်မရဲဖြစ်သလို ခံစားလာရတယ်။ ပိုက်ဆံကိုင်ပြီး ကိုယ်တိုင်ဝယ်စားခွင့်မရှိတဲ့ သူငယ်ချင်းတွေကို အားကျလာတယ်။ သူငယ်ချင်းတွေကျွေးရင်သာ ကိုယ်ကစားနိုင်ပြီး ဘာမှပြန်ပြီး ကျွေးနိုင်ခွင့်မရှိတာကို မာလာက ဝမ်းနည်းသလို ခံစားရတယ်။ အမေကိုလည်း ဘာမှတောင်းဆိုခွင့်မရှိတာမို့ ရင်ထဲက မွန်းကျပ်မှုတွေကတစ်ဆင့် စိတ်ဝေဒနာခံစားရတဲ့အထိ ဖြစ်လာရော။ အဲဒီအခါမှာ  အစိုးရိမ်ကြီးစွာနဲ့ အဖေရောအမေပါ မာလာ့ကို ဆေးဝါးကုဖို့ ကြိုးစားခဲ့ကြတယ်။ ငယ်ငယ်လေးကတည်းက ပြုစုထိန်းကျောင်းမှုလွဲချော်ခဲ့တဲ့ အကျိုးဆက်ခောင့် အခုလိုဖြစ်ရတာပါလို့ အထူးကုဆရာဝန်ကြီးက မှတ်ချက်ချတယ်။

    မာလာ့ရဲ့အမေ အပြောကတော့ “ကျွန်မသမီးလေးကို သူများထက်ထူးချွန်အောင် အချိန်အားမထားဘဲ ပညာရေးမှာ အချိန်ကုန်အောင် လုပ်ခဲ့ပါတယ်။ တခြားဘယ်သူနဲ့မှ မရောဘဲ ကိုယ့်အိမ်မှာပဲ ဆရာခေါ်ပြီး ဘာသာရပ်အားလုံး သင်ခဲ့တယ်။ ကွန်ပျူတာကအစ စကားပြောအဆုံး သင်တန်းတွေမှန်သမျှ သမီးကို သီးသန့်ပဲသင်ပေးခဲ့တာ။ အပေါင်းအသင်းများရင် သူတို့ဆီက မကောင်းတဲ့အကျင့်တွေ ကူးကုန်မှာဆိုးရိမ်တာကြောင့်ပါပဲ” ဆရာဝန်ကြီးက မာလာ့အမေကို ရှင်းပြတယ်။

    “လူဆိုတာ သူ့အသက်သူ့အရွယ်၊ သူ့သဘာဝနဲ့လိုက်ဖက်တဲ့ ပတ်ဝန်းကျင်ဆိုတာ လိုတယ်။ ပတ်ဝန်းကျင်ဆိုတာကလည်း အဆိုးချည်းပဲလို့ ယူဆလို့မရနိုင်ပါဘူး။ ချင့်ချိန်ပြီးပေါင်းသင်းတတ်ရင် ကိုယ့်အတွက် အကျိုးရှိနိုင်ပါတယ်။ အဓိကတော့ အချစ်လွန်လို့ စိုးရိမ်စိတ်နဲ့ ဟန့်တားခဲ့တာတွေဟာ သဘာဝနဲ့ဆန့်ကျင်နေရင် စိတ်ဖိစီးမှုတွေဖြစ်လာရော။ မခံနိုင်တဲ့အဆုံး စိတ်ရောဂါခံစားရတဲ့အထိ ဖြစ်သွားတတ်တာပါပဲ” မာလာ့ကို သူ့မိဘတွေ မျှော်လင့်ထားသလို ထူးချွန်ထက်မြက်တဲ့ မိန်းကလေးမျိုး ဖြစ်မလာတဲ့အပြင် ကျန်းမာရေးထိခိုက်တဲ့အထိ ဖြစ်လာရတာမို့ မိဘတွေ ယူကျုံးမရဖြစ်ပြီး တော်တော်လေး ခံစားကြရပါတယ်လို့ သူငယ်ချင်းတစ်ယောက်ကတစ်ဆင့် သိရတယ်။ သူတို့မိသားစုအတွက် စိတ်မကောင်း ဖြစ်မိရပါသေးတယ်။

    သားသမီးအပေါ် အချစ်လွန်တာကြောင့် စိတ်ဒုက္ခရောက်ရတဲ့ မိဘတွေရှိသလို အိမ်ထောင်ဖက်ချင်း အချစ်လွန်တာကြောင့် အိမ်ထောင်ရေးမှာ အက်ကြောင်းထင်ရတာမျိုးတွေကိုလည်း ရံဖန်ရံခါ ကြုံရတတ်ပါတယ်။

    ကိုမောင်မောင်နဲ့ မထားတို့ကို တက္ကသိုလ်ရောက်စကတည်းက ခင်မင်ရင်းနှီးခဲ့တယ်။ သူတို့နှစ်ယောက်က အထက်တန်းကျောင်းသားကျောင်းသူဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းချစ်သူတွေပါတဲ့။ ကိုမောင်မောင်က ပျော်ပျော်နေတတ်တယ်။ အပေါင်းအသင်း မင်တယ်။ မထားက ငယ်ငယ်ကတည်းက မိဘမရှိဘူး။ အဒေါ်အပျိုကြီးတွေနဲ့ ကြီးပြင်းခဲ့ရတာမို့ သိပ်ပြီးစနစ်ကျတယ်။ စည်းကမ်းကြီးတယ်။ ကိုမောင်မောင်နဲ့ ခဏခဏဆိုသလို စိတ်ကောက်လိုက်ကြ ပြန်ချော့လိုက်ကြပေါ့။

    ကျောင်းပြီးတော့ ကိုမောင်မောင်က စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာပြီး မထားက ကျောင်းဆရာမအလုပ်ဝင်ဖြစ်တယ်။ ကျွန်မတို့သူငယ်ချင်းတစ်စု သူတို့အိမ်ကို မကြာခဏဆိုသလို ရောက်ကြတယ်။ ရောက်တဲ့အခါတိုင်း မထားက ကိုမောင်မောင်ကို မျက်စိအောက်က အပျောက်မခံတာမျိုး၊ သိပ်ကို ဂရုစိုက်လွန်းပုံရပါတယ်။ ကျွန်မတို့ စကားပြောဆိုနေရင်းကပဲ
    “ကိုမောင် ရေကိုအကြာကြီးမချိုးနဲ့၊ အအေးမိလိမ့်မယ်”
    “ကြည့်စမ်း ခေါင်းကဆံပင်တွေကို ရေစင်အောင်မသုတ်ပြန်ဘူး။ အအေးမိပြီးဖျားရင် ဘယ်လိုလုပ်မလဲ”
    “ရေလဲလုံချည်ကို အဝတ်တန်းမှာ တင်ထားလေကိုမောင်၊ ဘယ်နှယ့် ကြမ်းပေါ်မှာ ပုံထားရတာလဲလို့”
    “အဲဒါသာကြည့်တော့ဟေ့။ ငါ့မှာ တစ်နေ့တစ်နေ့ အာညောင်းအောင် ပြောနေရတယ်။ ကိုမောင်က တကယ့်ကိုကလေးလေးကျနေတာပဲ။ သူ့အိမ်မှာ အငယ်ဆုံးသားဆိုတော့ စည်းမရှိ ကမ်းမရှိ ကြီးလာခဲ့ရတာ”
    ကျွန်မတို့လည်း ကိုယ့်အလုပ်နဲ့ကိုယ်မို့ မထားတို့ဆီ မရောက်ဖြစ်တာ ကြာသွားတယ်။

    တစ်နေ့ သတင်းစာကြော်ငြာတစ်ခုကို ဖတ်မိလို့ တအံ့တသြဖြစ်ခဲ့ရတယ်။ ကိုမောင်မောင်နဲ့ မထားတို့ ကွာရှင်းပြတ်စဲခြင်းကြော်ငြာလေ။ နောက်ပိုင်းကြားတာက မထားကိုယ်တိုင် ပြောင်းရွှေ့ခွင့်တင်ပြီး ကချင်ပြည်နယ်က ကျောင်းတစ်ကျောင်းကို အလုပ်ပြောင်းသွားပြီဆိုတာပါပဲ။ သူငယ်ချင်းတွေလည်း တော်တော့်ကို စိတ်မကောင်းဖြစ်ကြရတယ်။ စိတ်မကောင်းဖြစ်ဆို သူတို့နဲ့ တကယ့်မောင်နှမရင်းချာတွေလို ခင်မင်ရင်းနှီးခဲ့ကြတာကိုး။ နောက်ပြီး သူတို့ချစ်သက်တမ်းင နည်းမှမနည်းဘဲ။ အဲဒီကမှ အိမ်ထောင်သက်တမ်း ဘာမှမကြာလိုက်ဘူး။ လမ်းခွဲကြတယ်ဆိုတော့ စိတ်မကောင်းဖြစ်ကြရတာပေါ့။

    နှစ်တွေအတော်ကြာသွားခဲ့ပါပြီ။ တစ်နေ့မှာ ကုမ္မဏီတစ်ခုရဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲကို သူငယ်ချင်းတစ်ယောက်နဲ့အတူ သွားခဲ့တယ်။ အဲဒီအခမ်းအနားမှာ ကိုမောင်မောင်နဲ့ဆုံတယ်။ ကျွန်မတို့ကိုတွေ့ရတော့ သူတော်တော်လေး ဝမ်းသာသွားတယ်။ စကားစမြည်ပြောကြတဲ့အခါ သူ့အကြောင်းတွေ ပြောပြခဲ့တယ်။

    ကျွန်တော်က ထားကို သံယောဇဉ်ရှိခဲ့တာ အမှန်ပါပဲ။ ရည်းစားဘဝကတည်းက သူကကျွန်တော့်ကို ဟိုမလုပ်နဲ့ ဒီမလုပ်နဲ့ဆိုပြီး စည်းကမ်းပေးတယ်။ ကျွန်တော်ကလည်း အိမ်မှာဗိုလ်ဆိုတော့ ခပ်ပေါ့ပေါ့နေတတ်ခဲ့တာကိုး။ နောက်ပြီး ထားကိုလျှော့တွက်ခဲ့မိတယ်။ အိမ်ထောင်ကျတဲ့အခါ ကျွန်တော့်ကို နားလည်လာမှာပါလို့။ နောက်ပြီး သူစည်းကမ်းကြီးတာကို သိပ်ပြီးအလေးအနက်မထားခဲ့မိဘူး။

    ဟော အိမ်ထောင်လည်းကျရော ကျွန်တော့်ကို အမျိုးမျိုးချုပ်ကိုင်ပါလေရော။ ဟိုပစ္စည်းထားတာ နေရာမကျဘူး။ ဒီဟာကဒီလိုနဲ့ အသေးအဖွဲ့ကအစ လိုက်ပြောရော။ အစပိုင်းတော့ ကျွန်တော်က တဟားဟားရယ်ရင်း ရယ်စရာလို သဘောထားပစ်လိုက်တယ်။ ဒါပေမယ့်ဗျာ ကြာလာတော့ သူကသူ့စကားကို အလေးအနက်မထားဘူးလို့ ယူဆလာတယ်။ ကျွန်တော့်ကို အချစ်လွန်တာ၊ ကျွန်တော့်ကိုအစိုးရိမ်လွန်တာကြောင့်ပဲဆိုတာ ကျွန်တော်မသိလို့ မဟုတ်ဘူး။ သိပါတယ်။ ခက်တာက လွတ်လွတ်လပ်လပ်နေတတ်ခဲ့တဲ့ ကျွန်တော့်ငယ်ကျင့်ကို လွယ်လွယ်နဲ့ဖျောက်မရတာ ဆိုးတယ်။ ကြာလာတော့ ကျွန်တော်က ကိုယ့်ကိုကိုယ် ကျဉ်းကျပ်နေသလို ခံစားလာရတယ်။ အိမ်ရောက်ရင် ဘာအမှားများလုပ်မိမလဲလို့ တွေးလာရော။ နောက်ဆုံးတော့ဗျာ ကျွန်တော်တို့ လမ်းခွဲကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ စိတ်မကောင်းခြင်းကြီးစွာနဲ့ပေါ့။

    ကျွန်မတို့လည်း ကိုမောင်မောင်တို့ သတင်းကြားရတော့ စိတ်မကောင်း ဖြစ်ကြရပါတယ်။ အင်း အခုတော့ ကျွန်တော် အိမ်ထောင်သစ် ထူထောင်လိုက်ပါပြီ လို့ ကိုမောင်မောင်က ဆက်ပြောတယ်။

    ကျွန်တော့်ကို နားလည်ပေးနိုင်တဲ့သူ။ နောက်ပြီး နားပူနားဆာမလုပ်ဘဲ ကျွန်တော့်ကို ဖျောင်းဖျပြီး နားဝင်အောင် ပြောတတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ပေါ့။ တခြားတော့ မဟုတ်ပါဘူး။ ကျွန်တော့်ကုမ္မဏီက စာရင်းကိုင် မိန်းကလေးပါပဲ တဲ့။

    ဖြစ်ရိုးဖြစ်စဉ်ထက် လွန်ကဲလာခြင်းရဲ့ အကျိုးဆက်ဟာ မလှမပတဲ့ အဆုံးသတ်လားဆိုတာ တွေးမိရင်း။

    စာကြွင်း။    ။ သူဖတ်မိလိုဖတ်ငြားပေါ့ဗျာ၊ ကျွန်တော်တို့အကြောင်း စာတစ်ပုဒ်လောက် ရေးစမ်းပါဆိုလို့။

    နှင်းဆီခင်

  • ဝယ်၍မရသော အတွေးစများ

    ဝယ်၍မရသော အတွေးစများ

    မေ ၁၀ ၊ ၂၀၁၆
    M-Media
    နှင်းဆီခင်ရေးသည်။
    images
    လူအမျိုးမျိုးမို့ ဝါသနာအမျိုးမျိုး ရှိကြသည်ပေါ့။ တချို့ကတော့ စာဖတ်ခြင်းကို အရူးအမူးစွဲလမ်းကြတယ်။ စာစုံဖတ်တယ်။ စာပေရဲ့ရသကို တစိမ့်စိမ့်ခံစားတယ်။ စာဖတ်ခြင်းဟာ စာဖတ်သူကို သီးခြားကမ္ဘာလေးတစ်ခုထဲမှာ နစ်မျောစေနိုင်သည်ပဲ။ စာဖတ်နာချင်သူဆိုရင်တော့ စာရေးသူကပေးတဲ့ အတွေးနဲ့ ဒဿနတွေကို လွယ်လွယ်ကူကူ မှတ်ယူလေ့မရှိကြဘူး။ အထပ်ထပ်အပြန်ပြန် ပယ်သင့်သည်ကို ပယ်တတ်ပါတယ်။ စာကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရတာဟာ ဘာနဲ့မတူအောင် ရင်မှာထိရှိပြီး တသသဖြစ်နေရော။ အသပ်အရွယ်ရလာတဲ့တိုင် နှလုံးသားထဲ စွဲထင်ကျန်ရစ်နေတဲ့ စာမျိုးကိုတော့ မေ့ပစ်နိုင်စွမ်းမရှိပါဘူး။ စာရေးသူရဲ့ အတွေးတွေဟာ ဘဝအတွက် ခွန်အားတွေ၊ အားမာန်တွေ ဖြစ်ရသည်လည်း ရှိသလို တစ်ဘဝစာ မေ့မရအောင် တရှိုက်မက်မက် ဖြစ်ရတာမျိုးလည်း ရှိတတ်တာပါပဲ။ ဒါက စာဖတ်သူရဲ့အပိုင်း။

    စာရေးသူဘက်ကရော ဦးနှောက်ရော နှလုံးသားပါမကျန် ရင်မှာခံစားပြီးမှ စာတစ်ပုဒ်ကို ရေးချလိုက်ရတာဆိုတော့ တန်ဖိုးထားအပ်တဲ့ ရတနာတစ်ပါးလို့ ဆိုရမှာပါ။ သုတပဲဖြစ်ဖြစ် ရသပဲဆိုဆို ကိုယ်စွမ်းဥာဏ်စွမ်း စိုက်ထုတ်ရတာခြင်းကတော့ မကွာလှပါဘူး။ စာတစ်ပုဒ်ရဲ့ အသက်လို့ဆိုရမယ့် အတွေးတစ်စကိုတော့ စာရေးသူက မျှဝေခံစားစေတာအမှန်။ စာဖတ်သူရဲ့ဆန္ဒနဲ့ ကိုက်ညီ၊ မညီဆိုတာကတော့ သူ့သဘောနဲ့သူ။

    စာရေးခြင်းဆိုတဲ့ အတတ်ပညာဟာ ရော့.. အင့်လို့ ချပေးမရတဲ့ အစွမ်းထက်တဲ့ပညာရပ်ပါ။ ဒါကြောင့်ပဲပေါ့။ စာရေသူဦးရေဟာ ကိန်းဂဏန်းအများကြီးမရှိတာကိုသာကြည့် လို့ ရင်းနှီးတဲ့စာရေးစရာတစ်ဦးက ပြောဖူးပါတယ်။ စာတစ်ပုဒ်ရေးမယ်လို့ စိတ်ကူးလိုက်ရင် အတွေးစတွေကို စုစည်းရတာ အခက်ခဲဆုံး၊ စိတ်ကူးယဉ်ဖြစ်ဖြစ်၊ အတွေ့အကြုံပဲဖြစ်ဖြစ်ပေါ့။ ဟော ပြီးစီးသွားပြီဆိုတော့လည်း ရင်ထဲမှာ ကြည်ကြည်နူးနူးကြီးဖြစ်ပြီး ဝန်ပေါ့သွားသလို ခံစားရတတ်တာ ယေဘုယျ သဘာဝလို့ ပြောရမှာပါ။ ကျွန်မရဲ့စာရေးသက်တမ်းလျှောက်မှာ ဒီလိုပဲ ခံစားဖြစ်ခဲ့ပါတယ်။

    တနင်္ဂနွေတစ်နေ့ အလုပ်အားရက်မှာ ကျွန်မရဲ့သူငယ်ချင်းမနွယ်က ဖုန်းဆက်လာတယ်။ သူ့အဒေါ်က ကျွန်မကိုတွေ့ချင်လို့ မှာတယ်ဆိုတဲ့အကြောင်း မနွယ်ပြောပြထားလို့ အန်တီစိုးအကြောင်းကို သိတန်သလောက် သိထားပါတယ်။

    အန်တီစိုးက (အငြိမ်းစား) တက္ကသိုလ်ပါမောက္ခတစ်ဦး။ စာပေဝါသနာကြီးတယ်။ နည်းပြဆရာဘဝကတည်းက ကဗျာတွေရေးခဲ့တယ်။ တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းတွေမှာလည်း ရေးလေ့ရှိတယ်။ ကျွန်မစာတွေကိုလည်း ဖတ်ပြီး ဝေဖန်လေ့ရှိပါတယ်။ မနွယ်လိုပဲ ကျွန်မကလည်း အန်တီစိုးလို့ တရင်းတနှီး ခေါ်ဝေါ်သုံးစွဲတယ်။ အန်တီစိုးဟာ ပညာထူးချွန်တာကြောင့် မဟာဘွဲ့အတွက် တစ်ကြိမ်၊ ပါရဂူဘွဲ့အတွက် တစ်ကြိမ်၊ နိုင်ငံခြားပညာသင်ဆု ချီးမြှင့်ခံခဲ့ရတယ်။

    မနွယ်တို့အိမ်ကိုရောက်သွားတော့ အန်တီစိုးကို ကျန်းကျန်းမာမာနဲ့ တွေ့ရတယ်။ အသက် (၇၀) ကျော်ဆိုပေမယ့် ကျန်းမာရေးကို ဂရုစိုက်တာကြောင့် အန်တီစိုးဟာ သွက်လက်ဖျက်လတ်တုန်း။ ကျွန်မကိုတွေ့တော့ အားရဝမ်းသာနှုတ်ဆက်တယ်။

    “ခင်လေးကို အန်တီပြစရာလည်း တစ်ခုရှိတယ်။ ပြောစရာလေးရှိလည်းရှိလို့ မနွယ်နဲ့မှာလိုက်တာ။ အားမှ အားရဲ့လားဟင် အချိန်ရောရရဲ့လား”

    “ရပါတယ်  အန်တီ။ အန်တီနဲ့လည်း တွေ့ချင်ပါတယ်။ အန်တီ့ဆီက ဗဟုသုတတွေရတာဆိုတော့ ကျွန်မအတွက် တကယ့်ကို အကျိုးရှိတာပါ”

    အန်တီစိုး မနွယ်နဲ့ ကျွန်မတို့သုံးယောက် စကားစမြည်ပြောနေကြတုန်းမှာပဲ။ အန်တီစိုးက သူ့အခန်းထဲကို ဝင်သွားပြီး စာအိတ်ရှည်ကြီးတစ်ခု ယူလာပြီးပေးတယ်။

    စာအိတ်ကိုဖွင့်လိုက်တော့ ဝါကြန့်ကြန့်ဖြစ်နေတဲ့ စာရွက်လေးငါးရွက်ကို တွေ့လိုက်ရတယ်။ ညီညာလှပတဲ့ လက်ရေးလေးတွေက မိန်းကလေးလက်ရေးဖြစ်မှာပဲလို့ ထင်လိုက်တယ်။ Dear Soe အစချီတဲ့ စာရှည်ကြီးကို မဖတ်ရသေးခင် အန်တီစိုးက ပြောလိုက်တယ်။

    “အန်တီ မဟာဘွဲ့အတွက် ပထမအကြိမ် အနေနဲ့ အင်္ဂလန်ကို သွားခဲ့ရတယ်။ မြန်မာနိုင်ငံမှာတုန်းကတည်းက ကဗျာလေး ရေးနေကျဆိုတော့ ဟိုရောက်တော့လည်း အဲဒီကမဂ္ဂဇင်းတစ်ခုကို အင်္ဂလိပ်ကဗျာရှည်တစ်ပုဒ်ရေးပို့လိုက်တာ ပါလာတယ်။ ဒါနဲ့ နောက်တစ်လလောက်မှာ နောက်ထပ်ကဗျာတစ်ပုဒ် ရေးပြန်တယ်။ သိပ်မကြာပါဘူး။ အဲဒီမဂ္ဂဇင်းတိုက်ကတစ်ဆင့် အန်တီဆီကို ဒီစာရောက်လာတော့တာပါပဲ။ စာကိုတော့ ခင်လေးအိမ်ကိုယူသွားပြီး အေးအေးဆေးဆေးဖတ်ကြည့်။ နောက်တစ်ပတ်လောက်ကျရင် အန်တီနဲ့ ပြန်တွေ့ကြတာပေါ့။ မကောင်းဘူးလား”။

    “ဟုတ်ကဲ့ အန်တီ။ နောက်အပတ် တနင်္ဂနွေနေ့မှာ ကျွန်မ အန်တီ့ဆီကို ဆက်ဆက်လာခဲ့ပါမယ်။”

    အိမ်ရောက်ပြီး သိပ်မကြာခင်မှာဘဲ ကျွန်မစာအိတ်ကို ဖွင့်ဖတ်ဖြစ်တယ်။ နှစ်ပေါင်းများစွာက စာရွက်လေးမို့ ဟောင်းနွမ်းနေပေမယ့် မင်ရောင်ရင့်ရင့်နဲ့ရေးထားတဲ့ စာသားတွေကိုတော့ ကောင်းကောင်းကြီး ဖတ်လို့ရပါတယ်။

    “ဆရာမစိုးရဲ့ကဗျာက အမေနဲ့သမီးအကြောင်းမို့ ကျွန်မခံစားရလွန်းတာကြောင့် ဆရာမဆီကို စာရေးမိတာပါ။ အချိန်ပေးပြီးဖတ်ပါလို့ ကျွန်မအနူးအညွတ် တောင်းပန်ပါတယ်နော်။”

    “ကျွန်မနာမည်က အင်မလီ။ ကျွန်မရဲ့အကြောင်းစုံကို ဖတ်ပြီးတဲ့အခါ ဆရာမအတွက် ကဗျာတစ်ပုဒ် ရေးဖွဲ့နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်မမှာ မျိုးရိုးနာမည်မရှိပါဘူး။ အင်မလီလို့ပဲ သိထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကို မွေးကင်းစအရွယ်ကတည်းက မိဘမဲ့ဂေဟာကို ပို့ပေးခဲ့တာကြောင့်ပဲ။ ဘယ်သူကပို့တယ်။ မိဘဘယ်သူဆိုတာ ကျွန်မ မသိခဲ့ပါဘူး။ ကျွန်မဟာ သာမန်မိန်းကလေးတစ်ဦးပါပဲ။ ချောချောလှလှ မဟုတ်ပါဘူး။ ပညာလည်း မတော်ပါဘူး။ ကျွန်မကို မွေးစားဖို့သူလည်းမရှိတော့ မိဘမဲ့ကျောင်းမှာပဲ အသက်ပြည့်တဲ့အထိနေထိုင်ရင်း ကြီးပြင်းခဲ့ရပါတယ်။ကျောင်းကအစီအစဉ်နဲ့ပဲ သိုးမွေးစက်ရုံတစ်ရုံမှာ ကျွန်မအလုပ်ဝင်ရတယ်။ တစ်ပတ်မှာ (၆) ရက်အလုပ်ဆင်းရပြီး တနင်္ဂနွေတစ်ရက်တော့ နားရပါတယ်။ အဲဒီတုန်းက ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာပေါ့။”
    “ကျွန်မလည်း တနင်္ဂနွေအားရက်မှာ ကျောင်းနားက ပန်းခြံလေးတစ်ခုကို သွားလေ့ရှိတယ်။ အဲဒီမှာ ကျွန်မလိုပဲ ပန်းခြံကိုလာလေ့ရှိတဲ့ လူတစ်ယောက်နဲ့ မျက်မှန်းတန်းမိရာက မိတ်ဆွေဖြစ်သွားကြရော။ ကျောင်းကအုပ်ချုပ်ရးမှူးက မှာထားတာတော့ရှိတယ်။ ဘယ်သူစိမ်းယောကျာင်္ားတစ်ယောက်ကိုမှ သူများမိတ်ဆက်မပေးဘဲနဲ့ မိတ်ဆွေမဖွဲ့ရဘူး။ ဒါပေမယ့် သူ့(ဂျွန်) ကိုကြည့်ရတာ လူရိုးလူကောင်းလို့ ခန့်မှန်းမိတာကြောင့် ကျွန်မတို့ချင်း ခင်မင်ရင်းနှီးခဲ့ကြတယ်။”

    “ဂျွန်က ပြောပြတယ်။ သူဟာ ကျွန်မတိုမြို့လေးရဲ့ အစွန်းမှာ စခန်းချနေတဲ့ တပ်သားတစ်ယောက်ပါတဲ့။ သူ့အမေက တခြားမြို့မှာရှိတယ်တဲ့လေ။ သိပ်မကြာပါဘူး။ သူက ကျွန်မကိုချစ်တယ်လို့ ပြောလာတယ်။ ဒါပေမယ့် လက်ထပ်ဖို့တော့ အချိန်ယူရမယ်ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အမေက လုံးဝသဘောတူမှာ မဟုတ်လို့ဘဲ။ သူ့လခရယ် ထောက်ပံ့ကြေးအားလုံးကို အမေ့ကိုပို့ပေးရတဲ့အပြင် အသက်အာမခံကိုလည်း အမေ့နာမည်နဲ့ပဲ ထားတာကြောင့်လို့ ပြောပါတယ်။”

    “ကျွန်မက ဝင်ငွေရှိတဲ့အပြင် သူ့ကိုအရမ်းချစ်တာကြောင့် သူ့လစာငွေကို လုံးဝထည့်မစဉ်းစားကြောင်း ပြောပြလိုက်တယ်။ အဆုံးမှာ ကျွန်မတို့လက်ထပ်ဖြစ်ကြတယ်။ အိမ်သေးသေးလေးတစ်လုံးဌားပြီး နေကြတယ်။ ကျွန်မတို့ အရမ်းပျော်ခဲ့ကြတယ်။ ဂျွန်ဟာ ကျွန်မအပေါ် အရမ်းကြင်နာတယ်။ ကျွန်မဘဝဟာ ကံကောင်းလာပြီလို့ ကျွန်မယုံကြည်နေတုန်းမှာ ဂျွန်ဟာတိုက်ပွဲထွက်ဖို့ အမိန့်ကျလာတယ်။ သီတင်းခြောက်ပတ်လောက်အကြာမှာ ကျွန်မဆီကို သတင်းရောက်လာတယ်။ ဂျွန်တိုက်ပွဲမှာ ကျသွားပီတဲ့။ ကျွန်မ ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ အဲဒီအချိန်မှာ ကျွန်မသမီးလေး ကိုယ်ဝန်ကို ကျွန်မလွယ်ထားရပြီလေ”

    ပြောရဦးမယ်။ ဂျွန်ဆီက ကျွန်မလက်ဆောင်ထုပ်လေးတစ်ထုပ် ရလိုက်တယ်။ သတင်းဆိုးကြီးနဲ့အတူပေါ့။ အဲဒါကတော့ ကျွန်မတို့လက်ထပ်တုန်းက သူမပေးဖြစ်ခဲ့တဲ့ လက်ထပ်လက်စွပ်လေးတစ်ကွင်းနဲ့ ကလေးစောင်လေးတစ်ထည်။ ကျွန်မလေ ကိုယ့်ကိုကိုယ် အားတင်းလိုက်တယ်။ ဂျွန်ကျွန်မဆီက ထွက်သွားပေမယ့် ကျွန်မအတွက် သမီးလေးထားရစ်ခဲ့ပေးတာကိုပေါ့။ သမီးလေးကိုမွေးပြီး တစ်လခွဲအကြာမှာ နေ့ကလေးထိန်းကျောင်းတစ်ကျောင်းမှာ အပ်လိုက်တယ်။ ကျွန်မငယ်ငယ်တုန်းကဘဝမျိုးတော့ မဟုတ်တော့ဘူးပေါ့။ ကျွန်မလေ သမီးလေးအတွက် ပိုပြီးအလုပ်လုပ်တယ်။ သမီးလေးကို ဂျွန်ပေးထားတဲ့စောင်လေးနဲ့ ထွေးပတ်ထားရတာ ကျွန်မအနားမှာ ဂျွန်ရှိနေသလို ခံစားရတယ်။ သမီးလေးနဲ့ ကျွန်မဘဝဟာ သိပ်ကိုပျော်စရာကောင်းပါတယ်။ သမီးလေးဟာ သူ့အဖေနဲ့တူပြီး သိပ်ချစ်စရာကောင်းပါတယ်။

    တစ်နေ့ ကျွန်မအလုပ်ရုံမှာရှိနေတုန်း သမီးကျောင်းက ဖုန်းဆက်လာတယ်။ ကျောင်းကို အမြန်ဆုံးလိုက်ခဲ့ပါတဲ့။ သမီးလေးဟာ အဖျားကြီးရာက အသက်ပါဆုံးသွားခဲ့ရပြီလေ။ ကျွန်မဘဝတစ်လုံး ဘာအလင်းရောင်မှ မရှိတော့ဘူး။ မှောင်မည်းနေပြီ။ ကျွန်မဘာဆက်လုပ်ရမှာလဲဟင်။ ဆရာမပြောသလို အမေနဲ့သမီးကြား မေတ္တာတရားဆိုတာ ရှိပါတယ်။ ဒါပေမယ့် ဒါပေမယ့် ကျွန်မမှာက ချစ်ဖို့သမီးလေးမှ မရှိတော့တာဘဲ။ ကျွန်မချစ်တဲ့သူအားလုံး ကျွန်မအနားမှာ မရှိတော့ဘူးပါရှင်။ ကျွန်မရင်ထဲက ခံစားမှုတွေကို ဆရာမရယ် ကဗျာလေးတစ်ပုဒ်လောက် ဖွဲ့ပေးပါလားဟင်။ ကျွန်မရင်ထဲက ဝေဒနာများ လျော့သွားမလားလို့ပါ။ ဆရာမရေ အတွေးဆိုတာ ဝယ်လို့ရတာမျိုး မဟုတ်ပါဘူးနော်။

    ပြောရဦးမယ်။ ကျွန်မလေ အခုတော့ ကျွန်မဘဝစခဲ့ရတဲ့ မိဘမဲ့ကျောင်းကို ပြန်ရောက်သွားပါပြီ။ ကျောင်းအမှုထမ်းလုပ်ရင်း ကျွန်မလို၊ ကျွန်မသမီးလေးကို ဘဝတူကလေးတွေနဲ့ပဲ ပျော်အောင်နေနေပါတယ်ရှင်။

    ချစ်ခင်လေးစားလျက်
    အင်မလီ

    စာကိုဖတ်ပြီး ကျွန်မတော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အန်တီစိုးနဲ့ဆုံတော့ မေးတယ်။ ဘယ်လိုလဲ ခင်လေး စာဖတ်ပြီးပြီလားတဲ့။

    “စာကစိတ်ဝင်စားစရာကောင်းပါတယ် အန်တီ။ ဒါနဲ့ အန်တီနောက်ပိုင်းမှာ အင်မလီနဲ့ ဆက်သွယ်ဖြစ်သေးလား။”

    “အန်တီ သူ့ကိုအဆက်အသွယ် လုပ်ခဲ့ပါသေးတယ်။ အန်တီ အိမ်မပြန်ခင် သူ့ကိုစာတိုက်ကတစ်ဆင့် ကဗျာလေးတစ်ပုဒ်ရေးပို့လိုက်ပြီး ငွေလည်း ပို့လိုက်ပါတယ်။”

    “ဒါပေမယ့် အန်တီ့ကဗျာကို သူမဖတ်လိုက်ရဘူး”

    “ဘာဖြစ်လို့လဲဟင်”

    “အန်တီ့စာမရောက်ခင်တစ်ရက်ကပဲ အင်မလီဟာ နှလုံးရောဂါနဲ့ ရုတ်တရက်ဆုံးသွားပြီတဲ့။ အင်းလေ သူ့နှလုံးသားမှာ ဒဏ်ရာအထပ်ထပ် ရနေမှတော့ကွယ်”

    ကျွန်မအတွေးထဲမှာ သူမအကြောင်းတွေက တဝဲလည်လည် ဖြစ်ခဲ့ရပါတယ် ဆိုတာကိုတော့။

    နှင်းဆီခင်

  • စိတ်ကူးထဲက အိမ်ကလေး

    စိတ်ကူးထဲက အိမ်ကလေး

    ဧပြီ ၁၁ ၊ ၂၀၁၆
    M-Media
    နှင်းဆီခင် ရေးသည်။
    drean house
    ဘဝမှာ အရေးကြီးဆုံး၊ အဓိကကျဆုံး အရာတွေထဲမှာ စားဝတ်နေရေးဆိုတာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ရှင်သန်ဖို့အတွက် မဖြစ်မနေစားသောက်ကြရသလို ရာသီဥတုဒဏ်နဲ့ လုံခြုံနွေးထွေးမှုအတွက် ဝတ်စားဆင်ယင်ဖို့ကလည်း လိုအပ်ပြန်တယ်။ ဒါပြင် အမိုးအကာအောက်မှာ လုံခြုံစိတ်ချစွာ နေထိုင်ဖို့အတွက် မှီတင်းနေထိုင်စရာဆိုတာကလည်း မလွဲမသွေလိုအပ်ပြန်တယ်။

    အမိုးအကာသာမက လူတစ်ယောက်အတွက် လိုအပ်ချက်တွေပြည့်စုံတဲ့ အိမ်ကလေးတစ်အိမ်ဆိုတာ မိသားစုနားခိုရာလေး တစ်ခုလို့ ပြောရမှာပါ။ မြို့ပြကြီးတွေမှာရှိတဲ့ ခြံဝင်းကျယ်ကျယ်နဲ့ လုံးချင်းတိုက်တွေ၊ အိမ်ခန်းတွေ အများကြီးပါပြီး လူဦးရေထူထပ်တဲ့ တိုက်တန်းလျားတွေအပြင် ကျေးလက်ဒေသနဲ့ ဆင်ခြေဖုံးဒေသက ပျဉ်ထောင်အိမ်တွေ အားလုံးလုံးဟာ နားခိုစရာ အရိပ်အာဝါသတွေချည်းပဲပေါ့။

    တစ်ခုရှိတာက မိသားစု၊ အိမ်ထောင်စုတွေ အတူပူးပေါင်းနေထိုင်ကြသူတွေက သီးသန့်နေစရာလေးကို တောင့်တောင့်တတဖြစ်ကြသလို ဌားရမ်းနေထိုင်သူတွေကလည်း အခန်းပိုင်လေး ပိုင်ဆိုင်ချင်ကြပြန်တယ်။ ဒီလိုပါပဲ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ နေကြသူတွေက တိုက်ခန်းကျယ်ကျယ်ကြီး ဒါမှမဟုတ် လုံးချင်းအိမ်မျိုးကို မျှော်လင့်ကြပြန်ရော။ ပျဉ်ထောင်အိမ်ငယ်လေးမှာ နေသူကလည်း တိုက်တာအဆောက်အအုံကို တမ်းတမိတာမျိုး ရှိသလိုပါပဲ။ လူတစ်ကိုယ် စိတ်ကူးတစ်မျိုးစီရှိတတ်တာ သဘာဝပဲပေါ့။

    တချို့ကတော့ ကိုယ့်ရင်ထဲက စိတ်ကူးတွေကို အကောင်အထည်ဖော်ခွင့် ရကြတယ်။ အဲ့ဒီလိုရအောင်လည်း မနားမနေ ကြိုးစားကြတယ်။ တချို့ကျပြန်တော့ အားသွန်ခွန်စိုက် ကြိုးပမ်းစရာ သိပ်မလိုဘဲ အခြေအနေကပေးလာတာမို့ စိတ်ကူးအိမ်မက်ကို အကောင်အထည်ဖော်နိုင်သည်ပဲပေါ့။

    ဂျွန်နဲ့စင်သီတာတို့ဟာ ချစ်သူဘဝကတည်းက သူတို့ရဲ့ အနာဂတ်ဘဝကို လှပတဲ့အိမ်မက်တွေ မက်ခဲ့ကြတယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူဘဝတိုင်းမှာ နေ့ရက်တိုင်းဟာ အပျော်လေးတွေနဲ့ချည်း အဆုံးသတ်ခဲ့တယ်။ ကျောင်းပြီးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ ဘဝရောက်အောင် နှစ်အတော်ကြာကြာလေး အချိန်ယူခဲ့ကြပြီးမှ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့ကြတယ်။

    ဂျွန်ကစာနယ်ဇင်းသမားတစ်ဦးဖြစ်သလို စင်သီတာကလည်း စာကြည့်တိုက်မှူးမို့ အလုပ်တာဝန်တွေကြားမှာ ခေါင်းမဖော်နိုင်ခဲ့ဘူး။ အိမ်ထောင်ဦးမှာ သူတို့လက်လှမ်းမှီသလောက် နေနိုင်ခဲ့တာကတော့ တိုက်ခန်းကျဉ်းကျဉ်းလေးတစ်ခန်းပါပဲ။ အထပ်မြင့်အဆောက်အုံ တန်းလျားကြီးဆိုတော့  အိမ်နီးချင်းအခန်းတွေက အများကြီးမှ အများကြီး။

    အိမ်ထောင်ပရိဘောဂ နည်းနည်းပါးပါးနဲ့ ပြောင်းလာကြတဲ့ သူတို့ဇနီးမောင်နှံကို အိမ်နီးချင်းအခန်းတွေမှာ နေထိုင်ကြ သူတွေက ပြတင်းပေါက်တွေကနေ စူးစမ်းကြည့်တယ်။

    “မောင်ရယ် ကြည့်စမ်းပါဦး။ အခန်းတိုင်းလိုလိုက ထွက်ကြည့်နေလိုက်ကြတာ၊ ကျွန်မ မနေတတ်တော့ဘူး။ ရှေ့ဆက် ဘယ်လိုစခန်းသွားရမလဲဆိုတာ မတွေးတတ်တော့ဘူး” လို့ စင်သီယာက မျက်နှာငယ်လေးနဲ့ ပြောလာတယ်။

    “အားငယ်တတ်လိုက်တာ အချစ်ရယ်၊ မောင်တစ်ယောက်လုံး ရှိနေမှာပဲဟာ ဘာကိုစိုးရိမ်စရာရှိလို့လဲ။ ဘာပဲဖြစ်ဖြစ် မောင်တို့နှစ်ယောက်တည်းနဲ့ ဘဝတစ်ခုကို စနိုင်ခဲ့တာကိုပဲ ဂုဏ်ယူစမ်းပါကွာ” လို့ အားပေးရင်း ဇနီးသည်ရဲ့ လက်အစုံကို တင်းတင်းဆုပ်ရင်း ဂျွန်က အားပေးခဲ့တယ်။ တကယ်တမ်း နေလာတော့လည်း အခက်အခဲ သိပ်ပြီးမရှိလှပါဘူး။ အခက်အခဲမရှိဆို မိုးလင်းကတည်းက နှစ်ယောက်စလုံး အိမ်ကထွက်သွားလိုက်ကြတာ ညနေစောင်းမှ အိမ်ကိုပြန်ရောက်ကြတာကိုး။

    တစ်ခုတော့ ရှိတာပေါ့။ ကပ်လျက်အခန်းက အိမ်နီးချင်းတွေလို သူတို့ကို ချောင်းမြောင်းကြည့်ရင်း စကားတင်းဆိုကြတာမျိုး။ အထူးသဖြင့် အသက်ခပ်လတ်လတ်နှင့် အသက်ကြီးကြီးမိန်းမတွေ။ တစ်ခါတစ်လေကျတော့လည်း စင်သီယာကို ရယ်ပြပြုံးပြ နှုတ်ဆက်တာမျိုးတွေ ရှိပါတယ်။ ဂျွန်ကတော့ မိုးကြီးချုပ်မှ ပြန်ရောက်လေ့ရှိတာမို့ ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်သလို ဖြစ်နေတယ်။

    “မောင်ရေ တစ်နေ့နေ့ တစ်ချိန်ချိန်မှာပေါ့။ ဆင်ခြေဖုံးတစ်နေရာရာမှာ သဘာဝအလှအပတွေ ခံစားနိုင်တဲ့ အိမ်ကလေးတစ်လုံးမှာ နေကြရအောင်နော်။  အခုအိမ်ခန်းကိုကြည့်ပါဦး။ ထင်ရူးသေတ္တာတစ်လုံးကို အပေါက်တွေဖောက်ထားသလိုမျိုး။ အိပ်ခန်းရော ဧည့်ခန်းပါ လေးထောင့်စပ်စပ်ကြီးတွေ။ နံရံကြီးတွေကလည်း မှုန်မှိုင်းနေလိုက်တာ။ ရှိသေးတယ်။ ပတ်ဝန်းကျင်က ကလေးလေးတွေ စည်းမရှိ ကမ်းမရှိ ဆော့ကစားနေကြဖို့ပဲ သိတယ်။ ကျွန်မတို့မှာ ကလေးတွေရလာရင် ဒီလိုပတ်ဝန်းကျင်နဲ့ ခက်ရချည်သေးရဲ့ မောင်ရယ်” လို့ စင်သီယာကညည်းတော့

    “အချစ်ရယ် မောင်တို့ရဲ့ အိမ်မက်လေးကို အကောင်အထည်ဖော်နိုင်ဖို့ အချိန်ယူရမယ်လေ။  မောင့်အလုပ်ရှင်က လက်ရှိတာဝန်ထက်ပိုမြင့်တဲ့ ရာထူးကေးပးဖို့ ကတိပေးထားတာက အချစ်သိထားတာပဲ။ လောလောဆယ်တော့ သည်းခံပြီး နေကြရအောင်ပါကွာ” ဆိုတဲ့ ဂျွန်ရဲ့အားပေးနှစ်သိမ့်တာကြောင့် စင်သီယာ စိတ်ကိုဖြေခဲ့ရတယ်။

    အိမ်ထောင်သက် ငါးနှစ်လောက်အကြာမှာတော့ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက် (အမြွာ) ထွန်းကားခဲ့တယ်။ ကလေးတွေရလာလို့မှ မကြာသေးဘူး။ ဂျွန်ကနိုင်ငံခြားရပ်မှာ ရာထူးတိုးမြှင့်ထမ်းဆောင်ဖို့ ဖြစ်လာတယ်။ သူတို့ရဲ့ ကံကြမ္မာအလှည့်အပြောင်းလို့ ဆိုရမယ်။ စင်သီယာကလည်း အလုပ်ကထွက်ပြီး ကလေးတွေကိုပြုစုသလို ဂျွန်ကလည်း အလုပ်ကျွမ်းကျင်တာကြောင့် စီးပွားရေးက တစ်ဟုန်တိုးတက်လာတယ်။ ဂျွန်ကဖုန်းဆက်တဲ့အခါတိုင်း
    “အချစ်ရေ မောင်တို့ အနာဂတ်ဟာ လှပတော့မှာပါ။ မဝေးတော့ပါဘူး။ တို့ရဲ့ စိတ်ကူးထဲက အိမ်ကလေးလည်း ရေးရေးပေါ်လာပါပြီကွာ” တဲ့။

    ငါးနှစ်လောက်အကြာမှာ ဂျွန်ဟာမိသားစုဆီ ပြန်လာခဲ့တယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်လောက်အောင် ငွေကြေးကပြည့်စုံလာပြီလေ။ တစ်နှစ် နှစ်နှစ်လောက်အတွင်းမှာ သူတို့ရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ဖြစ်လာတယ်။

    ရောင်းရန် လို့ကြေငြာထားတဲ့ အိမ်ကလေးကို ဂျွန်တို့မိသားစုသွားကြည့်ကြမဲ့နေ့ဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့ တစ်နေ့ပါပဲ။ အိမ်ကလေးက ဆင်ဖြေဖုံးဒေသမှာ။ သူတို့နေတဲ့ တိုက်ခန်းကဆိုရင် တစ်နာရီလောက်မောင်းရတယ်။ အိမ်နားကိုရောက်တော့
    “မောင်ရယ် ကြည့်ပါဦး။ လှလိုက်တဲ့ အိမ်ကလေး။ အုတ်တိုက်နီနီ ရဲရဲကလေး။ အပေါ်ထပ်၊ အောက်ထပ်မှာ အခန်းတွေကလည်း အများကြီး။ ခြံကလည်း ကျယ်မှကျယ်။ ကလေးတွေ ဘယ်လောက်များ လွတ်လွတ်လပ်လပ် ကစားလို့ကောင်းကြမလဲနော်။ ဒါတင်ဘယ်ကမလဲ ဟိုးမှာကြည့်လိုက်စမ်း၊  စမ်းချောင်းလေး။ မောင်တို့အိမ်အနောက်ဘက်ထိ စီးဆင်းနေတာတောင်ရှိသေး။ အင်း မောင်တို့ လှေလှော်သွားရင်း သီချင်းတွေ ညည်းကြရအောင်ကွာ”။

    ကလေးနှစ်ယောက်က လှေနားကို အပြေးသွားကြတယ်။ လှေပေါ်တက်မယ်လုပ်တော့ အိမ်လိုက်ပြတဲ့ အရောင်းကိုယ်စားလှယ်က လှမ်းပြောတယ်။
    “နေကြဦး၊ လှေဝမ်းမှာ အပေါက်တစ်ပေါက်ရှိတယ်။ ရေစိမ့်ဝင်လိမ့်မယ်။ နောက်မှ ဖာထေးပြီး စီးကြတာပေါ့” ဆိုလို့ လှေပေါ်မတက်ကြတော့ဘူး။

    “အခုမှ သဘာဝအလှတွေ တကယ်ခံစားလို့ရတာ အမှန်ပဲမောင်။ အသက်ဝဝရူ၊ လွတ်လွတ်လပ်လပ်နေ၊ စိတ်ရူပ်စရာ အိမ်နီးချင်းတွေလည်း မရှိဘူး။ ခြံတစ်ခြံဆီက အဝေးကြီးရယ်။ ဒီလောက်အဆင်ပြေတဲ့အိမ်မျိုး ဒီတစ်သက်မှာ တွေ့မယ်မထင်ဘူးနော်။”

    “ဒါဆိုရင် မောင်တို့ဝယ်လိုက်ကြရအောင်” ဆိုပြီး တစ်ပတ်အတွင်းမှာပဲ အိမ်ကလေးကို ဝယ်ဖြစ်သွားခဲ့တယ်။ အိမ်ပြောင်းတဲ့နေ့ကဆိုရင် အခန်းတိုင်းလိုလို ပြတင်းပေါက်တွေဖွင့်ပြီး စူးစမ်းကြသေးတယ်။ စင်သီယာကတော့ ရင်ကော့လို့ ထွက်သွားလိုက်မယ်။ ဘယ်သူ့မှ မှုမနေပါဘူးဆိုတဲ့ အတွေးမျိုးကို တွေးထားတယ်။

    အိမ်အသစ်ကလေးမှာ ပစ္စည်းတွေကိုနေရာချ၊ လှည်းကျင်းပြင်ဆင်လိုက်ကြတာ မိသားစုတွေ ပင်ပန်းသွားကြပေမယ့် တက်ကြွပျော်ရွှင်နေကြတယ်။ သာယာတဲ့နွေဦးရာသီဆိုတော့ မြင်မြင်သမျှဟာ သာယာလှပနေတယ်။ ခြံထဲမှာ ပန်းပင်မျိုးစုံသာမက မိုးမခပင်တွေပါ စိုက်ကြတယ်။ လှေကလေးကိုလည်း ဖာထေးပြီးပြီမို့ မိသားစု ပျော်ပျော်ပါးပါး လှေလှော်ထွက်နိုင်ကြပီလေ။ မြို့ကိုသွားဖို့ဆိုလည်း လွယ်မှလွယ်၊ အိမ်မှာက ကားကောင်းကောင်းနှစ်စီးထားနိုင်တာကိုး။ မျှော်လင့်ထားသမျှ အကောင်အထည်ပေါ်လာတော့လည်း ရင်ထဲကအပျော်တွေကို နှိုင်းပြလို့မရအောင် ပျော်ခဲ့ကြသည်ပဲပေါ့။

    ဒါပေမယ့် သူတို့ရဲ့အပျော်တွေဟာ လေထန်တဲ့မိုးရာသီမှာ အဆုံးသတ်ခဲ့ရတယ်လို့ ပြောရမယ်။ နွေဦးတုန်းက အသံသာသာလေးနဲ့ ငြိမ့်ငြိမ့်လေးစီးနေတဲ့ ချောင်းရေအလျဉ်ဟာ အခုတော့ မကောင်းဆိုးဝါး တစ်ကောင်ရဲ့  အော်သံကြီးလို မြည်ဟည်းပြီး တဝေါဝေါ စီးနေတယ်။ ရေစီးသန်ရုံမကဘူး။ ရေတွေက ကမ်းပါးကို လျှံလာတဲ့အခါ သူတို့ရဲ့ မီးဖိုခန်းကနေစပြီး ရေတွေဝင်လာစပြုပြီပေါ့။ စမ်းချောင်းရဲ့ကမ်ပါးမှာ မေးတင်ဆောက်ထားတဲ့ အိမ်ကလေးဟာ ရာသီဥတုဒဏ်ကို အလူးအလဲခံနေရတယ်။ မိသားစုအားလုံး အပေါ်ထပ်မှာပဲ နေကြရတယ်။ အောက်ထပ် တစ်ထပ်လုံးက  ရေနဲ့ဖွေးဖွေး ဖြစ်နေတာကိုး။

    ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်းချရုံကလွဲလို့ မလွယ်ဘူး။ ဟုတ်ပါတယ်။ မောင်လည်း စဉ်းစားမိပါတယ်။ ကဲ မြို့မှာ တိုက်ခန်းတစ်ခန်းခန်းကို အမြန်ဆုံးဝယ်ပြီး ပြောင်းကြမှ ဖြစ်တော့မယ်။

    ဂျွန်က သူ့အကြံအစည်ကို အကောင်အထည်ဖော်လိုက်တယ်။ သိပ်ပြီး သာယာလှပခဲ့တဲ့ ဒီအိမ်လေးနဲ့  ပတ်ဝန်းကျင်ကို မကြည့်ချင်၊ မကြည့်ရဲလောက်အောင် ဖြစ်ခဲ့ရတယ်။

    ဒီတစ်ခေါက်တိုက်ခန်း အရင်နဲ့စာရင် တော်တော်လေးကျယ်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ အိမ်နီးချင်းတွေတော့ နည်းနည်းပါးပါး ရှိတာပေါ့။ သူတို့မိသားစုပြောင်းလာတော့ သာမန်လောက်ပဲ စပ်စုကြပါတယ်။

    “အချစ်ရေ ကိုယ်နေတဲ့နေရာလေးမှာ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင်နေဖို့ပဲ အရေးကြီးပါတယ်ကွာ။ လူသူဝေးတဲ့ သဘာဝအလှဆိုတာ အမြဲတမ်းရှိနေတတ်တာ  မဟုတ်ဘူးဆိုတာ မောင်တို့နားလည်ထားရမယ်” ဆိုတော့ စင်သီယာက သဘောတူခေါင်းညိတ်ရင်း ဂျွန်ရဲ့စကားကို ထောက်ခံလိုက်တယ်။

    စမ်းချောင်းနားက အိမ်ကလေးကတော့ ထီးထီးကြီး ကျန်နေခဲ့တယ်။ အိမ်ဝမှာ ဆိုင်းဘုတ်ချိတ်ထားခဲ့တယ်။ “ရောင်းရန်” လို့။

    နှင်းဆီခင်

  • လူ့စိတ် လူ့သဘော

    လူ့စိတ် လူ့သဘော

    ဇန်နဝါရီ ၃၀ ၊ ၂၀၁၆
    M-Media
    နှင်းဆီခင်ရေးသည်။

    dievčina

    ပြောင်းလဲတတ်တာ လူ့စိတ်တဲ့။ တစ်သတ်မတ်တည်း တည်တည်တံ့တံ့ မပြောင်းလဲဘူးဆိုတဲ့သူ လောကမှာရှိတယ်။ လူနည်းစု တစ်နည်းပြောရရင် ဘာသာတရားရဲ့  အဆုံးအမအောက်မှာ ကိုယ်ကျင့်သိက္ခာကို တစ်ပြားသားမှ အပွန်းမခံတဲ့သူတွေဟာ မယိမ်းယိုင်တတ်ကြဘူး။ အခြေအနေနှင့် အချိန်အခါကိုလိုက်ပြီး စိတ်ထားနှင့်ခံယူချက်ကို လွယ်လွယ်ကလေး မပြောင်းတတ်ကြပါဘူး။ ဆိုလိုတာက ပုတ်သင်ညှိလို အရောင်ပြောင်းတဲ့ စိတ်ဓာတ်မျိုး မရှိသူတွေကို ကိုယ့်ဘဝ၊ ကိုယ့်အသိုင်းအဝိုင်းမှာ ကြုံဆုံခဲ့ကြဖူးမှာပါ။ ဒါပေမယ့် ရှိတယ်။ ရှားပါးတယ်ဆိုတဲ့အစားမျိုး။

    ကောင်းပြီ ဒါဆိုရင်ဘယ်လိုလူစားတွေ အတွေ့များသလဲ။ ထားခဲ့တဲ့ကတိ ပြောခဲ့တဲ့စကားတွေကို အမေ့ကြီးမေ့ကြီး အခြေအနေတစ်ခုခုပေါ်လိုက်လို့ ရုတ်ခြည်းပြောင်းတတ်သူတွေကတော့ ဒုနှင့်ဒေးပေါ့။ အပြစ်မရှ အပြစ်မဆိုချင်ပေမယ့် လူ့စရိုက်လူ့သဘော ဆိုတာကတော့ နားလည်ထားပြီး ဖြစ်ကြမှာပါ။

    ဆင်းရဲမွဲတေတဲ့ဒဏ်ကို ခါးစည်းခံဝံ့ကြတယ်။ လောကဓံရဲ့အတွန်းအတိုက်တွေကိုလည်း မမှုဘဲရင်ဆိုင်ဝံ့ကြတယ်။ အဲဒီလို အကျပ်အတည်းဆိုက်နေတဲ့ အချိန်အခါမျိုးမှာ စာရိတ္တတို့ အကျင့်သီလတို့ကို ဆံခြည်တစ်မျှင်မတိမ်း၊ အယိမ်းမခံတတ်တာ ယေဘုယျ သဘောလို့ ဆိုခဲ့ရင်။

    မမြင်ဖူးတဲ့စည်းစိမ်၊ မခံစားဖူးတဲ့လောကီအဆောင်အယောင်တွေကို နဖူးတွေ့၊ ဒူးတွေ့ကြုံရတဲ့အခါ ဟိုးအရင်ကထားခဲ့ဖူးတဲ့ စိတ်ဓာတ်တွေဟာ ကျောက်စိုင်ကျောက်သားလို ခိုင်ခံ့မနေတော့ပါဘူး။ ဝါဂွမ်းစလေးတွေလို လေထဲပျောက်ကွယ်လွင့်ပါးသွားရော။ ဒါကတချို့တချို့သော လူတွေရဲ့ပြောင်းလဲခြင်းလို့ပဲ ဆိုပါရစေ။

    ကျွန်မရဲ့အချစ်ဆုံးတစ်ဦးတည်းသော (အဝေးရောက်) သမီးလေးက ရသတစ်ပုဒ်ကို ပို့ပေးခဲ့တယ်။ ပညာရှင်တစ်ဦးရဲ့ လက်ရာပါ။ စာဖတ်သူတွေအတွက် မျှဝေခံစားပေးချင်လို့ ရေးသားပြန်ဆိုလိုက်ပါတယ်။

    “မျက်မမြင်မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်း”တဲ့။မျက်မမြင် မိန်းကလေးတစ်ဦးဟာ သူမရဲ့မျက်စိတွေအလင်းမရတာကြောင့် ကိုယ့်ကိုယ်ကိုတအားမုန်းတီးနေမိတယ်။ တစ်လောကလုံးကို အမုန်းကြီးမုန်းတယ်။ သူမရဲ့ချစ်သူကောင်လေးက လွဲလို့ပေါ့။ ကောင်လေးက သူမကို အမြဲတမ်းအဖော်ပြုနေပေးရင်း အားပေးလေ့ရှိတယ်။ ကောင်မလေး မကြာမကြာပြောတတ်တာက သူမသာ မျက်စိမြင်ပြီး လောကကြီးကို တွေ့ခွင့်ရရင် ကောင်လေးကို လက်ထပ်ပါ့မယ်တဲ့လေ။

    တစ်နေ့မှာတော့ သူမအတွက် တစ်စုံတစ်ယောက်က မျက်စိလှူလိုက်တယ်။ ဒီတော့ မျက်စိအလင်းရလို့ လောကကြီးကို မြင်ခွင့် ရသွားပြီပေါ့။ သူမရဲ့ ချစ်သူကောင်လေးကိုလည်း မြင်နိုင်ပြီလေ။ ကောင်လေးက သူ့ကောင်မလေးကို မေးလိုက်တယ်။ “ကဲ အခုဆိုရင် လောကကြီးကို မင်းမြင်ရပြီနော်။ ငါ”့ကိုမင်း လက်ထပ်မှာလား” ဆိုတော့ ကောင်မလေးက အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားတယ်။ သူမရဲ့ ချစ်သူကောင်ကလေးကလည်း သူမလိုပဲ။ မျက်မမြင်တစ်ယောက် ဖြစ်နေတာကိုး။ ဒီတော့ ကောင်မလေးက ငြင်းလိုက်တယ်။ ကောင်လေးက မျက်ရည်တွေ စီးကျရင်း ကောင်မလေးအနားကနေ ထွက်သွားတယ်။ ပြီးတော့ စာတိုလေး တစ်စောင်ပို့ပေးလိုက်တယ်။

    “အချစ်ရယ် ငါ့မျက်လုံးတွေကို မင်းအသေအချာ ဂရုတစိုက် ထိန်းသိမ်းပါကွယ်” တဲ့။

    ဇာတ်လမ်းလေးက အဲဒီမှာတင်ဆုံးသွားတယ်။ အခြေအနေနှင့် အချိန်အခါ ပြောင်းလဲတာနှင့် အမျှ အတိတ်ကို မမေ့မလျော့ရှိတာ၊ အခက်အခဲ အကျပ်အတည်း ကြုံနေသော်မှတည်တဲ့ ကြံ့ခိုင်မှုရှိတာတွေဟာ ရှားပါးပစ္စည်းတွေ ဖြစ်ကုန်ပြီ။

    ဇာတ်လမ်းထဲကလို ချစ်သူကိုချစ်လွန်းလို့ မျက်လုံးတစ်စုံ စွန့်ပေးခဲ့တဲ့ ချစ်သူကောင်လေးအပေါ် ကောင်မလေးရဲ့ တုံ့ပြန်မှုမျိုးက ဒဏ္ဍာရီလိုပဲ ဆိုစေ၊ ပြောင်းလဲတတ်တဲ့ ပြောင်းလဲလွယ်တဲ့ လူ့သဘော (ယေဘုယျသဘာဝ) ကိုစာဖတ်သူလက်ခံပါ့မလား။

    REF: The story of a blind girl.

    နှင်းဆီခင်