News @ M-Media

Tag: DailySportNews

  • အင်္ဂလန်၏ ဂန္တ၀င်ဘောလုံးသမား ဆာတွမ်ဖင်နီ ကွယ်လွန်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၄
    M-Media
    50825_heroa
    – တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့ပြီး အင်္ဂလန်၏ ဂန္တ၀င် တောင်ပံကစားသမားဖြစ်သူဆာတွမ်ဖင်နီမှာ ယမန်နေ့က ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    အင်္ဂလန်ရှိ ပရက်စတန်နော့သ်အန့် အသင်းတွင် နှစ်ပေါင်း ၂၀ နီးပါးကစားခဲ့သည့် ဖင်နီမှာ ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်အရွယ်ရှိနေပြီဖြစ်သည်။

    “ဆာတွမ်ဖင်နီ ကွယ်လွန်သွားတယ်ဆိုတဲ့ စိတ်မကောင်းစရာ သတင်းကို ကျွန်တော်တို့အတည်ပြုပါတယ်။ ဆာတွမ်ဟာ ပရက်စတန်နော့သ်အန် အသင်းရဲ့ သမိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်ပြီး၊ အင်္ဂလန်သမိုင်းမှာလည်း ကျော်ကြားတဲ့ ကစားသမားဖြစ်ပါတယ်” ဟု အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် ကြေညာချက်တွင် ရေးသားထားသည်။

    အင်္ဂလန်ဘောလုံးလောကအား ကူညီပေးခဲ့သည့် ဖင်နီ ကွယ်လွန်သွားခြင်းနှင့် ပက်သက်၍ ကစားသမားများနှင့် နည်းပြများက ၀မ်းနည်းကြောင်းပြောကြား ခဲ့သည်။

    ၁၉၂၂ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဖင်နီမှာ ကစားသမားဘ၀အား အလယ်တန်းလူအဖြစ် မွေးရပ်မြေအသင်း ပရက်စတန်နော့သ်အန့်တွင်စတင်ကစားခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၄၀၀ ကျော်ကစားပေးခဲ့ကာ ဂိုး ၂၀၀ ကျော် သွင်းယူပေးနိုင်ခဲ့သည်။

    ဖင်နီမှာ အင်္ဂလန်၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုအား ၂ ကြိမ်တိုင်တိုင်ရရှိခဲ့ပြီး ၁၉၅၄ နှင့် ၁၉၅၈ ကမ္ဘာ့ဖလား ပြိုင်ပွဲများအပါအ၀င် အင်္ဂလန်အသင်း အတွက် ၇၆ ပွဲ ကစားပေးခဲ့ကာ ဂိုး ၃၀ သွင်းယူပေးနိုင်ခဲ့သော ကစားသမားလည်းဖြစ်သည်။

    ဗြိတိန်ဘုရင်မကြီးမှ ချီးမြှင့်သော OBE ဘွဲ့ကို ၁၉၆၁ ခုနှစ်၊ သူရဘွဲ့အား ၁၉၉၈ ခုနှစ်တို့တွင် ရရှိခဲ့ပြီး၊ အင်္ဂလန်အသင်းအတွက် ဂိုးအများဆုံး သွင်းထားသူများ စာရင်းတွင် ဖင်နီမှာ အဆင့် ၆ နေရာတွင် ရှိနေသည်။

  • ဘိုင်ယန်မှ ထွက်ခွာခဲ့ခြင်းကို နောင်တရမိသည်ဟု ပိုဒေါစကီးဆို

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄
    M-Media
    362471_heroa
    – ၂၀၀၉ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းမှ  Koln အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းကို နောင်တရမိသည်ဟု အာဆင်အသင်း၏ တိုက်စစ်မှူး ပိုဒေါစကီးက ပြောကြားလိုက်သည်။

    ပိုဒေါစကီးမှာ ၂၀၀၆ ခုနှစ်က  Koln မှ ဘိုင်ယန်သို့ ပြောင်းလာခဲ့ပြီး သုံးနှစ်ကြာ ရုန်းကန်ခဲ့ရပြီးနောက် ၂၀၀၈-၀၉ ဘောလုံးရာသီတွင် Koln အသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ သို့သော်လည်း သည်းခံစိတ်အနည်းငယ်မွေးကာ ဘိုင်ယန်အသင်း၌ပင်ရှိနေခဲ့သင့်သည်ဟု ခံစားနေရသည့် ပိုဒေါစကီးက

    “အားကစားရှုထောင့်က ကြည့်မယ်ဆိုရင်တော့ Koln အသင်းကိုပြောင်းခဲ့တာဟာ ကျွန်တော့်ရဲ့ ကစားသမား ဘ၀ကို အများကြီး အထောက်အကူ မပြုပါဘူး။ ဂျပ် ဟန်ကီ(ဘိုင်ယန် နည်းပြဟောင်း) သာ အသင်းကို တစ်ပတ်၊ နှစ်ပတ်လောက် စောရောက်လာခဲ့ရင် အခုအချိန်အထိ ဘိုင်ယန်မှာ ကျွန်တော်ရှိနေမှာ သေချာပါတယ်။ သူဟာ ကျွန်တော့်ကိုအသင်းမှာ ခေါ်ထားချင်ခဲ့သူပါ” ဟု Sport Bild ဂျာမန် အားကစားဂျာနယ်သို့ ပြောကြားခဲ့သည်။

    ပိုဒေါစကီးမှာ ၂၀၁၂ ခုနှစ်က အာဆင်နယ်သို့ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့် ဇန်န၀ါရီ အပြောင်းအရွှေ့က ဘွန်ဒစ်လီဂါကလပ် ရှော်ကာ အသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်း ထွက်ခဲ့သော်လည်း၊ ၎င်းက ဘွန်ဒစ်လီဂါသို့ ပြန်လည် သွားရောက်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Goal

  • အိုဇေးလ်အပေါ် ဝေဖန်နေမှုများအား ၀င်းဂါးကာကွယ်၊ ဂိုးများသွင်းရန် အလိုရှိနေ

    ဖေဖော်ဝါရီ ၁၂၊၂၀၁၄
    M-Media
    Mesut-Ozil-2855575
    – အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသည့် ဂျာမန် ကွင်းလယ်လူ အိုဇေးလ်၏ စိတ်ထဲတွင် ဂိုးသွင်းရမည့် အစား ကောင်းမွန်သော ဖြတ်တင်ဘောများ ပြုလုပ်ရန်သာ စိတ်စွဲနေကြောင်း အာဆင်နယ်အသင်း နည်းပြဖြစ်သူ ၀င်းဂါးက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နွေရာသီက အာဆင်နယ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းဖြင့် ရောက်လာခဲ့သည့် အိုဇေးလ်မှာ ပထမဆုံးကစားသည့် ၁၀ ပွဲတွင် ၂  ဂိုးသွင်းယူနိုင်ခဲ့ပြီး ၆ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ သို့သော် နောက်ဆုံးကစားခဲ့သည့် ၁၀ ပွဲတွင် ၂ ဂိုးသာ ဖန်တီးနိုင်သည့်အထိ အိုဇေးလ်မှာ ခြေစွမ်းကျနေခဲ့ပြီး စနေနေ့က လီဗာပူးလ်အသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် ရှက်ဖွယ်ရှုံးနိမ့်မှုတွင်လည်း ၎င်း၏ ကစားပုံမှာ အမှားများစွာ ရှိခဲ့သောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    သို့သော်လည်း အာဆင်ဝင်းဂါးကမူ အိုဇေးလ်မှာ ဖိအားများကို ရင်ဆိုင်နေရပြီး၊ ဂိုးများများ ပိုသွင်းနိုင်ရန် အတွက် ၎င်းအနေဖြင့် တကိုယ်ကောင်းဆန်သင့်ကြောင်း၊  လေ့ကျင့်ရေးကွင်းများတွင် အိုဇေးလ်မှ အလုပ်ကို ကြိုးစားလေ့ရှိကြောင်း ကာကွယ်ပြောဆိုသွားခဲ့သည်။ ထို့ပြင် အိုဇေးလ်ထံမှ ဂိုးများ မျှော်လင့်ကြောင်းကို “(နည်းပြတစ်ဦးဟာ) တိုက်စစ်မှူးနောက်မှာ ကစားတဲ့ ကစားသမားတစ်ယောက်ကို ဂိုးနည်းနည်းလောက် သွင်းစေချင်မှာပါ။ ပြီးတော့ ဂိုးထဲကို ကန်သွင်းနိုင်တဲ့ အခါမျိုးမှာ ဖြတ်တင်ဘောကောင်းကောင်း ပို့ပေးဖို့ပဲ သူက စိတ်နှစ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အိုဇေးလ်မှာ မိမိအတွက် ခြွင်းချက်မဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်း၊ ၎င်းအပေါ် မျှော်လင့်ချက်ကြီးမားနေသည့် အတွက် ဖိအားများကို ခံစားနေရခြင်းဖြစ်ကြောင်း၊ ထိုအတွက် စိုးရိမ်စရာမလိုဘဲ အသင်းတွင် ပျော်ရွှင်စွာဖြင့် အကောင်းဆုံးကစားရန်သာလိုကြောင်း ၀င်းဂါး ထည့်သွင်းပြောကြားသွားခဲ့သည်။

    အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အဖြစ် ယနေ့ညတွင် အိမ်ကွင်း အီမရိတ်၌ မန်ယူအသင်းအား ဧည့်ခံကစားရမည်ဖြစ်သည်။

    Ref: mirror

  • ဗီဒစ်အား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု အင်တာအတည်ပြုပြောကြား

    ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၄
    M-Media
    366149_heroa
    – ယခုနှစ်ရာသီကုန်လျှင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာတော့မည့် မန်ယူနောက်ခံလူ ဗီဒစ်အား ခေါ်ယူရန် မိမိတို့ အနေဖြင့် စိတ်ဝင်စားနေသည်ဟု အင်တာမီလန်အသင်း၏ ဒါရိုက်တာ ပီရို အော်စီလီယိုက ၀န်ခံပြောကြားခဲ့သည်။

    မန်ယူအသင်း၏ အဓိကနောက်ခံလူဗီဒစ်က ၎င်းအနေဖြင့် မန်ယူအသင်းနှင့် သက်တမ်းတိုးတော့မည်မဟုတ်ဟု ယခုတစ်ပတ်အတွင်း ပြောကြားခဲ့သောကြောင့် အင်တာအသင်းက လက်ဦးမှုရယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

    “လာမယ့်ဇွန်လမှာ စာချုပ်ပြည့်တော့မယ့် ဗီဒစ်ဟာ အရေးပါတဲ့ ကစားသမား တစ်ဦးပါ။ ဥရောပက အခြားကလပ်တွေလိုပဲ ဒီအခွင့်အရေးကောင်းကို ရယူဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ” ဟု အော်စီလီယိုက Tuttosport အားကစား စာစောင်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဗီဒစ်မှာ ၎င်းတို့ရှာဖွေနေသည့် ကစားသမားများထဲမှ တစ်ဦးဖြစ်ကြောင်း၊ ဗီဒစ်၏ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံများကြောင့် အင်တာအသင်းက စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    နည်းပြမိုယက်စ်ကလည်း ယခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် အသင်းရှိ အဓိက ကစားသမားအချို့ကို လက်လွှတ်ဖွယ်ရှိနေသည်။

    Ref: Goal

  • နောက်ဆုံး မိနစ်သွင်းဂိုးနဲ့ မန်ယူဆီက တမှတ် လုယူသွားတဲ့ ဖူဟမ်၊ အိမ်ကွင်းမှာ အဲဗာတန်ကိုနိုင်ပြီး အဆင့်(၅) ကိုတက်လာတဲ့ စပါး

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
    M-Media

    နောက်ဆုံး မိနစ်သွင်းဂိုးနဲ့ မန်ယူဆီက တမှတ် လုယူသွားတဲ့ ဖူဟမ်၊ အိမ်ကွင်းမှာ အဲဗာတန်ကိုနိုင်ပြီး အဆင့်(၅) ကိုတက်လာတဲ့ စပါးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ဆူပါဆန်းဒေး ပွဲများ

    MUN-FUL-1314-ps34

    – ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ ရှုံးထားတဲ့ မန်ယူတို့ ဒီတစ်ပတ်မှာလည်း အိမ်ကွင်းမှာ ကစားရပေမယ့် ဇယားအောက်ခြေက ဖူလ်ဟမ်ကို သရေသာရခဲ့ပါတယ်။

    ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဂိုးကန်သွင်းခွင့် တော်တော်များများ ရခဲ့ပေမယ့် မန်ယူတိုက်စစ်မှူးတွေရဲ့ အဆုံးသတ်ညံ့ဖျင်းမှုက ပြောစရာဖြစ်ခဲ့ပြီး ဦးဆောင်ဂိုးကိုတောင် ၁၉ မိနစ်မှာ ဆစ်ဒ်ဝဲလ်ရဲ့ သွင်းဂိုးနဲ့ ဖူလ်ဟမ်က ရခဲ့တာပါ။ ချေပဂိုးရဖို့အတွက် ရုန်းကန်ခဲ့ရတဲ့ အိမ်ရှင်မန်ယူအတွက် ၇၈ မိနစ်မှာ ဗန်ပါစီက ချေပဂိုးသွင်းယူပေးခဲ့ပြီး ၂ မိနစ် အကြာမှာပဲ ကွင်းလယ်လူ မိုက်ကယ်ကာရစ်ရဲ့ ဧရိယာအပြင်က ကန်သွင်းချက် လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့တဲ့အတွက် မန်ယူတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးကာနီး နာကျင်အချိန်ပို ၄ မိနစ်မှာတော့ လူစားဝင်ကစားသမား ဒါရင်းဘန့်က အနီးကပ်ခေါင်းတိုက်ပြီး ဖူလ်ဟမ်အသင်းအတွက် သရေတစ်မှတ်ရစေမယ့် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့တာပါ။ ပြီးခဲ့သည့် ၁၁ ကြိမ်စလုံးမှာ အိုးထရက်ဖို့ဒ်ကိုလာတိုင်း အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတဲ့ ဖူလ်ဟမ်တို့ အဖိုးတန် အသရေတစ်မှတ်ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

    စပါးနဲ့ အဲဗာတန်တို့ ပွဲမှာတော့ တိုက်စစ်မှူးတွေ မပါဝင်နိုင်တဲ့ အဲဗာတန်အသင်း ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး အခွင့်အရေးကောင်းတစ်ချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် လိုအပ်တဲ့ အနိုင်ဂိုးတွေကိုတော့ မရခဲ့ပါဘူး။ ဒီရာသီ အိမ်ကွင်းပွဲမှာ ရလဒ်ညံ့ဖျင်းလေ့ရှိတဲ့ စပါး ဒီပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ် အဆင့် ၅ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ စပါးအတွက် ၁ လုံးတည်းသော အနိုင်ဂိုးကိုတော့ ကီလီဝေါကာရဲ့ ဖန်တီးမှုကတစ်ဆင့် တိုဂိုတိုက်စစ်မှူး အဒီဘာယောက အကောင်းဆုံး အဆုံးသတ်ပေးခဲ့တာပါ။ ဒီဂိုးဟာ ပရီးမီးယားလိဂ် ၉ ပွဲမှာ သူ့ရဲ့ ၆ ဂိုးမြောက်လည်း ဖြစ်ပါတယ်။

    ပွဲစဉ် ၂၅ အပြီးမှာတော့ ထိပ်ဆုံးနေရာအပြောင်းအလဲဖြစ်ခဲ့ပြီး ချယ်ဆီးက ဇယားထိပ်ရောက်လာခဲ့ကာ၊ အာဆင်နယ်နဲ့ မန်စီးတီးတို့က အဆင့် ၂ နဲ့ ၃ မှာ အသီးသီးရှိနေပါတယ်။ တန်းဆင်းဇုန်က ၀က်စ်ဟမ်းနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကတော့ ဒီတစ်ပတ်မှာ နိုင်ပွဲရခဲ့တာကြောင့် အဆင့် ၁၄ နဲ့ ၁၅ နေရာကို တက်လှမ်းလာနိုင်ခဲ့ပြီး မန်ယူနဲ့ နယူးကာဆယ်တို့ကတော့ အရင်တစ်ပတ်ကအတိုင်း အဆင့် ၇ နဲ့ ၈ နေရာမှာ ရှိနေပါတယ်။

    ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    စပါး ၁-၀ အဲဗာတန်
    မန်ယူ ၂-၂ ဖူလ်ဟမ်
    လီဗာပူးလ် ၅-၁ အာဆင်နယ်
    ခရစ္စတယ်ပဲလေ့စ် ၃-၁ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၀-၂ ၀က်စ်ဟမ်း
    ချယ်ဆီး ၃-၀ နယူးကာဆယ်
    နော်ဝစ်ခ်ျ ၀-၀ မန်စီးတီး
    ဆောက်သက်တမ် ၂-၂ စတုတ်စီးတီး
    ဆန်းဒါးလန်း ၀-၂ ဟားလ်စီးတီး
    ဆွမ်ဆီး ၃-၀ ကာဒစ်ဖ်